ဘာကြောင့် “ယေဟောဝါကို ချီးမွမ်း” ရမလဲ
“ယေဟောဝါကို ချီးမွမ်းကြ။ . . . ဘုရားကို ချီးမွမ်းတာဟာ လျောက်ပတ်လှပါတယ်။ သင့်မြတ်လှပါတယ်။” —ဆာ. ၁၄၇:၁။
၁-၃။ (က) ဆာလံ ၁၄၇ ကို ဘယ်အချိန်မှာ ရေးခဲ့ပုံ ရသလဲ။ (ခ) ဆာလံ ၁၄၇ ကို လေ့လာခြင်းကနေ ဘာသင်ယူနိုင်သလဲ။
တစ်ယောက်ယောက် အလုပ်တာဝန်ကို ထူးထူးခြားခြား လုပ်ဆောင်တဲ့အခါ၊ ထူးခြားတဲ့ ခရစ်ယာန် အရည်အသွေး တင်ပြတဲ့အခါ ချီးမွမ်းထိုက်ပါတယ်။ လူသားတွေကို ချီးမွမ်းထိုက်တယ်ဆိုရင် ယေဟောဝါဘုရားကို ပိုလို့တောင် ချီးမွမ်းထိုက်ပါတယ်။ အံ့ဖွယ်ဖန်ဆင်းရာတွေမှာ တွေ့ရတဲ့ ဧရာမတန်ခိုးတော်၊ သားတော်ရင်းကို ရွေးနုတ်ဖိုးအဖြစ် ပြင်ဆင်ပေးတဲ့ လူသားတွေအပေါ် ထားတဲ့မေတ္တာတော်ကြောင့် ဘုရားကို ချီးမွမ်းနိုင်တယ်။
၂ ဆာလံ ၁၄၇ ကို ရေးတဲ့သူဟာ ယေဟောဝါကို ချီးမွမ်းဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ဘုရားသခင်ကို ချီးမွမ်းဖို့ တခြားသူတွေကိုလည်း တိုက်တွန်းခဲ့တယ်။—ဆာလံ ၁၄၇:၁၊ ၇၊ ၁၂ ကိုဖတ်ပါ။
၃ ဒီဆာလံကို ဘယ်သူ ရေးမှန်း မသိရပေမဲ့ အစ္စရေးတွေကို ဗာဗုလုန်ကနေ ဂျေရုဆလင်ဆီ ယေဟောဝါ ပြန်လည်ပို့ဆောင်ပေးချိန်လောက်မှာ အသက်ရှင်ခဲ့ပုံရတယ်။ (ဆာ. ၁၄၇:၂) ဘုရားလူမျိုးတွေ မိမိတို့ပြည်မှာ စစ်မှန်တဲ့ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းကြောင့် ဆာလံဆရာဟာ ယေဟောဝါကို ချီးမွမ်းဖို့ လှုံ့ဆော်ခံရတယ်။ ချီးမွမ်းရတဲ့ နောက်ထပ်အကြောင်းရင်းတွေကိုလည်း ဖော်ပြထားတယ်။ ဘာတွေလဲ။ မိမိတို့အသက်တာမှာ “ဟာလေလုယ” လို့ ကြွေးကြော်နိုင်တဲ့ ဘယ်အကြောင်းရင်းတွေ ရှိသလဲ။—ဆာ. ၁၄၇:၁၊ အောက်ခြေမှတ်ချက်။
စိတ်ကြေကွဲနေသူတွေကို ယေဟောဝါ ကုသပေး
၄။ ပြည်နှင်ခံ အစ္စရေးတွေကို ဘုရင် ဆိုင်းရပ် လွှတ်ပေးတဲ့အခါ ဘယ်လို ခံစားခဲ့ကြရမလဲ။ ဘာကြောင့်လဲ။
၄ ဗာဗုလုန်ကို ပြည်နှင်ခံရတဲ့ အစ္စရေးတွေရဲ့ ခံစားချက်ကို မြင်ယောင်ကြည့်ပါ။ ဖမ်းတဲ့သူတွေက “ဇိအုန်သီချင်း တစ်ပုဒ်လောက် ဆိုပြစမ်းပါ” လို့ လှောင်ပြောင်ခဲ့ကြတယ်။ ဝမ်းမြောက်ရွှင်လန်းစရာ ဖြစ်ခဲ့ဖူးတဲ့ ဂျေရုဆလင်မြို့ဟာ လူသူဆိတ်ငြိမ်သွားခဲ့ပြီ။ (ဆာ. ၁၃၇:၁-၃၊ ၆) ဂျူးတွေ ဘယ်လို သီချင်းဆိုနိုင်မလဲ။ စိတ်နှလုံး ကြေကွဲနေလို့ နှစ်သိမ့်မှု လိုနေကြတယ်။ ဒါပေမဲ့ ဘုရားသခင့် ပရောဖက်ပြုချက်စကားအတိုင်း ပါရှားဘုရင် ဆိုင်းရပ်အားဖြင့် ကယ်နုတ်ခဲ့တယ်။ ဆိုင်းရပ်က ဗာဗုလုန်ကို အောင်နိုင်ပြီး “ယေဟောဝါဘုရားက ငါ့ကို . . . ဂျေရုဆလင်မြို့မှာ အိမ်တော် တည်ဆောက်ပါလို့လည်း တာဝန်ပေးလိုက်ပြီ။ လူမျိုးတော်ထဲမှာပါတဲ့ မင်းတို့အားလုံးနဲ့အတူ ယေဟောဝါဘုရား ရှိပါစေ။ ဂျေရုဆလင်မြို့ကို ပြန်သွားကြစေ” လို့ကြေညာခဲ့တယ်။ (၂ ရာ. ၃၆:၂၃) ဗာဗုလုန်မှာ ရောက်နေတဲ့ အစ္စရေးတွေအတွက် ဒီအခြေအနေက တကယ်စိတ်သက်သာစရာပါပဲ။
၅။ ယေဟောဝါရဲ့ ကုသပေးနိုင်စွမ်းအကြောင်း ဆာလံဆရာ ဘာသိခဲ့သလဲ။
၅ ယေဟောဝါဟာ အစ္စရေးတွေကို တစ်မျိုးသားလုံးအနေနဲ့သာမက တစ်ယောက်ချင်းစီကိုပါ နှစ်သိမ့်ပေးတယ်။ ဒီနေ့လည်း အလားတူပါပဲ။ “စိတ်ကြေကွဲနေသူတွေကို ကုသပေးတယ်။ ဒဏ်ရာတွေကို စည်းပေးတယ်” လို့ ဆာလံဆရာ ရေးခဲ့တယ်။ (ဆာ. ၁၄၇:၃) ယေဟောဝါဟာ ကိုယ်ကာယပိုင်း၊ စိတ်ပိုင်း ပြဿနာရှိသူအားလုံးကို ဂရုစိုက်ပေးတယ်။ ဒီနေ့လည်း ကျွန်တော်တို့ကို ယေဟောဝါ နှစ်သိမ့်ပေးချင်တယ်။ စိတ်ဒဏ်ရာတွေကို သက်သာစေချင်တယ်။ (ဆာ. ၃၄:၁၈။ ဟေရှာ. ၅၇:၁၅) ကြုံရနိုင်တဲ့ ဘယ်ဒုက္ခကိုမဆို အောင်မြင်နိုင်ဖို့ ဉာဏ်ပညာနဲ့ ခွန်အား ပေးတယ်။—ယာ. ၁:၅။
၆။ ဆာလံ ၁၄၇:၄ မှာ ဆာလံဆရာ အကြောင်းအရာ ပြောင်းလိုက်တာကနေ ကျွန်တော်တို့ ဘာအကျိုး ရနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၆ အဲဒီနောက် ဆာလံဆရာဟာ ကောင်းကင်ဘက် အာရုံရောက်သွားပြီး ယေဟောဝါက “ကြယ်တွေကို ရေတွက်ထားတယ်။ ကြယ်တစ်လုံးစီကို နာမည်နဲ့ ခေါ်တယ်” လို့ပြောခဲ့တယ်။ (ဆာ. ၁၄၇:၄) ဘာကြောင့် အကြောင်းအရာ ပြောင်းပြီး ကောင်းကင်ဘက် အာရုံလှည့်သွားတာလဲ။ ဒီအချက်ကို သုံးသပ်ကြည့်ပါ– ဆာလံဆရာက ကြယ်တွေကို ပကတိမျက်စိနဲ့ မြင်နိုင်ပေမဲ့ ကြယ်ဘယ်နှလုံး ရှိမှန်းတော့ မသိဘူး။ အခုတော့ မြင်ရတဲ့ ကြယ်တွေထက်မက ရှိမှန်း သိနိုင်ပြီ။ နဂါးငွေ့တန်း ဂလက်ဆီတစ်ခုတည်းမှာပဲ ကြယ်သန်းထောင်ချီ ရှိတယ်လို့ တချို့ ယူဆကြတယ်။ ဂလက်ဆီ သန်းထောင်သောင်းမက ရှိနိုင်တယ်။ လူတွေက ကြယ်တွေကို မရေတွက်နိုင်ဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်ကတော့ ကြယ်တွေကို နာမည်နဲ့တောင် ခေါ်တယ်။ ကြယ်တစ်လုံးစီက ယေဟောဝါအတွက် ထူးခြားတဲ့သဘောပေါ့။ (၁ ကော. ၁၅:၄၁) ဒါဆိုရင် လူသားတွေကော။ ကြယ်တစ်လုံးစီ ဘယ်မှာ ရှိနေမှန်း သိတဲ့ဘုရားက သင် ဘယ်မှာ ရှိတယ်၊ ဘယ်လို ခံစားနေရတယ်၊ ဘယ်အချိန်မှာ ဘာလိုအပ်တယ်ဆိုတာ ကောင်းစွာ သိပါတယ်။
၇၊ ၈။ (က) ယေဟောဝါက မိမိကျေးကျွန်တွေကို စမ်းသပ်မှုတွေကနေ ကယ်တင်တဲ့အခါ ဘာကို ထည့်စဉ်းစားသလဲ။ (ခ) မစုံလင်တဲ့ လူသားတွေကို ကူညီပေးတဲ့အခါ ယေဟောဝါ ထောက်ထားစာနာပုံကို ဥပမာ ပေးပါ။
၇ ယေဟောဝါက သင့်ကို စိတ်ဝင်စားရုံသာမကဘူး။ သင့်ဘဝပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ လိုအပ်တဲ့ အစွမ်းတန်ခိုး၊ ထောက်ထားစာနာမှုလည်း ရှိတယ်။ (ဆာလံ ၁၄၇:၅ ကိုဖတ်ပါ။) သင့်အခြေအနေက သိပ်ခက်ခဲပြီး ဝန်လေးလွန်းတယ်လို့ ခံစားနေနိုင်တယ်။ သင့်ကန့်သတ်ချက်တွေကို ဘုရားသခင် နားလည်တယ်။ ‘သင်ဟာ မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။’ (ဆာ. ၁၀၃:၁၄) မစုံလင်တဲ့သူတွေမို့ ထပ်တူအမှားမျိုးကိုပဲ အကြိမ်ကြိမ် မှားတတ်ကြတယ်။ မပြောသင့်တာ ပြောမိလို့၊ မကောင်းတဲ့ဆန္ဒတွေ မကြာခဏ ပေါ်လာတတ်လို့၊ တခြားသူတွေအပေါ် မနာလိုတတ်လို့ နောင်တရကြတယ်။ ယေဟောဝါမှာ အဲဒီလိုအားနည်းချက်တွေ မရှိပေမဲ့ ကျွန်တော်တို့အပေါ် သိနားလည်နိုင်စွမ်းက စိစစ်လို့ မကုန်နိုင်ဘူး။—ဟေရှာ. ၄၀:၂၈။
၈ သင်ဟာ စမ်းသပ်မှုတချို့ကို ယေဟောဝါရဲ့ တန်ခိုးကြီးတဲ့လက်တော် အကူအညီနဲ့ အောင်မြင်ကျော်လွှားခဲ့ပြီး ဖြစ်နိုင်တယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ဥပမာ၊ တာဝန်သစ်တစ်ခုကို ပြောင်းရွှေ့သွားပြီးနောက် အလွန်စိတ်ဓာတ်ကျလာတဲ့ ကီယိုကိုအကြောင်း စဉ်းစားကြည့်ပါ။ သူ့ပြဿနာတွေကို နားလည်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။ အခြေအနေသစ်မှာ မိမိခံစားချက်ကို နားလည်ပေးတဲ့သူတွေ ရှိနေမှန်း ကီယိုကို တွေ့လိုက်ရတယ်။ ယေဟောဝါက “သမီးကို ချစ်တယ်။ သမီးက ရှေ့ဆောင်ဖြစ်နေလို့ မဟုတ်ဘူး။ ငါ့သမီး၊ ငါ့ကို ဆက်ကပ်အပ်နှံထားတဲ့သူ ဖြစ်နေလို့ပဲ။ ငါ့သက်သေတစ်ယောက်အနေနဲ့ ပျော်ရွှင်စေချင်တယ်” လို့ပြောနေသလို ခံစားရတယ်။ သင့်အဖြစ်မှာကော အနန္တတန်ခိုးရှင်ရဲ့ ‘သိနားလည်နိုင်စွမ်းဟာ စိစစ်လို့ မကုန်နိုင်’ ကြောင်း ဘယ်လို ဖော်ပြသလဲ။
လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေး
၉၊ ၁၀။ ဘယ်အရာကို ယေဟောဝါ အရင်ကူညီဖြည့်ဆည်းပေးသလဲ။ ဥပမာ ပေးပါ။
၉ တစ်ခါတလေ လိုအပ်တာက စားဝတ်နေရေး ဖြစ်နိုင်တယ်။ ဥပမာ၊ စားစရာ အလုံအလောက် မရှိမှာကို ပူပန်မိနိုင်တယ်။ ဒါပေမဲ့ စားစရာတွေ ထုတ်ပေးဖို့ သဘာဝတရားကို ယေဟောဝါ ဖန်ဆင်းထားတယ်။ “အစာတောင်းနေတဲ့ ကျီးနက်လေးတွေကို” တောင် စားစရာ ပေးတယ်။ (ဆာလံ ၁၄၇:၈၊ ၉ ကိုဖတ်ပါ။) ကျီးနက်ကိုတောင် အစာကျွေးနေတယ်ဆိုရင် သင်လိုအပ်တာတွေကိုလည်း ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ဆာ. ၃၇:၂၅။
၁၀ အရေးကြီးဆုံးကတော့ ယုံကြည်ခြင်း ခိုင်မာနေအောင် လိုအပ်ရာတွေကို ပေးတယ်။ “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကိုလည်း ပေးတယ်။ (ဖိ. ၄:၆၊ ၇) ဥပမာ၊ ၂၀၁၁ ဂျပန် ဆူနာမီဘေးဖြစ်တုန်းက ယေဟောဝါရဲ့ ကူညီထောက်မပေးနိုင်စွမ်းကို တွေ့ကြုံခံစားခဲ့တဲ့ မွတ်ဆူအိုတို့ ဇနီးမောင်နှံအကြောင်း သုံးသပ်ကြည့်ပါ။ အိမ်မိုးပေါ် တက်နေလို့ အသက်ဘေးကနေ သီသီလေး လွတ်ခဲ့တယ်။ ဒါပေမဲ့ ပိုင်ဆိုင်ရာအားလုံး ဆုံးရှုံးသွားတယ်။ ဘာမှ မရှိတော့တဲ့ ဒုတိယထပ်ရဲ့ အခန်းမှာ မှောင်မည်းအေးစိမ့်နေတဲ့ညကို ကျော်ဖြတ်ခဲ့ရတယ်။ မနက်ရောက်တော့ အားပေးမှု ဖြစ်စေမယ့်အရာကို ရှာဖွေကြတယ်။ ယေဟောဝါသက်သေများရဲ့ ၂၀၀၆ နှစ်ချုပ်စာအုပ်ပဲ ရှာတွေ့တယ်။ “မှတ်တမ်းတင်ခဲ့သမျှတွင် အသေအပျောက် အများဆုံး ဆူနာမီ” ဆိုတဲ့ ခေါင်းစဉ်ကို မွတ်ဆူအို တွေ့သွားတယ်။ အဲဒါက ၂၀၀၄ ဆူမတ်တြား ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ သမိုင်းမှာ အဆိုးရွားဆုံး ဆူနာမီဘေးအကြောင်းပဲ။ မွတ်ဆူအိုတို့ ဇနီးမောင်နှံဟာ တွေ့ကြုံမှုတွေ ဖတ်ရင်း မျက်ရည်ကျလာတယ်။ လိုအပ်နေတဲ့အချိန်မှာ ဘုရားသခင်က လိုအပ်တဲ့ အားပေးမှုကို မေတ္တာနဲ့ ပြင်ဆင်ပေးတယ်လို့ ခံစားရတယ်။ တခြားလိုအပ်ရာတွေကိုလည်း ယေဟောဝါ မေတ္တာနဲ့ ဖြည့်ဆည်းပေးခဲ့တယ်။ ညီအစ်ကိုတွေအားဖြင့် ကယ်ဆယ်ရေး အထောက်အပံ့တွေ ရရှိခဲ့တယ်။ ဒါပေမဲ့ ခွန်အားအဖြစ်ဆုံးကတော့ ဘုရားအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တွေ အသင်းတော်ကို လည်ပတ်အားပေးတာပါပဲ။ မွတ်ဆူအို ဒီလိုပြောတယ်– “ယေဟောဝါက တစ်ယောက်စီရဲ့ ဘေးမှာ နေပြီး ဂရုစိုက်ပေးနေသလိုပဲ။ အားရှိတယ်ဗျာ။” ဘုရားသခင်က ယုံကြည်ခြင်းကို အရင်တည်ဆောက်ပေးပြီးမှ ရုပ်ပိုင်းလိုအပ်ရာတွေကို ဖြည့်ဆည်းပေးခဲ့တယ်။
ဘုရားသခင့် ကယ်တင်နိုင်စွမ်းမှ အကျိုးရယူပါ
၁၁။ ဘုရားသခင့် ကယ်တင်နိုင်စွမ်းကနေ အကျိုးခံစားရဖို့ ဘာလိုသလဲ။
၁၁ “စိတ်နူးညံ့သူတွေကို ထူမပေး” ဖို့ ယေဟောဝါ အမြဲ အသင့်ရှိတယ်။ (ဆာ. ၁၄၇:၆က) အဲဒီကနေ အကျိုးရရှိဖို့ ဘာလုပ်နိုင်သလဲ။ ဘုရားနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ လိုတယ်။ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ နူးညံ့သိမ်မွေ့ခြင်း ရှိရမယ်။ (ဇေ. ၂:၃) စိတ်နူးညံ့သိမ်မွေ့သူတွေဟာ အမှားတွေကို တည့်မတ်ပေးဖို့၊ ခံစားနေရတဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ ဘုရားကို စောင့်ဆိုင်းကြတယ်။ အဲဒီလိုလူတွေကို ယေဟောဝါ မျက်နှာသာပေးတယ်။
၁၂၊ ၁၃။ (က) ဘုရားရဲ့ အကူအညီရဖို့ ဘယ်အရာကို ရှောင်ရမလဲ။ (ခ) ဘယ်လိုလူတွေကို ယေဟောဝါ နှစ်သက်သလဲ။
၁၂ ဘုရားသခင်က “လူဆိုးတွေကိုတော့ မြေပေါ် ပစ်ချတယ်။” (ဆာ. ၁၄၇:၆ခ) ပြင်းထန်လှတဲ့ စကားလုံးတွေပါပဲ။ ယေဟောဝါရဲ့ ခိုင်မြဲတဲ့ မေတ္တာကနေ အကျိုးခံစားရဖို့၊ အမျက်တော်ကို ရှောင်ဖို့ ဘုရားမုန်းတဲ့အရာကို မုန်းရမယ်။ (ဆာ. ၉၇:၁၀) ဥပမာ၊ လိင်အကျင့်ယိုယွင်းမှုကို မုန်းရမယ်။ အဲဒီအမှားမျိုး ကျူးလွန်မိစေနိုင်တဲ့အရာ မှန်သမျှနဲ့ ညစ်ညမ်းရုပ်ပုံစာပေကို ဝေးဝေးရှောင်ခြင်းကို ဆိုလိုတယ်။ (ဆာ. ၁၁၉:၃၇။ မ. ၅:၂၈) ကြိုးစားတိုက်လှန်ရမှာ ဖြစ်ပေမဲ့ ယေဟောဝါရဲ့ ကောင်းချီးရဖို့ ကြိုးစားအားထုတ်ရကျိုး နပ်ပါတယ်။
၁၃ ဒီတိုက်ပွဲကို အောင်မြင်ဖို့ ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို အားကိုးဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ “မြင်းရဲ့ခွန်အား၊” လူ့အကူအညီကို အားကိုးတာ ယေဟောဝါ နှစ်သက်ပါ့မလား။ မနှစ်သက်ဘူး။ ကိုယ်တိုင်၊ တခြားလူတစ်ယောက်က ကယ်တင်နိုင်တဲ့ပုံမျိုး “သန်မာတဲ့ လူ့ခြေထောက်ကိုလည်း” အားမကိုးရဘူး။ (ဆာ. ၁၄၇:၁၀) ယေဟောဝါထံ ချဉ်းကပ်ပြီး အကူအညီ တောင်းခံရမယ်။ အသနားခံချက်တွေ နားထောင်တဲ့အခါ၊ အထပ်ထပ် အကူအညီ တောင်းခံရတဲ့အခါ လူ့အတိုင်ပင်ခံတွေလို ဘုရားက ဘယ်တော့မှ မပင်ပန်းဘူး။ “ယေဟောဝါက မိမိကို ကြောက်ရွံ့ရိုသေသူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော် မျှော်ကိုးသူတွေကို နှစ်သက်တယ်။” (ဆာ. ၁၄၇:၁၁) ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာတော်ကို ယုံကြည်အားကိုးနိုင်တယ်။ မှားယွင်းတဲ့ဆန္ဒတွေကို အနိုင်ယူရာမှာ ကူညီပေးဖို့ ကျွန်တော်တို့အနားမှာ အမြဲရှိနေမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။
၁၄။ ဘယ်အရာက ဆာလံဆရာကို စိတ်သက်သာစေသလဲ။
၁၄ ယေဟောဝါက မိမိလူတွေ အကူအညီ လိုအပ်ချိန်မှာ ကူညီမယ်ဆိုတာ ယုံကြည်စိတ်ချစေတဲ့ အကြောင်းရင်း ဖော်ပြပေးထားတယ်။ ဂျေရုဆလင် ပြန်လည်ထူထောင်ခြင်းအကြောင်း စဉ်းစားပြီး ဆာလံဆရာ ဒီလိုသီဆိုခဲ့တယ်– “ဘုရားက မင်းရဲ့ မြို့တံခါးကန့်လန့်ကျင်တွေကို ခိုင်ခံ့စေတယ်။ မင်းရဲ့သားတွေကိုလည်း ကောင်းချီးပေးတယ်။ မင်းရဲ့နယ်မြေကို ငြိမ်းချမ်းစေတယ်။ အကောင်းစားဂျုံတွေနဲ့ မင်းကို စည်ပင်ဝပြောစေတယ်။” (ဆာ. ၁၄၇:၁၃၊ ၁၄) ဘုရားသခင်က ကိုးကွယ်သူတွေကို ကာကွယ်ပေးဖို့ မြို့တံခါးတွေကို ခိုင်ခံ့စေမယ်ဆိုတာ သိထားလို့ ဆာလံဆရာ စိတ်သက်သာရာ ရခဲ့တယ်။
စမ်းသပ်မှုတွေနဲ့ ဖိစီးခံနေရတဲ့အခါ ဘုရားနှုတ်တော်ထွက်စကားက ဘယ်လို ကူညီပေးနိုင်သလဲ (အပိုဒ် ၁၅-၁၇ ကိုကြည့်ပါ)
၁၅-၁၇။ (က) စမ်းသပ်မှုတွေကို တစ်ခါတလေ ဘယ်လို ခံစားမိနိုင်သလဲ။ ယေဟောဝါက နှုတ်တော်ထွက်စကားနဲ့ ဘယ်လို ကူညီပေးသလဲ။ (ခ) ‘နှုတ်တော်ထွက်စကားတွေ အမြန်ဆုံး ပြေးသွား’ ပုံကို ဥပမာ ပေးပါ။
၁၅ စိုးရိမ်ပူပန်စေတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်တယ်။ ဖြေရှင်းဖို့ ယေဟောဝါ ဉာဏ်ပညာ ပေးနိုင်တယ်။ “ဘုရားက အမိန့်တော်ကို ကမ္ဘာပေါ် စေလွှတ်လိုက်တယ်။ နှုတ်တော်ထွက်စကားတွေဟာ အမြန်ဆုံး ပြေးသွားကြတယ်” လို့ ဆာလံဆရာ ပြောခဲ့တယ်။ ‘နှင်းတွေကို ကျစေ၊ ဆီးနှင်းခဲတွေကို ဖြူးချ၊ မိုးသီးတွေကို ကြဲချ’ သူအဖြစ် ယေဟောဝါကို ရည်ညွှန်းဖော်ပြပြီး “အဲဒီအအေးဒဏ်ကို ဘယ်သူခံနိုင်မလဲ” လို့ ဆာလံဆရာ မေးခဲ့တယ်။ ပြီးတော့ “နှုတ်တော်ထွက်စကားကို စေလွှတ်တဲ့အခါ ရေခဲတွေ အရည်ပျော်သွားတယ်” လို့ ဆက်ပြောတယ်။ (ဆာ. ၁၄၇:၁၅-၁၈) မိုးသီးနဲ့ ဆီးနှင်းတွေကို ထိန်းချုပ်ထားတဲ့ ဉာဏ်ပညာအရှိဆုံး၊ တန်ခိုးအကြီးဆုံး ဘုရားက သင်ကြုံတွေ့နေရတဲ့ ဘယ်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
၁၆ ဒီနေ့ ယေဟောဝါက နှုတ်တော်ထွက်စကား ကျမ်းစာကတစ်ဆင့် လမ်းညွှန်ပေးနေတယ်။ “နှုတ်တော်ထွက်စကားတွေဟာ အမြန်ဆုံး ပြေးသွား” သလိုမျိုး ကျွန်တော်တို့ လိုအပ်တဲ့အချိန်မှာ ချက်ချင်း လမ်းညွှန်ပေးတယ်။ ကျမ်းစာဖတ်ရှုခြင်း၊ “သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်” ရဲ့ စာပေတွေကို လေ့လာခြင်း၊ JW ရုပ်သံကြည့်ခြင်း၊ jw.org ကို ဝင်ကြည့်ခြင်း၊ အကြီးအကဲတွေနဲ့ စကားပြောခြင်း၊ ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားကြည့်ပါ။ (မ. ၂၄:၄၅) သင့်ကို ယေဟောဝါ အမြန်ဆုံး လမ်းညွှန်ပေးနေတယ်ဆိုတာ တွေ့ရတယ် မဟုတ်လား။
၁၇ ဘုရားစကားတော် အစွမ်းတန်ခိုးကို ဆီမွန် တွေ့ကြုံခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားမနှစ်သက်တဲ့လူစားမျိုးဆိုပြီး တန်ဖိုးမရှိသူလို့ ခံစားခဲ့တယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ မပြတ် ဆုတောင်းတယ်၊ ယေဟောဝါဆီ အကူအညီ တောင်းတယ်။ ကိုယ်ပိုင် ကျမ်းစာလေ့လာမှု မပြတ်လုပ်တယ်။ “ယေဟောဝါရဲ့ အားပေးမှု၊ လမ်းညွှန်မှု မရဘူးလို့ တစ်ခါမှ မခံစားဖူးဘူး” လို့ ဆီမွန် ပြောတယ်။ ဒါက အပြုသဘောဆက်ရှိဖို့ ကူညီပေးခဲ့တယ်။
၁၈။ ဘုရားသခင့် မျက်နှာသာရတယ်လို့ ဘာကြောင့် ခံစားရသလဲ။ “ယေဟောဝါကို ချီးမွမ်းကြ” လို့ ကြွေးကြော်ဖို့ ဘာအကြောင်းရင်းတွေ ရှိသလဲ။
၁၈ ရှေးခေတ် ဘုရားသခင့်လူမျိုး ဘယ်လောက် မျက်နှာသာရကြောင်း ဆာလံဆရာ သိထားတယ်။ ဘုရားသခင့် “နှုတ်တော်ထွက်စကားတွေ၊” “စည်းမျဉ်းတွေ၊ တရားစီရင်ချက်တွေ” ရရှိထားတာ ဒီလူမျိုးပဲ ရှိတယ်။ (ဆာလံ ၁၄၇:၁၉၊ ၂၀ ကိုဖတ်ပါ။) ဒီနေ့လည်း ကျွန်တော်တို့ပဲ ဘုရားသခင့်နာမည်နဲ့ အခေါ်ခံရတဲ့ကောင်းချီး ရရှိထားတယ်။ ယေဟောဝါကို သိခြင်း၊ အသက်တာမှာ ဘုရားနှုတ်တော်ထွက်စကား ရရှိထားခြင်းတို့ကြောင့် ဘုရားနဲ့ အထူးဆက်ဆံရေး ရှိကြတယ်။ ဆာလံ ၁၄၇ ကို ရေးတဲ့သူလိုပဲ ကျွန်တော်တို့လည်း “ယေဟောဝါကို ချီးမွမ်းကြ” လို့ ကြွေးကြော်ဖို့၊ တခြားသူတွေကို ဖိတ်ခေါ်ဖို့ အကြောင်းကောင်းများစွာ ရှိတယ် မဟုတ်လား။