ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၇/၁၅ စာ. ၁၀-စာ. ၁၃ ပိုဒ်. ၁၁
  • ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏”
  • (ဆာလံ ၇၃:၁–၈၉:၅၂)
  • “ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုကောင်းချီးပေးကြလော့”
  • (ဆာလံ ၉၀:၁–၁၀၆:၄၈)
  • ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–
  • ‘ထာဝရဘုရားသခင်အား ထောမနာပြုကြလော့’
  • ဆာလံကျမ်းအပိုင်းတစ်မှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆာလံကျမ်းအပိုင်းငါးမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဘုရားသခင့်လမ်းညွှန်မှုဖြင့် သီကုံးစပ်ဆိုထားပြီး ကျွန်ုပ်တို့ကို နှစ်သိမ့်သွန်သင်ပေးသောသီချင်းများ
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ကြီးပွားခြင်းက သင့်ယုံကြည်ခြင်းအတွက် စမ်းသပ်ချက်ဖြစ်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၇/၁၅ စာ. ၁၀-စာ. ၁၃ ပိုဒ်. ၁၁

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ဆာလံကျမ်းအပိုင်းသုံးနှင့်အပိုင်းလေးမှ ပေါ်လွင်ချက်များ

ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခုတွင် ကိုယ်တော်အား ဆာလံဆရာ ဤသို့မေးထားသည်– “ကရုဏာတော်ကို  သင်္ချိုင်းတွင်း၌လည်းကောင်း၊ သစ္စာတော်ကို ပျက်စီးရာအရပ်၌လည်းကောင်း ကြားပြောရကြပါမည်လော။” (ဆာလံ ၈၈:၁၁) အဖြေမှာ မဟုတ်ပါ။ ကျွန်ုပ်တို့တွင် အသက်မရှိလျှင် ယေဟောဝါအား မချီးမွမ်းနိုင်ပေ။ ကျွန်ုပ်တို့အသက်ရှင်နေရခြင်းသည် ယေဟောဝါအားချီးမွမ်းရန်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းရန် အသက်ရှင်နေရခြင်းဖြစ်သည်။

ဆာလံ ၇၃ မှ ၁၀၆ အထိပါသော အပိုင်းသုံးနှင့်အပိုင်းလေးသည် ဖန်ဆင်းရှင်အား ချီးမွမ်းရန်နှင့် ကိုယ်တော့်နာမတော်ကို ဂုဏ်တင်ရန် အကြောင်းများစွာတင်ပြသည်။ ထိုဆာလံကျမ်းများကို သုံးသပ်ခြင်းက ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်’ ကို ကျေးဇူးတင်စိတ်ပို၍ရှိစေသင့်ပြီး ကိုယ်တော်အား များများချီးမွမ်းစေသည့်ပြင် ချီးမွမ်းစကား၏အရည်အသွေးကိုလည်း တိုးတက်စေသင့်သည်။ (ဟေဗြဲ ၄:၁၂) ထို့ကြောင့် ဆာလံအပိုင်းသုံးကို ဦးစွာ စိတ်ဝင်တစား သုံးသပ်ကြည့်ကြပါစို့။

“အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏”

(ဆာလံ ၇၃:၁–၈၉:၅၂)

ဆာလံအပိုင်းသုံးမှ ပထမ ၁၁ ပုဒ်ကို အာသ သို့မဟုတ် အာသအနွယ်ဝင်များ စပ်ဆိုခဲ့ခြင်းဖြစ်သည်။ လွဲချော်သောအတွေးအခေါ်ကြောင့် အာသ လမ်းလွဲမသွားစေရန် အဘယ်အရာက ကာကွယ်ပေးခဲ့ကြောင်း အဖွင့်သီချင်းတွင် ဖော်ပြထားသည်။ နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်အမှန်ကို ချနိုင်ခဲ့သည်။ သို့ဖြစ်၍ “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဟု သူစပ်ဆိုနိုင်လေသည်။ (ဆာလံ ၇၃:၂၈) ဆာလံ ၇၄ သည် ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ဆိုင်သည့် မြည်တမ်းစကားဖြစ်သည်။ ဆာလံ ၇၅၊ ၇၆ နှင့် ၇၇ တို့တွင် ယေဟောဝါအား ဖြောင့်မတ်သောတရားသူကြီး၊ နှိမ့်ချသောသူတို့၏ ကယ်တင်ရှင်နှင့် ဆုတောင်းသံကို နားညောင်းတော်မူရှင်အဖြစ် ပုံဖော်ထားသည်။ ဆာလံ ၇၈ တွင် မောရှေခေတ်မှ ဒါဝိဒ်ခေတ်တိုင် ဣသရေလလူတို့၏သမိုင်းကြောင်းကို ပြန်သုံးသပ်ထားပြီး ဆာလံ ၇၉ တွင် ဝတ်ပြုရာအိမ်တော်ပျက်စီးခြင်းအကြောင်း မြည်တမ်းထားသည်။ ထို့နောက် ဆာလံ ၈၀ သည် ဘုရားသခင့်လူမျိုးတော်၏ ပြည်တော်ပြန်ခြင်းနှင့်ဆိုင်သည့် ဆုတောင်းချက်ဖြစ်သည်။ ဆာလံ ၈၁ က ယေဟောဝါအားနာခံရန် နှိုးဆော်ချက်ဖြစ်ပြီး ဆာလံ ၈၂ နှင့် ၈၃ သည် အကျင့်ပျက်သောတရားသူကြီးများနှင့် ဘုရားသခင့်ရန်သူများကို တရားစီရင်ပေးပါရန် ဆုတောင်းချက်များဖြစ်သည်။

ကောရသားများစပ်ဆိုခဲ့သော တေးသီချင်းတစ်ပုဒ်တွင် ‘ထာဝရဘုရားသခင်၏တံတိုင်းတော်တို့ကို အကျွန်ုပ်၏ဝိညာဉ်သည်တသ၍ အားလျော့လျက်ရှိပါ၏’ ဟုဆိုသည်။ (ဆာလံ ၈၄:၂) ဆာလံ ၈၅ သည် သုံ့ပန်းဘဝမှပြန်လာသူများကို ဘုရားသခင်ကောင်းချီးပေးပါရန် တောင်းလျှောက်ခြင်းဖြစ်သည်။ ထိုဆာလံသီချင်းက ဝိညာဉ်ရေးကောင်းချီးများသည် ကာယရေးကောင်းချီးများထက် လွန်စွာအဖိုးထိုက်ကြောင်း အလေးအနက်ဖော်ပြသည်။ ဆာလံ ၈၆ တွင် ဒါဝိဒ်သည် မိမိကို ဘုရားသခင် ကာကွယ်လမ်းညွှန်ပေးပါရန် တောင်းလျှောက်သည်။ ဆာလံ ၈၇ သည် ဇိအုန်မြို့နှင့် ထိုတွင်မွေးဖွားခဲ့သူများအကြောင်း စပ်ဆိုထားသော တေးသီချင်းဖြစ်ပြီး ဆာလံ ၈၈ သည် ယေဟောဝါထံဆုတောင်းချက်ဖြစ်သည်။ ရှောလမုန်ခေတ်မှ ပညာရှိလေးဦးအနက်တစ်ဦးဖြစ်ပုံရသော ဧသန် စပ်ဆိုခဲ့သည့် ဆာလံ ၈၉ က ဒါဝိဒ်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်တွင် ပေါ်လွင်သော ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကို အလေးပေးဖော်ပြသည်။

ကျမ်းစာမေးခွန်းများ အဖြေ–

၇၃:၉—အဘယ်နည်းဖြင့် လူဆိုးတို့၏ “နှုတ်သည် ကောင်းကင်နှင့်ဆန့်ကျင်ဘက်ပြု၍ လျှာသည်လည်း မြေကြီးကိုလှည့်လည်တတ်” သနည်း။ လူဆိုးတို့သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ မည်သူ့ကိုမျှ အရေးမစိုက်သဖြင့် ဘုရားသခင်ကို ရှုတ်ချပြစ်တင်ရန် ဝန်မလေးကြပေ။ လူအချင်းချင်းကိုလည်း သူတို့လျှာဖြင့် ပုတ်ခတ်ပြောဆိုတတ်ကြသည်။

၇၄:၁၃၊ ၁၄—ယေဟောဝါသည် အဘယ်အချိန်တွင် ‘မိကျောင်းတို့၏ဦးခေါင်းကို ချိုးတော်မူပြီး လဝိသန်၏ဦးခေါင်းကိုနှိပ်စက်’ တော်မူသနည်း။ “အဲဂုတ္တုရှင်ဘုရင်ဖာရောမင်း” ကို နိုင်းမြစ်အလယ်၌နေသော “မိကျောင်းကြီး” ဟုခေါ်ထားသည်။ (ယေဇကျေလ ၂၉:၃) လဝိသန်သည် ဖာရောဘုရင်၏ စစ်သည်တော်များကို ပုံဆောင်ပေမည်။ သူတို့၏ဦးခေါင်းကို နှိပ်စက်ခြင်းက ဣသရေလလူများအား အီဂျစ်အချုပ်အနှောင်မှ ယေဟောဝါ လွတ်မြောက်စေသောအခါ ဖာရောနှင့်သူ၏စစ်တပ် အပြတ်အသတ်ရှုံးနိမ့်ခဲ့ခြင်းကို ဆိုလိုပုံရသည်။

၇၅:၄၊ ၅၊ ၁၀—“ဦးချို” ဟူသောအသုံးအနှုန်းက အဘယ်အရာကို ပုံတင်ပြသနည်း။ တိရစ္ဆာန်တစ်ကောင်၏ဦးချိုသည် အသုံးဝင်သောလက်နက်တစ်ခုဖြစ်သည်။ ထို့ကြောင့် “ဦးချို” ဟူသောအသုံးအနှုန်းက တန်ခိုး သို့မဟုတ် အစွမ်းခွန်အားကို ပုံဆောင်သည်။ ယေဟောဝါသည် မိမိလူမျိုးတော်၏ဦးချိုများကို ချီးမြှောက်ပြီး ‘မတရားသောသူတို့၏ ဦးချိုအပေါင်းကိုကား ချိုးတော်မူမည်။’ မာနထောင်လွှားသောသဘောထား တင်ပြခြင်းဖြင့် ကျွန်ုပ်တို့၏ “ဦးချိုကိုမချီးမြှောက်ကြ” ရန် သတိပေးထားသည်။ ယေဟောဝါသာ ချီးမြှောက်ခွင့်ရှိသောကြောင့် အသင်းတော်တာဝန်များကို ကိုယ်တော်ခန့်အပ်သည်ဟု ယူမှတ်ရမည်။—ဆာလံ ၇၅:၇။

၇၆:၁၀—“လူတို့၏ဒေါသသည်” ယေဟောဝါအား မည်သို့ချီးမွမ်းနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များဖြစ်သောကြောင့် ကျွန်ုပ်တို့ကို လူတို့ဒေါသထွက်ခြင်းသည် အကျိုးရှိနိုင်သည်။ ကျွန်ုပ်တို့ ကြုံတွေ့ရမည့် အခက်အခဲသည် ကျွန်ုပ်တို့အတွက် ပဲ့ပြင်မှုဖြစ်နိုင်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင်လေ့ကျင့်မှုပေးဖို့အတွက်လောက်သာ ဆင်းရဲခံစေပါသည်။ (၁ ပေတရု ၅:၁၀) ‘ကြွင်းသောဒေါသကိုလည်း ကိုယ်တော် ခါးပန်းစည်းတော်မူမည်။’ သေသည်အထိ ဆင်းရဲခံရမည်ဆိုလျှင်ကော။ ယင်းကလည်း ယေဟောဝါအား ချီးမွမ်းစရာဖြစ်စေနိုင်သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ တည်ကြည်မှုကို တွေ့မြင်သူတို့က ဘုရားသခင်အား ဂုဏ်တင်လာနိုင်သောကြောင့်ဖြစ်သည်။

၇၈:၂၃-၂၅—မန္နမုန့်ကို “ကောင်းကင်ဆန်စပါး” နှင့် “ကြီးမြတ်သောသူတို့၏အစာ” ဟု အဘယ်ကြောင့် ခေါ်ထားသနည်း။ မန္နမုန့်သည် ကောင်းကင်တမန်တို့၏အစာဖြစ်သည်ဟု ထိုအသုံးအနှုန်းများက မဆိုလိုပါ။ ယင်းသည် ကောင်းကင်မှကျလာသောကြောင့် “ကောင်းကင်မုန့်” ဖြစ်သည်။ (ဆာလံ ၁၀၅:၄၀) ကောင်းကင်တမန်များ သို့မဟုတ် “ကြီးမြတ်သောသူတို့” သည် ကောင်းကင်တွင်နေထိုင်ကြသောကြောင့် “ကြီးမြတ်သောသူတို့၏အစာ” ဟူသောစကားစုသည် ကောင်းကင်တွင်ကျိန်းဝပ်တော်မူသော ဘုရားသခင် ပြင်ဆင်ပေးသောအစာဟုသာ ဆိုလိုနိုင်သည်။ (ဆာလံ ၁၁:၄) ထို့ပြင် ဣသရေလလူမျိုးအတွက် မန္နမုန့်ချပေးရာတွင် ကောင်းကင်တမန်များကို ယေဟောဝါ အသုံးပြုခဲ့ပေမည်။

၈၂:၁၊ ၆—မည်သူတို့ကို “ဘုရား” များနှင့် “အမြင့်ဆုံးသောဘုရား၏သား” များဟုခေါ်ထားသနည်း။ ဣသရေလပြည်ရှိ တရားသူကြီးများကို ရည်ညွှန်းနေခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူများ၊ ကိုယ်စားလှယ်များဖြစ်ကြသောကြောင့် သူတို့ကို ထိုသို့ခေါ်ဆိုခြင်းက သင့်လျော်ပေသည်။—ယောဟန် ၁၀:၃၃-၃၆။

၈၃:၂—“ထကြပါ၏” ဟူသောစကားက အဘယ်အရာကို ဖော်ပြသနည်း။ ထိုအမူအရာသည် များသောအားဖြင့် ဆန့်ကျင်တိုက်ခိုက်ဖိနှိပ်ရန် အာဏာသုံးဖို့ သို့မဟုတ် အရေးယူဆောင်ရွက်ဖို့ အသင့်ရှိခြင်းကို ဖော်ပြသည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၇၃:၂-၅၊ ၁၈-၂၀၊ ၂၅၊ ၂၈။ လူဆိုးတို့၏ကြွယ်ဝချမ်းသာမှုကို ကျွန်ုပ်တို့မနာလိုမဖြစ်သင့်ချေ။ သူတို့၏ ဘာသာတရားမဲ့လမ်းစဉ်ကိုလည်း မလိုက်သင့်ချေ။ သူတို့သည် ချောသောမြေပေါ် ရပ်နေကြရာ အမှန်ပင် “ဖျက်ဆီးရာအရပ်သို့ချ” ခံကြရလိမ့်မည်။ ထို့ပြင် မစုံလင်သူများအုပ်ချုပ်နေသရွေ့ ဆိုးသွမ်းမှုပပျောက်နိုင်မည်မဟုတ်သဖြင့် ယင်းကို ဖယ်ရှားရန် ကြိုးစားခြင်းက အချည်းနှီးပင်ဖြစ်သည်။ ထို့ကြောင့် အာသကဲ့သို့ ကျွန်ုပ်တို့သည် “ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍” ကိုယ်တော်နှင့်ရင်းနှီးသော ဆက်ဆံရေးရှိခြင်းဖြင့် ဆိုးသွမ်းမှုကို ပညာရှိရှိ ရင်ဆိုင်ဖြေရှင်းနိုင်ကြမည်။

၇၃:၃၊ ၆၊ ၈၊ ၂၇။ ဝါကြွားခြင်း၊ မာနကြီးခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် လိမ်လည်ခြင်းတို့ကို သတိနှင့်ရှောင်သင့်သည်။ ထိုအကျင့်များရှိခြင်းသည် အကျိုးရှိသည်ဟု ထင်ရသည့်တိုင် ယင်းတို့ကိုရှောင်သင့်သည်။

၇၃:၁၅-၁၇။ ကိုယ်ကိုယ်တိုင် မရှင်းမလင်းဖြစ်နေသောအရာကို အခြားသူများအား ထုတ်မပြောဆိုသင့်ပါ။ ယင်းကိုပြောဆိုခြင်းက အခြားသူများအား စိတ်ဓာတ်ကျစရာသာဖြစ်စေနိုင်သည်။ ကိုယ့်ကိစ္စကိုယ် အေးအေးဆေးဆေး တွေးတောဆင်ခြင်ပြီးနောက် ယုံကြည်သူချင်းများနှင့် ပေါင်းဖော်ခြင်းဖြင့် ဆုံးဖြတ်ချက်ချသင့်သည်။—သု. ၁၈:၁၊ သမ္မာ။

၇၃:၂၁-၂၄။ လူဆိုးတို့ ကောင်းစားနေပုံရခြင်းကြောင့် ‘စိတ်နာ’ ခြင်းသည် အသိဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ တုံ့ပြန်ခြင်းနှင့်တူသည်။ ထိုသို့တုံ့ပြန်ခြင်းသည် စိတ်လိုက်မာန်ပါ ပြုမူခြင်းဖြစ်ပြီး ခံစားချက်ကိုသာ အဓိကထားခြင်းဖြစ်သည်။ ထိုသို့ပြုမည့်အစား ယေဟောဝါသည် ‘ကျွန်ုပ်တို့၏လက်ယာလက်ကို ကိုင်ဆွဲထားတော်မူ’ ပြီး ထောက်မလိမ့်မည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချလျက် ကိုယ်တော်လမ်းပြညွှန်ကြားသည့်အတိုင်း လိုက်လျှောက်သင့်သည်။ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့ကို မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိစေခြင်းဖြင့် “ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။”

၇၇:၆။ ဝိညာဉ်ရေးရာအမှန်တရားများကို မက်မောစွာ ဆည်းပူးလေ့လာ တွေးတောဆင်ခြင်ရန် အချိန်ပေးဖို့လိုသည်။ ကျွန်ုပ်တို့၏အသက်တာတွင် ကိုယ်ပိုင်အချိန်ရှိဖို့ အရေးကြီးလိုက်လေခြင်း!

၇၉:၉။ ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များ၊ အထူးသဖြင့် ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်စေရေးနှင့်ပတ်သက်သော ဆုတောင်းချက်များကို နားညောင်းတော်မူသည်။

၈၁:၁၃၊ ၁၆။ ယေဟောဝါ၏စကားကို နားထောင်ပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း လိုက်လျှောက်ခြင်းက ကြွယ်ဝသောကောင်းချီးများရရှိစေသည်။—သု. ၁၀:၂၂။

၈၂:၂၊ ၅။ မတရားမှုများကြောင့် ‘မြေကြီးတိုက်မြစ်အပေါင်းတို့ပင် လှုပ်ရှား’ နိုင်သည်။ မတရားမှုများသည် လူ့အဖွဲ့အစည်း၏တည်ငြိမ်မှုကို ယောက်ယက်ခတ်စေသည်။

၈၄:၁-၄၊ ၁၀-၁၂။ ဆာလံဆရာများသည် ယေဟောဝါအား ဝတ်ပြုသည့်နေရာကို ရိုသေလေးမြတ်ပြီး အမှုတော်ထမ်းခွင့်ရရှိထား၍ ရောင့်ရဲကျေနပ်နေကြသည်။ ယင်းက ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်သည်။

၈၆:၅။ ယေဟောဝါသည် သည်းခံခွင့်လွှတ်ရန်အသင့်ရှိသောကြောင့် ကျွန်ုပ်တို့ အမှန်တကယ် ကျေးဇူးတင်နိုင်ကြသည်။ ကိုယ်တော်သည် နောင်တယူသောအပြစ်ပြုသူတစ်ဦးကို ကရုဏာပြနိုင်ရန် အကြောင်းတစ်ခုခုရှိမရှိ အမြဲရှာဖွေနေတော်မူ၏။

၈၇:၅၊ ၆။ မြေကြီးပရဒိသုတွင် ထာဝရအသက်ရမည့်သူများသည် ကောင်းကင်သို့ ရှင်ပြန်ထမြောက်သွားသူများ၏ နာမည်များကို တစ်နေ့နေ့သိနိုင်ကြမည်လော။ ထိုအခန်းငယ်များအရ ဖြစ်နိုင်ခြေရှိပုံရသည်။

၈၈:၁၃၊ ၁၄။ ပြဿနာတစ်ခုခုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ယေဟောဝါ အတန်ကြာ အဖြေမပေးခြင်းသည် ကိုယ်တော်အပေါ် ကျွန်ုပ်တို့၏မှီခိုအားထားမှု စစ်မှန်မမှန် ဖော်ပြစေလို၍ဖြစ်နိုင်သည်။

“ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုကောင်းချီးပေးကြလော့”

(ဆာလံ ၉၀:၁–၁၀၆:၄၈)

ယေဟောဝါအား ချီးမွမ်းရသည့် အကြောင်းရင်းများစွာကို ဖော်ပြထားသည့် ဆာလံအပိုင်းလေးကို သုံးသပ်ကြည့်ပါ။ ဆာလံ ၉၀ တွင် မောရှေသည် “ထာဝရဘုရင်” တည်ရှိခြင်းကို လူ့သက်တမ်းတိုတောင်းမှုနှင့် နှိုင်းယှဉ်ထားသည်။ (၁ တိမောသေ ၁:၁၇၊ ကဘ) ဆာလံ ၉၁:၂ အရ မောရှေက ယေဟောဝါသည် ‘သူ၏ခိုလှုံရာ၊ သူ၏ရဲတိုက်၊’ လုံခြုံမှု၏ရင်းမြစ်ဖြစ်သည်ဟု ဆိုသည်။ ဆက်ဖတ်ရသောဆာလံကျမ်းအချို့သည် ဘုရားသခင်၏ မြတ်နိုးဖွယ်အရည်အသွေးများ၊ မြင့်မြတ်သောအကြံအစည်တော်များနှင့် အလွန်ကောင်းမွန်သောလုပ်ရပ်များအကြောင်း ဖော်ပြ၏။ ဆာလံသီချင်းသုံးပုဒ်က ‘ယေဟောဝါသည် စိုးစံတော်မူ၏’ ဟူ၍အစပြုထားသည်။ (ဆာလံ ၉၃:၁; ၉၇:၁; ၉၉:၁) ယေဟောဝါအား ဖန်ဆင်းရှင်အဖြစ်ဖော်ကျူးကာ ဆာလံဆရာသည် ကျွန်ုပ်တို့ကို “ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ကောင်းချီးပေးကြ” ရန် ဖိတ်ခေါ်သည်။—ဆာလံ ၁၀၀:၄။

ယေဟောဝါအားကြောက်ရွံ့သော အုပ်စိုးရှင်တစ်ဦးသည် ကိစ္စရပ်များကို မည်သို့ကိုင်တွယ်သင့်သနည်း။ ဘုရင်ဒါဝိဒ်စပ်ဆိုသော ဆာလံ ၁၀၁ တွင် အဖြေပေးထားသည်။ နောက်ဆာလံတစ်ပုဒ်က ယေဟောဝါသည် ‘ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ဆုတောင်းချက်ကို မှတ်တော်မူလိမ့်မည်’ ဟုဖော်ပြသည်။ (ဆာလံ ၁၀၂:၁၇) ဆာလံ ၁၀၃ က  ယေဟောဝါ၏ချစ်ခင်ကြင်နာမှုနှင့် ကရုဏာကို အာရုံစိုက်စေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်၏လက်ရာတော်များကိုရည်ညွှန်း၍ ဆာလံဆရာက “ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏” ဟုကြွေးကြော်ခဲ့သည်။ (ဆာလံ ၁၀၄:၂၄) အပိုင်းလေး၏နောက်ဆုံးသီချင်းနှစ်ပုဒ်တွင် ယေဟောဝါ၏ အံ့သြဖွယ်အမှုများအတွက် ကိုယ်တော်ကို ချီးမွမ်းထားသည်။—ဆာလံ ၁၀၅:၂၊ ၅; ၁၀၆:၇၊ ၂၂။

ကျမ်းစာမေးခွန်းများ အဖြေ–

၉၁:၁၊ ၂—‘အမြင့်ဆုံးသောဘုရားသခင်၏ ကွယ်ကာရာဌာနတော်’ ကားအဘယ်နည်း။ ထိုတွင် ကျွန်ုပ်တို့ မည်သို့ “နေ” ထိုင်နိုင်မည်နည်း။ ယင်းသည် ဝိညာဉ်ရေးဘက် အန္တရာယ်ကင်းဝေးစေသည့် လုံခြုံသော ပုံဆောင်အရပ်ဖြစ်သည်။ ဘုရားသခင်ကို အားမကိုးသူတို့သည် ထိုနေရာကိုမသိကြသောကြောင့် ယင်းသည် ကွယ်ကာရာဌာနဖြစ်သည်။ ယေဟောဝါအား ကျွန်ုပ်တို့၏ ခိုလှုံရာရဲတိုက်အဖြစ် ယူမှတ်ကာ စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ် ချီးမွမ်းထောမနာပြုခြင်းသာမက ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအားဖြင့် ထိုတွင် နေထိုင်နိုင်ကြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို ကူညီရန်အမြဲအသင့်ရှိကြောင်း သိထားကြသဖြင့် ဝိညာဉ်ရေးအရ လုံခြုံနေကြသည်။—ဆာလံ ၉၀:၁။

၉၂:၁၂—ဖြောင့်မတ်သောသူသည် “စွန်ပလွံပင်ကဲ့သို့” မည်သို့ “ပွင့်လန်း” သနည်း။ စွန်ပလွံပင်သည် တစ်နှစ်လုံးသီးပွင့်သည်။ ဖြောင့်မတ်သောသူသည် ယေဟောဝါရှေ့ ရိုးသားပြီး အကျင့်ကောင်းများပါဝင်သည့် “ကောင်းသောအသီး” သီးပွင့်နေသောကြောင့် စွန်ပလွံပင်နှင့်တူသည်။—မဿဲ ၇:၁၇-၂၀။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၉၀:၇၊ ၈၊ ၁၃၊ ၁၄။ ကျွန်ုပ်တို့အမှားပြုလုပ်တိုင်း စစ်မှန်သောဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပျက်ပြားသွားသည်။ ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်မမြင်ရလေအောင် လျှို့ဝှက်မထားနိုင်ပါ။ သို့သော် ကျွန်ုပ်တို့စစ်မှန်သောနောင်တရပြီး မှားသောလမ်းစဉ်ကို စွန့်လွှတ်မည်ဆိုလျှင် ယေဟောဝါ၏ မျက်နှာသာပြန်ရပြီး “ကျွန်ုပ်တို့ကို ကရုဏာတော်နှင့် . . . ရောင့်ရဲစေတော်မူ” ၏။

၉၀:၁၀၊ ၁၂။ လူ့အသက် တိုတောင်းလှသောကြောင့် ကျွန်ုပ်တို့၏ “နေ့ရက်ကာလကို ရေတွက်” သင့်သည်။ အဘယ်နည်းဖြင့်နည်း။ “ပညာတရားကိုနှလုံးသွင်း” ခြင်း သို့မဟုတ် ဉာဏ်ပညာကိုကျင့်သုံးခြင်းဖြင့် ကျန်ရှိသောနေ့ရက်များကို မဖြုန်းတီးပစ်ဘဲ ယေဟောဝါနှစ်သက်သည့်နည်းအတိုင်း နေထိုင်ခြင်းဖြင့်ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ရန် ဝိညာဉ်ရေးကိုဦးစားထားပြီး အချိန်ကိုပညာရှိရှိအသုံးပြုရန် လိုအပ်သည်။—ဧဖက် ၅:၁၅၊ ၁၆; ဖိလိပ္ပိ ၁:၁၀၊ ကဘ။

၉၀:၁၇။ “အကျွန်ုပ်တို့ပြုသောအမှုတို့ကိုလည်း အကျွန်ုပ်တို့အဖို့ မြဲမြံစေတော်မူပါ” ရန်၊ အမှုတော်ကြိုးစားထမ်းခြင်းကို ကောင်းချီးပေးပါရန် ယေဟောဝါထံ ဆုတောင်းသင့်သည်။

၉၂:၁၄၊ ၁၅။ သက်ကြီးရွယ်အိုများသည် သမ္မာကျမ်းစာကို လုံ့လဝီရိယရှိရှိလေ့လာပြီး ယေဟောဝါ၏လူမျိုးနှင့် မှန်မှန်ပေါင်းသင်းခြင်းဖြင့် “ကြွယ်ဝစိမ်းလန်း” ၍ ဝိညာဉ်ရေးအားကောင်းနေနိုင်မည်ဖြစ်ကာ အသင်းတော်အတွက် တန်ဖိုးရှိသူများဖြစ်နိုင်ကြသည်။

၉၄:၁၉။ အဘယ်အကြောင်းကြောင့်ပင် ကျွန်ုပ်တို့ “စိတ်များပြား” နေပါလေစေ သမ္မာကျမ်းစာပါ စိတ် “သက်သာ” မှုပေးသည့်စကားများကို ဖတ်ရှုဆင်ခြင်ခြင်းက နှစ်သိမ့်မှုရရှိစေသည်။

၉၅:၇၊ ၈။ ကျမ်းစာအကြံဉာဏ်ကို ဂရုပြုနားထောင်၍ လိုလိုလားလားလိုက်နာခြင်းက ခိုင်မာသောစိတ်နှလုံးရှိစေမည်မဟုတ်ပါ။—ဟေဗြဲ ၃:၇၊ ၈။

၁၀၆:၃၆၊ ၃၇။ ထိုအခန်းငယ်များက ရုပ်ပုံကိုးကွယ်ခြင်းသည် နတ်ဆိုးများထံ ယဇ်ပူဇော်ခြင်းနှင့် အတူတူဖြစ်ကြောင်းဖော်ပြသည်။ ထို့ကြောင့် ရုပ်ပုံများကို အသုံးပြုကိုးကွယ်သူတစ်ဦးသည် နတ်ဆိုးဩဇာအောက် ရောက်သွားနိုင်ကြောင်း ဖော်ပြသည်။ သမ္မာကျမ်းစာက ‘ရုပ်ပုံကိုးကွယ်ခြင်းကို ကြဉ်ရှောင်ကြ’ ရန် တိုက်တွန်းထားသည်။—၁ ယောဟန် ၅:၂၁။

‘ထာဝရဘုရားသခင်အား ထောမနာပြုကြလော့’

ဆာလံအပိုင်းလေး၏ နောက်ဆုံးသီချင်းသုံးပုဒ်သည် ‘ထာဝရဘုရားသခင်အား ထောမနာပြုကြလော့’ ဟူသောတိုက်တွန်းချက်နှင့် နိဂုံးချုပ်သည့်နည်းတူ ဆာလံ ၁၀၆ ကိုလည်း ယင်းနှင့်နိဒါန်းပျိုးသည်။ (ဆာလံ ၁၀၄:၃၅၊ ခမ; ၁၀၅:၄၄၊ ခမ; ၁၀၆:၁၊ ၄၈၊ ခမ) ‘ထာဝရဘုရားသခင်အား ထောမနာပြုကြလော့’ ဟူသောအသုံးအနှုန်းသည် ဆာလံအပိုင်းလေးတွင် မကြာခဏပါရှိသည်။

ယေဟောဝါအား ကျွန်ုပ်တို့ချီးမွမ်းရန် အကြောင်းများစွာရှိပါသည်။ ဆာလံ ၇၃ မှ ၁၀၆ ကိုဖတ်ရှုလေ့လာခြင်းက ကျွန်ုပ်တို့ကို စဉ်းစားတွေးတောစရာ များစွာရှိစေပြီး ကောင်းကင်ခမည်းတော်အား ကျေးဇူးတင်စိတ် တိုးပွားလာစေသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော်ပြုလုပ်ပေးခဲ့သမျှအားလုံးနှင့် အနာဂတ်တွင် ပြုလုပ်ပေးဦးမည့်အရာများကို စဉ်းစားဆင်ခြင်ကြသောအခါ ကျွန်ုပ်တို့၏အစွမ်းရှိသမျှနှင့် ကိုယ်တော်အား “ချီးမွမ်း” ကြရန် လှုံ့ဆော်ခံရသည် မဟုတ်ပေလော။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာသနည်းတူ “ဘုရားသခင့်ထံတော်သို့ချဉ်းကပ်” ခြင်းဖြင့် ဆိုးသွမ်းမှုကို ကျွန်ုပ်တို့ရင်ဆိုင်ဖြေရှင်းနိုင်ကြ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပင်လယ်နီတွင် ဖာရော စစ်ရှုံးခဲ့

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

မန္နမုန့်ကို “ကြီးမြတ်သောသူတို့၏အစာ” ဟု အဘယ်ကြောင့်ခေါ်ဆိုကြောင်း သင်သိသလော

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ “စိတ်များပြား” သောအခါ အဘယ်အရာက ယင်းတို့ကို ပြေပျောက်စေသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ