ကတိထားရာပြည်တော်မှ လက်တွေ့ကျသင်ခန်းစာများ
သမ္မာကျမ်းစာမှတ်တမ်းပါ ကတိထားရာပြည်တော်သည် အမှန်ပင်ထူးခြားလှပေသည်။ အရွယ်အစားအရသေးငယ်လှသော ဤဒေသတွင် ပထဝီဝင်ဆိုင်ရာအနေအထားအမျိုးမျိုးကို ကျွန်ုပ်တို့တွေ့ မြင်ရ၏။ မြောက်ပိုင်း၌ နှင်းများဖုံးလွှမ်းနေသောတောင်များရှိပြီး တောင်ပိုင်း၌ ပူပြင်းသောအရပ်ဒေသရှိသည်။ သီးနှံဖြစ်ထွန်းသော မြေနိမ့်ပိုင်းများ၊ လူသူကင်းမဲ့သော တောကန္တာရဒေသများ၊ သစ်သီးခြံများအတွက်နှင့် သိုးအုပ်များ၏စားကျက်အတွက် ကုန်းမြင့်ဒေသများလည်း ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ရာသီဥတုနှင့် မြေဆီလွှာကွဲပြားမှုများက အမျိုးမျိုးသော သစ်ပင်ကြီးများ၊ သစ်ပင်ငယ်များနှင့် အခြားအပင်များကို ပေါက်ရောက်စေ၏။ ၎င်းတို့ထဲမှ အချို့တို့မှာ အေးမြသောတောင်တန်းဒေသ၌ ဝေဆာကြသည်၊ အခြားတို့မှာမူ ပူပြင်းသောကန္တာရတွင် ပေါက်ရောက်ကြသည်၊ နောက်ထပ်အခြားအပင်တို့က နုန်းတင်မြေနုလွင်ပြင် သို့မဟုတ် ကျောက်ထူထပ်သောလွင်ပြင်တို့တွင် ရှင်သန်ကြသည်။ ရုက္ခဗေဒပညာရှင်တစ်ဦးက ထိုဒေသတွင် အပင်မျိုးစိတ်ပေါင်း ၂,၆၀၀ ခန့်တွေ့ရှိနိုင်မည်ဟု ခန့်မှန်း၏! ထိုပြည်ကို ပထမဦးဆုံးသွားရောက်စူးစမ်းကြသော ဣသရေလလူမျိုးများသည် ၎င်း၏အလားအလာရှိမှုနှင့်စပ်လျဉ်းသော သက်သေသာဓကကို အဆင်သင့်ပင်တွေ့ရှိခဲ့ကြသည်။ သူတို့သည် တောင်ချိုင့်ဝှမ်းတစ်ခုမှ စပျစ်ခိုင်တစ်ခိုင်ကို ယူလာခဲ့ကြရာ ၎င်းသည် လူနှစ်ဦးတုတ်လျှိုထမ်းရလောက်အောင်ကြီးမားသည်တကား! သင့်တော်လျောက်ပတ်စွာပင် ထိုချိုင့်ဝှမ်းကို “[စပျစ်] သီးပြွတ်”a ဟုအဓိပ္ပာယ်ရသော ဧရှကောလဟု အမည်ပေးခဲ့လေသည်။—တောလည်ရာ ၁၃:၂၁-၂၄။
သို့သော် ထူးခြား၍ရှည်မျောမျောသဏ္ဌာန်ရှိသည့် ဤပြည်တော်၏ ပထဝီဆိုင်ရာအနေအထားအချို့ကို စေ့စေ့စပ်စပ်ကြည့်ရှုကြစို့။ အထူးသဖြင့် တောင်ဘက်အပိုင်းကို ကြည့်ကြမည်။
ရှဖေလာခရိုင်
ကတိထားရာပြည်တော်၏အနောက်ဘက်ကမ်းခြေမှာ မြေထဲပင်လယ်နှင့်ဆက်နေသော ၎င်း၏ကမ်းရိုးတန်းဒေသဖြစ်၏။ အတွင်းဘက် ၂၅ မိုင်ခန့်တွင်ရှိသော ဒေသမှာ ရှဖေလာခရိုင်ပင်ဖြစ်သည်။ “ရှဖေလာ” ဟူသည့် စကားလုံးမှာ “မြေနိမ့်ပိုင်း” ဟု အဓိပ္ပာယ်ရသော်လည်း အမှန်တကယ်တွင် ၎င်းသည် တောင်ထူထပ်သောဒေသတစ်ခုဖြစ်ပြီး အရှေ့ဘက် ယုဒတောင်တန်းများနှင့်နှိုင်းယှဉ်လိုက်မှသာ နိမ့်သည်ဟု ခေါ်ဆိုနိုင်ပေသည်။
ပူးတွဲပါ ကန့်လန့်ဖြတ်မြေပုံကို ကြည့်ရှုကာ ပတ်ဝန်းကျင်နယ်မြေများနှင့် ရှဖေလာခရိုင်၏ ဆက်စပ်နေပုံကို သတိပြုပါ။ အရှေ့ဘက်၌ ယုဒတောင်တန်းများရှိပြီး အနောက်ဘက်၌ ဖိလိတ္တိကမ်းရိုးတန်းလွင်ပြင်ရှိ၏။ ထို့ကြောင့် ရှဖေလာခရိုင်သည် ကြားခံဇုန်တစ်ခုဖြစ်ပြီး ကျမ်းစာခေတ်၌ ဘုရားသခင်၏လူမျိုးတော်ကို သူတို့၏ ရှေးရန်သူများမှ သီးခြားခွဲထားပေးသည့် အရံအတားတစ်ခုဖြစ်လေသည်။ အနောက်ဘက်အရပ်မှ ကျူးကျော်လာသော မည်သည့်စစ်တပ်မဆို ဣသရေလတို့၏မြို့တော်၊ ယေရုရှလင်မြို့ကို မတိုက်ခိုက်နိုင်မီ ရှဖေလာခရိုင်ကို ဖြတ်ကျော်ရလိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့သောအဖြစ်အပျက်တစ်ခု ဘီ.စီ.အီး. ကိုးရာစုအချိန်က ဖြစ်ပျက်ခဲ့၏။ ရှုရိရှင်ဘုရင် ဟာဇေလသည် “[ရှဖေလာခရိုင်၏နယ်နိမိတ်၌ ရှိဟန်တူသော] ဂါသမြို့ကို စစ်ချီ၍ တိုက်ယူပြီးမှ ယေရုရှလင်မြို့သို့ချီအံ့သောငှာ အားထုတ်လေ၏” ဟု ကျမ်းစာကဖော်ပြသည်။ ဘုရင်ယောရှက ဗိမာန်တော်နှင့် နန်းတော်ထဲမှ တန်ဖိုးရှိပစ္စည်းမျိုးစုံကို ဟာဇေလအား လာဘ်ထိုးလိုက်ခြင်းအားဖြင့် သူ့ကို ဆီးတားနိုင်ခဲ့သည်။ သို့သော်လည်း ဤမှတ်တမ်းက ရှဖေလာခရိုင်သည် ယေရုရှလင်မြို့၏လုံခြုံမှုအတွက် အလွန်အရေးကြီးကြောင်း ဖော်ပြနေခြင်းဖြစ်လေသည်။—၄ ဓမ္မရာဇဝင် ၁၂:၁၇၊ ၁၈။
၎င်းမှ လက်တွေ့ကျသောသင်ခန်းစာကို ကျွန်ုပ်တို့ရယူနိုင်သည်။ ဟာဇေလသည် ယေရုရှလင်မြို့ကို တိုက်ခိုက်အောင်မြင်လိုသော်လည်း ရှဖေလာခရိုင်ကို ဦးဆုံး သူဖြတ်ကျော်ရသည်။ ထို့နည်းတူစွာ စာတန်မာရ်နတ်သည် ဘုရားသခင်၏ကျေးကျွန်များကို ‘ဝါးမျိုရန် ရှာဖွေနေ’ သော်လည်း မကောင်းသောအပေါင်းအသင်း၊ ရုပ်ပစ္စည်းပဓာနဝါဒစသည်တို့နှင့်စပ်လျဉ်းသော ကျမ်းစာမူများကို သူတို့၏လိုက်လျှောက်ခြင်းတည်းဟူသော ခိုင်မာသည့်ကြားခံဇုန်ကြီးတစ်ခုကို ဦးဆုံး သူထိုးဖောက်ရမည်ဖြစ်သည်။ (၁ ပေတရု ၅:၈; ၁ ကောရိန္သု ၁၅:၃၃; ၁ တိမောသေ ၆:၁၀) ကျမ်းစာမူများကို အလျော့ပေးလိုက်လျောခြင်းသည် ကြီးလေးသောအပြစ် ကျူးလွန်ခြင်းသို့ဦးတည်သည့် ပထမခြေလှမ်းဖြစ်လေ့ရှိ၏။ ထို့ကြောင့် ထိုကြားခံဇုန်ကို လုံခြုံစွာထားရှိပါ။ ယနေ့ ကျမ်းစာမူများကို လိုက်လျှောက်ပါ၊ သို့ဖြင့် နက်ဖြန်နေ့တွင် ဘုရားသခင်၏ပညတ်တော်ကို သင်ချိုးဖောက်လိမ့်မည်မဟုတ်။
ယုဒနိုင်ငံ၏တောင်တန်းဒေသ
ရှဖေလာခရိုင်ထက်ပို၍ အတွင်းကျသောအပိုင်းတွင် ယုဒနိုင်ငံ၏တောင်တန်းဒေသရှိ၏။ ၎င်းသည် အရည်သွေးကောင်းသောဂျုံစပါး၊ သံလွင်ဆီနှင့် စပျစ်ရည်များထွက်သော တောင်ထူထပ်သည့်ဒေသတစ်ခုဖြစ်သည်။ ၎င်း၏မြင့်မားမှုကြောင့် ယုဒနိုင်ငံသည် အကောင်းဆုံးသောခိုလှုံရာနေရာတစ်ခုလည်းဖြစ်လေသည်။ ထို့ကြောင့် ဘုရင်ယောသံသည် ထိုတွင် “ရဲတိုက်များနှင့်ပြအိုးများ” ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဒုက္ခကာလ၌ လူတို့သည် လုံခြုံမှုအတွက် ဤနေရာသို့ ပြေးလာနိုင်ကြ၏။—၂ ရာဇဝင်ချုပ် ၂၇:၄။
ဇိအုန်ဟုလည်းခေါ်တွင်သော ယေရုရှလင်မြို့သည် ယုဒနိုင်ငံ တောင်တန်းဒေသ၏ထင်ပေါ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယေရုရှလင်မြို့သည် မတ်စောက်သောချိုင့်ဝှမ်းများဖြင့် သုံးဘက်သုံးတန် ဝန်းရံခံထားရပြီး ပထမရာစုသမိုင်းဆရာ ဂျိုစီဖတ်စ်၏ဖော်ပြချက်အရ မြောက်ဘက်ပိုင်းတွင် မြို့ရိုးသုံးထပ်ဖြင့် ကာထားသောကြောင့် လုံခြုံသည်ဟု ထင်မြင်ရခြင်းဖြစ်လေသည်။ သို့သော် ခိုလှုံရာနေရာတစ်နေရာသည် ၎င်း၏လုံခြုံမှုကို ထိန်းသိမ်းဖို့ရန် မြို့ရိုးများနှင့် လက်နက်များထက်မက လိုအပ်၏။ ရေလည်း ရှိရမည်ဖြစ်သည်။ ဝန်းရံပိတ်ဆို့ခံရချိန်၌ ၎င်းသည် မရှိမဖြစ်လိုအပ်သည်။ အကြောင်းမှာ ရေမရှိပါက ကျော့မိနေသော တိုင်းသူပြည်သားများသည် အလျင်အမြန် အညံ့ခံလိုက်ရန် တွန်းအားပေးခံရလိမ့်မည်ဖြစ်သည်။
ယေရုရှလင်သည် ရှိလောင်ရေကန်မှ ရေကိုရရှိသည်။ သို့ရာတွင် ဘီ.စီ.အီး. ရှစ်ရာစုအတောအတွင်း၌ အာရှုရိတို့လာရောက်ဝန်းရံတိုက်ခိုက်မည်ကို ကြိုမြင်၍ ဘုရင်ဟေဇကိက ရှိလောင်ရေကန်ကို မြို့အတွင်း၌ ပိတ်လှောင်ထားခြင်းဖြင့် ယင်းကိုကာကွယ်ရန် အပြင်ဘက်အုတ်တံတိုင်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ဝန်းရံတိုက်ခိုက်လာကြသော အာရှုရိများ ရေအခက်အခဲဖြစ်စေရန်အလို့ငှာ မြို့ပြင်ဘက်ရှိ စမ်းရေတို့ကိုလည်း သူဖြတ်တောက်ပစ်လိုက်သည်။ (၂ ရာဇဝင်ချုပ် ၃၂:၂-၅; ဟေရှာယ ၂၂:၁၁) ဤမျှသာမကသေးချေ။ ဟေဇကိသည် နောက်ထပ်ရေလမ်းကြောင်းတစ်ခုကို ယေရုရှလင်မြို့ထဲသို့ လမ်းလွှဲထည့်ရန် ရှာဖွေခဲ့သည်တကား!
ရှေးအချိန်မှ အလွန်ထူးခြားပြောင်မြောက်သော စက်မှုအတတ်ပညာလက်ရာတစ်ခုအဖြစ် ခေါ်တွင်လာခဲ့သည့် ဂိဟုန်ချောင်းမှ ရှိလောင်ရေကန်အထိ တောက်လျှောက်ဖြစ်သော ဥမင်လိုဏ်ခေါင်းတစ်ခုကို ဟေဇကိတူးဖော်ခဲ့သည်။b ပျမ်းမျှအမြင့် ၆ ပေခန့်ရှိသော ဤဥမင်လိုဏ်ခေါင်းသည် ၁,၇၄၉ ပေ ရှည်လျား၏။ တစ်မိုင်၏ သုံးပုံတစ်ပုံနီးပါးမျှရှည်လျားသော ကျောက်ဆောင်များကို ဖြတ်ဖောက်ထားသည့် ဥမင်လိုဏ်ခေါင်းတစ်ခုကို စဉ်းစားကြည့်ပါလေ! နှစ်ပေါင်း ၂,၇၀၀ ခန့် ကြာညောင်းခဲ့ပြီဖြစ်သော ယနေ့အချိန်တွင် ယေရုရှလင်မြို့သို့ အလည်သွားရောက်သူများသည် ဟေဇကိဥမင်ဟု အများကသိကြသော စက်မှုပညာဆိုင်ရာ ပြောင်မြောက်လှသည့်လက်ရာဖြစ်သော ဤလမ်းကြောင်းကြီးတစ်လျှောက် ဖြတ်လျှောက်သွားနိုင်ကြလေသည်။—၄ ဓမ္မရာဇဝင် ၂၀:၂၀; ၂ ရာဇဝင်ချုပ် ၃၂:၃၀။
ယေရုရှလင်မြို့၏ရေထောက်ပံ့မှုကို ကာကွယ်ရန်နှင့် တိုးများလာစေရန် ဟေဇကိ၏ကြိုးစားအားထုတ်မှုမှ လက်တွေ့ကျသင်ခန်းစာတစ်ခုကို ကျွန်ုပ်တို့သင်ယူနိုင်၏။ ယေဟောဝါသည် “အသက်စမ်းရေတွင်း” ဖြစ်တော်မူသည်။ (ယေရမိ ၂:၁၃) သမ္မာကျမ်းစာပါ ကိုယ်တော်၏တွေးခေါ်ကြံစည်မှုများသည် အသက်ကို ထောက်မပေး၏။ ထို့ကြောင့် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုသည် မရှိမဖြစ်လိုအပ်၏။ သို့သော်လည်း လေ့လာမှုပြုရန် အခွင့်အခါနှင့် အကျိုးဖြစ်ထွန်းလာမည့် အသိပညာသည် ကျွန်ုပ်တို့၌ အလိုအလျောက်ရှိလာလိမ့်မည်မဟုတ်။ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပြည့်နှက်နေသည့် သင်၏နေ့စဉ်လုပ်ငန်းဆောင်တာများမှ ၎င်းအတွက်နေရာပေးရန် သင်သည် ‘ဥမင်လိုဏ်ခေါင်းများကို တူးဖော်’ ရကောင်း တူးဖော်ရနိုင်သည်။ (သု. ၂:၁-၅; ဧဖက် ၅:၁၅၊ ၁၆) သင်အစပြုလိုက်သည်နှင့် သင်၏အချိန်ဇယား၌ စွဲမြဲမှုရှိကာ ကိုယ်ပိုင်လေ့လာမှုအတွက် အဓိကဦးစားထားပါ။ မည်သူကမျှ သို့မဟုတ် မည်သည့်အရာကမျှ သင့်ကို ဤတန်ဖိုးရှိ ရေအထောက်အပံ့မှ မသွေဖယ်သွားပါစေနှင့်။—ဖိလိပ္ပိ ၁:၉၊ ၁၀။
တောဒေသ
ယုဒတောင်တန်းများ၏ အရှေ့ဘက်တွင် “ကန္တာရ” ဟု အဓိပ္ပာယ်ရသော ယေရှိမုန်ဟုခေါ်သည့် ယုဒတောရှိလေသည်။ (၁ ဓမ္မရာဇဝင် ၂၃:၁၉၊ ကဘ၊ အောက်ခြေမှတ်ချက်) ဆားငန်အိုင်ဘက်၌ ဤလွင်တီးခေါင်ဒေသတွင် ကျောက်ဆောင်ထူထပ်သော လျှိုစောက်ကြီးများနှင့် အချွန်အတက်ပေါများသော ချောက်ကမ်းပါးများရှိသည်။ ၁၅ မိုင်အတွင်း ပေပေါင်း ၃,၉၀၀ ခန့်နိမ့်ဆင်းသွားသည့် ဤယုဒတောသည် အနောက်အရပ်မှလာသော မိုးပါသည့်လေများကို မရသောကြောင့် ၎င်းသည် မိုးရေအနည်းငယ်သာ ရရှိလေသည်။ နှစ်ပတ်လည် အပြစ်ဖြေရာနေ့တွင် အာဇဇေလအဖို့ ဆိတ်ကို ဤတောအတွင်းသို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ရှောလုထံမှာ ဒါဝိဒ်ထွက်ပြေးတိမ်းရှောင်ခဲ့သည့်နေရာလည်းဖြစ်သည်။ ဤနေရာ၌ အရက် ၄၀ ယေရှုအစာရှောင်ခဲ့ပြီး ထို့နောက်တွင် မာရ်နတ်၏စုံစမ်းနှောင့်ယှက်မှုကို ခံခဲ့ရသည်။—ဝတ်ပြုရာ ၁၆:၂၁၊ ၂၂; ဆာလံ ၆၃၊ အပေါ်ရှိစာသား; မဿဲ ၄:၁-၁၁။
ယုဒတော၏ အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်တွင် ပါရန်တောရှိ၏။ အီဂျစ်ပြည်မှာ ကတိထားရာပြည်တော်သို့ ဣသရေလတို့၏အနှစ် ၄၀ ကြာ ခရီးရှည်အတောအတွင်း သူတို့၏စခန်းချရာနေရာအများသည် ဤနေရာတွင်ဖြစ်၏။ (တောလည်ရာ ၃၃:၁-၄၉) မောရှေသည် “မီးမြွေ၊ ကင်းမြီးကောက်များ၍ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီး” နှင့်စပ်လျဉ်း၍ ရေးသားခဲ့သည်။ (တရားဟောရာ ၈:၁၅) အံ့ဩစရာမှာ သန်းနှင့်ချီသော ဣသရေလလူမျိုးများ အသက်ရှင်ကျန်နိုင်ခဲ့ကြသည်တကား! မည်သို့ပင်ဆိုစေ သူတို့ကို ယေဟောဝါ ထောက်မခဲ့ခြင်းဖြစ်လေသည်။
ဝိညာဉ်ရေးအရ လွင်တီးခေါင်ဖြစ်နေသော ဤလောကအတွင်း၌ပင် ကျွန်ုပ်တို့ကိုလည်း ယေဟောဝါ ထောက်မပေးနိုင်ကြောင်း ယင်းက သတိပေးချက်တစ်ခုပင်ဖြစ်သည်။ မှန်သည်၊ စာသားအတိုင်း မဟုတ်သည့်တိုင် မြွေများနှင့် ကင်းမြီးကောက်များအကြားတွင် ကျွန်ုပ်တို့လည်း လျှောက်လှမ်းနေရပါသည်။ အန္တရာယ်ရှိသည့်စကားများကို မည်သည့်စိတ်အနှောင့်အယှက်မျှမဖြစ်ဘဲ ပြောဆိုသောလူများနှင့် နေ့စဉ် ကျွန်ုပ်တို့ဆက်ဆံနေရကောင်းဆက်ဆံနေရမည်။ ထိုအန္တရာယ်ရှိသည့်စကားများသည် ကျွန်ုပ်တို့၏အတွေးအခေါ်များသို့ အလွယ်တကူကူးစက်လာနိုင်သည်။ (ဧဖက် ၅:၃၊ ၄; ၁ တိမောသေ ၆:၂၀) ဤအတားအဆီးများကြား၌ ဘုရားသခင်ကို ကြိုးစားအမှုဆောင်သောသူများသည် ချီးကျူးခံထိုက်ပေသည်။ သူတို့၏သစ္စာစောင့်သိမှုက သူတို့ကို အမှန်ပင် ယေဟောဝါထောက်မနေကြောင်း ခိုင်မာသည့်သက်သေသာဓကပင်ဖြစ်သည်။
ကရမေလတောင်
ကရမေလဟူသည့် အမည်သည် “သစ်သီးခြံ” ဟု အဓိပ္ပာယ်ရ၏။ အလျား မိုင် ၃၀ ခန့်ရှိသော မြောက်အရပ်ရှိ သီးနှံဖြစ်ထွန်းသည့် ဤဒေသသည် စပျစ်ခြံများ၊ သံလွင်တောများနှင့် သီးစားပင်များဖြင့် အလှဆင်ထားလျက်ရှိ၏။ ဤတောင်တန်း၏အငူသည် မမေ့နိုင်လောက်အောင်ပင် တင့်တယ်လှပမှုရှိလေသည်။ ဟေရှာယ ၃၅:၂ က ပြန်လည်တည်ထောင်ထားသော ဣသရေလနိုင်ငံ၏ ကြွယ်ဝလှသည့်ဂုဏ်အသရေနှင့်စပ်လျဉ်း၍ အမှတ်သင်္ကေတတစ်ခုအဖြစ် “ကရမေလတောင် . . . ၏တင့်တယ်ခြင်းအသရေ” ကို ဖော်ပြထားသည်။
ကရမေလတောင်တွင် မှတ်သားဖွယ်အဖြစ်အပျက် အတော်များများ ဖြစ်ပျက်ခဲ့သည်။ ဗာလ၏ပရောဖက်များကို ဧလိယစိန်ခေါ်ခဲ့သောနေရာ၊ မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သက်သေထူသောအနေဖြင့် ‘ထာဝရဘုရား၏မီး ကျလာသော’ နေရာသည် ဤနေရာပင်ဖြစ်သည်။ ထို့အပြင် ကရမေလတောင်ထိပ်မှနေ၍ မိုးတိမ်ငယ်ကို ဧလိယသတိပြုစေပြီး ယင်းက မိုးသည်းထန်စွာ ရွာခြင်းဖြစ်စေသောကြောင့် ဣသရေလတို့အပေါ်သက်ရောက်သော မိုးခေါင်ခြင်းကို အံ့ဖွယ်နည်းဖြင့် အဆုံးသတ်စေခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၁၇-၄၆) ဧလိယကိုဆက်ခံသူ ဧလိရှဲသည် ရှုနင်မြို့သူအမျိုးသမီးက သေဆုံးသွားသော သူမ၏ကလေးအတွက် သူ၏အကူအညီကို လာရောက်တောင်းခံစဉ်၌ ကရမေလတောင်တွင် ရှိနေခဲ့သည်။ နောက်ပိုင်း ထိုကလေးကို ဧလိရှဲ ထမြောက်စေခဲ့၏။—၄ ဓမ္မရာဇဝင် ၄:၈၊ ၂၀၊ ၂၅-၃၇။
ကရမေလတောင်စောင်းများ၌ သစ်သီးခြံများ၊ သံလွင်တောများနှင့် စပျစ်ပင်များရှိဆဲဖြစ်သည်။ နွေဦးရာသီအတွင်း၌ ဤတောင်စောင်းများသည် တင့်တယ်လှပသောပန်းများဖြင့် လွှမ်းခြုံလျက်ရှိသည်။ “သင်၏ဦးခေါင်းသည် ကရမေလတောင်နှင့်တူ” သည်ဟု ရှုလမိတ်မိန်းမပျိုလေးကို ရှောလမုန်ပြောဆိုခဲ့သည်။ ၎င်းမှာ သူမဆံကေသာ၏နှစ်လိုဖွယ်ကောင်းမှု သို့မဟုတ် သူမ၏လည်တိုင်မှ အချိုးကျနသောခေါင်း တင့်တယ်လှပစွာ ပေါ်ထွက်နေပုံကို ရည်ညွှန်းနေခြင်းဖြစ်ဟန်တူ၏။—ရှောလမုန်သီချင်း ၇:၅။
ကရမေလတောင်၏ထူးခြားပေါ်လွင်ချက်ဖြစ်သော ကြီးကျယ်ခမ်းနားမှုက မိမိ၏မျက်မှောက်ခေတ် ဝတ်ပြုကိုးကွယ်သူများ၏အဖွဲ့အစည်းကို ယေဟောဝါပေးအပ်တော်မူခဲ့သည့် ဝိညာဏသာယာလှပမှုကို ကျွန်ုပ်တို့အား အမှတ်ရစေသည်။ (ဟေရှာယ ၃၅:၁၊ ၂) ယေဟောဝါသက်သေများသည် အမှန်ပင် ဝိညာဏပရဒိသုအတွင်း၌ နေထိုင်လျက်ရှိကြပြီး “ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သောအမွေကို ငါခံရပြီ” ဟု ရေးသားခဲ့သော ဘုရင်ဒါဝိဒ်၏ခံစားချက်များနှင့် သူတို့သဘောကိုက်ညီကြသည်။—ဆာလံ ၁၆:၆။
မှန်ပေသည်၊ ရှေးဣသရေလလူမျိုးများသည် ဘုရားသခင့်ရန်သူများ၏ ထပ်တလဲလဲဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ပင် ယနေ့ခေတ် ဘုရားသခင်၏ဝိညာဏလူမျိုးတော်သည်လည်း ခက်ခဲသောစိန်ခေါ်ချက်များနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ သို့သော်လည်း စစ်မှန်သောခရစ်ယာန်များသည် အစဉ်အမြဲတိုးတက်နေသော ကျမ်းစာသမ္မာတရား၏အလင်း၊ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းနှင့် ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရရှိခွင့်တို့အပါအဝင် ယေဟောဝါပြင်ဆင်ပေးတော်မူသော ကောင်းချီးများကို ဘယ်တော့မျှ မျက်ခြည်ပြတ်မည်မဟုတ်ပေ။—သု. ၄:၁၈; ယောဟန် ၃:၁၆; ၁၃:၃၅။
“ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့”
ရှေးအချိန်က ကတိထားရာပြည်တော်သည် မျက်စိပသာဒကျသောနေရာဖြစ်လေသည်။ “နို့နှင့်ပျားရည်စီးတတ်သော” နေရာဟု ဖော်ပြခြင်းသည် ဆီလျော်လှ၏။ (ကမ္ဘာဦး ၁၃:၁၀; ထွက်မြောက်ရာ ၃:၈) မောရှေက ယင်းကို “ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊ ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍ တောင်ထဲကကြေးနီကိုတူးရသောပြည်” ဟု ခေါ်ဆိုခဲ့သည်။—တရားဟောရာ ၈:၇-၉။
ဤမျှကြွယ်ဝလှပသော ဌာနေတစ်ခုကို မိမိ၏ရှေးလူမျိုးတော်အတွက် ယေဟောဝါပြင်ဆင်ပေးနိုင်တော်မူသည်ဆိုလျှင် တောတောင်ချိုင့်ဝှမ်း၊ မြစ်ချောင်းအင်းအိုင်များဖြင့် ကမ္ဘာချီကျယ်ပြန့်သော ကြီးကျယ်ခမ်းနားလှသည့် ပရဒိသုတစ်ခုကို မိမိ၏မျက်မှောက်ခေတ် သစ္စာရှိကျေးကျွန်များအား ကိုယ်တော် အမှန်ပင်ပေးနိုင်တော်မူမည်။ မှန်၏၊ အထူးထူးအပြားပြားဖြင့် မျိုးပေါင်းစုံလင်လှသော ရှေးကတိထားရာပြည်တော်သည် ယနေ့ ကိုယ်တော်၏သက်သေခံများ မွေ့လျော်လျက်ရှိသည့် ဝိညာဏပရဒိသုနှင့် ကမ္ဘာသစ်တွင်ရှိမည့် အနာဂတ်ပရဒိသု၏ နမူနာမျှသာဖြစ်သည်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအပိုင်ရ၍ အမြဲနေထိုင်ရကြလိမ့်မည်” ဟူ၍ ဆာလံ ၃၇:၂၉ (ကဘ) တွင် မှတ်တမ်းတင်ထားသောကတိတော်သည် ထိုအရပ်တွင် ပြည့်စုံလာလိမ့်မည်။ နာခံသူလူသားများအား ထိုပရဒိသုစံအိမ်ကို ယေဟောဝါပေးသနားတော်မူသောအခါ ၎င်း၏ “အခန်း” အားလုံးကို စူးစမ်းကြည့်ရှုရခြင်းနှင့် အမြဲတမ်း ထိုသို့လုပ်ဆောင်သွားရမည်ဖြစ်ခြင်းအတွက် သူတို့မည်မျှပျော်ရွှင်လိုက်ကြမည်တကား!
[အောက်ခြေမှတ်ချက်များ]
a ဤဒေသမှ စပျစ်ခိုင်တစ်ခိုင်သည် ၂၆ ပေါင် ရှိသည်ဟု မှတ်တမ်းတင်ထားပြီး နောက်မှတ်တမ်းတစ်ခုတွင်မူ ၄၄ ပေါင်ကျော်ရှိသည်ဟု ဖော်ပြထားသည်။
b ဂိဟုန်ချောင်းသည် ယေရုရှလင်မြို့၏ အရှေ့ဘက်နယ်နိမိတ်အပြင်နားလေးတွင်ရှိသည်။ ၎င်းသည် ဂူတစ်ခုအတွင်း၌ ဖုံးကွယ်နေသောကြောင့် ယင်းတည်ရှိနေသည်ကို အာရှုရိတို့ သိရှိခဲ့ဟန်မတူပေ။
[စာမျက်နှာ ၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဂါလိလဲ
ဂါလိလဲ ပင်လယ်
ကရမေလတောင်
ရှမာရိပြည်
ရှဖေလာခရိုင်
ယုဒတောင်တန်း
ဆားငန်အိုင်
[Credit Line]
NASA Photo
[စာမျက်နှာ ၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ရှဖေလာခရိုင်သည် ဘုရားသခင့်လူမျိုးတော်နှင့် သူတို့၏ရန်သူများအကြားရှိ အရံအတားတစ်ခုဖြစ်
MI ၀ ၅ ၁၀
KM၀ ၈ ၁၆
ဖိလိတ္တိလွင်ပြင်
ရှဖေလာခရိုင်
ယုဒနိုင်ငံ၏တောင်တန်းဒေသ
ယုဒတော
ရစ်ဖ်တောင်ကြား
ဆားငန်အိုင်
အမ္မုန်နှင့် မောဘတို့၏ပြည်
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဟေဇကိဥမင်– အရှည် ၁,၇၄၉ ပေ၊ ကျောက်သားထုကို ထွင်းဖောက်ပြုလုပ်ထား
တိုက်ရိုဘိုရောချိုင့်ဝှမ်း
ရှိလောင်ကန်
ဒါဝိဒ်မြို့တော်
ကေဒြုန်ချိုင့်ဝှမ်း
ဂိဟုန်ချောင်း
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယုဒတောအတွင်း၌ ဒါဝိဒ်သည် ရှောလုထံမှ တိမ်းရှောင်၍ ခိုကိုးရာကိုရှာဖွေခဲ့။ နောက်ပိုင်း ဤနေရာ၌ မာရ်နတ်၏စုံစမ်းနှောင့်ယှက်မှုကို ယေရှုခံခဲ့ရ
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဗာလ၏ပရောဖက်များကို ဧလိယအရှက်ခွဲခဲ့သည့် ကရမေလတောင်
[Credit Line]
Pictorial Archive (Near Eastern History) Est.
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“သင်၏ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့်ပြည့်စုံသောပြည် . . . သို့ သင့်ကို ဆောင်သွားတော်မူ၏။”—တရားဟောရာ ၈:၇၊ ၉။