သင့်ဘဝကို အောင်မြင်စေလော့!
‘လူဆိုးတို့အကြံပေးရာသို့မလိုက်သောသူသည် မင်္ဂလာရှိ၏။ ပြုလေသမျှ၌ အောင်လိမ့်သတည်း။’—ဆာလံ ၁:၁၊ ၃၊ သမ္မာ။
၁။ (က) အောင်မြင်မှုကို လောကလူငယ်အများ မည်သို့ရှုမြင်ကြသနည်း။ (ခ) အောင်မြင်သူတစ်ဦးကို ကျမ်းစာက မည်သို့ဖော်ပြထားသနည်း။
အောင်မြင်မှု—ဤစကားလုံးသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ “ကျွန်တော့်ရဲ့အရေးအကြီးဆုံးပန်းတိုင်က စီးပွားရေးအောင်မြင်ဖို့ဖြစ်တယ်” ဟု လူငယ်တစ်ဦးဆိုသည်။ မိန်းမငယ်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့အဓိကရည်မှန်းချက်ကတော့ ပျော်ရွှင်သာယာတဲ့မိသားစု ပိုင်ဆိုင်ရေးပါပဲ။” သို့သော် နောက်မိန်းမငယ်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်မရဲ့ရည်မှန်းချက်ကတော့ အိမ်ခန်းကောင်းကောင်းတစ်ခန်း၊ ကားကောင်းကောင်း တစ်စီးရှိဖို့ပါပဲ . . . ကိုယ့်အတွက် အဓိကပဲ။” ပြဿနာမှာ စစ်မှန်သောအောင်မြင်မှုကို ငွေကြေးဖြင့်သော်လည်းကောင်း၊ မိသားစုဖြင့်သော်လည်းကောင်း၊ ဝင်ငွေကောင်းသောအလုပ်အကိုင်ဖြင့်ပင်လျှင် မတိုင်းတာနိုင်ခြင်းဖြစ်သည်။ ဆာလံ ၁:၁-၃ (သမ္မာ) တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “လူဆိုးတို့အကြံပေးရာသို့မလိုက်၊ . . . ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ ထိုတရားတော်ကို နေ့ညမပြတ်ဖတ်ရွတ်ဆင်ခြင်သောသူသည် မင်္ဂလာရှိ၏။ . . . ပြုလေသမျှ၌ အောင်လိမ့်သတည်း။”
၂။ စစ်မှန်သောအောင်မြင်မှုကို အဘယ်တွင်တွေ့နိုင်သနည်း၊ ယင်းကိုရယူပိုင်ဆိုင်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းကားအဘယ်နည်း။
၂ ဤတွင် မည်သည့်လူသားမျှ မပေးစွမ်းနိုင်သည့်အရာတစ်ခုဖြစ်သော စစ်မှန်သည့်အောင်မြင်မှုကို ကျမ်းစာက ကတိပြုနေသည်တကား! သို့သော် ငွေကြေးအမြတ်အစွန်းအကြောင်းပြောနေခြင်းမဟုတ်ပေ။ ကျမ်းစာကိုယ်နှိုက်က ဤသို့သတိပေးသည်– “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” (၁ တိမောသေ ၆:၁၀) စစ်မှန်သောအောင်မြင်မှုသည် ယေဟောဝါ၏ပညတ်တော်အတိုင်းလိုက်လျှောက်ခြင်းအပါအဝင် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခြင်းအပေါ်မူတည်သည်။ ယင်းသည်သာ တကယ့်ကျေနပ်မှုနှင့်စစ်မှန်သောအောင်မြင်မှုကို ပေးနိုင်သည်! ယေဟောဝါ၏ပညတ်တော်အောက်ရှိခြင်း၊ အဘယ်အရာကိုပြုလုပ်ရမည်ဟု မှာကြားခံရခြင်းသည် နှစ်ခြိုက်စရာမဟုတ်ပေ။ သို့တိုင် ယေရှုက ဤသို့မိန့်မြွက်သည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်ကြ၏။” (မဿဲ ၅:၃၊ ကဘ) သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို သိကျွမ်းရန်နှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များကို နားလည်ရန် အမြစ်တွယ်နေသောလိုအပ်ချက်အပါအဝင် ဝိညာဉ်ရေးလိုအပ်ချက်များဖြင့် ဖန်ဆင်းခံခဲ့ရသည်။ ထို့ကြောင့် ဤလိုအပ်ချက်များကို ဖြည့်စွက်ကာ “ယေဟောဝါ၏ပညတ်တော်” အတိုင်းလိုက်လျှောက်မှသာ စစ်မှန်သောပျော်ရွှင်မှုကို သင်ခံစားရမည်ဖြစ်သည်။
ဘုရားသခင့်ပညတ်တော်များကျွန်ုပ်တို့လိုအပ်ရသည့်အကြောင်း
၃။ ယေဟောဝါအား ‘ကျွန်ုပ်တို့၏ခြေလှမ်းများကို စီရင်ပေး’ စေလိုစိတ်အဘယ်ကြောင့်ရှိသင့်သနည်း။
၃ ပရောဖက်ယေရမိက ဤသို့ရေးသားခဲ့သည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃) ယင်းသည် ကြီးငယ်မဟူ လူသားအားလုံးအတွက် မှန်ကန်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ခြေလှမ်းများကိုစီရင်ရန် ဉာဏ်ပညာ၊ အတွေ့အကြုံနှင့် အသိပညာမရှိရုံသာမက; ထိုသို့လုပ်ပိုင်ခွင့်ပင်မရှိပေ။ ဗျာဒိတ် ၄:၁၁ တွင် ကျမ်းစာက ဤသို့ဆိုသည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူသောကြောင့် ယေဟောဝါသည် “အသက်စမ်းရေတွင်း” ဖြစ်တော်မူ၏။ (ဆာလံ ၃၆:၉) ယင်းကြောင့် ကျွန်ုပ်တို့၏အသက်တာကို မည်သို့အသုံးပြုသင့်ကြောင်း အခြားမည်သူထက်မဆို ကိုယ်တော်သာ၍သိတော်မူ၏။ ထို့ကြောင့် ပညတ်တော်များ ထုတ်ဆင့်ခြင်းမှာ ကျွန်ုပ်တို့ထံမှ ပျော်ရွှင်မှုရုပ်သိမ်းပစ်ရန်မဟုတ်ဘဲ ကျွန်ုပ်တို့၏အကျိုးအတွက်ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) ဘုရားသခင့်ပညတ်တော်ကို လျစ်လျူရှုခြင်းသည် သင့်ကိုယ်သင် ရှုံးနိမ့်စေရာရောက်သည်။
၄။ လူငယ်အများသည် သူတို့၏ဘဝကို အဘယ်ကြောင့်ဖျက်ဆီးပစ်လိုက်ကြသနည်း။
၄ ဥပမာ၊ လူငယ်များစွာသည် ၎င်းတို့၏ဘဝကို မူးယစ်ဆေး၊ လိင်ရှုပ်ပွေမှုနှင့် အခြားအကျင့်ဆိုးတို့ဖြင့် အဘယ်ကြောင့်ဖျက်ဆီးပစ်နေကြသည်ကို စဉ်းစားကြည့်ဖူးသလော။ ဆာလံ ၃၆:၁၊ ၂ (သမ္မာ) ကဤသို့ရှင်းပြသည်– “လွန်ကျူးခြင်းအပြစ်သည် လူဆိုး၏စိတ်နှလုံးထဲ၌တည်လျက်စိုးစံ၍၊ ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် သူ၏မျက်စိ၌မထင်ချေ။ ငါ့အပြစ်ကို တွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်ကိုမြှောက်ပင့်လှည့်စားတတ်၏။” လူငယ်များစွာသည် “ဘုရားသခင်ကို” သင့်မြတ်စွာ “ကြောက်ရွံ့” တတ်သည့်သဘောမရှိသောကြောင့် အန္တရာယ်များသောအပြုအမူအတွက် အဘယ်အကျိုးဆက်မျှမရှိဟု မိမိတို့ကိုယ်ကို ပြန်လှည့်စားကာ ယုံကြည်စေကြသည်။ သို့သော် နောက်ဆုံးတွင် မပြောင်းလဲသော ဤမူကို ရင်ဆိုင်ကြရမည်သာ– “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။”—ဂလာတိ ၆:၇၊ ၈။
‘နေ့ရက်များကို ရေတွက်ခြင်း’
၅၊ ၆။ (က) လူငယ်တို့သည် ‘မိမိတို့၏နေ့ရက်ကို’ အဘယ်ကြောင့် ‘ရေတွက်’ သင့်သနည်း၊ ဤသို့ရေတွက်ခြင်းကား အဘယ်နည်း။ (ခ) ‘ကျွန်ုပ်တို့၏မြင့်မြတ်သောဖန်ဆင်းရှင်ကို အောက်မေ့’ ခြင်းဟူသည် အဘယ်သို့ဆိုလိုသနည်း။
၅ သင်သည် မိမိဘဝကို အောင်မြင်စေကာ “ထာဝရအသက်ရှင်ခြင်းအသီးအနှံကို [မည်သို့] ရိတ်” နိုင်မည်နည်း။ မောရှေက ဤသို့ရေးခဲ့သည်– “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော် . . . ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် စုတေ့ [ကွယ်လွန်] ကြပါ၏။” (ဆာလံ ၉၀:၁၀) သေခြင်းအကြောင်း တွေးဖူးချင်မှတွေးဖူးပေမည်။ အမှန်မှာ လူငယ်အများက မိမိတို့သည် မပျက်စီးနိုင်ဘိသည့်အလား ပြုမူနေကြသည်။ သို့သော် မောရှေက တိုတောင်းလှသည့်အသက်တာ၏ နာကျင်ဖွယ်အဖြစ်မှန်ကို ကျွန်ုပ်တို့အား ရင်ဆိုင်စေသည်။ ကျွန်ုပ်တို့သည် အသက် ၇၀၊ ၈၀ ရှည်မည်ဟု အာမခံချက်ပင်မရှိပေ။ “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” တို့ကြောင့် ကျန်းမာသန်စွမ်းသောလူငယ်များပင် သေဆုံးသွားနိုင်သည်။ (ဒေ. ၉:၁၁၊ ကဘ) သို့ဆိုလျှင် ယခုသင်၌ရှိသည့်တန်ဖိုးရှိအသက်တာကို မည်သို့အသုံးပြုမည်နည်း။ မောရှေက ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။”—ဆာလံ ၉၀:၁၂။
၆ ကိုယ့်နေ့ရက်ကို ရေတွက်ခြင်းဟူသည် ဘာကိုဆိုလိုသနည်း။ မည်မျှအသက်ရှည်နိုင်မည်ကို တွေးပူနေပါဟု ဆိုလိုနေခြင်းမဟုတ်။ ယေဟောဝါ၏လူမျိုးတော်သည် သူတို့အသက်တာ၏ ကျန်ကြွင်းသောနေ့ရက်များကို ကိုယ်တော်အားဂုဏ်တင်စေသည့်နည်းဖြင့် မည်သို့အသုံးပြုရန် သွန်သင်ပေးတော်မူပါရန် မောရှေဆုတောင်းနေခြင်းဖြစ်သည်။ သင်သည် နေ့ရက်တစ်ရက်စီကို ဘုရားသခင်အား ချီးမွမ်းရန်အတွက်အသုံးပြုစရာ တန်ဖိုးရှိနေ့ရက်အဖြစ်ယူမှတ်ကာ ကိုယ့်နေ့ရက်ကာလကို ရေတွက်နေသလော။ လူငယ်မောင်မယ်များကို ကျမ်းစာက ဤသို့တိုက်တွန်းအားပေးသည်– “သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကိုပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အ[ချည်းနှီး] ဖြစ်၏။ . . . ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။” (ဒေ. ၁၁:၁၀–၁၂:၁) မိမိတို့၏ဖန်ဆင်းရှင်ကို အောက်မေ့ခြင်းဟူသည် ကိုယ်တော်တည်ရှိနေသည်ကိုမမေ့ခြင်းမျှမကပါ။ ရာဇဝတ်သားဖြစ်သူက ယေရှုအား “သခင်၊ ကိုယ်တော်သည်နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ” ဟုတောင်းပန်သောအခါ သူ့နာမည်ကို ယေရှုပြန်သတိရရုံထက်မက ပြုပေးစေလိုခဲ့သည်။ ယေရှုက သူ့အတွက် အရေးယူဆောင်ရွက်ပေးရန်၊ ရှင်ပြန်ထမြောက်ပေးရန် အလိုရှိခဲ့သည်! (လုကာ ၂၃:၄၂; နှိုင်းယှဉ် ကမ္ဘာဦး ၄၀:၁၄၊ ၂၃; ယောဘ ၁၄:၁၃။) အလားတူစွာ ယေဟောဝါအားသတိရခြင်းတွင် လုပ်ဆောင်ချက်၊ ကိုယ်တော်စိတ်တော်နှင့်တွေ့ရာကို လုပ်ဆောင်ခြင်းပါဝင်သည်။ သင်သည် ယေဟောဝါအား အောက်မေ့နေသည်ဟုဆိုနိုင်မည်လော။
အမှားပြုသူများအား ငြူစူခြင်းကိုရှောင်
၇။ လူငယ်အချို့သည် မိမိတို့၏ဖန်ဆင်းရှင်ကို မေ့ပစ်ရန်အဘယ်ကြောင့်ရွေးချယ်ကြသနည်း။ နမူနာပေးပါ။
၇ သက်သေခံတစ်ယောက်ဖြစ်ရခြင်းသည် စည်းကမ်းတင်းကျပ်လွန်းသည်ဟု လူငယ်အများခံစားကြရသောကြောင့် ယေဟောဝါအားမေ့ပစ်ဖို့ ရွေးချယ်ကြသည်။ ဆယ်ကျော်သက်တစ်ဦးအနေနှင့် မိမိခံစားခဲ့ရပုံကို စပိန်မှညီအစ်ကိုတစ်ဦး ဤသို့ပြန်ပြောပြသည်– “အမှန်တရားဟာ ခက်ခဲပြီးတင်းကျပ်တယ်လို့ထင်ရတဲ့အတွက် ဒီလောကကို ကျွန်တော်မျက်စိကျလာတယ်။ ထိုင်ပြီး လေ့လာရ၊ အစည်းအဝေးတွေသွားရ၊ လည်စည်းစည်းရတာတွေဟာ ကျွန်တော်လုပ်ချင်တဲ့အလုပ်တွေမဟုတ်ဘူး။” ဘုရားသခင့်အမှုဆောင်သောကြောင့် တစ်ခုခုလက်လွတ်ဆုံးရှုံးနေသည်ဟု တစ်ခါတစ်ရံသင်ခံစားရသလော။ ကျမ်းရေးသူတစ်ဦးသည် ဤအတိုင်းပင်ခံစားခဲ့ရကြောင်း သင်သိရလျှင် အံ့သြသွားနိုင်သည်။ ကျေးဇူးပြု၍ သင့်ကျမ်းစာကို ဖွင့်ပြီး ဆာလံ ၇၃ (သမ္မာ) ကိုဖတ်ပါ။
၈။ အာသပ်သည် ‘ထောင်လွှားသူတို့ကို အဘယ်ကြောင့်ငြူစူ’ မိသနည်း။
၈ ဤဆာလံကို အတော်အတန်အသေးစိတ်ဆန်းစစ်ကြည့်ကြစို့။ အခန်းငယ် ၂ နှင့် ၃ ကဤသို့ဆိုသည်– “ငါမူကား၊ ခြေချော်လုလျက်၊ ခြေလှမ်းလွဲလုလျက်ရှိမိပြီ။ အကြောင်းမူကား၊ လူဆိုးတို့၏ကောင်းစားခြင်းကို မြင်သောအခါ ထောင်လွှားသူတို့ကို ငါငြူစူမိပြီ။” ကျမ်းပိုဒ်အထက်တွင်ရေးသားထားချက်အရ ဤဆာလံကို အာသပ်ရေးသားခဲ့သည်။ သူသည် လေဝိလူမျိုးဂီတပညာရှင်တစ်ဦးဖြစ်ပြီး ဘုရင်ဒါဝိဒ်နှင့် တစ်ခေတ်တည်းသားဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၅:၁၊ ၂; ၂ ရာဇဝင်ချုပ် ၂၉:၃၀) ဘုရားသခင်၏ဗိမာန်တော်တွင် အမှုဆောင်ရသည့်အခွင့်ထူးကို သူရရှိထားသော်လည်း တရားမဲ့ပြုမူမှုကို ဝင့်ဝါကြွားလုံးထုတ်နေသူများအား သူ “ငြူစူမိ” သည်။ သူတို့အတွက် အစစအရာရာအဆင်ပြေနေပုံရသည်; သူတို့သည် အေးအေးချမ်းချမ်း၊ လုံလုံခြုံခြုံနေရသည့်ပုံပင်။ အမှန်မှာ သူတို့၏အောင်မြင်မှုရှိပုံတို့သည် ‘စိတ်နှလုံးကြံစည်ခြင်းများထက်ပင် လွန်ကဲ၏။’ (အခန်းငယ် ၅၊ ၇၊ သမ္မာ) “ထောင်လွှားသောစကား” တစ်နည်းအားဖြင့် မောက်မောက်မာမာဖြင့် သူတို့၏စွန့်စားမှုများကိုပြောတတ်ကြသည်။ (အခန်းငယ် ၈) ‘သူတို့နှုတ်ကို ကောင်းကင်၌ထား၍၊ လျှာသည် မြေကြီးကိုလှည့်လည်တတ်’ ကာ ကောင်းကင်ပေါ်၊ မြေကြီးပေါ်တွင်ရှိသည့် မည်သူ့ကိုမျှ မမှုကြချေ။—အခန်းငယ် ၉ သမ္မာ။
၉။ ယနေ့ခရစ်ယာန်လူငယ်အချို့သည် အာသပ်ကဲ့သို့ မည်သို့ခံစားလာနိုင်သနည်း။
၉ ကျောင်းရှိသင့်ရွယ်တူချင်းတို့သည်လည်း ဤအတိုင်းပင်ဖြစ်ပေမည်။ သူတို့၏လိင်ရမ်းကားမှုများ၊ ထင်တိုင်းကြဲပါတီပွဲများနှင့် အရက်နှင့်မူးယစ်ဆေးသုံးစွဲမှုများအကြောင်းကို အရှက်အကြောက်မရှိဘဲ ကြွားဝါနေသည်ကို သင်ကြားရပေမည်။ ခရစ်ယာန်တစ်ယောက်အနေနှင့် သင်လျှောက်လှမ်းရမည့်လမ်းကျဉ်းနှင့် ပျော်စရာဟုခေါ်သည့် သူတို့၏ဘဝလမ်းတို့ကို နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ သင်သည် တစ်ခါတစ်ရံ ‘ထောင်လွှားသူတို့ကို ငြူစူမိ’ နိုင်သည်။ (မဿဲ ၇:၁၃၊ ၁၄) အာသပ်ကိုယ်တိုင် ဤသို့မြည်တမ်းသည့်အထိဖြစ်ခဲ့သည်– “အကယ်စင်စစ် ငါနှလုံးကိုငါသန့်ရှင်းစေ၍ ငါ့လက်ကို အပြစ်ကင်းခြင်းနှင့်ဆေးကြောသော်လည်း အကျိုးမရှိ။ နေ့တိုင်းနှောင့်ယှက်ခြင်းနှင့် နံနက်တိုင်းဆုံးမခြင်းကို ခံရ၏။” (အခန်းငယ် ၁၃၊ ၁၄၊ သမ္မာ) မှန်သည်၊ ဘုရားသခင့်အမှုဆောင်ခြင်းနှင့် ဖြောင့်မှန်စွာအသက်ရှင်ခြင်း၏တန်ဖိုးကို စတင်သံသယဝင်ခဲ့သည်။
၁၀၊ ၁၁။ (က) အဘယ်အရာက အာသပ်၏စိတ်ထားကို ပြောင်းလဲစေခဲ့သနည်း။ (ခ) အမှားပြုသူများသည် ‘ချော်သောနေရာများ၌’ မည်သို့ရှိနေကြသနည်း။ နမူနာပေးပါ။
၁၀ ဝမ်းသာစရာမှာ အာသပ်သည် ကြာရှည်စွာစိတ်ဓာတ်ကျမနေခဲ့ပါ။ သူချက်ချင်းသိမြင်လာသည်မှာ ဆိုးညစ်သူတို့၏ ငြိမ်သက်အေးချမ်းပုံရှိခြင်းမှာ စိတ်ထင်သာဖြစ်ပြီး တဒင်္ဂငြိမ်သက်အေးချမ်းမှုဖြစ်သည်။ သူဤသို့မြည်တမ်းခဲ့သည်– “အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကိုချော်သောနေရာများ၌ထား၍ ပျက်စီးရာသို့ လှဲချတော်မူပါပြီ။ တစ်ခဏချင်းတွင် အကျိုးနည်းကြပါပြီတကား။ ကြောက်မက်ဖွယ်သောအခြင်းအရာများအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက်ရှိကြပါပြီ။” (အခန်းငယ် ၁၈၊ ၁၉၊ သမ္မာ) သင့်ရွယ်တူချင်းအများအပြားသည်လည်း အလားတူ “ချော်သောနေရာများ၌” ရှိနေနိုင်သည်။ သူတို့၏ ဘုရားတရားမဲ့သောအပြုအမူ၏အကျိုးကို အနှေးနှင့်အမြန်ခံရကာ မလိုချင်သောကိုယ်ဝန်၊ လိင်ဆိုင်ရာကူးစက်ရောဂါရခြင်း၊ ထောင်ကျခြင်း သို့မဟုတ် သေခြင်းပင် ကြုံတွေ့ရဖွယ်ရှိသည်! သာ၍ဆိုးသည်ကား ဘုရားသခင်နှင့်ကင်းကွာသွားခြင်းဖြစ်သည်။—ယာကုပ် ၄:၄။
၁၁ စပိန်မှငယ်ရွယ်သောသက်သေခံတစ်ဦးသည် ဤအမှန်တရားကို ကိုယ်တွေ့ကြုံခဲ့ရသည်။ သူသည် ငယ်ရွယ်စဉ်တွင် နှစ်ဘဝစံနေရာ ဘုရားတရားမဲ့သောလူငယ်အုပ်စုတစ်စုအဝင်ဖြစ်ခဲ့သည်။ မကြာမီ သူတို့အဖွဲ့မှမူးယစ်ဆေးစွဲသူတစ်ဦးနှင့် ချစ်ကြိုက်မိလေသည်။ သူကိုယ်တိုင် မူးယစ်ဆေးမသုံးဘဲရှောင်နေနိုင်ခဲ့သော်လည်း သူ့ရည်းစားအတွက် မူးယစ်ဆေးဝယ်ပေးခဲ့သည်။ “သူ့အတွက် အပ်တောင်သွင်းပေးခဲ့တယ်” ဟုဝန်ခံသည်။ ဝမ်းသာစရာမှာ ဤညီအစ်မသည် အသိတရားပြန်ဝင်လာပြီး ဝိညာဉ်ရေးပြန်လည်ကျန်းမာလာသည်။ သို့သော် နောက်ပိုင်းတွင် မူးယစ်ဆေးစွဲနေသော သူ၏ရည်းစားသည် အေအိုင်ဒီအက်စ်ဖြင့် သေသွားကြောင်းသိလိုက်ရသည့်အတွက် အလွန်ပင်တုန်လှုပ်သွားမိသည်။ မှန်ပါသည်၊ ဆာလံဆရာပြောသကဲ့သို့ ဘုရားတရားမဲ့သူများသည် “ချော်သောနေရာများ၌” ရှိနေကြပါသည်။ အချို့သည် ၎င်းတို့၏လျော့ရဲသောဘဝပုံစံကြောင့် မထင်မမှတ်ဘဲသေဆုံးသွားပေမည်။ ကျန်ကြွင်းသူများမှာမူ သူတို့၏ဘဝပုံစံမပြောင်းလျှင် မဝေးတော့သောအနာဂတ်တွင် “သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့်ဒဏ်ပေးတော်မူ” ခြင်းကို ခံရကြလိမ့်မည်။—၂ သက်သာလောနိတ် ၁:၇၊ ၈။
၁၂။ ဂျပန်နိုင်ငံမှလူငယ်တစ်ဦးသည် အမှားပြုသူများအား ငြူစူမိခြင်း၏မိုက်မဲမှုကို မည်သို့သိမြင်လာသနည်း။
၁၂ သို့ဆိုလျှင် “ဘုရားသခင်ကို မသိသောသူ” များကို ငြူစူနေခြင်းသည် အလွန်မိုက်မဲရာကျလေစွ! အမှန်ဆိုလျှင် ယေဟောဝါအားသိပြီး ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိထားသူများသာ ငြူစူခံရသင့်သည်။ ဂျပန်ရှိ ညီအစ်ကိုငယ်တစ်ယောက်သည် ဤအချက်ကို သိမြင်လာသည်။ လူငယ်တစ်ယောက်အနေနှင့် သူသည်လည်း “သာ၍လွတ်လပ်ချင်” ခဲ့သည်။ သူကဤသို့ရှင်းပြသည်– “ကျွန်တော်တစ်ခုခု လက်လွတ်ဆုံးရှုံးနေတယ်လို ထင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ဘဝဟာ အမှန်တရားမရှိရင် ဘယ်လိုနေမလဲဆိုတာကို သိမြင်လာတယ်။ အသက် ၇၀၊ ၈၀ အသက်ရှင်၊ အဲ့ဒီနောက် သေသွားတာကို ကျွန်တော်မြင်ကြည့်တယ်။ ယေဟောဝါကတော့ ထာဝရအသက်မျှော်လင့်ချက်ပေးတယ်! အဲ့ဒါကိုသိလာလို့ ကျွန်တော့်မှာတကယ်ရှိထားတာကို တန်ဖိုးထားတတ်လာတယ်။” သို့သော် ဘုရားသခင်၏ပညတ်တော်ကို မလိုက်သူများအလယ်တွင် ဆက်၍သစ္စာရှိနေဖို့ဆိုသည်မှာ မလွယ်သည့်အရာပင်။ အဆိုပါဖိအားများကို ခုခံတွန်းလှန်ရန် သင်လုပ်ဆောင်နိုင်သည့်အရာအချို့ကားအဘယ်နည်း။
အပေါင်းအသင်းဂရုစိုက်!
၁၃၊ ၁၄။ အပေါင်းအသင်းများနှင့်ပတ်သက်လာလျှင် ရွေးချယ်မှုပြုရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၃ ဆာလံ ၁:၁-၃၊ (သမ္မာ) တွင်မှတ်တမ်းတင်ထားသော အောင်မြင်သူဖြစ်ရေးအတွက် ပုံဖော်ချက်ကို ပြန်ကြည့်ကြစို့– “လူဆိုးတို့၏အကြံပေးရာသို့မလိုက်၊ အပြစ်ရှိသူတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ နေထိုင်ရာ၌ မနေမထိုင်၊ ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ ထိုတရားတော်ကို နေ့ညမပြတ် [“တိုးတိုးသံဖြင့်”၊ ကဘ] ဖတ်ရွတ်ဆင်ခြင်သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် ရေချောင်းနားမှာစိုက်ထား၍ အချိန်တန်လျှင် အသီးကိုသီးလျက် အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှ၌ အောင်လိမ့်သတည်း။”
၁၄ ဦးဆုံးအနေဖြင့် သင့်အပေါင်းအသင်းသည် အလွန်အရေးပါသည့်အပိုင်းမှပါဝင်ကြောင်း သတိပြုပါ။ နယပုံပြင် ၁၃:၂၀ ကဤသို့ဆိုသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” ယင်းက ယေဟောဝါသက်သေမဟုတ်သောလူငယ်များကို အေးတိအေးစက်၊ ခင်ခင်မင်မင်မရှိ သို့မဟုတ် ရိုင်းစိုင်းစွာဆက်ဆံရမည်ဟုမဆိုလိုပါ။ ကျမ်းစာက အိမ်နီးချင်းကိုချစ်ရန်နှင့် “လူအပေါင်းတို့နှင့် အသင့်အတင့်နေကြ” ရန်တိုက်တွန်းထားသည်။ (ရောမ ၁၂:၁၈; မဿဲ ၂၂:၃၉) သို့သော် ကျမ်းစာစံနှုန်းအတိုင်းမလိုက်သူများနှင့်အလွန်ရင်းနှီးစွာပေါင်းသင်းလျှင် သူတို့၏ ‘အကြံပေးရာသို့လိုက်’ မိသွားနိုင်သည်။
ကျမ်းစာဖတ်ရှုခြင်း၏အကျိုးကျေးဇူးများ
၁၅။ လူငယ်များသည် ကျမ်းစာကို အလွန်ဖတ်ချင်စိတ်ရှိလာအောင် မည်သို့ပြုစုပျိုးထောင်ပေးနိုင်သနည်း။
၁၅ အောင်မြင်သောသူသည် ဘုရားသခင်၏ပညတ်တော်ကို “တိုးတိုးသံဖြင့် နေ့ညမပြတ်” ဖတ်ခြင်းကို နှစ်ခြိုက်ကြောင်း ဆာလံဆရာသတိပြုမိသည်။ (ဆာလံ ၁:၁၊ ၂၊ ကဘ) ဝန်ခံရမည်မှာ ကျမ်းစာသည် အလွယ်တကူဖတ်ပြီးနားလည်နိုင်သည့်အရာမဟုတ်ဘဲ ယင်းတွင် “ခက်ခဲသောအရာတချို့ရှိ၏။” (၂ ပေတရု ၃:၁၆) သို့သော် ကျမ်းစာဖတ်ရှုခြင်းသည် ငြီးငွေ့စရာမလိုပါ။ ‘ဖွားစသူငယ်ကဲ့သို့၊ ဘုရားသခင့်နှုတ်မြွက်တရားနို့စစ်ကိုအလွန်လိုချင်သောစိတ်ရှိ’ လာအောင်လုပ်၍ရနိုင်သည်။ (၁ ပေတရု ၂:၃) နေ့စဉ် အနည်းငယ်စီကြိုးစားဖတ်ပါ။ သင်နားမလည်သည့်အချက်များရှိပါက အနည်းငယ်သုတေသနပြုပါ။ ထို့နောက် သင်ဖတ်ရှုခဲ့သည့်အကြောင်းကို စဉ်းစားပါ။ (ဆာလံ ၇၇:၁၁၊ ၁၂) သင်သည် အာရုံစိုက်မရဖြစ်နေလျှင် “တိုးတိုးသံဖြင့်” အသံထွက်ဖတ်ဖို့ ကြိုးစားကြည့်ပါ။ တဖြည်းဖြည်းနှင့် ကျမ်းစာဖတ်ရှုခြင်းကို သင်နှစ်သက်သည်ထက်နှစ်သက်လာလိမ့်မည်။ ဘရာဇီးနိုင်ငံမှ ညီအစ်မငယ်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “ယေဟောဝါဟာ ကျွန်မနဲ့အမြဲဝေးနေသလိုပဲ။ ဒါပေမဲ့ အခုကျွန်မ ကိုယ်ပိုင်လေ့လာမှုနဲ့ကျမ်းစာဖတ်တာ လနဲ့ချီတိုးတက်လာပြီ။ အခု ယေဟောဝါနဲ့ကျွန်မရဲ့ဆက်ဆံရေး ပိုပြီးခိုင်မာလာတယ်လို ခံစားရတယ်။ ကိုယ်တော်ဟာ ကျွန်မအတွက် အရင်ကထက်တကယ့်ပုဂ္ဂိုလ်ဖြစ်လာနေပြီ။”
၁၆။ အသင်းတော်အစည်းအဝေးများမှ အကျိုးသာ၍ရရန် မည်သို့လုပ်ဆောင်နိုင်သနည်း။
၁၆ အသင်းတော်အစည်းအဝေးများတက်ရောက်ခြင်းသည်လည်း သင့်ဝိညာဉ်ရေးကြီးထွားမှုအတွက် အရေးပါသည်။ သင်သည် “အဘယ်သို့ကြားနာရသည်ကို သတိပြု” လျှင် အားပေးမှုများများရရှိနိုင်သည်။ (လုကာ ၈:၁၈) အစည်းအဝေးများသည် သိပ်စိတ်ဝင်စားစရာမကောင်းဟု သင်တစ်ခါတစ်ရံခံစားရသလော။ သို့ဖြစ်လျှင် ‘အစည်းအဝေးတွေကို စိတ်ဝင်စားစရာဖြစ်အောင် ငါ ဘာလုပ်သလဲ။ ငါအာရုံစိုက်နားထောင်သလား။ ကြိုတင်ပြင်ဆင်သလား။ အဖြေတွေပေးသလား’ ဟုကိုယ့်ကိုယ်ကိုမေးပါ။ အမှန်မှာ ကျမ်းစာက “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ . . . အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့” ဟုမိန့်မှာထားသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းသို့ပြုရန် သင် ပါဝင်ရမည်! ပါဝင်နိုင်ဖို့ ကြိုတင်လေ့လာထားရမည်။ ညီအစ်မငယ်တစ်ဦးက ဤသို့ဝန်ခံသည်– “ပြင်ဆင်ထားတဲ့အခါ အစည်းအဝေးတွေမှာပါဝင်ဖို့ တကယ်လွယ်တယ်။”
ဘုရားသခင့်လမ်းစဉ်လိုက်ခြင်းက အောင်မြင်စေ
၁၇။ ကျမ်းစာကိုအပတ်တကုတ်ဖတ်ရှုသူတစ်ဦးသည် ‘ရေချောင်းနားမှစိုက်ထားသောအပင်နှင့်’ မည်သို့တူသနည်း။
၁၇ ဆာလံဆရာက အောင်မြင်သူသည် ‘ရေချောင်းနားမှာစိုက်ထားသောအပင်နှင့်တူ၏’ ဟုထပ်၍ဖော်ပြသည်။ ရေချောင်းများမှာ သစ်သီးခြံများရှိ သစ်ပင်များကို ရေလောင်းရန် အသုံးပြုလေ့ရှိသည့် ရေပေးမြောင်းများကို ရည်ညွှန်းခြင်းဖြစ်ပေမည်။ (ဟေရှာယ ၄၄:၄) ကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းသည် မပြတ်ထောက်ပံ့ပေးနေသော စားနပ်ရိက္ခာဌာနနှင့်ဆက်သွယ်ထားခြင်းနှင့်တူသည်။ (ယေရမိ ၁၇:၈) စုံစမ်းမှုများနှင့် အခက်အခဲများကြုံရသည့်အခါ ရပ်တည်နိုင်ရန် သင်လိုအပ်သည့်ခွန်အားကို နေ့စဉ်ရရှိမည်ဖြစ်သည်။ ယေဟောဝါ၏စဉ်းစားတွေးတောပုံကို သင်ယူထားပြီဖြစ်ရာ ပညာရှိသောဆုံးဖြတ်ချက်များကိုချရန် လိုအပ်သည့်ဉာဏ်ပညာကို သင်ရရှိထားပြီဖြစ်မည်။
၁၈။ ယေဟောဝါ၏အမှုတော်ထမ်းရာတွင် လူငယ်တစ်ဦး၏အောင်မြင်မှုကို အဘယ်အရာက သေချာစေနိုင်သနည်း။
၁၈ တစ်ခါတစ်ရံ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းသည် ခက်ခဲသည်ဟုယူမှတ်ရပေမည်။ သို့သော် မနိုင်မနင်းဖြစ်သည့်အထိ ခက်ခဲသည်ဟု ဘယ်တော့မျှမယူဆပါနှင့်။ (တရားဟောရာ ၃၀:၁၁) သင့်အဓိကရည်ရွယ်ချက်မှာ ယေဟောဝါ၏စိတ်တော်နှင့်တွေ့ပြီး ကိုယ်တော်၏နှလုံးတော်ရွှင်ပြုံးစေရန်ဖြစ်သည့်ကာလပတ်လုံး ရေရှည်တွင် သင် “ပြုလေသမျှ၌ အောင်မြင်လိမ့်မည်” ဟုကျမ်းစာကတိပြုထားသည်တကား! (သု. ၂၇:၁၁) ထို့ပြင် သင်သည် တစ်ကောင်ကြွက်မဟုတ်ကြောင်း သတိရပါ။ ယေဟောဝါနှင့် ယေရှုခရစ်တို့၏ထောက်ပံ့မှုကို သင်ရရှိထားသည်။ (မဿဲ ၂၈:၂၀; ဟေဗြဲ ၁၃:၅) သင်ရင်ဆိုင်နေရသည့် ဖိအားများကို သူတို့သိသည်၊ သင့်ကို ဘယ်တော့မျှ စွန့်ပစ်မည်မဟုတ်။ (ဆာလံ ၅၅:၂၂) “ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံး” နှင့် သင့်မိဘတို့သည် ဘုရားသခင်အား ကြောက်ရွံ့သူများဖြစ်ကြလျှင် သူတို့၏ကျောထောက်နောက်ခံမှုကိုပါ ရရှိထားကြသည်။ (၁ ပေတရု ၂:၁၇၊ ကဘ) သင်စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြိုးစားအားထုတ်မှုတို့နှင့်အတူ အဆိုပါကျောထောက်နောက်ခံမှုတို့ကြောင့် သင်သည် အောင်မြင်သောဘဝကို ယခုသာမက ထာဝရခံစားနိုင်မည်တည်း!
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
◻ စစ်မှန်သောအောင်မြင်မှုကားအဘယ်နည်း။
◻ ကျွန်ုပ်တို့၏ခြေလှမ်းကို ယေဟောဝါစီရင်ပေးရန် အဘယ်ကြောင့်လိုအပ်သနည်း။
◻ လူငယ်တို့သည် ‘မိမိတို့၏နေ့ရက်ကို’ မည်သို့ ‘ရေတွက်’ နိုင်သနည်း။
◻ အပြစ်ပြုသူများကို ငြူစူခြင်းသည် အဘယ်ကြောင့်မိုက်မဲရာကျသနည်း။
◻ ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းနှင့် အစည်းအဝေးမှန်မှန်တက်ရောက်ခြင်းက လူငယ်များကို အောင်မြင်သောဘဝခံစားရရန် မည်သို့ထောက်ကူပေးနိုင်သနည်း။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
“ဘုရားသခင်ကို ကျန်းခံ့သောကြောက်ရွံ့” သည့်သဘော မရှိသောကြောင့်လူငယ်အများသည် ပျက်စီးစေသောအပြုအမူများကို ပြုကြ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
မိမိတို့၏လုပ်ရပ်များတွင်အကျိုးဆက်များရှိသည်ကိုလူငယ်အများမေ့လျော့တတ်ကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျမ်းစာဖတ်ရှုခြင်းကို နှစ်သက်သည့်စိတ် မွေးမြူပေးပါ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အစည်းအဝေးများတွင် ပါဝင်လျှင်ယင်းကို သင်သာ၍ပျော်မွေ့မည်