ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၃/၁၅ စာ. ၈-၁၁
  • သင်သည် ပို၍အပြည့်အဝ အမှုထမ်းဆောင်ရန် ဆန္ဒရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ပို၍အပြည့်အဝ အမှုထမ်းဆောင်ရန် ဆန္ဒရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေဝိသားတစ်ဦး၏ တန်ဖိုးထားလေးမြတ်မှု
  • ရောင့်ရဲတတ်ရန် သင်ယူပါ
  • စိတ်ဓာတ်မကျပါနှင့်
  • မီနိုင်သောပန်းတိုင်များကို ချမှတ်ပါ
  • ကောင်းသောချင့်ချိန်မှုတစ်ခု
  • သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဘုရားရေးရာ ပန်းတိုင်တွေ ချမှတ်ပြီး ပြည့်မီအောင် ကြိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အခွင့်ထူးများကို ကျွန်ုပ်တို့ တန်ဖိုးထားမြတ်နိုးကြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • လူငယ်တို့ ဝိညာဉ်ရေးဘက်တွင် သင်တို့ တိုးတက်နေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၃/၁၅ စာ. ၈-၁၁

သင်သည် ပို၍အပြည့်အဝ အမှုထမ်းဆောင်ရန် ဆန္ဒရှိသလော

လာ်ရာက ဤသို့ပြောသည်– “ကျွန်မ ယေဟောဝါကို စိတ်ဆိုးတယ်။ ရှေ့ဆောင်ဆက်လုပ်နိုင်ဖို့အတွက် ငွေရေးကြေးရေးပြဿနာပြေလည်ဖို့ ထပ်ခါထပ်ခါဆုတောင်းတယ်—ဒါပေမဲ့ အရာမရောက်ပါဘူး။ နောက်ဆုံး ရှေ့ဆောင် ထွက်လိုက်ရတယ်။ ရှေ့ဆောင်ဆက်လုပ်နိုင်တဲ့သူတွေကို ကျွန်မ မနာလိုဖြစ်မိတယ်လို့ ဝန်ခံရမယ်။”

ယေဟောဝါသက်သေတို့၏ အသင်းတော်တစ်ခုတွင် ဓမ္မအမှုထမ်းတစ်ယောက်ဖြစ်သော မိုက်ကယ်လ်၏ အကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ သူသည် ကြီးကြပ်မှူးအဆင့်သို့ တက်လှမ်းရန် ကြိုးစားလျက်ရှိသည်။ (၁ တိမောသေ ၃:၁) နှစ်ပေါင်းများစွာ သူ၏ဆန္ဒ မပြည့်စုံသောအခါ ထိုအထူးအခွင့်အရေးကိုခံယူရန် ထည့်မစဉ်းစားချင်သည့်အထိ အလွန်စိတ်နာကြည်းလာသည်။ “စိတ်ဓာတ်ကျမှုရဲ့နာကြင်မှုမျိုးကို နောက်တစ်ခါ မခံရပ်နိုင်တော့ဘူး” ဟုသူပြောသည်။

သင်သည် အလားတူတွေ့ကြုံခဲ့ဖူးသလော။ နှစ်သက်ဖွယ်ကောင်းသော သီအိုကရက်တစ်အခွင့်ထူးကြီးတစ်ရပ်ကို သင်စွန့်လွှတ်ခဲ့ရဖူးသလော။ ဥပမာ၊ အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ရှေ့ဆောင်တစ်ဦးအဖြစ်မှ ရပ်နားခဲ့ရဖူးသလော။ သို့မဟုတ် အခြားသူများကို လွှဲအပ်ထားသည့် အသင်းတော်တာဝန်အချို့ကို သင်ရလိုသလော။ ဗေသလတွင် အမှုထမ်းဆောင်ရန် သို့မဟုတ် သာသနာပြုတစ်ဦးဖြစ်ရန် သင့်ဆန္ဒအလွန်ပြင်းပြသော်လည်း အခြေအနေမပေးဘဲ ဖြစ်ပေလိမ့်မည်။

“မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကိုပူပန်စေတတ်၏” ဟုနယပုံပြင်ကျမ်းက အသိအမှတ်ပြုသည်။ (သု. ၁၃:၁၂) အထူးသဖြင့် သင်မျှော်လင့်ထားသည့် အခွင့်အရေးများကို အခြားသူများရရှိသောအခါ ယင်းကဲ့သို့ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ စိတ်ဓာတ်ကျဆင်းမှုကို ကြုံတွေ့ရသောသူများအတွက် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်က ထိုးထွင်းဉာဏ်၊ စိတ်သက်သာမှုနှင့် မျှော်လင့်ချက်တို့ကို ပေးထားပါသလော။ ပေးထားပါသည်။ အမှန်သော် ၈၄ ခုမြောက် ဆာလံကျမ်းသည် ယေဟောဝါ၏လုပ်ငန်းတော်နှင့်စပ်လျဉ်း၍ အလားတူဆန္ဒများမပြည့်စုံခဲ့သည့် ယေဟောဝါကျေးကျွန်တစ်ယောက်၏ စိတ်သဘောထားကို ဖော်ပြသည်။

လေဝိသားတစ်ဦး၏ တန်ဖိုးထားလေးမြတ်မှု

၈၄ ခုမြောက် ဆာလံကိုစပ်ဆိုသူများသည် ယေဟောဝါ၏ဗိမာန်တော်တွင် အမှုထမ်းဆောင်ကြသော ကောရ၏သားများဖြစ်ကြပြီး သူတို့သည် မိမိတို့၏လုပ်ငန်းတော်အခွင့်ထူးများကို အလွန်တန်ဖိုးထားကြသော လေဝိတို့ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ဤသို့ဖော်ပြသည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဖွယ်ရာ ဖြစ်ပါသည်တကား။ ထာဝရဘုရား၏တံတိုင်းတော်တို့ကို အကျွန်ုပ်၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူသောဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။”—ဆာလံ ၈၄:၁၊ ၂။

ဤလေဝိသားသည် ယေဟောဝါ၏ဗိမာန်တော်တွင် မည်မျှအမှုထမ်းဆောင်ချင်သနည်းဟူမူ ယေရုရှလင်မြို့သို့ သွားရာလမ်းတစ်လျှောက်တွင် တွေ့ရသောသာမန်ရှုခင်းပင်လျှင် သူ့အတွက် ဆွဲဆောင်မှုဖြစ်ခဲ့ပါသည်။ “သူတို့သည် ဗာကာလွင်ပြင်၌ လျှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏” ဟုသူပြောသည်။ (ဆာလံ ၈၄:၆) မှန်ပေသည်၊ သာမန်ခြောက်သွေ့နေသောဒေသသည် ကောင်းမွန်စွာရေရရှိသော ဒေသတစ်ခုသဖွယ် ဖြစ်သည်။

ထိုဆာလံဆရာသည် ယဇ်ပုရောဟိတ်မဟုတ်သော လေဝိတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ခြောက်လတွင် တစ်ပတ်သာ ဗိမာန်တော်တွင် အမှုထမ်းဆောင်ခွင့်ရရှိသည်။ (၁ ရာဇဝင်ချုပ် ၂၄:၁-၁၉; ၂ ရာဇဝင်ချုပ် ၂၃:၈; လုကာ ၁:၅၊ ၈၊ ၉) ကျန်အချိန်တွင် လေဝိမြို့တစ်မြို့ရှိအိမ်တွင် သူနေထိုင်လေ့ရှိသည်။ ထိုကြောင့် သူက ဤသို့သီဆိုသည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကယ်စင်စစ် ယဇ်ပလ္လင်တော်တို့အနားမှာ စာငှက်သည် နေရာအရပ်ကိုလည်းကောင်း၊ ဇရက်သည်လည်း သားငယ်မွေးစရာအသိုက်ကိုလည်းကောင်း တွေ့ရပါ၏။” (ဆာလံ ၈၄:၃) ဗိမာန်တော်တွင် အတည်တကျနေထိုင်ခွင့်ရရှိသော ငှက်ကလေးများကဲ့သို့ ဖြစ်ခွင့်ရမည်ဆိုလျှင် လေဝိသားသည် မည်မျှပျော်လိုက်မည်ဖြစ်ခြင်း!

လေဝိသားသည် ယင်းထက်ပို၍ ဗိမာန်တော်တွင် အမှုတော်ထမ်းဆောင်ခွင့်မရရှိခြင်းကြောင့် အလွယ်တကူ စိတ်ထိခိုက်သွားနိုင်ပေသည်။ သို့သော်လည်း သူသည် တတ်နိုင်သလောက် အမှုဆောင်ခွင့်ရရှိခြင်းကို ကျေနပ်ပြီး ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ဝတ်ပြုခြင်းသည် အားထုတ်ရကျိုးနပ်သည်ဟု သူသဘောပေါက်ခဲ့ပါသည်။ ယင်းသစ္စာရှိလေဝိသားသည် မိမိ၏လုပ်ငန်းတော်အခွင့်ထူးများကို ဆက်လက်ရောင့်ရဲနိုင်ဖို့ရန် မည်သည့်အရာက ကူညီပေးသနည်း။

ရောင့်ရဲတတ်ရန် သင်ယူပါ

“တံတိုင်းတော်တို့အတွင်း၌ နေရသောတစ်ရက်သည် အခြားအရပ်၌နေရသော အရက်တစ်ထောင်ထက် သာ၍ကောင်းပါ၏။ မတရားသောသူ၏နေရာ၌ နေရသောအခွင့်ထက်၊ အကျွန်ုပ်၏ဘုရားသခင့်အိမ်တော်၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍နှစ်သက်ပါ၏” ဟု ထိုလေဝိသားကပြောသည်။ (ဆာလံ ၈၄:၁၀) သူသည် ယေဟောဝါ၏အိမ်တော်တွင် တစ်ရက်တည်းမျှနေထိုင်ရခြင်းကို တန်ဖိုးဖြတ်မရသော အခွင့်ထူးတစ်ရပ်အဖြစ် တန်ဖိုးထားသည်။ ၎င်းလေဝိသားသည်လည်း ဗိမာန်တော်တွင် တစ်ရက်ထက်ပိုပြီး အမှုထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ရရှိထားသည့် အခွင့်ထူးများအပေါ် သူ၏ရောင့်ရဲမှုသည် သူ့ကို ဝမ်းမြောက်စွာ သီချင်းဆိုစေသည်။

ကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့၏ကောင်းချီးများကို ရေတွက်ဖူးသလော၊ သို့မဟုတ် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ရရှိထားသောကောင်းချီးများကို မေ့လျော့တတ်ပါသလော။ ယေဟောဝါအား သူတို့၏ ဆက်ကပ်အပ်နှံမှုကြောင့် ကိုယ်တော်သည် အခွင့်ထူးနှင့်တာဝန်အမျိုးမျိုးကို အပ်နှင်းထားတော်မူပြီ။ ထိုတွင် သာ၍ကြီးလေးသောတာဝန်များဖြစ်သည့် ဦးစီးခြင်း၊ သိုးထိန်းခြင်း၊ သင်ကြားပေးခြင်းနှင့် အချိန်ပြည့်လုပ်ငန်းတော်ကဏ္ဍအမျိုးမျိုး ပါဝင်ပါသည်။ သို့သော် ယေဟောဝါ၏ဝတ်ပြုရေးနှင့်ပတ်သက်နေသည့် အခြားတန်ဖိုးရှိအရာများလည်း ပါဝင်ပါသေးသည်။

ဥပမာ၊ ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့၏ သတင်းကောင်းဟောပြောခြင်းလုပ်ငန်း အခွင့်အရေးကို “မြေအိုးထဲမှာထည့်ထားသောဘဏ္ဍာ” တစ်ခုရရှိခြင်းနှင့် ပေါလုက နှိုင်းယှဉ်ပြသည်။ (၂ ကောရိန္သု ၄:၇) ဤကဲ့သို့သောလုပ်ငန်းတော်ကို တန်ဖိုးဖြတ်မရသော ဘဏ္ဍာတစ်ခုအဖြစ် သင်ယူဆပါသလော။ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းကို စတင်ဦးဆောင်တော်မူခဲ့သည့်ယေရှုခရစ်သည် ထိုအတိုင်းရှုမြင်ပြီး၊ ပုံစံချမှတ် ပေးတော်မူခဲ့သည်။ (မဿဲ ၄:၁၇) “ငါတို့သည် ထိုသို့သောတရား၏အမှုကို ဆောင်ရွက်သောသူဖြစ်၍ . . . ၊ အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်ကြ၏” ဟုပေါလုရေးသားခဲ့သည်။—၂ ကောရိန္သု ၄:၁။

ခရစ်ယာန်အစည်းအဝေးများသည်လည်း ပေါ့ပေါ့တန်တန်သဘောမထားသင့်သည့် လေးမြတ်သောအစီအစဉ် တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏အစည်းအဝေးများ၌ အရေးကြီးသောသွန်သင်ချက်ရရှိပြီး လိုအပ်သောပေါင်းသင်းမှုကိုလည်းရပါသည်။ အစည်းအဝေးများတွင် မှန်မှန်အဖြေပေးခြင်းနှင့် အခြားနည်းလမ်းတို့ဖြင့် အစီအစဉ်တွင်ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကိုလည်း လူအများရှေ့ ဖော်ပြနိုင်ပါသည်။ (ဟေဗြဲ ၁၀:၂၃-၂၅) အမှန်သော် ကျွန်ုပ်တို့၏အစည်းအဝေးများသည် နှစ်သက်ဖွယ်ကောင်းသော အစီအစဉ်တစ်ရပ်ဖြစ်ပေသည်။

အစောပိုင်းကဖော်ပြခဲ့သော မိုက်ကယ်လ်သည် ယင်းကောင်းချီးများကို နှစ်နှစ်ကာကာတန်ဖိုးထားပြီး နက်ရှိုင်းစွာလေးမြတ်ပါသည်။ သို့သော် အကြီးအကဲတစ်ဦးအဖြစ် သူအမှုမထမ်းဆောင်နိုင်သဖြင့် သူ၏စိတ်ဓာတ်ကျဆင်းမှုသည် ယာယီအားဖြင့် ယင်းတို့အပေါ် သူ၏တန်ဖိုးထားစိတ်ကို လျော့နည်းစေသည်။ ထိုကောင်းချီးများကို ပြန်လည်အာရုံစိုက်ခြင်းအားဖြင့် သူ၏ဟန်ချက်ကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး ယေဟောဝါအား စိတ်ရှည်စွာ စောင့်မျှော်နိုင်ခဲ့သည်။

တစ်စုံတစ်ခုသောအခွင့်အရေးကို မရရှိသောကြောင့် မကျေမနပ်ဖြစ်မည့်အစား ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့ကို ယေဟောဝါ ကောင်းချီးပေးသနားတော်မူသည့်နည်းများကို ပြန်လည်သုံးသပ်ကြည့်သင့်သည်။a ပေးသနားတော်မူသောနည်းများစွာမတွေ့လျှင် တစ်ဖန်ပြန်၍ရှာကြည့်ဖို့လိုပါသည်။ ကျွန်ုပ်တို့၏အခွင့်ထူးများ၊ ယေဟောဝါဘုရားသခင်အား ချီးမွမ်းထောမနာပြုခြင်းအတွက် ကျွန်ုပ်တို့ကို ကောင်းချီးပေး၍ အသုံးပြုသည့်နည်းလမ်းများကို တွေ့မြင်နိုင်ဖို့ မျက်စိကို ဖွင့်ပေးပါရန် ကိုယ်တော်အား တောင်းဆိုဖို့လိုအပ်သည်။—သု. ၁၀:၂၂။

ကြီးကြပ်မှူးအရာကဲ့သို့သော အခွင့်ထူးများရရှိဖို့အတွက် ဖော်ပြထားသည့်အရည်အချင်းများလိုအပ်ကြောင်း သိမြင်ရန်အရေးကြီးသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ပြီး တိုးတက်ရန်လိုအပ်သည့် ကဏ္ဍများကို ရှာဖွေကာ ကြိုးစားအားထုတ်မှုပြုလုပ်ရန် လိုသည်။—၁ တိမောသေ ၄:၁၂-၁၅။

စိတ်ဓာတ်မကျပါနှင့်

လုပ်ငန်းတော်၏အခွင့်ထူးတစ်ရပ်ရပ်ကို ကျွန်ုပ်တို့မရရှိလျှင် ယင်းကိုရရှိသောသူများကို ယေဟောဝါက ပို၍ချစ်မြတ်နိုးသည် သို့မဟုတ် ကျွန်ုပ်တို့၏ကောင်းကျိုးကို ကိုယ်တော်ထိမ်ချန်ထားသည်ဟု မယူဆဖို့လိုအပ်သည်။ သေချာသည်မှာ အခြားသူတို့သည် သီအိုကရက်တစ်ခန့်အပ်ခြင်းအစား လူတို့၏မျက်နှာလိုက်ခြင်းအားဖြင့် အခွင့်အရေးများကို မထိုက်တန်ဘဲရရှိသည်ဟု မနာလိုစွာမယူမှတ်သင့်။ ဤကဲ့သို့သောအတွေးများကို တအုံနွေးနွေးစဉ်းစားခြင်းသည် မနာလိုမှု၊ အငြင်းပွားမှုနှင့် အားလုံးကိုလက်မြှောက်အရှုံးပေးရသည့်အဖြစ်ကို ဖြစ်ပေါ်စေသည်။—၁ ကောရိန္သု ၃:၃; ယာကုပ် ၃:၁၄-၁၆။

ရှေ့တွင်ဖော်ပြခဲ့သော လော်ရာသည် လက်မလျှော့ပါ။ သူမသည် နောက်ဆုံးတွင် ဒေါသနှင့်မနာလိုမှု ခံစားချက်တို့ကို အောင်မြင်စွာဖြေရှင်းခဲ့သည်။ မိမိရှေ့ဆောင်မလုပ်နိုင်သည့်အဖြစ်ကြောင့် မကောင်းသောတုံ့ပြန်မှုကို အောင်မြင်နိုင်ဖို့အကူအညီအတွက် ဘုရားသခင်အား ထပ်ခါတလဲလဲဆုတောင်းသည်။ သူမသည် အသင်းတော်ရှိအရည်အချင်းပြည့်မီသောသူများထံမှ အကူအညီတောင်းဆိုပြီး ဘုရားသခင့်မေတ္တာတော်ကို ယုံကြည်စိတ်ချသည်။ သူမက ဤသို့ပြောသည်– “ယေဟောဝါက ကျွန်မကို စိတ်ငြိမ်သက်မှုပေးတယ်။ ကျွန်မနဲ့ကျွန်မအမျိုးသားဟာ အခုရှေ့ဆောင်မလုပ်နိုင်ပေမဲ့ ကျွန်မတို့လုပ်ခဲ့တဲ့အချိန်နဲ့ ရရှိခဲ့တဲ့တွေ့ ကြုံမှုတွေကနေ ခွန်အားယူရတာကို မြတ်နိုးမိပါတယ်။ အရွယ်ရောက်လာတဲ့ ကျွန်မတို့ရဲ့ သားကို ရှေ့ဆောင်လုပ်နိုင်ဖို့လည်း ကူညီပေးတယ်။” ယခုအခါ လော်ရာသည် ရောင့်ရဲနိုင်ပြီး ရှေ့ဆောင်လုပ်ငန်းတွင် “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်” နိုင်ပါသည်။—ရောမ ၁၂:၁၅။

မီနိုင်သောပန်းတိုင်များကို ချမှတ်ပါ

လက်ရှိလုပ်ငန်းတော်အခွင့်အရေးများကို ကျွန်ုပ်တို့ရောင့်ရဲမှုရှိခြင်းသည် နောက်ထပ်သီအိုကရက်တစ်ပန်းတိုင်များချမှတ်ခြင်းကို ရပ်ပစ်လိုက်ဟုမဆိုလိုပါ။ ကောင်းကင်ဆိုင်ရာထမြောက်ခြင်း အကြောင်းကို ဆွေးနွေးသောအခါ ပေါလုက “ရှေ့၌ရှိသောအရာတို့ကို လှမ်း” ယူခြင်းအကြောင်းပြောသည်။ ထို့အပြင် ဆက်၍ “ယခုမီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ်သဘောတည်းရှိရကြမည်” ဟုပြောခဲ့သည်။ (ဖိလိပ္ပိ ၃:၁၃-၁၆) သီအိုကရက်တစ်ပန်းတိုင်များသည် ကျွန်ုပ်တို့ကို ရှေ့သို့တက်လှမ်းယူဖို့ ကူညီနိုင်သည်။ သို့သော် စိန်ခေါ်ချက်မှာ ယင်းတို့ကို အမှန်လက်တွေ့ကျရန် လုပ်ဖို့ဖြစ်သည်။

လက်တွေ့ကျသောပန်းတိုင်များသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ပြီး လက်လှမ်းမီနိုင်ပါသည်။ (ဖိလိပ္ပိ ၄:၅) နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်ဖို့ လိုအပ်သောပန်းတိုင်တစ်ခုသည် လက်တွေ့မကျဟု ဆိုလိုခြင်းမဟုတ်ပါ။ ရေတိုပန်းတိုင်များ သို့မဟုတ် ခြေလှမ်းများကိုချမှတ်ခြင်းဖြင့် ယင်းကဲ့သို့သော ရေရှည်ပန်းတိုင်တစ်ခုကို တဖြည်းဖြည်းမီနိုင်ပါသည်။ ယင်းတို့သည် ဝိညာဏတိုးတက်မှုအတွက် မှတ်တိုင်ဖြစ်နိုင်သည်။ ခြေလှမ်းတစ်လှမ်းစီ အောင်မြင်စွာရှောက်လှမ်းနိုင်ခြင်းသည် စိတ်ဓာတ်ကျဆင်းစေမည့်အစား စိတ်ကျေနပ်ရောင့်ရဲမှုကို ခံစားရစေမည်။

ကောင်းသောချင့်ချိန်မှုတစ်ခု

သို့သော်လည်း ကျွန်ုပ်တို့၏အခြေအနေနှင့်ကန့်သတ်ချက်တို့ကြောင့် အချို့အခွင့်အရေးများမရရှိဘဲဖြစ်မည်ကို အသိအမှတ်ပြုရန် အရေးကြီးသည်။ ထိုအရာများကို ပန်းတိုင်များအဖြစ် ချမှတ်ထားခြင်းသည် စိတ်ပျက်မှုနှင့် မချင့်မရဲဖြစ်မှုတို့ကိုသာ ဖြစ်ပေါ်စေသည်။ လောလောဆယ်၌ ဤကဲ့သို့သောပန်းတိုင်များကို ရွှေ့ဆိုင်းထားသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားရေးရာ ရောင့်ရဲခြင်းအတွက် ဆုတောင်းပြီး ယေဟောဝါ၏အမှုတော်ဆောင်ရွက်ခြင်းကို အဓိကထားမည်ဆိုလျှင် ယင်းသို့ပြုရန် ခဲယဉ်းလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အခွင့်ထူးများကို လက်လှမ်းယူသောအခါ မိမိ၏လုပ်ဆောင်ချက် အသိအမှတ်ပြုခံရဖို့မဟုတ်ဘဲ ယေဟောဝါ၏ဘုန်းတော် ထင်ရှားဖို့က အရေးကြီးသည်။ (ဆာလံ ၁၆:၅၊ ၆; မဿဲ ၆:၃၃) ကျမ်းစာက ကျွန်ုပ်တို့ကို သင့်လျော်စွာ ဤသို့ပြောသည်– “ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။”—သု. ၁၆:၃။

ဆာလံ ၈၄ ကိုသုံးသပ်ကြည့်သောအခါ ဆာလံဆရာသည် လုပ်ငန်းတော်အခွင့်ထူးများအပေါ် ဤစိတ်သဘောထားဖော်ပြရာ ယေဟောဝါသည် သူ့ကို ကြွယ်ဝစွာကောင်းချီးသွန်းလောင်းတော်မူခဲ့ကြောင်း တွေ့နိုင်သည်။ ထို့အပြင် ယင်းဆာလံကျမ်းသည် ယနေ့တိုင် ယေဟောဝါ၏လူမျိုးအပေါ် ဆက်လက်အကျိုးသက်ရောက်နေပါသည်။

ယေဟောဝါဘုရားသခင်အပေါ် မှီခိုအားထားဆုတောင်းခြင်းအားဖြင့် ယခုသင်ခံစားနေရသော အခွင့်အရေးများအတွက် ကျေနပ်ရောင့်ရဲမှုရှိခြင်းကို သင်ထပ်ဆင့်ရလိုသော အခွင့်ထူးများနှင့် ချင့်ချိန်ယူနိုင်သည်။ ပိုမိုလုပ်ကိုင်လိုသည့်ဆန္ဒကြောင့် ယခု သင်ရရှိပြီးသောအရာများအတွက် လေးမြတ်မှုနှင့် ယေဟောဝါ၏အမှုတော်ကို အဆက်မပြတ်ဆောင်ရွက်ခြင်းမှရရှိသော ပျော်ရွှင်မှုကို မပျောက်စေပါနှင့်။ ယေဟောဝါကို ယုံကြည်အားထားပါ။ ယုံကြည်အားထားမည်ဆိုလျှင် ပျော်ရွှင်မှုကို ခံစားရမည်ဖြစ်ကြောင်း လေဝိသား၏စကားများက ဤသို့ပြသည်– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။”—ဆာလံ ၈၄:၁၂။

[အောက်ခြေမှတ်ချက်များ]

a ဇွန် ၁၅၊ ၁၉၈၉ ခုနှစ်ထုတ် ကင်းမျှော်စင် တွင် “အထွတ်အမြတ်အရာများကို အသင် တန်ဖိုးထား လေးမြတ်သလော” ဆောင်းပါးကို ကျေးဇူးပြု၍ကြည့်ပါ။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ကျွန်ုပ်တို့ ချမှတ်ရမည့် ပန်းတိုင်များ

ကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်း။—ယောရှု ၁:၈; မဿဲ ၄:၄

ကျမ်းစာနှင့်ညီညွတ်သည့် လေ့ကျင့်မှုအားဖြင့် သိနားလည်နိုင်စွမ်းကို တိုးတက်စေခြင်း။—ဟေဗြဲ ၅:၁၄

ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး တိုးပွားစေခြင်း။—ဆာလံ ၇၃:၂၈

ဝိညာဉ်အသီးတစ်ခုစီကို သီးခြင်း။—ဂလာတိ ၅:၂၂၊ ၂၃

ကျွန်ုပ်တို့ဆုတောင်းချက်အရည်အသွေး တိုးတက်စေခြင်း။—ဖိလိပ္ပိ ၄:၆၊ ၇

ဟောပြောခြင်းနှင့်သွန်သင်ခြင်းတွင် ပို၍ထိရောက်လာခြင်း။—၁ တိမောသေ ၄:၁၅၊ ၁၆

ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းတိုင်းကို ဖတ်ရှုခြင်းနှင့်ဆင်ခြင်သုံးသပ်ခြင်း။—ဆာလံ ၄၉:၃

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကိုယ်ပိုင်ပန်းတိုင်များချမှတ်ရာတွင်၊ဘုရားသခင့်အလိုတော် ဆောင်ရွက်ခြင်းကို ရှေးဦးထားပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ