ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆင်းရဲခက်ခဲမှုတွေ ကြုံရပေမဲ့ အနာဂတ်မျှော်လင့်ချက်ရှိ
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ဆင်းရဲခက်ခဲမှုတွေ ကြုံရပေမဲ့ အနာဂတ်မျှော်လင့်ချက်ရှိ

      “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသော ကာလဖြစ်မည်ကို သိမှတ်လော့။”—၂ တိမောသေ ၃:၁။

      အောက်မှာဖော်ပြထားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တချို့ကို သင် ကြားဖူး၊ မြင်ဖူးပါသလား။

      ● လူ့အသက်ပေါင်းများစွာကို ခြွေယူသွားတဲ့ ရောဂါဆိုး။

      ● လူပေါင်းများစွာကို သေတွင်းပို့တဲ့ အငတ်ဘေး။

      ● လူထောင်ပေါင်းများစွာကို သေစေပြီး အိုးမဲ့အိမ်မဲ့ဖြစ်စေတဲ့ မြေငလျင်။

      ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အလေးအနက်စဉ်းစားစေတဲ့ အချက်အလက်တွေကို နောက်ဆောင်းပါးတွေမှာ သုံးသပ်သွားပါမယ်။ ဒါ့အပြင် “နောက်ဆုံးသောနေ့ရက်များ” လို့ခေါ်တဲ့ အချိန်ကာလမှာ အဲဒီလိုဖြစ်လိမ့်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတာကို တွေ့ရပါလိမ့်မယ်။a

      ဒီဆောင်းပါးကို ရေးသားရတဲ့ ရည်ရွယ်ချက်က ကျွန်ုပ်တို့ဟာ ပြဿနာတွေနဲ့ ရှုပ်ထွေးပြီး ဆင်းရဲခက်ခဲတဲ့ ဒီလောကမှာ အသက်ရှင်နေရတယ်ဆိုတာကို သင် ယုံကြည်လက်ခံလာအောင် ပြောပြဖို့မဟုတ်ပါဘူး။ ဆင်းရဲခက်ခဲမှုတွေကို သင်ကိုယ်တိုင်လည်း ကြုံတွေ့နေရတာပဲ။ ဒါကြောင့် ဒီဆောင်းပါးတွေရဲ့ ရည်ရွယ်ချက်က သင့်ကို မျှော်လင့်ချက်ပေးဖို့ပါ။ ကျမ်းစာကြိုဟောချက်ခြောက်ခု ပြည့်စုံခြင်းက မကြာခင်မှာ “နောက်ဆုံးသောနေ့ရက်များ” အဆုံးတိုင်တော့မယ်ဆိုတာကို ဆောင်းပါးတွေက ဖော်ပြပါလိမ့်မယ်။ ဒီဆောင်းပါးတွဲတွေမှာ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လူအများရဲ့ တုံ့ပြန်ချက်တချို့ကို သုံးသပ်မယ့်အပြင် လာမယ့်အနာဂတ်မှာ အခြေအနေတွေ ပိုကောင်းလာတော့မယ်ဆိုတာကို ယုံကြည်ဖို့လည်း အကျိုးအကြောင်းနဲ့ ရှင်းပြပေးပါလိမ့်မယ်။

      [အောက်ခြေမှတ်ချက်]

      a ဒီအဖြစ်ဆိုးတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရတာလဲဆိုတာနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာစောင်ရဲ့ စာမျက်နှာ ၁၆ နဲ့ ၁၇ မှာပါရှိတဲ့ “မကောင်းမှုနဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ကြည့်နိုင်ပါတယ်။

  • ၁။ မြေငလျင်များ
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၁။ မြေငလျင်များ

      “ကြီးစွာသော ငလျင်လှုပ်ခြင်း ဖြစ်လိမ့်မည်။”—လုကာ ၂၁:၁၁။

      ● တစ်နှစ်နဲ့လေးလသားအရွယ် ဝင်နီကို ဟေတီနိုင်ငံက အုတ်ပုံကြားထဲကနေ ကယ်တင်နိုင်ခဲ့ကြတယ်။ ငလျင်ဘေးနဲ့ပတ်သက်ပြီး သတင်းထုတ်လွှင့်ဖို့ရောက်လာကြတဲ့ ရုပ်မြင်သံကြားအဖွဲ့က အဲဒီကလေးငယ်ရဲ့ ညည်းသံသဲ့သဲ့ကို ကြားသွားတာဖြစ်တယ်။ အဲဒီကလေးငယ်ဟာ ငလျင်ဘေးကနေ လွတ်မြောက်သွားပေမဲ့ သူ့ရဲ့မိဘတွေကတော့ ဆုံးသွားရှာပါပြီ။

      အဖြစ်မှန်က ဘာကိုဖော်ပြသလဲ။ ၂၀၁၀၊ ဇန်နဝါရီလမှာ ဟေတီနိုင်ငံကို ၇.၀ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်သွားတဲ့အခါ လူပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးသွားတယ်။ လျှပ်တစ်ပြက်အတွင်းမှာပဲ နောက်ထပ် လူပေါင်း ၁.၃ သန်းက အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ အဲဒီလိုပြင်းထန်တဲ့ မြေငလျင်က ဟေတီနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းလုံးမှာ ၂၀၀၉၊ ဧပြီလကနေ ၂၀၁၀၊ ဧပြီလအတွင်း အဲဒီလိုပြင်းထန်တဲ့မြေငလျင်မျိုး အနည်းဆုံး ၁၈ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

      လူအများက ဘယ်လိုတုံ့ပြန်ကြသလဲ။ ကျွန်ုပ်တို့ဟာ မြေငလျင်ဒဏ်ကို ပိုခံစားနေရတာ မဟုတ်ဘူး။ ခေတ်သစ်နည်းပညာကြောင့် အရင်ကလူတွေထက် မြေငလျင်တွေအကြောင်း ပိုပြီးသိရှိလာတာပါ။

      လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– နောက်ဆုံးသောနေ့ရက်တွေအတွင်းမှာ မြေငလျင် ဘယ်နှစ်ကြိမ်လှုပ်မယ်ဆိုတာကို သမ္မာကျမ်းစာက အလေးပေးပြီး မဖော်ပြပါဘူး။ ဒါပေမဲ့ ‘ငလျင်ကြီး’ တွေ “တစ်နေရာပြီး တစ်နေရာဖြစ်လိမ့်” မယ်ဆိုတာကိုတော့ ဖော်ပြပေးထားပါတယ်။ လူ့သမိုင်းတစ်လျှောက်ရဲ့ အလွန်အရေးပါတဲ့ အခုအချိန်မှာ မြေငလျင်တွေဟာ ထူးခြားတဲ့ အသွင်အပြင်တစ်ခုဖြစ်နေတယ်။—မာကု ၁၃:၈; လုကာ ၂၁:၁၁။

      သင်ကော ဘယ်လိုထင်သလဲ။ ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း မြေငလျင်ကြီးတွေလှုပ်တာကို တွေ့နေရသလား။

      ကျွန်ုပ်တို့ဟာ နောက်ဆုံးသောနေ့ရက်တွေမှာ အသက်ရှင်နေရတယ်ဆိုတာကို မြေငလျင်တစ်မျိုးတည်းနဲ့ပဲ သက်သေအခိုင်အလုံ ပြလို့ရမယ်မထင်ဘူး။ မြေငလျင်တွေနဲ့ပတ်သက်တဲ့ ကြိုဟောချက်တစ်ခုပဲ ပြည့်စုံနေတာ မဟုတ်ပါဘူး။ ပြည့်စုံနေတဲ့ နောက်ကြိုဟောချက်တစ်ခုကို သုံးသပ်ကြည့်ရအောင်။

      [စာမျက်နှာ ၄ ပါအကျဉ်းဖော်ပြချက်]

      “ကျွန်တော်တို့ [ဘူမိရူပဗေဒပညာရှင်တွေ] က သိပ္ပံပညာရှုထောင့်နဲ့ မြေငလျင်ကြီးတွေလို့ ခေါ်ကြပေမဲ့ သာမန်လူတွေကတော့ ဆိုးဝါးလွန်းတဲ့ဖြစ်ရပ်လို့သာ ပြောကြမှာဖြစ်တယ်။”—ကဲန် ဟာနက်၊ အမေရိကန်ဘူမိဗေဒဆိုင်ရာစစ်တမ်း။

      [Picture Credit Line on page 4]

      © William Daniels/Panos Pictures

  • ၂။ အငတ်ဘေး
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၂။ အငတ်ဘေး

      “အစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်။”—မာကု ၁၃:၈။

      ● အမျိုးသားတစ်ယောက်ဟာ ဆာလောင်မွတ်သိပ်ဒဏ်ကနေ လွတ်မြောက်ဖို့အတွက် နိုက်ဂျားနိုင်ငံ၊ ကွာရာတက်ဂီရွာကို ရောက်လာတယ်။ သူ့ရဲ့မောင်နှမတွေ၊ ဆွေမျိုးတွေလည်း အငတ်ဘေးကနေ လွတ်မြောက်ဖို့အတွက် တခြားဒေသကနေ ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒီအမျိုးသားဟာ ဖျာတစ်ချပ်ပေါ်မှာ တစ်ယောက်တည်း လှဲအိပ်နေတယ်။ ဘာကြောင့် သူတစ်ယောက်တည်း ရှိနေတာလဲ။ “သူ့မိသားစုကို မကျွေးမွေးနိုင်တဲ့အပြင် သူတို့ ငတ်ပြတ်နေတာကိုလည်း သူမကြည့်ရက်နိုင်တော့ဘူး” လို့ ရွာသူကြီး စီဒီက ရှင်းပြတယ်။

      အဖြစ်မှန်က ဘာကိုဖော်ပြသလဲ။ ကမ္ဘာတစ်ဝန်း လူ ၇ ယောက်မှာ ၁ ယောက်နီးပါးဟာ နေ့စဉ် မဝရေစာ စားနေရရှာတယ်။ ဆာဟာရသဲကန္တာရတောင်ပိုင်း အာဖရိကဒေသတွေမှာ မဝရေစာ စားနေရတဲ့သူ အရေအတွက်က ပိုများနေတယ်။ အဲဒီဒေသတွေမှာ လူ ၃ ယောက်မှာ ၁ ယောက်က ဆာလောင်မွတ်သိပ်နေတာ အတော့်ကိုကြာနေပြီ။ အဲဒီကိန်းဂဏန်းကို သဘောပေါက်ဖို့ မိဘနှစ်ပါးနဲ့ ကလေးတစ်ယောက်ရှိတဲ့ မိသားစုတစ်စုကို ဥပမာအဖြစ် သုံးသပ်ကြည့်ပါ။ တကယ်လို့ အစားအစာက နှစ်ယောက်စာအတွက်ပဲ ရှိတယ်ဆိုရင် ဘယ်သူ အငတ်ခံမလဲ။ အဖေလား၊ အမေလား၊ ကလေးလား။ အဲလိုမိသားစုတွေဟာ နေ့စဉ်အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်သူက အငတ်ခံမလဲဆိုတာကို ရွေးချယ်နေရကြတယ်။

      လူအများက ဘယ်လိုတုံ့ပြန်ကြသလဲ။ ကမ္ဘာမြေကြီးက လူတိုင်းအတွက် အစားအစာကို လိုတာထက်ပိုပြီး ထုတ်လုပ်ပေးနေပါတယ်။ ကမ္ဘာ့အရင်းအမြစ်တွေကို ကောင်းကောင်း စီမံကွပ်ကဲဖို့ပဲ လိုအပ်တာပါ။

      လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ လယ်သမားတွေဟာ အရင်ကထက် အစားအစာတွေကို ပိုမိုထုတ်လုပ်နိုင်ပြီး သယ်ယူပို့ဆောင်ပေးနိုင်ကြပါတယ်။ ဒါကြောင့် အငတ်ဘေးပြဿနာကို ဖြေရှင်းပေးဖို့ လူ့အုပ်ချုပ်ရေးက ကမ္ဘာ့စားနပ်ရိက္ခာကို စီမံခန့်ခွဲပေးသင့်တယ်။ ဒါပေမဲ့ လူ့အုပ်ချုပ်ရေးက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာတောင် အဲဒီအငတ်ဘေးပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့ပါဘူး။

      သင်ကော ဘယ်လိုထင်သလဲ။ မာကု ၁၃:၈ မှာ ကြိုဟောထားတဲ့အချက်က ပြည့်စုံနေသလား။ နည်းပညာတွေ တိုးတက်နေပေမဲ့ အစာရေစာ ပြတ်လပ်မှုကို ကမ္ဘာချီ တွေ့ကြုံနေရပါသလား။

      နောက်ဆုံးသောနေ့ရက်တွေရဲ့ အသွင်အပြင်တွေထဲက နောက်အသွင်အပြင်တစ်ခုဟာ မြေငလျင်နဲ့ အငတ်ဘေးတွေရဲ့ နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်လေ့ရှိပါတယ်။

      [စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

      “အဆုတ်ရောင်ရောဂါ၊ ဝမ်းလျှောရောဂါနဲ့ တခြားရောဂါတွေကြောင့် သေဆုံးသွားတဲ့ ကလေး သုံးပုံတစ်ပုံကျော်ဟာ အာဟာရရှိရှိ စားသုံးခဲ့ရမယ်ဆိုရင် အသက်ဆက်ရှင်နိုင်ပါတယ်။”—အန်း အမ်. ဗန်နာမန်၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း။

      [Picture Credit Line on page 5]

      © Paul Lowe/Panos Pictures

  • ၃။ ရောဂါ
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၃။ ရောဂါ

      ‘လူတို့သည် ကြောက်မက်ဖွယ်ရောဂါများ ခံစားရလိမ့်မည်။’—လုကာ ၂၁:၁၁၊ Contemporary English Version.

      ● ပြည်တွင်းစစ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့တဲ့ အာဖရိကနိုင်ငံ တစ်နိုင်ငံက ပြည်သူ့ကျန်းမာရေးအရာရှိ ဘွန်ဇာလီဟာ မားရ်ဘာ့ဂ်ရောဂါပိုး (မျောက်စိမ်းရောဂါ) ကြောင့် သေတော့မယ့် သတ္တုတွင်းအလုပ်သမားတွေကို နိုင်သလောက် ကုသပေးခဲ့တယ်။a မြို့ကြီးမှာရှိတဲ့ ဆေးဘက်ဆိုင်ရာအာဏာပိုင်တွေဆီ သူ အကူအညီ လှမ်းတောင်းပေမဲ့လည်း တုံ့ပြန်မှုမရရှိခဲ့ဘူး။ လေးလကြာမှ ကူညီပေးမယ့်သူတွေ ရောက်လာကြတယ်။ ဒါပေမဲ့ ဘွန်ဇာလီကတော့ ဆုံးသွားရှာပါပြီ။ သူ ကယ်ဖို့ကြိုးစားတဲ့ သတ္တုတွင်းအလုပ်သမားတွေဆီကနေ မားရ်ဘာ့ဂ်ရောဂါ ကူးစက်ခံလိုက်ရတာပါ။

      အဖြစ်မှန်က ဘာကိုဖော်ပြနေသလဲ။ လူသားတွေကို နှိပ်စက်ကလူပြုနေတဲ့ ရောဂါတွေထဲမှာ အဆုတ်ရောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါတွေက အဆိုးဆုံးပဲ။ ၂၀၀၄ တစ်နှစ်တည်းမှာပဲ အဲဒီရောဂါဆိုးငါးမျိုးကြောင့် လူပေါင်း ၁၀.၇ သန်းခန့် သေဆုံးခဲ့တယ်။ နောက်တစ်မျိုးနဲ့ပြောရမယ်ဆိုရင် တစ်နှစ်ပတ်လုံး သုံးစက္ကန့်တိုင်းမှာ လူတစ်ယောက်နှုန်းဟာ အဲဒီရောဂါတွေနဲ့ သေဆုံးနေရတယ်။

      လူအများ ဘယ်လိုတုံ့ပြန်ကြသလဲ။ ကမ္ဘာ့လူဦးရေဟာ အဆက်မပြတ် တိုးများလာနေတဲ့အတွက် ရောဂါတွေလည်း ပိုမိုတိုးများလာနေတယ်။ ရောဂါကူးစက်ခံရနိုင်တဲ့လူတွေလည်း ပိုပြီးတိုးများလာနေတယ်။

      လူအများရဲ့တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ ကမ္ဘာ့လူဦးရေဟာ ကြောက်စရာကောင်းလောက်အောင် တိုးများလာနေပါတယ်။ ဒါပေမဲ့ လူတွေဟာ ရောဂါအမျိုးအမည် ဖော်ထုတ်နိုင်တယ်၊ ထိန်းချုပ်နိုင်တယ်၊ ကာကွယ်ကုသနိုင်စွမ်း ရှိကြတယ်။ ဒါဆိုရင် လူတွေကို ဖိစီးနှိပ်စက်နေတဲ့ ရောဂါနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဟာ လျော့နည်းသွားသင့်တာပေါ့လို့ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်တယ်။ ဆန့်ကျင်ဘက်အနေနဲ့ လျော့နည်းသွားခြင်းမရှိပါဘူး။

      သင်ကော ဘယ်လိုထင်သလဲ။ သမ္မာကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း ကြောက်မက်ဖွယ်ရောဂါဆိုးတွေကို လူတွေ ခံစားနေရပါသလား။

      မြေငလျင်၊ အငတ်ဘေးနဲ့ ရောဂါဘယတွေကြောင့် လူသန်းပေါင်းများစွာ အကြီးအကျယ် ထိခိုက်ပျက်စီးနေပါတယ်။ နောက်ထပ် သန်းပေါင်းများစွာကလည်း လူသားချင်းတွေရဲ့ လက်ချက်နဲ့ ဆင်းရဲဝေဒနာခံစားနေရတယ်။ အများစုက ကိုယ့်ကို ကာကွယ်ပေးသင့်တဲ့သူတွေရဲ့ နှိပ်စက်မှုဒဏ်ခံနေရရှာတယ်။ အဲလိုဖြစ်မယ့်အကြောင်း ကျမ်းစာမှာ ကြိုဟောထားတာကို သတိပြုကြည့်ပါ။

      [အောက်ခြေမှတ်ချက်]

      a မားရ်ဘာ့ဂ်ရောဂါ (Marburg Hemorrhagic Fever) ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အီဘိုလာရောဂါနဲ့ ဆက်စပ်နေတယ်။

      [စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

      “ခြင်္သေ့စာဖြစ်သွားတာက တော်တော်ကြောက်ဖို့ကောင်းသလို ရောဂါဆိုးသယ်ဆောင်ထားတဲ့ ဗိုင်းရပ်စ်ပိုးစာဖြစ်သွားတာကလည်း အဲဒီလိုပဲကြောက်ဖို့ကောင်းတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ အဲဒီလို တွေ့နေမြင်နေရတာ ကြောက်စရာကြီးပဲ။”—ကပ်ရောဂါဗေဒပညာရှင် မိုက်ကယ် အော်စတာဟုမ်း။

      [Picture Credit Line on page 6]

      © William Daniels/Panos Pictures

  • ၄။ ချစ်ခြင်းမေတ္တာ ခေါင်းပါးခြင်း
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၄။ ချစ်ခြင်းမေတ္တာ ခေါင်းပါးခြင်း

      ‘လူတို့သည် မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူများ ဖြစ်ကြလိမ့်မည်။’—၂ တိမောသေ ၃:၁-၃။

      ● ခရစ္စဟာ ဝေလနယ်မြောက်ပိုင်းက အိမ်တွင်းအကြမ်းဖက်မှု ကူညီပေးရေးအဖွဲ့မှာ အမှုထမ်းနေတဲ့သူပါ။ “ဆိုးဆိုးဝါးဝါး အရိုက်ခံထားရတဲ့ အမျိုးသမီးတစ်ယောက် ကျွန်မရုံးခန်းထဲ ဝင်လာတာကို မှတ်မိသေးတယ်။ သူ့ကို နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းကနဲ့ တစ်ခြားစီပဲ။ ကျွန်မဖြင့် မှတ်တောင်မမှတ်မိဘူး။ အမျိုးသမီးတချို့ဆိုရင် စိတ်ထိခိုက်လွန်းလို့ မျက်လွှာလေးချပြီး နေ,နေရရှာတယ်” လို့ ခရစ္စက ပြောပြတယ်။

      အဖြစ်မှန်က ဘာကို ဖော်ပြသလဲ။ အာဖရိကနိုင်ငံတစ်နိုင်ငံမှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နီးပါးက ကလေးဘဝမှာပဲ လိင်မတော်မတရား ပြုကျင့်ခံခဲ့ရတယ်။ အဲဒီနိုင်ငံမှာပဲ အမျိုးသားသုံးပုံတစ်ပုံကျော်က မိမိတို့ရဲ့ဇနီးသည်ကို ရိုက်သင့်တယ်လို့ ယူမှတ်ကြတယ်ဆိုပြီး စစ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကပဲ အိမ်တွင်းအကြမ်းဖက်မှုကို ကြုံတွေ့နေရတာ မဟုတ်ပါဘူး။ ဥပမာ၊ ကနေဒါနိုင်ငံမှာ အမျိုးသား ၁၀ ယောက်မှာ ၃ ယောက်နီးပါးဟာ ကိုယ့်အိမ်ထောင်ဖက်ရဲ့ ရိုက်နှက်မှု ဒါမှမဟုတ် မတရားပြုကျင့်မှုကို ခံခဲ့ကြရတယ်။

      လူအများက ဘယ်လိုတုံ့ပြန်ကြသလဲ။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အရင်ကတည်းက ဖြစ်နေကျပါ။ အခုမှ လူတွေက အာရုံစိုက်လာကြတာပါ။

      လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အိမ်တွင်းအကြမ်းဖက်မှုကို လူတွေ ပိုပြီး အာရုံစိုက်လာကြတယ်။ ဒါပေမဲ့ လူတွေ ပိုအာရုံစိုက်လာတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားတဲ့အရေအတွက်က ကျဆင်းသွားသလား။ မကျဆင်းသွားပါဘူး။ အဲဒါထက် မိသားစုချစ်ခင်စုံမက်မှု ကင်းမဲ့ခြင်းက ခါတိုင်းထက် ပိုပြီးပျံ့နှံ့လာနေပါတယ်။

      သင်ကော ဘယ်လိုထင်သလဲ။ ၂ တိမောသေ ၃:၁-၃ မှာဖော်ပြထားတဲ့အချက်က ပြည့်စုံနေပြီလား။ လူတွေမှာ မိသားစုအပေါ် အလိုအလျောက်ပြသင့်တဲ့ ချစ်ခင်စုံမက်မှု မရှိကြတော့ဘူးလား။

      အခု ပြည့်စုံနေတဲ့ ငါးခုမြောက် ကြိုဟောချက်က ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးနဲ့ ပတ်သက်နေပါတယ်။ ဒီအကြောင်းကို ကျမ်းစာမှာ ဘယ်လိုပြောထားတယ်ဆိုတာ သုံးသပ်ကြည့်ရအောင်။

      [စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

      “လူအဖွဲ့အစည်းမှာ တိုင်တန်းမှုမရှိတဲ့ အဆိုးဝါးဆုံး ရာဇဝတ်မှုတွေထဲမှာ အိမ်တွင်းအကြမ်းဖက်မှုလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရဲကို မတိုင်ခင်မှာ သူ့အဖော်ရဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကို ၃၅ ကြိမ် ခံခဲ့ရပါလိမ့်မယ်။”—ဝေလနယ်မှ အိမ်တွင်းမတော်မတရားပြုမှု ကူညီရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး။

  • ၅။ မြေကြီးကို ဖျက်ဆီးခြင်း
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၅။ မြေကြီးကို ဖျက်ဆီးခြင်း

      ‘[ဘုရားသခင်သည်] မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူမည်။’—ဗျာ. ၁၁:၁၈။

      ● မစ္စတာ ပီရီဟာ နိုင်ဂျီးရီးယားနိုင်ငံ၊ ကပေါရွာမှာ ထန်းတက်လုပ်ငန်းနဲ့ အသက်မွေးတဲ့သူဖြစ်တယ်။ နိုက်ဂျားမြစ်ဝကျွန်းပေါ်ဒေသမှာ ရေနံအမြောက်အမြား ဖိတ်စဉ်သွားတဲ့အတွက် သူ့ရဲ့သက်မွေးလုပ်ငန်း ထိခိုက်သွားခဲ့ရတယ်။ “ငါးတွေ သေကုန်တယ်၊ လူတွေရဲ့အရေပြားတွေ ထိခိုက်ပျက်စီးရတဲ့အပြင် မြစ်ချောင်းတွေလည်း ညစ်ညမ်းသွားတယ်။ ဘယ်လိုနည်းနဲ့ ဝမ်းစာရှာရမှန်းတောင် မသိတော့ဘူး” လို့သူက ပြောပြတယ်။

      အဖြစ်မှန်က ဘာကိုဖော်ပြနေသလဲ။ နှစ်စဉ် ပင်လယ်သမုဒ္ဒရာတွေထဲကို တန်ချိန် ၆.၅ တန်ရှိတဲ့ အမှိုက်သရိုက်တွေ ဝင်ရောက်လာကြတယ်လို့ ပညာရှင်တချို့က ဆိုတယ်။ အဲဒီအမှိုက်သရိုက်တွေရဲ့ ၅၀ ရာခိုင်နှုန်းခန့်က ပလတ်စတစ်တွေဖြစ်ပြီး အဲဒီအရာတွေ မဆွေးမရိခင် ရာစုနှစ်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောနေကြမှာဖြစ်တယ်။ လူသားတွေဟာ မြေကြီးကို ညစ်ညမ်းအောင်လုပ်နေတဲ့အပြင် သဘာဝသယံဇာတတွေကိုလည်း ထိတ်လန့်စရာကောင်းလောက်အောင် ကုန်ခန်းနေစေပါတယ်။ တစ်နှစ်အတွင်း လူတွေ သုံးဖြုန်းလိုက်တဲ့ သယံဇာတတွေကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် တစ်နှစ်နဲ့ငါးလ အချိန်ယူဖို့လိုတယ်ဆိုပြီး လေ့လာမှုတွေက ဖော်ပြကြတယ်။ “လူဦးရေနဲ့ သုံးစွဲမှုက ဒီအတိုင်း ဆက်တိုးများလာနေမယ်ဆိုရင်တော့ ၂၀၃၅ ခုနှစ်ရောက်ရင် ကမ္ဘာနှစ်လုံးရှိမှ လုံလောက်ပါလိမ့်မယ်” ဆိုပြီး ဩစတြေးလျနိုင်ငံထုတ် သတင်းစာတစ်စောင် (Sydney Morning Herald) မှာ ဖော်ပြထားတယ်။

      လူအများ ဘယ်လိုတုံ့ပြန်ကြသလဲ။ လူသားတွေမှာ လုပ်ရည်ကိုင်ရည်ရှိကြပါတယ်။ အဲဒီပြဿနာတွေကို ပြောင်းပြန်လှန်ပစ်ပြီး ကမ္ဘာကို ကယ်တင်နိုင်ပါတယ်။

      လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ တစ်ဦးချင်းအနေနဲ့ရော အုပ်စုလိုက်အနေနဲ့ပါ အလုပ်ကြိုးစားကြတဲ့သူတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စတွေကို ပိုပြီးအာရုံစိုက်လာကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ ကြီးမားတဲ့အတိုင်းအတာနဲ့ ဆက်ပြီး ညစ်ညမ်းနေတုန်းပါပဲ။

      သင်ကော ဘယ်လိုထင်သလဲ။ ဘုရားသခင်ဟာ ပျက်ကိန်းဆိုက်နေတဲ့ ကမ္ဘာမြေကြီးကို မိမိကတိပြုထားတဲ့အတိုင်း ကြားဝင်ကယ်တင်ပေးဖို့ လိုသလား။

      နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်ပြီး အခုလေးတင် ဆွေးနွေးသုံးသပ်သွားတဲ့ ကြိုဟောချက်ငါးခုအပြင် အပြုသဘောဆောင်တဲ့ အဖြစ်အပျက်တွေအကြောင်းလည်း ကျမ်းစာမှာ ကြိုပြောထားပါတယ်။ ခြောက်ခုမြောက်ကြိုဟောချက်ကို သုံးသပ်ကြည့်ရအောင်။

      [စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

      “သာယာလှပတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ရာကနေ အဆိပ်သင့် စွန့်ပစ်ပစ္စည်းအစုအပုံကို ပိုင်ဆိုင်သွားရသလိုမျိုး ခံစားလိုက်ရတယ်။”—အမေရိကန်နိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် နေထိုင်သူ အီရင် တမ်ဘာ၊ ၂၀၁၀ ခုနှစ်က မက္ကဆီကိုပင်လယ်ကွေ့မှာ ရေနံဖိတ်စဉ်သွားမှုရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့စကား။

      [စာမျက်နှာ ၈ ပါလေးထောင့်ကွက်]

      ဘုရားသခင်မှာ တာဝန်ရှိသလား

      ကနေ့ ကျွန်ုပ်တို့တွေ့မြင်နေရတဲ့ အခြေအနေဆိုးတွေကို ကျမ်းစာမှာ ကြိုဟောထားတယ်ဆိုတော့ အဲဒီအခြေအနေဆိုးတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိသလား။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဖြစ်ပေါ်စေတာလား။ အဲဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ အဖြေတွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၁၁ မှာ တွေ့ရှိနိုင်ပါတယ်။

      [Picture Credit Line on page 8]

      U.S. Coast Guard photo

  • ၆။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ၆။ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်း

      “[ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။”—မဿဲ ၂၄:၁၄။

      ● ဗိုင်ယာတီအာဟာ ပစိဖိတ်သမုဒ္ဒရာက တွာမော်တူးကျွန်းစုမှာရှိတဲ့ အရမ်းဝေးလံတဲ့ သန္တာကျွန်းတစ်ကျွန်းမှာ နေထိုင်ပါတယ်။ တွာမော်တူးကျွန်းစုမှာ စတုရန်းမိုင်ပေါင်း ၃၁၀,၀၀၀ ကျော်အထိ ပျံ့နှံ့နေတဲ့ သန္တာကျွန်းပေါင်း ၈၀ ခန့်ရှိပြီး လူဦးရေကတော့ ၁၆,၀၀၀ လောက်ပဲရှိပါတယ်။ ဒါပေမဲ့ ဗိုင်ယာတီအာနဲ့ အိမ်နီးချင်းတွေဆီကို ယေဟောဝါသက်သေတွေ သွားလည်ပတ်ခဲ့ကြပါတယ်။ ဘာကြောင့် လည်ပတ်ခဲ့ကြတာလဲ။ လူတွေ ဘယ်နေရာမှာပဲ နေထိုင်နေပါစေ သူတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဝေမျှပေးချင်တဲ့အတွက် ဖြစ်ပါတယ်။

      အဖြစ်မှန်က ဘာကို ဖော်ပြနေသလဲ။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားက မြေကြီးစွန်းတိုင်အောင် ရောက်ရှိနေပါတယ်။ ၂၀၁၀ တစ်နှစ်တည်းမှာပဲ ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၃၆ နိုင်ငံမှာ သတင်းကောင်းဟောပြောဖို့ နာရီပေါင်း ၁.၆ ဘီလီယံကျော် အသုံးပြုခဲ့ကြတယ်။ အဲဒါကို ပျမ်းမျှတွက်ကြည့်မယ်ဆိုရင် သက်သေခံတစ်ဦးဟာ နေ့စဉ် မိနစ် ၃၀ ဟောပြောနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျမ်းစာပညာပေး စာပေအမျိုးမျိုးကို ဘီလီယံ ၂၀ ကျော် ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

      လူအများ ဘယ်လိုတုံ့ပြန်ကြသလဲ။ ကျမ်းစာသတင်းတရားကို ဟောပြောလာခဲ့တာ နှစ်ပေါင်း ထောင်နဲ့ချီ ကြာခဲ့ပါပြီ။

      လူအများရဲ့ တုံ့ပြန်ချက်က ခိုင်လုံရဲ့လား။ ကျမ်းစာသတင်းတရားနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို လူများစွာ ဟောပြောခဲ့ကြပါတယ်။ ဒါပေမဲ့ အများစုက ဒေသအနည်းငယ်မှာ တစ်ခဏပဲ ဟောပြောခဲ့ကြတာပါ။ ယေဟောဝါသက်သေတွေကျတော့ လူသန်းပေါင်းများစွာဆီ ရောက်ရှိနိုင်ဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ပြီးမြောက်နေပါတယ်။ လူ့သမိုင်းမှာ အာဏာအရှိဆုံးနဲ့ အရက်စက်ဆုံး လူ့အဖွဲ့အစည်းတချို့ရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုကြားကနေ သက်သေခံတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲနပဲနဲ့ ပါဝင်လုပ်ဆောင်ခဲ့ကြပါတယ်။a (မာကု ၁၃:၁၃) ဒါ့အပြင် ယေဟောဝါသက်သေတွေဟာ အခကြေးငွေရလို့ ဟောပြောနေကြတာမဟုတ်ပါဘူး။ အဲဒီအစား သူတို့ရဲ့အချိန်တွေကို စိတ်လိုကိုယ်လျောက် ပေးဆပ်ပြီး စာပေတွေကို အခမဲ့ ဝေငှပေးနေပါတယ်။ သူတို့ရဲ့လုပ်ငန်းတစ်ခုလုံးကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ပံ့ပိုးကြပါတယ်။

      သင်ကော ဘယ်လိုထင်သလဲ။ ဘုရားသခင့် “နိုင်ငံတော်သတင်းကောင်း” ကို ကမ္ဘာချီ ဟောပြောနေကြသလား။ အဲဒီကျမ်းစာကြိုဟောချက် ပြည့်စုံနေတာက လာမယ့်အနာဂတ်မှာ ကောင်းတဲ့အရာတွေ ဖြစ်ပျက်လာမယ်လို့ ဆိုလိုတာလား။

      [အောက်ခြေမှတ်ချက်]

      a ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ “စမ်းသပ်မှုများအောက် သစ္စာရှိ၊” “ခရမ်းရောင်တြိဂံများ၊” နဲ့ “ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည်” ဆိုတဲ့ ဗီဒီယိုခွေသုံးခွေမှာ ကြည့်ရှုနိုင်ပါတယ်။

      [စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

      “ယေဟောဝါဘုရားသခင် ခွင့်ပြုသရွေ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကျွန်ုပ်တို့ ဇွဲနဲ့ ဆက်ဟောပြောမှာဖြစ်ပြီး လူတွေဆီရောက်ရှိဖို့ ဘယ်နည်းကိုမဆို အသုံးပြုသွားမှာဖြစ်တယ်။”—ယေဟောဝါသက်သေတွေရဲ့ ၂၀၁၀ နှစ်ချုပ်စာအုပ်။

  • ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ
    ကင်းမျှော်စင်—၂၀၁၁ | မေ ၁
    • ပိုမိုကောင်းမွန်တဲ့အချိန်က လက်တစ်ကမ်းမှာ

      “ခဏကြာပြီးမှ မတရားသောသူမရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။

      အထက်ပါ ကျမ်းစာကြိုဟောချက် အမှန်တကယ် ဖြစ်လာမှာကို တွေ့ချင်ပါသလား။ တွေ့ချင်မှာ သေချာပါတယ်။ မကြာခင် အဲဒီကြိုဟောချက် ဖြစ်ပျက်လာတော့မယ်ဆိုတာကို ယုံကြည်ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေ ရှိပါတယ်။

      ကျွန်ုပ်တို့ဟာ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ပြပေးတဲ့ ကျမ်းစာကြိုဟောချက်တချို့ကို ရှေ့ဆောင်းပါးတွေမှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ (၂ တိမောသေ ၃:၁-၅) မျှော်လင့်ခြင်းအခွင့်ကို ကျွန်ုပ်တို့ရရှိနိုင်အောင် အဲဒီကြိုဟောချက်တွေအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ဖို့ ကျမ်းရေးသူတွေကို ဘုရားသခင် လမ်းညွှန်ပေးခဲ့တယ်။ (ရောမ ၁၅:၄) အဲဒီကြိုဟောချက်တွေ ပြည့်စုံနေတာက အခု ကျွန်ုပ်တို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင် အဆုံးတိုင်တော့မယ်ဆိုတာကို ဖော်ပြပါတယ်။

      နောက်ဆုံးသောနေ့ရက်တွေ ကုန်လွန်ပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ ဘုရားသခင့်နိုင်ငံတော်က လူသားတွေကို အုပ်ချုပ်မှာဖြစ်တယ်။ (မဿဲ ၆:၉၊ ၁၀) အဲဒီအချိန်ရောက်ရင် မြေကြီးပေါ် ဖြစ်ပျက်မယ့် အခြေအနေတွေအကြောင်း ကျမ်းစာဖော်ပြချက်ကို သုံးသပ်ကြည့်ရအောင်–

      ● အငတ်ဘေး မရှိတော့ဘူး။ ‘ပြည်တော် [“မြေကြီး၊” ကဘ] ၌ များစွာသောစပါးရှိ၍ အသီးအနှံသည် တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။’—ဆာလံ ၇၂:၁၆။

      ● ရောဂါတွေ မရှိတော့ဘူး။ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။

      ● ကမ္ဘာမြေကြီးက အသစ်ပြုပြင်ခံရမယ်။ “တောနှင့်သွေ့ခြောက်သောမြေသည် ဝမ်းမြောက်လိမ့်မည်။ သဲကန္တာရလည်း ရွှင်လန်း၍ အပွင့်ပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁၊ သမ္မာ။

      ဒါတွေက မကြာခင် ပြည့်စုံလာတော့မယ့် အားရှိစရာ ကျမ်းစာကြိုဟောချက် အနည်းငယ်ပဲဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အချိန် ရောက်လာဖို့ လက်တစ်ကမ်းပဲ လိုတော့တယ်ဆိုတာကို ယေဟောဝါသက်သေတွေ ဘာကြောင့် ယုံကြည်ရသလဲဆိုတာ မေးမြန်းကြည့်ပါလေ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ