ဘုရားသခင်
အဓိပ္ပာယ်သတ်မှတ်ချက်– “အထွတ်အမြတ်ဆုံး ပုဂ္ဂိုလ်။ ထူးကဲသောနာမတော်ကား ယေဟောဝါ။ ဟေဗြဲဘာသာ၌ “ဘုရားသခင်” အတွက်သုံးသောအသုံးအနှုန်းများသည် ခွန်အား၊ ခန့်ညားထယ်ဝါမှု၊ ဂုဏ်သရေနှင့် ထူးကဲမြင့်မြတ်မှု ဟူသောအဓိပ္ပာယ်များပါဝင်သည်။ စစ်မှန်သောဘုရားသခင်နှင့်ခြားနားသော မှောက်မှားသည့်ဘုရားများလည်းရှိ၏။ အချို့တို့မှာ မိမိတို့ကိုယ်ကိုဘုရားများအဖြစ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ အချို့တို့မှာ လူတို့၏ဝတ်ပြုကိုးကွယ်မှုကိုခံရသဖြင့် ဘုရားဖြစ်လာကြခြင်းဖြစ်သည်။
ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းများရှိသလော
ဆာ. ၁၉:၁– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။”
ဆာ. ၁၀၄:၂၄– “အို ထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။”
ရော. ၁:၂၀– “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”
သိပ္ပံပညာရှင်သစ် မဂ္ဂဇင်းက ဤသို့ရေးသားခဲ့သည်– “ဘာသာတရားမှားကြောင်း သိပ္ပံပညာရှင်များက ‘သက်သေထူခဲ့ပြီ’ ဟူသော လူသာမညတို့၏အယူသည် ယခုတိုင်စွဲလျက်ရှိကြပါသည်။ သိပ္ပံပညာရှင်မှန်လျှင် ဘာသာတရားအယုံအကြည်မရှိ၊ ဒါဝင်သည် ဘုရားသခင်ကိုအပြီးစီရင်လိုက်ပြီ၊ ထိုအချိန်မှစ၍ အသစ်အသစ်သော သိပ္ပံနှင့်စက်မှုတီထွင်မှုများကြောင့် ဘုရားသခင်ပြန်ရှင်ဖို့လမ်း ပိတ်သွားပြီ ဟူသောအယူပင်ဖြစ်သည်။ ၎င်းသည် ပါစင်အောင်မှားသောအမြင်တည်း။”—၁၉၇၇၊ မေ ၂၆၊ စ. ၄၇၈။
ပြင်သစ် သိပ္ပံအကယ်ဒမီအဖွဲ့ဝင်တစ်ဦးက ဤသို့ဆို၏– “သဘာဝတရား၏စနစ်ကျနမှုမှာ လူ့ဦးနှောက်၏တီထွင်မှုမဟုတ်၊ တွေးမြင်ဉာဏ်ရှိသောအင်အားအချို့၏ဆောက်တည်မှုလည်းမဟုတ်။ . . . စနစ်ကျနမှုရှိလျှင် ဖွဲ့စည်းတတ်သည့်ဉာဏ်ရှိရမည်။ ထိုဉာဏ်မှာ ဘုရားသခင့်ဉာဏ်တော်မှလွဲ၍ အခြားဉာဏ်မဖြစ်နိုင်။”—Dieu existe? Oui (ဘုရားသခင်ရှိသလော။ ရှိပေသည်။ ပဲရစ်မြို့၊ ၁၉၇၉)၊ ခရစ်စချင်း ချပ်ဘနစ်စ် က ပီရဲ-ပေါလ် ဂရာစဲ ကို ကိုးကားသည်၊ စ. ၉၄။
သိပ္ပံပညာရှင်များက ဒြပ်စင်အမျိုးပေါင်း ၁၀၀ ကျော်တွေ့ရှိခဲ့လေပြီ။ ၎င်းတို့၏အနုမြူတည်ဆောက်ပုံက ဒြပ်စင်များအချင်းချင်း ရှုပ်ထွေးနက်နဲသောသင်္ချာဆိုင်ရာ အပြန်အလှန်ဆက်စပ်မှုရှိကြောင်းကိုပြ၏။ ၎င်းတို့၏အလှည့်ကျဇယားက ထင်ရှားသောဒီဇိုင်းရှိကြောင်း သိသာစေသည်။ အံ့ချီးဖွယ်ကောင်းလှသောထိုဒီဇိုင်းသည် မတော်တဆ တိုက်ဆိုင်မှုကြောင့်ပေါ်လာခြင်း ဘယ်နည်းနှင့်မျှမဖြစ်နိုင်။
ဥပမာ– ကျွန်ုပ်တို့သည် ကင်မရာ၊ ရေဒီယို သို့မဟုတ် ကွန်ပျူတာတစ်လုံးကိုမြင်သောအခါ ဉာဏ်ရှိသောတီထွင်သူတစ်ဦး၏တီထွင်ချက်ဖြစ်ကြောင်း အလိုလိုဝန်ခံမည်ဖြစ်၏။ သို့ဖြစ်၍ ထို့ထက်ရှုပ်ထွေးနက်နဲသောအရာများဖြစ်သည့် မျက်စိ၊ နား၊ ဦးနှောက်တို့သည် ဉာဏ်ကြီးရှင်ဒီဇိုင်းနားတစ်ပါး၏တီထွင်မှုမဟုတ်ဟုဆိုလျှင် ယထာဘူတကျမည်လော။
“ဖန်ဆင်းခြင်း” ခေါင်းစဉ်အောက် စာမျက်နှာ ၁၇၁-၁၇၃ ကိုလည်းရှု။
ကမ္ဘာပေါ်ဆိုးယုတ်မှုနှင့်ဆင်းရဲမှုရှိသည့်အဖြစ်က ဘုရားသခင်မရှိကြောင်း သက်သေပြသလော
ဥပမာများကိုသုံးသပ်ပါ– လူတို့သည် ဓားများကို လူသတ်ရန်သုံးသောကြောင့် ဓားကိုမည်သူမျှမတီထွင်ဟု ဆိုတော့မည်လော။ ဂျက်လေယာဉ်များကိုသုံးပြီး ဗုံးကြဲကြခြင်းကြောင့် ဂျက်လေယာဉ်ကိုမည်သူမျှမတီထွင်ခဲ့ဟု ပြောမည်လော။ သို့တည်းမဟုတ်၊ ထိုအရာများကိုအလွဲသုံးခြင်းကြောင့် လူသားများ ဒုက္ခရောက်ရခြင်းမဟုတ်ပေလော။
ရောဂါအများမှာ လူကိုယ်တိုင် နေထိုင်မှုမသန့်ပြန့်ခြင်း၊ မိမိနှင့်တစ်ပါးသူတို့၏ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်ပြုခြင်းတို့ကြောင့်မဟုတ်လော။ လူတို့ဆင်နွှဲသောစစ်မက်များသည် ဆင်းရဲဒုက္ခများ၏အဓိကတရားခံမဟုတ်လော။ လူသန်းပေါင်းများစွာအစာငတ်ပြတ်လျက်ရှိသော်လည်း အခြားနိုင်ငံများ၌ လိုသည်ထက်ပိုလျှံနေသည့်အဖြစ်က အခြေခံကျသောပြဿနာတစ်ရပ်မှာ လူ့လောဘဖြစ်ကြောင်း မထင်ရှားစေပေလော။ ဤအရာအားလုံးတို့က ဘုရားသခင်မရှိဟု သက်သေမပြပါ။ လူသည် ဘုရားပေးအစွမ်းအစနှင့် ကမ္ဘာမြေကြီးကို အလွဲသုံးလျက်နေကြောင်းကိုသာ သက်သေထူသည်။
ကျွန်ုပ်တို့လူသားများ၏အဖြစ်သနစ်များကို ဘုရားသခင်အရေးစိုက်၏လော
မုချအရေးပေးတော်မူပေသည်။ သာဓကကိုကြည့်ပါ။ သမ္မာကျမ်းစာအရ ဘုရားသခင်သည် လူ့အဖို့ စုံလင်သောနိဒါန်းကိုပျိုးတော်မူခဲ့သည်။ (က. ၁:၂၇၊ ၃၁; တရား. ၃၂:၄) သို့ရာတွင် လူသည် မိမိ၏ဖန်ဆင်းရှင်ကိုနာခံမှသာ မျက်နှာသာတော်ကို ဆက်လက်ခံစားရမည်ဖြစ်သည်။ (က. ၂:၁၆၊ ၁၇) လူသည်နာခံလျှင် စုံလင်သောလူ့ဘဝအနှစ်သာရကို မပြတ်ခံစားရမည်ဖြစ်သည်။ ဖျားနာဆင်းရဲနှင့်သေခြင်းရှိမည်မဟုတ်။ ဖန်ဆင်းရှင်သည် လူလိုအပ်သောလမ်းညွှန်မှုကိုပေးလျက် မိမိတန်ခိုးတော်ဖြင့် လူ့အား ဘေးရန်ခပ်သိမ်းမှ ကင်းဝေးစေတော်မူမည်ဖြစ်၏။ သို့သော် လူသည် ဘုရားသခင့်ညွှန်ကြားချက်ကိုပယ်ခဲ့သည်။ ကိုယ့်မင်းကိုယ့်ချင်းအုပ်စိုးရေးကိုရွေးချယ်လိုက်သည်။ လူသည် ထိုသို့ပြုနိုင်သောအစွမ်းအစနှင့်တကွ ဖန်ဆင်းခံရခြင်းမဟုတ်ရကား ထိုသို့ပြုရန်အားထုတ်သောအခါ မိမိအပေါ် ဘေးကျရောက်စေလေတော့သည်။ (ယေ. ၁၀:၂၃; ဒေ. ၈:၉; ရော. ၅:၁၂) သို့တစေ၊ ဘုရားသခင်သည် မိမိနှင့်မိမိ၏နည်းလမ်းတော်ကိုချစ်၍ မိမိအားဝတ်ပြုလိုသူတို့ကို ရာစုနှစ်ပေါင်းများစွာအတွင်း စိတ်ရှည်စွာ ရှာဖွေတော်မူ၏။ လူ့မစုံလင်မှုနှင့်အလွဲအုပ်စိုးမှုကြောင့် ဆုံးရှုံးရသောကောင်းချီးအားလုံး ပြန်လည်ခံစားနိုင်သောအခွင့်အလမ်းကို ဤသူတို့ရှေ့ ဖွင့်လှစ်တော်မူပေသည်။ (ဗျာ. ၂၁:၃-၅) သားတော်အားဖြင့် လူသားတို့အား အပြစ်နှင့်သေခြင်းမှလွတ်မြောက်စေရန် စီစဉ်တော်မူခဲ့သည်မှာ လူသားတို့အပေါ်ထားရှိသော မဟာမေတ္တာတော်၏ထူးခြားသောသာဓကဖြစ်၏။ (ယော. ၃:၁၆) မြေကြီးကိုပျက်စီးစေသောသူတို့ကိုဖျက်ဆီး၍ ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူတို့အား မိမိ၏ပင်ကိုရည်ရွယ်တော်မူချက်နှင့်အညီ ဘဝကိုမွေ့လျော်စေနိုင်ရန် ဆောင်ရွက်မည့်အချိန်ကိုလည်း သတ်မှတ်ခဲ့ပြီ။—ဗျာ. ၁၁:၁၈; ဆာ. ၃၇:၁၀၊ ၁၁; အဓိကခေါင်းစဉ် “ဆင်းရဲဒုက္ခ” နှင့် “ဆိုးသွမ်းမှု” တို့ကိုလည်းရှု။
ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော
ဟေဗြဲ ၉:၂၄– “ခရစ်တော်သည် . . . ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော် ၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ။”
ယော. ၄:၂၄– “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။”
ယော. ၇:၂၈၊ သမ– “ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင် အစစ်အမှန်ရှိတော်မူ၏” ဟု ယေရှုမိန့်ဆို၏။
၁ ကော. ၁၅:၄၄၊ သက– “ရုပ်ခန္ဓာရှိသဖြင့် ဝိညာဏခန္ဓာလည်းရှိရပေသည်။”
ဘုရားသခင်သည် သက်ရှိလူတို့၏ခံစားချက်မျိုးရှိ၏လော
ယော. ၁၆:၂၇– “သင်တို့သည် ငါ့ကိုချစ်ကြ၍ ငါသည် ဘုရားသခင်အထံတော်မှကြွလာသည်ကို ယုံကြသောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။”
ဟေရှာ. ၆၃:၉၊ သမ– “သူတို့ခံရသမျှဒုက္ခကို ကိုယ်တော်တိုင်ခံရာရောက်တော်မူ၍ . . . မေတ္တာကရုဏာတော်ရှိသည့်အတိုင်း ရွေးနုတ်” တော်မူ၏။
၁ တိ. ၁:၁၁၊ ကဘ– “ပျော်ရွှင်သောဘုရားသခင်။”
ဘုရားသခင်၌ အစရှိသလော
ဆာ. ၉၀:၂– “တောင်များကိုမဖော်၊ မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။”
၎င်းသည် ယထာဘူတကျသလော။ ကျွန်ုပ်တို့၏ဦးနှောက်သည် ယင်းအချက်ကို တင်းပြည့်ကျပ်ပြည့်နားမလည်နိုင်။ သို့သော် ယင်းကြောင့် ၎င်းကိုမပယ်ချသင့်။ ဥပမာများကို သုံးသပ်ပါ– (၁) အချိန်– မည်သူမျှ တစ်စုံတစ်ခုသောအချိန်ကို အချိန်၏အစဟူ၍ မထောက်ပြနိုင်။ ကျွန်ုပ်တို့သေဆုံးသော်လည်း အချိန်မှာမူ မကုန်ဆုံးချေ။ အချိန်နှင့်ပတ်သက်သောအချို့အကြောင်းများကို ကျွန်ုပ်တို့ကောင်းစွာနားမလည်သည့်အတွက် အချိန်ဟူသောအရာမရှိချေဟုဆိုကာ ငြင်းပယ်ကြသည်မဟုတ်။ သို့အစား အချိန်နှင့်ညီထွေစွာပင် သွားလာလှုပ်ရှားကြပေသည်။ (၂) ဟင်းလင်းပြင်။ နက္ခတ္တဗေဒပညာရှင်များသည် ဟင်းလင်းပြင်၏အစကိုသော်လည်းကောင်း၊ အဆုံးကိုသော်လည်းကောင်း မတွေ့ရကြ။ စကြဝဠာအတွင်းသို့ နက်ရှိုင်းစွာထိုးဖောက်၍ကြည့်လေ ကျယ်ပြောလေဖြစ်၏။ သာဓက၏ထွက်ဆိုချက်ကို သူတို့မပယ်ချေ။ သူတို့အများက အနန္တဟင်းလင်းပြင်ဟု ရည်ညွှန်းပြောဆိုကြ၏။ ဘုရားသခင့်တည်ရှိမှုကိုလည်း ထိုအတိုင်းဆိုနိုင်သည်။
အခြားဥပမာများ– (၁) နက္ခတ္တဗေဒပညာရှင်များက နေ၏အပူသည် အလယ်ဗဟို၌ ၂၇,၀၀၀,၀၀၀˚ ဖာရင်ဟိုက် (၁၅,၀၀၀,၀၀၀˚ C) ရှိသည်ဆို၏။ ဤမျှပူပြင်းသောအပူရှိန်ကို ကျွန်ုပ်တို့နားမလည်နိုင်သဖြင့် မဖြစ်နိုင်ဟုဆိုမည်လော။ (၂) သူတို့က ကျွန်ုပ်တို့၏နဂါးငွေ့တန်း၏အရွယ် မည်မျှကြီးမားသနည်းဟူမူ တစ်စက္ကန့်လျှင် မိုင်ပေါင်း ၁၈၆,၀၀၀ (ကီလိုမီတာ ၃၀၀,၀၀၀) ကျော်နှုန်းဖြင့်ရွေ့လျားသောအလင်းတန်းသည် နဂါးငွေ့တန်းကို နှစ်ပေါင်း ၁၀၀,၀၀၀ အချိန်ယူ၍ဖြတ်သန်းရသည်ဟုဆို၏။ ဤမျှဝေးလံသောခရီးကို ကျွန်ုပ်တို့၏ဦးနှောက်ဖြင့်စဉ်းစား၍ တကယ်ပင်သဘောပေါက်နိုင်သလော။ သို့တစေ၊ သိပ္ပံအထောက်အထားရှိသောကြောင့် ၎င်းကိုကျွန်ုပ်တို့လက်ခံ၏။
အဘယ်အချက်က သာ၍ယထာဘူတကျသနည်း—စကြဝဠာသည် အသက်ရှင်သောဉာဏ်ကြီးရှင်တစ်ပါး၏ လက်ရာတော်ဖြစ်သည် ဟူသောအချက်လော။ သို့မဟုတ်၊ ဉာဏ်ရှိသောညွှန်ကြားချက်မပါဘဲ သက်မဲ့အရာမှ တိုက်ဆိုင်မှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည် ဟူသောအချက်လော။ အချို့သူတို့က ဒုတိယအမြင်ကိုလက်ခံကြသည်။ အကြောင်းမှာ ၎င်းကိုလက်မခံလျှင် မိမိတို့အပြည့်အဝနားမလည်နိုင်သောဖန်ဆင်းရှင်တစ်ပါးတည်ရှိသည် ဟူသောအချက်ကို ဝန်ခံရချေအံ့။ သို့ရာတွင် သက်ရှိဆဲလ်များအတွင်း၌တည်ရှိ၍ ဆဲလ်များကြီးထွားပုံကို အဆုံးအဖြတ်ပေးသော ဂျင်းများ၏လုပ်ဆောင်မှုအကြောင်းကို သိပ္ပံပညာရှင်များ အပြည့်အဝနားမလည်ကြသည်မှာ လူသိရှင်ကြားဖြစ်သည်။ လူ့ဦးနှောက်၏လုပ်ဆောင်ပုံကိုလည်း တင်းပြည့်ကျပ်ပြည့် နားလည်ကြသည်မဟုတ်။ သို့သော် မည်သူက ၎င်းတို့မတည်ရှိဟု ငြင်းဆိုမည်နည်း။ ရှုပ်ထွေးနက်နဲသောဒီဇိုင်းနှင့် အံ့ဖွယ်မဆုံး ကြီးမားလှသည့်အရွယ်ပမာဏရှိသောမဟာစကြဝဠာကို ဖန်ဆင်းနိုင်လောက်အောင် ကြီးမြင့်လှသည့်အရှင်အကြောင်းကို ကျွန်ုပ်တို့ ခရေစေ့တွင်းကျသိရမည်ဟု မျှော်လင့်သင့်သလော။
ဘုရားသခင့်နာမတော်ကိုအသုံးပြုရန် အရေးကြီးသလော
ရော. ၁၀:၁၃၊ သမ္မာ– “[“ယေဟောဝါ၊” ကဘ] ၏နာမတော်ကိုအမှီပြု၍ ပတ္ထနာပြုသောသူရှိသမျှသည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။”
ယေဇ. ၃၉:၆ – “ငါသည် [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို သိရကြလိမ့်မည်။”
ယေရှုက ခမည်းတော်အား ဤသို့လျှောက်ဆိုခဲ့သည်– “ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့ [တပည့်တော်စစ်များ] အား ပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်။”—ယော. ၁၇:၂၆။
“ယေဟောဝါ” ခေါင်းစဉ်အောက် စာမျက်နှာ ၂၅၀၊ ၂၅၁ ကိုလည်းရှု။
ကိုယ်၌ ဘာသာတရားယုံကြည်ချက်တစ်ခုရှိလျှင် မည်သည့်ဘုရားကိုကိုးကွယ်စေကာမူ အရေးကြီးသလော
၁ ကော. ၁၀:၂၀– “သာသနာပ လူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။”
၂ ကော. ၄:၄– “ထိုသို့မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသောခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသောဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။” (ဤတွင် မာရ်နတ်ကို “ဘုရား” တစ်ပါးအဖြစ် ရည်ညွှန်းထားသည်။ ၁ ယောဟန် ၅:၁၉; ဗျာဒိတ် ၁၂:၉ တို့ကိုရှု။)
မ. ၇:၂၂၊ ၂၃– “ထိုနေ့၌ကား သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော၊ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော၊ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ၊ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။” (ခရစ်ယာန်အမည်ခံလျှင်တောင် စစ်မှန်သောဘုရားသခင် လက်ခံသည့်နည်းဖြင့် ကိုယ်တော်ကိုကိုးကွယ်သည်ဟု အာမ မခံချေ။)
“ဘာသာတရား” ခေါင်းစဉ်အောက် စာမျက်နှာ ၁၈၅၊ ၁၈၆ ကိုလည်းရှု။
ယေဟောဝါသည် “တစ်ပါးတည်းသောဘုရားမှန်” ဖြစ်လျှင် ယေရှုသည် မည်သို့သော “ဘုရား” ဖြစ်သနည်း
ယေရှုကိုယ်တော်တိုင် မိမိခမည်းတော်ကို “တစ်ပါးတည်းသောဘုရားမှန်” ဟူ၍ညွှန်းဆိုခဲ့သည်။ (ယော. ၁၇:၃၊ ကဘ) ယေဟောဝါကိုယ်တော်တိုင်လည်း “ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ” ဟုမိန့်တော်မူသည်။ (ဟေရှာ. ၄၄:၆) တမန်တော်ပေါလုက ခရစ်ယာန်များအဖို့ “ထိုခမည်းတော်ဘုရားသခင်တစ်ပါးတည်းသာ” ရှိသည်ဟုရေးခဲ့သည်။ (၁ ကော. ၈:၅၊ ၆) ထို့ကြောင့် ယေဟောဝါသည် အတုမရှိဖြစ်၏။ မည်သူမျှ ကိုယ်တော့်ရာထူးကို ဝေခွဲစံစားခြင်းမပြု။ ကိုယ်တော်ကို ရုပ်တုများ၊ ဘုရားအဖြစ်ရှိခိုးခံရသူများနှင့်စာတန် စသော လူတို့ကိုးကွယ်ရာအားလုံးနှင့်နှိုင်းလိုက်လျှင် မိုးနှင့်မြေအလား ခြားနားလှ၏။ ၎င်းတို့မှာ ဘုရားတုများဖြစ်ကြသည်။
ကျမ်းစာက ယေရှုကို “ဘုရား၊” မက “တန်ခိုးကြီးသောဘုရား” ဟူ၍ပင်ညွှန်းဆိုထားသည်။ (ယော. ၁:၁၊ သက; ဟေရှာ. ၉:၆၊ သမ; သမ္မာ) သို့သော် ယေဟောဝါကဲ့သို့ အနန္တတန်ခိုးရှင်အဖြစ် မည်သည့်နေရာ၌မျှ ညွှန်းဆိုမထားပါ။ (က. ၁၇:၁) ယေရှုကို “ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်” အဖြစ် ရည်ညွှန်းထားသော်လည်း ခမည်းတော်သာလျှင် ထိုဘုန်းတော်ရောင်ခြည်၏ပင်ရင်းဖြစ်တော်မူသည်။ (ဟေဗြဲ ၁:၃) ယေရှုသည် အဘယ်နည်းဖြင့်မျှ မိမိခမည်းတော်၏ဌာနန္တရကို ရဖို့မကြိုးစားချေ။ “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည်” ဟုမိန့်ဆိုခဲ့ပေသည်။ (လု. ၄:၈) ကိုယ်တော်သည် “ဘုရားသခင်၏သဏ္ဌာန်တော်” ဖြင့်တည်၍ ခမည်းတော်ကလည်း “သတ္တဝါတိုင်းသည် ယေရှု၏နာမတော်အားဖြင့် ဒူးထောက်” ရန် အမိန့်ရှိပင်သော်လည်း “ခမည်းတော်ဘုရား၏ဘုန်းအသရေတော်ကိုထင်ရှားစေခြင်းအလိုငှာ” သာဖြစ်သည်။—ဖိ. ၂:၅-၁၁၊ သမ္မာ; စာမျက်နှာ ၂၃၇-၂၄၁ ကိုလည်းရှု။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ကျွန်တော် ဘုရားသခင်ကိုမယုံဘူး’
ဤသို့ ပြန်ပြောနိုင်သည်– ‘အရင်ကတည်းကပဲလား။ . . . ဒီလိုခံယူချက်မပိုက်ခင် ယုံနိုင်ဖွယ်ကောင်းတဲ့ သက်သေသာဓကတွေကို သုံးသပ်လေ့လာဖူးသလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဒီအကြောင်းကို ကျွန်တော်အင်မတန်စိတ်ဝင်စားပြီး တော်တော်လေး တွေးတောစဉ်းစားခဲ့ဖူးတယ်။ မှတ်သားစရာကောင်းတဲ့ အချက်ကလေးတချို့ကတော့ . . . (စာမျက်နှာ ၁၉၅ ပါ “ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းများရှိသလော” ဟူသောခေါင်းစဉ်ငယ်ကိုရှု။ “ဖန်ဆင်းခြင်း” ခေါင်းစဉ်အောက် စာမျက်နှာ ၁၇၁-၁၇၃ ကိုလည်းရှု။)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာကိုမယုံတာလား၊ ဒါမှမဟုတ်၊ ချာ့ချ်အသင်းများမှာ အယောင်အဆောင်များလွန်းတာကိုတွေ့ရလို့ သူတို့ရဲ့အဟောအပြောတွေကို မယုံကြည်တာလား။’ ဒုတိယအချက်ဖြစ်လျှင် ဤသို့ဆက်ပြောနိုင်သည်– ‘ခရစ်ယာန်ဘောင်အသင်းများနဲ့ ခရစ်ယာန်ဘာသာဟာ ဆီနဲ့ရေလိုခြားနားပါတယ်။ ခရစ်ယာန်ဘောင်ဟာ လူကိုနှိပ်စက်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကျတော့ လူကိုမနှိပ်စက်ခဲ့ပါဘူး။ ခရစ်ယာန်ဘောင်ဟာ တော်လျော်တဲ့သီလလမ်းညွှန်ကိုမပေးဘဲတာဝန်ပျက်ကွက်ခဲ့ပေမဲ့ ခရစ်ယာန်ဘာသာဟာ တာဝန်မပျက်ကွက်ခဲ့ပါဘူး။ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာက ခရစ်ယာန်ဘောင်ကိုမထောက်ခံတဲ့အပြင် ရှုတ်တောင်ရှုတ်ချပါတယ်။’
အဖြေနောက်တစ်မျိုး– ‘မိတ်ဆွေလိုသဘောပိုက်ကြတဲ့တခြားလူတွေနဲ့ ကျွန်တော် စိတ်ဝင်တစား စကားစမြည်ပြောခဲ့ဖူးတယ်။ တချို့က ဘုရားသခင်ရှိတယ်ဆိုပြီးယုံလို့ရှိရင် ကမ္ဘာပေါ်မှာ ဆင်းရဲမှုနဲ့ဆိုးသွမ်းမှုတွေ ဘာကြောင့်ဒီလောက်တောင်များရသလဲဆိုတဲ့အချက်ကို နားလည်ဖို့သိပ်ခက်တယ်ဆိုပြီး ပြောကြပါတယ်။ မိတ်ဆွေကော ဒီလိုပဲသဘောရသလား။ (သို့ဖြစ်လျှင် “ကမ္ဘာပေါ်ဆိုးယုတ်မှုနှင့်ဆင်းရဲမှုရှိသည့်အဖြစ်က ဘုရားသခင်မရှိကြောင်း သက်သေပြသလော” ဟူသောခေါင်းစဉ်ငယ်အောက်မှ စာမျက်နှာ ၁၉၆၊ ၁၉၇ ပါ အကြောင်းအချို့ကိုသုံးပါ။)’
‘ကျွန်တော်မြင်တာကိုမှ ကျွန်တော်ယုံတယ်။ ဘုရားသခင်ကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး’
ဤသို့ပြန်ပြောနိုင်သည်– ‘ခုခေတ် ခုလိုပြောတဲ့လူတွေများပါတယ်။ အကြောင်းရှိလို့လည်းဖြစ်တယ်။ ကျွန်တော်တို့နေထိုင်တဲ့လူ့အဖွဲ့အစည်းဟာ ရုပ်ပစ္စည်းပိုင်ဆိုင်မှုကို အထူးအလေးထားကြတယ်။ ဒါပေမဲ့ မိတ်ဆွေဟာ လက်တွေ့ဆန်ဆန် စဉ်းစားလုပ်ကိုင်ချင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ကျွန်တော်ပြောရင် မှားမလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘အရာဝတ္ထုတချို့ကို ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်ပေမဲ့ ခိုင်လုံတဲ့အကြောင်းရှိလို့ ဒီအရာတွေတည်ရှိတယ်ဆိုတာကို ကျွန်တော်တို့ယုံကြတယ်မဟုတ်လားခင်ဗျား။ ကျွန်တော်တို့ရှူရှိုက်တဲ့လေ ကို ဘယ်လိုပြောမလဲ။ လေညင်းတိုက်တဲ့အခါ ကျွန်တော်တို့ခံစားနိုင်တယ်။ လေကိုကျွန်တော်တို့မမြင်နိုင်ပေမဲ့ အဆုတ်ထဲရောက်လာတာကို ကျွန်တော်တို့သိနိုင်တယ်။ လေရဲ့အကျိုးသက်ရောက်မှုကိုမြင်တဲ့အတွက် လေရှိတယ်ဆိုတာကို ကျွန်တော်တို့ယုံနိုင်တယ်၊ ဟုတ်တယ်မဟုတ်လား။’ (၂) ‘ဆွဲငင်အား ကိုလည်း ကျွန်တော်တို့မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပစ္စည်းတစ်ခုခုကိုလွှတ်ချလိုက်တဲ့အခါ ဆွဲငင်အားအလုပ်လုပ်တဲ့သာဓကကိုမြင်နိုင်တယ်။ အနံ့အသက် ကိုလည်း ကျွန်တော်တို့မမြင်နိုင်ဘူး။ ဒါပေမဲ့ နှာခေါင်းက အာရုံခံစားနိုင်တယ်။ အသံလှိုင်း ကိုမမြင်နိုင်ပေမဲ့ နားက အာရုံဖမ်းနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေ တည်ရှိတယ်လို့ ကျွန်တော်တို့ယုံကြည်ကြတယ်။ အကြောင်းခိုင်လုံတယ်ဆိုလို့ရှိရင်ပေါ့၊ ဟုတ်တယ်မဟုတ်လား။’ (၃) ‘မျက်စိနဲ့မမြင်နိုင်တဲ့ဘုရားသခင်ရှိတယ်ဆိုတဲ့အထောက်အထားကော ရှိရဲ့လား။ (“ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းများရှိသလော” ဟူသောခေါင်းစဉ်ငယ်အောက် စာမျက်နှာ ၁၉၅၊ ၁၉၆ ပါ အကြောင်းကိုသုံးပါ။)’
‘ဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ကိုယ့်အမြင်နဲ့ကိုယ်ပဲ’
ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဟာ ဒီကိစ္စကိုအချိန်ပေးစဉ်းစားတဲ့အပြင် ဘုရားသခင်ကိုလည်းယုံကြည်တယ်ဆိုတာသိရလို့ ဝမ်းသာပါတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာ သိနိုင်မလားခင်ဗျာ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ကျွန်တော်တို့ယုံကြည်ချက်ဟာ ဘုရားသခင့်နှုတ်တော်ထွက်နဲ့ညီညွတ်မညီညွတ် သေချာသိဖို့လိုတယ်ဆိုတဲ့အချက်ကို မိတ်ဆွေအလေးအနက်ထားမှာပဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မာကျမ်းစာဘယ်လိုပြောသလဲဆိုတာကို တစ်ချက်လောက်တင်ပြပါရစေ။ (ဆာ. ၈၃:၁၈)’