ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ နိုဝင်ဘာ စာ. ၂-၇
  • ပရဒိသု ကတိကို ယေဟောဝါ အာမခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသု ကတိကို ယေဟောဝါ အာမခံ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ကတိပေး
  • ယေဟောဝါ အာမခံ
  • “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်”
  • “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကားအတိုင်း ဖြစ်နေပြီ”
  • “ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်”
  • ပရဒိသု ကတိကို ပိုယုံကြည်စိတ်ချလာနိုင်ပုံ
  • “အာလဖနဲ့ သြမေဃ” က ဘယ်သူလဲ၊ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကောင်းကင်သစ်နှင့် မြေကြီးသစ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • လူသားတွေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ဟာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ နိုဝင်ဘာ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၄၆

ပရဒိသု ကတိကို ယေဟောဝါ အာမခံ

“ကမ္ဘာပေါ်မှာ ကောင်းချီး တောင်းခံသူတွေဟာ အမှန်တရားရဲ့ ဘုရားသခင်ဆီကနေပဲ ကောင်းချီးခံစားရမယ်။”—ဟေရှာ. ၆၅:၁၆။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

အကြိုသုံးသပ်ချက်a

၁။ အစ္စရေးတွေကို ပရောဖက် ဟေရှာယ ဘာသိစေချင်သလဲ။

ယေဟောဝါကို “အမှန်တရားရဲ့ ဘုရားသခင်” လို့ ပရောဖက် ဟေရှာယ ခေါ်ထားတယ်။ “အမှန်တရား” လို့ ပြန်ဆိုတဲ့ စကားလုံးဟာ “အာမင်” လို့ အဓိပ္ပာယ် ရတယ်။ (ဟေရှာ. ၆၅:၁၆) “အာမင်” ဆိုတာ “ပြောတဲ့အတိုင်း ဖြစ်ပါစေ၊” “ဧကန်မုချ ဖြစ်ပါစေ” ဆိုတဲ့ အဓိပ္ပာယ် ဖြစ်တယ်။ ယေဟောဝါ၊ ယေရှုတို့ရဲ့ အဆိုတစ်ခုခု မှန်တယ်ဆိုတာ ဖော်ပြဖို့ ကျမ်းစာမှာ “အာမင်” ဆိုတဲ့ စကားလုံး သုံးလေ့ရှိတယ်။ ဒီတော့ အစ္စရေးတွေကို ဟေရှာယ သိစေချင်တာက ယေဟောဝါ ကြိုပြောတာတွေ အမြဲ စိတ်ချလို့ ရတယ်ဆိုတာပဲ။ ကတိ တစ်ခုမကျန် ပြည့်စုံစေခြင်းအားဖြင့် စိတ်ချလို့ ရကြောင်း ယေဟောဝါ သက်သေပြတယ်။

၂။ အနာဂတ် ဘုရားကတိတွေကို ဘာကြောင့် စိတ်ချလို့ ရသလဲ။ ဘာမေးခွန်းတွေ ဆွေးနွေးကြမလဲ။

၂ အနာဂတ် ဘုရားကတိတွေကို ကျွန်တော်တို့ကော စိတ်ချလို့ ရသလား။ စိတ်ချလို့ ရတဲ့ အကြောင်းရင်းကို ဟေရှာယခေတ်ပြီးနောက် အနှစ် ၈၀၀ နီးပါးမှာ တမန်တော် ပေါလု ရှင်းပြတယ်။ “ဘုရားသခင်ဘက်က မုသား ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး” တဲ့။ (ဟီ. ၆:၁၈) စမ်းရေ တစ်ပေါက်တည်းကနေ ရေချိုရော ရေငန်ပါ မထွက်နိုင်သလို အမှန်တရားရဲ့ ဘုရားသခင် ယေဟောဝါဆီက မုသား မထွက်နိုင်ဘူး။ အနာဂတ် ကတိအားလုံး အပါအဝင် ယေဟောဝါ ပြောသမျှ အကြွင်းမဲ့ ယုံလို့ ရတယ်။ ဒါဆိုရင် အနာဂတ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကတိပေးသလဲ။ ကတိ ပြည့်စုံလာမယ်ဆိုတာ ဘယ်လို အာမခံသလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။

ယေဟောဝါ ကတိပေး

၃။ (က) ဘယ်ကတိကို ဘုရားကျေးကျွန်တွေ မြတ်နိုးကြသလဲ။ (ဗျာဒိတ် ၂၁:၃၊ ၄) (ခ) ဒီကတိ ပြောပြတဲ့အခါ တချို့ ဘယ်လို တုံ့ပြန်ကြသလဲ။

၃ အခု ဆွေးနွေးမယ့် ကတိကို ကမ္ဘာတစ်ဝန်းက ဘုရားကျေးကျွန်တွေ သိပ်မြတ်နိုးကြတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပါ။) အနာဂတ်မှာ ‘သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်း မရှိတော့ဘူး’ လို့ ယေဟောဝါ ကတိပေးတယ်။ တခြားသူတွေကို သတင်းကောင်း ပြောတဲ့အခါ ပရဒိသု အသက်တာအကြောင်း စိတ်ချမ်းသာစရာ ဒီကျမ်းပိုဒ်ကို ကျွန်တော်တို့ ဖတ်ပြတတ်ကြတယ်။ တချို့ ဘယ်လို တုံ့ပြန်ကြသလဲ။ “ကောင်းလွန်းနေတယ်။ ဟုတ်ကော ဟုတ်ပါ့မလား” လို့ ပြောကြတယ်။

၄။ (က) ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကြိုသိနေသလဲ။ (ခ) ကတိ ပေးတဲ့အပြင် ယေဟောဝါ ဘာလုပ်သေးသလဲ။

၄ ပရဒိသု အသက်တာအကြောင်း တမန်တော် ယောဟန်ကို မှတ်တမ်းတင်ခိုင်းတုန်းက ကျွန်တော်တို့ခေတ်နဲ့ပတ်သက်ပြီး ယေဟောဝါ ဘာကြိုသိနေသလဲ။ တခြားသူတွေကို သတင်းကောင်း ဟောတဲ့အခါ ဒီမျှော်လင့်ချက် ကျွန်တော်တို့ ပြောပြမယ်ဆိုတာ သိနေတယ်။ “အသစ်သောအရာတွေအကြောင်း” ဒီကတိကို လူများစွာ ယုံဖို့ ခက်မယ်ဆိုတာလည်း သိနေတယ်။ (ဟေရှာ. ၄၂:၉။ ၆၀:၂။ ၂ ကော. ၄:၃၊ ၄) ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတဲ့ ကောင်းချီးတွေ တကယ် ခံစားရမယ်ဆိုတာ ကိုယ်တိုင်နဲ့ တခြားသူတွေ စိတ်ချလာဖို့ ဘာလုပ်နိုင်သလဲ။ ယေဟောဝါက စိတ်ချမ်းသာစရာ ဒီကတိကို ပေးရုံ ပေးတာ မဟုတ်ဘူး။ ယုံလို့ ရတဲ့ အကြောင်းရင်းတွေလည်း ပြောတယ်။ ဘာအကြောင်းရင်းတွေလဲ။

ယေဟောဝါ အာမခံ

၅။ ပရဒိသု ကတိကို ယုံလို့ ရတဲ့ အကြောင်းရင်းတွေ ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။

၅ နောက်အခန်းငယ်တွေမှာ ပရဒိသု ကတိကို ယုံလို့ ရတဲ့ အကြောင်းရင်းတွေ တွေ့ရတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက် ရေးမှတ်ထားပါ’ လို့လည်း ပြောတယ်။ အဲဒီနောက် ဘုရားသခင်က ကျွန်တော့်ကို ပြောတယ်– ‘အဲဒီစကားအတိုင်း ဖြစ်နေပြီ။ ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်၊ အစနဲ့ အဆုံး ဖြစ်တယ်’” လို့ ဖတ်ရတယ်။—ဗျာ. ၂၁:၅၊ ၆။

၆။ ဗျာဒိတ် ၂၁:၅၊ ၆ မှာ ပါတဲ့ အာမခံချက်တွေက ဘုရားကတိကို ဘာကြောင့် ပိုယုံကြည်စိတ်ချစေသလဲ။

၆ ဒီကျမ်းပိုဒ်က ဘုရားကတိကို ဘာကြောင့် ပိုယုံကြည်စိတ်ချစေသလဲ။ “ယေဟောဝါကိုယ်တော်တိုင်က သစ္စာရှိ လူသားများအတွက် ထိုအနာဂတ် ကောင်းချီးများ ရပိုင်သော အာမခံချက် သို့မဟုတ် ပိုင်ဆိုင်ခွင့် စာချုပ်စာတမ်းကို လက်မှတ်ရေးထိုးတော်မူသည့်အလား ဖြစ်၏” လို့ ဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး ဗျာဒိတ်ကျမ်း အထွတ်အထိပ် စာအုပ်မှာ ဖော်ပြတယ်။b ဒါကြောင့် ဗျာဒိတ် ၂၁:၃၊ ၄ မှာ ပါတာက ဘုရားကတိ ဖြစ်ပြီး အခန်းငယ် ၅ နဲ့ ၆ မှာ ပါတာက ဘုရားရဲ့ အာမခံချက် ဖြစ်တယ်။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံတဲ့အနေနဲ့ လက်မှတ်ထိုးထားသလိုပါပဲ။ ဘယ်လို အာမခံသလဲ ကြည့်ရအောင်။

၇။ ဘုရားကတိနဲ့ပတ်သက်ပြီး နိဒါန်းပျိုးထားပုံက ဘာကြောင့် ထူးခြားသလဲ။

၇ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်” ဆိုပြီး ဗျာဒိတ် ၂၁:၅ ကို နိဒါန်းပျိုးထားတယ်။ အဲဒီနောက် ပြောတဲ့ စကားဟာ ဗျာဒိတ်ကျမ်းမှာ ယေဟောဝါကိုယ်တိုင် ပြောတဲ့ စကား သုံးခွန်းထဲက တစ်ခွန်း ဖြစ်တယ်။ ဒီတော့ တန်ခိုးကြီး ကောင်းကင်တမန်ကတစ်ဆင့်၊ ရှင်ပြန်ထမြောက်ပြီးသား ယေရှုကတစ်ဆင့် အာမခံနေတာ မဟုတ်ဘူး။ ယေဟောဝါကိုယ်တိုင် အာမခံနေတာ။ ဆက်ပြောမယ့် စကားကို အကြွင်းမဲ့ ယုံလို့ ရတယ်ဆိုတာ ဒီအချက်က ပေါ်လွင်စေတယ်။ ယေဟောဝါ “မုသာ မသုံး” လို့ပဲ။ (တိ. ၁:၂) ဗျာဒိတ် ၂၁:၅၊ ၆ မှာ ပါတဲ့ စကားတွေကို တကယ် ယုံလို့ ရတယ်။

“အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်”

၈။ ကတိ ပြည့်စုံလာမယ်ဆိုတာ အလေးပေးဖို့ ယေဟောဝါ ဘာပြောသလဲ။ (ဟေရှာယ ၄၆:၁၀)

၈ အဲဒီနောက် “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ယေဟောဝါ ပြောတယ်။ တကယ်တော့ အနာဂတ်မှာ လုပ်ပေးမယ့်အရာတွေအကြောင်း ပြောနေတာ။ ဒါပေမဲ့ သေချာလွန်းလို့ ဖန်ဆင်းနေတယ်လို့ကို ပြောထားတယ်။—ဟေရှာယ ၄၆:၁၀ ကို ဖတ်ပါ။

၉။ (က) “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” ဘာဖြစ်သွားမလဲ။

၉ “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” ဆိုတာ ဘာကို ဆိုလိုသလဲ။ အစားထိုးခြင်း၊ နဂိုအတိုင်း ပြန်ကောင်းစေခြင်းဆိုတဲ့ ယေဟောဝါ လုပ်မယ့်အရာ နှစ်ခုကို ဆိုလိုတယ်။ ပထမ၊ ယေဟောဝါ ဘာကို အစားထိုးမလဲ။ ‘အရင်ကောင်းကင်နဲ့ အရင်မြေကြီး ကွယ်ပျောက်ပြီ’ လို့ ဗျာဒိတ် ၂၁:၁ မှာ ဖတ်ရတယ်။ “အရင်ကောင်းကင်” ဆိုတာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ ဩဇာအောက်မှာ ရှိတဲ့ အစိုးရတွေ ဖြစ်တယ်။ (မ. ၄:၈၊ ၉။ ၁ ယော. ၅:၁၉) ကျမ်းစာမှာ “မြေကြီး” လို့ သုံးတဲ့အခါ မြေကြီးသား၊ လူသားတွေကို ရည်ညွှန်းလေ့ရှိတယ်။ (ဆာ. ၉၆:၁) ဒါကြောင့် “အရင်မြေကြီး” ဆိုတာ လက်ရှိ ဆိုးညစ်တဲ့ လူ့ဘောင် အဖွဲ့အစည်း ဖြစ်တယ်။ လက်ရှိ “ကောင်းကင်” နဲ့ “မြေကြီး” ကို ယေဟောဝါ ပြုပြင်မွမ်းမံရုံ မွမ်းမံမှာ မဟုတ်ဘူး။ လုံးဝ ဖျက်လိုက်မှာ။ ပြီးရင် “ကောင်းကင်သစ်၊” “မြေကြီးသစ်” နဲ့ အစားထိုးမယ်။ “ကောင်းကင်သစ်၊” “မြေကြီးသစ်” ဆိုတာ အစိုးရသစ်၊ လူ့ဘောင် အဖွဲ့အစည်းသစ်ကို ဆိုလိုတယ်။

၁၀။ ဘာတွေကို ယေဟောဝါ အသစ်လို ဖြစ်သွားစေမလဲ။

၁၀ ဒုတိယ၊ ဘာတွေကို ယေဟောဝါ နဂိုအတိုင်း ပြန်ကောင်းစေမလဲ။ ကမ္ဘာမြေနဲ့ လူတွေကို ပြန်ကုစားပေးခြင်းအားဖြင့် အသစ်လို ဖြစ်သွားစေမယ်။ ဟေရှာယ ကြိုဟောသလို ကမ္ဘာတစ်ခုလုံးကို ဧဒင်ဥယျာဉ်လို နေချင်စဖွယ် ဖြစ်စေမယ်။ ခြေဆွံ့သူ၊ မျက်မမြင်၊ နားမကြားသူတွေကို ကုပေးမယ်။ သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေမယ်။ ဒီနည်းနဲ့ လူတစ်ယောက်ချင်းစီကို အသစ်လို ဖြစ်စေမယ်။ နဂိုအတိုင်း ပြန်ကောင်းစေမယ်။—ဟေရှာ. ၂၅:၈။ ၃၅:၁-၇။

“ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကားအတိုင်း ဖြစ်နေပြီ”

၁၁။ ယောဟန်ကို ယေဟောဝါ ဘာခိုင်းသလဲ။ ဘာကြောင့်လဲ။

၁၁ ယေဟောဝါ အာမခံတဲ့အနေနဲ့ ဘာဆက်ပြောသလဲ။ “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက် ရေးမှတ်ထားပါ” လို့ ပြောတယ်။ (ဗျာ. ၂၁:၅) “ရေးမှတ်ထားပါ” လို့ပဲ မပြောဘူး။ အကြောင်းရင်း ထည့်ပြောတယ်။ “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက်” တဲ့။ ယေဟောဝါ ခိုင်းတဲ့အတိုင်း ယောဟန် “ရေးမှတ်ထား” တာ ကျေးဇူးတင်စရာပါပဲ။ ဒီလို ရေးမှတ်ထားလို့သာ ပရဒိသု ကတိအကြောင်း ကျွန်တော်တို့ ဖတ်နိုင်တာ။ အနာဂတ် ကောင်းချီးတွေ တွေးတောဆင်ခြင်နိုင်တာ။

၁၂။ “အဲဒီစကားအတိုင်း ဖြစ်နေပြီ” လို့ ယေဟောဝါ ဘာကြောင့် ပြောသလဲ။

၁၂ “အဲဒီစကားအတိုင်း ဖြစ်နေပြီ” လို့ ဘုရား ဆက်ပြောတယ်။ (ဗျာ. ၂၁:၆) “ဖြစ်နေပြီ” လို့ ဘာကြောင့် ပြောသလဲ။ ဖြစ်မလာအောင် ဘာကမှ မတားဆီးနိုင်လို့ပဲ။ ကတိ တကယ် ပြည့်စုံလာမယ်ဆိုတာ အာမခံတဲ့အနေနဲ့ ယေဟောဝါ ဆက်ပြောတာ ရှိသေးတယ်။ ဘာများလဲ။

“ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်”

၁၃။ “ငါဟာ အာလဖနဲ့ ဩမေဃ ဖြစ်တယ်” လို့ ယေဟောဝါ ဘာကြောင့် ပြောသလဲ။

၁၃ အစောပိုင်းမှာ ဖော်ပြတဲ့အတိုင်း စိတ်အာရုံမှာ ယေဟောဝါကိုယ်တိုင် ယောဟန်ကို သုံးကြိမ် စကားပြောတယ်။ (ဗျာ. ၁:၈။ ၂၁:၅၊ ၆။ ၂၂:၁၃) သုံးကြိမ်စလုံးမှာ “ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတယ်။ ဂရိ အက္ခရာမှာ အာလဖဟာ ဦးဆုံး ဖြစ်ပြီး ဩမေဃဟာ နောက်ဆုံး ဖြစ်တယ်။ ဒါကြောင့် “အာလဖနဲ့ သြမေဃ” လို့ ယေဟောဝါ ပြောတာဟာ တစ်ခုခုကို စပြီးရင် အောင်အောင်မြင်မြင် အဆုံးသတ်မယ်လို့ ပြောလိုက်တာပဲ။

ရုပ်ပုံ။ ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံလာ။ ၁။ “အာလဖ။” ဧဒင်ဥယျာဉ်မှာ အာဒံနဲ့ ဧဝ။ ၂။ ပုန်ကန်မှုရဲ့ အကျိုးဆက်ကို ဖော်ပြထား။ ကောင်းကင်တမန်ဆိုး စာတန်၊ သက်ကြီး အာဒံနဲ့ ဧဝ၊ ဘေဘယ်ရဲတိုက်၊ သင်္ချိုင်း၊ စစ်သား၊ တင့်ကား၊ စစ်လေယာဉ်၊ စက်ရုံက ထွက်တဲ့ မီးခိုး၊ ဆန္ဒပြသူတွေ။ ရည်ရွယ်ချက်ကို ယေဟောဝါ ဆက်အကောင်အထည် ဖော်ပုံကို နောက်ရုပ်ပုံ နှစ်ပုံမှာ ဖော်ပြထား။ ရွေးဖိုး အစီအစဉ်ကို ယေရှု သစ်တိုင်တင်ခံရပုံနဲ့ ပုံဖော်ထား။ အာဒံ၊ ဧဝရဲ့ ဖြောင့်မတ်တဲ့ သားစဉ်မြေးဆက်ကို ရှေးခေတ်နဲ့ အခုခေတ် ဘုရားကျေးကျွန်တွေနဲ့ ပုံဖော်ထား။ ၃။ “ဩမေဃ။” ပရဒိသုမှာ လူတွေ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေ။

ယေဟောဝါ တစ်ခုခု စပြီဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ် (စာပိုဒ် ၁၄၊ ၁၇ ကို ကြည့်ပါ)

၁၄။ (က) ပုံဆောင်သဘောအရ “အာလဖ” လို့ ယေဟောဝါ ဘယ်အချိန်မှာ ပြောသလဲ။ “ဩမေဃ” လို့ ဘယ်အချိန်မှာ ပြောမလဲ။ ဥပမာ ပေးပါ။ (ခ) ကမ္ဘာဦး ၂:၁-၃ က ဘာကို အာမခံသလဲ။

၁၄ အာဒံ၊ ဧဝကို ဖန်ဆင်းပြီးနောက် လူတွေနဲ့ ကမ္ဘာမြေအတွက် မိမိရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ” လို့ ယေဟောဝါ ပြောတယ်။ အဲဒီနောက် သူတို့ကို ကောင်းချီးပေးတယ်။ (က. ၁:၂၈) “အာလဖ” လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်အတိုင်း အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာမြေမှာ ပြည့်သွားပြီး ပရဒိသုအဖြစ် ပြောင်းလဲမယ့်အချိန်ဟာ “ဩမေဃ” လို့ ပြောမယ့်အချိန်ပဲ။ “ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေပေါ် ရှိသမျှကို ဖန်ဆင်းပြီး” နောက် ကမ္ဘာဦး ၂:၁-၃ မှာ ယေဟောဝါ ပြောတဲ့ စကားက ရည်ရွယ်ချက် ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ အာမခံနေတယ်။ (ဖတ်ပါ။) သတ္တမနေ့ကို မြင့်မြတ်တဲ့ နေ့လို့ ယေဟောဝါ သတ်မှတ်တယ်။ အောက်ခြေမှတ်ချက်အရ အထူးရည်ရွယ်ချက်အတွက် သီးသန့်ဖယ်ထားတယ်။ လူတွေနဲ့ ကမ္ဘာမြေအတွက် ရည်ရွယ်ချက် ပြည့်စုံလာဖို့ သီးသန့်ဖယ်ထားတာ။ ဒါကြောင့် သတ္တမနေ့အကုန်မှာ ရည်ရွယ်ချက် ပြည့်စုံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

၁၅။ လူတွေအတွက် ဘုရားရည်ရွယ်ချက်ကို စာတန် ဖျက်လိုက်နိုင်ပုံ ဘာကြောင့် ပေါက်သလဲ။

၁၅ အာဒံ၊ ဧဝ ပုန်ကန်တော့ အပြစ်သားတွေ ဖြစ်သွားကြတယ်။ အပြစ်နဲ့ သေခြင်းကို သားစဉ်မြေးဆက်တွေ အမွေရသွားကြတယ်။ (ရော. ၅:၁၂) စုံလင်ပြီး နာခံမှု ရှိတဲ့ လူတွေ ကမ္ဘာမြေမှာ ပြည့်နေဖို့ဆိုတဲ့ ဘုရားရည်ရွယ်ချက်ကို စာတန် ဖျက်လိုက်နိုင်ပုံပဲ။ “ဩမေဃ” လို့ ယေဟောဝါ ဘယ်တော့မှ မပြောနိုင်အောင် လုပ်လိုက်နိုင်ပုံပဲ။ ယေဟောဝါ ရွေးစရာ လမ်း မရှိတော့ဘူးလို့ စာတန် ထင်မိနိုင်တယ်။ လူတွေအတွက် ရည်ရွယ်ချက် ပြည့်စုံစေဖို့ဆိုရင် အာဒံနဲ့ ဧဝကို ဖျက်ဆီး၊ စုံလင်တဲ့ မောင်နှံတစ်စုံ ထပ်ဖန်ဆင်းမှပဲ ရတော့မယ်ပေါ့။ အဲဒီလိုသာဆိုရင် ဘုရား မုသား သုံးတယ်လို့ စာတန် ပြောတော့မှာ။ ဘာကြောင့်လဲ။ ကမ္ဘာဦး ၁:၂၈ အရ ယေဟောဝါ ကတိပေးထားတာက အာဒံ၊ ဧဝရဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာမြေမှာ ပြည့်စေဖို့ ဖြစ်လို့ပဲ။

၁၆။ ယေဟောဝါကို အရှုံးသမားဆိုပြီး ပြောနိုင်ပြီလို့ စာတန် ဘာကြောင့် ထင်မိနိုင်သလဲ။

၁၆ ဘုရား ဘယ်လမ်း ရွေးမယ်လို့ စာတန် ထင်နိုင်သေးသလဲ။ အာဒံနဲ့ ဧဝ သားသမီး မွေးပါလေ့စေ၊ ဘယ်တော့မှ စုံလင်မလာကြရင်လည်း နေပါစေတော့ဆိုပြီး ဘုရား ခွင့်ပြုရတော့မယ်လို့ ထင်နေနိုင်တယ်။ (ဒေ. ၇:၂၀။ ရော. ၃:၂၃) အဲဒီလိုသာဆိုရင် ဘုရားကို အရှုံးသမားလို့ စာတန် ပြောတော့မှာ။ ဘာကြောင့်လဲ။ အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ပရဒိသု ကမ္ဘာမြေမှာ ပြည့်နေဖို့ဆိုတဲ့ ဘုရားရည်ရွယ်ချက် ပြည့်စုံတော့မှာ မဟုတ်လို့ပဲ။

၁၇။ စာတန်နဲ့ ပထမ လူသား မောင်နှံရဲ့ ပုန်ကန်မှုကို ယေဟောဝါ ဘယ်လို ဖြေရှင်းသလဲ။ ဘာတွေ ဖြစ်မြောက်လာမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ စာတန်နဲ့ ပထမ လူသား မောင်နှံရဲ့ ပုန်ကန်မှုကို ယေဟောဝါ ဖြေရှင်းပုံကြောင့် စာတန် ငုတ်တုတ်မေ့သွားမှာပဲ။ (ဆာ. ၉၂:၅) အာဒံနဲ့ ဧဝ သားသမီး မွေးဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ မုသား မသုံးဘူး၊ ကတိတည်တယ်ဆိုတာ ပြလိုက်တာပဲ။ အာဒံ၊ ဧဝရဲ့ နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေကို ကယ်ဖို့ “မျိုးနွယ်” ပေါ်လာစေခြင်းအားဖြင့် ရည်ရွယ်ချက် မပြည့်ပြည့်အောင် စီစဉ်တယ်။ အရှုံးသမား မဟုတ်ဘူး၊ အောင်နိုင်သူဆိုတာ ပြလိုက်တာပဲ။ (က. ၃:၁၅။ ၂၂:၁၈) ဒီလိုမျိုး ရွေးဖိုး အစီအစဉ် ရှိလာမယ်လို့ စာတန် စဉ်းတောင် စဉ်းစားမိမှာ မဟုတ်ဘူး။ ရွေးဖိုး အစီအစဉ်ဟာ ကိုယ်ကျိုးမဖက်တဲ့ မေတ္တာကို အခြေခံပြီး ဒီလိုမေတ္တာဟာ စာတန်မှာ လုံးဝ မရှိတဲ့ အရည်အသွေး ဖြစ်လို့ပဲ။ (မ. ၂၀:၂၈။ ယော. ၃:၁၆) ရွေးဖိုး အစီအစဉ်ကြောင့် ဘာတွေ ဖြစ်မြောက်လာမလဲ။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအကုန်မှာ အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ပရဒိသု ကမ္ဘာမြေမှာ နေကြမယ်။ ယေဟောဝါ မူလ ရည်ရွယ်ထားသလိုပေါ့။ အဲဒီအချိန်ဟာ “ဩမေဃ” လို့ ပြောမယ့်အချိန်ပဲ။

ပရဒိသု ကတိကို ပိုယုံကြည်စိတ်ချလာနိုင်ပုံ

၁၈။ ဘယ်အာမခံချက် သုံးခု ဘုရား ပေးသလဲ။ (“ယေဟောဝါရဲ့ ကတိကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်း သုံးခု” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၈ ကမ္ဘာမြေ ပရဒိသု ဖြစ်လာမယ်ဆိုတာ မယုံသူတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ ဘယ်အာမခံချက်တွေ ပြောပြလို့ ရသလဲ။ ပထမ၊ ယေဟောဝါကိုယ်တိုင် ကတိပေးတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ ပြောတယ်။” ကတိ ပြည့်စုံစေဖို့ ဉာဏ်ပညာ၊ တန်ခိုး၊ ဆန္ဒ ဘုရားမှာ ရှိတယ်။ ဒုတိယ၊ သေချာလွန်းလို့ ယေဟောဝါအမြင်မှာ ပြည့်စုံပြီးသလိုတောင် ဖြစ်နေပြီ။ ဒါကြောင့်လည်း “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကားအတိုင်း ဖြစ်နေပြီ” လို့ ပြောတာ။ တတိယ၊ ယေဟောဝါ တစ်ခုခု စပြီဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ်မယ်။ ဒါကြောင့်လည်း “ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတာ။ စာတန်သာ မုသာကောင်၊ အရှုံးသမား ဖြစ်ကြောင်း ယေဟောဝါ သက်သေပြလိမ့်မယ်။

ယေဟောဝါရဲ့ ကတိကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်း သုံးခု

ရောင်ခြည် ဖြာထွက်နေတဲ့ ပလ္လင်က ယေဟောဝါကို ကိုယ်စားပြု။
  • “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ ပြောတယ်။”—ဗျာ. ၂၁:၅

သားရေ ပုရပိုက်မှာ တမန်တော် ယောဟန် စာရေးနေ။
  • “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကား ဖြစ်တဲ့အတွက် ရေးမှတ်ထားပါ။ . . . အဲဒီစကားအတိုင်း ဖြစ်နေပြီ။” —ဗျာ. ၂၁:၅၊ ၆

ဂရိ အက္ခရာ အာလဖနဲ့ ဩမေဃ။
  • “ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်။”—ဗျာ. ၂၁:၆

၁၉။ ပရဒိသု ကတိ မယုံသူတွေနဲ့ တွေ့ရင် ဘာလုပ်မလဲ။

၁၉ အမှုဆောင်မှာ တွေ့တဲ့သူတွေကို ဘုရားရဲ့ အာမခံချက်တွေ ပြောပြတာဟာ ဘုရားကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။ နောက်တစ်ခါ ဗျာဒိတ် ၂၁:၄ မှာ ပါတဲ့ စိတ်ချမ်းသာစရာ ပရဒိသု ကတိ ဖတ်ပြလို့ “ကောင်းလွန်းနေတယ်။ ဟုတ်ကော ဟုတ်ပါ့မလား” ဆိုပြီး တစ်ယောက်ယောက် ပြောလာရင် ဘာလုပ်မလဲ။ အခန်းငယ် ၅ နဲ့ ၆ ကို ဖတ်ပြီး ရှင်းပြလိုက်ပါ။ ယေဟောဝါကိုယ်တိုင် ကျိန်ဆိုလက်မှတ်ထိုးထားသလို အာမခံထားတာကို ပြလိုက်ပါ။—ဟေရှာ. ၆၅:၁၆။

သင် ဘယ်လို ဖြေမလဲ

  • ပရဒိသု ကတိကို ယေဟောဝါကိုယ်တိုင် ပေးတာ ဘာကြောင့် အားရှိစရာ ကောင်းသလဲ။

  • ကတိ ပြည့်စုံလာမယ်ဆိုတာ အာမခံတဲ့အနေနဲ့ ဘုရား ဘာတွေ ပြောသလဲ။

  • ဘုရားကတိကို ဘယ်လိုနည်းနဲ့ ပိုယုံကြည်စိတ်ချလာနိုင်မလဲ။

သီချင်း ၁၄၅ ဘုရားကတိတော် ပရဒိသု

a ပရဒိသု ကတိ ပြည့်စုံလာမယ်ဆိုတာ ယေဟောဝါ ဘယ်လို အာမခံကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ တခြားသူတွေကို ဒီအာမခံချက် ပြောပြတာဟာ ဘုရားကတိတွေကို ကိုယ်တိုင် ပိုယုံကြည်စိတ်ချလာအောင် လုပ်နေတာပဲ။

b ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ! စာအုပ် စာ. ၃၀၃-၃၀၄၊ ပိုဒ်. ၈-၉ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ