ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁၅ စာ. ၁၄-၁၉
  • စုစည်းခံရသောနှလုံးဖြင့် သွားလာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စုစည်းခံရသောနှလုံးဖြင့် သွားလာခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျောက်ပတ်သောကြောက်ရွံ့ခြင်း
  • ယေဟောဝါ၏ ချစ်ခင်ကြင်နာခြင်း
  • “ကောင်းမြတ်ခြင်း အမှတ်လက္ခဏာ”
  • အံ့ဖွယ်ရာများကိုစီရင်တော်မူသော ယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါ—အမြင့်မြတ်ဆုံး ကောင်းမြတ်ခြင်း စံနမူနာရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကောင်းမြတ်ခြင်းကို ဆက်၍တင်ပြနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁၅ စာ. ၁၄-၁၉

စုစည်းခံရသောနှလုံးဖြင့် သွားလာခြင်း

“အိုယေဟောဝါ၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ . . . နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ။” —ဆာလံ ၈၆:၁၁၊ ကဘ။

၁။ သစ္စာရှိသူများကို ယေဟောဝါမည်သို့ဆုကျေးဇူးပေးတော်မူသနည်း။

‘အိုယေဟောဝါ၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။’ (ဆာလံ ၈၆:၈၊ ၁၀) ဒါဝိဒ်သည် တန်ဖိုးထားလေးမြတ်တတ်သောနှလုံးအပြည့်ဖြင့် ဘုရားသခင်ကိုချီးမွမ်းထောမနာပြုခဲ့သည်။ ဣသရေလနိုင်ငံ၏ဘုရင်မဖြစ်မီပင် ရှောလုလက်မှလည်းကောင်း၊ ဖိလိတ္တိလူများလက်မှလည်းကောင်း ဒါဝိဒ်ကိုယေဟောဝါကယ်နှုတ်တော်မူခဲ့သည်။ ယင်းကြောင့် သူဤသို့သီဆိုနိုင်ခဲ့သည်။ “ယေဟောဝါသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောသခင် . . . ဖြစ်တော်မူ၏။ သစ္စာရှိသူအား ကိုယ်တော်သည် သစ္စာစောင့်သိတော်မူမည်။” (၂ ဓမ္မရာဇဝင် ၂၂:၂၊ ၂၆၊ ကဘ) ယေဟောဝါရှင်သည် ကိုယ်တော်၏သစ္စာရှိသောကျေးကျွန်ကို ဆင်းရဲဒုက္ခအမျိုးမျိုးမှ ကယ်နှုတ်တော်မူခဲ့ပြီ။ သူ၏သစ္စာရှိသောဘုရားသခင်ကို ကိုးစားယုံကြည်နိုင်သော်လည်း ဒါဝိဒ်သည် အဆက်မပြတ်လမ်းပြမှုကို လိုအပ်နေပါသည်။ ဤတွင် ဘုရားသခင်ကိုဒါဝိဒ်အသနားခံသည်ကား “အိုယေဟောဝါ၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ” ဖြစ်သည်။—ဆာလံ ၈၆:၁၁၊ ကဘ။

၂။ ယေဟောဝါ၏သွန်သင်ဆုံးမမှုကိုခံယူနိုင်ရန် အဘယ်ပြင်ဆင်ချက်များကို ပြုထားတော်မူသနည်း။

၂ လောကီအကြံအစည်၊ လောကီအတွေးအခေါ်များနှင့် ဒါဝိဒ်ကင်းကင်းရှင်းရှင်းရှိလိုခဲ့သည်။ နောင်တွင် ဘုရားသခင်၏ပရောဖက်တစ်ပါးဖော်ပြသည့်အတိုင်းပင် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဆုံးမတော်မူခြင်း” ကိုသူခံလိုခဲ့သည်။ (ဟေရှာယ ၅၄:၁၃) မိမိခေတ်၌ရှိသောကျမ်းစာစောင်ကိုးစောင်ကိုသာ ဒါဝိဒ်ဆင်ခြင်သုံးသပ်နိုင်ပုံရှိခဲ့သည်။ သို့သော် ယေဟောဝါထံတော်မှထိုသွန်သင်ချက်ကို သူအလွန်တန်ဖိုးထားလေးမြတ်ခဲ့သည်။ ဆုံးမသွန်သင်မှုခံယူရာတွင် ယနေ့ကျွန်ုပ်တို့၌ ကျမ်းစာစောင် ၆၆ စောင်စလုံးအပြင် ‘သစ္စာသတိပညာရှိကျေးကျွန်’ မှတစ်ဆင့်ရရှိသော ဘုရားသခင့်နိုင်ငံတော်အကြောင်းဆိုင်ရာ စာပေမြောက်မြားစွာကို လေ့လာကြည့်ရှုနိုင်ပါသည်။ (မဿဲ ၂၄:၄၅) ဒါဝိဒ်ကဲ့သို့ “ဘုရားသခင်ကိုချစ်သောသူတို့အဖို့အလိုငှာ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ . . . ဘုရားသခင်၏နက်နဲသောအရာတိုင်အောင်” ဆည်းပူးနိုင်ရန် ဝိညာဉ်တော်ကူညီပေးစေရန် ယေဟောဝါအားပတ္ထနာပြုကြစို့။—၁ ကောရိန္သု ၂:၉၊ ၁၀။

၃။ ကျမ်းစာမှသွန်သင်ချက်သည် ကျွန်ုပ်တို့အား မည်သို့အကျိုးပြုနိုင်သနည်း။

၃ ကျွန်ုပ်တို့ဘဝအသက်တာတွင် ပေါ်ပေါက်လေ့ရှိသည့် မေးခွန်းများ၊ ကြုံတွေ့တတ်သမျှပြဿနာတို့အတွက် သမ္မာကျမ်းစာတွင်အဖြေပါပါသည်။ “ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိစေခြင်းငှာ ကျမ်းစာ၌အထက်ကရေးထားသမျှသည် ငါတို့ကိုဆုံးမသြဝါဒပေး၍ရေးထားသတည်း။” (ရောမ ၁၅:၄) ယေဟောဝါထံမှရရှိသောသွန်သင်ချက်ကို လက်ခံယူခြင်းအားဖြင့် အခက်အခဲကြုံသည့်အခါ ခံနိုင်ရည်ရှိရန်၊ စိတ်ဓာတ်ကျသည့်အခါ သက်သာမှုရရန် ခွန်အားရပြီး ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့နှလုံးထဲ၌ ထွန်းလင်းတောက်ပစွာ စွဲမြဲနေနိုင်ကြလိမ့်မည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုလေ့လာခြင်း၊ ယင်းကို “နေ့ညမပြတ်” ဆင်ခြင်သုံးသပ်ခြင်း၌ ပျော်မွေ့နိုင်ပါလေစေ။ အကြောင်းမူကား၊ “ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏” ဟူသောစကားသည် ကျမ်းစာအခြေခံသောဉာဏ်ပညာဆည်းပူးသူနှင့် သက်ဆိုင်ပါသည်။—ဆာလံ ၁:၁-၃။ သု၊ ၃:၁၃-၁၈။ ယောဟန် ၁၇:၃ ကိုလည်းရှု။

၄။ ကျွန်ုပ်တို့၏အပြုအမူများနှင့်ပတ်သက်၍ ယေရှုအဘယ်ပုံသက်သေ ချထားတော်မူသနည်း။

၄ “ဒါဝိဒ်၏သားတော်” ဟုအခေါ်ခံရသော ဘုရားသခင့်သားတော်ယေရှုသည် ယေဟောဝါထံတော်မှ လမ်းညွှန်မှုကို အစဉ်ခံယူပါသည်။ (မဿဲ ၉:၂၇)aကိုယ်တော်ဤသို့ဆိုသည်။ “ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။” “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည့်အတိုင်း ငါဟောပြောသည်။” (ယောဟန် ၅:၁၉။ ၈:၂၈) ကျွန်ုပ်တို့သည် “ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ” ယေရှုစံထားခဲ့သည်။ (၁ ပေတရု ၂:၂၁) စဉ်းစားကြည့်ပါ။ ယေရှုနည်းတူ ကျွန်ုပ်တို့လေ့လာသုံးသပ်ကြမည်ဆိုလျှင် မည်သည့်အခြေအနေမျိုး၌မဆို ကျွန်ုပ်တို့အား ယေဟောဝါပြုမူစေလိုတော်မူသည့်အတိုင်း ပြုမူနိုင်ပေမည်။ ယေဟောဝါ၏နည်းလမ်းတော်သည် အစဉ်အမြဲနည်းမှန်လမ်းကျဖြစ်သည်။

၅။ “သမ္မာတရား” ကား အဘယ်နည်း။

၅ ထိုနောက်ဒါဝိဒ်က “ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်” ဟုကြွေးကြော်သည်။ (ဆာလံ ၈၆:၁၁) နှစ်ပေါင်းတစ်ထောင်အကြာတွင် ဒါဝိဒ်၏သားတော်ယေရှုအား ပိလတ်က “သမ္မာတရားကား အဘယ်သို့နည်း” ဟုမေးမြန်းခဲ့သည်။ သို့သော် ယေရှု၏နိုင်ငံတော်သည် “ဤလောကနှင့်မစပ်ဆိုင်” ကြောင်း ပိလတ်ကို ကိုယ်တော်အဖြေပေးပြီးခါစသာရှိသေးသည်။ ထပ်ဆင့်၍လည်း “မင်းကြီးမေးသည့်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏၊ သမ္မာတရားဘက်၌သက်သေခံခြင်းငှာ ငါသည် မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။” (ယောဟန် ၁၈:၃၃-၃၈) သို့ဖြင့် သမ္မာတရားသည် မေရှိယနိုင်ငံတော်ကို အာရုံစူးစိုက်စေသည်ဟု ယေရှုသိစေတော်မူခဲ့သည်။ အမှန်သော်ကား၊ သမ္မာကျမ်းစာ၏အဓိကအချက်မှာ ဘုရားသခင့်နိုင်ငံတော်အားဖြင့် ယေဟောဝါ၏နာမတော်အား သိဒ္ဓိတင်ခြင်းဖြစ်ပါသည်။—ယေဇကျေလ ၃၈:၂၃။ မဿဲ ၆:၉၊ ၁၀။ ဗျာဒိတ် ၁၁:၁၅။

၆။ သမ္မာတရားနှင့်အညီသွားလာရာတွင် အဘယ်အရာကို သတိပြုရမည်နည်း။

၆ သမ္မာတရားနှင့်အညီသွားလာခြင်းကားအဘယ်နည်း။ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဘဝအသက်တာတွင် အဓိကစွဲလမ်းရာဖြစ်စေခြင်းကိုဆိုလိုသည်။ ဘုရားနိုင်ငံတော်သမ္မာတရားအတိုင်း အသက်ရှင်ရမည်။ ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ရှေးဦးထားရာတွင် စိတ်နှလုံးတစ်စုတစ်စည်းတည်းရှိရမည်။ ယေရှုနည်းတူပင် ဘုရားသခင့်နိုင်ငံတော်သမ္မာတရားကို သက်သေခံခွင့်ရရှိတိုင်း ဇွဲလုံ့လတင်ပြမည်။ (မဿဲ ၆:၃၃။ ယောဟန် ၁၈:၃၇) သမ္မာတရားလမ်းစဉ်အတိုင်း အချိန်ပိုင်းသာသွားလာပြီး စတိမျှအမှုဆောင်၍ ကိုယ်အလိုသို့လိုက်ကာ အလွန်အကျွံအပန်းဖြေခြင်း၊ သို့မဟုတ် အချိန်ကုန်ခံပြီးဘဝတက်လမ်းရှာခြင်း၊ သို့မဟုတ် “လောကီစည်းစိမ်၏အစေကို . . . ခံခြင်း” ဖြင့်လမ်းခွဲထွက်မသွားနိုင်ပါ။ (မဿဲ ၆:၂၄) ထိုသို့သောလမ်းမြှောင်တစ်ခုခုတွင် လမ်းပျောက်နေပြီး ‘အသက်ရှင်ခြင်းသို့ရောက်သော အလွန်ကျဉ်းမြောင်းသည့်လမ်း’ စကိုပြန်ရှာမတွေ့ဘဲဖြစ်သွားနိုင်ပါသည်။ ထိုကြောင့်မျက်စိလည် လမ်းမှားမသွားကြစို့နှင့်။ (မဿဲ ၇:၁၃၊ ၁၄) ကျွန်ုပ်တို့၏ ကြီးမြတ်တော်မူသောသွန်သင်ပို့ချရှင် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် ထိုလမ်းကိုထင်ထင်ရှားရှား ဤသို့ပြသတော်မူသည်။ “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင် ‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလာလော့’ ဟု . . . ပြောသောစကားသံကို” ကြားရလိမ့်မည်။—ဟေရှာယ ၃၀:၂၁။

လျောက်ပတ်သောကြောက်ရွံ့ခြင်း

၇။ ကျွန်ုပ်တို့၏နှလုံးကို မည်သို့ “စုစည်း” နိုင်မည်နည်း။

၇ ဒါဝိဒ်၏ဆုတောင်းချက်သည် အခန်းငယ် ၁၁ (ကဘ)တွင်ဤသို့ဆက်ဖတ်ရ၏။ “နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ။” ဒါဝိဒ်နည်းတူ ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ရာတွင် ကျွန်ုပ်တို့သည် စိတ်နှလုံးမကွဲမပြား၊ အပြည့်အဝရှိနေသင့်သည်။ ယင်းကား မောရှေ၏သြဝါဒနှင့်သဘောတူညီပါသည်။ “အိုဣသရေလအမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊ သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ပညတ်တော်ကိုစောင့်ရှောက်ခြင်းအမှုမှတစ်ပါး သင်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် အဘယ်အမှုကိုတောင်းတော်မူသနည်း။” (တရားဟောရာ ၁၀:၁၂၊ ၁၃) ယေဟောဝါအမှုတော်ကို ကိုယ်စိတ်နှစ်ဖြာ အပြည့်အဝဆောင်ရွက်ခြင်းသည် ကိုယ့်အကျိုးအတွက်ဖြစ်သည်ကားအမှန်ပင်။ ဤနည်းဖြင့် ကိုယ်တော်၏ ထင်ရှားကျော်ကြားသောနာမမြတ်ကို လျောက်ပတ်စွာကြောက်ရွံ့ကြကြောင်း တင်ပြပါသည်။ ယေဟောဝါ၏နာမတော်သည် အထူးသဖြင့် ကိုယ်တော်၏ကြီးမြတ်တော်မူသောရည်ရွယ်ချက်များ ပြီးပြည့်စုံလင်လာစေခြင်းနှင့်ပတ်သက်၍ “ကိုယ်တော်ဖြစ်စေတော်မူသည်” အဓိပ္ပာယ်ရှိ၏။ စကြဝဠာတစ်ခွင် ကိုယ်တော်၏အတိုင်းအဆမရှိအာဏာကိုလည်း တင်စားပါသည်။ ဘုရားသခင်၏ဂုဏ်ကျက်သရေကို အလေးအမြတ်ထားဝတ်ပြုကြခြင်းဖြင့် လူကိုကြောက်ရွံ့သောသဘောကြောင့် လမ်းလွဲသွားမည်မဟုတ်ပါ။ ကျွန်ုပ်တို့နှလုံးသည် တစ်စုတစ်စည်းတည်းရှိလိမ့်မည်။ ကျွန်ုပ်တို့အသက်ကို ပိုင်သတော်မူသော အမြင့်မြတ်ဆုံးတရားသူကြီး၊ အထွတ်အထိပ်သခင်ယေဟောဝါ၏အလိုတော်နှင့်မတွေ့သော မည်သည့်အမှုကိုမျှမပြုမိရန် အမြဲသတိချပ်ပါလိမ့်မည်။—ဟေရှာယ ၁၂:၂။ ၃၃:၂၂။

၈၊ ၉။ (က) “ဤလောကနှင့် မဆက်ဆံ” ခြင်းကား အဘယ်နည်း။ (ခ) “ပွဲဝင်သောသူ” များဖြစ်ကြသောကြောင့် ဘာလုပ်သင့်သနည်း။

၈ ကဲ့ရဲ့ပြစ်တင်၊ ညှဉ်းဆဲခံရသည့်တိုင် ကျွန်ုပ်တို့ဝန်းကျင်ရှိ ဆိုးသွမ်းသောလောကနှင့်မသက်ဆိုင်ကြောင်း ယေရှု၏ရဲရင့်သောပုံသက်သေအတိုင်း လိုက်လျှောက်ကြမည်။ (ယောဟန် ၁၅:၁၇-၂၁) ယင်းကြောင့် ယေရှု၏တပည့်တော်များသည် တောထွက်များကဲ့သို့ နေထိုင်ရမည်၊ သို့မဟုတ် ကျောင်းတော်၌ အောင်းနေရမည်ဟု မဆိုလိုပါ။ ခမည်းတော်ထံ ယေရှုဤသို့ဆုတောင်းခဲ့သည်။ “ဤသူတို့ကို ဤလောကမှနှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့်ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ။ ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပါဌ်သည် သမ္မာတရားဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့စေလွှတ်တော်မူသည်နည်းတူ အကျွန်ုပ်သည် ဤသူတို့ကိုစေလွှတ်ပါ၏။” (ယောဟန် ၁၇:၁၅-၁၈) ယေရှုနည်းတူ ဘုရားသခင့်နိုင်ငံတော်သမ္မာတရားကို ကြွေးကြော်ရန် ကျွန်ုပ်တို့စေလွှတ်ခံကြရသည်။ ယေရှုသည် ချဉ်းကပ်လွယ်သူဖြစ်သည်။ ကိုယ်တော်၏သွန်သင်ပုံကြောင့် လူတို့စိတ်လန်းဆန်းမှုရရှိကြသည်။ (မဿဲ ၇:၂၈၊ ၂၉၊ ၁၁:၂၈၊ ၂၉။ ယောဟန် ၇:၄၆ နှိုင်းယှဉ်။) ကျွန်ုပ်တို့လည်း ထိုနည်းထပ်တူဖြစ်သင့်သည်။

၉ ကျွန်ုပ်တို့၏ဖော်ရွေပွင့်လင်းမှု၊ ဣန္ဒြေရှိစွာဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးသိမ်မွေ့သောအပြောအဆိုတို့က ကျွန်ုပ်တို့နှင့်၊ ကျွန်ုပ်တို့၏သတင်းတရားကို နှလုံးသားမှန်ကန်သူများလက်သင့်ခံနိုင်ရန် ဆွဲဆောင်မှုဖြစ်သင့်သည်။ မသပ်မရပ်၊ ဣန္ဒြေမဲ့သောအဝတ်အစား၊ ဤလောကနှင့်ပတ်သက်လာစရာအကြောင်းရှိသည့် အပေါင်းအသင်းများ၊ ကျွန်ုပ်တို့ဝန်းကျင်တွင် တွေ့မြင်နေရသော လျော့ရိလျော့ရဲဘဝပုံစံကို ကြဉ်ရှောင်ကြရမည်။ ကျွန်ုပ်တို့သည် “လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ” များဖြစ်နေကြရာ ပုံသက်သေကောင်းသောခရစ်ယာန်များအဖြစ် နေ့စဉ် ၂၄ နာရီလုံးလုံး အမှုတော်ထမ်း၍ အသက်ရှင်နေထိုင်သူများဖြစ်ကြရမည်။ (၁ ကောရိန္သု ၄:၉။ ဧဖက် ၅:၁-၄။ ဖိလိပ္ပိ ၄:၈၊ ၉။ ကောလောသဲ ၄:၅၊ ၆) ဤသို့ဖြစ်စေနိုင်ရန် ကျွန်ုပ်တို့နှလုံးကိုစုစည်းထားရမည်။

၁၀။ မြင့်မြတ်သောလုပ်ငန်းတော်၌ စိတ်နှလုံးကိုစုစည်းသူများကို ယေဟောဝါအဘယ်နည်းဖြင့် မေ့လျော့မည်မဟုတ်သနည်း။

၁၀ ယေဟောဝါ၏နာမတော်ကိုကြောက်ရွံ့စွာဖြင့် နှလုံးကိုစုစည်းကြသူ၊ ကိုယ်တော်၏ကြီးမြတ်သောရည်ရွယ်ချက်များကို ဆင်ခြင်သုံးသပ်ပြီး မြင့်မြတ်သောလုပ်ငန်းတော်၌ ကိုယ့်ကိုယ်ကိုမြှုပ်နှံထားသူများကို ယေဟောဝါမေ့လျော့လိမ့်မည်မဟုတ်ပါ။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်စုံလင်သောစေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေ [ခွန်အားပြ၊ ကဘ] ခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉) ကျွန်ုပ်တို့ခေတ်ကို ပရောဖက်ပြုညွှန်ပြကာ မာလခိ ၃:၁၆ ကဤသို့ဆိုသည်။ “ထိုအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်၍ပြောဆိုကြ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင်စာရင်း၌မှတ်သားလျက်ရှိ၏။” ယေဟောဝါကို ထိုသို့ခန့်ညားကြောက်ရွံ့ရန် ကျွန်ုပ်တို့နှလုံးကိုစုစည်းကြပါစို့။

ယေဟောဝါ၏ ချစ်ခင်ကြင်နာခြင်း

၁၁။ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို သစ္စာရှိသူများအား ကိုယ်တော်မည်သို့တင်ပြမည်နည်း။

၁၁ ဒါဝိဒ်၏ဆုတောင်းချက်သည် မည်မျှထက်သန်သည်တကား။ သူ ဤသို့ဆက်၍ ဆုတောင်းခဲ့သည်။ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်သည် ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ နာမတော်ကို အစဉ်အမြဲချီးမြှောက်ပါမည်။ အကျွန်ုပ်ခံရသောကရုဏာတော် [ချစ်ခင်ကြင်နာခြင်း၊ ကဘ] ကြီးလှပါ၏။ အကျွန်ုပ်၏ဝိညာဉ် [စိုးလ်၊ ကဘ] ကိုမရဏာနိုင်ငံ [ရှီးအိုးလ်၊ ကဘ] အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။” (ဆာလံ ၈၆:၁၂၊ ၁၃) ဤဆာလံတွင် ယေဟောဝါ၏ချစ်ခင်ကြင်နာခြင်း၊ ကိုယ်တော်၏ သစ္စာစောင့်သိသောမေတ္တာတော်ကို ဒါဝိဒ် ဒုတိယအကြိမ် ချီးမွမ်းပြန်သည်။ ကိုယ်တော့်မေတ္တာတော်သည် ကြီးမားလွန်းသဖြင့် မဖြစ်နိုင်ပုံရှိသော အခြေအနေမျိုးအောက်မှပင် ကယ်နှုတ်နိုင်ပါသည်။ ရှောလုသည် တောအရပ်တွင် ဒါဝိဒ်ကိုသတ်ရန်လိုက်ရှာနေစဉ် သူ့ခမျာ သေလိုစိတ်ပြင်းပြခဲ့ပေမည်။ သင်္ချိုင်းတွင်းနက်၊ ရှီးအိုးလ်အောက်အရပ်နှင့် သူရင်ဆိုင်ရဘိသကဲ့သို့ဖြစ်ခဲ့သည်။ သို့သော်သူ့အား ယေဟောဝါကယ်နှုတ်တော်မူခဲ့သည်။ ထိုနည်းထပ်တူ မျက်မှောက်ခေတ်ကျေးကျွန်များကို ယေဟောဝါသည် အံ့ဖွယ်နည်းအမျိုးမျိုးဖြင့် မကြာခဏသက်သာမှုရရှိစေခဲ့ပြီး သေသည်တိုင် သစ္စာရှိသော သမာဓိစောင့်သိသူများကိုလည်း ကိုယ်တော်ခွန်အားပေးတော်မူခဲ့ပြီ။ သစ္စာရှိသူအားလုံးသည် ဆုကျေးဇူးပေးခံရလိမ့်မည်။ လိုအပ်မည်ဆိုလျှင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ပင် ဆုချခံရမည်။—ယောဘ ၁:၆-၁၂။ ၂:၁-၆၊ ၉၊ ၁၀။ ၂၇:၅။ ၄၂:၁၀။ သု၊ ၂၇:၁၁။ မဿဲ ၂၄:၉၊ ၁၃။ ဗျာဒိတ် ၂:၁၀bနှိုင်းယှဉ်။

၁၂။ ဓမ္မဆရာများသည် အဘယ်နည်းဖြင့် ရောင့်တက်၍ ကြမ်းတမ်းခဲ့ပြီနည်း။ သူတို့၏ရလဒ်ကား အဘယ်နည်း။

၁၂ နှိပ်စက်ကလူပြုသူများအကြောင်း ဒါဝိဒ်ဤသို့အော်ဟစ်ခဲ့သည်။ “အိုဘုရားသခင်၊ မာနကြီး [ရောင့်တက်၊ ကဘ] သောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြ၍ ကြမ်းတမ်းသောလူအစုအဝေးတို့သည် ကိုယ်တော်ကိုမျက်မှောက်မပြုဘဲ အကျွန်ုပ်အသက် [စိုးလ်၊ ကဘ] ကိုရှာကြပါ၏။” (ဆာလံ ၈၆:၁၄) ယနေ့ခရစ်ယာန်ဘောင်ဓမ္မဆရာများပါ နှိပ်စက်ကလူပြုသူများအဝင်ဖြစ်သည်။ ဘုရားသခင်ကိုကိုးကွယ်ဝတ်ပြုပါသည်ဟု ဤသူတို့ကြွားဝါကြသော်လည်း သန့်ရှင်းသောနာမတော်အစား “သခင်အရှင်” ဘွဲ့ကိုထည့်သွင်းပြီး ကိုယ်တော်အား သမ္မာကျမ်းစာတွင် လုံးဝမပါသည့် နက်နဲသောသုံးပါးတစ်ဆူအဖြစ်တင်ပြကြသည်။ အလွန်ရောင့်တက်ပါသည်တကား။ ဤမျှမက ယခုထိတိုင် ယေဟောဝါသက်သေများကို လူ့အဖွဲ့အစည်းမှဝိုင်းပယ်ထောင်ချရန် အုပ်ချုပ်သူအရာရှိများကို နိုင်ငံအများတွင် တိုက်တွန်းသွေးဆောင်နေဆဲရှိပါသည်။ ဘုရားသခင့်နာမတော်ကိုရှုတ်ချသည့် ဤ,ဝတ်လုံခြုံသူများသည် မဟာဗာဗုလုန်၏ပြည့်တန်ဆာကဲ့သို့သော အစိတ်အပိုင်းများနှင့်အတူ ကိုယ်စိုက်သည့်အတိုင်းရိတ်သိမ်းကြရလိမ့်မည်။—ဗျာဒိတ် ၁၇:၁၊ ၂၊ ၁၅-၁၈။ ၁၉:၁-၃။

၁၃။ ယေဟောဝါ၏ကောင်းမြတ်ခြင်းကိုထင်ရှားပြရာတွင် အဘယ်အရည်အချင်းများကို ကိုယ်တော်ဖော်ပြသနည်း။

၁၃ ယင်းနှင့်ခြားနားသည့် ဤအားရှိစရာစကားဖြင့် ဒါဝိဒ်ဆက်ဆုတောင်းပါသည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ သည်းခံတတ်သောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောနှင့်ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။” (ဆာလံ ၈၆:၁၅) ကျွန်ုပ်တို့ဘုရားသခင်၏ ဤအရည်အချင်းများသည် အမှန်တကယ်ပင် ထူးကဲသာလွန်ပါသည်တကား။ ယင်းစကားများက သိနာတောင်အရပ်တွင် ယေဟောဝါ၏ဘုန်းကို မောရှေတွေ့လိုခဲ့သောအချိန်သို့ ပြန်ပြောင်းရောက်ရှိသွားစေပါသည်။ ယေဟောဝါဤသို့ဖြေဆိုတော်မူခဲ့သည်။ “ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါလျှောက်သွားစေမည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နာမတော်ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။” သို့သော်မောရှေအား ဤသို့သတိပေးတော်မူခဲ့သည်။ “သင်သည် ငါ့မျက်နှာကိုမမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။” ထိုနောက်ယေဟောဝါသည် မိုးတိမ်ဖြင့်ဆင်းသက်၍ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ]၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” ၏ဟူ၍ကြွေးကြော်တော်မူသည်။ (ထွက်မြောက်ရာ ၃၃:၁၈-၂၀၊ ၃၄:၅၊ ၆) ဤစကားများကို ဆုတောင်းရာတွင်ဒါဝိဒ် ကိုးကားခဲ့သည်။ ယေဟောဝါ၏ဤအရည်အချင်းများသည် မည်သည့်ရုပ်ဆင်းသဏ္ဌာန်ထက်မဆို ကျွန်ုပ်တို့အတွက် ပိုတန်ဖိုးရှိပါသည်တကား။ ကိုယ်ပိုင်အတွေ့အကြုံမှပင် ဤအရည်အချင်းများဖြင့် ရှင်းလင်းထင်ရှားသော ယေဟောဝါ၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်သည်မဟုတ်လော။

“ကောင်းမြတ်ခြင်း အမှတ်လက္ခဏာ”

၁၄၊ ၁၅။ “ကောင်းမြတ်ခြင်းအမှတ်လက္ခဏာ” ကိုယေဟောဝါသည် မိမိ၏ကျေးကျွန်များအား မည်သို့ပြသနည်း။

၁၄ ယေဟောဝါထံတော်မှ ကောင်းချီးရရန် ဒါဝိဒ်တစ်ဖန်ဤသို့အသနားခံပြန်သည်။ “အကျွန်ုပ်ကိုမျက်နှာပြု၍ ကယ်မသနားတော်မူပါ။ ကိုယ်တော်၏ကျွန်အား တန်ခိုးတော်ကိုပေး၍ ကိုယ်တော်၏ကျွန်မသားကို ကယ်တင်တော်မူပါ။ အကျွန်ုပ်အား ကောင်းမြတ်ခြင်းအမှတ်လက္ခဏာကိုပြတော်မူပါ။ အကျွန်ုပ်ကိုမုန်းသောသူတို့သည်မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုယေဟောဝါ၊ ကိုယ်တော်သည် အကျွန်ုပ်ကိုမစ၍ ချမ်းသာပေးတော်မူ၏။” (ဆာလံ ၈၆:၁၆၊ ၁၇၊ ကဘ) ‘ယေဟောဝါ၏ကျွန်မသား’ အနေနှင့် မိမိသည် ယေဟောဝါပိုင်ဆိုင်ရာဖြစ်ရမည်ကို ဒါဝိဒ်အသိအမှတ်ပြုပါသည်။ မိမိကိုယ်ကို ယေဟောဝါထံဆက်ကပ်အပ်နှံ၍ အမှုတော်တွင်အစေခံသူ ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း ယနေ့ထပ်တူပင်ဖြစ်သည်။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ကယ်မနိုင်သောခွန်အားကို ကျွန်ုပ်တို့လိုအပ်ကြပါသည်။ ယင်းကြောင့်လည်း “ကောင်းမြတ်ခြင်းအမှတ်လက္ခဏာ” ကိုပြသတော်မူရန် ဘုရားသခင်ကို ကျွန်ုပ်တို့အသနားခံကြပါ၏။ ယေဟောဝါ၏ကောင်းမြတ်ခြင်းတွင် အထက်၌ဆွေးနွေးခဲ့သော အရည်အချင်းကောင်းများပါဝင်သည်။ ယင်းကြောင့် ကျွန်ုပ်တို့အား ယေဟောဝါသည် အဘယ်နိမိတ်၊ သို့မဟုတ် အထိမ်းအမှတ် ပေးတော်မူမည်နည်း။

၁၅ ယေဟောဝါသည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကိုပေးတော်မူ၍ “တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို” ပေးရာတွင် ရက်ရောမှုရှိတော်မူသည်။ (ယာကုပ် ၁:၁၇။ လုကာ ၁၁:၁၃) သန့်ရှင်းသောဝိညာဉ်တော်—ယေဟောဝါထံတော်မှ တန်ဖိုးဖြတ်မရသောဆုကျေးဇူး ဖြစ်ပါသည်တကား။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှိပ်စက်ညှဉ်းပန်းခံရချိန်တွင်ပင် ယေဟောဝါသည် စိတ်ရွှင်လန်းစေတော်မူသည်။ သို့ဖြစ်၍ အစိုးရသူအဖြစ် ဘုရားသခင်၏စကားကိုနားထောင်သူတို့အား ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ပေးတော်မူကြောင်းကို ယေရှု၏တမန်တော်များသည် ရုံးတင်ခံနေရချိန်တွင်ပင် ဝမ်းသာအားရစွာကြွေးကြော်နိုင်ခဲ့သည်။ (တမန်တော် ၅:၂၇-၃၂) သူတို့အဆက်မပြတ်ခံစားရသော သန့်ရှင်းသောဝိညာဉ်တော်၏အသီး၊ ရွှင်လန်းခြင်းသည် “ကောင်းမြတ်ခြင်းအမှတ်လက္ခဏာ” ဖြစ်ပေသည်။—ရောမ ၁၄:၁၇၊ ၁၈။

၁၆၊ ၁၇။ (က) ပေါလုနှင့်ဗာနဗအား အဘယ်ကောင်းမြတ်ခြင်းအမှတ်လက္ခဏာကို ယေဟောဝါပေးတော်မူသနည်း။ (ခ) နှိပ်စက်ညှဉ်းပန်းခံရသော သက်သာလောနိတ်အသင်းသားများအား အဘယ်အမှတ်လက္ခဏာ ပေးတော်မူသနည်း။

၁၆ အာရှမိုင်းနားတစ်လျှောက် သာသနာပြုခရီးလှည့်လည်စဉ် ပေါလုနှင့်ဗာနဗတို့သည် အခက်အခဲဒုက္ခများမက နှိပ်စက်ညှဉ်းပန်းခြင်းကိုပင် ခံခဲ့ကြရသည်။ ပိသိဒိပြည်၊ အန္တိအုတ်မြို့တွင် သူတို့ဟောပြောစဉ်က ဂျူးတို့သည် သူတို့သတင်းတရားကို ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်၍ တစ်ပါးအမျိုးသားများထံ သူတို့လှည့်ထွက်သွားကြသည်။ အကျိုးရလဒ်ကားအဘယ်နည်း။ “ထိုစကားကို တစ်ပါးအမျိုးသားတို့သည်ကြားလျှင် ဝမ်းမြောက်၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နှုတ်ကပါဌ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကိုရစေခြင်းငှာ ခန့်ထားတော်မူသောသူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ” လေသည်။ သို့သော်ဂျူးတို့သည် ဆူပူထကြွသဖြင့် ထိုသာသနာပြုများသည် ယင်းပြည်နယ်မှ နှင်ထုတ်ခံခဲ့ကြရသည်။ ထိုကြောင့် သူတို့နှင့်ယုံကြည်သူ လူသစ်များ စိတ်ဓာတ်ကျသွားကြပါသလော။ အဘယ်နည်းဖြင့်မျှ စိတ်ဓာတ်မကျပါ။ ထိုသို့ဖြစ်မည့်အစား “တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံကြ၏။” (တမန်တော် ၁၃:၄၈၊ ၅၂) ယေဟောဝါ၏ကောင်းမြတ်ခြင်းဆိုင်ရာ ထိုအမှတ်လက္ခဏာကို သူတို့အား ကိုယ်တော်ပေးတော်မူခဲ့သည်။

၁၇ နောင်တွင် သက်သာလောနိတ်မြို့ရှိ အသင်းတော်အသစ်သည် နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရသည်။ ယင်းကြောင့် တမန်တော်ပေါလုသည် သူတို့အား နှစ်သိမ့်ပေးရန်၊ နှိပ်စက်ညှဉ်းပန်းခံရစဉ် သူတို့ခံနိုင်ရည်ရှိကြသည့်အတွက် ချီးမွမ်းအားပေးစာရေးရန် အကြောင်းပေါ်လာပါသည်။ သူတို့သည် “ကြီးစွာသောဆင်းရဲခြင်းကိုခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်းနှင့်တကွ နှုတ်ကပါဌ်တရားတော်ကို ခံယူ” ခဲ့ကြသည်။ (၁ သက်သာလောနိတ် ၁:၆) “သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်း” သည် သူတို့ကိုဆက်လက်ခွန်အားပေးခဲ့သည်။ ယင်းသည် ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူသောဘုရားသခင်ထံတော်မှ အမှတ်လက္ခဏာဖြစ်တော်မူသည်။

၁၈။ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို တန်ဖိုးထားလေးမြတ်ကြောင်း အရှေ့ဥရောပရှိ ကျွန်ုပ်တို့ညီအစ်ကိုများ မည်သို့တင်ပြခဲ့ကြသနည်း။

၁၈ များမကြာမီက အရှေ့ဥရောပမှ သစ္စာသမာဓိရှိညီအစ်ကိုများအား ယေဟောဝါသည် ကောင်းမြတ်ခြင်းကို တင်ပြခဲ့ပြီဖြစ်ရာ တစ်ချိန်က သူတို့ကိုနှိပ်စက်ခဲ့သော၊ သူတို့ကိုမုန်းတီးသူများ အရှက်တကွဲဖြစ်သွားကြပါသည်။ ဆယ်စုနှစ်များစွာတိုင် ဖိနှိပ်ညှဉ်းဆဲခံရခြင်းမှ မကြာမီက လွတ်မြောက်လာကြသော်လည်း ဤချစ်ခင်ဖွယ်ကောင်းသောညီအစ်ကိုများသည် ခံနိုင်ရည် ဆက်ပြနေကြရပါသည်။ အကြောင်းမှာ သူတို့အများသည် စီးပွားရေးအကြပ်အတည်းအမျိုးမျိုးကို ပြင်းထန်စွာခံနေကြရ၏။ သို့ရာတွင် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်း” သည်သူတို့ကိုနှစ်သိမ့်မှုပေးပါသည်။ လွတ်လပ်စွာ တိုးချဲ့သက်သေခံခြင်းအခွင့်အရေးအသစ်ကို အသုံးပြုရခြင်းထက် သာ၍ကြီးမားသော ဝမ်းမြောက်ခြင်းရှိနိုင်ပါဦးမည်လော။ သူတို့၏တရားစကားကို လူအမြောက်အမြား လက်ခံနာယူနေကြကြောင်း စည်းဝေးပွဲကြီးများနှင့်နှစ်ခြင်းခံသူများ အရေအတွက်တို့က ဖော်ပြပါသည်။—တမန်တော် ၉:၃၁ နှိုင်းယှဉ်။

၁၉။ ဆာလံ ၈၆:၁၁ ပါစကားများကို အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကိုယ်ပိုင်ဖြစ်စေနိုင်မည်နည်း။

၁၉ ဤဆောင်ပါးနှင့် ရှေ့ဆောင်းပါး၌ ဆွေးနွေးတင်ပြခဲ့သမျှတို့သည် ယေဟောဝါထံ ဒါဝိဒ်လှိုက်လှဲထက်သန်စွာပတ္ထနာပြုခဲ့သည့် “အိုယေဟောဝါ၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ . . . နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ” ဟူသောစကားကို ပဲ့တင်ထပ်ပါသည်။ (ဆာလံ ၈၆:၁၁၊ ကဘ) ကျွန်ုပ်တို့၏အုပ်စိုးပိုင်သတော်မူသောသခင်၊ တစ်ပါးတည်းသောဘုရား ယေဟောဝါ၏ မကုန်မခန်းနိုင်သောကောင်းမြတ်ခြင်းကို တန်ဖိုးထားလေးမြတ်လျက် ဘုရားသခင့်နိုင်ငံတော်အမှုရေးရာများကို စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံအားပေးကြရာတွင် ၁၉၉၃ ခုနှစ်အတွက် ကျွန်ုပ်တို့၏နှစ်ချုပ်ကျမ်းချက်ပါ ထိုစကားများကို မိမိတို့၏ကိုယ်ပိုင်ဖြစ်ရန်ပြုကြစို့။

[အောက်ခြေမှတ်ချက်များ]

a ကြိုတင်ဟောထားသော “မျိုးနွယ်တော်” အနေနှင့် ယေရှုသည် ဒါဝိဒ်၏နိုင်ငံတော်အမွေခံဖြစ်သဖြင့် မျိုးရိုးအရသော်လည်းကောင်း၊ ဝိညာဏသဘောအရသော်လည်းကောင်း “ဒါဝိဒ်၏သားတော်” ဖြစ်တော်မူသည်။—ကမ္ဘာဦး ၃:၁၅။ ဆာလံ ၈၉:၂၉၊ ၃၄-၃၇။

b မျက်မှောက်ခေတ်ပုံဥပမာများအတွက် Yearbook of Jehovah’s Witnesses ၁၉၇၄၊ စာမျက်နှာ ၁၁၃-၂၁၂။ ၁၉၈၅၊ စာမျက်နှာ ၁၉၄-၇။ ၁၉၈၆၊ စာမျက်နှာ ၂၃၇-၈။ ၁၉၈၈၊ စာမျက်နှာ ၁၈၂-၅။ ၁၉၉၀၊ စာမျက်နှာ ၁၇၁-၂။ ၁၉၉၂၊ စာမျက်နှာ ၁၇၄-၈၁ ကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

◻ “အိုယေဟောဝါ၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ” ဟု ဆုတောင်းရာတွင် ဘာကိုတင်ပြနေသနည်း။

◻ ယေဟောဝါ၏နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါဟုဆိုရာတွင် ဘာကိုဆိုလိုသနည်း။

◻ သစ္စာရှိသူအပေါင်းအား ယေဟောဝါ၏ချစ်ခင်ကြင်နာခြင်းကို ကိုယ်တော်မည်သို့တင်ပြမည်နည်း။

◻ “ကောင်းမြတ်ခြင်း အမှတ်လက္ခဏာ” ကိုယေဟောဝါကျွန်ုပ်တို့အား မည်သို့ပြသနည်း။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

၁၉၉၃ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်

“အိုယေဟောဝါ၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ . . . နာမတော်ကိုကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ။”

—ဆာလံ ၈၆:၁၁။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

ဇွန်လတွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်မြို့၌ကျင်းပခဲ့သော ယေဟောဝါသက်သေများ၏ “အလင်းဆောင်သူများ” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲတွင် တက်ရောက်သူ ၄၆,၂၁၄ နှင့်နှစ်ခြင်းခံသူ ၃,၂၅၆ ယောက်ရှိခဲ့သည်။ ဤသူများသည် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဝမ်းမြောက်ခြင်း” နှင့်အတူ ယေဟောဝါ၏ကောင်းမြတ်ခြင်းကို အံ့ချီးဖွယ်နည်းမျိုးဖြင့် ခံစားခဲ့ကြရသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ