ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ia အခန်း ၇ စာ. ၅၉-၆၆
  • “ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”
  • သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘လူငယ်လေးဖြစ်တဲ့ ရှမွေလ ယေဟောဝါရှေ့မှာ အမှုဆောင်နေ’
  • အကျင့်ပျက်သူတွေကြားမှာ စင်ကြယ်နေ
  • “ကျွန်တော် နားထောင်နေပါတယ်”
  • “ယေဟောဝါဆီ ရှမွေလ ဆုတောင်း”
  • ‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မှန်ရာကို ရှမွေလ ဆက်လုပ်ဆောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • မှန်တာကို အမြဲလုပ်ခဲ့တဲ့ ရှမွေလ
    ကလေးတွေကို သင်ပေးပါ
  • ယေဟောဝါ ရှမွေလကို စကားပြော
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
ia အခန်း ၇ စာ. ၅၉-၆၆
လူငယ်လေး ရှမွေလ

အခန်း ခုနစ်

“ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”

၁၊ ၂။ ဘယ်လို အခြေအနေမျိုးမှာ အစ္စရေးလူတွေကို ရှမွေလ စကားပြောခဲ့သလဲ။ သူတို့ အသိတရား ဝင်လာအောင် လုပ်ဖို့ ဘာကြောင့် လိုနေတာလဲ။

ရှမွေလက လူတွေရဲ့ မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်တယ်။ ပရောဖက်အဖြစ်၊ တရားသူကြီးအဖြစ် ဆယ်စုနှစ်ချီ အမှုဆောင်ခဲ့တဲ့ သစ္စာရှိသူ ရှမွေလ ဆင့်ခေါ်လိုက်လို့ ဂိလဂါလမြို့မှာ လူမျိုးတစ်မျိုးလုံး စုဝေးနေကြတယ်။ အဲဒီအချိန်က ဒီနေ့ခေတ် ပြက္ခဒိန်အရဆိုရင် မေလ ဒါမှမဟုတ် ဇွန်လ ဖြစ်ပါတယ်။ အဲဒီဒေသမှာ ခြောက်သွေ့ရာသီ အစပြုနေပါပြီ။ ဝင်းမှည့်နေတဲ့ ဂျုံစပါးခင်းတွေကလည်း ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပြီ။ လူအုပ်ကတော့ တိတ်ဆိတ်နေတယ်။ သူတို့ နားလည်အောင် ရှမွေလ ဘယ်လိုပြောရပါ့မလဲ။

၂ အခြေအနေက ဘယ်လောက် ဆိုးတယ်ဆိုတာ ဒီလူတွေ သဘောမပေါက်ကြဘူး။ သူတို့ကို အုပ်ချုပ်ဖို့ ဘုရင်တစ်ပါး ခန့်အပ်ပေးပါဆိုပြီး မရမက တောင်းဆိုကြတာ။ ဒီလိုတောင်းဆိုတာက သူတို့ရဲ့ ဘုရားသခင် ယေဟောဝါနဲ့ ကိုယ်တော့် ပရောဖက်ကို မလေးစားလွန်းရာ ကျတယ်ဆိုတာ နားမလည်ဘူး။ တကယ်တော့ ဘုရင်အဖြစ် ယေဟောဝါဘုရား အုပ်ချုပ်နေတာကို သူတို့ ငြင်းပယ်လိုက်တာပဲ။ ဒီလူတွေ အသိတရား ဝင်လာအောင် ရှမွေလ ဘယ်လို ပြောရပါ့မလဲ။

မကောင်းတဲ့သူတွေကြားမှာ နေရပေမဲ့ ယေဟောဝါဘုရားအပေါ် ယုံကြည်ခြင်း တည်ဆောက်ဖို့ လူငယ်ရှမွေလဆီကနေ သင်ယူစရာ အများကြီးရှိ

၃၊ ၄။ (က) ရှမွေလက သူ့ရဲ့ လူငယ်ဘဝအကြောင်း ဘာကြောင့် ပြန်ပြောခဲ့တာလဲ။ (ခ) ရှမွေလရဲ့ ယုံကြည်ခြင်း စံနမူနာက ဒီနေ့ခေတ် ကျွန်တော်တို့အတွက် ဘာကြောင့် အကျိုးရှိသလဲ။

၃ ဒါနဲ့ ရှမွေလက “ကျွန်တော်ကတော့ အိုမင်းပြီး ဆံဖြူနေပြီ”လို့ လူအုပ်ကို ပြောလိုက်တယ်။ ဖြူဖွေးနေတဲ့ သူ့ရဲ့ ဆံပင်က သူ့စကားကို ပိုပြီး လေးနက်စေမှာပါ။ အဲဒီနောက် “ကျွန်တော်က ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ခင်ဗျားတို့ကို ဦးဆောင်ခဲ့တယ်” ဆိုပြီး ဆက်ပြောတယ်။ (၁ ရှ. ၁၁:၁၄၊ ၁၅။ ၁၂:၂) ရှမွေလဟာ အသက်ကြီးနေပေမဲ့ သူ့ရဲ့ လူငယ်ဘဝကို မမေ့သေးပါဘူး။ ငယ်စဉ်က အဖြစ်အပျက်တွေကို သူ ကောင်းကောင်း မှတ်မိနေတုန်းပဲ။ လူငယ်ဘဝမှာ ချခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက ယေဟောဝါဘုရားကို ယုံကြည်ပြီး အကြွင်းမဲ့ဝတ်ပြုဖို့ လမ်းကြောင်း ပေးခဲ့တယ်။

၄ ယုံကြည်ခြင်းမရှိ၊ သစ္စာမဲ့တဲ့ လူတွေအလယ်မှာ ရှမွေလ နေရလို့ သူ့ရဲ့ယုံကြည်ခြင်းကို ထိန်းသိမ်းကာကွယ်ဖို့ အတော်လေး ကြိုးစားခဲ့ရတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့လည်း ယုံကြည်ခြင်းမရှိ၊ အကျင့်ပျက်တဲ့ ကမ္ဘာပေါ်မှာ အသက်ရှင်နေရတဲ့အတွက် ယုံကြည်ခြင်းရှိဖို့ မလွယ်ဘူး။ (လုကာ ၁၈:၈ ကိုဖတ်ပါ။) ဒါကြောင့် ရှမွေလရဲ့ ငယ်စဉ်ဘဝကစပြီး အိုတဲ့အထိ သူ့ရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်တယ်ဆိုတာ ကြည့်ကြစို့။

‘လူငယ်လေးဖြစ်တဲ့ ရှမွေလ ယေဟောဝါရှေ့မှာ အမှုဆောင်နေ’

၅၊ ၆။ ရှမွေလရဲ့ လူငယ်ဘဝက တခြားသူတွေနဲ့ ဘယ်လို ကွာခြားသလဲ။ သူ့ကို စောင့်ရှောက်ကြမယ်လို့ မိဘတွေ ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

၅ ရှမွေလရဲ့ လူငယ်ဘဝက တခြားသူတွေနဲ့ မတူဘူး။ နို့ဖြတ်ပြီးတဲ့အရွယ် သုံးနှစ် ဒါမှမဟုတ် သုံးနှစ်ကျော်ကျော် အရွယ်ကတည်းက ရှိလောမြို့မှာရှိတဲ့ ယေဟောဝါဘုရားရဲ့ ၀တ်ပြုရာတဲတော်မှာ သူ အမှုဆောင်ခဲ့တယ်။ ရှိလောမြို့ဟာ သူနေထိုင်တဲ့ ရာမမြို့ကနေ မိုင် ၂၀ ကျော်ဝေးတယ်။ မိဘနှစ်ပါးဖြစ်တဲ့ ဧလကာနနဲ့ ဟန္နတို့က သူ့ကို တစ်သက်လုံး နာဇရိလူဖြစ်ဖို့ ယေဟောဝါဘုရားဆီ အပ်နှံထားကြတာ။a မိဘတွေက ရှမွေလကို မချစ်လို့ စွန့်ပစ်လိုက်တဲ့ သဘောလား။

၆ လုံးဝမဟုတ်ပါဘူး။ ရှိလောမြို့မှာနေတဲ့ သားလေးကို ကြည့်ရှုစောင့်ရှောက်ပေးကြမယ်ဆိုတာ မိဘတွေ သိထားတယ်။ ရှမွေလက ပုရောဟိတ်မင်း ဧလိနဲ့ အနီးကပ် အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ဧလိလည်း ကြည့်ရှုပေးမှာ သေချာတယ်။ ဝတ်ပြုရာတဲတော်မှာ အမှုဆောင်နေကြတဲ့ အမျိုးသမီးတွေကလည်း ဝိုင်းဝန်း စောင့်ရှောက်ပေးကြမှာ သေချာတယ်။—ထွ. ၃၈:၈။ သူကြီး. ၁၁:၃၄-၄၀။

၇၊ ၈။ (က) ရှမွေလရဲ့ မိဘတွေက သားလေးကို နှစ်တိုင်း ဘယ်လို အားပေးသလဲ။ (ခ) ရှမွေလရဲ့ မိဘတွေဆီကနေ ဒီနေ့ခေတ် မိဘတွေ ဘာသင်ယူနိုင်သလဲ။

၇ အဲဒီအပြင် ဧလကာနနဲ့ ဟန္နတို့ဟာ ဆုတောင်းလို့ရတဲ့ ချစ်ရတဲ့ သားဦးလေးကို ဘယ်တော့မှ မမေ့ဘူး။ ဟန္နက သားလေးရဖို့ ဆုတောင်းပြီး သားကို ဘုရားသခင့်အမှုဆောင်ဖို့ အပ်နှံပါ့မယ်လို့ ကတိပေးခဲ့တာ။ နှစ်တိုင်း ရှမွေလရှိတဲ့ တဲတော်ကို ဟန္နသွားတဲ့အခါ သားလေးအမှုဆောင်ချိန်မှာ ဝတ်ဖို့ ကိုယ်တိုင်ချုပ်ထားတဲ့ ဝတ်ရုံလေး ယူသွားပေးတယ်။ အမေရောက်လာတဲ့အခါ ရှမွေလလေး ဘယ်လောက် ပျော်လိုက်မလဲ။ ဝတ်ပြုရာအိမ်တော်မှာ ယေဟောဝါဘုရားရဲ့ အမှုကိုဆောင်ရတာက တကယ့်အခွင့်ထူး ဖြစ်တယ်ဆိုပြီး မိဘတွေ ပြောပြတာ၊ အားပေးတာတွေက သူ့အတွက် အားရှိစရာဖြစ်မှာ သေချာတယ်။

၈ ဒီနေ့ခေတ် မိဘတွေဟာ ဧလကာနနဲ့ ဟန္နတို့ဆီကနေ အများကြီး သင်ယူနိုင်တယ်။ မိဘအများစုဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးလာအောင် သင်ပေးမယ့်အစား ကာယရေး လိုအပ်ချက်တွေကိုပဲ ဦးစားပေး ဂရုစိုက်တတ်ကြတယ်။ ရှမွေလရဲ့ မိဘတွေကျတော့ မိသားစုလိုက် ဘုရားနဲ့ ပိုရင်းနှီးလာဖို့ကို ဦးစားထားကြတယ်။ ဒါကြောင့် ရှမွေလဟာ ယုံကြည်ခြင်း ခိုင်မြဲတဲ့သူအဖြစ် ကြီးပြင်းလာခဲ့တယ်။—ပညာအလိမ္မာ ၂၂:၆ ကိုဖတ်ပါ။

၉၊ ၁၀။ (က) ဝတ်ပြုရာတဲတော်ရဲ့ ပုံစံနဲ့ တဲတော်အပေါ်ထားရှိတဲ့ လူငယ်ရှမွေလရဲ့ ခံစားချက်ကို ပြောပြပါ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။) (ခ) ရှမွေလရဲ့ တာဝန်တွေက ဘာတွေလဲ။ ဒီနေ့ခေတ်လူငယ်တွေ ရှမွေလကို ဘယ်လို အတုယူနိုင်သလဲ။

၉ ရှမွေလလေး တဖြည်းဖြည်း ကြီးလာပြီး ရှိလောမြို့ ပတ်ဝန်းကျင်က တောင်ကုန်းတွေပေါ်မှာ လျှောက်လည်တာကို မြင်ယောင်ကြည့်လိုက်ပါ။ တောင်ကုန်းပေါ်ကနေ ကြည့်လိုက်တဲ့အခါ ရှိလောမြို့နဲ့ မြို့တစ်ဖက်က ချိုင့်ဝှမ်းကို တွေ့ရလိမ့်မယ်။ အဲဒီအခါ ယေဟောဝါဘုရားရဲ့ ဝတ်ပြုရာတဲတော်ကို သူတွေ့ပြီး စိတ်ကြည်နူး၊ ဂုဏ်ယူမိမှာပဲ။ ဒီဝတ်ပြုရာတဲတော်ဟာ တကယ် မြင့်မြတ်တဲ့နေရာပါ။b ဒီဝတ်ပြုရာတဲတော်ကို လွန်ခဲ့တဲ့ အနှစ် ၄၀၀ နီးပါးက မောရှေကိုယ်တိုင် ကြီးကြပ်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယေဟောဝါဘုရားကို အဲဒီနေရာမှာပဲ ဝတ်ပြုကြတယ်။

၁၀ လူငယ်ရှမွေလဟာ ဝတ်ပြုရာတဲတော်မှာ အမှုဆောင်ရတာကို ပိုပြီး တန်ဖိုးထားလာတယ်။ နောက်ပိုင်း သူကိုယ်တိုင် ရေးတဲ့ ကျမ်းမှတ်တမ်းမှာ “လူငယ်လေးဖြစ်တဲ့ ရှမွေလကတော့ ချည်သင်တိုင်းကို ဝတ်ပြီး ယေဟောဝါရှေ့မှာ အမှုဆောင်နေတယ်” လို့ ဖတ်ရတယ်။ (၁ ရှ. ၂:၁၈) ရှမွေလဝတ်တဲ့ အပေါ်ဝတ်ရုံက တဲတော်မှာရှိတဲ့ ပုရောဟိတ်တွေကို သူကူညီပေးတယ်ဆိုတာ ဖော်ပြတယ်။ ရှမွေလဟာ ပုရောဟိတ်အတန်းစား မဟုတ်ပေမဲ့ ဝတ်ပြုရာတဲတော်ရဲ့ ခြံဝင်းတံခါးကို မနက်တိုင်း ဖွင့်ပေးရတယ်။ သက်ကြီးရွယ်အို ဧလိရဲ့ ဝေယျာဝစ္စတွေကိုလည်း လုပ်ပေးရတယ်။ ဒီလိုလုပ်ပေးရတဲ့ အခွင့်ထူးကို ရှမွေလ သိပ်တန်ဖိုးထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်လာတယ်။ ယေဟောဝါဘုရားရဲ့ အိမ်တော်မှာ တစ်ခုခုတော့ လွဲမှားနေပြီ။

အကျင့်ပျက်သူတွေကြားမှာ စင်ကြယ်နေ

၁၁၊ ၁၂။ (က) ဟောဖနိနဲ့ ဖိနဟတ်တို့ရဲ့ အကြီးဆုံးအမှားက ဘာလဲ။ (ခ) တဲတော်မှာ ဘယ်လို ဆိုးသွမ်းမှုနဲ့ အကျင့်ပျက်ပြားမှုတွေကို သူတို့ လုပ်နေကြသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၁ ရှမွေလဟာ လူငယ်အရွယ်မှာ ဆိုးသွမ်းမှုနဲ့ အကျင့်ပျက်ပြားမှုတွေကို တွေ့ခဲ့ရတယ်။ ဧလိမှာ ဟောဖနိနဲ့ ဖိနဟတ်ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ “ဧလိရဲ့သားတွေကတော့ ဆိုးညစ်သူတွေ၊ ယေဟောဝါကို မလေးစားသူတွေပဲ” ဆိုပြီး ရှမွေလ မှတ်တမ်းတင်ခဲ့တယ်။ (၁ ရှ. ၂:၁၂) ဒီအခန်းငယ်မှာ ဖော်ပြထားတဲ့ အချက်နှစ်ချက်က ဆက်စပ်နေတယ်။ ဟောဖနိနဲ့ ဖိနဟတ်တို့ဟာ ယေဟောဝါဘုရားကို မလေးစားတဲ့အတွက် မူရင်းစာသားအရ “အသုံးမကျတဲ့သား” တွေဖြစ်တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေ၊ တောင်းဆိုချက်တွေကို သူတို့ အလေးမထားကြဘူး။ အဲဒါကြောင့် တခြားအပြစ်တွေကိုလည်း သူတို့ ကျူးလွန်ခဲ့ကြတယ်။

၁၂ ဘုရားသခင့်ပညတ်မှာ ပုရောဟိတ်တွေရဲ့ တာဝန်နဲ့ ပူဇော်သက္ကာတွေကို ဘယ်လို ဆက်သရမယ်ဆိုတာ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ အဲဒါက သင့်တော်ပါတယ်။ အဲဒီပူဇော်သက္ကာတွေက အပြစ်တွေကို ခွင့်လွှတ်ဖို့ ဘုရားသခင်ရဲ့ ပြင်ဆင်ချက်တွေကို ကိုယ်စားပြုတယ်။ အဲဒီပြင်ဆင်ပေးချက်တွေကြောင့် လူတွေဟာ ဘုရားသခင်အမြင်မှာ စင်ကြယ်သူတွေ ဖြစ်လာမယ်။ ဘုရားသခင့်ကောင်းချီးနဲ့ လမ်းညွှန်မှုကို ရထိုက်သူတွေ ဖြစ်လာမယ်။ ဒါပေမဲ့ ဟောဖနိနဲ့ ဖိနဟတ်တို့ကြောင့် တခြားပုရောဟိတ်တွေလည်း ပူဇော်ဆက်သထားတာတွေကို မခန့်လေးစား လုပ်လာကြတယ်။c

၁၃၊ ၁၄။ (က) တဲတော်မှာဖြစ်နေတဲ့ ဆိုးသွမ်းမှုတွေကြောင့် စိတ်ရင်းမှန်တဲ့လူတွေ ဘယ်လို စိတ်ထိခိုက်နေကြသလဲ။ (ခ) ဧလိဟာ အဖေတစ်ယောက်အနေနဲ့ရော၊ ပုရောဟိတ်မင်းအနေနဲ့ပါ ဘယ်လို တာဝန်ပျက်ကွက်နေသလဲ။

၁၃ မတရားတဲ့ အဲဒီလုပ်ရပ်တွေကို ဘယ်သူမှ မဆုံးမဘဲ လွှတ်ထားတာကို လူငယ်ရှမွေလ တွေ့တဲ့အခါ အံ့သြနေမှာပဲ။ လူတွေက ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုနဲ့ ခွန်အားရဖို့ တဲတော်ကို ရောက်လာကြပေမဲ့ စိတ်ပျက်လက်ပျက် အရှက်တကွဲ ပြန်သွားကြရတယ်။ အဲဒီထဲမှာ ဆင်းရဲသားတွေနဲ့ ဖိနှိပ်ခံရသူတွေလည်း ပါမှာပဲ။ ဒါတွေကို ရှမွေလ တွေ့နေရတယ်။ ဟောဖနိနဲ့ ဖိနဟတ်တို့ဟာ ယေဟောဝါရဲ့ပညတ်ကို ချိုးဖောက်ပြီး တဲတော်မှာ အမှုဆောင်နေတဲ့ အမျိုးသမီးတချို့နဲ့ လိင်အကျင့်ပျက်ပြားနေတာကိုလည်း သူတွေ့တဲ့အခါ ဘယ်လို ခံစားနေရမလဲ။ (၁ ရှ. ၂:၂၂) အဲဒီအခြေအနေကို ပြုပြင်တည့်မတ်ဖို့ ဧလိ တစ်ခုခုလုပ်လိမ့်မယ်လို့ ရှမွေလ မျှော်လင့်နေမှာပဲ။

ဧလိရဲ့သားတွေ ဆိုးသွမ်းနေတာကို မြင်ပြီး ရှမွေလ တော်တော်စိတ်ပျက်ခဲ့မှာပဲ

၁၄ အဲဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဧလိမှာ အဓိက တာဝန်ရှိတယ်။ ဧလိဟာ ပုရောဟိတ်မင်းဖြစ်လို့ ဝတ်ပြုရာတဲတော်မှာ ဖြစ်ပျက်သမျှကို တာဝန်ယူရမယ်။ ဖခင်တစ်ယောက်အနေနဲ့ သားတွေကို ဆုံးမပဲ့ပြင်ဖို့ တာဝန်လည်း ရှိတယ်။ ဧလိရဲ့သားတွေဟာ သူတို့ကိုယ်တိုင်ကိုရော၊ တခြားသူတွေကိုပါ ထိခိုက်နစ်နာအောင် လုပ်နေကြတယ်။ ဒါပေမဲ့ ဧလိဟာ အဖေတာဝန်ကိုရော၊ ပုရောဟိတ်မင်းတာဝန်ကိုပါ မကျေပွန်ခဲ့ဘူး။ သားတွေကို ခပ်ပေါ့ပေါ့ပဲ ဆုံးမခဲ့တယ်။ (၁ ရှမွေလ ၂:၂၃-၂၅ ကိုဖတ်ပါ။) တကယ်တော့ သားတွေဟာ သေထိုက်တဲ့အပြစ်ကို ကျူးလွန်နေကြလို့ ပြင်းပြင်းထန်ထန် ဆုံးမဖို့လိုတယ်။

၁၅။ ယေဟောဝါဘုရားက ဧလိကို ဘယ်လို ပြင်းပြင်းထန်ထန် သတိပေးသလဲ။ အဲဒီသတိပေးချက်ကို သူ့မိသားစု ဘယ်လိုတုံ့ပြန်သလဲ။

၁၅ အခြေအနေက ဆိုးလွန်းလို့ ယေဟောဝါဘုရားဟာ အမည်မဖော်ပြထားတဲ့ ပရောဖက်တစ်ယောက်ကို ဧလိဆီ စေလွှတ်ပြီး ပြင်းထန်တဲ့ စီရင်ချက်သတင်းကို ပြောခိုင်းရတယ်။ ဧလိကို ယေဟောဝါဘုရားက “ဘာလို့ မင်းရဲ့သားတွေကို ငါ့ထက် ချီးမြှောက်နေရတာလဲ” လို့ ပြောတယ်။ အဲဒီနောက် ဧလိရဲ့ သားဆိုးတွေဟာ တစ်နေ့ထဲမှာပဲ သေကုန်မယ်၊ ဧလိတို့ မိသားစုဟာ အကြီးအကျယ် ဒုက္ခရောက်ပြီး ပုရောဟိတ်အဖြစ်ကနေ ဖယ်ရှားခံရမယ်လို့ ဘုရားသခင် ကြိုပြောခဲ့တယ်။ အဲဒီလို ပြင်းပြင်းထန်ထန် သတိပေးခံရလို့ ဧလိတို့ မိသားစု ပြုပြင်ပြောင်းလဲခဲ့ပါသလား။ ပြောင်းလဲတယ်ဆိုတဲ့ မှတ်တမ်း မတွေ့ရဘူး။—၁ ရှ. ၂:၂၇–၃:၁။

၁၆။ (က) လူငယ်လေးရှမွေလရဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်တမ်းတွေ ဖတ်ရသလဲ။ (ခ) အဲဒီမှတ်တမ်းတွေကို ဖတ်ရတဲ့အခါ အားရှိလာသလား။ ဘာကြောင့်လဲ။

၁၆ အဲဒီလို အကျင့်ပျက်မှုတွေက လူငယ် ရှမွေလအပေါ် ဘယ်လို ထိခိုက်ခဲ့သလဲ။ ဝမ်းနည်းစရာကောင်းတဲ့ ဒီမှတ်တမ်းထဲမှာ ရှမွေလရဲ့ ကောင်းသတင်းကို တစ်ခါတစ်ခါ ဖတ်ရပါတယ်။ ၁ ရှမွေလ ၂:၁၈ မှာ “လူငယ်လေးဖြစ်တဲ့ ရှမွေလကတော့ . . . ယေဟောဝါရှေ့မှာ အမှုဆောင်နေတယ်” လို့ ဖတ်ရတယ်။ ရှမွေလဟာ ငယ်ငယ်လေးကတည်းက ဘုရားသခင့်အမှုတော်ကို အာရုံစိုက်ခဲ့တယ်။ အခန်းငယ် ၂၁ ကို ဆက်ဖတ်ရင် “လူငယ်လေး ရှမွေလလည်း ယေဟောဝါရှေ့မှာ ကြီးပြင်းလာတယ်” ဆိုတဲ့စကားက ပိုလို့တောင် အားရှိစရာပဲ။ သူ အသက်ကြီးလာလေ ဘုရားသခင်နဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာလေပဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိထားတာက အကျင့်ပျက်မှုတွေကနေ ကာကွယ်ပေးတဲ့ အကောင်းဆုံးနည်းပဲ။

၁၇၊ ၁၈။ (က) အကျင့်ပျက်ပြားမှုတွေနဲ့ ကြုံနေရတဲ့ ခရစ်ယာန် လူငယ်တွေဟာ ရှမွေလရဲ့ စံနမူနာကို ဘယ်လို အတုယူနိုင်သလဲ။ (ခ) ရှမွေလ ရွေးချယ်တဲ့လမ်းစဉ် မှန်တယ်ဆိုတာ ဘယ်လို သိနိုင်သလဲ။

၁၇ ပုရောဟိတ်မင်းနဲ့ သူ့ရဲ့သားတွေတောင် မကောင်းတာတွေ လုပ်တယ်ဆိုရင် ငါလည်း လုပ်ချင်တာ လုပ်လို့ရတာပဲဆိုပြီး ရှမွေလ စဉ်းစားမိနိုင်တယ်။ ဒါပေမဲ့ အခွင့်အာဏာရှိသူတွေနဲ့ တခြားသူတွေ အကျင့်ပျက်ပြားနေလို့ ကိုယ်လည်း မကောင်းတာ လုပ်လို့ရတယ်ဆိုပြီး ဆင်ခြေပေးလို့မရဘူး။ ဒီနေ့ခေတ် စစ်မှန်တဲ့ ခရစ်ယာန်လူငယ်တွေဟာ သူတို့အတွက် ပုံသက်သေမကောင်းသူတွေ ရှိပေမဲ့ ရှမွေလကို အတုယူပြီး “ယေဟောဝါရှေ့မှာ ကြီးပြင်း” နေကြတယ်။

၁၈ အဲဒီလမ်းစဉ်ကို ရှမွေလ လိုက်ခဲ့လို့ ဘာအကျိုးရသလဲ။ “လူငယ်ရှမွေလဟာ ကြီးပြင်းလာပြီး ယေဟောဝါရှေ့မှာရော လူတွေရှေ့မှာပါ မျက်နှာသာရသူ ဖြစ်လာတယ်” လို့ ကျမ်းစာမှာ ဖတ်ရတယ်။ (၁ ရှ. ၂:၂၆) သူ့ရဲ့ သစ္စာရှိလမ်းစဉ်ကြောင့် ရှမွေလဟာ ယေဟောဝါရဲ့ ချစ်မြတ်နိုးမှုကို ခံရတဲ့အပြင် ဝတ်ပြုသူချင်းတွေရဲ့ ချစ်ခင်နှစ်သက်မှုကိုပါ ရရှိခဲ့တယ်။ ရှိလောမြို့မှာ ဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှု မှန်သမျှကို ဘုရားသခင် အရေးယူတော့မယ်လို့ ရှမွေလ သိထားတယ်။ ဒါပေမဲ့ ဘယ်တော့လဲ ဆိုတာကို သူသိချင်နေမှာပဲ။ တစ်ညမှာတော့ သိခွင့်ရခဲ့တယ်။

“ကျွန်တော် နားထောင်နေပါတယ်”

၁၉၊ ၂၀။ (က) တစ်ညမှာ ရှမွေလ ဘာကြုံတွေ့ခဲ့ရသလဲ။ (ခ) သူ့ကို ဘယ်သူခေါ်တယ်ဆိုတာ ဘယ်လို သိသွားသလဲ။ ဧလိကို သူ ဘယ်လို ဆက်ဆံခဲ့သလဲ။

၁၉ မိုးလင်းခါနီးနေပြီ။ တဲတော်ထဲက မီးခွက်လည်း မီးတောက်နေတုန်းပဲ။ တိတ်ဆိတ်နေတဲ့အချိန်မှာ သူ့နာမည် ခေါ်သံကို ရှမွေလ ကြားလိုက်တယ်။ အသက်လည်းကြီး၊ မျက်စိလည်းမှုန်နေတဲ့ ဧလိ ခေါ်တယ်လို့ ရှမွေလ ထင်နေတယ်။ ဒါနဲ့ ထပြီး ဧလိဆီ “ပြေးသွားတယ်။” ဧလိ ဘာများလိုချင်နေသလဲ မသိဘူးဆိုပြီး ရှမွေလလေး ဖိနပ်မပါဘဲ ပြေးသွားတာကို မြင်ယောင်ကြည့်လိုက်ပါ။ ရှမွေလက ဧလိကို လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံတာကို သိရတာ စိတ်ကြည်နူးစရာပဲ။ ဧလိမှာ အမှားတွေရှိပေမဲ့လည်း သူဟာ ယေဟောဝါဘုရားရဲ့ ပုရောဟိတ်မင်း ဖြစ်နေဆဲပဲ။—၁ ရှ. ၃:၂-၅။

၂၀ ဧလိကို ရှမွေလ နှိုးလိုက်ပြီး “ကျွန်တော့်နာမည် ခေါ်သံကြားလို့ လာတာပါ” လို့ပြောလိုက်တယ်။ ဒါပေမဲ့ ဧလိက သူခေါ်တာ မဟုတ်ဘူးဆိုပြီး ပြန်အိပ်ခိုင်းတယ်။ အဲဒီလို နောက်ထပ်နှစ်ကြိမ် ဖြစ်တယ်။ ဒါနဲ့ ဧလိ သဘောပေါက်သွားပြီ။ ယေဟောဝါဘုရားက သူ့ရဲ့လူမျိုးကို စိတ်အာရုံနဲ့ဖြစ်စေ၊ ကြိုဟောချက်ပေးတာနဲ့ဖြစ်စေ မဆက်သွယ်တာ ကြာနေပြီ။ ဘာကြောင့် မဆက်သွယ်လဲ ဆိုတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခု ယေဟောဝါက ရှမွေလနဲ့ ဆက်သွယ်နေတယ်ဆိုတာ ဧလိ သိလိုက်ရတယ်။ ဧလိက ရှမွေလကို ပြန်သွားအိပ်ခိုင်းပြီး နောက်တစ်ခါ ခေါ်သံကြားရင် ဘယ်လိုပြန်ဖြေရမယ်ဆိုတာ သင်ပေးလိုက်တယ်။ ရှမွေလလည်း စကားနားထောင်ပြီး ပြန်အိပ်လိုက်တယ်။ မကြာခင်မှာပဲ “ရှမွေလ၊ ရှမွေလ” ဆိုတဲ့ ခေါ်သံကို ပြန်ကြားတယ်။ ဒါနဲ့ သူက “ကျွန်တော် နားထောင်နေပါတယ်” လို့ပြန်ဖြေတယ်။—၁ ရှ. ၃:၁၊ ၅-၁၀။

၂၁။ အခုချိန်မှာ ယေဟောဝါရဲ့ စကားကို ဘယ်လိုကြားနိုင်သလဲ။ ဘုရားစကား နားထောင်တာက ဘာကြောင့် အကျိုးရှိသလဲ။

၂၁ နောက်ဆုံးတော့ ရှိလောမြို့မှာ ယေဟောဝါဘုရားရဲ့ စကားနားထောင်တဲ့ ကျေးကျွန်တစ်ယောက် ပေါ်လာပြီ။ ဘုရားသခင်ရဲ့ စကားကို နားထောင်တာက ရှမွေလရဲ့ ဘဝပုံစံ ဖြစ်လာတယ်။ သင်ကော အဲဒီလိုပဲလား။ ညအချိန်မှာ ကျွန်တော်တို့ကို စကားပြောမယ့် ထူးဆန်းတဲ့အသံ ကြားရဖို့ စောင့်နေစရာမလိုပါဘူး။ ဘုရားသခင်ရဲ့ အသံကို ကျမ်းစာကနေတစ်ဆင့် အမြဲ ကြားနေရပါတယ်။ ဘုရားသခင်ရဲ့ စကားကို နားထောင်ပြီး ပြောတဲ့အတိုင်းလုပ်လေ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း တိုးများလေပဲ။ ရှမွေလဘဝမှာ အဲဒီလိုပဲ ဖြစ်လာတယ်။

ယေဟောဝါရဲ့ တရားစီရင်ချက်သတင်းအကြောင်း ဧလိကို လူငယ်လေး ရှမွေလ ပြောပြနေ

ရှမွေလဟာ ကြောက်နေပေမဲ့ ဧလိကို ယေဟောဝါဘုရားရဲ့တရား စီရင်ချက်ကို အမှန်အတိုင်းပြောပြခဲ့

၂၂၊ ၂၃။ (က) အစပိုင်းမှာ ရှမွေလ မပြောရဲတဲ့ သတင်းစကားက ဘယ်လို ပြည့်စုံလာသလဲ။ (ခ) ရှမွေလရဲ့ ဂုဏ်သတင်းက ဘယ်လို မွှေးပျံ့ခဲ့သလဲ။

၂၂ အဲဒီညက အဖြစ်အပျက်ဟာ ရှမွေလရဲ့ ဘဝအတွက် တကယ်အရေးပါခဲ့တယ်။ အကြောင်းကတော့ အဲဒီအချိန်ကစပြီး သူဟာ ယေဟောဝါဘုရားနဲ့ အထူးဆက်ဆံရေး ရရှိခဲ့တယ်။ ဒီ့အပြင် ဘုရားသခင်ရဲ့ ပရောဖက်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့တယ်။ အစပိုင်းမှာတော့ ဒီလူငယ်လေးဟာ ဧလိကို ယေဟောဝါဘုရားရဲ့ သတင်းစကား မပြောရဲဘူး။ အဲဒီသတင်းစကားက ဧလိရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ နောက်ဆုံးကြေညာချက်ဖြစ်ပြီး မကြာခင် အဲဒီအတိုင်း ဖြစ်တော့မယ်။ ဒါပေမဲ့ ရှမွေလ အားတင်းပြီး ဧလိကို အကုန် ပြောပြလိုက်တယ်။ ဧလိကလည်း ဘုရားသခင်ရဲ့ စီရင်ချက်ကို နှိမ့်ချစွာ လက်ခံတယ်။ မကြာခင်မှာပဲ ယေဟောဝါဘုရား ပြောတဲ့အတိုင်း အားလုံး ဖြစ်ပျက်လာတယ်။ အစ္စရေးလူတွေဟာ ဖိလိတိလူတွေနဲ့ စစ်တိုက်တယ်၊ ဟောဖနိနဲ့ ဖိနဟတ်တို့ တစ်နေ့တည်းမှာပဲ အသတ်ခံလိုက်ရတယ်၊ ပဋိညာဉ်သေတ္တာလည်း ရန်သူ့လက်ထဲ ပါသွားတယ် ဆိုတဲ့သတင်း ကြားလိုက်တာနဲ့ ဧလိ သေသွားတယ်။—၁ ရှ. ၃:၁၀-၁၈။ ၄:၁-၁၈။

၂၃ ဒါပေမဲ့ သစ္စာရှိပရောဖက် ရှမွေလရဲ့ ဂုဏ်သတင်းကတော့ မွှေးပျံ့လို့ပါပဲ။ “ယေဟောဝါက သူနဲ့အတူ ရှိပြီး” သူပြောသမျှ တစ်ခွန်းမကျန် ပြည့်စုံစေတယ်လို့ မှတ်တမ်းက ဆက်ပြောတယ်။—၁ ရှမွေလ ၃:၁၉ ကိုဖတ်ပါ။

“ယေဟောဝါဆီ ရှမွေလ ဆုတောင်း”

၂၄။ နောက်ပိုင်းမှာ အစ္စရေးတွေ ဘာဆုံးဖြတ်ခဲ့ကြသလဲ။ အဲဒါက ဘာကြောင့် ကြီးလေးတဲ့အပြစ် ဖြစ်သလဲ။

၂၄ အစ္စရေးလူတွေဟာ ရှမွေလရဲ့ ဦးဆောင်မှုကို လိုက်ပြီး ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ သစ္စာရှိသူတွေ ဖြစ်လာကြသလား။ မဖြစ်လာကြပါဘူး။ ကြာလာတော့ သာမန်ပရောဖက်က တရားစီရင်နေတာကို သူတို့ မကျေနပ်နိုင်တော့ဘူး။ တခြားနိုင်ငံတွေလိုပဲ လူသားဘုရင်တစ်ပါး လိုချင်လာကြတယ်။ ယေဟောဝါဘုရားရဲ့ ညွှန်ကြားချက်အရ သူတို့ တောင်းဆိုတာကို ရှမွေလ ပေးလိုက်တယ်။ ဒါပေမဲ့ အစ္စရေးလူတွေရဲ့ အပြစ်က ဘယ်လောက် ကြီးလေးတယ်ဆိုတာကိုတော့ ရှမွေလ ထုတ်ဖော်ပြရမယ်။ သူတို့က ရှမွေလကိုသာမက ယေဟောဝါဘုရားကိုပါ ငြင်းပယ်နေကြတာ။ ဒါကြောင့် ဂိလဂါလမြို့ကို လာဖို့ အစ္စရေးလူတွေကို ဆင့်ခေါ်လိုက်တယ်။

မိုးသက်မုန်တိုင်းကြားမှာ အသက်ကြီးတဲ့ ရှမွေလ ကောင်းကင်ကို မော့ကြည့်နေ၊ သူ့အနားကလူတွေ ကြောက်နေကြ

ယုံကြည်ခြင်းနဲ့ ရှမွေလ ဆုတောင်းတဲ့အခါ ယေဟောဝါဘုရားက မိုးသက်မုန်တိုင်း ကျရောက်စေခဲ့

၂၅၊ ၂၆။ ဂိလဂါလမြို့မှာ သက်ကြီးရွယ်အို ရှမွေလဟာ သူ့လူတွေ ဘယ်လောက် အပြစ်ကြီးတယ်ဆိုတာ သိအောင် ဘယ်လို ကူညီပေးခဲ့သလဲ။

၂၅ ဂိလဂါလမြို့မှာ အစ္စရေးလူတွေကို ရှမွေလ စကားပြောတဲ့အချိန်ကို ပြန်မြင်ယောင်ကြည့်ကြစို့။ အဲဒီမှာ သက်ကြီးရွယ်အို ရှမွေလက သူ့ရဲ့ သမာဓိစောင့်သိတဲ့ လမ်းစဉ်အကြောင်း အစ္စရေးတွေကို သတိရစေတယ်။ အဲဒီနောက် မိုးတွေ ထစ်ချုန်းရွာစေဖို့ “ယေဟောဝါဆီ ရှမွေလ ဆုတောင်းလိုက်” တယ်။—၁ ရှ. ၁၂:၁၇၊ ၁၈။

၂၆ ဒါပေမဲ့ ခြောက်သွေ့ရာသီမှာ မိုးသက်မုန်တိုင်း ကျနိုင်ပါ့မလား။ အဲဒီလို တစ်ခါမှ မဖြစ်ဖူးဘူး။ လူအုပ်ထဲမှာ လှောင်ပြောင်သူတွေ ရှိနေမယ်ဆိုရင် ကြာကြာ မလှောင်ပြောင်လိုက်ရပါဘူး။ မိုးကောင်းကင်ဟာ ရုတ်တရက် မှောင်မည်းလာတယ်။ ဂျုံစပါးခင်းတွေ ပိပြားသွားတဲ့အထိ လေပြင်းတိုက်ခတ်လာတယ်။ မိုးခြိမ်းသံတွေကလည်း နားကွဲလုမတတ်ပဲ။ ပြီးတော့ မိုးရွာချလာပါလေရော။ ဒါနဲ့ လူတွေ ဘယ်လို ဖြစ်ကုန်ကြသလဲ။ “လူတွေက ယေဟောဝါနဲ့ ရှမွေလကို အကြီးအကျယ် ကြောက်ရွံ့” သွားတယ်။ နောက်ဆုံးတော့ သူတို့ အပြစ် ဘယ်လောက် ကြီးတယ်ဆိုတာ သိမြင်သွားပါပြီ။—၁ ရှ. ၁၂:၁၈၊ ၁၉။

၂၇။ ရှမွေလရဲ့ ယုံကြည်ခြင်းကို အတုယူသူတွေကို ယေဟောဝါဘုရား ဘယ်လို ရှုမြင်သလဲ။

၂၇ အဲဒီလိုနဲ့ ရှမွေလမဟုတ်ဘဲ ယေဟောဝါဘုရားက သူတို့ရဲ့ ပုန်ကန်မှုကို သိမြင်သွားစေခဲ့တယ်။ ရှမွေလဟာ ငယ်ငယ်ကတည်းကစပြီး အိုမင်းတဲ့အချိန်ထိ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားခဲ့တယ်။ အဲဒါကြောင့်လည်း သူ့ကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။ ဒီနေ့အထိ ယေဟောဝါဘုရားက မပြောင်းလဲဘူး။ ရှမွေလရဲ့ ယုံကြည်ခြင်းကို အတုယူသူတွေကို ဆက်ကူညီပေးနေတုန်းပါပဲ။

a နာဇရိလူတွေဟာ အရက်မသောက်ဖို့၊ ဆံပင်မညှပ်ဖို့ စတဲ့ ကတိသစ္စာတွေ ပြုကြရတယ်။ လူအများစုက အချိန်အကန့်အသတ်ပဲ အဲဒီလို ကတိသစ္စာပြုကြပေမဲ့ ရှံဆုန်၊ ရှမွေလနဲ့ နှစ်ခြင်းပေးသူ ယောဟန်တို့ကတော့ ရာသက်ပန် နာဇရိလူတွေ ဖြစ်ကြတယ်။

b ဝတ်ပြုရာတဲတော်ဟာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ထောင့်မှန်စတုဂံပုံ တဲရှင်ဖြစ်တယ်။ အဲဒီတဲတော်ကို အကောင်းဆုံး ပစ္စည်းတွေဖြစ်တဲ့ တဟာရှသားရေ၊ ပန်းထိုးထားတဲ့ ပိတ်ထည်၊ ရွှေပြား၊ ငွေပြားအုပ်ထားတဲ့ တန်ဖိုးကြီးသစ်တွေနဲ့ ဆောက်လုပ်ထားတယ်။ ထောင့်မှန်စတုဂံပုံ ဝင်းရဲ့ အလယ်မှာ တဲတော်အပြင် ပူဇော်ဖို့ ပလ္လင်ကြီးတစ်ခုလည်း ရှိတယ်။ နောက်ပိုင်းမှာတော့ ဝတ်ပြုရာတဲတော်ရဲ့ ဘေးဘက်တွေမှာ ပုရောဟိတ်တွေ အသုံးပြုဖို့ တခြားအခန်းတွေ ဆောက်လုပ်ခဲ့ပုံရှိတယ်။ အဲဒီလိုအခန်းတစ်ခန်းထဲမှာ ရှမွေလ အိပ်ခဲ့တာဖြစ်နိုင်တယ်။

c ဒီမှတ်တမ်းမှာ မခန့်လေးစား လုပ်ရပ်နှစ်ခုကို တွေ့ရတယ်။ ပုရောဟိတ်တွေဟာ ပူဇော်ရာတွေရဲ့ ဘယ်အပိုင်းတွေကိုပဲ စားလို့ရတယ်ဆိုတာ ပညတ်တရားမှာ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ (တရား. ၁၈:၃) ဒါပေမဲ့ ဝတ်ပြုရာတဲတော်မှာ ဆိုးသွမ်းတဲ့ ပုရောဟိတ်တွေက အဲဒီပညတ်ကို မလိုက်နာကြဘူး။ သူတို့ရဲ့ နောက်လိုက်တွေကို အသားပြုတ်အိုးထဲက ကောင်းတဲ့အပိုင်းတွေကို ခက်ရင်းနဲ့ထိုးပြီး ယူလာခိုင်းတယ်။ နောက်တစ်ခုကတော့ လူတွေက ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ဖို့ အသားစိမ်းတွေ ယူလာတဲ့အခါ ဆိုးသွမ်းတဲ့ အဲဒီပုရောဟိတ်တွေက သူတို့ရဲ့ နောက်လိုက်ကို လွှတ်ပြီး ယေဟောဝါဘုရားရှေ့ ဆီဥကို မပူဇော်ရသေးခင် အသားစိမ်းတွေကို အတင်းအဓမ္မ ဝင်ယူခိုင်းတယ်။—ဝတ်. ၃:၃-၅။ ၁ ရှ. ၂:၁၃-၁၇။

စဉ်းစားစရာ မေးခွန်းများ

  • လူငယ်ဘဝမှာ ယုံကြည်ခြင်းတိုးပွားနေဖို့ ရှမွေလကို ဘာက ကူညီပေးခဲ့သလဲ။

  • မကောင်းတဲ့သြဇာတွေ မကူးစက်ရအောင် ရှမွေလရဲ့ ယုံကြည်ခြင်းက သူ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။

  • ကြောက်စိတ် ပျောက်သွားရအောင် ရှမွေလရဲ့ ယုံကြည်ခြင်းက သူ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။

  • ရှမွေလရဲ့ ယုံကြည်ခြင်းကို အတုယူနိုင်တဲ့ နည်းတချို့က ဘာလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ