ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၁/၁၅ စာ. ၁၀-၁၅
  • ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အကျွန်ုပ်၏ရှင်ဘုရင် ဘုရားသခင်ကို ငါချီးမြှောက်မည်’
  • ဘုရားသခင့်ကြီးမြတ်မှုဆိုင်ရာ ပုံနမူနာများ
  • အံ့ဖွယ်အမှုများနှင့် တန်ခိုးကြီးလုပ်ရပ်များ
  • ယေဟောဝါ၏ဘုန်းတန်ခိုး
  • ဘုရားသခင်၏ ကျင့်ဝတ်အရည်အသွေးများ ကြီးမြတ်လှစွတကား!
  • ထာဝရချီးမွမ်းခြင်းကို ယေဟောဝါရှင်ခံထိုက်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ကြီးမြတ်မှုအပေါ် ခရစ်တော်အမြင်မျိုး ပျိုးထောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • “ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ငါတို့ဘုရား ယေဟောဝါအားချီးမွမ်းကြ
    ယေဟောဝါအား တေးသီကျူးကြ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၁/၁၅ စာ. ၁၀-၁၅

ယေဟောဝါ၏ ကြီးမြတ်မှုကို စစ်၍မကုန်နိုင်

“[ယေဟောဝါ] သည်ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။”—ဆာလံ ၁၄၅:၃။

၁၊ ၂။ ဒါဝိဒ်သည် အဘယ်သို့သောလူစားမျိုးဖြစ်ပြီး ဘုရားသခင်ရှေ့ သူ့ကိုယ်သူ မည်သို့ရှုမြင်ခဲ့သနည်း။

ဆာလံ ၁၄၅ ကို စပ်ဆိုသူမှာ သမိုင်းတွင် နာမည်ကျော်ကြား လူသိများသောပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ သူ ငယ်ရွယ်စဉ်က လက်နက်ကိုင် ဧရာမလူထွားကြီးတစ်ဦးကို ရင်ဆိုင်ပြီး သတ်ပစ်ခဲ့၏။ အဆိုပါဆာလံဆရာသည် စစ်သူရဲ-ဘုရင်တစ်ပါးဖြစ်ပြီး ရန်သူအမြောက်အမြားကို နှိမ်နင်းနိုင်ခဲ့သည်။ ထိုသူ၏အမည်မှာ ဒါဝိဒ်ဖြစ်ပြီး ရှေးဣသရေလတိုင်းပြည်၏ ဒုတိယမြောက်ရှင်ဘုရင်ဖြစ်သည်။ ဒါဝိဒ်သေပြီးနောက်ပိုင်းတွင်လည်း သူ၏ဂုဏ်သတင်းမွှေးကျန်ခဲ့ရာ ယနေ့ သန်းနှင့်ချီသောသူတို့ပင် သူ့အကြောင်း အနည်းဆုံး တစ်စုံတစ်ရာသိရှိကြလေသည်။

၂ ဒါဝိဒ်သည်အောင်မြင်မှုများစွာရရှိခဲ့သော်လည်း သူ့ကိုယ်သူ နှိမ့်ချစွာ ရှုမြင်ခဲ့၏။ ယေဟောဝါအားရည်ညွှန်း၍ သူဤသို့သီဆိုခဲ့၏–“လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော်၊လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။” (ဆာလံ ၈:၃၊ ၄) သူ့ကိုယ်သူ ကြီးမြတ်သည်ဟု ယူဆမည့်အစား ယေဟောဝါကြောင့်သာ ရန်သူအပေါင်း၏လက်မှ မိမိလွတ်မြောက်ခဲ့ကြောင်း အသိအမှတ်ပြုကာ “ကိုယ်တော်သည် ကယ်တင်တော်မူခြင်းဒိုင်းလွှားကိုအပ်၍၊ [နှိမ့်ချ] တော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ရောက်ပါ၏” ဟု ဘုရားသခင်အကြောင်းပြောဆိုခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂၂:၁၊ ၂၊ ၃၆) ယေဟောဝါသည် နှိမ့်ချတော်မူသဖြင့် အပြစ်သားများကို သနားကြင်နာမှုပြခြင်းဖြစ်သည်၊ ဘုရားသခင်၏ ဤမခံစားထိုက်သောကျေးဇူးတော်ကို ဒါဝိဒ်အထူးလေးမြတ်ခဲ့လေသည်။

‘အကျွန်ုပ်၏ရှင်ဘုရင် ဘုရားသခင်ကို ငါချီးမြှောက်မည်’

၃။ (က) ဣသရေလရှင်ဘုရင်အရိုက်အရာအပေါ် ဒါဝိဒ်ရှုမြင်ချက်ကား အဘယ်နည်း။ (ခ) ယေဟောဝါအား အဘယ်အတိုင်းအတာအထိ ဒါဝိဒ်ချီးမွမ်းလိုခဲ့သနည်း။

၃ ဒါဝိဒ်သည် ဘုရားသခင်ခန့်အပ်ထားသည့် ရှင်ဘုရင်ဖြစ်သော်လည်း ယေဟောဝါအား စစ်မှန်သော ဣသရေလရှင်ဘုရင်အဖြစ် သူရှုမြင်ခဲ့သည်။ ဒါဝိဒ်ဤသို့ဆိုခဲ့သည်– “အို [ယေဟောဝါ]၊ ကိုယ်တော်သည် အစိုးရတော်မူပါ၏။ ခပ်သိမ်းသောသူတို့အထွတ်၊ အမြင့်မြတ်ဆုံးဖြစ်တော်မူပါ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၁၊ သမ္မာ) ထို့အပြင် ဒါဝိဒ်သည် ဘုရားသခင်၏ အုပ်စိုးရှင်အရာကို အမှန်တကယ် တန်ဖိုးထားလေးမြတ်ခဲ့သည်တကား! ‘အကျွန်ုပ်၏ရှင်ဘုရင် ဘုရားသခင်ကို ငါချီးမြှောက်မည်။ ကာလအစဉ်အဆက်နာမတော်ကို ကောင်းချီးပေးပါမည်။ ကိုယ်တော်ကို နေ့တိုင်းအစဉ်ကောင်းချီးပေးပါမည်။ နာမတော်ကို ကာလအစဉ်အဆက်ချီးမွမ်းပါမည်’ ဟု သူသီဆိုခဲ့၏။ (ဆာလံ ၁၄၅:၁၊ ၂) ဒါဝိဒ်သည် ယေဟောဝါဘုရားသခင်အား တစ်နေ့လုံး၊ ထာဝရကာလပတ်လုံး ချီးမွမ်းရန် အလိုဆန္ဒရှိခဲ့သည်။

၄။ အဘယ်အဆိုများသည် မှားယွင်းကြောင်း ဆာလံ ၁၄၅ က ဖော်ထုတ်သနည်း။

၄ ဘုရားသခင်သည် မိမိဖန်ဆင်းထားရာသတ္တဝါတို့ကို လွတ်လပ်ခွင့်မပေး၊တစ်ကိုယ်ကောင်းဆန်သော အုပ်စိုးရှင်ဖြစ်၏ဟူသည့် စာတန့်အဆိုကို ဆာလံ ၁၄၅ က ထိရောက်စွာချေပထားသည်။ (ကမ္ဘာဦး ၃:၁-၅) ထို့ပြင် လူတို့သည် ဘုရားသခင်ကို ချစ်၍မဟုတ်ဘဲ အကျိုးရ၍သာ နာခံကြသည်ဟူသော စာတန့်လိမ်လည်မှုကို ဤဆာလံက ဖော်ထုတ်သည်။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ဒါဝိဒ်ကဲ့သို့ပင် ယနေ့စစ်မှန်သောခရစ်ယာန်များသည် စာတန်၏မတရားစွပ်စွဲချက်များကို ချေပနေကြ၏။ သူတို့သည် ယေဟောဝါအား ထာဝရကာလပတ်လုံး ချီးမွမ်းလိုကြရာ ဘုရားသခင့်နိုင်ငံတော်အောက် ထာဝစဉ်အသက်ရှင်ရမည့် မျှော်လင့်ချက်ကို တန်ဖိုးထားကြသည်။ ယခုပင် သန်းပေါင်းများစွာသောသူတို့သည် ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့်၊ ကိုယ်တော်၏ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသော ဝတ်ပြုသူများအဖြစ် မေတ္တာအပြည့်အဝနှင့် နှိမ့်ချစွာ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ကြခြင်းအားဖြင့် ထိုသို့ပြုနေကြပြီ။—ရောမ ၅:၈; ၁ ယောဟန် ၅:၃။

၅၊ ၆။ ယေဟောဝါအားကောင်းချီးပေး၍ ချီးမွမ်းရန် အဘယ်အခွင့်အရေးများရှိသနည်း။

၅ ကိုယ်တော်၏ကျေးကျွန်များအနေနှင့်ယေဟောဝါအား ကောင်းချီးပေး၍ချီးမွမ်းရသည့် အခွင့်အရေးများကို စဉ်းစားကြည့်ပါ။ ကိုယ်တော်နှုတ်မြွက်ထားသော သမ္မာကျမ်းစာကိုဖတ်ရှုရာတွင် ကျွန်ုပ်တို့၏စိတ်နှလုံးကို အလွန်ထိမိစေသည့်အချက်တစ်ချက် ဖတ်လိုက်ရသောအခါ ဆုတောင်းခြင်းဖြင့် ကျေးဇူးတော်ချီးမွမ်းနိုင်ကြသည်။ မိမိလူမျိုးတော်နှင့် ဘုရားသခင်ဆက်ဆံပုံကြောင့် ကျွန်ုပ်တို့လှုံ့ဆော်ခံရသည့်အခါ သို့မဟုတ် ကိုယ်တော်၏ အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာတော် အသွင်အပြင်တစ်ခုကိုမြင်ပြီး ကျွန်ုပ်တို့ ဘဝင်ခိုက်မိသောအခါ ကျေးဇူးတော်ချီးမွမ်းနိုင်ကြပါသည်။ ထို့ပြင် ခရစ်ယာန်အစည်းအဝေးများတွင်၊ သီးသန့်စကားစမြည်ပြောဆိုချိန်တွင် ယုံကြည်သူချင်းများအား ကိုယ်တော်၏ရည်ရွယ်တော်မူချက်များအကြောင်း ဆွေးနွေးတင်ပြပြောဆိုကြသည့်အခါ ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ချီးမွမ်းနိုင်ကြသည်။ အမှန်မှာ၊ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ပြုလုပ်သည့် “ကောင်းသောအကျင့်” အားလုံးသည် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်သည်။—မဿဲ ၅:၁၆။

၆ မကြာသေးမီကပြုခဲ့သော ထိုအကျင့်ကောင်းများတွင် ချို့ငဲ့သောနိုင်ငံများရှိ ယေဟောဝါ၏လူမျိုးအတွက် ဝတ်ပြုကိုးကွယ်ရာနေရာများ ဆောက်လုပ်ပေးခြင်းပါဝင်၏။ ဤသို့ပြုလုပ်နိုင်ရန် အခြားနိုင်ငံများမှ ယုံကြည်သူချင်းများ၏ ငွေကြေးထောက်ပံ့မှုအပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ရေးတွင်ပါဝင်ရန် ထိုဒေသများသို့ သွားရောက်လုပ်အားပေးနိုင်ကြသည့် ခရစ်ယာန်တချို့၏အကူအညီတို့ဖြင့် ပြုလုပ်ဆောင်ရွက်နေကြသည်။ ကောင်းသောအကျင့်ရှိရှိသမျှတို့တွင် အရေးအကြီးဆုံးမှာ ကိုယ်တော်၏နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းဖြင့် ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၄) ဤဆာလံပါ နောက်ပိုင်းအခန်းငယ်များက တင်ပြသည့်အတိုင်း ဒါဝိဒ်သည် ဘုရားသခင့်အုပ်ချုပ်မှုကို ကျေးဇူးတင်လေးမြတ်ခဲ့ပြီး ကိုယ်တော်၏မင်းရိုက်ရာကို ချီးမွမ်းထောမနာပြုခဲ့၏။ (ဆာလံ ၁၄၅:၁၁၊ ၁၂) အသင်လည်း ဘုရားသခင်၏ မေတ္တာပါသောအုပ်ချုပ်ရေးကို ထပ်တူကျေးဇူးတင်လေးမြတ်သလော။ ကိုယ်တော်၏နိုင်ငံတော်အကြောင်း အခြားသူများကို မှန်မှန်ပြောပြပါသလော။

ဘုရားသခင့်ကြီးမြတ်မှုဆိုင်ရာ ပုံနမူနာများ

၇။ ယေဟောဝါအားချီးမွမ်းရခြင်း၏ အဓိကအကြောင်းရင်းကိုဖော်ပြပါ။

၇ ဆာလံ၁၄၅:၃ က ယေဟောဝါအား ချီးမွမ်းရခြင်း၏ အဓိကအကြောင်းရင်းကို ဖော်ပြသည်။ ဒါဝိဒ်ဤသို့သီဆိုသည်– “[ယေဟောဝါ]သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်။” ယေဟောဝါ၏ကြီးမြတ်မှုသည် အတိုင်းအဆမဲ့ဖြစ်၏။ ယင်းကြောင့် လူတို့သည် ကိုယ်တော်၏ကြီးမြတ်မှုကို စစ်၍မကုန်နိုင်၊ နားမလည်နိုင်၊ တိုင်းတာ၍မရနိုင်ချေ။ သို့သော် ယေဟောဝါ၏ စစ်၍မကုန်နိုင်သော ကြီးမြတ်မှုပုံနမူနာအချို့ကို ယခု သုံးသပ်ကြည့်ခြင်းမှ မုချအကျိုးရပေလိမ့်မည်။

၈။ ယေဟောဝါ၏ကြီးမြတ်မှုနှင့် တန်ခိုးတော်တို့အကြောင်း စကြဝဠာက အဘယ်အရာဖော်ပြသနည်း။

၈ သင်သည် မြို့ပြ၏ ထိန်ထိန်ညီးသောအလင်းရောင်များမှ ဝေးကွာနေ၍ တိမ်ကင်းစင်သောညတစ်ညဝယ် ကောင်းကင်သို့ မော့ကြည့်ခဲ့ဖူးချိန်ကို ပြန်အမှတ်ရရန် ကြိုးစားကြည့်ပါ။ မှောင်မည်းနေသည့် အာကာသဟင်းလင်းပြင်တွင် မြောက်မြားလှသည့်ကြယ်ပြောက်များကို တွေ့မြင်၍ အံ့သြမိန်းမောခဲ့သည်မဟုတ်ပေလော။ အဆိုပါကောင်းကင်တန်ဆာရှိရှိသမျှကို ဖန်ဆင်းထားသည့် ကိုယ်တော်၏ကြီးမြတ်မှုအတွက် ယေဟောဝါအားချီးမွမ်းရန် တိုက်တွန်းလှုံ့ဆော်မခံရပေလော။ သို့ရာတွင် သင်တွေ့မြင်လိုက်ရသည်မှာ ကမ္ဘာမြေကြီးပါဝင်သော ဂလက်ဆီတစ်ခုအတွင်းရှိ ကြယ်တာရာတို့၏ အလွန်သေးငယ်သော အစိတ်အပိုင်းလေးတစ်ပိုင်းမျှသာရှိသေးသည်။ ဤဂလက်ဆီအပြင်၊ ဂလက်ဆီ ဘီလီယံပေါင်း ရာကျော်ရှိသည်ဟု ခန့်မှန်းရသည်၊ ယင်းတို့အနက် သုံးခုကိုသာ အဝေးကြည့်မှန်ပြောင်း အကူအညီမပါဘဲ တွေ့မြင်နိုင်ပေသည်။ ကျယ်ပြောသောစကြဝဠာတွင်ရှိ မရေမတွက်နိုင်သော ကြယ်တာရာပေါင်းများစွာနှင့် ဂလက်ဆီများသည် ယေဟောဝါ၏ ဖန်ဆင်းနိုင်စွမ်းနှင့် စစ်၍မကုန်နိုင်သော ကြီးမြတ်မှုတို့ကို သက်သေထူသည်။—ဟေရှာယ ၄၀:၂၆။

၉၊ ၁၀။ (က) ယေရှုခရစ်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏ကြီးမြတ်သော အဘယ်အသွင်အပြင်များ ပေါ်လွင်ထင်ရှားခဲ့သနည်း။ (ခ) ယေရှု၏ရှင်ပြန်ထမြောက်မှုက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။

၉ ယေဟောဝါ၏ကြီးမြတ်မှုဆိုင်ရာ ယေရှုခရစ်နှင့်ပတ်သက်သော အခြားအသွင်အပြင်များကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် သားတော်ကို ဖန်ဆင်းပြီး မိမိ၏ “လုပ်သားချုပ်” အဖြစ် အတိုင်းမသိ ရှည်လျားသောကာလအတွင်း အသုံးပြုတော်မူခဲ့ခြင်းဖြင့် ကိုယ်တော်၏ကြီးမြတ်မှု ထင်ရှားလေသည်။ (သု. ၈:၂၂-၃၁၊ ကဘ) ထို့အပြင် မိမိ၏တစ်ပါးတည်းသောသားတော်ကို လူအပေါင်းအတွက် ရွေးဖိုးပူဇော်ရာယဇ်အဖြစ် ပေးအပ်ချိန်တွင် ယေဟောဝါ၏မေတ္တာတော် ကြီးမားကြောင်း ထင်ရှားခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ယောဟန် ၂:၁၊ ၂) လူ့ဉာဏ်ဖြင့်မမီနိုင်သည့် အခြားအရာတစ်ခုမှာ ယေရှုရှင်ပြန်ထမြောက်ချိန်တွင် သားတော်အတွက် ယေဟောဝါဖန်တီးပေးသော ကြီးကျယ်ခမ်းနား ဘုန်းတန်ခိုးရှိ မသေနိုင်သည့်ဝိညာဉ်ခန္ဓာကိုယ်ဖြစ်သည်။—၁ ပေတရု ၃:၁၈။

၁၀ ယေရှုရှင်ပြန်ထမြောက်ချိန်တွင် ယေဟောဝါ၏ စစ်၍မကုန်နိုင်သောကြီးမြတ်မှုနှင့်ပတ်သက်၍ အထူးစွဲမှတ်စရာကောင်းသော အသွင်အပြင်များစွာ ပေါ်လွင်ထင်ရှားခဲ့သည်။ ရူပအရာ၊ အရူပအရာများကို ဖန်ဆင်းချိန်တွင် ယေရှုပြုလုပ်ဆောင်ရွက်ခဲ့ရသမျှတို့ကို ဘုရားသခင် အမှန်တကယ်ပြန်မှတ်မိစေလိမ့်မည်မှာ သေချာပါသည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ထိုဖန်ဆင်းရာတို့တွင် အခြားဝိညာဉ်သတ္တဝါများ၊ ဤစကြဝဠာ၊ မြေဆီမြေနှစ်ကောင်းသော ဤကမ္ဘာဂြိုဟ်နှင့် ကမ္ဘာမြေကြီးပေါ်ရှိ သက်ရှိအမျိုးမျိုးပါဝင်ပေလိမ့်မည်။ လူ့ဘဝမတိုင်မီ သားတော်ယေရှုအသက်ရှင်စဉ်က ကိုယ်တော်မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည့် ကောင်းကင်အသက်တာ၊ မြေကြီးအသက်တာနှင့်ပတ်သက်သော အဖြစ်အပျက်အားလုံးကို သူ့အား ပြန်လည်သတိရစေသည့်အပြင်စုံလင်သူလူသားတစ်ဦးအဖြစ် တွေ့ကြုံခဲ့သမျှတို့ကိုပါ မှတ်မိစေတော်မူခဲ့၏။ မှန်ပါသည်၊ ယေရှု ရှင်ပြန်ထမြောက်ချိန်တွင် ယေဟောဝါ၏ စစ်၍မကုန်နိုင်သော ကြီးမြတ်မှုသည် ထင်ရှားခဲ့သည်။ ထို့ပြင်၊ အဆိုပါကြီးမြတ်သောလုပ်ရပ်က အခြားသူများလည်း ရှင်ပြန်ထမြောက်လာလိမ့်မည်ကို အာမခံသည်၊ ၎င်းက ဘုရားသခင်၏စုံလင်သော မှတ်ဉာဏ်တော်တွင်ရှိသူ သန်းပေါင်းများစွာသော သေလွန်သူတို့ကို အသက်ပြန်ရှင်စေနိုင်တော်မူသည်ဟူသော ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ပိုခိုင်ခံ့စေသင့်သည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၁၇:၃၁။

အံ့ဖွယ်အမှုများနှင့် တန်ခိုးကြီးလုပ်ရပ်များ

၁၁။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ အဘယ်အံ့ဖွယ်အမှုကို ယေဟောဝါ အစပြုတော်မူခဲ့သနည်း။

၁၁ ယေရှုရှင်ပြန်ထမြောက်ချိန်မှစ၍ ယေဟောဝါသည် အခြားကြီးမြတ်၍ အံ့ဖွယ်သောအမှု များစွာတို့ကို ဆောင်ရွက်တော်မူခဲ့ပြီ။ (ဆာလံ ၄၀:၅) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဝိညာဉ်တော်ဖွားဖြစ်လာသူ ခရစ်တော်၏ တပည့်နောက်လိုက်များဖြင့် ဖွဲ့စည်းထားသော “ဘုရားသခင့်ဣသရေလ” ဖြစ်သည့် လူမျိုးအသစ်ကို ယေဟောဝါတည်ရှိစေတော်မူခဲ့၏။ (ဂလာတိ ၆:၁၆) အဆိုပါဝိညာဉ်ရေးလူမျိုးအသစ်သည် တန်ခိုးပါစွာ ထိုစဉ်က သိထားသောကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားလေသည်။ ယေရှု၏တမန်တော်များ သေဆုံးပြီးနောက် ခရစ်ယာန်ဘောင်ကိုပေါ်ထွက်လာစေသည့် အယူဖောက်ပြန်မှုကြား ယေဟောဝါသည် မိမိ၏ရည်ရွယ်တော်မူချက် ပြည့်စုံလာစေရန် အံ့ဖွယ်အမှုများကို ဆက်၍ပြုတော်မူခဲ့၏။

၁၂။ သမ္မာကျမ်းစာကို ကမ္ဘာပေါ်ရှိ အဓိကဘာသာစကားများသို့ ပြန်ဆိုထားနိုင်ခြင်းသည် အဘယ်အရာကို သက်သေထူသနည်း။

၁၂ ဥပမာအနေနှင့်၊ သမ္မာကျမ်းစာ ကျမ်းဂန်များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့၍ နောက်ဆုံး၌ ယနေ့ကမ္ဘာပေါ်ရှိ အဓိကဘာသာစကားအားလုံးသို့ ဘာသာပြန်ဆိုစေခဲ့သည်။ စာတန်၏လက်ပါးစေများက သတ်ပစ်မည်ကိုစိုးရိမ်နေရလျက်နှင့် သမ္မာကျမ်းစာဘာသာပြန်ခြင်းကို ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရလေ့ရှိ၏။ သေချာသည်မှာ စစ်၍မကုန်နိုင်အောင် ကြီးမြတ်တော်မူသော ဘုရားသခင်၊ ယေဟောဝါ၏ အလိုတော်မဟုတ်ခဲ့ပါမူ သမ္မာကျမ်းစာကို ဘာသာစကားပေါင်း ၂,၀၀၀ ကျော်သို့ ပြန်ဆိုနိုင်ခဲ့မည်မဟုတ်ချေ!

၁၃။ ၁၉၁၄ ခုနှစ်ကတည်းက ယေဟောဝါ၏နိုင်ငံတော် ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ကြီးမြတ်မှုသည် မည်သို့ပေါ်လွင်ထင်ရှားခဲ့ပြီနည်း။

၁၃ ယေဟောဝါ၏ကြီးမြတ်မှုသည် ကိုယ်တော်၏နိုင်ငံတော်ရည်ရွယ်ချက်များ နှင့်စပ်လျဉ်း၍ပေါ်လွင်ထင်ရှားခဲ့ပြီ။ ဥပမာအနေနှင့်၊၁၉၁၄ခုနှစ်တွင် ကိုယ်တော်သည် မိမိ၏သားတော်၊ ယေရှုခရစ်ကို ကောင်းကင်ဘုရင်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ထို့နောက် မကြာမီတွင် ယေရှုသည် စာတန်နှင့် သူ၏နတ်ဆိုးများကို အရေးယူခဲ့၏။ ၎င်းတို့သည် ကောင်းကင်မှ မြေကြီးဝန်းကျင်သို့ နှင်ချခံရပြီး ယခု တွင်းနက်ကြီးထဲချပစ်ခံရဖို့ သူတို့ဆက်စောင့်နေကြ၏။ (ဗျာ. ၁၂:၉-၁၂; ၂၀:၁-၃) ထိုအချိန်ကတည်းက ယေရှု၏ဝိညာဉ်တော်ဖွား နောက်လိုက်များသည် တိုး၍နှိပ်စက်ညှဉ်းပန်းခံနေရ၏။ သို့ရာတွင်၊ ခရစ်တော်၏ မျက်မြင်မရ ရောက်ရှိချိန်အတွင်း သူတို့ကို ယေဟောဝါ ထောက်မကူညီပေးတော်မူခဲ့ပြီ။—မဿဲ ၂၄:၃; ဗျာ. ၁၂:၁၇။

၁၄။ ၁၉၁၉ ခုနှစ်တွင် အဘယ်အံ့ဖွယ်အမှုကို ယေဟောဝါပြုတော်မူခဲ့ပြီး ယင်းက အဘယ်အရာကို ပြီးမြောက်စေခဲ့သနည်း။

၁၄ ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် မိမိ၏ကြီးမြတ်မှုကို ပေါ်လွင်ထင်ရှားစေသည့် နောက်ထပ်အံ့ဖွယ်အမှုတစ်ခုကို ပြုလုပ်တော်မူခဲ့သည်။ ဝိညာဉ်ရေးဘက် မလှုပ်မရှားဖြစ်နေသည့်အခြေအနေတွင်ရှိသော ယေရှု၏ဝိညာဉ်တော်ဖွား နောက်လိုက်များကို ပြန်လည်သက်ဝင်လှုပ်ရှားလာစေခဲ့၏။ (ဗျာ. ၁၁:၃-၁၁) ထိုအချိန်ကတည်းက ၎င်းဝိညာဉ်တော်ဖွားတို့သည် တည်ထောင်ခဲ့ပြီဖြစ်သော ကောင်းကင်နိုင်ငံတော်သတင်းကောင်းကို ဇွဲရှိရှိဟောပြောလျက်ရှိကြ၏။ ၁၄၄,၀၀၀ အရေအတွက် ပြည့်စေရန် အခြားဝိညာဉ်တော်ဖွားတို့ကိုလည်း စုသိမ်းခဲ့၏။ (ဗျာ. ၁၄:၁-၃) ယေဟောဝါသည် ခရစ်တော်၏ဝိညာဉ်တော်ဖွား နောက်လိုက်များအားဖြင့် ဖြောင့်မတ်သည့်လူ့ဘောင်အဖွဲ့အစည်းဖြစ်သော “မြေကြီးသစ်” ၏အုတ်မြစ်ကို ချတော်မူခဲ့သည်။ (ဗျာ. ၂၁:၁) သို့သော် တည်ကြည်သောဝိညာဉ်တော်ဖွားအားလုံး ကောင်းကင်သို့တက်ကြွသွားကြမည်ဖြစ်ရာ အဆိုပါ “မြေကြီးသစ်” သည် မည်သို့အမြဲတည်ရှိနိုင်မည်နည်း။

၁၅။ ဝိညာဉ်တော်ဖွားခရစ်ယာန်များ အဘယ်လုပ်ငန်းကို ဦးဆောင်နေခဲ့ကြပြီနည်း၊ အဘယ်ရလဒ်ရရှိခဲ့သနည်း။

၁၅ ၁၉၃၅ ခုနှစ်တွင် ဤဂျာနယ်၏ ဩဂုတ်လ ၁ ရက် နှင့် ဩဂုတ်လ ၁၅ ရက်ထုတ်စာစောင်များ၌ သမ္မာကျမ်းစာ နောက်ဆုံးကျမ်းစောင်၏ အခန်းကြီး ၇ တွင်ဖော်ပြထားသည့် “လူအုပ်ကြီး” အကြောင်း အဓိကဆောင်းပါးများ ပါရှိခဲ့သည်။ ဤဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ဘာသာစကားအမျိုးမျိုးပြောသော လူအမျိုးအနွယ်ခပ်သိမ်းမှ အဆိုပါဝတ်ပြုသူချင်းများကို ဇွဲရှိရှိစတင်ရှာဖွေ၍ မိမိတို့နှင့်ပူးပေါင်းစေခဲ့ကြသည်။ ဤ “လူအုပ်ကြီး” သည် “မြေကြီးသစ်” ၏ အမြဲတမ်းအဖွဲ့ဝင်များအဖြစ် ပရဒိသုတွင် ထာဝရအသက်ရှင်ရန်မျှော်လင့်ချက်ဖြင့် ကျရောက်အံ့ဆဲဆဲရှိ “ကြီးစွာသောဆင်းရဲ[ခြင်း]” ကိုကျော်ကြလိမ့်မည်။ (ဗျာ. ၇:၉-၁၄) ဝိညာဉ်တော်ဖွားခရစ်ယာန်များ ဦးစီးဦးဆောင်သော ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကြောင့် ယခု ခြောက်သန်းကျော်သောသူတို့သည် မြေကြီးပရဒိသုတွင် အဆုံးမဲ့အသက်တာရမည့်မျှော်လင့်ချက် ရှိနေကြပြီ။ စာတန်နှင့် သူ၏ပျက်စီးယိုယွင်းသောလောကမှ အတိုက်အခံများကြား ဤသို့တိုးတက်လာခြင်းသည် မည်သူကြောင့်နည်း။ (ဟေရှာယ ၆၀:၂၂; ၁ ယောဟန် ၅:၁၉) သန့်ရှင်းသောဝိညာဉ်တော်ကိုအသုံးပြုကာ ဤအမှုအားလုံး အောင်မြင်ပြီးမြောက်လာစေသူမှာ ယေဟောဝါတစ်ပါးတည်းသာ ဖြစ်တော်မူ၏။—ဇာခရိ ၄:၆။

ယေဟောဝါ၏ဘုန်းတန်ခိုး

၁၆။ ‘ယေဟောဝါ၏ဘုန်းတန်ခိုးတော်’အာနုဘော်တော်ကို ပကတိမျက်စိဖြင့် လူတို့ အဘယ်ကြောင့် မမြင်နိုင်ကြသနည်း။

၁၆ ယေဟောဝါ၏ “အံ့ဖွယ်အမှုများ” နှင့် “တန်ခိုးကြီးလုပ်ရပ်များ” သည် အဘယ်အရာပင်ဖြစ်ပါစေ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။ ဒါဝိဒ်ဤသို့ရေးသားခဲ့၏– “အမှုတော်တို့ကို လူမျိုးအဆက်ဆက်တို့သည် ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါလိမ့်မည်။ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်တော်ကို လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကိုလည်းကောင်း မြွက်ဆိုပါမည်။ သူတို့သည် ကြောက်မက်ဖွယ်သောအမှုတော်တို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်။” (ဆာလံ ၁၄၅:၄-၆) သို့သော် “ဘုရားသခင်သည် ... ဝိညာဉ်ဖြစ်တော်မူ” ၍ လူ့မျက်စိဖြင့်မမြင်နိုင်သောကြောင့် ယေဟောဝါ၏ဘုန်းတန်ခိုးတော်အာနုဘော်ကို ဒါဝိဒ်မည်မျှသိရှိနိုင်ပါမည်နည်း။—ယောဟန် ၁:၁၈; ၄:၂၄။

၁၇၊ ၁၈။ ‘ယေဟောဝါ၏ဘုန်းတန်ခိုးတော်’အာနုဘော်တော်ကို ဒါဝိဒ်မည်သို့ တိုး၍တန်ဖိုးထားလေးမြတ်လာနိုင်ခဲ့မည်နည်း။

၁၇ ဘုရားသခင်ကို ဒါဝိဒ်မမြင်နိုင်သော်လည်း ယေဟောဝါ၏ဘုန်းတန်ခိုးတော်ကို သူတိုး၍အထင်ကြီးလေးစားနိုင်သည့် နည်းလမ်းများရှိပါသည်။ ဥပမာအနေနှင့်၊ ဆိုးယုတ်သောလောကကို ကမ္ဘာချီရေလွှမ်းမိုး၍ ဖျက်ဆီးပစ်ခဲ့ခြင်းအစရှိသည့် ဘုရားသခင်၏ တန်ခိုးပါသည့်လုပ်ရပ်များအကြောင်း ကျမ်းစာမှတ်တမ်းတွင် သူဖတ်ရှုနိုင်ခဲ့သည်။ ဣသရေလလူမျိုးကို အီဂျစ်အချုပ်အနှောင်မှ ဘုရားသခင်ကယ်နုတ်သောအခါ အီဂျစ်ပြည်၏ မှားယွင်းသောကိုးကွယ်မှုများ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရကြောင်းကို သူသိရှိခဲ့ပေမည်။ ထိုသို့သောဖြစ်ရပ်များက ယေဟောဝါ၏ဘုန်းတန်ခိုးတော် ကြီးမြတ်ကြောင်းကို သက်သေထူပါသည်။

၁၈ ဒါဝိဒ်သည် သမ္မာကျမ်းစာကို ဖတ်ရှုခြင်းဖြင့်သာမက ဖတ်ရှုခဲ့ရာများအပေါ် ဆင်ခြင်တွေးတောခြင်းဖြင့်လည်း ဘုရားသခင်၏ဘုန်းတော်ကို တိုး၍တန်ဖိုးထားလေးမြတ်ခဲ့ပေမည်။ ဥပမာအနေနှင့်၊ ယေဟောဝါသည် ဣသရေလလူမျိုးအား ပညတ်ဥပဒေပြဋ္ဌာန်းပေးချိန်က ဖြစ်ပျက်ခဲ့ရာများကို သူဆင်ခြင်တွေးတောခဲ့ပေမည်။ ထိုစဉ်က မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်း၊ တိမ်ထူထပ်စွာကျလာခြင်းနှင့် ကျယ်လောင်သောတံပိုးမှုတ်သံတို့ ထွက်ပေါ်လာခဲ့၏။ သိနာတောင်သည် သိမ့်သိမ့်တုန်၍ အခိုးအငွေ့များထွက်လာ၏။ ၎င်းပြင် ဣသရေလလူမျိုးသည် တောင်ခြေ၌စုရုံးနေကြစဉ် ကောင်းကင်တမန်ကိုယ်စားလှယ်တစ်ပါးအားဖြင့် ယေဟောဝါစကားပြောဆိုချိန်တွင် သူတို့သည် မီးနှင့်မိုးတိမ်ကြားမှ “ပညတ်တော်ဆယ်ပါး” ကိုကြားနာခဲ့ကြရ၏။ (တရားဟောရာ ၄:၃၂-၃၆; ၅:၂၂-၂၄; ၁၀:၄; ထွက်မြောက်ရာ ၁၉:၁၆-၂၀; တမန်တော် ၇:၃၈၊ ၅၃) ယေဟောဝါ၏ခန့်ညားထည်ဝါမှုသည် အလွန်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလေစွ! အဆိုပါမှတ်တမ်းများကို ဆင်ခြင်တွေးတောကြသည့် ဘုရားသခင့်စကားတော်ကို ချစ်မြတ်နိုးသူများသည် ‘ယေဟောဝါ၏ဘုန်းတန်ခိုးတော်’အာနုဘော်တော်ကြောင့် တိုက်တွန်းလှုံ့ဆော်မှု အမှန်ခံရမည်။ ယနေ့ ကျွန်ုပ်တို့သည် ကျမ်းစာတစ်အုပ်လုံးကို ရရှိထားကြသည်၊ ၎င်းတွင် ယေဟောဝါ၏ကြီးမြတ်မှုကို စွဲမက်စေသည့် ဘုန်းအသရေအပြည့်ပါသော အဆင်းအာရုံ အမြောက်အမြားပါရှိ၏။—ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉၊ ၁၀; ဗျာ. အခန်းကြီး ၄။

၁၉။ ယေဟောဝါ၏ဘုန်းတော်ကို အဘယ်အရာက ကျွန်ုပ်တို့အား ပိုမိုတန်ဖိုးထားလေးမြတ်လာစေမည်နည်း။

၁၉ ဘုရားသခင်၏ဘုန်းတော်ကို ဒါဝိဒ်စွဲမက်နိုင်ခဲ့သည့် နောက်တစ်နည်းမှာ ဣသရေလလူမျိုးတို့အား ဘုရားသခင်ပေးသည့် ပညတ်တော်များကို လေ့လာခြင်းအားဖြင့်ဖြစ်သည်။ (တရားဟောရာ ၁၇:၁၈-၂၀; ဆာလံ ၁၉:၇-၁၁) ယေဟောဝါ၏ပညတ်တော်များကို နာခံခြင်းက ဣသရေလလူမျိုးကို ဂုဏ်တက်စေပြီး အခြားလူမျိုးအားလုံးနှင့် တသီးတခြားကွဲပြားစေ၏။ (တရားဟောရာ ၄:၆-၈) ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့လည်း ကျမ်းစာမှန်မှန်ဖတ်ရှုခြင်း၊ ဖတ်ရှုရာအပေါ် နက်နက်နဲနဲ ဆင်ခြင်တွေးတောခြင်းနှင့် ဝီရိယရှိရှိ လေ့လာခြင်းအားဖြင့် ယေဟောဝါ၏ဘုန်းတော်ကို ပိုမိုတန်ဖိုးထားလေးမြတ်လာပေလိမ့်မည်။

ဘုရားသခင်၏ ကျင့်ဝတ်အရည်အသွေးများ ကြီးမြတ်လှစွတကား!

၂၀၊ ၂၁။ (က) အဘယ်အရည်အသွေးများနှင့်စပ်လျဉ်း၍ ဆာလံ ၁၄၅:၇-၉ က ယေဟောဝါ၏ကြီးမြတ်မှုကို ပိုမိုကြီးကျယ်စေသနည်း။ (ခ) ဤတွင်ဖော်ပြထားသည့် ဘုရားသခင့်အရည်အသွေးတော်များသည် ကိုယ်တော်အားချစ်မြတ်နိုးသူအားလုံးအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။

၂၀ ကျွန်ုပ်တို့သိရှိခဲ့ကြရသည့်အတိုင်း ဆာလံ ၁၄၅ ၏ ပထမအခန်းငယ်ခြောက်ခုသည် ကိုယ်တော်၏စစ်၍မကုန်နိုင်သော ကြီးမြတ်မှုနှင့်စပ်လျဉ်း၍ ယေဟောဝါအားချီးမွမ်းစရာ အကြောင်းကောင်းရှိစေသည်။ အခန်းငယ် ၇ မှ ၉ ၌ ကိုယ်တော်၏ကျင့်ဝတ်အရည်အသွေးများကို ရည်ညွှန်းခြင်းအားဖြင့် ဘုရားသခင်၏ကြီးမြတ်မှုကို တိုး၍ကြီးကျယ်စေသည်။ ဒါဝိဒ်ဤသို့သီဆိုလေသည်– “သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဖို့ရာမြွက်ဆို၍၊ ဖြောင့်မတ်တော်မူခြင်းအရာကို ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍၊ [အမျက်ထွက်နှေးခြင်း] နှင့် [ချစ်ခင်ကြင်နာမှု] သည် အလွန်ကြွယ်ဝပါ၏။ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သောသဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။”

၂၁ ဤတွင် ဒါဝိဒ်သည် စာတန်စောဒကတက်ခဲ့သည့် ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ဖြောင့်မှန်ခြင်းတို့ကို ဦးစွာ မီးမောင်းထိုးပေးသည်။ အဆိုပါအရည်အသွေးများက ဘုရားသခင်အားချစ်မြတ်နိုးပြီး ကိုယ်တော်၏အုပ်ချုပ်မှုကို လက်အောက်ခံကြသူအားလုံးအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။ ယေဟောဝါ၏ကောင်းမြတ်ခြင်းနှင့် ကိုယ်တော်၏ဖြောင့်မှန်သောအုပ်ချုပ်နည်းတို့က ကိုယ်တော်အားဝတ်ပြုသူတို့ကို အလွန်ပျော်ရွှင်မှုပေးသဖြင့် သူတို့သည် ကိုယ်တော်အား ချီးမွမ်းဝတ် မပြုဘဲမနေနိုင်ကြချေ။ ထို့ပြင်၊ ယေဟောဝါ၏ကောင်းမြတ်ခြင်းသည် “အားလုံး” အတွက်ဖြစ်သည်။ ထို့ကြောင့် အချိန်မနှောင်းမီ လူများစွာတို့ နောင်တယူပြီး စစ်မှန်သောဘုရားသခင်အား ဝတ်ပြုသူများဖြစ်လာနိုင်ကြမည်ဟု မျှော်လင့်ပါသည်။—တမန်တော် ၁၄:၁၅-၁၇။

၂၂။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို မည်သို့ဆက်ဆံတော်မူသနည်း။

၂၂ ဘုရားသခင်သည် “မောရှေရှေ့၌ ကြွသွားတော်မူလျက် ‘ယေဟောဝါ၊ ယေဟောဝါ၊ ချစ်သနားခြင်းမေတ္တာ ... နှင့်ပြည့်စုံ၍ အမျက်ထွက်နှေးခြင်း၊ ချစ်ခင်ကြင်နာခြင်းနှင့် အမှန်တရားဖြင့် ပြည့်စုံတော်မူထသော ဘုရားသခင်ဖြစ်ပေ၏’ ဟု ကြေညာ” ခဲ့သောအခါ ကိုယ်တော်တိုင် အလေးပေးခဲ့သည့် အဆိုပါအရည်အသွေးများကိုလည်း ဒါဝိဒ်တန်ဖိုးထားသည်။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) ထို့ကြောင့် ဒါဝိဒ်က “ယေဟောဝါသည် ချစ်သနားခြင်းမေတ္တာ၊ အမျက်ထွက်နှေးခြင်းနှင့် ချစ်ခင်ကြင်နာမှုနှင့် ပြည့်စုံ၏” ဟူ၍ ကြေညာနိုင်လေသည်။ ယေဟောဝါသည် စစ်၍မကုန်နိုင်လောက်အောင် ကြီးမြတ်တော်မူသော်လည်း မိမိ၏လူသားကျေးကျွန်များကို ကျေးဇူးပြုခြင်းအားဖြင့် သူတို့ကို ဂုဏ်တင်တော်မူ၏။ ထို့ပြင် ကိုယ်တော်သည် သနားညှာတာပြီး ယေရှု၏ရွေးဖိုးပူဇော်ရာယဇ်အပေါ်အခြေပြု၍ နောင်တယူသော အပြစ်သားများကို ခွင့်လွှတ်တော်မူလို၏။ ယေဟောဝါသည် အမျက်ထွက်နှေးတော်မူ၏၊ အကြောင်းမှာ မိမိ၏ကျေးကျွန်များအား ကိုယ်တော်၏ ဖြောင့်မတ်သောကမ္ဘာသစ်ထဲမဝင်နိုင်စေသည့် အားနည်းချက်တို့ကို အနိုင်ယူခွင့် ပေးသနားတော်မူသည်။—၂ ပေတရု ၃:၉၊ ၁၃၊ ၁၄။

၂၃။ နောက်ဆောင်းပါးတွင် အဘယ်အဖိုးထိုက်သော အရည်အသွေးကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

၂၃ ဒါဝိဒ်သည် ဘုရားသခင်၏ ချစ်ခင်ကြင်နာမှု၊ သို့မဟုတ် တည်ကြည်သောမေတ္တာတော်ကိုလည်း ထောမနာပြုလေသည်။ အမှန်မှာ၊ ဆာလံ ၁၄၅ ၏ကျန်အပိုင်းက ဤအရည်အသွေးကို ယေဟောဝါမည်သို့တင်ပြကြောင်း၊ ကိုယ်တော်၏တည်ကြည်သောကျေးကျွန်များသည် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကို မည်သို့တုံ့ပြန်ကြောင်း ဖော်ပြသည်။ ဤအကြောင်းအရာများကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါအား “တစ်နေ့လုံး” ချီးမွမ်းရန် အဘယ်အခွင့်အရေးများရှိသနည်း။

• ယေဟောဝါ၏ကြီးမြတ်မှုသည် စစ်၍မကုန်နိုင်ကြောင်း အဘယ် ပုံနမူနာများက ဖော်ပြသနည်း။

• ယေဟောဝါ၏ဘုန်းအသရေတော်ကို ကျွန်ုပ်တို့ မည်သို့တိုး၍ လေးမြတ်နိုင်သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စကြဝဠာရှိ ဂလက်ဆီများသည် ယေဟောဝါ၏ကြီးမြတ်မှုကို သက်သေထူ

[Credit Line]

Courtesy of Anglo-Australian Observatory, photograph by David Malin

[စာမျက်နှာ ၁၂ ရုပ်ပုံ]

ယေဟောဝါ၏ကြီးမြတ်မှုသည် ယေရှုခရစ်နှင့်စပ်လျဉ်း၍ မည်သို့ ပေါ်လွင်ထင်ရှားခဲ့ပြီနည်း

[စာမျက်နှာ ၁၃ ရုပ်ပုံ]

သိနာတောင်၌ ပညတ်တော်ကို ဣသရေလလူမျိုး ရရှိခဲ့သော အခါ ယေဟောဝါ၏ဘုန်းအသရေတော်ကို သူတို့တွေ့မြင်ခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ