ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၄/၁ စာ. ၂၈-၃၁
  • သူတို့၏ဂုဏ်သိက္ခာကို သင်လေးစားပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏ဂုဏ်သိက္ခာကို သင်လေးစားပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂုဏ်သိက္ခာပြယုဂ်
  • မိသားစုအတွင်း ဂုဏ်သိက္ခာရှိရှိဆက်ဆံခြင်း
  • ခရစ်ယာန်အသင်းတော်တွင်
  • မိမိသိက္ခာကိုထိန်းသိမ်းခြင်း
  • ဂုဏ်အသရေရှိရှိ ယေဟောဝါအား ဂုဏ်တင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သွန်သင်ချက်ပေးသောအခါ အခြားသူများ၏ ဂုဏ်သိက္ခာကို သင်ထောက်ထားသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • လူ့ဂုဏ်သိက္ခာ ထိပါးခံနေရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • လူတိုင်းဂုဏ်သိက္ခာရှိရှိဆက်ဆံခံရနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၄/၁ စာ. ၂၈-၃၁

သူတို့၏ဂုဏ်သိက္ခာကို သင်လေးစားပါသလော

တိရစ္ဆာန်များကဲ့သို့ ဝိုင်းဝန်းဖမ်းဆီးခံရပြီး အော့နှလုံးနာစရာ ရွံရှာဖွယ်ကောင်းသောနေရာတွင် ပြွတ်သိပ်ထားခြင်းခံရသော အာဖရိကတိုင်းရင်းသားများသည် ကုန်ပစ္စည်းများသဖွယ် အမေရိကနိုင်ငံများသို့တင်ပို့ခံရကြသည်။ အနည်းဆုံးတစ်ဝက်ခန့်မှာ သူတို့၏ခရီးလမ်းဆုံးမရောက်မီ သေရန်မျှော်လင့်ထားကြသည်။ မိသားစုဝင်များသည် ရက်စက်စွာအခွဲခံရကာ တစ်ဦးနှင့်တစ်ဦး မည်သည့်အခါမျှမတွေ့ရတော့ပေ။ ကျွန်ကုန်ကူးခြင်းသည် လူသားချင်းကိုလူမဆန်စွာ ကျင့်ကြံပြုမူမှုများတွင် အဆိုးရွားဆုံးအဖြစ်အပျက်တစ်ခုဖြစ်သည်။ အင်အားကြီးသောအောင်နိုင်သူများက အကာအကွယ်မဲ့ဒေသခံတိုင်းရင်းသားများကို ရက်ရက်စက်စက်ဖိနှိပ်သောအခါ ယင်းသို့သောအဖြစ်အပျက်များဖြစ်ပျက်တတ်သည်။

စင်စစ်အားဖြင့် လူတစ်ဦး၏သိက္ခာကိုချခြင်းသည် ကာယရေးအရထိပါးစော်ကားခြင်းထက် ပိုရက်စက်နိုင်သည်။ ယင်းသို့ပြုခြင်းသည် လူ့စိတ်ဓာတ်ကိုပျက်စီးစေပါသည်။ နိုင်ငံများစွာတွင် ကျွန်အရောင်းအဝယ်စနစ်အဆုံးတိုင်ခဲ့သော်လည်း လူ့ဂုဏ်သိက္ခာကို တိုက်စားယိုယွင်းမှုမှာ ဆက်ဖြစ်ပျက်နေပြီး ပို၍လျှို့ဝှက်နက်နဲသည့်ပုံစံဖြင့် ဖြစ်ဖွယ်ရာရှိသည်။

အခြားတစ်ဖက်တွင်မူ စစ်မှန်သောခရစ်ယာန်များသည် ‘မိမိနှင့်စပ်ဆိုင်သောသူကို မိမိနှင့်အမျှချစ်လော့’ ဟူသောယေရှု၏သတိပေးနှိုးဆော်ချက်ကို လိုက်နာဖို့ကြိုးစားကြသည်။ ထို့အတွက်ကြောင့် ‘သူတစ်ပါး၏ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကို ကျွန်ုပ်လေးစားပါသလော’ ဟုမိမိကိုယ်ကိုမေးမြန်းကြသည်။—လုကာ ၁၀:၂၇။

ဂုဏ်သိက္ခာပြယုဂ်

အဘိဓာန်တစ်အုပ်အရ ဂုဏ်သိက္ခာဆိုသည်မှာ အသရေရှိသော၊ ဂုဏ်ရှိသော သို့မဟုတ် အထင်ကြီးလေးစားဖွယ်ကောင်းသော အရည်အသွေး သို့မဟုတ် အခြေအနေဖြစ်သည်။ ယင်းသည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်၏ဂုဏ်ဒြပ်အတွက် သင့်လျော်လှသော ဖော်ပြချက်ပါတကား! အမှန်စင်စစ် ကျမ်းစာတွင် ယေဟောဝါနှင့် ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်တို့ကို ဂုဏ်သိက္ခာနှင့် ထပ်တလဲလဲဆက်စပ်ဖော်ပြလေ့ရှိသည်။ မောရှေ၊ ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလ၊ တမန်တော်ယောဟန်နှင့် အခြားသူတို့သည် အကြီးမြင့်ဆုံးဘုရားသခင်နှင့် ကိုယ်တော်၏ကောင်းကင်တရားရုံးဆိုင်ရာ မှုတ်သွင်းခံအဆင်းအာရုံများကို မြင်တွေ့ခွင့်ရရှိခဲ့ကြပြီး သူတို့၏ဖော်ပြချက်များတွင် ကိုယ်တော်၏ စိုးရွံ့ဖွယ်ကြီးမြတ်တော်မူခြင်းနှင့်ဂုဏ်တော်ကို တညီတညွတ်တည်း ရေးသားဖော်ပြခဲ့ကြ၏။ (ထွက်မြောက်ရာ ၂၄:၉-၁၁; ဟေရှာယ ၆:၁; ယေဇကျေလ ၁:၂၆-၂၈; ဒံယေလ ၇:၉; ဗျာဒိတ် ၄:၁-၃) မိမိ၏ချီးမွမ်းဆုတောင်းခန်းတွင် ဘုရင်ဒါဝိဒ်က ဤသို့ဆုတောင်းခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့်ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည်အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွတ်၊ မြင့်မြတ်တော်မူ၏။” (၁ ရာဇဝင်ချုပ် ၂၉:၁၁) အမှန်စင်စစ် ယေဟောဝါဘုရားသခင်ထက် ပို၍ဂုဏ်ပြုလေးစားခြင်းခံထိုက်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။

မိမိ၏ပုံသဏ္ဌာန်နှင့် တူညီမှုတို့ဖြင့် လူသားကိုဖန်ဆင်းရာတွင် ယေဟောဝါသည် လူသားကိုအတိုင်းအတာတစ်ခုသော တန်ဖိုးရှိခြင်း၊ မိမိကိုယ်ကိုလေးစားခြင်းနှင့် ဂုဏ်သိက္ခာတို့ကို ပေးသနားတော်မူ၏။ (ကမ္ဘာဦး ၁:၂၆) ထို့ကြောင့် အခြားသူများနှင့်ကျွန်ုပ်တို့ဆက်ဆံရာတွင် တစ်ဦးစီကို ထိုက်သင့်သောရိုသေလေးစားမှု ပြသင့်ပေသည်။ ကျွန်ုပ်တို့ထိုသို့ပြုသည့်အခါ အမှန်အားဖြင့် ယေဟောဝါဘုရားသခင်ကို လူ့ဂုဏ်သိက္ခာ၏ပင်ရင်းအဖြစ် အသိအမှတ်ပြုနေခြင်းဖြစ်သည်။—ဆာလံ ၈:၄-၉။

မိသားစုအတွင်း ဂုဏ်သိက္ခာရှိရှိဆက်ဆံခြင်း

အိမ်ထောင်သည်တစ်ဦးဖြစ်ဖူးသူ တမန်တော်ပေတရုသည် မှုတ်သွင်းခံရခြင်းအားဖြင့် ခရစ်ယာန်လင်ယောက်ျားများအား မိမိတို့ဇနီးသည်များကို “အားနည်းသောတန်ဆာကဲ့သို့မှတ်လျက် ဂုဏ်တင်ကြ” ရန်တိုက်တွန်းခဲ့သည်။ (၁ ပေတရု ၃:၇၊ ကဘ; မဿဲ ၈:၁၄) “မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်းရှိစေလော့” ဟုတမန်တော်ပေါလုအကြံပြုခဲ့သည်။ (ဧဖက် ၅:၃၃၊ ကဘ) ထို့ကြောင့် အိမ်ထောင်တွင် မိမိကြင်ဖော်၏ဂုဏ်သိက္ခာကို ဂုဏ်တင်လေးစားခြင်းသည် ကျမ်းစာတောင်းဆိုချက်တစ်ရပ်ဖြစ်သည်။ အဘယ်နည်းများဖြင့် ယင်းကိုပြသနိုင်သနည်း။

ကြီးထွားနေသောအပင်ကို ရေကသန်စွမ်းစေသကဲ့သို့ လူရှေ့တွင်ဖြစ်စေ၊ ကွယ်ရာတွင်ဖြစ်စေ ဇနီးမောင်နှံစပ်ကြား သာယာနာပျော်ဖွယ်စကားနှင့် ကြင်နာသောအမူအရာတို့က သူတို့၏ရင်းနှီးသောဆက်ဆံရေးကို ပျိုးထောင်ပေးနိုင်ပါသည်။ ယင်းနှင့်ဆန့်ကျင်လျက် ရုပ်မြင်သံကြားအခန်းဆက် ဟာသဇာတ်လမ်းများတွင် ကြားရမြင်ရလေ့ရှိသော ကြမ်းတမ်း၍ ထိခိုက်နစ်နာစေသောအပြောအဆို သို့မဟုတ် ပေါ့ပျက်ပျက်၊ ထေ့ငေါ့သောအမူအရာတို့သည် ပျက်စီးစေနိုင်ပါသည်။ ယင်းတို့သည် မိမိတန်ဖိုးမရှိဟူသော ဘေးဖြစ်စေသည့်ခံစားချက်များ၊ စိတ်ဓာတ်ကျခြင်းနှင့် အငြိုးထားခြင်းတို့ကိုလှုံ့ဆော်ပေးကာ အလွယ်တကူမပြေပျောက်နိုင်သော စိတ်ဒဏ်ရာကိုပင်ဖြစ်ပေါ်စေနိုင်သည်။

သူတစ်ပါး၏ဂုဏ်သိက္ခာကိုလေးစားခြင်းဆိုသည်မှာ သူတို့ကိုကျွန်ုပ်တို့ကြိုတင်တွေးထင်ထားသည့်စံနှင့် မရမကကိုက်ညီစေခြင်း သို့မဟုတ် အခြားသူများနှင့် မလျော်မကန်နှိုင်းယှဉ်ခြင်းမပြုဘဲ သူတို့၏အရှိကိုအရှိအတိုင်းလက်ခံခြင်းဟူ၍လည်း ဆိုလိုသည်။ ယင်းသည် ဇနီးမောင်နှံကြားတွင် အထူးအရေးပါလှသည်။ ဆက်သွယ်ရေးကောင်းမွန်၍ ပြောရဲဆိုရဲရှိမည်၊ အပြစ်တင်ခံရမည် သို့မဟုတ် ကြိမ်းမောင်းခံရမည်ဟု စိုးရိမ်နေစရာမလိုပါက ပို၍ရင်းနှီးလာပါလိမ့်မည်။ လူတစ်ဦးသည် အိမ်ထောင်တွင် အရှိကိုအရှိအတိုင်းနေထိုင်ကျင့်ကြံသောအခါ နေအိမ်သည် အကြင်နာကင်းမဲ့၍ ခက်ထန်သောအပြင်လောကမှ ခိုလှုံရာနေရာတစ်ခု အမှန်ဖြစ်လာပါလိမ့်မည်။

သားသမီးများသည် သူတို့၏မိဘများကို ရိုသေလေးစား၍ နာခံရမည်ဟူသော ကျမ်းစာမိန့်မှာချက်အောက်တွင်ရှိကြသည်။ အပြန်အလှန်အနေနှင့် ပညာရှိ၍ မေတ္တာနှင့်ပြည့်ဝသောမိဘများသည် မိမိတို့သားသမီးများ၏သိက္ခာကို အသိအမှတ်ပြုပေမည်။ လိုအပ်သည့်အခါ စိတ်ရှည်စွာနှင့် ပဲ့ပြင်ပေးမှုအပါအဝင် အမူအကျင့်ကောင်းများအတွက် လှိုက်လှိုက်လှဲလှဲချီးမွမ်းပေးခြင်းသည် “ယေဟောဝါ၏ . . . စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်း” မှုကိုခိုင်မာစေရာတွင် ကောင်းစွာထိရောက်မှုရှိသည်။ တစ်ချိန်လုံးပြစ်တင်ဝေဖန်ခြင်း၊ အော်ဟစ်ခြင်းနှင့် “ငတုံး” သို့မဟုတ် “ငအ” စသော နှိမ့်ချသည့်အသုံးအနှုန်းများနှင့်ခေါ်ခြင်းက သူတို့ကိုစိတ်ဆိုးစေပါလိမ့်မည်။—ဧဖက် ၆:၄၊ ကဘ။

သားသုံးယောက်နှင့် သမီးသုံးယောက်ကိုပြုစုပျိုးထောင်ခဲ့သူ ခရစ်ယာန်အကြီးအကဲဖခင်တစ်ဦးက ဤသို့ပြောပြသည်– “ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ လိုအပ်တဲ့ဆုံးမပဲ့ပြင်မှုကို အတတ်နိုင်ဆုံးတိတ်တဆိတ်ပေးပါတယ်။ တံတောင်နဲ့နည်းနည်းတို့လိုက်မယ် ဒါမှမဟုတ် သတိပေးတဲ့အနေနဲ့ မျက်နှာထားတင်းတင်းကြည့်လိုက်မယ်ဆိုရင် လုံလောက်ပါတယ်။ ဒီထက်ပြင်းထန်တဲ့ ဆုံးမပဲ့ပြင်မှုလိုအပ်မယ်ဆိုရင် တခြားကလေးတွေရှေ့မဟုတ်ဘဲ အိမ်မှာသီးသန့်ဆုံးမတယ်။ ကလေးတွေက အခုကြီးပြင်းလာကြပြီဆိုတော့ သူတို့တစ်ယောက်စီလိုအပ်တာတွေနဲ့အညီ ဘုရားသခင့်နှုတ်မြွက်စကားတော်ထဲက မေတ္တာပါတဲ့ ပညာရှိအကြံပေးချက်တွေနဲ့ ဆုံးမပဲ့ပြင်ပါတယ်။ ဒီလိုကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ကျွန်တော်တို့လျှို့ဝှက်ထားဖို့ကြိုးစားကြတယ်၊ အဲဒီနည်းနဲ့ကလေးတစ်ဦးစီရဲ့ အတွင်းရေးနဲ့ သိက္ခာကိုစောင့်ထိန်းပိုင်ခွင့်အပေါ် လေးစားကြောင်းပြသပါတယ်။”

မိသားစုအတွင်း၌ အပြောအဆို အပြုအမူတို့တွင် ရည်မွန်ဖို့လိုအပ်ချက်ကို ဥပေက္ခာပြု၍မဖြစ်ပါ။ ရင်းနှီးကျွမ်းဝင်ခြင်းကြောင့် “ကျေးဇူးပြု၍” “ကျေးဇူးတင်ပါတယ်” “ခွင့်ပြုပါ” နှင့် “ဝမ်းနည်းပါတယ်” စသည့်စကားများကို မသုံးဘဲနေခြင်းမပြုသင့်ပါ။ ကောင်းသောအမူအကျင့်များသည် မိမိ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းခြင်းအပြင် အခြားသူများ၏ဂုဏ်သိက္ခာကိုလေးစားခြင်းတွင် အခြေခံလိုအပ်ချက်ဖြစ်သည်။

ခရစ်ယာန်အသင်းတော်တွင်

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၁:၂၈) အနှိမ်ခံရသူများ၊ စိတ်ဓာတ်ကျဆင်းသူများနှင့် ကလေးငယ်များပင် ယေရှုထံသို့မလာဘဲမနေနိုင်အောင် ဆွဲဆောင်ခံရကြသည်။ ထိုခေတ်အချိန်မှ မောက်မာ၍ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်မှတ်ကြသော ဘာသာရေးခေါင်းဆောင်များ၊ ဦးစီးဦးဆောင်သူများ၏ အထင်သေးခြင်းကို သူတို့ခံရကြသည်။ သို့ရာတွင် ယေရှုမူ သူတို့၏ဂုဏ်သိက္ခာကိုလေးစားခဲ့သည်။

ယေရှုကိုတုပရာတွင် ကျွန်ုပ်တို့လည်း ယုံကြည်သူချင်းများကို လန်းဆန်းစေသည့်အခြေအမြစ်တစ်ခုဖြစ်လိုကြပါသည်။ ယင်းက ကျွန်ုပ်တို့၏အပြောအဆို အပြုအမူအားဖြင့် သူတို့ကိုတည်ဆောက်ပေးရန် အခွင့်အရေးရှာယူခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့စကားလက်ဆုံပြောရာတွင် ကြင်နာ၍ အပြုသဘောပါသောစကားများကို စိတ်ရင်းမှန်နှင့်ဖောဖောသီသီအသုံးပြုခြင်းသည် အစဉ်သဖြင့်လျောက်ပတ်သည်။ (ရောမ ၁:၁၁၊ ၁၂; ၁ သက်သာလောနိတ် ၅:၁၁) ကျွန်ုပ်တို့ပြောဆိုသောစကားအပြင် ကျွန်ုပ်တို့ပြောဆိုပုံကိုလည်း သတိပြုခြင်းဖြင့် အခြားသူများ၏ခံစားချက်ကို အကင်းပါးပါးသိကြောင်း ပြသကြသည်။ (ကောလောသဲ ၄:၆) ခရစ်ယာန်အစည်းအဝေးများတွင် လျောက်ပတ်စွာဝတ်စားဆင်ယင်ခြင်းသည်လည်း ကျွန်ုပ်တို့ဘုရားသခင်၏ဂုဏ်တော်၊ ကိုယ်တော်၏ဝတ်ပြုရေးနှင့် ကျွန်ုပ်တို့၏ဝတ်ပြုသူချင်းများကို အလွန်လေးစားကြောင်းပြရာရောက်သည်။

ယေရှုသည် လူတို့၏အမှုကိစ္စများကို ဆောင်ရွက်ပေးရာတွင်ပင် သူတို့၏ဂုဏ်သိက္ခာကို လေးစားခဲ့သည်။ ကိုယ်တော်သည် သူတစ်ပါးကိုအရှက်ရစေဖို့ သို့မဟုတ် နှိမ်ဖို့အတွက် မိမိကိုယ်ကိုအလွန်အမင်းချီးမြှောက်ခြင်းကို မည်သည့်အခါမျှမပြုခဲ့ချေ။ အနာကြီးရောဂါသည်တစ်ဦးသည် ကုသမှုခံယူဖို့လာသောအခါ မသန့်ရှင်းသူ၊ မထိုက်တန်သူအဖြစ် ထိုသူထွက်သွားအောင်မပြုသကဲ့သို့ မိမိကိုအာရုံပြုရန် ထူးခြားသောမြင်ကွင်းကိုလည်း မပြုလုပ်ခဲ့ပေ။ ယင်းသို့ပြုမည့်အစား ထိုသူက “သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟူတောင်းပန်သောအခါ “ငါအလိုရှိ၏” ဟုယေရှုဆိုခြင်းအားဖြင့် အနာကြီးရောဂါသည်ကို ကိုယ်တော်ဂုဏ်တင်ခဲ့သည်။ (လုကာ ၅:၁၂၊ ၁၃) ချို့ငဲ့နေသူများကို ကူညီပေးခြင်းသာမက သူတို့သည်ကျွန်ုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ အသုံးဝင်ပြီး ချစ်မြတ်နိုးခံရကြောင်း စိတ်ချစေခြင်းသည် ကျွန်ုပ်တို့အတွက်အလွန်ဝမ်းသာစရာပင်! ကမ္ဘာပေါ်တွင် ရှက်ကြောတ်တတ်သူ၊ စိတ်ဓာတ်ကျသူများနှင့် မသန်မစွမ်းဖြစ်သူများသည် လျစ်လျူရှုခံရ၊ ရှောင်ကြဉ်ခံရ သို့မဟုတ် အနှိမ်ခံရလေ့ရှိသည်။ သို့သော် စစ်မှန်သောပေါင်းသင်းမှုနှင့် နှစ်သက်လက်ခံမှုကို သူတို့၏ခရစ်ယာန်ညီအစ်ကို ညီအစ်မများအလယ်တွင် ရှာယူသင့်သည်။ ထိုစိတ်ထားကိုပျိုးထောင်ပေးရန် ကျွန်ုပ်တို့ဘက်မှပြုလုပ်စရာရှိသည်ကို ပြုလုပ်ရပေမည်။

တပည့်တော်များတွင် အားနည်းချက်များနှင့် ဉာဉ်ဆိုးများရှိလင့်ကစား ယေရှုသည်မိမိ၏ ‘သွေးသားရင်း’ များကဲ့သို့သူတို့ကို “ဆုံးခန်းတိုင်အောင် ချစ်တော်မူ” ခဲ့သည်။ (ယောဟန် ၁၃:၁၊ သတင်းကောင်း) သူတို့သည် မိမိ၏ခမည်းတော်ကို စင်ကြယ်သောနှလုံးနှင့် စိတ်နှလုံးအကြွင်းမဲ့ချစ်ကြောင်း ကိုယ်တော်သိမြင်တော်မူ၏။ ထိုနည်းတူ ဝတ်ပြုသူချင်းများ၏လုပ်ပုံကို အကြိုက်မတွေ့သောကြောင့် သို့မဟုတ် သူတို့၏အကျင့်စရိုက်များက ကျွန်ုပ်တို့ကိုမခံချိမခံသာဖြစ်စေသောကြောင့် သူတို့၌ဆိုးညစ်သောသဘောထားရှိသည်ဟု မစွပ်စွဲသင့်ပေ။ ညီအစ်ကိုများ၏ဂုဏ်သိက္ခာကိုလေးစားခြင်းက သူတို့လည်း ယေဟောဝါကိုချစ်ပြီး မှန်ကန်သောသဘောထားနှင့် ကိုးကွယ်ကြောင်းယုံကြည်လျက် သူတို့ကိုမေတ္တာထားကာ အရှိအတိုင်းလက်ခံရန် လှုံ့ဆော်ပေးပါလိမ့်မည်။—၁ ပေတရု ၄:၈-၁၀။

အထူးသဖြင့် မိမိတို့အားအပ်နှင်းထားသူများကို အလွန်အမင်းစိုးရိမ်ပူပန်မှုမဖြစ်စေဖို့ အကြီးအကဲများ သတိပြုသင့်သည်။ (၁ ပေတရု ၅:၂၊ ၃) အပြစ်ကျူးလွန်မိသော အသင်းသားတစ်ဦးနှင့်တွေ့ဆုံသည့်အခါ အကြီးအကဲများသည် မိမိတို့၏စကားကို ကြင်နာမှုနှင့် ထောက်ထားစာနာမှုတို့ဖြင့် နူးညံ့ပျော့ပြောင်းစေသင့်သည်၊ မလိုအပ်ဘဲ စိတ်ကျဉ်းကျပ်စေသော မေးခွန်းများမေးခြင်းကို ရှောင်သင့်ပါသည်။ (ဂလာတိ ၆:၁) ပြင်းထန်သောပြစ်တင်ဆုံးမမှု လိုအပ်လာသောအခါ၌ပင် ပြစ်မှားသူ၏ ထိုက်သင့်လျော်ကန်သောဂုဏ်သိက္ခာနှင့် ကိုယ့်ကိုယ်ကိုလေးစားမှုတို့ကို ဆက်လက်လေးစားသွားမည်။—၁ တိမောသေ ၅:၁၊ ၂။

မိမိသိက္ခာကိုထိန်းသိမ်းခြင်း

ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့် တူညီမှုဖြင့်ဖန်ဆင်းခံထားရသောကြောင့် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင်—ကိုယ်တော်၏ဂုဏ်တော်အပါအဝင်—ဘုရားသခင်၏အံ့ချီးဖွယ်အရည်အချင်းများကို ကျွန်ုပ်တို့တတ်စွမ်းနိုင်သမျှ ထင်ဟပ်ပြရမည်။ (ကမ္ဘာဦး ၁:၂၆) အလားတူစွာ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသောပညတ်ကို နားလည်သဘောပေါက်ခြင်းသည် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားခြင်းတို့တွင် မျှတမှုရှိရန်အတွက် လိုအပ်သောအရာဖြစ်သည်။ (မဿဲ ၂၂:၃၉) အမှန်မှာ မိမိ၏ဂုဏ်သိက္ခာကို အခြားသူများလေးစားစေလိုပါက ကျွန်ုပ်တို့သည် ယင်းနှင့်ထိုက်တန်ကြောင်း ပြသရပေမည်။

မိမိကိုယ်ကိုလေးစားခြင်းနှင့် ကိုယ့်ဂုဏ်သိက္ခာကိုထိန်းသိမ်းရာတွင် အရေးပါသောအချက်တစ်ချက်မှာ ကိုယ်ကိုကိုယ်သိသောစိတ်ကို ကြည်လင်နေစေရန် ထိန်းသိမ်းခြင်းဖြစ်သည်။ ညစ်ညူးနေသည့် ကိုယ်ကိုကိုယ်သိသောစိတ်နှင့် အပြစ်ရှိသည်ဟူသည့်ခံစားချက် ထိုးနှက်ခံရခြင်းက တန်ဖိုးမရှိဟုခံစားရခြင်း၊ စိတ်ပျက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းသို့ အလွယ်တကူဦးတည်သွားသည်။ ထို့ကြောင့် လူတစ်ဦးသည် ကြီးလေးသောအပြစ်တစ်ခုကို ကျူးလွန်မိသော် “ထာဝရဘုရားအထံတော်မှ၊ ချမ်းသာရာအချိန်ကာလ” ကိုခံစားရန်အလို့ငှာ နောင်တယူ၍ အကြီးအကဲများထံမှ ဝိညာဉ်ရေးအကူအညီရယူရန် ချက်ချင်းလုပ်ဆောင်သင့်ပေသည်။ ဤချမ်းသာမှုတွင် ထိုသူ၏ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာနှင့် မိမိကိုယ်ကိုလေးစားမှုကို ပြန်လည်ရရှိခြင်းပါဝင်သည်။—တမန်တော် ၃:၁၉-၂၁ သမ။

ကျမ်းစာနှင့်လေ့ကျင့်ထားသည့် ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိသောစိတ်ကို မည်သည့်အရာကမျှ စွန်းထင်းအောင် သို့မဟုတ် အားနည်းအောင်လုပ်ခွင့်မပြုဘဲ ယင်းကိုကာကွယ်ရန် အဆက်မပြတ်အားထုတ်ကြိုးပမ်းသင့်ပေသည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝကဏ္ဍအသီးသီး—စားသောက်ခြင်း၊ စီးပွားရေး၊ အပန်းဖြေခြင်း၊ လိင်ခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်း—တို့တွင် စိတ်ချုပ်တည်းမှုကိုတင်ပြခြင်းက ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်မှုကို ဆက်လက်ထိန်းသိမ်းရန်ထောက်ကူပေးကာ ကျွန်ုပ်တို့၏အသက်တာတွင် ဘုရားသခင့်ဘုန်းတော်နှင့် ဂုဏ်တော်ကိုထင်ဟပ်နိုင်စေပါလိမ့်မည်။—၁ ကောရိန္သု ၁၀:၃၁။

ကျွန်ုပ်တို့၏အမှားနှင့်ပတ်သက်၍ အပြစ်ရှိသည်ဟုခံစားရသောစိတ် ပျောက်မသွားလျှင်ကော။ သို့မဟုတ် မတော်မတရားပြုကျင့်မှုကို ပြန်သတိရနေခြင်းကြောင့် နာကျင်စွာခံစားနေဆဲဖြစ်လျှင်ကော အသို့နည်း။ ထိုခံစားချက်များသည် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာကို ကျိုးပဲ့ကြေမွစေနိုင်ကာ အကြီးအကျယ်စိတ်ဓာတ်ကျစေနိုင်ပါသည်။ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏” ဟုဆာလံ ၃၄:၁၈ ၌တွေ့ရှိရသော ဘုရင်ဒါဝိဒ်၏စကားများသည် အလွန်နှစ်သိမ့်စရာပင်! မိမိ၏ကျေးကျွန်များ စိတ်ဓာတ်ကျ၍ မိမိတန်ဖိုးမရှိဟူသည့်ခံစားချက်များနှင့် ရင်ဆိုင်ဖြေရှင်းရသောအခါ ယေဟောဝါသည် လိုလိုလားလားထောက်မပေးရန် အသင့်ရှိတော်မူ၏။ မိမိကိုယ်ကိုလေးစားခြင်းနှင့် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကိုပြန်လည်ရရှိရန် ကိုယ်တော်အားတိုးလျှိုးအသနားခံခြင်းနှင့်အတူ ခရစ်ယာန်မိဘများ၊ အကြီးအကဲများနှင့် အသင်းတော်ရှိအခြားရင့်ကျက်သူများစသည့် ဝိညာဉ်ရေးအရအရည်အချင်းရှိသူများထံမှ အကူအညီရှာယူခြင်းသည် အရေးပါလှသည်။—ယာကုပ် ၅:၁၃-၁၅။

တစ်ဖက်တွင်မူ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာနှင့် မာန်မာနထောင်လွှားမှုကို ကျွန်ုပ်တို့ကွဲကွဲပြားပြား ခွဲခြားသိမြင်ဖို့လိုအပ်ပါသည်။ “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ၊ ဘုရားသခင်သည် လူအသီးသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်” ဟုသမ္မာကျမ်းစာက အကြံပြုထား၏။ (ရောမ ၁၂:၃) မိမိကိုယ်ကိုလေးစားခြင်းကို ပြုစုပျိုးထောင်ရန် သင့်လျော်သော်လည်း ကိုယ်ပိုင်တန်ဖိုးကိုချဲ့ကားပြောဆိုခြင်း သို့မဟုတ် လူ့ဂုဏ်သိက္ခာနှင့် သူတစ်ပါးရှေ့မျက်နှာရရန် တစ်ကိုယ်ကောင်းဆန်ဆန် မရမနေအားထုတ်မှုတို့ကို ကျွန်ုပ်တို့မရောထွေးလိုကြပါ။

အခြားသူ၏ဂုဏ်သိက္ခာကို လေးစားခြင်းသည် ခရစ်ယာန်လိုအပ်ချက်တစ်ခုဖြစ်သည်မှာ အမှန်ပင်။ ကျွန်ုပ်တို့၏မိသားစုဝင်များနှင့် ခရစ်ယာန်ချင်းအားလုံးတို့သည် ကျွန်ုပ်တို့၏လေးစားမှု၊ ချီးမွမ်းမှုနှင့်အထင်ကြီးမှုကို ရသင့်ရထိုက်ပါသည်။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို ဂုဏ်သိက္ခာနှင့် ချီးမွမ်းဖွယ်အရည်အချင်းတို့ကိုပေးအပ်ထားပြီး ယင်းကိုကျွန်ုပ်တို့အသိအမှတ်ပြု၍ ဆက်လက်ထိန်းသိမ်းသင့်ပေသည်။ သို့သော် အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်၏ ပြိုင်ဘက်ကင်းသောဂုဏ်တော်နှင့် ခန့်ညားထည်ဝါမှုကို အလွန်ရိုသေကိုင်းရှိုင်းသည့်သဘောကို ပြုစုပျိုးထောင်ရမည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လူငယ်လူရွယ်တို့သည် မသန်မစွမ်းဖြစ်သူများကို လေးစားမှုပြနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ