ပညာရှိစကား ခုနစ်ခွန်း
အောက်မှာဖော်ပြထားတဲ့စကားတွေဟာ ရှေးကျတဲ့စာအုပ်တစ်အုပ်ဖြစ်တဲ့ ကျမ်းစာထဲကဖြစ်ပေမဲ့ အဲဒီစာအုပ်မှာ အခုထိလက်တွေ့ကျနေဆဲ ဆိုရိုးစကားတွေနဲ့ပြည့်နှက်လို့နေပါတယ်။ ဒီစကားတွေက ငွေကြေးစီမံသုံးစွဲရာမှာ သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ ဆက်ဖတ်ကြည့်ပါ။
၁။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။” (ဒေ. ၅:၁၀) ဒီစကားကို ရုပ်ပစ္စည်းအနည်းငယ်သာပိုင်ဆိုင်သူတစ်ဦးက မနာလိုစိတ်နဲ့ ပြောခဲ့တာမဟုတ်ဘူး။ အသက်ရှင်ခဲ့သမျှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အစ္စရေးရှင်ဘုရင်ရှောလမုန်က သူ့ရဲ့အတွေ့အကြုံနဲ့ သိရှိထားရာတွေအပေါ်အခြေခံပြီး ရေးခဲ့တာဖြစ်တယ်။ အခုခေတ်ချမ်းသာကြွယ်၀သူအတော်များများလည်း အလားတူမှတ်ချက်တွေ ပေးခဲ့ကြတယ်။
၂။ ‘ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။ ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား သွေးဆောင်ခြင်းထဲသို့ ကျရောက်ကြ၏။’ (၁ တိမောသေ ၆:၈၊ ၉) ဒီစကားရေးခဲ့သူက အလွန်ကောင်းတဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး ယေရှုခရစ်နောက်လိုက်တစ်ဦးဖြစ်လာခဲ့သူ တမန်တော်ပေါလုဖြစ်တယ်။ ပေါလုဟာ ဒီနေ့ခေတ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တချို့နဲ့မတူဘဲ သူသွန်သင်ပေးတဲ့သူတွေ (သို့) သူနဲ့ပေါင်းသင်းတဲ့သူတွေဆီကနေ ရုပ်ပစ္စည်းအမြတ်ထုတ်လိုစိတ် လုံးဝမရှိခဲ့ဘူး။ အဲဒီအစား ရိုးသားစွာ သူဒီလိုပြောနိုင်တယ်– “ငါသည် သူတစ်ပါး၏ရွှေငွေ၊ အဝတ်အစားများကို တပ်မက်ခြင်း မရှိခဲ့။ ဤလက်များဖြင့် ကိုယ်တိုင်နှင့် အပေါင်းအဖော်တို့၏ လိုအပ်ရာများကို ထောက်မပေးခဲ့ကြောင်း သင်တို့သိကြ၏။”—တမန်တော် ၂၀:၃၃၊ ၃၄။
၃။ “သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ထိုမျှော်စင်ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကိုသိရန် ဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။” (လုကာ ၁၄:၂၈) ယေရှုရဲ့ပုံဥပမာကို သင်ကြုံတွေ့ရနိုင်တဲ့ အောက်ပါအခြေအနေမှာ အသုံးပြုနိုင်တယ်– တစ်ခုခုဝယ်မယ်ဆိုရင် အထူးသဖြင့် အကြွေးနဲ့ဝယ်မယ်ဆိုရင် အလျင်စလိုနဲ့ဝယ်လိုက်မလား ဒါမှမဟုတ် စိတ်ရှည်ရှည်ထားပြီး အကုန်အကျကို တွက်ချက်မလား။ ဒီပစ္စည်းကို သင် တကယ်လိုအပ်သလား၊ သင် ဝယ်နိုင်သလား။
၄။ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။” (သု. ၂၂:၇) မကြာသေးမီကဖြစ်တဲ့ ကမ္ဘာ့စီးပွားရေးပြဿနာက အကြွေးစနစ် (သို့) အကြွေးနဲ့ဆက်နွှယ်နေတဲ့ တခြားဝယ်ယူမှုပုံစံတွေရဲ့ မိုက်မဲမှုကို လှစ်ဟပြလိုက်တယ်။ တချို့နိုင်ငံတွေမှာဆိုရင် “ လူတစ်ဦးအတွက် ပျမ်းမျှအားဖြင့် အကြွေးဝယ်ကတ် လေးငါးခုလောက်မှာ ဒေါ်လာ ၉,၀၀၀ ကျော် အကြွေးတင်နေတာက မထူးဆန်းပါဘူး” လို့ မိုက်ကယ်လ် ဝါ့ဂ်နာက ၂၀၀၉ မှာ ရေးတဲ့ Your Money, Day One ဆိုတဲ့ သူ့စာအုပ်မှာ ဖော်ပြထားတယ်။
၅။ “မတရားသောသူသည် ချေးငှား၍မဆပ်ဘဲနေတတ်၏။ ဖြောင့်မတ်သောသူမူကား သနားသောစိတ်ရှိ၍ပေးတတ်၏။” (ဆာလံ ၃၇:၂၁) တချို့နိုင်ငံတွေမှာ လူမွဲစာရင်းခံလိုက်ပြီဖြစ်ကြောင်း ဥပဒေကြောင်းအရကြေညာလိုက်ခြင်းက အကြွေးတင်နေရာကနေ အလွယ်တကူလွတ်မြောက်နိုင်တဲ့နည်းပဲလို့ တချို့သူတွေယူဆကြတယ်။ ဘုရားသခင်နဲ့ကောင်းတဲ့ဆက်ဆံရေးကို တန်ဖိုးထားတဲ့သူတွေကျတော့ သူတို့ရဲ့အကြွေးကို တတ်နိုင်သလောက် ပြန်ဆပ်ရမယ်ဆိုတဲ့ အသိစိတ်ရှိရုံသာမက သူတို့မှာရှိတာတွေကို ရက်ရက်ရောရောနဲ့ပေးကမ်းကြတယ်။
၆။ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” (ဆာလံ ၃၇:၂၅) ဒီစကားကို မတရားပြောဆိုဆက်ဆံခံရသူတစ်ဦးက ရေးသားခဲ့တာဖြစ်တယ်။ သူဟာ နှစ်နဲ့ချီ ဝရမ်းပြေးဖြစ်ခဲ့ရပြီး တစ်ခါတလေ ဂူတွေထဲမှာနေရတယ်၊ တစ်ခါတလေ တိုင်းတစ်ပါးမှာ ခိုလှုံရာရှာဖွေရတယ်။ နောက်ဆုံးမှာတော့ ဒီဝရမ်းပြေးဖြစ်သူ ဒါဝိဒ်ဟာ ရှေးအစ္စရေးရှင်ဘုရင်တစ်ဦးဖြစ်လာခဲ့တယ်။ သူ့အသက်တာမှာ အထက်ပါစကားရဲ့မှန်ကန်မှုကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရတယ်။
၇။ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်။” (တမန်တော် ၂၀:၃၅) ဒီစကားတွေဟာ ယေရှုခရစ် ပြောခဲ့တာဖြစ်တယ်။ “မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့်” ယေရှုဟာ ကမ္ဘာပေါ်ရှိနေစဉ်မှာ အခြားသူတွေအကျိုးအတွက် လုပ်ဆောင်ပေးခဲ့တယ်။ အခုအချိန်မှာတော့ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါရဲ့လက်ယာဘက်မှာ မပုပ်မပျက်နိုင်တဲ့ကောင်းကင်အသက်တာကို ပိုင်ဆိုင်နေပါပြီ။—ဟေဗြဲ ၁၂:၂; ၁ တိမောသေ ၁:၁၁။
ကျွန်တော်တို့ရဲ့ဘဝမှာ အခြားသူတွေရဲ့အကျိုးကို အတတ်နိုင်ဆုံးလုပ်ဆောင်ပေးခြင်းအားဖြင့် ယေရှုရဲ့ပုံသက်သေကို တုပခြင်းဆိုတဲ့ရည်ရွယ်ချက်ထက် ပိုကောင်းတဲ့ရည်ရွယ်ချက်မရှိနိုင်တော့ဘူး။ အရမ်းကာရောသုံးဖြုန်းမယ့်အစား အမြော်အမြင်ရှိရှိစုဆောင်းပြီး ရက်ရက်ရောရောပေးကမ်းတတ်သူတစ်ဦးဖြစ်ခြင်းက ပိုကောင်းတယ်ဆိုတဲ့အချက်ကို သင် သဘောတူမှာသေချာပါတယ်။