ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၆/၁ စာ. ၉-၁၄
  • မြွေ၏အမျိုးအနွယ်—မည်သို့ထုတ်ဖော်ခံရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြွေ၏အမျိုးအနွယ်—မည်သို့ထုတ်ဖော်ခံရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရောဖက်ပြုချက်၏ဆိုလိုရင်းအဓိပ္ပာယ်
  • ‘သင်နှင့်မိန်းမကြားရန်ငြိုး’
  • ဘုရားသခင့်မိန်းမ၏ မျိုးနွယ်တော်အပေါ် ရန်လိုမုန်းတီးမှု
  • မြွေ၏မျိုးနွယ်ကို မျက်မှောက်ခေတ်ဖော်ထုတ်ချက်
  • သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • သမ္မာကျမ်းစာ၏ ခေါင်းစဉ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ပရောဖက် အပေါင်းတို့ သက်သေခံကြသော အရှင်
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၆/၁ စာ. ၉-၁၄

မြွေ၏အမျိုးအနွယ်—မည်သို့ထုတ်ဖော်ခံရ

“သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။” —ကမ္ဘာဦး ၃:၁၅။

၁။ (က) ယေဟောဝါသည် အဘယ်ကြောင့်ပျော်ရွှင်သောဘုရားဖြစ်တော်မူသနည်း။ (ခ) ကိုယ်တော်၏ရွှင်လန်းမှုကို ကျွန်ုပ်တို့အားဝေမျှပေးနိုင်ရန် အဘယ်အရာကို စီမံထားတော်မူသနည်း။

ယဟောဝါသည် ပျော်ရွှင်သောဘုရားသခင်ဖြစ်ပြီး ကျိုးကြောင်းဆင်ခြင်မှုကောင်းရှိသည့် အရှင်လည်းဖြစ်သည်။ ကိုယ်တော်သည် ကောင်းမြတ်သောအရာများကို အကြီးမားဆုံးနှင့် ဦးဆုံးပေးသနားတော်မူရှင်ဖြစ်ပြီး ကိုယ်တော်၏ရည်ရွယ်ချက်မပြည့်စုံအောင် ဟန့်တားနိုင်သည့်အရာတစ်စုံတစ်ခုမျှမရှိ။ (ဟေရှာယ ၅၅:၁၀၊ ၁၁; ၁ တိမောသေ ၁:၁၁; ယာကုပ် ၁:၁၇) ကိုယ်တော်သည် မိမိ၏ရွှင်လန်းမှုကို မိမိ၏ကျေးကျွန်များအား ဝေမျှပေးလိုပြီး ဤသို့ရွှင်လန်းမှုကိုရရန် သူတို့အတွက် ခိုင်လုံတိကျသောအကြောင်းရင်းများကို စီမံပေးသည်။ သို့ဖြစ်၍ လူ့သမိုင်းတွင်အမှောင်မိုက်ဆုံးကာလတစ်ခုဖြစ်သော ဧဒင်တွင်ပုန်ကန်မှုဖြစ်ပွားသည့် အချိန်တွင် ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်ဖြင့်အနာဂတ်ကိုရှုမျှော်ရန် အခြေအမြစ်ကို စီမံပေးခဲ့သည်။—ရောမ ၈:၁၉-၂၁။

၂။ ဧဒင်တွင် သူပုန်များကို စီရင်ချက်ချမှတ်သောအခါ အာဒံနှင့်ဧဝတို့၏သားစဉ်မြေးဆက်များအတွက် မျှော်လင့်ချက်အခြေအမြစ်တစ်ခုကို မည်သို့စီမံပေးခဲ့သနည်း။

၂ ယေဟောဝါ၏နာမ်ဝိညာဉ်သားတစ်ပါးသည် ဘုရားသခင်ကို အန်တုကာ ရှုတ်ချဂုဏ်ဖျက်ခြင်းအားဖြင့် မိမိကိုယ်ကို စာတန်မာရ်နတ်ဖြစ်စေခဲ့သည်။ ပထမလူသားများဖြစ်သော ဧဝ၊ ထို့နောက်တွင် အာဒံသည် သူ၏သြဇာလွှမ်းမိုးမှုအောက်ကျရောက်ခဲ့ပြီး ယေဟောဝါအတိအလင်းပြဋ္ဌာန်းထားသည့် ပညတ်ကို ချိုးဖောက်ခဲ့ကြသည်။ သူတို့သည် တရားသဖြင့်သေဒဏ်စီရင်ချက်ချခံခဲ့ရသည်။ (ကမ္ဘာဦး ၃:၁-၂၄) သို့တိုင် ဤသူပုန်များအပေါ် တရားစီရင်ချက်ချသောအခါ ယေဟောဝါရှင်သည် အာဒံနှင့်ဧဝတို့၏သားစဉ်မြေးဆက်များအတွက် မျှော်လင့်ချက်အခြေအမြစ်ကို စီမံပေးခဲ့သည်။ မည်သို့အားဖြင့်နည်း။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါဤသို့မိန့်တော်မူခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” ထိုပရောဖက်ပြုချက်သည် ကျမ်းစာတစ်အုပ်လုံးကိုနားလည်ရန်သာမက လောကနှင့် ဘုရားသခင့်ကျေးကျွန်များပါ ပါဝင်ပတ်သက်သည့် အတိတ်နှင့်လက်ရှိအဖြစ်သနစ်များကိုပင် နားလည်ရန်သော့ချက်ဖြစ်သည်။

ပရောဖက်ပြုချက်၏ဆိုလိုရင်းအဓိပ္ပာယ်

၃။ ကမ္ဘာဦး ၃:၁၅ တွင်ရည်ညွှန်းထားချက်အရ (က) မြွေ၊ (ခ) “မိန်းမ၊” (ဂ) မြွေ၏ “မျိုးနွယ်၊” (ဃ) မိန်းမ၏ “မျိုးနွယ်” တို့သည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြပါ။

၃ ယင်း၏အဓိပ္ပာယ်ကို ကောင်းကောင်းသဘောပေါက်ရန် ဤပရောဖက်ပြုချက်ကိုယ်နှိုက်၏ မြောက်မြားလှသောအစိတ်အပိုင်းများကို သုံးသပ်ကြည့်ကြစို့။ ကမ္ဘာဦး ၃:၁၅ ၌ ဖော်ပြခြင်းခံရသည့်သူတစ်ဦးမှာ မြွေဖြစ်ပြီး—နိမ့်ကျသည့်မြွေမဟုတ်ဘဲ ယင်းမြွေကိုအသုံးပြုသူဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) “မိန်းမ” သည် ဧဝမဟုတ်ဘဲ မြေကြီးပေါ်ရှိ ကိုယ်တော်၏ ဝိညာဉ်တော်ဘိသိက်ခံကျေးကျွန်များ၏ အမိဖြစ်သော ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်း ဖြစ်သည်။ (ဂလာတိ ၄:၂၆) မြွေ၏ “အမျိုးအနွယ်” ဟူသည် စာတန့်အမျိုးအနွယ်ဖြစ်ပြီး သူ၏အဆွယ်အပွားများ—စာတန်၏စရိုက်ထင်ရှားကာ မိန်းမ၏ “မျိုးနွယ်” ကို ရန်ငြိုးထားသည့် နတ်ဆိုးများ၊ လူသားများအပြင် လူ့အဖွဲ့အစည်းများဖြစ်သည်။ (ယောဟန် ၁၅:၁၉; ၁၇:၁၅) မိန်းမ၏ “အမျိုးအနွယ်” မှာ အဓိကအားဖြင့် ယေရှုခရစ်ဖြစ်ပြီး စီ.အီး. ၂၉ ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံရသည့်ပုဂ္ဂိုလ်ဖြစ်သည်။ ၁၄၄,၀၀၀ တို့သည် ‘ရေနှင့်ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးဖွားခြင်း’ ခံရပြီး ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်၏ နန်းမွေခံများဖြစ်ကြကာ ကတိထားရာဤမျိုးနွယ်တော်၏ ဒုတိယတန်းစားအဝင်များဖြစ်သည်။ ၎င်းတို့သည် စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် မိန်းမ၏မျိုးနွယ်၌ စ၍ဖြည့်စွက်ခံရကြသည်။—ယောဟန် ၃:၃၊ ၅; ဂလာတိ ၃:၁၆၊ ၂၉။

၄။ ကမ္ဘာဦး ၃:၁၅ သည် အပြစ်နှင့်သေခြင်းမှလွတ်ကင်းသည့် လူသားများနှင့်ပြည့်နေသော ကမ္ဘာ့ပရဒိသုဖြစ်လာခြင်းနှင့် မည်သို့ဆက်နွှယ်သနည်း။

၄ ဧဒင်ရှိပကတိမြွေသည် ပရဒိသုဆုံးရှုံးသည့်အဖြစ်သို့ရောက်စေရန် လူသားများကို လှည့်ဖြားသူတစ်ဦး၏ စကားပြောကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်းခံခဲ့ရသည်။ ကမ္ဘာဦး ၃:၁၅ က ဤမြွေအားဉာဏ်ဆင်အသုံးပြုခဲ့သူကို ချေမှုန်းပစ်မည့် အနာဂတ်အချိန်အခါကို ညွှန်ပြသည်။ ဤနောက်၌ ဘုရားသခင့်လူသားကျေးကျွန်များအတွက် အပြစ်နှင့်သေခြင်းတို့မှလွတ်ကင်းသည့် ပရဒိသုတွင် အခြေချရန် တစ်ဖန်လမ်းပွင့်လာမည်။ ယင်းသည် မည်မျှရွှင်လန်းဖွယ်ကောင်းသော အခါသမယဖြစ်မည်တကား!—ဗျာဒိတ် ၂၀:၁-၃; ၂၁:၁-၅။

၅။ အဘယ်စရိုက်များသည် မာရ်နတ်၏ ဝိညာဏသားစဉ်မြေးဆက်များကို အထင်းသားဖော်ပြသနည်း။

၅ ဧဒင်တွင် ပုန်ကန်မှုပြီးနောက် စာတန်မာရ်နတ်ကဲ့သို့ပင်—ယေဟောဝါ၏အလိုတော်နှင့် ယေဟောဝါအား ဝတ်ပြုနေသူများကို ဆန့်ကျင်မှုနှင့်တစ်ပါတည်းပါလာသည့် ပုန်ကန်မှု၊ လိမ်ညာမှု၊ ရှုတ်ချဂုဏ်ဖျက်မှုနှင့် လူသတ်မှုတို့ကို ထင်ရှားပြသသည့်စရိုက်တို့သည် လူများနှင့်အဖွဲ့အစည်းများ၌ စတင်ပေါ်ပေါက်လာသည်။ ဤစရိုက်များက မာရ်နတ်၏ သားစဉ်မြေးဆက်ဖြစ်သော ဝိညာဏသားသမီးများကိုမှတ်သားဖော်ပြသည်။ သူတို့အထဲတွင် ကာဣန၏ဝတ်ပြုပုံအစား အာဗေလ၏ဝတ်ပြုပုံကို ယေဟောဝါနှစ်သက်သောအခါ အာဗေလကိုသတ်ခဲ့သူ ကာဣနပါဝင်သည်။ (၁ ယောဟန် ၃:၁၀-၁၂) သူ၏အမည်ကိုယ်နှိုက်က သူ့ကိုပုန်ကန်သူတစ်ဦးအဖြစ် ကင်ပွန်းတပ်ထားသော နိမ်ရောဒသည် အားကြီးသောမုဆိုးနှင့် ယေဟောဝါကို အန်တုမင်းပြုသူဖြစ်လာခဲ့သည်။ (ကမ္ဘာဦး ၁၀:၉) ထို့အပြင် ဗာဗုလုန်အပါအဝင် မှားယွင်းမှုများပေါ်တွင် တည်ဆောက်ထားသည့် နိုင်ငံ့ကိုယ်စားပြု ဘာသာတရားများနှင့်အတူ ရှေးနိုင်ငံများ၏အရိုက်အရာကိုဆက်ခံမှု တစ်ခုရှိခဲ့သည်။ ထိုဆက်ခံသောတိုင်းနိုင်ငံတို့သည် ယေဟောဝါရှင်အားဝတ်ပြုသူများကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခဲ့ကြသည်။—ယေရမိ ၅၀:၂၉။

‘သင်နှင့်မိန်းမကြားရန်ငြိုး’

၆။ စာတန်သည် ယေဟောဝါ၏မိန်းမအပေါ်တွင် ရန်ငြိုးထားကြောင်း အဘယ်နည်းများဖြင့် ပြသခဲ့သနည်း။

၆ ဤကာလတစ်လျှောက်လုံး မြွေနှင့် ယေဟောဝါ၏မိန်းမစပ်ကြားဖြစ်သည့် စာတန်မာရ်နတ်နှင့် ယေဟောဝါ၏သစ္စာရှိကောင်းကင်သတ္တဝါများကြားတွင် ရန်ငြိုးရှိခဲ့သည်။ ယေဟောဝါရှင်ကို ကဲ့ရဲ့ပြစ်တင်ပြီး ယေဟောဝါ၏ကောင်းကင်အဖွဲ့အစည်းကို ဖရိုဖရဲပြိုကွဲသွားစေရန် အားထုတ်ကာ ကောင်းကင်တမန်များအား မိမိတို့၏သင့်တော်သောစံစားရာ အခွင့်အရာများကို စွန့်လွှတ်ရန် မြူဆွယ်ခြင်းအားဖြင့် စာတန်၏ရန်ငြိုးကို ဖော်ပြသည်။ (သု. ၂၇:၁၁; ယုဒ ၆) ယေဟောဝါရှင် စေလွှတ်လိုက်သည့် ကောင်းကင်တမန်များဖြစ်သည့် သတင်းသယ်ဆောင်သူများကို ကြိုးစားပြီးဟန့်တားနှောင့်ယှက်ရန် မိမိ၏နတ်ဆိုးများကို စာတန်အသုံးပြုသောအခါ ယင်းသည်ထင်ရှားသည်။ (ဒံယေလ ၁၀:၁၃၊ ၁၄၊ ၂၀၊ ၂၁) ယင်းသည် မေရှိယနိုင်ငံတော်ဖွားမြင်ခြင်းကို စာတန် မရမကဖျက်ဆီးသည့် ဤ ၂၀ ရာစုနှစ်တွင် သာဓကအထူးထင်ရှားသည်။—ဗျာဒိတ် ၁၂:၁-၄။

၇။ ယေဟောဝါ၏သစ္စာရှိကောင်းကင်တမန်များသည် ပုံဆောင်မြွေအပေါ် အဘယ်ကြောင့်ရန်ငြိုးထားသနည်း၊ သို့တိုင် သူတို့သည် အဘယ်ချုပ်တည်းမှုကို တင်ပြခဲ့ကြသနည်း။

၇ ယေဟောဝါရှင်၏မိန်းမဖြစ်သော သစ္စာရှိကောင်းကင်တမန်အဖွဲ့ဝင်များနှင့် ပုံဆောင်မြွေတို့နှင့်ပတ်သက်၍လည်း ရန်ငြိုးရှိခဲ့သည်။ စာတန်သည် ဘုရားသခင်၏နာမည်ကောင်းကို ရှုတ်ချဂုဏ်ဖျက်ခဲ့သည်; စာတန်သည် ရှိရှိသမျှသောကောင်းကင်တမန်များအပါအဝင် ဘုရားသခင့်အသိဉာဏ်ရှိသတ္တဝါအားလုံး၏ သမာဓိစောင့်သိမှုကို စောဒကတက်စိန်ခေါ်ခဲ့သည်။ ဘုရားသခင်ထံ သူတို့၏သစ္စာရှိမှုကို ဖြိုဖျက်ရန် စာတန် အင်တိုက်အားတိုက်ကြိုးစားနေသည်။ (ဗျာဒိတ် ၁၂:၄က) သစ္စာရှိသောကောင်းကင်တမန်များ၊ ခေရုဗိမ်များနှင့် သရပ်များက မိမိကိုယ်ကိုစာတန်မာရ်နတ်ဖြစ်စေခဲ့သူအား ရွံရှာရုံမှလွဲ၍ အခြားဘာမျှမလုပ်နိုင်ပါ။ သို့တိုင် သူတို့သည် မိမိသတ်မှတ်ထားသည့် အချိန်နှင့်နည်းလမ်းဖြင့် ကိစ္စရပ်များကို ကိုင်တွယ်မည့် ယေဟောဝါရှင်ကို စောင့်ဆိုင်းခဲ့ကြသည်။—ယုဒ ၉ နှိုင်းယှဉ်။

ဘုရားသခင့်မိန်းမ၏ မျိုးနွယ်တော်အပေါ် ရန်လိုမုန်းတီးမှု

၈။ စာတန်သည် မည်သူ့ကို ကြည့်ရှုနေသနည်း။

၈ တစ်ချိန်တည်းမှာပင် မြွေ၏ခေါင်းကိုကြိတ်မည်ဟု ယေဟောဝါမိန့်တော်မူသောသူတစ်ဦးဖြစ်သော တင်ကူးပြောထားသည့် မိန်းမ၏မျိုးနွယ်ကို စာတန်သည် မျက်ခြည်မပြတ်ကြည့်ရှုနေသည်။ “သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်” မှာ ဗက်လင်မြို့တွင် မွေးဖွားပြီဖြစ်သည့် ယေရှုအကြောင်း ကောင်းကင်တမန်များက ကြေညာသောအခါ ဤသူသည်တင်ကူးပြောထားသည့် မိန်းမ၏မျိုးနွယ်ဖြစ်လာမည့်သူဖြစ်ကြောင်း ခိုင်မာသောအတည်ပြုချက်ဖြစ်ခဲ့သည်။—လုကာ ၂:၁၀၊ ၁၁။

၉။ ယေရှုမွေးဖွားပြီးနောက် ဆိုးညစ်သည့်ရန်ငြိုးကို စာတန်မည်သို့ အထင်အရှားပြခဲ့သနည်း။

၉ မကြာမီပင် စာတန်၏ဆိုးရွားသောရန်ငြိုးကိုပြသခဲ့သည်၊ တိတ္ထိနက္ခတ်ဗေဒင်ပညာရှင်များကို ဦးစွာယေရုရှလင်ရှိဟေရုဒ်မင်းထံသို့၊ ထို့နောက် ငယ်ရွယ်သောယေရှုနှင့်သူ၏မိခင်မာရိတို့ရှိရာ ဗက်လင်မြို့ရှိအိမ်သို့ ရောက်စေသော ခရီးစဉ်တစ်ခုကို နှင်ရန် သွေးဆောင်ခဲ့သောအခါဖြစ်သည်။ ထို့နောက် များမကြာမီပင်၊ ဟေရုဒ်ဘုရင်သည် ဗက်လင်နှင့်အနီးအနားရှိ နှစ်နှစ်နှင့်အောက် ယောက်ျားငယ်လေးမှန်သမျှကို သတ်ပစ်ရန်အမိန့်ထုတ်ခဲ့သည်။ ဤတွင် ဟေရုဒ်သည် မျိုးနွယ်တော်ကို စာတန်ကဲ့သို့သောမုန်းတီးမှု တင်ပြခဲ့သည်။ မိမိသည် မေရှိယဖြစ်မည့်သူတစ်ဦး၏အသက်ကို ချွေပစ်ရန်ကြိုးစားနေကြောင်း ဟေရုဒ်ကောင်းကောင်းသိသည်။ (မဿဲ ၂:၁-၆၊ ၁၆) ဟေရုဒ်မင်းသည် လက်မရွံ့သော၊ စဉ်းလဲဉာဏ်ထူသော၊ လူသတ်လိုစိတ်ပြင်းပြသောသူတစ်ဦးဖြစ်ကြောင်း သမိုင်းကသက်သေအထင်အရှားတင်ပြရာ သူသည်အမှန်ပင် မြွေ၏မျိုးနွယ်ထဲမှတစ်ဦးဖြစ်သည်။

၁၀။ (က) ယေရှုနှစ်ခြင်းခံပြီးနောက် စာတန်သည် ကတိထားတော်မူသောမျိုးနွယ်တော်နှင့် ပတ်သက်သည့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကိုယ်တိုင်မည်သို့ကြိုးစားခဲ့သနည်း။ (ခ) စာတန်သည် မိမိ၏ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတွင် ဂျူးဘာသာရေးခေါင်းဆောင်များကို မည်သို့အသုံးပြုခဲ့သနည်း။

၁၀ ယေရှုသည် စီ.အီး. ၂၉ ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းခံခဲ့ရပြီး ယေဟောဝါရှင်က ယေရှုအား ကောင်းကင်မှနေ၍ မိမိ၏သားတော်အဖြစ် အသိအမှတ်ပြုမိန့်တော်မူခဲ့ပြီးနောက်ပိုင်း သွေးဆောင်မှုအောက်တွင် ယေရှုလက်လျှော့အရှုံးပေးရန် စာတန်ကိုယ်တိုင် အလီလီကြိုးစားခြင်းအားဖြင့် ကိုယ်တော့်သားတော်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားသည်။ (မဿဲ ၄:၁-၁၀) ယင်းတွင် ရှုံးနိမ့်သွားရာ စာတန်သည် မိမိ၏ရည်ရွယ်ချက်များ အထမြောက်ဖို့ လူသားကိုယ်စားလှယ်များကို ထပ်မံအသုံးပြုခြင်းသို့ဦးလှည့်လာပြန်သည်။ ယေရှုကိုကြိုးစား၍ အသရေဖျက်လေ့ရှိသူများထဲတွင် အရေခြုံဘာသာရေးခေါင်းဆောင်များ ပါဝင်ကြသည်။ သူတို့သည် စာတန်ကိုယ်တိုင်အသုံးပြုသည့် နည်းပရိယာယ်များဖြစ်သည့် လိမ်လည်မှုများနှင့် ရှုတ်ချဂုဏ်ဖျက်မှုတို့ကို အသုံးပြုခဲ့ကြသည်။ ယေရှုသည် လေဖြတ်ဝေဒနာရှင်တစ်ဦးကို “မစိုးရိမ်နှင့်။ သင်၏အပြစ်ကိုလွတ်စေပြီ” ဟုမိန့်တော်မူသောအခါ ကျမ်းတတ်များသည် ဤသူအမှန်တကယ်ပျောက်မပျောက်ကို တွေ့မြင်ရန် မစောင့်ဆိုင်းဘဲ ယေရှုသည် ဘုရားသခင်ကိုရှုတ်ချသူဖြစ်ကြောင်း စီရင်သတ်မှတ်ခဲ့ကြသည်။ (မဿဲ ၉:၂-၇) ယေရှုသည် ဥပုသ်နေ့တွင် လူများကိုကုသပေးသောအခါ ဖာရိရှဲတို့က ကိုယ်တော်သည် ဥပုသ်ပညတ်ကို ချိုးဖျက်သူတစ်ဦးဖြစ်ကြောင်း စွပ်စွဲကြေညာပြီး ကိုယ်တော်ကို သတ်ဖြတ်ရန် စိုင်းပြင်းကြသည်။ (မဿဲ ၁၂:၉-၁၄; ယောဟန် ၅:၁-၁၈) ယေရှုသည် နတ်ဆိုးများကို နှင်ထုတ်ပစ်သောအခါ ဖာရိရှဲများက ကိုယ်တော်သည် “နတ်ဆိုးမင်းဗေလဇေဗုလ” နှင့်မိတ်ဖွဲ့ထားသည်ဟု စွပ်စွဲကြသည်။ (မဿဲ ၁၂:၂၂-၂၄) လာဇရုသေရာမှ ပြန်ရှင်လာပြီးနောက် လူများစွာတို့သည် ယေရှုကိုယုံကြည်ခဲ့ကြသော်လည်း ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့မူ ကိုယ်တော်ကိုသတ်ရန် တစ်ဖန်စိုင်းပြင်းကြပြန်သည်။—ယောဟန် ၁၁:၄၇-၅၃။

၁၁။ ယေရှုမသေဆုံးမီ သုံးရက်အလိုတွင် မည်သူများသည် မြွေ၏မျိုးနွယ်အဝင်များအဖြစ် ကိုယ်တော် ခွဲခြားဖော်ပြတော်မူခဲ့သနည်း။ အဘယ်ကြောင့်နည်း။

၁၁ စီ.အီး. ၃၃၊ နိသန်လ ၁၁ ရက်နေ့တွင် သူတို့ကြံစည်နေကြသည့်အရာကို ကောင်းကောင်းသိလျက်နှင့် ယေရှုသည် မကြောက်မရွံ့ဘဲ ယေရုရှလင်မြို့ရှိဗိမာန်တော်ဝင်းအတွင်းသို့ တန်းတန်းမတ်မတ်ဝင်ရောက်ကာ သူတို့အပေါ်ကျရောက်မည့် တရားစီရင်ချက်များကို လူသိရှင်ကြားကြေညာခဲ့သည်။ အုပ်စုတစ်စုအနေနှင့် ကျမ်းတတ်များနှင့် ဖာရိရှဲများသည် မိမိတို့ မည်သို့သောလူစားမျိုးဖြစ်ကြောင်း အစဉ်တစိုက်ပြသခဲ့ကြသည်; ထို့ကြောင့် ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်းဆီးတားကြ၏။” ယေရှုက သူတို့သည် မြွေ၏မျိုးနွယ်အစိတ်အပိုင်းအဝင်ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြေညာမောင်းခတ်၍ ဤသို့မိန့်ဆိုသည်– “မြွေဆိုးအမျိုးတို့ သင်တို့သည်အပြစ်ငရဲ [“ဂေဟင်နာ၊” ကဘ] မှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။” (မဿဲ ၂၃:၁၃၊ ၃၃) ကိုယ်တော်၏အသုံးအနှုန်းက ကမ္ဘာဦး ၃:၁၅ ပါပရောဖက်ပြုချက်ကို ပြန်လည်ထင်ဟပ်သည်။

၁၂၊ ၁၃။ (က) ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် မိမိတို့၏ဝိညာဏဖခင်မည်သူဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့်အထောက်အထားကို မည်သို့ပြခဲ့ကြသနည်း။ (ခ) မည်သူသည် သူတို့ကို ဆက်သွယ်ခဲ့သနည်း။ (ဂ) ကမ္ဘာဦး ၃:၁၅ ၏ပြည့်စုံချက်တွင် မိန်းမ၏မျိုးနွယ်သည် ဖနောင့်တွင် မည်သို့အကြိတ်ခံခဲ့ရသနည်း။

၁၂ ယေရှု၏စကားများကို ကြားသောအခါ သူတို့သည် ဘုရားသခင်ထံတော်မှ ကရုဏာတော်ရရှိရန် ခယတောင်းခံကြသည့်အထိ နှလုံးကြေကွဲသွားပါသလော။ သူတို့သည် မိမိတို့၏မိုက်မဲဆိုးသွမ်းမှုများအတွက် နောင်တရခဲ့ပါသလော။ မရခဲ့ပါလေ! နောက်တစ်နေ့ ယဇ်ပုရောဟိတ်မင်းကြီး၏အိမ်ဝင်းအတွင်း အစည်းအဝေးတစ်ခု၌ “ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ကိုယ်တော် [“ယေရှု၊” ကဘ] ကိုအဘယ်သို့ပရိယာယ်အားဖြင့် ဖမ်းဆီး၍သတ်ရအံ့နည်းဟု ရှာကြံကြ၏” ဟူ၍ မာကု ၁၄:၁ တွင်မှတ်တမ်းတင်ထားသည်။ သူတို့သည် လူ့အသက်သတ်သူအဖြစ် အစောပိုင်းကယေရှုဖော်ပြထားသော စာတန်၏ လူသတ်လိုသည့်စိတ်ဓာတ်ကို ဆက်၍ပြသနေသည်။ (ယောဟန် ၈:၄၄) မကြာမီ စာတန်က အယူဖောက်ပြန်သွားအောင်သွတ်သွင်းပေးခဲ့သူ ယုဒရှကာရုတ်က သူတို့ကိုဆက်သွယ်ခဲ့သည်။ ယုဒသည် အပြစ်ဆိုဖွယ်မရှိသော ဘုရားသခင့်မိန်းမ၏မျိုးနွယ်တော်ကို စွန့်ခွာကာ မြွေ၏မျိုးနွယ်နှင့်ဆက်သွယ်ခဲ့သည်။

၁၃ နိသန်လ ၁၄ ရက်နေ့ နံနက်စောစောတွင် ဂျူးဘာသာရေးတရားရုံးအဖွဲ့ဝင်များသည် ယေရှုကို ရောမဘုရင်ခံထံသို့ အကျဉ်းသားတစ်ယောက်နှယ် ခေါ်ဆောင်သွားသည်။ ယေရှုအားသစ်တိုင်တွင်ရိုက်ထားရန် ဦးဆောင်ဟစ်အော်နေသူများမှာ ယဇ်ပုရောဟိတ်အကြီးများဖြစ်ကြသည်။ ပိလတ်က “သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော” ဟုမေးသောအခါ ယဇ်ပုရောဟိတ်အကြီးတို့၏အဖြေကားဤသို့– “အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ။” (ယောဟန် ၁၉:၆၊ ၁၅) အမှန်ပင် သူတို့သည် မြွေ၏မျိုးနွယ်အဝင်ဖြစ်ကြောင်း အဘယ်နည်းဖြင့်မဆိုသက်သေထူသည်။ သို့သော် သူတို့ချည်းသာ မဟုတ်သည်မှာသေချာသည်။ မဿဲ ၂၇:၂၄၊ ၂၅ ပါမှုတ်သွင်းခံမှတ်တမ်းက ဤအချက်ကိုဖော်ပြသည်– “ပိလတ်မင်းသည် . . . ရေကိုယူ၍လူများရှေ့တွင် မိမိလက်ကိုဆေး” သည်။ ထို့နောက် ထိုလူအပေါင်းတို့က “သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့၏ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေ” ဟုဆိုကြ၏။ သို့ဖြစ်၍ ဤလူမျိုးဆက်ရှိများစွာသောဂျူးများသည် မိမိတို့ကိုယ်ကို မြွေ၏မျိုးနွယ်အဝင်များဖြစ်ကြောင်း ထင်ရှားပြခဲ့သည်။ ထိုနေ့မကုန်မီ ယေရှုသည် အသတ်ခံခဲ့ရသည်။ စာတန်သည် မိမိ၏မျက်မြင်ရမျိုးနွယ်ကို အသုံးပြုကာ ဘုရားသခင့်မိန်းမ၏မျိုးနွယ်တော်ကို ဖနောင့်တွင်ကြိတ်ခဲ့သည်။

၁၄။ မိန်းမ၏မျိုးနွယ် ဖနောင့်တွင် အကြိတ်ခံရခြင်းသည် စာတန်အောင်ပွဲဆင်ခြင်းဟူသည့် အဓိပ္ပာယ်အဘယ်ကြောင့်မဟုတ်သနည်း။

၁၄ စာတန်သည် အောင်နိုင်ခဲ့ပြီလော။ လုံးဝမနိုင်ပါ! ယေရှုခရစ်သည် လောကကိုအောင်နိုင်ခဲ့ပြီး ယင်း၏အုပ်စိုးသူအပေါ် အောင်ပွဲဆင်ခဲ့သည်။ (ယောဟန် ၁၄:၃၀၊ ၃၁; ၁၆:၃၃) ကိုယ်တော်သည်သေသည့်အထိ ယေဟောဝါရှင်အပေါ် သစ္စာတည်ကြည်ခဲ့သည်။ စုံလင်သောလူသားတစ်ယောက်အနေနှင့် ကိုယ်တော်၏သေခြင်းက အာဒံကြောင့် လက်လွက်ဆုံးရှုံးရသည့်အသက်ရှင်ခွင့်ကို ပြန်ဝယ်ယူနိုင်ရန်လိုအပ်သည့် ရွေးနုတ်ဖိုးကိုပေးခဲ့သည်။ ထို့ကြောင့် ကိုယ်တော်သည် ဤပြင်ဆင်ပေးချက်ကို ယုံကြည်မှုရှိမည့်သူများနှင့် ဘုရားသခင့်ပညတ်တော်များကို နာခံမည့်သူများအတွက် ထာဝရအသက်လမ်းကို ဖွင့်လှစ်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ယေဟောဝါရှင်သည် ယေရှုကို သေခြင်းမှ မသေနိုင်သောအသက်တာသို့ ထမြောက်ပေးတော်မူခဲ့သည်။ ယေဟောဝါသတ်မှတ်ထားသောအချိန်တွင် ယေရှုသည် စာတန်ကိုချေမှုန်း ပစ်မည်ဖြစ်သည်။ ကမ္ဘာဦး ၂၂:၁၆-၁၈ တွင် မိမိတို့ကောင်းချီးခံစားရရန် လိုအပ်သောဆောင်ရွက်မှုများကို ပြုကြသည့် မြေကြီးပေါ်ရှိမိသားစုရှိရှိသမျှအပေါ် ယေဟောဝါရှင်သည် ဤသစ္စာစောင့်သိသောမျိုးနွယ်တော်အားဖြင့် မျက်နှာသာကောင်းကျိုး သွန်းဖြိုးပေးမည်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့သည်။

၁၅။ (က) ယေရှုသေပြီးနောက် ကိုယ်တော်၏တမန်တော်များသည် မြွေ၏မျိုးနွယ်ကို မည်သို့ဆက်၍ဖော်ထုတ်ခဲ့ကြသနည်း။ (ခ) မြွေ၏မျိုးနွယ်သည် အဘယ်နောက်ထပ်ရန်လိုမုန်းတီးမှုကို ကျွန်ုပ်တို့အချိန်အထိ တင်ပြခဲ့ပြီနည်း။

၁၅ ယေရှုသေဆုံးပြီးနောက် ဝိညာဉ်တော်ဖွားဘိသိက်ခံခရစ်ယာန်များက မိမိတို့၏အရှင်သခင်လုပ်ဆောင်ခဲ့သကဲ့သို့ မြွေ၏မျိုးနွယ်ကို ဆက်၍ဖော်ထုတ်ခဲ့ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့် တမန်တော်ပေါလုက “စာတန်ပြုပြင်သောအားဖြင့်” ပေါ်လာမည့် “ဒုစရိုက်လူ” အကြောင်းသတိပေးခဲ့သည်။ (၂ သက်သာလောနိတ် ၂:၃-၁၀) ဤစုပေါင်းထားသည့် “လူ” သည် ခရစ်ယာန်ဘောင်ဓမ္မဆရာများဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။ မြွေ၏မျိုးနွယ်သည် ယေရှုခရစ်နောက်တော်လိုက်များကို ရက်စက်ကြမ်းကြုတ်စွာ ဆက်တိုက်ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဗျာဒိတ် ၁၂:၁၇ ပါမှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်တွင် တမန်တော်ယောဟန်က စာတန်သည် ဘုရားသခင့်မိန်းမ၌ကြွင်းသောသူတို့ကို ကျွန်ုပ်တို့အချိန်အထိ ဆက်၍တိုက်ခိုက်မည်ဖြစ်ကြောင်း တင်ကူးပြောခဲ့သည်။ ယင်းသည် အတိအကျဖြစ်ပျက်ခဲ့သည်။ နိုင်ငံအများအပြားတွင် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မှန်သောလမ်းစဉ်အတွက် သူတို့၏အခိုင်အမာရပ်တည်မှုကြောင့် ပိတ်ပင်ခြင်း၊ လူအုပ်နှင့်ရမ်းကားခြင်း၊ ထောင်ချခြင်း သို့မဟုတ် ချွေးတပ်စခန်းများတွင် ဆွဲထည့်ထားခြင်းများ ခံခဲ့ရသည်။

မြွေ၏မျိုးနွယ်ကို မျက်မှောက်ခေတ်ဖော်ထုတ်ချက်

၁၆။ မျက်မှောက်ခေတ်တွင် မြွေ၏မျိုးနွယ်အဝင်များအဖြစ် မည်သူများကို မည်သို့ဖော်ထုတ်ခံရကြပြီနည်း။

၁၆ ယေရှုခရစ်ကိုတုပသောအားဖြင့် ခရစ်ယာန်စစ်များသည် မြွေနှင့် သူ၏မျိုးနွယ်ကို မကြောက်မရွံ့တမ်းဖော်ထုတ်ရာတွင် လက်မနှေးခဲ့ကြပါ။ ၁၉၁၇ ခုနှစ်တွင် ထိုအချိန်က ကျမ်းစာကျောင်းသားများဟူ၍ သိထားကြသည့် ယေဟောဝါသက်သေများသည် ခရစ်ယာန်ဘောင်ဓမ္မဆရာများ၏ အရေခြုံမှုကို အထုပ်ဖြေပြသည့် နက်နဲရာဆုံးခန်းတိုင်ပြီ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းနောက် ၁၉၂၄ ခုနှစ်တွင် စွဲချက်တင်ခံရသည့်ဓမ္မဆရာများ ခေါင်းစဉ်ပါ ပုံနှိပ်ထားသောအဓိဋ္ဌာန်ပြုချက်တစ်ခု ထပ်၍လိုက်ပါလာသည်။ စောင်ရေ သန်းငါးဆယ်ကို နိုင်ငံတကာဖြန့်ချိခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကင်းမျှော်စင်အသင်း၏ ထိုအချိန်ကဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က “ဖော်ထုတ်ခံရ” နှင့် “ဘာသာတရားနှင့် ခရစ်ယာန်အယူဝါဒ” အမည်ရှိ ဟောပြောချက်များဖြင့် မြွေ၏မျိုးနွယ်ကို အားပါပါဖော်ထုတ်ခဲ့သည်။ နောက်တစ်နှစ်တွင် နိုင်ငံပေါင်းများစွာတွင် စည်းဝေးကြီးပေါင်း ၅၀ ၌ ပရိသတ်များ နားထောင်နေကြစဉ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ ရေဒီယိုတယ်လီဖုန်းဖြင့် “အဖြစ်မှန်များကို ရင်ဆိုင်ပါ” ဟောပြောချက်ကို ဟောခဲ့သည်။ တစ်လကြာပြီးနောက် အမေရိကန်ပြည်ထောင်စုရှိ ကျယ်ပြန့်သောရေဒီယိုကွန်ယက်က “ဖက်ဆစ်ဝါဒ သို့မဟုတ် လွတ်လပ်မှု” ဟောပြောချက်ကို ထုတ်လွှင့်ပေးခဲ့သည်။ ယင်းတို့ကို ရန်သူများ နှင့် ဘာသာတရား ကဲ့သို့သောစာအုပ်များနှင့် လှစ်ဟထားသော အမည်ရှိစာအုပ်ငယ်တို့ကလည်း အားပါသောထုတ်ဖော်ချက်များကို ပြည့်စုံအောင်ဖြည့်စွက်ပေးခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှစ်များကထုတ်ဝေခဲ့ဖူးသည့် အချက်များနှင့်အညီ ယခုဘာသာစကားပေါင်း ၆၅ ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်]a စာအုပ်က ယိုယွင်းသောအုပ်စိုးရှင်များနှင့် လောဘကြီးပြီး မရိုးဖြောင့်သော ရောင်းဝယ်ဖောက်ကားသူများသည်လည်း မျက်မြင်ရမြွေအမျိုးအနွယ်မှ ထိပ်တမ်း အဖွဲ့ဝင်များဖြစ်နေကြကြောင်း မှတ်သားဖော်ပြခဲ့သည်။ ခေါင်းဆောင်များသည် မိမိတို့၏လက်အောက်ငယ်သားများကို လမ်းလွဲစေရန် မုသာစကားများကို အသုံးပြုခြင်း၊ သွေး၏အထွတ်အမြတ်ဖြစ်မှုကို လျစ်လျူရှုခြင်း၊ ယေဟောဝါ၏ကျေးကျွန်များကို ဖိနှိပ်ခြင်း (သို့ဖြင့် ဘုရားသခင့်မိန်းမ၏မျိုးနွယ်တော်ကို မုန်းတီးကြောင်းပြ) က သူတို့သည် မြွေ၏မျိုးနွယ်အဝင်ဖြစ်ကြောင်း မိမိတို့ကိုယ်ကိုအသေအချာ ထင်ရှားပြကြသည်။ ဩတ္တပ္ပစိတ်မသိုးမသန့်ဖြစ်ခြင်း လုံးဝမရှိဘဲ ငွေကြေးအမြတ်အစွန်းအတွက် လိမ်ညာသူစီးပွားရေးမှောင်ခိုသမားများ၊ ရောဂါဖြစ်စေကြောင်း သိထားလျက်နှင့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်သူများ သို့မဟုတ် ရောင်းချသူများအတွက် ထပ်တူမှန်ကန်ပါသည်။

၁၇။ ဤလောက၏စနစ်မှထွက်လာဖွယ်ရှိသည့် ထင်ရှားသောသူများအတွက် အဘယ်အခွင့်အရေးတံခါးသည် ပွင့်ဆဲရှိသနည်း။

၁၇ လောကဘာသာတရား၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးတို့ကြောင့် ညစ်စွန်းခံရသူတိုင်းကို နောက်ဆုံး၌ မြွေ၏မျိုးနွယ်အဖြစ်ယူမှတ်ရေတွက်မည်မဟုတ်ပါ။ ဤသူများထဲမှ အချို့သော အမျိုးသားအမျိုးသမီးများသည် ယေဟောဝါသက်သေများကို လေးစားလာကြသည်။ သူတို့ကိုကူညီရန် မိမိတို့၏သြဇာအရှိန်အဝါများကို အသုံးပြုကြပြီး အချိန်တန်သော် စစ်မှန်သောဝတ်ပြုမှုကို သက်ဝင်ယုံကြည်ခဲ့ကြသည်။ (တမန်တော် ၁၃:၇၊ ၁၂; ၁၇:၃၂-၃၄ နှိုင်းယှဉ်။) ဤကဲ့သို့သောပုဂ္ဂိုလ်များအတွက် ဤအပူတပြင်းတောင်းဆိုချက်ကို ကမ်းလှမ်းထားသည်– “ရှင်ဘုရင်တို့ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကိုခံကြလော့။ ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကို ထမ်းရွက်၍ တုန်လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလော့။ သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍ သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။ သားတော်ကိုကိုးစားသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” (ဆာလံ ၂:၁၀-၁၂) အမှန်မှာ ကောင်းကင်တရားသူကြီးက အခွင့်အရေးတံခါးကို ရုတ်တရက်မပိတ်လိုက်မီ ယေဟောဝါ၏မျက်နှာသာရလိုသူ ရှိရှိသမျှတို့သည် ယခုပင်လုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်တကား!

၁၈။ မိန်းမ၏မျိုးနွယ်အဝင်မဟုတ်စေကာမူ မည်သူများသည် ယေဟောဝါ၏ဝတ်ပြုသူများ ဖြစ်ကြသနည်း။

၁၈ ကောင်းကင်နိုင်ငံတော်တွင် ပေါင်းစည်းပါဝင်မည့်သူများသာ မိန်းမမျိုးနွယ်တော်အဝင်ဖြစ်သည်။ ဤသူတို့သည် အရေအတွက်အနည်းငယ်သာရှိသည်။ (ဗျာဒိတ် ၇:၄၊ ၉) သို့တိုင် ယေဟောဝါရှင်အားဝတ်ပြုသူများအနေနှင့် မြေကြီးပရဒိသုတွင် ထာဝရအသက်ရှင်ရန် မျှော်လင့်စောင့်စားကြသည့် အခြားသူသန်းပေါင်းများစွာပါဝင်သော လူအုပ်ကြီးရှိသည်။ အပြောနှင့်အလုပ်နှစ်ခုလုံးဖြင့် သူတို့သည် ယေဟောဝါရှင်၏ဘိသိက်ခံများကို ဤသို့ဆိုကြသည်– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူလိုက်ပါမည်။”—ဇာခရိ ၈:၂၃။

၁၉။ (က) လူသားအားလုံးသည် အဘယ်ရွေးချယ်မှုကို ပြုရကြမည်နည်း။ (ခ) အခွင့်အရေးတံခါးပွင့်နေစဉ် အထူးသဖြင့်မည်သူများကို ပညာရှိရှိပြုမူရန် အပူတပြင်းမဖြစ်မနေတောင်းဆိုထားသနည်း။

၁၉ လူသားအားလုံး ရွေးချယ်ရမည့်အချိန်သည် ယခုပင်ဖြစ်သည်။ သူတို့သည် ယေဟောဝါရှင်ကို ဝတ်ပြုလိုပြီးကိုယ်တော့်ပိုင်သအုပ်စိုးမှုအာဏာကို ထောက်ခံလိုသလော သို့တည်းမဟုတ် သူတို့သည် စာတန့်နှစ်သက်ရာများကို လုပ်ဆောင်ခြင်းဖြင့် သူ့ကိုမိမိတို့၏အုပ်စိုးရှင်ဖြစ်ရန် ခွင့်ပြုနေသလော။ လူမျိုးများထဲမှ ငါးသန်းခန့်သောလူများသည် ယေဟောဝါရှင်ဘက်တွင် ရပ်တည်ကြပြီး နိုင်ငံတော်အမွေခံများဖြစ်သော မိန်းမ၏မျိုးနွယ်တော်မှ ကျန်ကြွင်းသူများနှင့် ပူးပေါင်းကြသည်။ အခြားသူရှစ်သန်းမူ သူတို့နှင့်အတူ ကျမ်းစာသင်ခြင်း သို့မဟုတ် သူတို့၏စည်းဝေးများကို တက်ရောက်ခြင်းဖြင့် စိတ်ဝင်စားမှုကို ပြသခဲ့ကြပြီ။ ဤကဲ့သို့သောသူအားလုံးကို ယေဟောဝါသက်သေများဤသို့ပြောဆိုကြသည်– အခွင့်အရေးတံခါးသည် ပွင့်နေဆဲဖြစ်သည်။ ယေဟောဝါရှင်ဘက်တွင် ပြတ်ပြတ်သားသားရပ်တည်ကြပါလေ။ ယေရှုခရစ်ကို ကတိထားရာမျိုးနွယ်တော်အဖြစ် အသိအမှတ်ပြုကြပါလေ။ ယေဟောဝါ၏မျက်မြင်ရအဖွဲ့အစည်းနှင့် ရွှင်လန်းစွာပူးပေါင်းပါလေ။ ဘုရင်ယေရှုခရစ်အုပ်စိုးမှုအားဖြင့် ကိုယ်တော်စီမံပေးမည့် ကောင်းချီးရှိရှိသမျှကို သင်တို့ခံစားနိုင်ပါစေ။

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မြို့မှ ထုတ်ဝေသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သင်မှတ်မိသလော

◻ ကမ္ဘာဦး ၃:၁၅ တွင် ရည်ညွှန်းထားသည့် မြွေသည် မည်သူဖြစ်သနည်း၊ မိန်းမသည် မည်သူဖြစ်သနည်း။

◻ အဘယ်စရိုက်များသည် မြွေ၏မျိုးနွယ်ကို အထင်အရှားဖော်ပြသနည်း။

◻ ယေရှုသည် မြွေ၏မျိုးနွယ်ကို မည်သို့ဖော်ထုတ်တော်မူခဲ့သနည်း။

◻ မျက်မှောက်ခေတ်တွင် မည်သူများသည် မြွေမျိုးနွယ်၏အဝင်ဖြစ်ကြောင်း ဖော်ထုတ်ခံရကြသနည်း။

◻ မြွေ၏မျိုးနွယ်အဖြစ်ယူမှတ်ခံရခြင်းကို ရှောင်ရှားရန် အဘယ်အရေးပေါ်လုပ်ဆောင်မှု လိုအပ်သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုသည် အရေခြုံဘာသာရေးခေါင်းဆောင်များကို မြွေ၏မျိုးနွယ်အဖြစ် ဖော်ထုတ်တော်မူခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ