ခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးထားလေးမြတ်ခြင်း
“မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း . . . အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။”—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၁၊ ၂။ (က) စစ်မှန်သောခရစ်ယာန်များ၏ အစည်းအဝေးကိုတက်ရောက်ခြင်းသည် အဘယ်ကြောင့် အခွင့်ထူးဖြစ်သနည်း။ (ခ) မိမိနောက်တော်လိုက်များ၏ စည်းဝေးခြင်းများတွင် အဘယ်သဘောဖြင့် ယေရှုရောက်ရှိတော်မူသနည်း။
“အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာငါရှိသည်” ဟုယေရှုမိန့်တော်မူသည့်အတွက် ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများ၏ ဆယ်ယောက်ထက်နည်းသည့်စုဝေးခြင်းဖြစ်စေ၊ ထောင်နှင့်ချီသည့်စုဝေးခြင်းဖြစ်စေ ၎င်းခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်ခြင်းသည် မည်မျှအခွင့်ထူးပါသည်တကား! (မဿဲ ၁၈:၂၀) ထိုကတိတော်ကို ကိုယ်တော်ပေးတော်မူသောအခါ အသင်းတော်တွင် တာဝန်ယူဦးဆောင်သူများမှန်ကန်စွာကိုင်တွယ်ရန်လိုအပ်သည့် တရားရေးကိစ္စများအကြောင်း ယေရှုဆွေးနွေးနေခြင်းဖြစ်သည်မှာ မှန်ပါသည်။ (မဿဲ ၁၈:၁၅-၁၉) သို့သော် ယေရှု၏စကားများသည် ကိုယ်တော်၏နာမ၌ဆုတောင်းခြင်းဖြင့်ဖွင့်၍ပိတ်သော ခရစ်ယာန်စုဝေးမှုအားလုံးနှင့် မူအရသက်ဆိုင်နိုင်သလော။ သက်ဆိုင်ပါသည်။ ယေရှုသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကိုလုပ်ဆောင်ကြရန် မိမိ၏နောက်တော်လိုက်များအား တာဝန်ပေးအပ်သောအခါ ဤသို့ကတိပေးတော်မူခဲ့ကြောင်းကို သတိရပါ– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၂၀။
၂ အသင်းတော်၏ဦးခေါင်း သခင်ယေရှုခရစ်သည် မိမိ၏သစ္စာရှိနောက်တော်လိုက်များ၏ စုဝေးမှုတိုင်းအား အလွန်ပင်စိတ်ဝင်စားကြောင်းကို ယုံမှားဖွယ်မရှိနိုင်ပါ။ ထို့ပြင် ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူတို့နှင့်အတူရှိနေတော်မူကြောင်း သေချာနိုင်ပါသည်။ (တမန်တော် ၂:၃၃; ဗျာဒိတ် ၅:၆) ယေဟောဝါဘုရားသခင်သည်လည်း ကျွန်ုပ်တို့အတူတကွစည်းဝေးခြင်းကို စိတ်ဝင်စားတော်မူ၏။ ထိုသို့သောအစည်းအဝေးများ၏ အဓိကရည်ရွယ်ချက်ကား “ပရိသတ်အလယ်မှာ” ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းရန်အတွက်ဖြစ်သည်။ (ဆာလံ ၂၆:၁၂) အသင်းတော်အစည်းအဝေးများကို ကျွန်ုပ်တို့တက်ရောက်နေခြင်းသည် ကိုယ်တော်အား ကျွန်ုပ်တို့ချစ်မြတ်နိုးသည့် သာဓကဖြစ်သည်။
၃။ ခရစ်ယာန်အစည်းအဝေးများကို လေးမြတ်ရသည့် အရေးကြီးသောအကြောင်းရင်းများကား အဘယ်နည်း။
၃ ခရစ်ယာန်စုဝေးမှုများကို ကျွန်ုပ်တို့ လေးမြတ်ရသည့် အခြားခိုင်လုံသောအကြောင်းရင်းများရှိပါသည်။ ခရစ်တော်ယေရှုကမ္ဘာပေါ်မှမထွက်ခွာမီတွင် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အား အချိန်တန်ဝိညာဉ်အစာကိုကျွေးမွေးရာတွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” အဖြစ်လုပ်ဆောင်ရန် မိမိ၏ဘိသိက်ခံတပည့်တော်များကို ကိုယ်တော်ခန့်အပ်တော်မူခဲ့သည်။ (မဿဲ ၂၄:၄၅၊ သမ) ထိုသို့ဝိညာဉ်အစာကျွေးမွေးသည့် အရေးကြီးသောနည်းတစ်နည်းမှာ အသင်းတော်အစည်းအဝေးများအပြင် သာ၍ကြီးမားသောအစည်းအဝေးများ—အစည်းအဝေးများနှင့် စည်းဝေးကြီးများ—အားဖြင့်ကျွေးမွေးခြင်းဖြစ်သည်။ ဤဆိုးသွမ်းသောအစီအစဉ်၏အဆုံးကို ကပ်ကျော်ရန်နှင့် ဘုရားသခင်၏ကမ္ဘာသစ်တွင် အသက်ရရန်လိုလားသူများသည် ထိုအစည်းအဝေးများတွင် အရေးပါသောအကြောင်းအရာတို့ကိုရရှိစေရန် ဤသစ္စာရှိကျေးကျွန်ကို သခင်ယေရှုခရစ်လမ်းညွှန်တော်မူ၏။
၄။ အဘယ်အန္တရာယ်ရှိသော “ထုံးစံ” ကိုကျမ်းစာတွင်ဖော်ပြထားပြီး ၎င်းကိုရှောင်ကြဉ်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
၄ ထို့ကြောင့် တမန်တော်ပေါလုသတိပြုမိခဲ့သည့် အန္တရာယ်ရှိသောထုံးစံကို မည်သည့်ခရစ်ယာန်မျှမလိုက်နိုင်ပါ၊ သူဤသို့ရေးသားခဲ့သည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်အစည်းအဝေးတက်ရောက်ခြင်း၏ အခွင့်အရေးနှင့်အကျိုးကျေးဇူးကို ဆင်ခြင်သုံးသပ်ခြင်းက ထိုအစည်းအဝေးများကို သစ္စာစောင့်သိစွာနှင့် နှလုံးအကြွင်းမဲ့ထောက်ခံရန် ကူညီပေးပါလိမ့်မည်။
တည်ဆောက်မှုပေးသောအစည်းအဝေးများ
၅။ (က) အစည်းအဝေးများတွင် ကျွန်ုပ်တို့၏စကားသည် မည်သို့ အကျိုးသက်ရောက်သင့်သနည်း။ (ခ) စိတ်ဝင်စားသူများအား အစည်းအဝေးများတက်ရောက်ရန်ဖိတ်ခေါ်ခြင်းကို အဘယ်ကြောင့် မဖင့်နွှဲသင့်သနည်း။
၅ ခရစ်ယာန်အစည်းအဝေးများတွင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် ပါဝင်လှုပ်ရှားရန် ခရစ်ယာန်များဆုတောင်းကြသောကြောင့် တက်ရောက်သူတိုင်းသည် ဝိညာဉ်တော်၏အလိုနှင့်အညီ အကောင်းဆုံးလုပ်ဆောင်သင့်ပြီး “ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေ” သင့်ပါ။ (ဧဖက် ၄:၃၀) ထိုမှုတ်သွင်းခံစကားများကို တမန်တော်ပေါလုရေးသားသောအခါ ကောင်းသောစကားအသုံးပြုခြင်းကို သူဆွေးနွေးနေခြင်းဖြစ်သည်။ ပြောဆိုသည့်စကားသည် “ကြားနာသောသူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကား” အမြဲဖြစ်သင့်သည်။ (ဧဖက် ၄:၂၉) အထူးသဖြင့် ခရစ်ယာန်အစည်းအဝေးများတွင် ထိုသို့ဖြစ်ရန် အရေးကြီးသည်။ ကောရိန္သုမြို့သားများထံရေးသော စာတွင် ပေါလုက အစည်းအဝေးများသည် တည်ဆောက်မှုပေးသော၊ သိမှတ်ဖွယ်ရာပို့ချပေးသော၊ အားပေးမှုဖြစ်စေသောအစည်းအဝေးများဖြစ်ရန်လိုကြောင်း အလေးပေးဖော်ပြခဲ့သည်။ (၁ ကောရိန္သု ၁၄:၅၊ ၁၂၊ ၁၉၊ ၂၆၊ ၃၁) လူသစ်များအပါအဝင်၊ ထိုသို့သောအစည်းအဝေးများမှ အကျိုးရရှိသည့် တက်ရောက်သူအားလုံးသည် ဤသို့ကောက်ချက်ချကြပေမည်– “ဘုရားသခင်သည် သူတို့တွင်အမှန်ရှိတော်မူသည်။” (၁ ကောရိန္သု ၁၄:၂၅) ထိုအကြောင်းကြောင့် ကျွန်ုပ်တို့နှင့်အတူစည်းဝေးရန် စိတ်ဝင်စားသူလူသစ်များကိုဖိတ်ခေါ်ရာတွင် မဖင့်နွှဲသင့်၊ ထိုသို့ပြုခြင်းက သူတို့၏ဝိညာဉ်ရေးတိုးတက်မှုကိုမြန်ဆန်စေပါလိမ့်မည်။
၆။ တည်ဆောက်မှုပေးသော အစည်းအဝေးတစ်ခုဖြစ်စေရန် ထောက်ကူသည့်အချက်အချို့ကား အဘယ်နည်း။
၆ ခရစ်ယာန်အစည်းအဝေးတွင် ဟောပြောချက်များ၊ လူတွေ့မေးမြန်းခန်းများ၊ သို့မဟုတ် သရုပ်ပြခန်းများကို တာဝန်ပေးခြင်းခံရသူအားလုံးသည် သူတို့၏စကားကိုတည်ဆောက်မှုဖြစ်စေရန်နှင့် ရေးသားထားသော ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာနှင့်အညီဖြစ်ရန် သေချာစေလိုကြသည်။ တိကျသောစကားလုံးကိုပြောဆိုခြင်းအပြင် ဘုရားသခင်နှင့်ခရစ်တော်၏ မေတ္တာပါသောစရိုက်လက္ခဏာနှင့်အညီ ခံစားချက်များနှင့်စိတ်လှုပ်ရှားမှုများကို ဖော်ပြသင့်သည်။ အစည်းအဝေးအစီအစဉ်တွင် ပါဝင်ရောက်ရှိသူအားလုံးသည် ရွှင်လန်းခြင်း၊ စိတ်ရှည်ခြင်းနှင့် ယုံကြည်ခြင်း အစရှိသည့် ‘ဘုရားသခင်၏ဝိညာဉ်အသီး’ ကိုထင်ဟပ်ပြရန် အာရုံစိုက်သူများဖြစ်ကြမည်ဆိုပါက တက်ရောက်သူအားလုံးသည် တည်ဆောက်မှုခံစားကြရမည်မှာ သေချာပါသည်။—ဂလာတိ ၅:၂၂၊ ၂၃။
၇။ တည်ဆောက်မှုပေးသောစည်းဝေးခြင်းဖြစ်စေရန် တက်ရောက်သူအားလုံး မည်သို့လုပ်ဆောင်နိုင်သနည်း။
၇ အသင်းတော်အစည်းအဝေးများအစီအစဉ်တွင် ပါဝင်သူအနည်းငယ်သာရှိစေကာမူ တည်ဆောက်မှုပေးသောအစည်းအဝေးဖြစ်ရန် အားလုံးပါဝင်နိုင်ပါသည်။ ထိုတွင် ပရိသတ်က အဖြေပေးရန် မကြာခဏ အခွင့်အရေးရရှိသည်။ ယင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လူထုရှေ့ကြေညာခြင်းအခါသမယဖြစ်သည်။ (ရောမ ၁၀:၉) ကျွန်ုပ်တို့၏ကိုယ်ပိုင်အယူအဆများ တိုးတက်ပျံ့နှံ့စေရန်လည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်တိုင်၏အောင်မြင်မှုများကို ဝါကြွားရန်သော်လည်းကောင်း၊ သို့မဟုတ် ယုံကြည်သူချင်းတို့ကို အပြစ်တင်ဝေဖန်ရန်သော်လည်းကောင်း အခွင့်အရေးအဖြစ် ၎င်းတို့ကို ဘယ်တော့မျှအသုံးမပြုသင့်။ ယင်းတို့က ဘုရားသခင်၏ဝိညာဉ်တော်ကို စိတ်နာစေမည်မဟုတ်လော။ ယုံကြည်သူချင်းစပ်ကြား သဘောထားကွဲလွဲမှုများကို မေတ္တာစိတ်ဖြင့် သီးခြားကိုင်တွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကျမ်းစာက ဤသို့ဖော်ပြသည်– “အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်ကိုလွှတ်ခြင်းရှိကြလော့။” (ဧဖက် ၄:၃၂) ခရစ်ယာန်အစည်းအဝေးများသည် ဤကောင်းမွန်သောသွန်သင်ချက်ကိုကျင့်သုံးရန် အကောင်းဆုံးအခွင့်အရေးပေးသည့်နေရာပါတကား! ထိုသို့ဖြစ်ရန်အတွက် များစွာသောသူတို့သည် အစည်းအဝေးများကို စောစောရောက်ရှိလာကြပြီး ပြီးသည့်နောက်ပိုင်းတွင်လည်း အတန်ကြာရှိနေကြသည်။ ၎င်းသည် ကြိုဆိုခံရကြောင်း ခံစားရရန်အထူးလိုအပ်သည့် စိတ်ဝင်စားသူလူသစ်များအတွက်လည်း အကူအညီဖြစ်စေပါသည်။ ထို့ကြောင့် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်အားလုံးသည် ‘အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြရန်နှင့် မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ခြင်း’ အားဖြင့် အစည်းအဝေးများတွင် တည်ဆောက်မှုဖြစ်စေရန် တာဝန်ရှိကြသည်။
ကောင်းစွာပြင်ဆင်ခြင်း
၈။ (က) အချို့သူတို့သည် အစည်းအဝေးများတက်ရောက်ရန် မည်သည့်ချီးမွမ်းဖွယ်စွန့်လွှတ်မှုများပြုလုပ်ကြသနည်း။ (ခ) သိုးထိန်းတစ်ဦးအဖြစ် အဘယ်ပုံသက်သေကို ယေဟောဝါချမှတ်သနည်း။
၈ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်ခြင်းသည် အချို့သူတို့အတွက် အတော်အတန်လွယ်ကူမည်ဖြစ်သော်လည်း အချို့သူတို့အတွက်မူကား ဆက်တိုက်စွန့်လွှတ်မှုလိုအပ်ပေမည်။ ဥပမာအနေဖြင့် သူမ၏အိမ်ထောင်လိုအပ်ချက်များအတွက် အထောက်အကူဖြစ်စေရန် အပြင်အလုပ်လုပ်သည့် ခရစ်ယာန်မိခင်တစ်ဦးသည် အလုပ်ပင်ပန်းလျက် အိမ်ပြန်လာလေ့ရှိသည်။ ထို့နောက် စားစရာကိုပြင်ဆင်ပြီး အစည်းအဝေးအတွက် သူမ၏ကလေးများကို အသင့်ပြင်ဆင်ပေးရပေမည်။ အခြားခရစ်ယာန်များမူ အစည်းအဝေးများတတ်ရောက်ရန် ဝေးလံသောနေရာသို့ သွားရကောင်းသွားရနိုင်သည်၊ သို့မဟုတ် မကျန်းမမာဖြစ်ခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းတို့ကြောင့် အကန့်အသတ်သာ အစည်းအဝေးတက်ကြပေမည်။ မေတ္တာရှိသောသိုးထိန်းသည် မိမိ၏သိုးစုတွင်ရှိသော သိုးတစ်ကောင်ချင်းစီ၏အထူးလိုအပ်ချက်များကို နားလည်သကဲ့သို့ အစည်းအဝေးကို သစ္စာရှိရှိတက်ရောက်သူတစ်ဦးချင်းစီ၏အခြေအနေကို ယေဟောဝါဘုရားသခင် နားလည်တော်မူသည်မှာ သေချာပါသည်။ “[ယေဟောဝါသည်] မိမိသိုးစုကိုသိုးထိန်းကဲ့သို့ကျွေးမွေးတော်မူမည်။ သိုးသငယ်တို့ကိုချီ၌ပိုက်ပွေ့တော်မူမည်။ သားငယ်ရှိသောသိုးမတို့ကိုလည်း ဖြည်းညင်းစွာပို့ဆောင်တော်မူမည်” ဟုသမ္မာကျမ်းစာက ဖော်ပြထားသည်။—ဟေရှာယ ၄၀:၁၁။
၉၊ ၁၀။ အစည်းအဝေးများမှ မည်သို့ အကျိုးအများဆုံးရရှိနိုင်သနည်း။
၉ အစည်းအဝေးများ မှန်မှန်တက်ရောက်ရန်အတွက် ကြီးမားသည့်စွန့်လွှတ်မှုပြုလုပ်သူများသည် လေ့လာသုံးသပ်မည့်အကြောင်းအရာကို ပြင်ဆင်ရာတွင် အချိန်အကန့်အသတ်သာရကြပေမည်။ အပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အမီလိုက်ခြင်းက သီအိုကရက်တစ်ဓမ္မအမှုကျောင်းကိုတက်ရောက်ရာတွင် ပို၍အကျိုးရစေသည်။ အလားတူပင် ကင်းမျှော်စင်သင်တန်းနှင့် အသင်းတော်စာအုပ်ကြီးသင်တန်း အစရှိသည့် အခြားအစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ခြင်းက ပို၍အကျိုးဖြစ်ထွန်းစေသည်။ မိသားစုတာဝန်အတွက် အချိန်များစွာပေးနေရသောသူတို့သည် သင်တန်းဆောင်းပါးကို ကြိုတင်ဖတ်ရှုခြင်းနှင့် အနည်းဆုံး ရည်ညွှန်းထားသော ကျမ်းချက်အချို့ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ဤအရေးကြီးသောကျမ်းစာဆွေးနွေးခန်းများတွင် အဓိပ္ပာယ်ရှိရှိပါဝင်ရန် ပို၍အသင့်ရှိစေပါလိမ့်မည်။
၁၀ အခြေအနေကန့်သတ်မှုနည်းသောသူများမူကား အစည်းအဝေးအတွက်ပြင်ဆင်ရာတွင် ပို၍အချိန်ပေးနိုင်ကြသည်။ ဥပမာအနေဖြင့် ကိုးကားမထားဘဲ ရည်ညွှန်းထားသောကျမ်းချက်များကို သုတေသနပြုရှာဖွေနိုင်ပါသည်။ ဤသို့အားဖြင့် ယောက်စီယောက်တိုင်းသည် အစည်းအဝေးများမှ အကျိုးအများဆုံးရရှိရန် ပြင်ဆင်နိုင်ကြပြီး ဟောပြောချက်များနှင့်ဖြေဆိုမှုများအားဖြင့် အသင်းတော်ကိုတည်ဆောက်မှုဖြစ်စေရာတွင် ဝိုင်းဝန်းပါဝင်နိုင်ကြပါသည်။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် ကောင်းစွာပြင်ဆင်ထားခြင်းအားဖြင့် တိုတိုနှင့်လိုရင်းအဖြေများပေးရာတွင် ပုံသက်သေကောင်းထားရှိကြပါမည်။ ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို လေးမြတ်တန်ဖိုးထားကြသောကြောင့် တက်ရောက်သူများသည် အစည်းအဝေးကျင်းပနေစဉ် အာရုံပျံ့လွင့်စေသည့် မည်သည့်အကျင့်အကြံကိုမဆို ရှောင်ကြဉ်ကြပါမည်။—၁ ပေတရု ၅:၃။
၁၁။ အစည်းအဝေးများအတွက်ပြင်ဆင်ရန် ကိုယ့်ကိုယ်ကိုဆုံးမမှု အဘယ်ကြောင့်လိုအပ်သနည်း။
၁၁ ဝိညာဉ်ရေးကျန်းမာမှုအတွက် မရှိမဖြစ်လိုအပ်ချက်မဟုတ်သော လှုပ်ရှားဆောင်ရွက်မှုများနှင့် ဖျော်ဖြေမှုများသည် ကျွန်ုပ်တို့၏အချိန်ကို များစွာစားသွားနိုင်သည်။ ထိုသို့ဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုယ်ကိုကျွန်ုပ်တို့ စစ်ဆေးရန်လိုပြီး ကျွန်ုပ်တို့၏အချိန်ကိုအသုံးပြုခြင်းနှင့်ပတ်သက်၍ “သတိမရှိသောသူမဖြစ်” ရပါ။ (ဧဖက် ၅:၁၇) ကျွန်ုပ်တို့၏ရည်မှန်းချက်ကား အရေးမကြီးသောကိစ္စများမှ ‘အချိန်ကိုဝယ်ယူ’ ခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းများအပါအဝင် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနှင့် အစည်းအဝေးအတွက်ပြင်ဆင်ခြင်းတို့တွင် အချိန်ပို၍အသုံးပြုရန်ဖြစ်သင့်သည်။ (ဧဖက် ၅:၁၆) ယင်းသည် အမြဲတမ်းမလွယ်သည့်အပြင် မိမိကိုယ်ကိုဆုံးမမှုလိုအပ်ကြောင်းကိုမူ အသိအမှတ်ပြုရမည်ဖြစ်သည်။ ဤအချက်ကိုအာရုံစိုက်သည့်လူငယ်များသည် အနာဂတ်တိုးတက်မှုအတွက် အုတ်မြစ်ကောင်းချထားသူများဖြစ်ကြသည်။ ပေါလုသည် မိမိ၏အဖော် ပို၍ငယ်ရွယ်သော တိမောသေထံ ဤသို့ရေးသားခဲ့သည်– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများ [တိမောသေကိုပေးသည့် ပေါလု၏သွန်သင်ချက်] ကို စိတ်စွဲလမ်း၍ကြိုးစားအားထုတ်လော့။”—၁ တိမောသေ ၄:၁၅။
ဘုရားသခင့်စကားတော်မှ ပုံသက်သေများ
၁၂။ ရှမွေလ၏မိသားစုသည် မည်သည့်ထူးခြားသောပုံသက်သေကို ချမှတ်ခဲ့သနည်း။
၁၂ ဘုရားသခင်၏တဲတော်သည် ရှိလောတွင်တည်ရှိသောအခါ ဝတ်ပြုကိုးကွယ်သူချင်းတို့နှင့်အတူစည်းဝေးသည့် အစီအစဉ်များတွင် မှန်မှန်ပါဝင်ခဲ့ကြသော ရှမွေလ၏မိသားစုချမှတ်ခဲ့သော ပုံသက်သေကောင်းကို သုံးသပ်ကြည့်ပါ။ ယောက်ျားများကိုသာ ပွဲတော်ကျင်းပရာများသို့ နှစ်စဉ်လည်ပတ်ရန် တောင်းဆိုထားသည်။ သို့သော် ရှမွေလ၏ဖခင် ဧလကာနသည် “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့နှစ်တိုင်းသွား” ရာတွင် မိမိ၏မိသားစုတစ်ခုလုံးကို ခေါ်ဆောင်သွားသည်။ (၁ ဓမ္မရာဇဝင် ၁:၃-၅) ရှမွေလ၏ ဇာတိမြို့ဖြစ်သော ရာမသိမ်ဇုဖိမ်မြို့သည် “ဧဖရိမ်တောင်” ခြေရင်းရှိ၊ မျက်မှောက်ခေတ် ရဲန်းတီးစ်ကမ်းရိုးတန်းအနီးတွင် တည်ရှိခဲ့ဖွယ်ရှိသည်။ (၁ ဓမ္မရာဇဝင် ၁:၁) သို့ဖြင့် ရှိလောခရီးစဉ်သည် မိုင် ၂၀ ခန့်ရှိသောခရီးဖြစ်ပြီး ထိုခေတ်ထိုအခါတွင် ပင်ပန်းကြမ်းတမ်းသောခရီးဖြစ်သည်။ ဧလကာန၏မိသားစုသည် သမာဓိစောင့်သိစွာဖြင့် “နှစ်စဉ်မပြတ် ထာဝရဘုရား၏အိမ်တော်သို့သွား” ခဲ့ကြသည်။—၁ ဓမ္မရာဇဝင် ၁:၇။
၁၃။ ယေရှုကမ္ဘာပေါ်ရှိစဉ်အချိန်က သစ္စာရှိဂျူးများသည် မည်သည့်ပုံသက်သေကို ချမှတ်ခဲ့ကြသနည်း။
၁၃ ယေရှုသည်လည်း ကြီးမားသောမိသားစုဝင်အဖြစ် ကြီးပြင်းလာခဲ့သည်။ ယေရုရှလင်ရှိပသခါပွဲကိုတက်ရောက်ရန် နာဇရက်မြို့မှ မိုင် ၆၀ ခန့်ဝေးသော တောင်ဘက်အရပ်သို့ မိသားစုလိုက် နှစ်စဉ်ခရီးသွားရသည်။ ၎င်းကို ခရီးစဉ်နှစ်မျိုးဖြင့် သွားရောက်နိုင်ခဲ့ဖွယ်ရှိသည်။ ပို၍တိုက်ရိုက်ကျသောခရီးမှာ မေဂိဒ္ဒေါချိုင့်ဝှမ်းထဲသို့ဆင်းသွားပြီး ထိုမှတစ်ဆင့် ရှမာရိနယ်မြေကိုဖြတ်ကာ ယေရုရှလင်မြို့အထိ ပေ ၂,၀၀၀ ခန့်တက်၍သွားခြင်းဖြစ်သည်။ တခြားလူကြိုက်များသောခရီးစဉ်ကား စီ.အီး. ၃၃ ခုနှစ်တွင် ယေရုရှလင်သို့ ယေရှုနောက်ဆုံးအကြိမ်ခရီးနှင်ခဲ့သည့် လမ်းကြောင်းဖြစ်သည်။ ယင်းသည် “ယော်ဒန်မြစ်တစ်ဖက် . . . ယုဒပြည်စွန်းသို့” ရောက်သည်အထိ ပင်လယ်ရေမျက်နှာပြင်ထက်နိမ့်သည့် ယောဒန်မြစ်ချိုင့်ဝှမ်းတွင် လမ်းလျှောက်သွားခြင်းဖြစ်သည်။ (မာကု ၁၀:၁) ထိုအရပ်မှ “ယေရုရှလင်မြို့သို့တက်သွား” ခြင်းသည် မိုင် ၂၀ ခန့်ကွာဝေးပြီး ပေပေါင်း ၃,၇၀၀ အထက်တက်သွားရသောလမ်းဖြစ်သည်။ (မာကု ၁၀:၃၂) ပွဲတော်ကို မှန်မှန်တက်ရောက်သော သစ္စာရှိလူအုပ်စုကြီးသည် ဂါလိလဲမှယေရုရှလင်အထိ ခက်ခဲကြမ်းတမ်းသောခရီးကိုနှင်ခဲ့ကြသည်။ (လုကာ ၂:၄၄) ယခုအခါ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်များကြောင့် အများစုတို့သည် အစည်းအဝေးများကို အတော်အတန်လွယ်ကူစွာတက်ရောက်နိုင်ကြသည့် ကြွယ်ဝချမ်းသာသောနိုင်ငံများရှိ ယေဟောဝါ၏ကျေးကျွန်များအတွက် အလွန်ကောင်းသောပုံသက်သေပါတကား!
၁၄၊ ၁၅။ (က) မည်သည့်ပုံသက်သေကို အန္နချမှတ်ခဲ့သနည်း။ (ခ) အချို့သောတက်ရောက်သူလူသစ်များတင်ပြသည့် ကောင်းမွန်သောသဘောထားမှ မည်သည့်အရာသင်ယူနိုင်သနည်း။
၁၄ နောက်ထပ်ပုံသက်သေကား အသက် ၈၄ နှစ်ရှိ မုဆိုးမ အန္နဖြစ်သည်။ သူမသည် “ဗိမာန်တော်နှင့်မခွာဘဲနေ” သည်ဟု ကျမ်းစာကဖော်ပြထားသည်။ (လုကာ ၂:၃၇) ထို့ပြင် အန္နသည် အခြားသူများအပေါ် မေတ္တာပါသောစိတ်ဝင်စားမှုကို ပြသခဲ့သည်။ ကလေးငယ်ယေရှုကိုတွေ့ဆုံပြီး ကိုယ်တော်သည် ကတိထားရာမေရှိယဖြစ်ကြောင်း သူမသိရှိသည်နှင့် ဘာပြုလုပ်ခဲ့သနည်း။ ဘုရားသခင်ကို သူမကျေးဇူးတင်ချီးမွမ်းပြီး “ယေရုရှလင်မြို့၌ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောလေ၏။” (လုကာ ၂:၃၈) ယနေ့ခရစ်ယာန်များအတွက် အလွန်ကောင်းသည့် စံပြသဘောထားပါတကား!
၁၅ မှန်ပါသည်၊ အန္နနည်းတူ ကျွန်ုပ်တို့သည် အစည်းအဝေးများတက်ရောက်ခြင်းနှင့် ပါဝင်ခြင်းတို့တွင် မပျက်ကွက်လိုသည့်အထိ နှစ်သက်ပျော်မွေ့ဖွယ်ရာဖြစ်သင့်သည်။ များစွာသောလူသစ်များသည် ထိုနည်းအတိုင်းခံစားကြရသည်။ သူတို့သည် မှောင်မိုက်အတွင်းမှ ဘုရားသခင်၏ ထူးမြတ်သော အလင်းတော်သို့ရောက်ရှိလာကြရာ အတတ်နိုင်ဆုံး လေ့လာဆည်းပူးလိုကြပြီး အများစုသည် ခရစ်ယာန်အစည်းအဝေးများအတွက် အားကြီးသောစိတ်အားထက်သန်မှုကို ဖော်ပြကြသည်။ အခြားတစ်ဖက်တွင်ကား သမ္မာတရားတွင် သက်တမ်းကြာသောသူတို့သည် ‘ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ခြင်း’ မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ (ဗျာဒိတ် ၂:၄) ကြီးလေးသည့်ကျန်းမာရေးပြဿနာများ သို့မဟုတ် လူတစ်ဦး ထိန်းချုပ်ရန်မတတ်နိုင်သော အခြားသောအကြောင်းများက အစည်းအဝေးတက်ရောက်ခြင်းကို ရံဖန်ရံခါ အကန့်အသတ်ဖြစ်စေပေမည်။ သို့သော် ရုပ်ပစ္စည်းလိုက်စားခြင်း၊ အပန်းဖြေခြင်း၊ သို့မဟုတ် စိတ်ဝင်စားမှုကင်းမဲ့ခြင်းတို့က ကျွန်ုပ်တို့ကို ပြင်ဆင်မှုမရှိသော၊ တက်ကြွမှုမရှိသော၊ အစည်းအဝေးမမှန်သောသူများဖြစ်စေရန် ဘယ်သောအခါမျှ ခွင့်မပြုသင့်။—လုကာ ၈:၁၄။
အကောင်းဆုံးပုံသက်သေ
၁၆၊ ၁၇။ (က) ဝိညာဉ်ရေးအစည်းအဝေးများအပေါ် ယေရှု၏သဘောထားကား အဘယ်နည်း။ (ခ) ခရစ်ယာန်များအားလုံး လိုက်လျှောက်သင့်သည့် ကောင်းသောထုံးစံကား အဘယ်နည်း။
၁၆ ဝိညာဉ်ရေးအစည်းအဝေးများကို လေးမြတ်မှုတင်ပြရာတွင် ထူးခြားထင်ရှားသောပုံသက်သေကို ယေရှုချမှတ်တော်မူခဲ့သည်။ ငယ်ရွယ်ချိန် အသက် ၁၂ အရွယ်တွင် ယေရုရှလင်ရှိဘုရားသခင်၏အိမ်တော်ကိုချစ်မြတ်နိုးကြောင်း ကိုယ်တော်ပြသတော်မူခဲ့သည်။ မိဘများမျက်ခြည်ပြတ်သွားသော်လည်း နောက်ဆုံးတွင် ဗိမာန်တော်ရှိ ဘုရားသခင့်စကားတော်သင်ကြားပေးသူများနှင့်ဆွေးနွေးနေသည်ကို တွေ့ရှိကြသည်။ မိဘတို့၏စိုးရိမ်မကင်းဖြစ်မှုကိုတုံ့ပြန်ရာတွင် ဤသို့ ယေရှုလေးစားစွာမေးလိုက်သည်– “အကျွန်ုပ်သည်အဘ၏အိမ်၌နေရသည်ကို မသိပါသလော။” (လုကာ ၂:၄၉) နာခံကျိုးနွံစွာဖြင့် လူငယ်ယေရှုသည် မိဘများနှင့်အတူ နာဇရက်မြို့သို့ပြန်လိုက်သွားသည်။ တရားဇရပ်တွင်မှန်မှန်တက်ရောက်ခြင်းဖြင့် ဝတ်ပြုစည်းဝေးများကို မိမိချစ်မြတ်နိုးကြောင်း ထိုတွင် ဆက်၍ပြသတော်မူခဲ့သည်။ သို့ဖြင့် ကိုယ်တော်သည် ဓမ္မအမှုစတင်သောအခါ “နာဇရက်မြို့သို့ရောက်ပြန်လျှင် ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌တရားဇရပ်သို့ဝင်၍ ကျမ်းစာကိုဖတ်ရွတ်ခြင်းငှာထတော်မူ၏” ဟုကျမ်းစာက မှတ်တမ်းတင်သည်။ ဟေရှာယ ၆၁:၁၊ ၂ ကိုဖတ်၍ရှင်းပြပြီးနောက် ပရိသတ်က “တင့်တယ်လျောက်ပတ်သောနှုတ်ထွက်စကားကို အံ့သြချီးမွမ်း” ကြသည်။—လုကာ ၄:၁၆၊ ၂၂။
၁၇ ယနေ့ခရစ်ယာန်အစည်းအဝေးများသည် ထပ်တူအခြေခံပုံစံကို လိုက်လျှောက်ကြသည်။ အစည်းအဝေးကို ချီးမွမ်းသီချင်းဆိုဆုတောင်းခြင်းဖြင့် အစဖွင့်ပြီးနောက် သမ္မာကျမ်းစာမှအခန်းငယ်များကို (သို့မဟုတ် ကျမ်းစာသင်တန်းဆောင်းပါးရှိ ကိုးကားထားသော အခန်းငယ်များ) ဖတ်၍ရှင်းပြသည်။ စစ်မှန်သောခရစ်ယာန်များသည် ယေရှုခရစ်၏ ကောင်းသောထုံးစံတော်ကိုတုပရန် တာဝန်ရှိပါသည်။ သူတို့၏အခြေအနေက ခွင့်ပြုနေသရွေ့ ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းတွင် နှစ်ခြိုက်ပျော်မွေ့ကြသည်။
မျက်မှောက်ခေတ် ပုံသက်သေများ
၁၈၊ ၁၉။ ကုံလုံကြွယ်ဝမှုမရှိသည့်နိုင်ငံများရှိ ညီအစ်ကိုများ၏ စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများကိုလေးမြတ်ခြင်းနှင့်ပတ်သက်၍ ကောင်းမွန်သောပုံသက်သေများကား အဘယ်နည်း။
၁၈ ကုံလုံကြွယ်ဝမှုမရှိသော ကမ္ဘာ့ဒေသများရှိ ညီအစ်ကိုညီအစ်မများစွာသည် ခရစ်ယာန်အစည်းအဝေးများကိုလေးမြတ်သည့် ပုံသက်သေကောင်းကိုချမှတ်ကြသည်။ မိုဇမ်ဘစ်နိုင်ငံရှိ တိုက်နယ်ကြီးကြပ်မှူး အိုလန်းဒူနှင့် သူ၏ဇနီး အမဲလ်ယာတို့သည် အစည်းအဝေးတစ်ခုကိုကျင်းပပေးရန် မြင့်မားသောတောင်တန်းများကိုကျော်၍ ၅၅ မိုင်ခန့်ဝေးသောခရီးကို ၄၅ နာရီကြာလမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် နောက်ထပ်အစည်းအဝေးတစ်ခုအတွက် ထပ်တူအကွာအဝေးကို ပြန်၍ခရီးနှင်ခဲ့ကြသည်။ အိုလန်းဒူက ကျိုးနွံမှုရှိစွာဖြင့် ဤသို့သတင်းပေးပို့သည်– “ဗာဝါအသင်းတော်ကညီအစ်ကိုတွေနဲ့နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့လုပ်ခဲ့တာတွေဟာ ဘာမှမဟုတ်ပါဘူးဆိုပြီး ခံစားရတယ်။ အစည်းအဝေးကိုတတ်ရောက်ပြီး သူတို့ဌာနေကိုပြန်သွားဖို့ မိုင် ၂၅၀ ခန့်ရှိတဲ့ ခြောက်ရက်ကြာခရီးကို ခြေကျင်နဲ့လျှောက်ကြပြီး သူတို့အထဲမှာ အသက် ၆၀ အရွယ်ညီအစ်ကိုတစ်ဦးပါတယ်!”
၁၉ ပတ်စဉ်အသင်းတော်အစည်းအဝေးကို လေးမြတ်တန်ဖိုးထားခြင်းနှင့်ပတ်သက်၍ကော မည်သို့နည်း။ ကာစ်ဝါ့စ်ဝါး ဂျမ်ဘားသည် သူမ၏အသက် ၇၀ အရွယ်တွင် မသန်မစွမ်းဖြစ်သော ညီအစ်မတစ်ဦးဖြစ်သည်။ သူမသည် နမီးဘီးယား၊ ရွန်ဒူးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမမှ သုံးမိုင်ခန့်ဝေးသော ကီဆိုဆိုဆီ ရွာငယ်လေးတစ်ရွာတွင် နေထိုင်သည်။ အစည်းအဝေးတက်ရောက်ရန် ချုံနွယ်ထူထပ်သည့်ဒေသကိုဖြတ်၍ အသွားအပြန် ခြောက်မိုင်ဝေးသောခရီးကိုလမ်းလျှောက်ရသည်။ အခြားသူများသည် ဤခရီးစဉ်တစ်လျှောက် လုယက်ခံရကြသော်လည်း ကာစ်ဝါ့စ်ဝါး ဆက်၍လာမြဲလာ၏။ စည်းဝေးအများစုကို သူမ နားမလည်သည့် ဘာသာစကားဖြင့်ကျင်းပသည်။ သို့ဖြစ်၍ တက်ရောက်ခြင်းမှ သူမ မည်သို့အကျိုးရယူသနည်း။ “ကျမ်းချက်နောက်လိုက်ပြီး ဟောပြောတဲ့အကြောင်းဟာ ဘာဖြစ်မယ်ဆိုတာကို တွေးဆကြည့်တယ်” ဟုကာစ်ဝါ့စ်ဝါးကပြောသည်။ သို့သော် သူမသည် စာမတတ်သူဖြစ်ရာ ကျမ်းချက်များနောက် မည်သို့လိုက်သနည်း။ “အလွတ်ရထားတဲ့ကျမ်းချက်တွေကို လိုက်နားထောင်တယ်” ဟုသူမကဖြေသည်။ နှစ်များတစ်လျှောက်တွင် ကျမ်းချက်အတော်များများကို သူမ၏အမှတ်သညာတွင် သိုမှီးခဲ့သည်။ ကျမ်းစာကိုအသုံးပြုသည့်စွမ်းရည် တိုးတက်စေရန် အသင်းတော်ကစီစဉ်သော အရေးအဖတ်သင်တန်းကိုတက်ရောက်သည်။ “အစည်းအဝေးတွေကိုတက်ရတာ ကျွန်မနှစ်သက်တယ်” ဟုသူမဆို၏။ “အဲဒီမှာ အကြောင်းအရာအသစ်တွေ အမြဲကြားရတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ပေါင်းရတာကိုနှစ်သက်တယ်။ အားလုံးနဲ့စကားမပြောနိုင်ပေမဲ့ သူတို့ကကျွန်မကို အမြဲတမ်းလာပြီးနှုတ်ဆက်ကြတယ်။ အရေးအကြီးဆုံးကတော့ အစည်းအဝေးတွေကိုတက်ရောက်ခြင်းက ယေဟောဝါရဲ့နှလုံးကို ရွှင်လန်းစေတယ်ဆိုတာ ကျွန်မသိတယ်။”
၂၀။ ကျွန်ုပ်တို့၏ခရစ်ယာန်အစည်းအဝေးများကို အဘယ်ကြောင့် မရှောင်လွှဲသင့်သနည်း။
၂၀ ကာစ်ဝါ့စ်ဝါးကဲ့သို့ပင် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူများသည် ချီးမွမ်းဖွယ်ကောင်းလောက်အောင် ခရစ်ယာန်အစည်းအဝေးများအပေါ် လေးမြတ်မှုကိုပြသကြသည်။ စာတန့်လောကသည် ပျက်စီးခြင်းသို့ဦးတည်နေသောကြောင့် ကျွန်ုပ်တို့သည် အတူတကွစည်းဝေးခြင်းကို မရှောင်လွှဲနိုင်ပါ။ ယင်းအစား ဝိညာဉ်ရေးအရ နိုးကြားလျက်နေပြီး စည်းဝေးများ၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများကို နက်ရှိုင်းသောလေးမြတ်မှုတင်ပြကြစို့။ ယင်းသည် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေသည်သာမကဘဲ ထာဝရအသက်ရစေသည့် မြင့်မြတ်သောသွန်သင်ခြင်းတွင်ပါဝင်ကြသောကြောင့် ကျွန်ုပ်တို့အား ကြွယ်ဝစွာအကျိုးပြုပါလိမ့်မည်။—သု. ၂၇:၁၁; ဟေရှာယ ၄၈:၁၇၊ ၁၈; မာကု ၁၃:၃၅-၃၇။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
◻ ခရစ်ယာန်အစည်းအဝေးများကိုတက်ရောက်ခြင်းသည် အဘယ်ကြောင့် အခွင့်ထူးဖြစ်သနည်း။
◻ တည်ဆောက်မှုပေးသောအစည်းအဝေးဖြစ်စေရန် တက်ရောက်သူအားလုံး မည်သို့လုပ်ဆောင်နိုင်သနည်း။
◻ မည်သည့်ထူးခြားထင်ရှားသောပုံသက်သေကို ခရစ်တော်ယေရှုချမှတ်တော်မူခဲ့သနည်း။
◻ ကုံလုံကြွယ်ဝမှုမရှိသောတိုင်းပြည်များရှိ ညီအစ်ကိုများထံမှ အဘယ်သင်ခန်းစာကို သင်ယူနိုင်သနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ရိုမေးနီးယားနိုင်ငံရှိ ဤသို့သော သက်သေခံများသည် ခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးထားလေးမြတ်သည့် ပုံသက်သေကောင်း ချမှတ်ကြသည်