ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁၅ စာ. ၁၀-၁၅
  • ကိုယ့်နေ့ရက်ကာလကို မည်သို့ရေတွက်ဖို့ ယေဟောဝါပြသ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်နေ့ရက်ကာလကို မည်သို့ရေတွက်ဖို့ ယေဟောဝါပြသ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ—ကျွန်ုပ်တို့၏ ‘ခိုလှုံရာအစစ်’
  • ကျွန်ုပ်တို့အတွက် ယေဟောဝါအစဉ်အသင့်ရှိ
  • “ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ” ကျွန်ုပ်တို့ကို ယေဟောဝါကူညီ
  • ယေဟောဝါ၏ကောင်းချီးက ကျွန်ုပ်တို့ကိုရွှင်လန်းစေ
  • ကျွန်ုပ်တို့၏နေ့ရက်များကို ဆက်၍ရေတွက်ကြပါစို့
  • အချိန်—အဘယ်ကြောင့်ဤမျှနည်းရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါဟာ ကျွန်ုပ်တို့ရဲ့ ခိုနားရာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင်တွင် အစရှိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁၅ စာ. ၁၀-၁၅

ကိုယ့်နေ့ရက်ကာလကို မည်သို့ရေတွက်ဖို့ ယေဟောဝါပြသ

“အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။”—ဆာလံ ၉၀:၁၂။

၁။ “ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်” ဖို့ ယေဟောဝါသွန်သင်ပေးပါရန် တောင်းဆိုခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။

ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် အသက်ပေးရှင်ဖြစ်တော်မူ၏။ (ဆာလံ ၃၆:၉; ဗျာဒိတ် ၄:၁၁) ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာကို ပညာရှိစွာရေတွက်နိုင်စေဖို့ ကိုယ်တော်ထက်သာ၍ သွန်သင်ပေးနိုင်သူမရှိပါ။ သို့ဖြစ်၍ ဆာလံဆရာက သင့်လျော်စွာဖြင့် ဘုရားသခင်ထံ ဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” (ဆာလံ ၉၀:၁၂) ထိုအသနားခံချက်ပါသည့် ဆာလံ ၉၀ ကို ကျွန်ုပ်တို့အမှန်ပင် အသေအချာသုံးသပ်ထိုက်ပေသည်။ သို့ရာတွင် ဦးဆုံး ဤမှုတ်သွင်းခံသီချင်းကို ခြုံငုံသုံးသပ်ကြည့်ကြစို့။

၂။ (က) ဆာလံ ၉၀ ကိုရေးစပ်သူသည် မည်သူဖြစ်သည်ဟုဖော်ပြသနည်း၊ အဘယ်အချိန်၌ ယင်းကိုရေးစပ်ခဲ့ပုံရှိသနည်း။ (ခ) ဆာလံ ၉၀ က ကျွန်ုပ်တို့၏ဘဝရှုမြင်ပုံကို မည်သို့သက်ရောက်မှုရှိသင့်သနည်း။

၂ ဆာလံ ၉၀ ၏ကျမ်းပိုဒ်အထက်စကားတွင် ယင်းကို ‘စစ်မှန်သောဘုရားသခင်၏လူ မောရှေ၏ဆုတောင်းချက်’ ဟုခေါ်ဆိုထားသည်။ ဤဆာလံသည် လူ့အသက်တိုတောင်းမှုကို အလေးပေးဖော်ပြထားသည်ဖြစ်ရာ အီဂျစ်ပြည်တွင် ဣသရေလလူမျိုး ချုပ်နှောင်ခံရ၍ လွတ်မြောက်လာပြီး ယုံကြည်ခြင်းကင်းမဲ့သူ ထောင်ပေါင်းများစွာ သေဆုံးသွားသော တောကန္တာရ၌ အနှစ်လေးဆယ်လှည့်လည်နေစဉ်အတွင်း စပ်ဆိုခဲ့ပုံပေါ်သည်။ (တောလည်ရာ ၃၂:၉-၁၃) မည်သို့ပင်ဖြစ်စေ မစုံလင်သောလူ့အသက်သည် တိုတောင်းကြောင်း ဆာလံ ၉၀ ကဖော်ပြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏အဖိုးတန်နေ့ရက်များကို ပညာရှိရှိအသုံးပြုသင့်ကြောင်း ရှင်းနေပါသည်။

၃။ ဆာလံ ၉၀ ၏အခြေခံအကြောင်းကား အဘယ်နည်း။

၃ ဆာလံ ၉၀၊ အခန်းငယ် ၁ မှ ၆ ကယေဟောဝါအား ကျွန်ုပ်တို့၏ထာဝရခိုလှုံရာအဖြစ်ဖော်ပြထားသည်။ တစ်ခဏသာတည်ရှိသည့် ကျွန်ုပ်တို့၏အသက်တာကို ကိုယ်တော်နှစ်သက်တော်မူသောနည်းဖြင့် အသုံးပြုကြရန် အဘယ်အရာလိုအပ်ကြောင်း အခန်းငယ် ၇ မှ ၁၂ ကတင်ပြသည်။ အခန်းငယ် ၁၃ မှ ၁၇ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါ၏မေတ္တာကရုဏာတော်နှင့် ကောင်းချီးကို ကျွန်ုပ်တို့အမှန်တကယ်ရရှိလိုကြသည်။ ဤဆာလံသည် ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ တွေ့ကြုံမှုများကို ကြိုတင်ဖော်မပြပါ။ မည်သို့ဆိုစေကာမူ ဆုတောင်းချက်ပုံစံဖြင့်ဖော်ပြထားသော ဤဆာလံမှစကားများကို ကျွန်ုပ်တို့ကိုယ်တိုင်နှလုံးသွင်းသင့်သည်။ ထို့ကြောင့် ဘုရားသခင်အား ဆက်ကပ်အပ်နှံထားသူတို့၏အမြင်ဖြင့် ဆာလံ ၉၀ ကိုအသေအချာစစ်ဆေးကြည့်ကြပါစို့။

ယေဟောဝါ—ကျွန်ုပ်တို့၏ ‘ခိုလှုံရာအစစ်’

၄-၆။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် ‘ခိုလှုံရာအစစ်’ မည်သို့ဖြစ်သနည်း။

၄ ဆာလံဆရာက ဤစကားများဖြင့်အစပျိုးသည်– “အိုဘုရားရှင် [ယေဟောဝါ] ကိုယ်တော်သည် ကာလအစဉ်အဆက် အကျွန်ုပ်တို့ခိုလှုံရာဖြစ်တော်မူ၏။ တောင်များကိုမဖော် (“ဖွားမြင်၊” ကဘ) မြေကြီးနှင့်လောကဓာတ်ကိုဖန်ဆင်း (“သားဖွားခြင်းဝေဒနာဖြင့်အလား မွေးဖွား၊” ကဘ) တော်မမူမီ ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက် (“အချိန်အကန့်အသတ်မရှိ၊” ကဘ) မှစ၍ နောက်ကမ္ဘာအဆက်ဆက် (“အချိန်အကန့်အသတ်မရှိ၊” ကဘ) တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏။”—ဆာလံ ၉၀:၁၊ ၂။

၅ ကျွန်ုပ်တို့အတွက် “ထာဝရဘုရား” ယေဟောဝါသည် ‘ခိုလှုံရာအစစ်’—ဝိညာဉ်ရေးခိုလှုံရာဖြစ်တော်မူ၏။ (ရောမ ၁၆:၂၆) ကိုယ်တော်သည် “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” အဖြစ် ကျွန်ုပ်တို့ကိုကူညီပေးဖို့ အမြဲအသင့်ရှိသောကြောင့် လုံခြုံသည်ဟုကျွန်ုပ်တို့ခံစားရသည်။ (ဆာလံ ၆၅:၂၊ ကဘ) ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများကို ကိုယ်တော်ချစ်မြတ်နိုးသောသားတော်မှတစ်ဆင့် ကောင်းကင်ခမည်းတော်ထံ ကျွန်ုပ်တို့ပုံချထားကြသောကြောင့် ‘အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးကို စောင့်မလိမ့်မည်။’—ဖိလိပ္ပိ ၄:၆၊ ၇; မဿဲ ၆:၉; ယောဟန် ၁၄:၆၊ ၁၄။

၆ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် ပုံဆောင်သဘောဖြင့် ‘ခိုလှုံရာအစစ်’ ဖြစ်သောကြောင့် ဝိညာဉ်ရေးလုံခြုံမှုကို ကျွန်ုပ်တို့ခံစားကြရသည်။ ဝိညာဉ်ရေးခိုလှုံရာအရပ်များအဖြစ် ကိုယ်တော့်လူမျိုးတော်၏ အသင်းတော်များနှင့် အနီးကပ်ဆက်စပ်နိုင်သည့် “အတွင်းခန်း” များကိုလည်း ကိုယ်တော်စီစဉ်ပေးထားပြီး ထိုတွင် ကျွန်ုပ်တို့၏လုံခြုံမှုကို များစွာထောက်ကူသည့် မေတ္တာရှိသိုးထိန်းများရှိသည်။ (ဟေရှာယ ၂၆:၂၀; ၃၂:၁၊ ၂; တမန်တော် ၂၀:၂၈၊ ၂၉) ထို့အပြင် ကျွန်ုပ်တို့တွင် အချို့မှာ နှစ်ပေါင်းများစွာ ဘုရားသခင့်အမှုတော်ထမ်းခဲ့သော မိသားစုများမှသူများဖြစ်ကြပြီး ကိုယ်တော်သည် ‘ကာလအစဉ်အဆက် ခိုလှုံရာအစစ်’ ဖြစ်ကြောင်းကို ကိုယ်တိုင်တွေ့ရှိခဲ့ကြရပြီ။

၇။ အဘယ်သဘောဖြင့် တောင်များကို “ဖွားမြင်” ၍မြေကြီးကို “သားဖွားခြင်းဝေဒနာ” ဖြင့်အလား မွေးဖွားသနည်း။

၇ ယေဟောဝါသည် တောင်များကိုမ “ဖွားမြင်” မီ သို့မဟုတ် မြေကြီးကို “သားဖွားခြင်းဝေဒနာ” ဖြင့်အလား မွေးဖွားတော်မမူမီ တည်ရှိတော်မူ၏။ လူ့ရှုထောင့်မှကြည့်လျှင် ဤကမ္ဘာမြေကြီးနှင့် ယင်း၏ အသွင်အပြင်များ၊ ဓာတုဖွဲ့စည်းမှုနှင့် ရှုပ်ထွေးပွေလီသောဖွဲ့စည်းလည်ပတ်ပုံ အားလုံးတို့ကိုပြုလုပ်ရန် အကြီးအကျယ်အားထုတ်မှုလိုသည်။ တောင်များကို “ဖွားမြင်” ၍မြေကြီးကို “သားဖွားခြင်းဝေဒနာ” ဖြင့်အလား မွေးဖွားသည်ဟုဆိုခြင်းအားဖြင့် ဆာလံဆရာသည် ထိုအရာများကို ယေဟောဝါဖန်ဆင်းစဉ် ပါဝင်ပတ်သက်ခဲ့သည့်လုပ်ငန်းပမာဏကို အလွန်လေးမြတ်ကြောင်းတင်ပြသည်။ ကျွန်ုပ်တို့လည်း ဖန်ဆင်းရှင်၏လက်ရာတော်ကို အလားတူတန်ဖိုးထားလေးမြတ်မှု မရှိသင့်ပေလော။

ကျွန်ုပ်တို့အတွက် ယေဟောဝါအစဉ်အသင့်ရှိ

၈။ ယေဟောဝါသည် ‘ရှေးအစဉ်အဆက်မှစ၍ နောက်အစဉ်အဆက်တိုင်အောင်’ ဘုရားသခင်ဖြစ်တော်မူ၏ဟူသောဖော်ပြချက်က အဘယ်အရာကိုဆိုလိုသနည်း။

၈ “ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏” ဟုဆာလံဆရာသီဆိုခဲ့သည်။ “ထာဝရဟူ၍ဘာသာပြန်ဆိုထားသည့် မူရင်းစကားလုံးသည် အဆုံးရှိသော်လည်း မည်မျှကြာရှည်သည်ကို အတိအကျဖော်ပြမထားသေးရာများကို ရည်ညွှန်းနိုင်သည်။ (ထွက်မြောက်ရာ ၃၁:၁၆၊ ၁၇; ဟေဗြဲ ၉:၁၅) ဆာလံ ၉၀:၂ နှင့်ဟေဗြဲကျမ်း၏အချို့နေရာများတွင်မူ ဘာသာပြန်ဆိုထားသည်အတိုင်း ထာဝရအစဉ်အဆက်ကိုဆိုလိုသည်။ (ဒေ. ၁:၄)” ဘုရားသခင် အစဉ်တည်ရှိနိုင်ပုံကို ကျွန်ုပ်တို့နားမလည်နိုင်ကြပါ။ သို့တိုင် ယေဟောဝါသည် အစမရှိ၊ အဆုံးလည်းရှိမည်မဟုတ်။ (ဟဗက္ကုတ် ၁:၁၂) ကိုယ်တော်သည် အစဉ်အသက်ရှင်တော်မူ၍ ကျွန်ုပ်တို့ကိုကူညီပေးဖို့ အသင့်ရှိမည်ဖြစ်သည်။

၉။ လူအသက်ရှင်ချိန်အနှစ်တစ်ထောင်သည် အဘယ်အရာနှင့် ညီမျှ၏ဟု ဆာလံဆရာဖော်ပြခဲ့သနည်း။

၉ လူအသက်ရှင်ချိန် အနှစ်တစ်ထောင်သည် ထာဝရဖန်ဆင်းရှင်အတွက် အလွန်တိုတောင်းသောကာလနှင့် ညီမျှ၏ဟုဖော်ပြရန် ဆာလံဆရာမှုတ်သွင်းခံခဲ့ရသည်။ ဘုရားသခင်ကိုရည်စူး၍ သူဤသို့ရေးသားခဲ့သည်– “လူမျိုးကိုကား ကြေမွ [“မြေမှုန့်သို့ပြန်၊” သမ္မာ] စေတော်မူ၏။ ‘အချင်းလူသားတို့ ပြန်ကြလော့’ ဟု မိန့်တော်မူ၏။ ရှေ့တော်၌ အနှစ်တစ်ထောင်သည် လွန်ပြီးသောမနေ့ကဲ့သို့လည်းကောင်း၊ ညယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။”—ဆာလံ ၉၀:၃၊ ၄။

၁၀။ ဘုရားသခင်သည် လူကိုမည်သို့ “ကြေမွ” ခြင်းသို့ပြန်စေတော်မူသနည်း။

၁၀ လူသည် သေမျိုးဖြစ်၏၊ ဘုရားသခင်သည် သူ့ကို “ကြေမွ” ခြင်းသို့ပြန်စေတော်မူ၏။ ဆိုလိုသည်မှာ ကြေမွသော သို့မဟုတ် အမှုန့်ဖြစ်သော မြေကြီးအဖြစ် “မြေမှုန့်သို့” လူပြန်သွားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ယေဟောဝါက ‘သင့်ကိုယူ၍ဖန်ဆင်းခဲ့သော မြေမှုန့်သို့ပြန်လော့’ ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၂:၇; ၃:၁၉) မစုံလင်သောအဘယ်လူသားမျှ ‘မိမိညီအစ်ကိုကို အလျှင်းမရွေးနိုင်။ အစဉ်အမြဲအသက်ရှင်ဖို့ ရွေးရန်အဖိုးကို ဘုရားသခင်၌မပေးနိုင်’ သည့်အတွက် ယင်းသည် အားကြီးသူဖြစ်စေ၊ အားနည်းသူဖြစ်စေ၊ ဆင်းရဲချမ်းသာမရွေး အားလုံးနှင့်သက်ဆိုင်သည်။ (ဆာလံ ၄၉:၆-၉) သို့ရာတွင် ‘ကိုယ်တော်ကိုယုံကြည်သောသူအပေါင်း ထာဝရအသက်ရရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်’ အတွက် မည်မျှကျေးဇူးတင်စရာပါတကား!—ယောဟန် ၃:၁၆; ရောမ ၆:၂၃။

၁၁။ ကျွန်ုပ်တို့အတွက် ကြာရှည်သောကာလသည် ဘုရားသခင်အတွက် တစ်ခဏသာဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၁ အသက် ၉၆၉ နှစ်ရှိသော မသုရှလပင်လျှင် ယေဟောဝါ၏အမြင်၌ တစ်ရက်ပင်အသက်မရှင်ခဲ့ပေ။ (ကမ္ဘာဦး ၅:၂၇) ဘုရားသခင်အတွက် အနှစ်တစ်ထောင်သည် လွန်ပြီးသောမနေ့ကနှင့်တူသည်၊ ၂၄ နာရီမျှသာရှိ၏။ ဘုရားသခင်အတွက် အနှစ်တစ်ထောင်သည် တပ်စခန်းတစ်ခု၌ လေးနာရီကြာသည့် ညကင်းကဲ့သို့ဖြစ်ကြောင်းကိုလည်း ဆာလံဆရာဖော်ပြသေးသည်။ (တရားသူကြီး ၇:၁၉) သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် ကြာရှည်သောကာလသည် ထာဝရဘုရားသခင်ယေဟောဝါအတွက် တစ်ခဏသာဖြစ်သည်မှာရှင်းနေပါသည်။

၁၂။ လူသည် အဘယ်နည်းဖြင့် ဘုရားသခင်၏ “လွှမ်းမိုးတိုက်သွား” ခြင်းခံရကြသနည်း။

၁၂ ဘုရားသခင်၏ထာဝရအဖြစ်တော်နှင့်မတူဘဲ လက်ရှိလူ့ဘဝမှာ အမှန်ပင်တိုတောင်းသည်။ ဆာလံဆရာ ဤသို့ဆိုသည်– “လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ဖြစ်ကြပါ၏။ လူသည်မြက်ပင်ကဲ့သို့ နံနက်အချိန်၌တိုးပွားတတ်ပါ၏။ နံနက်အချိန်ကား ပွင့်လန်း၍ တိုးပွားပါ၏။ ညဦးအချိန်၌ကား ရိတ်၍ညှိုးနွမ်းပါ၏။” (ဆာလံ ၉၀:၅၊ ၆) ရေလွှမ်းမိုးဘေးတစ်ခုတွင် ‘လွှမ်းမိုးတိုက်သွား’ ခံရသကဲ့သို့ ဘုရားသခင်သည် တောကန္တာရ၌ ထောင်နှင့်ချီသော ဣသရေလလူတို့အား သေဆုံးစေခဲ့သည်ကို မောရှေတွေ့ခဲ့ရသည်။ ၎င်းဆာလံကျမ်းပိုဒ်ကို ဤသို့ပြန်ဆိုခဲ့ကြပြီ– “ကိုယ်တော်သည် လူတို့ကို အိပ်စက်သေခြင်းထဲသို့ လှဲပစ်တော်မူ၏။” (အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်းသစ်) တစ်ဖက်တွင်မူ မစုံလင်သူလူ့သက်တမ်းသည် တစ်ခဏတာ “အိပ်စက်ခြင်းမျှသာ”—တစ်ညတာအိပ်စက်ခြင်းမျှလောက်သာနှိုင်းယှဉ်နိုင်သည်။

၁၃။ ကျွန်ုပ်တို့သည် “မြက်ပင်ကဲ့သို့” မည်သို့ဖြစ်ကြသနည်း၊ ယင်းက ကျွန်ုပ်တို့၏အတွေးအခေါ်ကို မည်သို့သက်ရောက်မှုရှိစေသင့်သနည်း။

၁၃ ကျွန်ုပ်တို့သည် ‘နံနက်အခါပွင့်လန်း၍’ ညနေပိုင်းတွင် အလွန်ပူသောနေအရှိန်အောက် ညှိုးနွမ်းသွားသည့် ‘မြက်ပင်များကဲ့သို့’ ဖြစ်ကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဘဝသည် တစ်နေ့တည်းတွင် ညှိုးနွမ်းသွားသည့်မြက်ပင်ပမာ တဒင်္ဂသာဖြစ်သည်။ သို့ဖြစ်၍ ဤအဖိုးတန်အရာကို မဖြုန်းတီးပစ်ကြစို့နှင့်။ ယင်းအစား ဤအစီအစဉ်စနစ်တွင် ကျွန်ုပ်တို့၏ကျန်ရှိသေးသောနှစ်များကို မည်သို့အသုံးပြုသင့်ကြောင်း ဘုရားသခင့်လမ်းညွှန်မှုကို ကျွန်ုပ်တို့ရှာယူသင့်သည်။

“ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ” ကျွန်ုပ်တို့ကို ယေဟောဝါကူညီ

၁၄၊ ၁၅။ ဆာလံ ၉၀:၇-၉ သည်ဣသရေလလူမျိုးအပေါ် အဘယ်သို့ပြည့်စုံခဲ့သနည်း။

၁၄ ဘုရားသခင်နှင့်စပ်လျဉ်း၍ ဆာလံဆရာ ဤသို့ထပ်ဆင့်ဖော်ပြသည်– “အမျက်တော်ထွက်သောအားဖြင့် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ရောက်ကြပါ၏။ စိတ်တော်မပြေသောကြောင့် စိုးရိမ်တုန်လှုပ်ခြင်းရှိကြပါ၏။ အကျွန်ုပ်တို့၏ [မကောင်းမှု] များကို ရှေ့တော်၌လည်းကောင်း၊ ဝှက်ထားသောအကျင့်များကို မျက်နှာတော်အလင်းထဲ၌လည်းကောင်း လှန်ထားတော်မူ၏။ အကျွန်ုပ်တို့သည် အမျက်တော်ကိုခံရသောကြောင့် နေ့ရက်ကာလရွေ့သွား၍ နှစ်များတို့သည် စိတ်ထင် [“တီးတိုးပြောသံ၊” ကဘ] ကဲ့သို့ လွန်တတ်ကြပါ၏။”—ဆာလံ ၉၀:၇-၉။

၁၅ ယုံကြည်ခြင်းကင်းမဲ့သောဣသရေလလူတို့သည် ‘ဘုရားသခင့်အမျက်တော်ကြောင့် ပျက်စီးခြင်းသို့ရောက်ကြ၏။’ သူတို့သည် ‘ကိုယ်တော်၏အမျက်တော်ကြောင့် စိုးရိမ်တုန်လှုပ်’ ခဲ့ရသည် သို့မဟုတ် ‘ကိုယ်တော်၏ဒေါသအမျက်ကြောင့် ထိတ်လန့်’ ခဲ့ရသည်။ (အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်းသစ်) အချို့သူတို့သည် ဘုရားသခင့်တရားစီရင်ခြင်းခံခဲ့ရ၍ “တော၌ သေကျေပျက်စီးခြင်းသို့ရောက်ကြ၏။” (၁ ကောရိန္သု ၁၀:၅) ယေဟောဝါသည် ‘သူတို့၏အမှားများကို ရှေ့တော်၌လှန်ထားတော်မူ၏။’ လူသိရှင်ကြား သူတို့ပြုသောအပြစ်များကို ကိုယ်တော်စာရင်းရှင်းတော်မူ၍ “ဝှက်ထားသောအကျင့်များ” သို့မဟုတ် ဖုံးကွယ်ထားသောအပြစ်များပင် ‘မျက်နှာတော်အလင်းထဲ၌’ ရှိ၏။ (သု. ၁၅:၃) ဘုရားသခင့်အမျက်တော်ခံရသူများအနေနှင့် နောင်တမရသောဣသရေလလူမျိုး၏ ‘နှစ်များသည် တီးတိုးပြောသံကဲ့သို့ လွန်တတ်ကြ၏။’ ထိုအကြောင်းကြောင့် ကျွန်ုပ်တို့ကိုယ်နှိုက်၏တိုတောင်းသောသက်တမ်းသည် ကျွန်ုပ်တို့နှုတ်ခမ်းမှထွက်သော တီးတိုးပြောသံကဲ့သို့ဖြစ်သည်။

၁၆။ အချို့သူတို့သည် တိတ်တဆိတ်အပြစ်ပြုနေမည်ဆိုလျှင် သူတို့မည်သို့ပြုလုပ်သင့်သနည်း။

၁၆ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်သည် တိတ်တဆိတ်အပြစ်ပြုမည်ဆိုလျှင် ယင်းအကျင့်ကို လူလူချင်းမသိစေရန် အတန်ကြာဖုံးကွယ်ထားနိုင်ပေမည်။ သို့သော် ဖုံးကွယ်ထားသော ကျွန်ုပ်တို့၏အမှားသည် ‘ယေဟောဝါ၏မျက်နှာတော်အလင်းရှေ့’ ရှိပြီး ကျွန်ုပ်တို့၏အပြုအမူသည် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပျက်စီးစေပေမည်။ ယေဟောဝါနှင့်ရင်းနှီးမှုပြန်လည်ရရှိဖို့ ကိုယ်တော့်ခွင့်လွှတ်မှုကိုတောင်းခံပြီး ကျွန်ုပ်တို့၏အမှားကိုစွန့်ပစ်၍ ခရစ်ယာန်အကြီးအကဲများ၏ ဝိညာဉ်ရေးရာအကူအညီကို ကျေးဇူးတင်စွာလက်ခံဖို့လိုပေမည်။ (သု. ၂၈:၁၃; ယာကုပ် ၅:၁၄၊ ၁၅) ယင်းသို့ပြုခြင်းသည် ထာဝရအသက်မျှော်လင့်ချက်ကို အန္တရာယ်ရှိစေသည့် ‘ကျွန်ုပ်တို့၏နှစ်များကို တီးတိုးပြောသံကဲ့သို့ လွန်သွား’ စေခြင်းထက် မည်မျှပို၍ကောင်းမည်ဖြစ်ခြင်း!

၁၇။ လူအများ၏သက်တမ်းသည် အဘယ်မျှရှိသနည်း၊ ကျွန်ုပ်တို့၏နှစ်များသည် အဘယ်အရာနှင့်ပြည့်နှက်လျက်ရှိသနည်း။

၁၇ မစုံလင်သောလူ့သက်တမ်းနှင့်ပတ်သက်၍ ဆာလံဆရာဤသို့ဆို၏– “အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့်ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် [“ပျံလွင့်၊” သမ္မာ] [သေဆုံး] ကြပါ၏။” (ဆာလံ ၉၀:၁၀) လူအများ၏သက်တမ်းသည် ၇၀ ဖြစ်ပြီး အသက် ၈၅ နှစ်ရှိ ကာလက်သည် ပုံမှန်မဟုတ်သောသူ၏ခွန်အားကို ရည်ညွှန်းခဲ့သည်။ ခြွင်းချက်အနေနှင့် အာရုန် (၁၂၃)၊ မောရှေ (၁၂၀) နှင့် ယောရှု (၁၁၀) စသည်တို့ရှိခဲ့သည်။ (တောလည်ရာ ၃၃:၃၉; တရားဟောရာ ၃၄:၇; ယောရှု ၁၄:၆၊ ၁၀၊ ၁၁; ၂၄:၂၉) သို့သော် အီဂျစ်ပြည်မှထွက်လာခဲ့သော တည်ကြည်မှုကင်းမဲ့သည့်လူမျိုးဆက်တွင် အသက် ၂၀ နှင့် အထက်စာရင်းဝင်သူတို့သည် အနှစ် ၄၀ အတွင်းသေဆုံးခဲ့ကြသည်။ (တောလည်ရာ ၁၄:၂၉-၃၄) ယနေ့ နိုင်ငံများစွာတွင် ယေဘုယျအားဖြင့် လူ့သက်တမ်းသည် ဆာလံဆရာဖော်ပြခဲ့သော သက်တမ်းအပိုင်းအခြားအတွင်း၌ရှိသည်။ ကျွန်ုပ်တို့၏နှစ်များသည် “ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်း” ဖြင့်ပြည့်နှက်လျက်ရှိသည်။ အလျင်အမြန်ကုန်လွန်၍ ‘အကျွန်ုပ်တို့သည် ပျံ့လွင့်’ ကြပါ၏။—ယောဘ ၁၄:၁၊ ၂။

၁၈၊ ၁၉။ (က) “ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်” ခြင်းက အဘယ်အရာကိုဆိုလိုသနည်း။ (ခ) ဉာဏ်ပညာကိုကျင့်သုံးနေခြင်းက အဘယ်အရာကိုပြုရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးမည်နည်း။

၁၈ ဆာလံဆရာ ဤသို့ထပ်၍သီဆိုသည်– “အမျက်တော်အရှိန်ကို အဘယ်သူသိပါသနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူကြောက်ရွံ့ပါသနည်း။ အကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” (ဆာလံ ၉၀:၁၁၊ ၁၂) ဘုရားသခင့်အမျက်တော်ပမာဏ သို့မဟုတ် ဒေါသအရှိန်ကို ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ အပြည့်အဝမသိသောကြောင့် ယေဟောဝါအား ကြောက်ရွံ့ရိုသေမှုကို တိုးမြှင့်ပေးသင့်သည်။ အမှန်မှာ “ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို [ကျွန်ုပ်တို့] ရေတွက်နိုင်” ဖို့ ကိုယ်တော်အားတောင်းလျှောက်ရန် ယင်းက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သည်။

၁၉ ဆာလံဆရာ၏စကားများက ယေဟောဝါသည် ကိုယ်တော်၏လူမျိုးတော်အား သူတို့၏ကျန်ကြွင်းသောနေ့ရက်များကို ဉာဏ်ပညာရှိရှိ တန်ဖိုးထားတတ်၍ ဘုရားသခင်နှစ်သက်သည့်နည်းအတိုင်း အသုံးပြုတတ်ရန် သွန်သင်ပေးဖို့ ဆုတောင်းချက်တစ်ခုဖြစ်သည်။ လူ့သက်တမ်းအနှစ် ၇၀ သည် ရက်ပေါင်း ၂၅,၅၀၀ ခန့်နေနိုင်ခွင့်ရှိစေသည်။ သို့သော် ကျွန်ုပ်တို့၏အသက်အရွယ်မည်မျှပင်ရှိပါစေ ‘နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို မသိကြ။ ကျွန်ုပ်တို့သည် ခဏထင်ရှားပြီးမှ ကွယ်ပျောက်သောအခိုးအငွေ့ဖြစ်၏။’ (ယာကုပ် ၄:၁၃-၁၅) ‘ခပ်သိမ်းသောငါတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်’ ဖြစ်သောကြောင့် မည်မျှကြာကြာအသက်ရှင်နိုင်ဦးမည်ကို ကျွန်ုပ်တို့မပြောနိုင်ပါ။ ထို့ကြောင့် စမ်းသပ်မှုများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ သူတစ်ပါးကိုကောင်းမွန်စွာဆက်ဆံတတ်ရန်နှင့် ယခု—ယနေ့—ပင် ယေဟောဝါ၏လုပ်ငန်းတော်၌ အကောင်းဆုံးကိုလုပ်ဆောင်ရန် ဉာဏ်ပညာရှိဖို့ ဆုတောင်းကြပါစို့! (ဒေ. ၉:၁၁; ယာကုပ် ၁:၅-၈) ယေဟောဝါသည် သမ္မာကျမ်းစာ၊ ဝိညာဉ်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းအားဖြင့် ကျွန်ုပ်တို့ကိုလမ်းညွှန်လျက်ရှိ၏။ (မဿဲ ၂၄:၄၅-၄၇; ၁ ကောရိန္သု ၂:၁၀; ၂ တိမောသေ ၃:၁၆၊ ၁၇) ဉာဏ်ပညာကိုကျင့်သုံးခြင်းက ‘ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးရှာ’ စေ၍ ယေဟောဝါအားဂုဏ်တင်ပြီး ကိုယ်တော့်နှလုံးကိုရွှင်ပြုံးစေသည့်နည်းဖြင့် ကျွန်ုပ်တို့၏နေ့ရက်များကိုအသုံးပြုကြရန် လှုံ့ဆော်ပေးသည်။ (မဿဲ ၆:၂၅-၃၃; သု. ၂၇:၁၁) ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ကိုးကွယ်ခြင်းက ကျွန်ုပ်တို့တွင် ပြဿနာများလုံးဝမရှိရတော့ဟု မဆိုလိုသော်လည်း အမှန်ပင် ရွှင်လန်းမှုများစွာရှိစေပါမည်။

ယေဟောဝါ၏ကောင်းချီးက ကျွန်ုပ်တို့ကိုရွှင်လန်းစေ

၂၀။ (က) ဘုရားသခင်သည် အဘယ်နည်းဖြင့် “ဝမ်းနည်း” သောစိတ်ရှိတော်မူသနည်း။ (ခ) ကျွန်ုပ်တို့သည် ကြီးလေးစွာပြစ်မှားမိသည့်တိုင် နောင်တစစ်တင်ပြမည်ဆိုလျှင် ကျွန်ုပ်တို့ကိုယေဟောဝါမည်သို့ဆက်ဆံတော်မူမည်နည်း။

၂၀ ကျန်ကြွင်းသည့် ဘဝတစ်လျှောက် ကျွန်ုပ်တို့ပျော်ရွှင်နိုင်မည်ဆိုလျှင် ကောင်းလိုက်မည်ဖြစ်ခြင်း! ယင်းနှင့်ပတ်သက်၍ မောရှေဤသို့အသနားခံသည်– “အိုထာဝရဘုရား ပြန်လာတော်မူပါ။ အဘယ်မျှလောက်ကြာရပါမည်နည်း။ ကိုယ်တော်၏ကျွန်တို့အတွက် နာကျင် [“ဝမ်းနည်း၊” ကဘ] သောစိတ်ရှိတော်မူပါ။ အကျွန်ုပ်တို့ကို ကရုဏာတော် [သို့မဟုတ်၊ “တည်ကြည်သောမေတ္တာတော်၊” ကဘ၊ အောက်ခြေမှတ်ချက်] နှင့် အလျင်အမြန်ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။” (ဆာလံ ၉၀:၁၃၊ ၁၄) ဘုရားသခင်သည် အမှားပြုတော်မမူချေ။ သို့ရာတွင် ယင်းလုပ်ရပ်နှင့်ပတ်သက်သော ဘုရားသခင်၏သတိပေးချက်ကိုရသောအခါ နောင်တရသည့်အပြစ်ပြုသူများသည် သူတို့၏သဘောထားနှင့်အကျင့်တို့ကို ပြောင်းလဲလျှင် ကိုယ်တော်သည် “ဝမ်းနည်း” တော်မူပြီး မိမိ၏အမျက်တော်နှင့် အပြစ်ဒဏ်စီရင်ခြင်းမှ “ကျောခိုင်း၊” တော်မူ၏။ (တရားဟောရာ ၁၃:၁၇) ထို့ကြောင့် ကျွန်ုပ်တို့ကြီးလေးစွာပြစ်မှားမိသည့်တိုင် စစ်မှန်သောနောင်တတင်ပြမည်ဆိုလျှင် ယေဟောဝါသည် ‘ကျွန်ုပ်တို့ကို ကရုဏာတော်နှင့်ရောင့်ရဲစေ’ ၍ကျွန်ုပ်တို့သည် ‘ရွှင်လန်းစွာဟစ်ကြွေး’ နိုင်စရာအကြောင်းရှိပါလိမ့်မည်။ (ဆာလံ ၃၂:၁-၅) ထို့အပြင် ဖြောင့်မတ်သောလမ်းစဉ်ကိုလိုက်ခြင်းအားဖြင့် ဘုရားသခင်၏တည်ကြည်သောမေတ္တာတော်ကို ကျွန်ုပ်တို့ခံစားရပြီး “တစ်သက်လုံး”—ကျန်ကြွင်းသည့်ဘဝတစ်လျှောက်—“ဝမ်းမြောက်ရွှင်လန်း” နိုင်ပါလိမ့်မည်။

၂၁။ ဆာလံ ၉၀:၁၅၊ ၁၆ ပါစကားများတွင် အဘယ်အရာအတွက် မောရှေအသနားခံနေခြင်းဖြစ်မည်နည်း။

၂၁ ဆာလံဆရာက ဤသို့ထက်သန်စွာဆုတောင်းသည်– “အကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသောနေ့ရက်ကာလ [ဆင်းရဲ] ခံရခဲ့ပြီးသောနှစ်ပေါင်းများသည်အတိုင်း ဝမ်းမြောက်ရသောအခွင့်ကို ပေးသနားတော်မူပါ။ အမှုတော်သည် ကိုယ်တော်ကျွန်တို့အားလည်းကောင်း၊ ဘုန်းတော်သည် သားမြေးတို့အားလည်းကောင်း ထင်ရှားပါစေသော။” (ဆာလံ ၉၀:၁၅၊ ၁၆) မောရှေသည် ဣသရေလလူတို့ ဝေဒနာခံခဲ့ရသည့်နေ့များနှင့်အညီ သို့မဟုတ် ဆင်းရဲခံခဲ့ရသောနှစ်များကြာရှည်သည်အတိုင်း သူတို့ကိုရွှင်လန်းဝမ်းမြောက်စေရန် ဘုရားသခင်အား တောင်းလျှောက်နေခြင်းဖြစ်ပေမည်။ ဣသရေလလူမျိုးကို ကောင်းချီးပေးသော ဘုရားသခင်၏ “အမှုတော်” ကို ကိုယ်တော့်ကျေးကျွန်များအား ထင်ရှားစေပြီး ကိုယ်တော့်ဘုန်းတော်သည် သူတို့၏သားစဉ်မြေးဆက်များအပေါ် ပြသရန် သူတောင်းဆိုခဲ့သည်။ ဘုရားသခင်ကတိထားရာကမ္ဘာသစ်၌ နာခံသောလူသားများအပေါ် ကောင်းချီးများသွန်းလောင်းပေးပါမည်အကြောင်း ကျွန်ုပ်တို့သင့်လျော်စွာ ဆုတောင်းနိုင်ကြ၏။—၂ ပေတရု ၃:၁၃။

၂၂။ ဆာလံ ၉၀:၁၇ အရ၊ အဘယ်အရာအတွက် ကျွန်ုပ်တို့သင့်လျော်စွာဆုတောင်းနိုင်ကြသနည်း။

၂၂ ဤအသနားခံချက်ဖြင့် ဆာလံ ၉၀ ကိုနိဂုံးချုပ်ထားသည်– “အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏ကျေးဇူးတော်သည် အကျွန်ုပ်တို့အပေါ်သို့ရောက်ပါစေသော။ အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ။” (ဆာလံ ၉၀:၁၇) ဘုရားသခင့်လုပ်ငန်းတော်၌ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများကို ကိုယ်တော်ကောင်းချီးပေးပါရန် သင့်လျော်စွာဆုတောင်းနိုင်ကြောင်း ထိုစကားများကဖော်ပြသည်။ ဝိညာဉ်တော်ဖွားခရစ်ယာန်များ သို့မဟုတ် သူတို့၏အပေါင်းပါ “အခြားသိုး” များအနေနှင့် ကျွန်ုပ်တို့အပေါ် ‘ယေဟောဝါ၏ကျေးဇူးတော်’ ကျရောက်သောကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ (ယောဟန် ၁၀:၁၆) ဘုရားသခင်၏နိုင်ငံတော်ကြွေးကြော်သူများအဖြစ်နှင့် အခြားနည်းများဖြင့် ‘ကျွန်ုပ်တို့ပြုသောအမှုတို့ကို ကိုယ်တော်မြဲမြံစေ’ သည့်အတွက် မည်မျှဝမ်းသာစရာပါတကား!

ကျွန်ုပ်တို့၏နေ့ရက်များကို ဆက်၍ရေတွက်ကြပါစို့

၂၃၊ ၂၄။ ဆာလံ ၉၀ ကိုတွေးတောဆင်ခြင်ခြင်းအားဖြင့် ကျွန်ုပ်တို့မည်သို့အကျိုးရရှိနိုင်သနည်း။

၂၃ ဆာလံ ၉၀ ကိုတွေးတောဆင်ခြင်ခြင်းက ကျွန်ုပ်တို့၏ ‘ခိုလှုံရာအစစ်’ ယေဟောဝါအပေါ်မှီခိုအားထားမှုကို တိုးပွားစေသင့်သည်။ ဘဝ၏တိုတောင်းမှုနှင့်ပတ်သက်၍ ၎င်းတွင်ပါသောစကားများကို ပြန်သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏နေ့ရက်များကိုရေတွက်ရာတွင် ဘုရားသခင့်လမ်းညွှန်မှုလိုအပ်ကြောင်း သာ၍သတိပြုတတ်လာသင့်သည်။ ဘုရားသခင့်ရေးရာဉာဏ်ပညာကို ကျွန်ုပ်တို့ဇွဲရှိရှိရှာဖွေ၍ ကျင့်သုံးမည်ဆိုလျှင် ယေဟောဝါ၏ကရုဏာတော်နှင့် ကောင်းချီးခံစားရဖို့သေချာသည်။

၂၄ ကျွန်ုပ်တို့၏နေ့ရက်များကို ရေတွက်တတ်ဖို့ ယေဟောဝါဆက်၍သွန်သင်ပေးပါလိမ့်မည်။ ကိုယ်တော့်သွန်သင်ချက်ကို ကျွန်ုပ်တို့လက်ခံမည်ဆိုလျှင် ကျွန်ုပ်တို့၏နေ့ရက်များကို ထာဝရဆက်၍ရေတွက်နိုင်ကြပါလိမ့်မည်။ (ယောဟန် ၁၇:၃) သို့သော် ထာဝရအသက်ကို ကျွန်ုပ်တို့ဆက်၍ရှုမျှော်ဖို့ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်ရပေမည်။ (ယုဒ ၂၀၊ ၂၁) နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ရှိကြရမည့်အတိုင်း ဤအချက်ကို အားရှိစရာကောင်းသော ဆာလံ ၉၁ ပါစကားများက အထင်အရှားဖော်ပြသည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါသည် အဘယ်နည်းဖြင့် ကျွန်ုပ်တို့၏ ‘ခိုလှုံရာအစစ်’ ဖြစ်သနည်း။

• ယေဟောဝါသည် ကျွန်ုပ်တို့ကိုကူညီပေးဖို့ အစဉ်အသင့်ရှိသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

• “ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်” ဖို့ကျွန်ုပ်တို့ကို ယေဟောဝါမည်သို့ထောက်ကူပေးသနည်း။

• ကျွန်ုပ်တို့ကို အဘယ်အရာက “တစ်သက်လုံး ဝမ်းမြောက်ရွှင်လန်း” စေသနည်း။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ယေဟောဝါသည် “တောင်များကိုမဖော် . . . မီ” ဘုရားသခင်ဖြစ်တော်မူ၏

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အသက် ၉၆၉ နှစ်ရှိသော မသုရှလသည် ယေဟောဝါ၏အမြင်၌ တစ်ရက်ပင်မပြည့်ဘဲ အသက်ရှင်ခဲ့သည်

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေဟောဝါသည် ‘ကျွန်ုပ်တို့ပြုသောအမှုတို့ကို မြဲမြံစေ’ တော်မူခဲ့ပြီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ