အခန်း ၁၅
ဘုရားသခင်အား ဂုဏ်ပြုသည့်မိသားစုတစ်စု တည်ဆောက်ခြင်း
၁-၃။ အချို့သူတို့သည် အိမ်ထောင်သည်ဘဝနှင့် မိဘဘဝတို့၌ တွေ့ကြုံရလေ့ရှိသည့်ပြဿနာများကို အဘယ်ကြောင့် မဖြေရှင်းနိုင်ကြသနည်း။ သို့သော် သမ္မာကျမ်းစာက အဘယ်ကြောင့် အထောက်အကူပြုနိုင်သနည်း။
ကိုယ်ပိုင်အိမ်တစ်ဆောင် ဆောက်ရန် သင်ကြံရွယ်သည်ဆိုပါစို့။ ဦးစွာ သင်မြေကွက်ဝယ်သည်။ မျှော်လင့်ချက်ကြီးစွာဖြင့် အိမ်သစ်ကို မှန်းဆမြင်ယောင်ကြည့်သည်။ သို့ရာတွင် သင်၌ လက်နက်ကိရိယာများနှင့် ဆောက်လုပ်ရေးအတတ်ပညာ မရှိပါက မည်သို့ဖြစ်မည်နည်း။ သင့်ကြိုးပမ်းအားထုတ်မှုမှန်သမျှ ရေစုန်မျောရန်သာရှိချိမ့်မည်။
၂ ဇနီးမောင်နှံအများတို့သည် သာယာချမ်းမြေ့သောမိသားစု တည်ဆောက်ရန်လိုအပ်သည့် လက်နက်ကိရိယာလည်းမရှိ၊ အတတ်ပညာလည်းမရှိဘဲနှင့် စိတ်ကူးဖြင့်ရော်ရမ်းမှန်းဆလျက် အိမ်ထောင်ပြုကြသည်။ လက်ထပ်ပြီး၍မကြာမီမှာပင် ဇာတိရုပ်များပေါ်လာကြသည်။ ရန်ဖြစ်ခြင်း၊ စကားများခြင်းတို့သည် နေ့စဉ်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာလေသည်။ သားသမီးများရလာသည့်အခါ ပူပူနွေးနွေးမိဘဖြစ်လာသူတို့သည် အိမ်ထောင်ပြုစဉ်က ကျွမ်းကျင်မှုအရည်အချင်း မရှိခဲ့သည့်နည်းတူ မိဘဖြစ်လာသည့်အခါ၌လည်း မိမိတို့၌ ကျွမ်းကျင်မှုအရည်အချင်းများမရှိကြောင်း တွေ့ရှိလာကြသည်။
၃ သို့သော်လည်း၊ ဝမ်းသာစရာကား သမ္မာကျမ်းစာက လိုအပ်သောအကူအညီကို ပေးနိုင်ပါသည်။ ယင်း၏အခြေခံမူများသည် ပျော်ရွှင်ချမ်းမြေ့သောမိသားစုကို သင်တည်ဆောက်နိုင်အောင် အထောက်အကူပြုသည့် လက်နက်ကိရိယာများနှင့်တူသည်။ (သု. ၂၄:၃) မည်သို့အထောက်အကူပြုကြောင်း ကြည့်ကြပါစို့။
ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင် တည်ဆောက်ရေးအတွက် လက်နက်ကိရိယာများ
၄။ အိမ်ထောင်သည်ဘဝတွင် ပြဿနာများကို အဘယ်ကြောင့်မျှော်လင့်ထားရသနည်း။ သမ္မာကျမ်းစာတွင် အဘယ်စံနှုန်းများဖော်ပြထားသနည်း။
၄ ဇနီးမောင်နှံတစ်စုံသည် မည်မျှပင် ရှေ့သွားနောက်လိုက်ညီသည်ဟု ထင်ရစေကာမူ၊ ၎င်းတို့သည် စိတ်လှုပ်ရှားမှုဆိုင်ရာဖွဲ့စည်းမှု၊ ကလေးဘဝကတွေ့ ကြုံမှုနှင့် မိသားစုနောက်ခံတို့၌ ကွဲပြားခြားနားကြသည်။ ယင်းကြောင့် လက်ထပ်ပြီးနောက် ပြဿနာအချို့ဖြစ်ပေါ်လာမည်ကို မျှော်လင့်ထားရမည်။ ၎င်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း။ အိမ်တစ်ဆောင်ဆောက်လုပ်ရာ၌ ဆောက်လုပ်သူတို့သည် အဆောက်အအုံပုံစံကိုကြည့်၍ဆောက်ကြသည်။ ၎င်းပုံစံတို့သည် လိုက်နာရမည့်လမ်းညွှန်များဖြစ်ကြသည်။ သမ္မာကျမ်းစာသည် ပျော်ရွှင်ချမ်းမြေ့သည့်မိသားစု တည်ဆောက်ရေးအတွက် ဘုရားသခင့်စံနှုန်းများကို ဖော်ပြပေးသည်။ ထိုစံနှုန်းအနည်းအကျဉ်းတို့ကို ယခုဆန်းစစ်ကြည့်ကြပါစို့။
၅။ အိမ်ထောင်တွင် သစ္စာစောင့်သိခြင်း၏အရေးကြီးမှုကို ကျမ်းစာက မည်သို့ပဓာနပြုဖော်ပြသနည်း။
၅ သစ္စာစောင့်သိခြင်း။ “ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟူ၍ယေရှုမိန့်တော်မူ၏။a (မဿဲ ၁၉:၆) “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုကို အသရေရှိစေလျက်၊ မင်္ဂလာအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေနှင့်။ အကြောင်းမူကား မတရားမေထုန်ပြုသောသူနှင့် သူတစ်ပါးအိမ်ရာပြစ်မှားသူတို့ကို ဘုရားသခင် တရားစီရင်တော်မူလိမ့်မည်” ဟူ၍ပေါလုရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၄၊ ကဘ) ထို့ကြောင့် အိမ်ထောင်သည်တို့သည် ယေဟောဝါအပေါ်တာဝန်ရှိသည်ဟူသော အသိစိတ်ဖြင့် မိမိတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာရှိသင့်သည်။—ကမ္ဘာဦး ၃၉:၇-၉။
၆။ အိမ်ထောင်တစ်ခုတည်တံ့ရေး၌ သစ္စာစောင့်သိခြင်းက မည်သို့ထောက်ကူမည်နည်း။
၆ သစ္စာစောင့်သိခြင်းက အိမ်ထောင်ကိုဂုဏ်သိက္ခာနှင့် လုံခြုံမှုရှိစေသည်။ သစ္စာစောင့်သိသောအိမ်ထောင်ဖက်တို့သည် အခြေအနေ မည်သို့ပင်ဖြစ်လာစေကာမူ တစ်ဦးကိုတစ်ဦး ထောက်ကူအားပေးသွားမည်ဖြစ်ကြောင်း သိထားကြသည်။ (ဒေသနာ ၄:၉-၁၂) ပြဿနာ စတွေ့ကာမျှဖြင့် မိမိတို့၏အိမ်ထောင်ဖက်ကို စွန့်ပစ်ကြသူတို့နှင့် ကွာခြားလိုက်လေခြင်း! ထိုသို့သောပုဂ္ဂိုလ်တို့သည် မိမိတို့ ‘လူရွေးမှားပြီ၊’ ‘တစ်ယောက်နဲ့တစ်ယောက် မေတ္တာမရှိတော့ဘူး၊’ အိမ်ထောင်ဖက်အသစ်ရှာမှ ပြဿနာပြေလည်မည် စသည်ဖြင့် အလျင်စလိုဆုံးဖြတ်ကြသည်။ သို့သော် ဤသို့သောဆုံးဖြတ်ချက်သည် အကြင်လင်မယားနှစ်ဦးစလုံးအတွက် စိတ်ဓာတ်ရေးရာရင့်ကျက်ရန် အခွင့်အလမ်းမရရှိစေပါ။ သို့အစား ထိုသို့သစ္စာမရှိသူများသည် ထပ်တူပြဿနာမျိုးကို အိမ်ထောင်ဖက်အသစ်ဆီသို့ သယ်ဆောင်သွားသည်။ အလွန်ကောင်းသောအိမ်တစ်ဆောင်ရှိသူသည် အမိုးယိုနေသည်ကိုတွေ့သော် ပြင်ဆင်ရန်သူကြိုးစားမည်မှာသေချာသည်။ အခြားအိမ်တစ်အိမ်သို့ ပြောင်းရွှေ့မည်မဟုတ်ပါ။ ထိုနည်းတူ အိမ်ထောင်ဖက်ပြောင်းခြင်းသည် အိမ်ထောင်ရေးပဋိပက္ခ၏ အကြောင်းရင်းကိုဖြေရှင်းသည့် နည်းလမ်းမဟုတ်ပါ။ ပြဿနာများပေါ်လာခဲ့သော် အိမ်ထောင်မင်္ဂလာကို အဆုံးသတ်ပစ်ရန်မကြိုးစားဘဲ အိမ်ထောင်တည်တံ့ခိုင်မြဲအောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပါ။ ဤသို့သစ္စာစောင့်သိခြင်းသည် အိမ်ထောင်မင်္ဂလာကို မြတ်နိုးထိန်းသိမ်းကာကွယ်ထိုက်သောအရာအဖြစ် သဘောထားရာရောက်ပေသည်။
၇။ အိမ်ထောင်သည်များအဖို့ ဆက်သွယ်ပြောဆိုရန် အဘယ်ကြောင့်အခက်အခဲတွေ့ရလေ့ရှိသနည်း။ သို့သော် “လူသစ်” ကိုဝတ်ဆင်ခြင်းက မည်သို့အထောက်အကူပြုနိုင်သနည်း။
၇ ဆက်သွယ်ပြောဆိုခြင်း။ “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏” ဟူ၍ နယပုံပြင်ကျမ်းကဆို၏။ (သု. ၁၅:၂၂) သို့တစေ၊ အချို့ဇနီးမောင်နှံတို့အဖို့ ဆက်သွယ်ပြောဆိုရန် အခက်အခဲရှိတတ်သည်။ အဘယ်ကြောင့် ထိုပြဿနာဖြစ်ရသနည်း။ လူတို့၌ ကွဲပြားခြားနားသော ဆက်သွယ်ပြောဆိုသည့်ဟန်တစ်မျိုးစီ ရှိသောကြောင့်ပင်။ ဤအချက်က မကြာခဏ အထင်လွဲမှားမှုနှင့် မချင့်မရဲဖြစ်မှု အတော်အတန်ဖြစ်စေတတ်သည်။ ကြီးပြင်းလာရသည့်ဝန်းကျင်သည် အရေးပါသည်။ သာဓကအားဖြင့် အချို့သူတို့သည် မိဘတို့တကျက်ကျက် ရန်ဖြစ်သည့်ဝန်းကျင်တွင် ကြီးပြင်းလာရသူဖြစ်ကောင်းဖြစ်မည်။ ယခု အရွယ်ရောက်၍ အိမ်ထောင်သည်ဖြစ်လာသည့်တိုင်အောင် ၎င်းတို့၏ကြင်သူသက်ထားနှင့် ချစ်ခင်ကြင်နာသည့်ပုံစံဖြင့် စကားမပြောတတ်ဘဲရှိကောင်းရှိမည်။ သို့သော်လည်း သင့်အိမ်ထောင်သည် ‘ရန်တွေ့ခြင်းနှင့်ပြည့်သောအိမ်’ အဖြစ် ယိုယွင်းပျက်စီးသွားစရာမလိုပါ။ (သု. ၁၇:၁) သမ္မာကျမ်းစာက “လူသစ်” ကိုယူတင်ဝတ်ဆောင်ရန် အလေးအနက်ဆိုသည်။ ကျမ်းစာသည် ရန်ငြိုးဖွဲ့ ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်းနှင့် ဆဲရေးတိုင်းထွာခြင်းတို့ကို လုံးဝလက်မခံပေ။—ဧဖက် ၄:၂၂-၂၄၊ ၃၁။
၈။ အိမ်ထောင်ဖက်နှင့် သဘောချင်းမတိုက်ဆိုင်သည့်အခါ အဘယ်အရာက အထောက်အကူပြုနိုင်သနည်း။
၈ သဘောထားချင်းမတိုက်ဆိုင်သည့်အခါ သင်မည်သို့ပြုလုပ်နိုင်သနည်း။ စိတ်ကိုမထိန်းနိုင်သည့်အခြေအနေ ရောက်လာပြီဆိုလျှင် နယပုံပြင် ၁၇:၁၄ (သမ) မှအကြံပေးချက်ကိုလိုက်နာလျှင် ကောင်းပေမည်– “မျက်မာန်မထမီ၊ ခိုက်ရန်မှုကိုရှောင်လော့။” မှန်ပါသည်၊ သင်တို့နှစ်ဦးစလုံး စိတ်ပြေလောက်သည့်အချိန်အထိ ဆွေးနွေးမှုကို ရွှေ့ဆိုင်းထားလိုက်နိုင်သည်။ (ဒေသနာ ၃:၁၊ ၇) မည်သို့ပင်ဖြစ်ပါစေ၊ “နားကြားခြင်းငှာ လျင်မြန်ကြစေ” ရန်၊ “စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ရန်အားထုတ်သင့်သည်။ (ယာကုပ် ၁:၁၉) သင်၏ပန်းတိုင်မှာ အနိုင်ယူရန်မဖြစ်သင့်ဘဲ အခြေအနေ ပြန်လည်ကောင်းမွန်စေရန်သာ ဖြစ်သင့်ပေသည်။ (ကမ္ဘာဦး ၁၃:၈၊ ၉) သင်တို့နှစ်ဦးစလုံး အမျက်ပြေမည့်စကားနှင့် ပြောပုံဆိုပုံတို့ကို ရွေးချယ်ပါ။ (သု. ၁၂:၁၈; ၁၅:၁၊ ၄; ၂၉:၁၁) အရေးအကြီးဆုံးမှာ အမျက်မပြေဘဲမနေပါနှင့်၊ နှိမ့်ချစွာအတူတကွဆုတောင်း၍ ဘုရားသခင်နှင့်ဆက်သွယ်ခြင်းအားဖြင့် ကူညီမစမှုတောင်းခံပါ။—ဧဖက် ၄:၂၆၊ ၂၇; ၆:၁၈။
၉။ ဆက်သွယ်ပြောဆိုခြင်းသည် နှလုံးသားမှစတင်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၉ သမ္မာကျမ်းစာစကားပုံတစ်ခုက ဤသို့ဆို၏– “ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကိုသွန်သင်၍၊ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။” (သု. ၁၆:၂၃) ထို့ကြောင့်၊ အောင်မြင်သော ဆက်သွယ်ပြောဆိုမှု၏သော့ချက်မှာ စင်စစ်အားဖြင့် နှလုံးထဲ၌ရှိ၏၊ နှုတ်ထဲ၌မရှိပါ။ သင့်အိမ်ထောင်ဖက်အပေါ် သင်မည်သို့သဘောထားရှိသနည်း။ “ထောက်ထားစာနာစိတ်” ပြသရန် သမ္မာကျမ်းစာက ခရစ်ယာန်များကိုတိုက်တွန်းသည်။ (၁ ပေတရု ၃:၈၊ ကဘ) သင်၏အိမ်ထောင်ဖက်က စိတ်ဆင်းရဲသောကရောက်သည့်အခါ ထောက်ထားစာနာစိတ် ပြနိုင်သလော။ ပြနိုင်သည်ဆိုလျှင် မည်သို့ပြောဆိုနှစ်သိမ့်ရမည်ကို သင်သိရှိရန်ထောက်ကူပေမည်။—ဟေရှာယ ၅၀:၄။
၁၀၊ ၁၁။ ၁ ပေတရု ၃:၇ မှသြဝါဒကို လင်ယောက်ျားတစ်ဦး မည်သို့လက်တွေ့ကျင့်သုံးနိုင်သနည်း။
၁၀ ဂုဏ်တင်ခြင်းနှင့် ရိုသေခြင်း။ ခရစ်ယာန်လင်ယောက်ျားဖြစ်သူတို့အား ၎င်းတို့၏ဇနီးတို့ကို “အားနည်းသောတန်ဆာမိန်းမသားကဲ့သို့ ဂုဏ်တင်လျက်၊ အသိပညာအလျောက်” နေထိုင်ကြရန်မှာကြားထားသည်။ (၁ ပေတရု ၃:၇၊ ကဘ) ဇနီးကိုဂုဏ်တင်သည်ဆိုရာ၌ သူမ၏တန်ဖိုးကို အသိအမှတ်ပြုခြင်းပါဝင်သည်။ “အသိပညာအလျောက်” ဇနီးနှင့်နေထိုင်သည့် လင်ယောက်ျားသည် သူမ၏ခံစားချက်၊ အားသာချက်၊ ဉာဏ်ရည်နှင့် ဂုဏ်သိက္ခာတို့ကို အထင်ကြီးလေးစားသည်။ အမျိုးသမီးများကို ယေဟောဝါမည်သို့သဘောထား၍ သူတို့ကိုမည်သို့ဆက်ဆံစေလိုသည်ကို သိအောင်သင်ကြားလိုစိတ်လည်း ရှိသင့်သည်။
၁၁ သင့်အိမ်၌ အလွန်နုနယ်၍ အလွန်အသုံးဝင်သော အိုးတစ်လုံးရှိသည်ဟု ဆိုကြပါစို့။ ယင်းကို သင်သတိကြီးစွာနှင့် ကိုင်တွယ်မည်မဟုတ်လော။ ပေတရုသည် ဤသဘောမျိုးဖြင့် “အားနည်းသောတန်ဆာ” ဟူ၍သုံးနှုန်းထားသဖြင့် ဤအချက်က ချစ်ဇနီးအပေါ် နူးညံ့သိမ်မွေ့စွာ ထောက်ထားညှာတာရန် ခရစ်ယာန်လင်ယောက်ျားတို့ကို စေ့ဆော်သင့်ပေသည်။
၁၂။ ဇနီးသည်တစ်ဦးအနေဖြင့် လင်ယောက်ျားဖြစ်သူအား အလွန်ရိုသေကြောင်း မည်သို့ပြသနိုင်သနည်း။
၁၂ သို့သော် ဇနီးသည်တစ်ဦးအား သမ္မာကျမ်းစာက အဘယ်သြဝါဒပေးထားသနည်း။ “ဇနီးဖြစ်သူသည် ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေသင့်သည်” ဟုပေါလုရေးသားထားသည်။ (ဧဖက် ၅:၃၃၊ ကဘ) ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ၏ဂုဏ်တင်ခြင်း၊ နှစ်နှစ်ကာကာချစ်ခြင်းခံရသည်ဟူသော ခံစားချက်ရှိရန်လိုအပ်သကဲ့သို့ ခင်ပွန်းဖြစ်သူသည်လည်း ဇနီးဖြစ်သူ၏ရိုသေလေးစားခြင်း ခံရသည်ဟူသောခံစားချက်ရှိရန် လိုအပ်ပေသည်။ ခင်ပွန်းသည်သည် ခရစ်ယာန်ဖြစ်ဖြစ် မဖြစ်ဖြစ် ရိုသေလေးစားတတ်သည့်ဇနီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ အပြစ်အနာအဆာများကို လူသိရှင်ကြားဖြစ်အောင် မဆင်မခြင် လုပ်မည်မဟုတ်ပေ။ သူမသည် ခင်ပွန်းဖြစ်သူကို သီးသန့်ဖြစ်စေ၊ လူရှေ့သူရှေ့ ဖြစ်စေ အပြစ်ရှာခြင်း၊ သိမ်ငယ်အောင်နှိမ်ခြင်းအားဖြင့် သူ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ပြုမည်မဟုတ်။—၁ တိမောသေ ၃:၁၁; ၅:၁၃။
၁၃။ အမြင်သဘောထားများကို အေးချမ်းသောနည်းဖြင့် မည်သို့ဖော်ပြနိုင်သနည်း။
၁၃ ဇနီးသည်တစ်ဦးသည် မိမိ၏သဘောထားကို ထုတ်ဖော်ပြောဆိုခွင့်မရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ တစ်ခုခုစိတ်အနှောင့်အယှက်ဖြစ်နေပါက ရိုသေလေးစားစွာဖြင့် ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။ (ကမ္ဘာဦး ၂၁:၉-၁၂) ခင်ပွန်းဖြစ်သူအား သဘောထားတစ်ခုတင်ပြခြင်းကို သူ့ထံဘောလုံးတစ်လုံး ပစ်ပေးခြင်းနှင့်နှိုင်းယှဉ်နိုင်သည်။ အလွယ်တကူဖမ်းနိုင်အောင် ညင်ညင်သာသာပစ်ပေးနိုင်သကဲ့သို့ ထိခိုက်နာကျင်စေလိုစိတ်နှင့်လည်း တစ်အားပစ်ပေါက်နိုင်သည်။ နှစ်ဦးစလုံး အပြန်အလှန်စွပ်စွဲခြင်းကိုရှောင်၍ ကြင်နာနူးညံ့စွာ ပြောဆိုကြမည်ဆိုလျှင် မည်မျှကောင်းလေစွတကား!—မဿဲ ၇:၁၂; ကောလောသဲ ၄:၆; ၁ ပေတရု ၃:၃၊ ၄။
၁၄။ သင့်အိမ်ထောင်ဖက်သည် အိမ်ထောင်တွင် ကျမ်းစာအခြေခံမူများကို လက်တွေ့ကျင့်သုံးရန် စိတ်မဝင်စားပါက သင်ဘာလုပ်နိုင်သနည်း။
၁၄ ကျွန်ုပ်တို့တွေ့ခဲ့ပြီးသည့်အတိုင်း သမ္မာကျမ်းစာအခြေခံမူများသည် ပျော်ရွှင်ချမ်းမြေ့သည့် အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်ရန် အထောက်အကူပြုနိုင်သည်။ သို့ရာတွင် အိမ်ထောင်ဖက်ဖြစ်သူသည် ကျမ်းစာသြဝါဒစကားများကို စိတ်ဝင်စားခြင်းမရှိပါက မည်သို့ပြုမည်နည်း။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို သင့် အပိုင်းမှ လက်တွေ့ကျင့်သုံးမည်ဆိုပါက အောင်မြင်စရာများစွာ ရှိပါသေးသည်။ ပေတရုက ဤသို့ရေးသားခဲ့သည်– “မယားဖြစ်သူတို့၊ လင့်အနော်အတာကိုခံကြလော့။ သို့မှ၊ တရားမနာသော်လည်း သင်တို့ရိုသေသမှုနှင့် စင်ကြယ်သောအပြုအမူများအား ထောက်ထားသောလင်ကို မယားဖြစ်သူတို့အကျင့်စာရိတ္တဖြင့်၊ အဟောအပြောကင်းလျက် ဘာသာတူရလိမ့်မည်။” (၁ ပေတရု ၃:၁၊ ၂၊ သမ) ဤအချက်သည် သမ္မာကျမ်းစာကို စိတ်ဝင်စားမှုမပြသောဇနီးရှိသည့် လင်ယောက်ျားနှင့်လည်း ထပ်တူသက်ဆိုင်သည်မှာ ဆိုဖွယ်မရှိပါ။ သင့်အိမ်ထောင်ဖက်ဖြစ်သူသည် မည်သည့်အရာကိုပင်ရွေးချယ်ပါစေ၊ သမ္မာကျမ်းစာအခြေခံမူများက သင့် ကိုသာ၍ကောင်းသောလင် သို့မဟုတ် မယားဖြစ်အောင်ဖန်တီးခွင့်ပေးပါ။ ဘုရားသခင်အားသိကျွမ်းခြင်းပညာသည် သင့်ကို သာ၍ကောင်းသောမိဘဖြစ်အောင်လည်း ဖန်တီးပေးနိုင်သည်။
ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့်အညီ သားသမီးများကိုမွေးမြူခြင်း
၁၅။ သားသမီးပြုစုပျိုးထောင်ခြင်းဆိုင်ရာ ချွတ်ယွင်းသောနည်းစနစ်များသည် တစ်ခါတစ်ရံမည်သို့လက်ဆင့်ကမ်းလာခဲ့သနည်း။ ဤအမွေဆိုးကို မည်သို့ဖယ်ရှားပစ်နိုင်သနည်း။
၁၅ လွှတစ်စင်း တူတစ်လက်ပိုင်ရုံမျှနှင့် ကျွမ်းကျင်သောလက်သမားကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါ။ ထို့အတူ၊ သားသမီးရှိရုံမျှနှင့်လည်း ကျွမ်းကျင်သောမိဘ ဖြစ်မလာနိုင်ပါ။ မိဘဖြစ်သူတို့သည် ၎င်းတို့ကိုယ်တိုင် ပြုစုပျိုးထောင်ခံခဲ့ရသည့်နည်းအတိုင်း သူတို့၏သားသမီးတို့ကို သိလျက်နှင့်ဖြစ်စေ၊ မသိဘဲနှင့်ဖြစ်စေ ပြုစုပျိုးထောင်ပေးလေ့ရှိ၏။ ဤသို့ဖြင့် သားသမီးပြုစုပျိုးထောင်ခြင်းဆိုင်ရာ ချွတ်ယွင်းသောနည်းစနစ်များသည် တစ်ခါတစ်ရံ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ ကူးပြောင်းလာတတ်သည်။ “အဘတို့သည် ချဉ်သောစပျစ်သီးကိုစား၍ သားတို့သည် သွားကျိန်းလျက်ရှိကြ၏” ဟုရှေးဟေဗြဲစကားပုံတစ်ခုကဆို၏။ သို့သော် လူတစ်ဦးသည် မိဘတို့ထားခဲ့သည့်လမ်းကြောင်းအတိုင်း လိုက်စရာမလိုကြောင်း ကျမ်းစာကပြဆို၏။ ယေဟောဝါ၏ထုံးဖွဲ့တော်မူချက်များ ဩဇာသက်ရောက်သည့် သီးခြားလမ်းတစ်လမ်းကို ရွေးချယ်နိုင်သည်။—ယေဇကျေလ ၁၈:၂၊ ၁၄၊ ၁၇။
၁၆။ မိသားစုကိုကျွေးမွေးပြုစုရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ၎င်းတွင် အဘယ်အရာပါဝင်သနည်း။
၁၆ ခရစ်ယာန်မိဘတို့အနေဖြင့် သားသမီးများကို မှန်ကန်သောလမ်းညွှန်မှုနှင့် စောင့်ရှောက်မှုပေးရန် ယေဟောဝါတောင်းဆိုတော်မူ၏။ “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” ဟူ၍ ပေါလုရေးသားခဲ့၏။ (၁ တိမောသေ ၅:၈) ပြင်းထန်လှသည့်စကားပါတကား! သားသမီးများ၏ကာယရေး၊ ဝိညာဉ်ရေးနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပါအဝင် အိမ်ထောင်ကိုပြုစုသူအနေနှင့် သင်ထမ်းဆောင်ရသည့်အခန်းကဏ္ဍသည် ဘုရားတရားကြည်ညိုသောပုဂ္ဂိုလ်တစ်ဦး၏ အခွင့်အရေးနှင့် တာဝန်ဖြစ်ပေသည်။ သားသမီးများအတွက် ပျော်ရွှင်ချမ်းမြေ့သည့် ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရန် မိဘတို့ထောက်ကူသည့်အခြေခံမူများကို သမ္မာကျမ်းစာက ချမှတ်ပေးထားသည်။ ၎င်းတို့အနက် အချို့ကိုစဉ်းစားဆင်ခြင်ကြည့်ပါ။
၁၇။ သားသမီးတို့၏နှလုံးထဲ၌ ဘုရားသခင့်တရားတော်ရှိစေလိုပါက အဘယ်အရာမရှိမဖြစ်လိုအပ်သနည်း။
၁၇ စံနမူနာကောင်းပြပါ။ “[ဘုရားသခင့်နှုတ်ကပါဌ်တရား] ကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကိုပြောရမည်” ဟူ၍ ဣသရေလမိဘတို့ကို ပညတ်ထား၏။ မိဘတို့သည်သားသမီးများအား ဘုရားသခင့်စံနှုန်းတော်များကို သွန်သင်ပေးရမည်။ သို့သော် ဤပညတ်ချက်ကို “ယနေ့ ငါမှာထားသောစကားကို နှလုံး သွင်းရမည်” ဟူသောစကားဖြင့် နိဒါန်းပျိုးထားသည်။ (တရားဟောရာ ၆:၆၊ ၇) မှန်ပါသည်၊ မိဘတို့အနေဖြင့် မိမိတို့၌မရှိသောအရာကို ပေးနိုင်မည်မဟုတ်ပါ။ ဘုရားသခင့်ပညတ်တရားများကို သင့်သားသမီးတို့၏နှလုံးထဲ၌ ရေးမှတ်ထားစေလိုပါက သင်ကိုယ်တိုင်၏နှလုံးထဲ၌ ၎င်းတို့ကိုဦးစွာရေးမှတ်ထားရပေမည်။—သု. ၂၀:၇; လုကာ ၆:၄၀ နှိုင်းယှဉ်။
၁၈။ မေတ္တာပြရာ၌ မိဘတို့အဖို့ ထူးကဲသောစံနမူနာ ယေဟောဝါကို အဘယ်သို့ပြသတော်မူသနည်း။
၁၈ မေတ္တာကို အခိုင်အမာပြပါ။ ယေရှုနှစ်ခြင်းခံစဉ်၌ ယေဟောဝါက “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟူ၍ထုတ်ဖော်မိန့်ဆိုတော်မူ၏။ (လုကာ ၃:၂၂) ဤသို့ဖြင့် ယေဟောဝါက သားတော်ကိုသိမှတ်၍နှစ်သက်မြတ်နိုးကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မိန့်ကြားသည့်အပြင် မေတ္တာတော်ကိုလည်း အခိုင်အမာပြသတော်မူ၏။ နောင်တွင်ယေရှုက ခမည်းတော်အား “ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်” တော်မူ၏ဟူ၍မြွက်ဆိုတော်မူ၏။ (ယောဟန် ၁၇:၂၄) သို့ဖြစ်သောကြောင့်၊ ဘုရားတရားကြည်ညိုသည့် မိဘတို့အနေဖြင့် သားသမီးတို့ကိုချစ်ကြောင်း နှုတ်အားဖြင့်ရော၊ ကိုယ်အားဖြင့်ပါဖော်ပြပါ—မကြာမကြာဤသို့ပြုပါ။ “မေတ္တာမူကား တည်ဆောက်တတ်” ကြောင်း အစဉ်သတိရပါ။—၁ ကောရိန္သု ၈:၁။
၁၉၊ ၂၀။ သားသမီးများကို သင့်တော်လျောက်ပတ်စွာ ဆုံးမပဲ့ပြင်ရာ၌ အဘယ်အရာအကျုံးဝင်သနည်း။ ယေဟောဝါ၏စံနမူနာတော်မှ မိဘတို့ အဘယ်အကျိုးကျေးဇူး ရယူနိုင်ကြသနည်း။
၁၉ ဆုံးမပဲ့ပြင်ခြင်း။ မေတ္တာဖြင့်ဆုံးမပဲ့ပြင်ခြင်း၏ အရေးပါမှုကို သမ္မာကျမ်းစာက အလေးပေးသည်။ (သု. ၁:၈) ယနေ့ သားသမီးများအား လမ်းညွှန်ရမည့်တာဝန်ကို ခေါင်းရှောင်သောမိဘတို့သည် မနက်ဖြန်တွင် ရင်နာစရာအကျိုးဆက်များနှင့် မုချဆိုရမလောက် ရင်ဆိုင်ရလိမ့်မည်။ သို့သော်၊ အခြားအစွန်းတစ်ဖက်သို့ မရောက်ဖို့လည်း သတိပေးထားသည်။ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်” ဟူ၍ ပေါလုရေးသားထားသည်။ (ကောလောသဲ ၃:၂၁) သားသမီးတို့ကို အလွန်အမင်းပဲ့ပြင်ခြင်း၊ အားနည်းချက်များကို အမြဲထောက်ပြ၍ သူတို့၏ကြိုးပမ်းမှုကို အပြစ်ရှာဝေဖန်ခြင်းတို့ကို ရှောင်သင့်သည်။
၂၀ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်သည် ဆုံးမပဲ့ပြင်ခြင်းနှင့်ပတ်သက်၍ စံနမူနာထားတော်မူ၏။ ကိုယ်တော့်ပဲ့ပြင်မှုသည် မည်သည့်အခါမျှ အစွန်းမရောက်ပေ။ “သင့်ကို . . . အတော်အတန်ဆုံးမမည်” ဟူ၍ လူမျိုးတော်အား မိန့်တော်မူ၏။ (ယေရမိ ၄၆:၂၈) မိဘတို့သည် ဤကိစ္စတွင် ယေဟောဝါကို တုပသင့်ပေသည်။ သင့်တော်သောအတိုင်းအတာထက် လွန်ကဲသည့် သို့မဟုတ် ပဲ့ပြင်သွန်သင်ခြင်း ရည်ရွယ်ချက်ထက်ကျော်လွန်သည့် ဆုံးမပဲ့ပြင်ခြင်းသည် မခံမရပ်နိုင်အောင် ဒေါသထွက်စရာ ဧကန်ဖြစ်ပေသည်။
၂၁။ မိဘတို့အနေဖြင့် မိမိတို့၏ဆုံးမပဲ့ပြင်ခြင်းသည် ထိရောက်မှုရှိမရှိ မည်သို့စိစစ်နိုင်သနည်း။
၂၁ မိဘတို့အနေဖြင့် မိမိတို့၏ဆုံးမပဲ့ပြင်ခြင်း ထိရောက်မှုရှိမရှိ မည်သို့စိစစ်နိုင်သနည်း။ ‘ငါ့ဆုံးမပဲ့ပြင်ခြင်းဟာ ဘာကိုအထမြောက်စေသလဲ’ ဟူ၍မိမိတို့ကိုယ်ကိုမေးကြည့်ပါ။ ဆုံးမပဲ့ပြင်ခြင်းသည် သွန်သင်ခြင်းဖြစ်သင့်သည်။ သင့်ကလေးအနေဖြင့် အဘယ်ကြောင့်ဆုံးမပဲ့ပြင်ခံရသည်ကို သိရှိနားလည်သင့်သည်။ မိဘတို့အနေဖြင့် မိမိတို့ပဲ့ပြင်ပေးခြင်း၏ အကျိုးဆက်နှင့်ပတ်သက်၍ ပူပန်သင့်ပေသည်။ ကလေးသူငယ်အားလုံးနီးပါးသည် ဆုံးမပဲ့ပြင်ခံရသည့်အခါ အစပိုင်းတွင် စိတ်ကသိကအောက် ဖြစ်တတ်ကြသည်မှာမှန်ပါသည်။ (ဟေဗြဲ ၁၂:၁၁) သို့သော်လည်း ဆုံးမပဲ့ပြင်ခြင်းကြောင့် ကလေးငယ်သည် အထိတ်တလန့်ဖြစ်ခြင်း၊ စွန့်ပစ်ခံရသည် သို့မဟုတ် မိမိသည် မိုက်တွင်းနက်သူဖြစ်သည်ဟူသော အထင်မျိုးဝင်ခြင်း မဖြစ်စေသင့်ပါ။ လူမျိုးတော်ကို ပဲ့ပြင်ခြင်းမပြုမီ ယေဟောဝါက “မကြောက်နှင့်၊ သင်နှင့်အတူငါရှိ၏” ဟုမိန့်တော်မူ၏။ (ယေရမိ ၄၆:၂၈) မှန်ပါသည်၊ ပဲ့ပြင်ရာ၌ သင့်ကလေးစိတ်ထဲတွင် သင်သည် မေတ္တာပြည့်ဝ၍ ထောက်ခံအားပေးသည့်မိဘအဖြစ် သူနှင့်အတူရှိသည်ဟူသောခံစားချက်မျိုး ပေါ်စေသည့်နည်းဖြင့် ပဲ့ပြင်ပေးသင့်သည်။
“ကျွမ်းကျင်သည့်ညွှန်ကြားချက်” ကိုဆည်းပူးခြင်း
၂၂၊ ၂၃။ ပျော်ရွှင်ချမ်းမြေ့သည့် မိသားစုတည်ဆောက်ရန်လိုအပ်သော ညွှန်ကြားချက်ကို သင်မည်သို့ဆည်းပူးရယူနိုင်သနည်း။
၂၂ ပျော်ရွှင်ချမ်းမြေ့သည့်မိသားစုတည်ဆောက်ရန် လိုအပ်သည့်ကိရိယာများကို ယေဟောဝါဖြည့်ဆည်းပေးထားသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်နိုင်ကြသည်။ သို့သော် လက်နက်ကိရိယာများ ပိုင်ဆိုင်ထားရုံသက်သက်ဖြင့် မလုံလောက်ပါ။ ယင်းတို့ကို ကောင်းစွာအသုံးပြုတတ်အောင် ကျင့်ထားရမည်။ သာဓကအနေနှင့်၊ ဆောက်လုပ်သူတစ်ဦးသည် သူ၏လက်နက်ကိရိယာများကိုကိုင်တွယ်ရာ၌ မကောင်းသောအကျင့်များ ရှိကောင်းရှိမည်။ လက်နက်ကိရိယာအချို့ကို မှားယွင်းသည့်နည်းဖြင့် သုံးစွဲကောင်းသုံးစွဲနေမည်။ ယင်းကြောင့် သူ၏နည်းစနစ်များမှ လက်ရာညံ့သောပစ္စည်းများ ထွက်လာရန်အကြောင်းများသည်။ အလားတူ သင့်မိသားစုထဲသို့ အကျိုးမပြုသောအကျင့်များ မသိမသာဝင်ရောက်နေသည်ကို သင်ယခုသတိပြုမိပေမည်။ အချို့အကျင့်တို့သည် အမြစ်ခိုင်ပြီး လွယ်လွယ်နှင့်ပြောင်းလဲ၍မရဘဲ ရှိကောင်းရှိမည်။ သို့သော်လည်း “ပညာရှိသောသူသည် နာခံသဖြင့် အသိအမြင်တိုးပွားလျက်၊ ဉာဏ်ကောင်းသောသူသည် ကျွမ်းကျင်သည့်ညွှန်ကြားချက်ကို ဆည်းပူး၏” ဟူသော ကျမ်းစာသြဝါဒကို လိုက်နာပါ။—သု. ၁:၅၊ ကဘ။
၂၃ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဆက်လက်ဆည်းပူးခြင်းဖြင့် ကျွမ်းကျင်သည့်ညွှန်ကြားချက်ကို ရယူနိုင်ပေသည်။ မိသားစုဘဝနှင့်သက်ဆိုင်သော ကျမ်းစာအခြေခံမူများကို သတိပြုမှတ်သား၍ ပြုပြင်ရန်လိုအပ်သည့်နေရာ၌ ပြုပြင်ပါ။ အိမ်ထောင်သည်အနေနှင့်၊ မိဘအနေနှင့် စံနမူနာကောင်းပြသော ရင့်ကျက်သည့်ခရစ်ယာန်များကို ဂရုစိုက်ကြည့်ပါ။ သူတို့နှင့်စကားပြောဆိုပါ။ အရေးအကြီးဆုံးမှာ သင်၏စိုးရိမ်ပူပန်မှုများကို ယေဟောဝါထံဆုတောင်း၍တင်ပြပါ။ (ဆာလံ ၅၅:၂၂; ဖိလိပ္ပိ ၄:၆၊ ၇) ကိုယ်တော်အားဂုဏ်ပြုသည့် ပျော်ရွှင်ချမ်းမြေ့သောမိသားစုဘဝကို မွေ့လျော်ခံစားရန် သင့်အားကိုယ်တော် မစတော်မူနိုင်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a နောက်အိမ်ထောင်ပြုခွင့်ရှိသော လင်မယားကွာရှင်းခြင်းအတွက် တစ်ခုတည်းသောကျမ်းစာဆိုင်ရာ အကြောင်းပြချက်မှာ “မတရားမေထုန်” တည်းဟူသော အိမ်ထောင်ဖက်မဟုတ်သူနှင့် မေထုန်မှီဝဲခြင်းဖြစ်သည်။—မဿဲ ၁၉:၉၊ သမ။
သင်၏အသိပညာကို စစ်ဆေးခြင်း
သစ္စာရှိခြင်း၊ ဆက်သွယ်ပြောဆိုခြင်းနှင့် ရိုသေလေးစားခြင်းသည် ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝတစ်ခုထူထောင်ရန် မည်သို့အထောက်အကူပြုသနည်း။
တို့သည် သားသမီးတို့ကို မည်သည့်နည်းများဖြင့် မိမိတို့၏မေတ္တာကို အခိုင်အမာပြသနိုင်ကြသနည်း။
သင့်တော်သောဆုံးမပဲ့ပြင်ခြင်းတွင် အဘယ်အချက်များပါဝင်ပတ်သက်သနည်း။
[စာမျက်နှာ ၁၄၇ ပါ ရုပ်ပုံ]