ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁/၁၅ စာ. ၁၅-၂၀
  • သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြိုတင်စဉ်းစား၍ဆုတောင်းပါ
  • ကြည်ညိုလေးမြတ်စွာ ဘုရားသခင်ထံချဉ်းကပ်ပါ
  • နှိမ့်ချသောစိတ်နှင့်ဆုတောင်းပါ
  • နှလုံးထဲမှဆုတောင်းပါ
  • ကျေးဇူးတင်ချီးမွမ်းရန်သတိရပါ
  • ဆုတောင်းရန် ဘယ်တော့မျှမရှက်လေနှင့်
  • ဆုတောင်းခြင်းမှနှစ်သိမ့်မှုရယူပါ
  • သစ္စာစောင့်သူများ ဆုတောင်းခြင်းတွင် စွဲမြဲခဲ့ကြ
  • သင်၏ဆုတောင်းချက်များက သင့်အကြောင်း အဘယ်အရာဖော်ပြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁/၁၅ စာ. ၁၅-၂၀

သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းခြင်း

“အရပ်ရပ်တို့၌ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်း [“သစ္စာစောင့်၊” ကဘ] သော လက်ကိုချီ၍ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။”—၁ တိမောသေ ၂:၈။

၁၊ ၂။ (က) ၁ တိမောသေ ၂:၈ သည် ယေဟောဝါ၏လူများနှင့်ပတ်သက်သော ဆုတောင်းချက်နှင့်မည်သို့သက်ဆိုင်သနည်း။ (ခ) ယခု အဘယ်အကြောင်းကိုသုံးသပ်ကြမည်နည်း။

ယေဟောဝါသည် မိမိ၏လူများကို ကိုယ်တော့်အပေါ်နှင့် အချင်းချင်းအပေါ် သစ္စာစောင့်စေလို၏။ တမန်တော်ပေါလုက သစ္စာစောင့်သိခြင်းနှင့် ဆုတောင်းခြင်းကို ဤသို့ဆက်စပ်ရေးသားခဲ့သည်– “အရပ်ရပ်တို့၌ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်း [“သစ္စာစောင့်၊” ကဘ] သောလက်ကိုချီ၍ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။” (၁ တိမောသေ ၂:၈) ပေါလုသည် ခရစ်ယာန်များစုဝေးသည့် “အရပ်ရပ်၌” လူထုရှေ့ဆုတောင်းခြင်းကို ရည်ညွှန်းနေဟန်ရှိ၏။ မည်သူတို့သည် အသင်းတော်အစည်းအဝေးများ၌ ဘုရားသခင့်လူများအတွက် ကိုယ်စားပြုဆုတောင်းကြရမည်နည်း။ ဘုရားသခင်နှင့်ပတ်သက်သော ကျမ်းပေးတာဝန်အားလုံးကိုဂရုတစိုက်လိုက်နာကြသော သန့်ရှင်းဖြောင့်မတ်ပြီး ရိုသေလေးမြတ်ဖွယ် အမျိုးသားများသာဖြစ်ကြသည်။ (ဒေ. ၁၂:၁၃၊ ၁၄) သူတို့သည် ဝိညာဉ်ရေးနှင့် အကျင့်တို့တွင် သန့်ရှင်းကြရပြီး ယေဟောဝါဘုရားသခင်အား ဧကန်ပင် ကြည်ညိုလေးမြတ်သူများဖြစ်ရမည်။

၂ အထူးသဖြင့် အသင်းတော်အကြီးအကဲများသည် ‘သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်း’ သင့်သည်။ ယေရှုခရစ်မှတစ်ဆင့် သူတို့လှိုက်လှိုက်လှဲလှဲတောင်းသော ဆုတောင်းချက်များသည် ဘုရားသခင်အားသစ္စာစောင့်သိကြောင်းတင်ပြပြီး အငြင်းအခုံများနှင့် အမျက်ဒေါသထွက်ခြင်းကိုရှောင်ရှားစေသည်။ အမှန်မှာ ခရစ်ယာန်အသင်းတော်ကိုယ်စား လူထုရှေ့ဆုတောင်းခွင့်ရသူ အဘယ်ယောက်ျားမဆိုသည် အမျက်ဒေါသ၊ မလိုတမာစိတ်၊ ယေဟောဝါနှင့်ကိုယ်တော့်အဖွဲ့အစည်းကိုသစ္စာမဲ့ခြင်းတို့ကင်းစင်သင့်သည်။ (ယာကုပ် ၁:၁၉၊ ၂၀) အခြားသူများကိုယ်စား လူထုရှေ့ဆုတောင်းခွင့်ရှိသူတို့အတွက် အဘယ်ကျမ်းစာလမ်းညွှန်ချက်များရှိသေးသနည်း။ ကျွန်ုပ်တို့သီးသန့်နှင့် မိသားစုလိုက်တောင်းသောဆုတောင်းချက်များတွင် လိုက်နာသင့်သော ကျမ်းစာမူတချို့ကားအဘယ်နည်း။

ကြိုတင်စဉ်းစား၍ဆုတောင်းပါ

၃၊ ၄။ (က) လူထုရှေ့ဆုတောင်းခြင်းကို ကြိုတင်တွေးတောထားခြင်းသည် အဘယ်ကြောင့်အကျိုးပြုသနည်း။ (ခ) ဆုတောင်းချက်များ၏အရှည်နှင့်ပတ်သက်၍ ကျမ်းစာကမည်သို့ဖော်ပြသနည်း။

၃ ကျွန်ုပ်တို့သည် လူထုရှေ့ဆုတောင်းဖို့တောင်းဆိုခံရမည်ဆိုလျှင် ဆုတောင်းနိုင်သည့်အချက်အလက်တချို့ကို ကြိုတင်စဉ်းစားထားနိုင်ပေသည်။ ဤသို့ပြုခြင်းသည် ရှည်လျား၍ ရောက်တတ်ရာရာတောင်းသည့် ဆုတောင်းချက်မျိုးမဖြစ်စေဘဲ သင့်တော်ပြီးအရေးကြီးသည့်အချက်အလက်များကို ခြုံငုံမိစေပေမည်။ ကျွန်ုပ်တို့၏သီးသန့်ဆုတောင်းချက်များကိုလည်း အသံထွက်ရွတ်နိုင်၏။ ယင်းတို့ကိုတိုစေနိုင်ရှည်စေနိုင်ပေသည်။ ယေရှုသည် တမန်တော် ၁၂ ပါးကိုမရွေးချယ်မီ တစ်ညလုံးဆုတောင်းခဲ့သည်။ သို့ရာတွင် မိမိ၏သေခြင်းအောက်မေ့ရာပွဲကျင်းပခဲ့ချိန်က မုန့်နှင့်စပျစ်ရည်အတွက် ကိုယ်တော်တောင်းသော ဆုတောင်းချက်များသည် တိုတုတ်သည်။ (မာကု ၁၄:၂၂-၂၄; လုကာ ၆:၁၂-၁၆) ယေရှု၏တိုတုတ်သောဆုတောင်းချက်များပင်လျှင် ဘုရားသခင်အပြည့်အဝလက်ခံဖွယ်ဖြစ်ခဲ့ကြောင်း ကျွန်ုပ်တို့သိကြရသည်။

၄ အစာမစားမီ မိသားစုတစ်စုကို ကျွန်ုပ်တို့ကိုယ်စားပြု ဆုတောင်းခွင့်ရသည် ဆိုကြပါစို့။ ယင်းဆုတောင်းချက်မျိုးသည် တိုတုတ်နိုင်သော်လည်း ပြောဆိုသမျှသည် အစားအစာအတွက် ကျေးဇူးတင်ကြောင်းဖြစ်သင့်သည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်အစည်းအဝေးမတိုင်မီ သို့မဟုတ် အစည်းအဝေးပြီးနောက် လူထုရှေ့ဆုတောင်းရလျှင် အချက်အလက်များစွာထည့်၍ ရှည်လျားစွာဆုတောင်းရန်မလိုချေ။ ယေရှုသည် ‘အပြစ်မပေါ်စေရန် ရှည်လျားစွာဆုတောင်းတတ်သည့်’ ကျမ်းတတ်များကိုပြစ်တင်ဝေဖန်ခဲ့သည်။ (လုကာ ၂၀:၄၆၊ ၄၇) ဘုရားတရားကိုင်းရှိုင်းသူတစ်ဦးသည် ထိုသို့ပြုလိုမည်မဟုတ်ချေ။ သို့သော် တစ်ခါတစ်ရံ အသင့်အတင့်ရှည်လျားသော ဆုတောင်းချက်ကို လူထုရှေ့ပြုရန် သင့်တော်ပေမည်။ ဥပမာ၊ အစည်းအဝေးတစ်ခု၏နိဂုံးတွင် ဆုတောင်းရန် ရွေးချယ်ခံရသောအကြီးအကဲတစ်ဦးသည် ကြိုတင်စဉ်းစားထားသင့်ပြီး အချက်အလက်များစွာ ထည့်တောင်းလိုပေမည်။ သို့တိုင် ယင်းဆုတောင်းချက်သည်ပင် မရှည်လျားလွန်းသင့်ပေ။

ကြည်ညိုလေးမြတ်စွာ ဘုရားသခင်ထံချဉ်းကပ်ပါ

၅။ (က) လူထုရှေ့ဆုတောင်းကြသောအခါ အဘယ်အရာကိုစိတ်ထဲထားသင့်သနည်း။ (ခ) အဘယ်ကြောင့် ရိုသေလေးစားစွာဆုတောင်းကြရမည်နည်း။

၅ ကျွန်ုပ်တို့သည် လူထုရှေ့ဆုတောင်းကြသောအခါ လူသားများကိုစကားပြောဆိုနေခြင်းမဟုတ်ကြောင်းသတိရသင့်သည်။ ယင်းအစား ကျွန်ုပ်တို့သည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ယေဟောဝါအား တိုးလျှိုးတောင်းခံပန်ကြားနေသည့် အပြစ်သားများဖြစ်ကြ၏။ (ဆာလံ ၈:၃-၅၊ ၉; ၇၃:၂၈) ထို့ကြောင့် ကျွန်ုပ်တို့ပြောဆိုသည့်စကား၊ ပြောဆိုပုံတို့ဖြင့် ကိုယ်တော့်စိတ်တော်နှင့်မတွေ့မည်ကို ရိုသေလေးမြတ်ဖွယ် စိုးရွံ့ကြောင်းဖော်ပြသင့်သည်။ (သု. ၁:၇) ဆာလံဆရာဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “အကျွန်ုပ်မူကား၊ များစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်နှင့် သန့်ရှင်းသောဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။” (ဆာလံ ၅:၇) ကျွန်ုပ်တို့၌ ယင်းသဘောထားမျိုးရှိမည်ဆိုလျှင် ယေဟောဝါသက်သေများ၏အစည်းအဝေးတွင် လူထုရှေ့ဆုတောင်းခွင့်ရသောအခါ မည်သို့တောင်းဆိုမည်နည်း။ လူသားရှင်ဘုရင်တစ်ဦးအား စကားပြောမည်ဆိုလျှင် ရိုသေလေးစားစွာပြောဆိုကြပါလိမ့်မည်။ ‘ထာဝရဘုရင်’ ယေဟောဝါအားကျွန်ုပ်တို့ဆုတောင်းခြင်းဖြစ်သောကြောင့် ထို့ထက်မက ရိုသေလေးစားမှုမပြသင့်ပေလော။ (ဗျာဒိတ် ၁၅:၃) ထို့ကြောင့် ဆုတောင်းသောအခါ “မင်္ဂလာပါ၊ ယေဟောဝါ၊” “ကျွန်တော်တို့ရဲ့မေတ္တာကိုပို့သလိုက်ပါတယ်၊” သို့မဟုတ် “ကောင်းသောနေ့ဖြစ်ပါစေ” စသည့်အပြောအဆိုမျိုးကိုရှောင်ရပေမည်။ ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်သည် မိမိ၏ကောင်းကင်ခမည်းတော်အား ထိုသို့တစ်ခါမျှမပြောဆိုခဲ့ဖူးကြောင်း ကျမ်းစာကဖော်ပြသည်။

၆။ ကျွန်ုပ်တို့သည် ‘ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်’ သောအခါ အဘယ်အရာကိုစိတ်စွဲမှတ်ထားသင့်သနည်း။

၆ ပေါလုကဤသို့ဆိုသည်– “ငါတို့သည် . . . လွတ်လပ်စွာပြောခွင့်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။” (ဟေဗြဲ ၄:၁၆၊ ကဘ) ကျွန်ုပ်တို့သည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြသောကြောင့် အပြစ်ရှိလျက်ပင် ယေဟောဝါထံ “လွတ်လပ်စွာပြောခွင့်နှင့်” ချဉ်းကပ်နိုင်သည်။ (တမန်တော် ၁၀:၄၂၊ ၄၃; ၂၀:၂၀၊ ၂၁) သို့တိုင် အဆိုပါ “လွတ်လပ်စွာပြောခွင့်” ဟူသည် ဘုရားသခင်နှင့်အာလာပသလ္လာပပြောခြင်းကိုမဆိုလိုပါ; ကိုယ်တော်အား မလေးမခန့်မပြောဆိုသင့်ချေ။ လူထုရှေ့တောင်းသော ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါအားနှစ်သက်စေလိုလျှင် လျောက်ပတ်သောရိုသေလေးစားမှုဖြင့် ဆုတောင်းရမည်ဖြစ်ပြီး ကြေညာချက်များ၊ လူများကိုသွန်သင်ချက်များပေးရန် သို့မဟုတ် ပရိသတ်ကို ပြစ်တင်ဆုံးမရန် ၎င်းတို့ကိုအသုံးပြုခြင်းသည် သင့်တော်မည်မဟုတ်ချေ။

နှိမ့်ချသောစိတ်နှင့်ဆုတောင်းပါ

၇။ ရှောလမုန်သည် ယေဟောဝါ၏ဗိမာန်တော်ဆက်ကပ်အပ်နှံပွဲတွင် ဆုတောင်းသောအခါ နှိမ့်ချမှုမည်သို့တင်ပြခဲ့သနည်း။

၇ လူထုရှေ့ဖြစ်စေ၊ သီးသန့်ဖြစ်စေဆုတောင်းလျှင် ဂရုစိုက်ရမည့်အရေးကြီးသောကျမ်းစာမူတစ်ခုမှာ ကျွန်ုပ်တို့၏ဆုတောင်းခြင်းတွင် နှိမ့်ချသောသဘောထားတင်ပြခြင်းဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၇:၁၃၊ ၁၄) ယေရုရှလင်မြို့ရှိ ယေဟောဝါ၏ဗိမာန်တော်အပ်နှံပွဲ၌ ဘုရင်ရှောလမုန်သည် လူထုရှေ့ဆုတောင်းရာတွင် နှိမ့်ချမှုတင်ပြခဲ့သည်။ ရှောလမုန်သည် ကမ္ဘာပေါ်ဆောက်လုပ်ခဲ့သမျှတွင် အခမ်းနားဆုံးအဆောက်အဦတစ်ခုကို ဆောက်လုပ်ပြီးခါစသာရှိသေး၏။ သို့တိုင် နှိမ့်ချစွာဤသို့ဆုတောင်းခဲ့သည်– “ဘုရားသခင်သည် မြေကြီးပေါ်မှာ ဧကန်အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့်ကောင်းကင်တကာတို့၏အထွတ် အမြင့်ဆုံးသောကောင်းကင်သည် ကိုယ်တော်ကိုမဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာရှိပါသနည်း။”—၃ ဓမ္မရာဇဝင် ၈:၂၇။

၈။ လူထုရှေ့ဆုတောင်းရာ၌ နှိမ့်ချမှုတင်ပြသောနည်းအချို့ကားအဘယ်နည်း။

၈ ရှောလမုန်ကဲ့သို့ ကျွန်ုပ်တို့သည် အခြားသူများကိုကိုယ်စားပြုကာ လူထုရှေ့ဆုတောင်းသောအခါ နှိမ့်ချသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားတရားကြည်ညိုဟန်လေသံမျိုးကိုရှောင်သင့်သော်လည်း နှိမ့်ချမှုကို ကျွန်ုပ်တို့၏အသံနေအသံထားဖြင့်ဖော်ပြနိုင်သည်။ နှိမ့်ချသောဆုတောင်းချက်များသည် စကားကြီးစကားကျယ် သို့မဟုတ် ဟန်ပိုလွန်းခြင်းဖြစ်မည်မဟုတ်ချေ။ ၎င်းတို့သည် ဆုတောင်းနေသူကိုမဟုတ်ဘဲ တိုင်တည်ဆုတောင်းခံရသူအား အာရုံပြုစေ၏။ (မဿဲ ၆:၅) ဆုတောင်းရာတွင် ပြောသောစကားအားဖြင့်လည်း နှိမ့်ချမှုကိုဖော်ပြသည်။ ကျွန်ုပ်တို့သည် နှိမ့်ချစွာဆုတောင်းကြမည်ဆိုလျှင် ကျွန်ုပ်တို့စိတ်ကြိုက် ဘုရားသခင်လုပ်ကိုင်ပေးရမည်ဟူသည့် လေသံမျိုးထွက်မည်မဟုတ်ချေ။ ယင်းအစား ကိုယ်တော်၏မြင့်မြတ်သောအလိုတော်နှင့်အညီ ပြုမူပေးပါရန် ယေဟောဝါအားတိုးလျှိုးတောင်းခံကြပါလိမ့်မည်။ ဆာလံဆရာက ဤသို့အသနားခံစဉ် လျောက်ပတ်သောသဘောထားကိုတင်ပြခဲ့သည်– “အိုထာဝရဘုရား ကယ်လွှတ်တော်မူပါ။ အိုထာဝရဘုရား၊ အထမြောက်စေတော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏။”—ဆာလံ ၁၁၈:၂၅၊ သမ္မာ; လုကာ ၁၈:၉-၁၄။

နှလုံးထဲမှဆုတောင်းပါ

၉။ ယေရှုပေးခဲ့သည့်အဘယ်ကောင်းသော သွန်သင်ချက်ကို မဿဲ ၆:၇ တွင်တွေ့ရပြီး ယင်းကိုမည်သို့လိုက်လျှောက်နိုင်သနည်း။

၉ ကျွန်ုပ်တို့၏လူထုရှေ့ သို့မဟုတ် သီးသန့်တောင်းသော ဆုတောင်းချက်များကို ယေဟောဝါအားနှစ်သက်စေလိုလျှင် နှလုံးထဲမှဖြစ်ရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြောဆိုရာကို မတွေးမတောဘဲ ပုံသေဆုတောင်းချက်တစ်ခုကို ထပ်ခါတလဲလဲရွတ်ဆိုနေလိမ့်မည်မဟုတ်ချေ။ ယေရှု၏တောင်ပေါ်တရားတော်တွင် ကိုယ်တော်က ဤသို့သွန်သင်ခဲ့သည်– . . . တစ်နည်းအားဖြင့် ယေရှုဤသို့ဆိုခဲ့သည်– “တွေ့ကရာမပြောနဲ့; အချည်းနှီးစကားကိုမမြွက်ဆိုနဲ့။”—မဿဲ ၆:၇၊ အောက်ခြေမှတ်ချက်။

၁၀။ ကိစ္စရပ်တစ်ခုကို တစ်ကြိမ်ထက်မကတောင်းခြင်းသည် အဘယ်ကြောင့်သင့်တော်သနည်း။

၁၀ ကိစ္စရပ်တစ်ခုအကြောင်းကို ထပ်ခါထပ်ခါဆုတောင်းရန် အမှန်လိုကောင်းလိုပေမည်။ ယေရှုက “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်” ဟုတိုက်တွန်းခဲ့သောကြောင့် ယင်းသို့ပြုခြင်းသည် မှားပေလိမ့်မည်မဟုတ်ချေ။ (မဿဲ ၇:၇) ယေဟောဝါသည် ဒေသန္တရဟောပြောခြင်းလုပ်ငန်းကို တိုးတက်နေစေသောကြောင့် ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်တစ်ခုလိုကောင်းလိုလာပေမည်။ (ဟေရှာယ ၆၀:၂၂) သီးသန့်ဆုတောင်းသောအခါ သို့မဟုတ် ယေဟောဝါလူများ၏အစည်းအဝေးများတွင် လူထုရှေ့ဆုတောင်းသောအခါ ဤလိုအပ်ချက်ကိုဖော်ပြလျက်နေခြင်းသည် သင့်လျော်ပေမည်။ ယင်းသို့ပြုခြင်းသည် ‘အချည်းနှီးသောစကားများကိုအထပ်ထပ်မြွက်ခြင်း’ မဟုတ်ချေ။

ကျေးဇူးတင်ချီးမွမ်းရန်သတိရပါ

၁၁။ ဖိလိပ္ပိ ၄:၆၊ ၇ သည်သီးသန့်ဆုတောင်းချက်၊ လူထုရှေ့ဆုတောင်းချက်နှင့်မည်သို့သက်ဆိုင်သနည်း။

၁၁ လူများစွာသည် တစ်စုံတစ်ခုတောင်းဖို့လောက်သာ ဆုတောင်းကြသော်လည်း ယေဟောဝါဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးသောကြောင့် သီးသန့်နှင့်လူထုရှေ့ဆုတောင်းရာတွင် ကိုယ်တော်အားကျေးဇူးတင်ချီးမွမ်းဖို့လှုံ့ဆော်ခံရသင့်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း. . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ အသနားခံပန်ကြားခြင်းနှင့် တိုးလျှိုးတောင်းခံခြင်းအပြင် ဝိညာဉ်ရေးနှင့်ကာယရေးကောင်းချီးများအတွက် ယေဟောဝါအားကျေးဇူးတင်ကြောင်းဖော်ပြသင့်သည်။ (သု. ၁၀:၂၂) ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောဘုရား၌ သစ္စာဝတ်ကိုဖြေလော့။” (ဆာလံ ၅၀:၁၄) ဒါဝိဒ်လှိုက်လှဲစွာသီဆိုခဲ့သည့် တေးသံတစ်ပုဒ်တွင် ဤထိမိသောစကားများပါဝင်သည်– “ငါသည် ဘုရားသခင်၏နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကိုချီးမွမ်းမည်။” (ဆာလံ ၆၉:၃၀) ကျွန်ုပ်တို့သည် လူထုရှေ့နှင့်သီးသန့်ဆုတောင်းရာတွင် ထိုသို့မပြုသင့်ပေလော။

၁၂။ ယနေ့ ဆာလံ ၁၀၀:၄၊ ၅ သည်မည်သို့ပြည့်စုံနေပြီး အဘယ်အရာအတွက် ဘုရားသခင်ကို ကျေးဇူးတင်ချီးမွမ်းနိုင်သနည်း။

၁၂ ဘုရားသခင်နှင့်စပ်လျဉ်း၍ ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ကျေးဇူးတော်ကြီးပါသည်ဟုဝန်ခံလျက်၊ တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း၍၊ နာမတော်ကိုကောင်းချီးပေးကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေသတည်း။” (ဆာလံ ၁၀၀:၄၊ ၅) ယနေ့၊ လူမျိုးအသီးသီးတို့သည် ယေဟောဝါ၏သန့်ရှင်းရာဌာနတန်တိုင်းတော်အတွင်းသို့ ဝင်ရောက်နေကြခြင်းကြောင့် ကိုယ်တော်အားကျေးဇူးတင်ချီးမွမ်းနိုင်ကြသည်။ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမအတွက် ကျေးဇူးတင်ကြောင်းဘုရားသခင်အား မြွက်ဟပြောဆိုပြီး ကိုယ်တော်အားချစ်မြတ်နိုးသူတို့နှင့်အတူ ထိုတွင်မှန်မှန်စည်းဝေးခြင်းအားဖြင့် သင်၏တန်ဖိုးထားလေးမြတ်မှုကိုဖော်ပြသလော။ ထိုတွင်ရှိစဉ် ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်အား ကျေးဇူးတင်ချီးမွမ်းခြင်းသီချင်းများကို နှလုံးပါစွာသီဆိုသလော။

ဆုတောင်းရန် ဘယ်တော့မျှမရှက်လေနှင့်

၁၃။ ကျွန်ုပ်တို့သည် အပြစ်ရှိခြင်းကြောင့် မထိုက်တန်ဟုခံစားနေမည်ဆိုလျှင်ပင် ယေဟောဝါအား အသနားခံပန်ကြားသင့်ကြောင်း ကျမ်းစာမှအဘယ်ပုံသက်သေကဖော်ပြသနည်း။

၁၃ ကျွန်ုပ်တို့သည် အပြစ်ရှိသောကြောင့်မထိုက်မတန်ဟုခံစားရသောအခါ၌ပင် ဘုရားသခင်အား စိတ်အားထက်သန်စွာ အသနားခံပန်ကြားသင့်သည်။ တိုင်းတစ်ပါးသူမိန်းမများနှင့် ထိမ်းမြားခြင်းဖြင့် ဂျူးများပြစ်မှားခဲ့ကြသောအခါ ဧဇရသည် ဒူးထောက်၍ သစ္စာစောင့်သောလက်ကိုချီပြီး ဘုရားသခင်ထံ နှိမ့်ချစွာ ဤသို့ဆုတောင်းခဲ့သည်– “အိုအကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တို့ပြုမိသောဒုစရိုက်တို့သည် အကျွန်ုပ်တို့ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသောအပြစ်သည် မိုးကောင်းကင်သို့မီပါ၏။ ဘိုးဘေးလက်ထက်မှစ၍ ယနေ့တိုင်အောင်၊ အလွန်ပြစ်မှားပါပြီ။ . . . အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားတည်းဟူသော ကိုယ်တော်သည် အကျွန်ုပ်တို့ခံထိုက်သမျှသော အပြစ်ဒဏ်ကိုပေးတော်မမူသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ပြုမိသောဒုစရိုက်အမှု၊ ကြီးစွာသောလွန်ကျူးခြင်းအပြစ်ကြောင့် ဤမျှလောက်ခံရပြီးမှလည်းကောင်း၊ ကိုယ်တော်သည် ဤမျှလောက်ချမ်းသာပေးတော်မူပြီးမှလည်းကောင်း၊ အကျွန်ုပ်တို့သည် ပညတ်တရားတော်တို့ကို တစ်ဖန်လွန်ကျူး၍၊ ဤရွံရှာဖွယ်အမှုတို့ကို ပြုတတ်သောလူမျိုးနှင့်ပေါင်းဖော်လျှင် တစ်ယောက်မျှမလွတ်၊ မကျန်ကြွင်းစေခြင်းငှာ အမျက်တော်ထွက်၍ အကျွန်ုပ်တို့ကိုဖျက်ဆီးတော်မူမည်မဟုတ်လော။ အိုဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ယနေ့အသက်လွတ်၍ ကျန်ကြွင်းသေးသောသူဖြစ်ပါ၏။ ကိုယ်အပြစ်များကိုရှေ့တော်၌တောင်းပန်ပါ၏။ ထိုအပြစ်ကြောင့် ရှေ့တော်၌နေရာမရနိုင်ပါ။”—ဧဇရ ၉:၁-၁၅; တရားဟောရာ ၇:၃၊ ၄။

၁၄။ ဧဇရခေတ်တွင်ဖော်ပြခဲ့သကဲ့သို့ ဘုရားသခင်၏ခွင့်လွှတ်မှုကိုရရန် အဘယ်အရာလိုအပ်သနည်း။

၁၄ ဘုရားသခင်၏ခွင့်လွှတ်မှုရရန် ကိုယ်တော်အားဝန်ချခြင်းသည် နောင်တနှင့်တွဲဖက်ပြီး “နောင်တရခြင်းနှင့်ထိုက်တန်သော အကျင့်ကိုကျင့်” ရမည်။ (လုကာ ၃:၈; ယောဘ ၄၂:၁-၆; ဟေရှာယ ၆၆:၂) ဧဇရခေတ်၌ နောင်တရသောသဘောထားသည် တိုင်းတစ်ပါးသူဇနီးများကိုစွန့်ခြင်းအားဖြင့် အမှားကိုကြိုးစားပြုပြင်မှုဒွန်တွဲခဲ့သည်။ (ဧဇရ ၁၀:၄၄; ၂ ကောရိန္သု ၇:၈-၁၃ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် ကြီးလေးသောအမှားများအတွက် ဘုရားသခင့်ခွင့်လွှတ်မှုရလိုလျှင် မိမိအပြစ်ကို နှိမ့်ချစွာဆုတောင်းဝန်ခံပြီး နောင်တနှင့်ထိုက်တန်သောအကျင့်များကိုကျင့်ကြစို့။ နောင်တရသောစိတ်နှင့် အမှားပြုပြင်လိုသည့်ဆန္ဒတို့က ခရစ်ယာန်အကြီးအကဲများ၏ဝိညာဉ်ရေးအကူအညီကိုရယူရန်လည်း လှုံ့ဆော်ခံရပါလိမ့်မည်။—ယာကုပ် ၅:၁၃-၁၅။

ဆုတောင်းခြင်းမှနှစ်သိမ့်မှုရယူပါ

၁၅။ ဆုတောင်းခြင်း၌နှစ်သိမ့်မှုရနိုင်ကြောင်း ဟန္န၏တွေ့ကြုံမှုက မည်သို့ဖော်ပြသနည်း။

၁၅ အကြောင်းတစ်ခုခုကြောင့် ကျွန်ုပ်တို့၏နှလုံးနာကျင်နေသောအခါ ဆုတောင်းခြင်းဖြင့် နှစ်သိမ့်မှုရနိုင်သည်။ (ဆာလံ ၅၁:၁၇; သု. ၁၅:၁၃) သစ္စာစောင့်သောဟန္နရခဲ့သည်။ ဣသရေလနိုင်ငံ၌ မိသားစုကြီးများရှိခြင်းသည် အစဉ်အလာဖြစ်နေချိန်တွင် သူအသက်ရှင်ခဲ့သော်လည်း သူ့မှာကလေးမရှိခဲ့ချေ။ မြုံနေသောဟန္နအားကဲ့ရဲ့သူ အခြားသောမယားပေနိန္နအားဖြင့် ခင်ပွန်းဖြစ်သူဧလကာနသည် သားသမီးများထွန်းကားခဲ့သည်။ ဟန္နသည် စိတ်အားထက်သန်စွာဆုတောင်းခဲ့ပြီး သားရစေမည်ဆိုလျှင် ‘တစ်သက်လုံးယေဟောဝါထံတော်၌အပ်ပါမည်’ ဟုကတိပြုခဲ့သည်။ မိမိ၏ဆုတောင်းချက်နှင့် ယဇ်ပုရောဟိတ်မင်းဧလိ၏စကားများအားဖြင့် နှစ်သိမ့်မှုရရှိခဲ့ပြီး ဟန္နသည် “နောက်တစ်ဖန်မျက်နှာညှိုးငယ်ခြင်းမရှိချေ။” သူသည် သားယောက်ျားကိုဖွားမြင်ပြီး ရှမွေလဟုအမည်မှည့်ခဲ့သည်။ နောက်ပိုင်း၌ ယေဟောဝါ၏သန့်ရှင်းရာဌာနတွင် အမှုဆောင်ရန်သူ့ကိုအပ်နှံခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁:၉-၂၈၊ သမ္မာ) မိမိကို ဘုရားသခင်ကြင်နာမှုပြသည့်အတွက် ကျေးဇူးတင်ကာ ယေဟောဝါအား တုနှိုင်း၍မရသောအရှင်အဖြစ်ချီးမြှောက်၍ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၁-၁၀) ဟန္နနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ တောင်းလေသမျှဆုကို နားညောင်းမည်ဟုစိတ်ချလျက် ဆုတောင်းခြင်းမှနှစ်သိမ့်မှုရယူနိုင်၏။ ကိုယ်တော်အား ကျွန်ုပ်တို့ရင်ဖွင့်သည့်အခါ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝန်ကိုပယ်ရှားပစ်မည် သို့မဟုတ် ယင်းကိုခံနိုင်စေမည်ဖြစ်ရာ “နောက်တစ်ဖန်ညှိုးငယ်ခြင်းမရှိ” ဘဲနေကြစို့။—ဆာလံ ၅၅:၂၂။

၁၆။ ယာကုပ်၏အဖြစ်အပျက်က ဖော်ပြသကဲ့သို့ ကျွန်ုပ်တို့ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်သောအခါ အဘယ်ကြောင့်ဆုတောင်းသင့်သနည်း။

၁၆ အခြေအနေတစ်ခုသည် ကြောက်ရွံ့မှု၊ နှလုံးနာကျင်မှု သို့မဟုတ် စိုးရိမ်ပူပန်မှုကိုဖြစ်စေမည်ဆိုလျှင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံမှ နှစ်သိမ့်မှုရယူရန် မပျက်ကွက်ကြစို့လေ။ (ဆာလံ ၅၅:၁-၄) ယာကုပ်သည် စိမ်းကားနေသောအစ်ကိုဧသောနှင့်တွေ့ မည့်ဆဲဆဲတွင် ကြောက်ရွံ့နေသည်။ သို့တိုင် ယာကုပ်ကဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်အဘအာဗြဟံ၏ဘုရားသခင်၊ အကျွန်ုပ်အဘဣဇာက်၏ဘုရားသခင်၊ ထာဝရဘုရား ကိုယ်တော်က၊ ‘သင်၏ပြည်၊ သင်၏အမျိုးသားချင်းတို့ထံသို့ ပြန်လော့။ ငါသည်သင်၌ကျေးဇူးပြုမည်’ ဟုမိန့်တော်မူပါပြီ။ ကိုယ်တော်ကျွန်၌ပြတော်မူသော ကရုဏာသစ္စာတော်အငယ်ဆုံးကိုမျှ အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤယော်ဒန်မြစ်ကို လက်စွဲတောင်ဝှေးနှင့်သာ ကူးပါ၏။ ယခုမူကား၊ အပေါင်းအသင်းနှစ်စုဖြစ်ပါ၏။ သို့ဖြစ်၍၊ အကျွန်ုပ်ကို အစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည်လာ၍ အကျွန်ုပ်ကိုလည်းကောင်း၊ သားမယားတို့ကိုလည်းကောင်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏။ ကိုယ်တော်က၊ ‘ငါသည် သင်၌အမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင်များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်’ ဟုမိန့်တော်မူပါပြီ။” (ကမ္ဘာဦး ၃၂:၉-၁၂) ဧသောသည် ယာကုပ်နှင့် သူ၏အခြံအရံတို့ကိုအနိုင်အထက်မပြုခဲ့ချေ။ ထို့ကြောင့် သမယတွင် ယေဟောဝါသည် ယာကုပ်ကို တကယ်ပင် “ကျေးဇူးပြု” ခဲ့သည်။

၁၇။ ဆာလံ ၁၁၉:၅၂ အရ အပြင်းအထန်စမ်းသပ်ခံရသောအခါ ဆုတောင်းခြင်းက မည်သို့နှစ်သိမ့်မှုပေးမည်နည်း။

၁၇ ကျွန်ုပ်တို့အသနားခံပန်ကြားနေကြစဉ် ဘုရားသခင့်နှုတ်မြွက်စကားတော်များတွင် ပြောထားရာကိုသတိရပြီး နှစ်သိမ့်မှုရခဲ့ကြပေမည်။ အရှည်လျားဆုံးဆာလံသီချင်း—တေးသံနှင့်တွဲ၍သီဆိုသည့် တင့်တယ်သောဆုတောင်းချက်—တစ်ပုဒ်တွင် “အိုထာဝရဘုရား၊ ရှေးကာလ၌စီရင်တော်မူချက်တို့ကို အကျွန်ုပ်အောက်မေ့၍ ကိုယ်ကိုကိုယ်နှစ်သိမ့်စေပါ၏” ဟုသီဆိုခဲ့သူသည် မင်းသားဟေဇကိဖြစ်ခဲ့ပေမည်။ (ဆာလံ ၁၁၉:၅၂) ကျွန်ုပ်တို့သည် အပြင်းအထန်စမ်းသပ်ခံရသောအခါ နှိမ့်ချစွာဆုတောင်းခြင်းဖြင့် ကောင်းကင်ခမည်းတော်၏ အလိုတော်နှင့်တွေ့စေကြောင်း နှစ်သိမ့်မှုပေးသောစိတ်ချမှုကိုဖြစ်စေသည့် လမ်းစဉ်ကိုလိုက်လျှောက်ရန်ကူညီပေးနိုင်သည့် ကျမ်းစာမူ သို့မဟုတ် ပညတ်တစ်ခုကို သတိရခဲ့ပေမည်။

သစ္စာစောင့်သူများ ဆုတောင်းခြင်းတွင် စွဲမြဲခဲ့ကြ

၁၈။ ‘သစ္စာစောင့်သိသူအပေါင်းတို့သည် ဘုရားသခင်ထံဆုတောင်းကြမည်’ ဟုအဘယ်ကြောင့်ပြောနိုင်သနည်း။

၁၈ ယေဟောဝါဘုရားသခင်အား သစ္စာစောင့်သိသူအားလုံးသည် “ဆုတောင်းခြင်းတွင်စွဲမြဲ” ကြလိမ့်မည်။ (ရောမ ၁၂:၁၂၊ ကဘ) ဗေသရှေဘနှင့်ပြစ်မှားပြီးမှ ဒါဝိဒ်ဖွဲ့ဆိုခဲ့ဟန်ရှိသည့် ဆာလံ ၃၂ တွင်ခွင့်လွှတ်ရန် မတောင်းပန်မိ၍ ခံစားခဲ့ရသောဝေဒနာနှင့် နောင်တယူကာ ဘုရားသခင်ထံဝန်ချခြင်းကြောင့်ရရှိခဲ့သည့် စိတ်သက်သာမှုအကြောင်းကို သူဖော်ပြခဲ့သည်။ သို့နှင့် ဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “ထိုကြောင့် [ယေဟောဝါသည် အမှန်နောင်တရသူများကိုခွင့်လွှတ်နိုင်တော်မူသောကြောင့်] ကိုယ်တော်ကိုတွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်း [“သစ္စာစောင့်၊” ကဘ] သူအပေါင်းတို့သည် ရှေ့တော်၌တောင်းလျှောက်ကြပါလိမ့်မည်။”—ဆာလံ ၃၂:၆။

၁၉။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် သစ္စာစောင့်သောလက်ကိုချီ၍ ဆုတောင်းသင့်သနည်း။

၁၉ ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကိုမြတ်နိုးကြမည်ဆိုလျှင် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကိုအခြေပြု၍ ကိုယ်တော်၏ကရုဏာခံစားရဖို့ ဆုတောင်းကြပါလိမ့်မည်။ ယုံကြည်ခြင်းဖြင့် ကရုဏာတော်နှင့် အခန့်သင့်အကူအညီရရှိရန် လွတ်လပ်စွာပြောခွင့်နှင့် ကျေးဇူးပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်နိုင်ပါသည်။ (ဟေဗြဲ ၄:၁၆) သို့သော် ဆုတောင်းရသည့်အကြောင်းရင်းများစွာရှိသည်! ထို့ကြောင့် ဘုရားသခင်အား လှိုက်လှိုက်လှဲလှဲကျေးဇူးတော်ချီးမွမ်းသည့်စကားများဖြင့် “မခြားမလပ်ဆုတောင်း . . . ကြ” စို့လေ။ (၁ သက်သာလောနိတ် ၅:၁၇) နေ့ရောညပါ သစ္စာစောင့်သိသောလက်ကိုချီ၍ ဆုတောင်းနေကြပါစို့။

သင်မည်သို့ဖြေမည်နည်း

◻ လူထုရှေ့ဆုတောင်းရာတွင် ကြိုတင်တွေးတောခြင်းသည် အဘယ်အကျိုးရှိသနည်း။

◻ ကျွန်ုပ်တို့သည် ရိုသေလေးစားစွာ အဘယ်ကြောင့်ဆုတောင်းသင့်သနည်း။

◻ ကျွန်ုပ်တို့သည် ဆုတောင်းရာတွင် အဘယ်စိတ်သဘောထားကိုတင်ပြသင့်သနည်း။

◻ ဆုတောင်းသောအခါ အဘယ်ကြောင့်ကျေးဇူးတော်ချီးမွမ်းဖို့ သတိရသင့်သနည်း။

◻ ဆုတောင်းခြင်းမှနှစ်သိမ့်မှုရယူနိုင်ကြောင်း သမ္မာကျမ်းစာကမည်သို့ဖော်ပြသနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရင်ရှောလမုန်သည် ယေဟောဝါ၏ဗိမာန်တော်ဆက်ကပ်အပ်နှံပွဲတွင် လူထုရှေ့ဆုတောင်းရာ၌နှိမ့်ချမှုတင်ပြခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဟန္နကဲ့သို့ သင်သည် ဆုတောင်းခြင်းမှနှစ်သိမ့်မှုရယူနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ