ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၃၃ စာ. ၁၉၇-စာ. ၂၀၀ ပိုဒ်. ၄
  • ခိုင်မာလျက်နှင့် လိမ္မာပါးနပ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခိုင်မာလျက်နှင့် လိမ္မာပါးနပ်ခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိမ္မာပါးနပ် သို့တိုင် ခိုင်မာမှုရှိခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • လိမ္မာပါးနပ်ခြင်း အတတ်ကို သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သတင်းကောင်းဝေငှခြင်း—ထိုးထွင်းဉာဏ်ဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • စကားလက်ဆုံ ပြောဆိုနိုင်စွမ်းများ တိုးတက်နိုင်ပုံ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၃၃ စာ. ၁၉၇-စာ. ၂၀၀ ပိုဒ်. ၄

သင်ခန်းစာ ၃၃

ခိုင်မာလျက်နှင့် လိမ္မာပါးနပ်ခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

အခြားသူများကို မလိုအပ်ဘဲထိခိုက်နစ်နာမှုမဖြစ်စေရန် သင်ပြောဆိုရာနှင့်တကွ အဘယ်သို့နှင့် အဘယ်အချိန်တွင်ပြောသည်ကို သတိအလိမ္မာရှိပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

သင်သည် လိမ္မာပါးနပ်ပါက လူတို့သည် သတင်းကောင်းကို အမြင်ကျယ်ကျယ်ဖြင့် နားထောင်လိုစိတ် ဖြစ်လာပေမည်။ လိမ္မာပါးနပ်မှုက ယုံကြည်သူချင်းများနှင့်ကောင်းသောဆက်ဆံရေး ထိန်းသိမ်းရန်လည်း ကူညီပေးမည်။

လိမ္မာပါးနပ်မှုဟူသည် အခြားသူများကို မလိုအပ်ဘဲထိခိုက်နစ်နာမှုမရှိ ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် စွမ်းရည်ဖြစ်သည်။ ယင်း၌ အကြောင်းအရာများကို မည်သို့နှင့်မည်သည့်အချိန်တွင် ပြောဆိုနိုင်ကြောင်းတို့ကို သိရှိခြင်း ပါဝင်သည်။ ယင်းက မှန်ကန်ရာကို အလျှော့ပေးလိုက်လျောခြင်း သို့မဟုတ် အဖြစ်မှန်များကို ကပြောင်းကပြန်လုပ်ပစ်ခြင်းသဘော မသက်ရောက်ပါ။ လိမ္မာပါးနပ်မှုကို လူကိုကြောက်ရွံ့ခြင်းနှင့် မရောထွေးသင့်ချေ။—သု. ၂၉:၂၅။

ဝိညာဉ်အသီးသည် လိမ္မာပါးနပ်မှုရှိဖို့ အကောင်းဆုံးအုတ်မြစ်ကို ချပေးသည်။ သို့ဖြစ်၍ မေတ္တာဖြင့် လှုံ့ဆော်ခံရသူတစ်ဦးသည် အခြားသူများကို အမျက်မဆွပေးလိုပေ; သူတို့ကို ကူညီပေးလိုသည်။ ကြင်နာပြီး နူးညံ့သိမ်မွေ့သောသူသည် သူ၏လုပ်ပုံလုပ်နည်းတွင် ညင်သာသည်။ အသင့်အတင့်နေတတ်သောသူသည် အခြားသူများနှင့် ကောင်းသောဆက်ဆံရေးကို တိုးမြှင့်စေသည့်နည်းလမ်းများအား ရှာဖွေသည်။ လူတို့၏အပြုအမူသည် ခက်ထန်ကြမ်းတမ်းနေသည့်တိုင် စိတ်ရှည်သောလူတစ်ဦးသည် အေးဆေးတည်ငြိမ်သည်။—ဂလ. ၅:၂၂၊ ၂၃။

သို့သော် သမ္မာကျမ်းစာ၏သတင်းတရားကို မည်သို့ပင်တင်ဆက်ပါစေ လူအချို့ အပြစ်မြင်ဗွေယူကြလိမ့်မည်။ ပထမရာစု ဂျူးအများစု၏ ဆိုးယုတ်သောနှလုံးအခြေအနေကြောင့် ခရစ်တော်ယေရှုသည် သူတို့အတွက် “ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်” ဖြစ်လာခဲ့သည်။ (၁ ပေ. ၂:၇၊ ၈) ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ယေရှုက “မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း” ဟုမိန့်တော်မူခဲ့သည်။ (လု. ၁၂:၄၉) ထို့အပြင် မိမိတို့ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လူသားများအသိအမှတ်ပြုရန်လိုအပ်ချက်ပါဝင်သည့် ယေဟောဝါ၏နိုင်ငံတော်သတင်းတရားသည် လူသားထုနှင့် ထိပ်တိုက်ရင်ဆိုင်သည့် အရေးပေါ်ကိစ္စ ဆက်လက်ဖြစ်နေသည်။ ဘုရားသခင့်နိုင်ငံတော်သည် လက်ရှိဆိုးယုတ်သော အစီအစဉ်စနစ်ကို မကြာမီ ဖယ်ရှားပစ်တော့မည်ဟူသည့် သတင်းတရားကို လူများစွာတို့က အပြစ်ရှာဗွေယူကြသည်။ သို့တိုင်၊ ဘုရားသခင်အား နာခံကာ ကျွန်ုပ်တို့ဆက်၍ဟောပြောကြသည်။ သို့သော် ထိုသို့ဟောပြောနေစဉ် ကျမ်းစာ၏ ဤအကြံပေးချက်ကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားသည်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။”—ရော. ၁၂:၁၈။

သက်သေခံသည့်အခါ လိမ္မာပါးနပ်မှုရှိခြင်း။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ အခြားသူများအား ဟောပြောကြသည့်အခြေအနေများစွာရှိသည်။ မှန်ပါသည်၊ လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ဟောပြောကြသော်လည်း ဆွေမျိုးများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့်အတူ ရှိသည့်အခါတွင်လည်း လျောက်ပတ်သည့် အခွင့်အရေးများ ရှာဖွေကြသည်။ ဤအခြေအနေအားလုံးတွင် လိမ္မာပါးနပ်မှု လိုအပ်ပေသည်။

သူတို့ကို ပြစ်တင်ဆုံးမနေသည်ဟု အခြားသူများအား ခံစားစေသည့်နည်းဖြင့် နိုင်ငံတော်သတင်းတရားကို ကျွန်ုပ်တို့တင်ဆက်ပါက ယင်းကို သူတို့ မခံချိမခံသာဖြစ်ကြပေမည်။ သူတို့ အကူအညီမတောင်းခံကြသည့်အပြင် ယင်းကို လိုအပ်သည်ဟု မယူဆထားကြသည့်အခါ သူတို့၌ တည့်မတ်ပေးဖို့လိုနေသည်ဟု စောင်းပါးရိပ်ခြည်ဆိုလိုက်လျှင် သူတို့နှစ်သက်ကြမည်မဟုတ်ချေ။ အထင်မှားခြင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်ကြဉ်နိုင်သနည်း။ ရင်းနှီးစွာ စကားလက်ဆုံပြောခြင်းအတတ်ပညာကို သင်ယူခြင်းက အကူအညီဖြစ်စေနိုင်သည်။

အခြားသူအား စိတ်ဝင်စားစေမည့် အကြောင်းအရာကို တင်ပြပေးခြင်းအားဖြင့် စကားလက်ဆုံပြောဆိုခြင်းကို အစပြုရန်ကြိုးပမ်းပါ။ ထိုသူသည် ဆွေမျိုးသားချင်းတစ်ဦး၊ လုပ်ဖော်ဆောင်ဖက်တစ်ဦး သို့မဟုတ် ကျောင်းနေဖက်တစ်ဦးဖြစ်လျှင် သူ့အားစိတ်ဝင်စားစေသည့်အရာကို သင်သိထားပြီးဖြစ်မည်။ အကယ်၍ ထိုသူကို ယခင်က မတွေ့ဖူးလျှင်ပင် ကြားသိခဲ့ရသည့်သတင်း သို့မဟုတ် ဖတ်ရှုခဲ့ရသည့်သတင်းစာမှ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုနိုင်ပေသည်။ များသောအားဖြင့် ထိုသို့သောအကြောင်းအရာများသည် များစွာသောလူတို့၏ စိတ်တွင်ရှိသောအရာ ဖြစ်နေတတ်သည်။ သင်သည် တစ်အိမ်မှတစ်အိမ် လုပ်ဆောင်နေသည့်အခါ မျက်စိရှင်ရှင်ထားပါ။ အိမ်နှင့်ခြံဝင်းတို့ကိုပြင်ဆင်ထားပုံ၊ ဘာသာရေးအသုံးအဆောင်ပစ္စည်းများနှင့် ကားအဝင်အထွက်၌ ရပ်နားထားသော ကားတစ်စီးပေါ်တွင်ကပ်ထားသည့် ဘန်ပါစာတန်းများသည် အိမ်ရှင်စိတ်ဝင်စားရာများကို ထပ်ဆင့်ဖော်ပြပေးနိုင်သည့်အရာများ ဖြစ်နိုင်သည်။ အိမ်ရှင်တံခါးဝသို့ရောက်လာသောအခါ သူပြောဆိုစဉ် နားထောင်ပေးပါ။ သူပြောဆိုသည့်အရာက သူ၏စိတ်ဝင်စားရာများ၊ ရှုမြင်သုံးသပ်ချက်နှင့်ပတ်သက်၍ သင့်ကောက်ချက်များကို အတည်ပြုပေးသည်ဖြစ်စေ၊ ပြုပြင်ပေးမည်ဖြစ်စေ ယင်းက သက်သေခံရန် သင်သုံးသပ်ဖို့လိုအပ်သည့် ထပ်ဆင့်တင်ပြချက်များကို ရသွားစေမည်။

စကားလက်ဆုံပြောဆိုမှု အရှိန်ရလာသည်နှင့်အမျှ သမ္မာကျမ်းစာနှင့် အကြောင်းအရာနှင့်ပတ်သက်မှုရှိသော ကျမ်းစာအခြေပြုစာပေများမှ အချက်များကို ဝေမျှပေးပါ။ သို့သော် တစ်ဖက်သတ်ဒိုင်ခံမပြောပါနှင့်။ (ဒေ. ၃:၇) အကယ်၍ အိမ်ရှင်သည် ဆွေးနွေးခန်းတွင် ပါဝင်လိုသည့်ဆန္ဒရှိပါက သူ့အား ပါဝင်စေပါ။ သူ၏အမြင်များနှင့် ယူဆချက်များကို စိတ်ဝင်စားမှုရှိပါ။ ယင်းတို့သည် လိမ္မာပါးနပ်မှုပြရန် လိုအပ်သော သဲလွန်စများကိုပေးပေမည်။

အကြောင်းအရာများကိုမပြောမီ ယင်းတို့ကို အခြားသူ မည်သို့ရှုမြင်မည်ကို ထည့်စဉ်းစားပါ။ သုတ္တံ ၁၂:၈၊ (ကဘ) က “လိမ္မာသိုသိပ်မှုရှိသောနှုတ်” ကို ချီးမွမ်းထားသည်။ ဤတွင် အသုံးပြုထားသည့် ဟေဗြဲအသုံးအနှုန်းကို ထိုးထွင်းသိမြင်မှုနှင့် မြော်မြင်ဆင်ခြင်တတ်မှုကဲ့သို့သော အယူအဆများနှင့် တွဲဖက်ထားသည်။ သို့ဖြစ်၍ ပညာသတိရှိခြင်းတွင် ပညာရှိစွာပြုမူရန် ကိစ္စတစ်ရပ်ကို နှိုက်နှိုက်ချွတ်ချွတ် တွေးတောခြင်းကြောင့် အပြောအဆိုတွင် သတိရှိရှိနှုတ်စောင့်စည်းခြင်းပါဝင်သည်။ သုတ္တံကျမ်း၏ အဆိုပါအခန်းကြီး၏ အခန်းငယ် ၁၈ (သမ္မာ) က “သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲပြောခြင်း” ကိုရှောင်ရန် သတိပေးထားသည်။ တစ်ပါးသူကို မထိခိုက်စေဘဲ ကျမ်းစာအမှန်တရားကို ထောက်ခံနိုင်ပါသည်။

စကားလုံးများရွေးချယ်ရာတွင် ပိုင်းခြားသိမြင်မှု ပြသရုံမျှဖြင့် မလိုအပ်သောအနှောင့်အယှက် ဖြစ်ပေါ်ခြင်းကို ရှောင်ကြဉ်စေနိုင်မည်။ အကယ်၍ “သမ္မာကျမ်းစာ” ဟူသည့်စကားလုံးကို အသုံးပြုခြင်းက စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေလျှင် “အထွတ်အမြတ်ကျမ်းဂန်” သို့မဟုတ် “ယခု ဘာသာစကားပေါင်း ၂,၀၀၀ ကျော်ဖြင့် ထုတ်ဝေနေသည့် စာအုပ်တစ်အုပ်” အစရှိသော အသုံးအနှုန်းတစ်ခုကို အသုံးပြုနိုင်ပေသည်။ အကယ်၍ သမ္မာကျမ်းစာကို သင်ရည်ညွှန်းပါက ၎င်းနှင့်ပတ်သက်၍ ထိုသူ၏ထင်မြင်ချက်ကို မေးမြန်းနိုင်ပြီး ကျန်ရှိသောစကားစမြည်ပြောဆိုမှုအတောအတွင်း သူ၏မှတ်ချက်များကို ထည့်တွက်စဉ်းစားပါ။

လိမ္မာပါးနပ်မှုရှိခြင်း၌ ကိစ္စရပ်များပြောသင့်သည့်အချိန်ကို ဆုံးဖြတ်ခြင်း ပါဝင်လေ့ရှိသည်။ (သု. ၂၅:၁၁) တစ်ဖက်သားပြောသည့်အရာအားလုံးကို သင် သဘောတူမည်မဟုတ်သော်လည်း ထိုသူဖော်ပြသည့်ရှုမြင်ချက်သည် ကျမ်းစာနှင့်မညီညွတ်လျှင်ပင် ယင်းကို စောဒကတက်စရာမလိုပါ။ အိမ်ရှင်အား တစ်ကြိမ်တည်းဖြင့် အားလုံးပြောပြရန် မကြိုးစားပါနှင့်။ မိမိ၏တပည့်တော်များအား ယေရှု ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း သင်တို့သည် ယခုမခံနိုင်ကြ။”—ယော. ၁၆:၁၂။

ဖြစ်နိုင်ပါက သင်စကားပြောဆိုနေသူတို့ကို အရိုးခံစိတ်ဖြင့် ချီးမွမ်းပါ။ ငြင်းခုံတတ်သော အိမ်ရှင်ဖြစ်သည့်တိုင် တစ်စုံတစ်ရာသောရှုမြင်ပုံ ကိုင်စွဲထားခြင်းအတွက် သူ့အား ချီးမွမ်းနိုင်ပါသေးသည်။ အေသင်မြို့ရှိ အာရေတောင်၌ အတွေးအခေါ်ပညာရှင်များနှင့် စကားပြောဆိုသည့်အခါ တမန်တော်ပေါလုဤသို့ပင်ချီးမွမ်းခဲ့သည်။ အတွေးအခေါ်ပညာရှင်များသည် “ပေါလုနှင့်ဆိုင်ပြိုင်” ငြင်းခုံကြသည်။ သူသည် တစ်ပါးသူကိုမထိခိုက်စေဘဲ မိမိ၏လိုရင်းချက်ကို မည်သို့တင်ပြနိုင်ခဲ့သနည်း။ အစတွင် သူတို့ဘုရားများအတွက် ဆောက်လုပ်ထားသည့် ယဇ်ပလ္လင်များစွာတို့ကို သူတွေ့ရှိခဲ့သည်။ သူတို့၏ ရုပ်တုကိုးကွယ်မှုအတွက် အေသင်မြို့သားများအား အပြစ်တင်မည့်အစား သူတို့၏ခိုင်မာသော ဘာသာရေးယုံကြည်မှုများကို လိမ္မာပါးနပ်စွာ ချီးမွမ်းခဲ့သည်။ ပေါလုဤသို့ဆိုသည်– “သင်တို့သည် ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။” ဤချဉ်းကပ်မှုက ဘုရားမှန်နှင့်ပတ်သက်သည့် သူ၏သတင်းတရားကို တင်ဆက်ရန် လမ်းဖွင့်ပေးခဲ့သည်။ အကျိုးရလဒ်အနေနှင့် အချို့ ယုံကြည်သူများဖြစ်လာကြသည်။—တ. ၁၇:၁၈၊ ၂၂၊ ၃၄။

ကန့်ကွက်မှုများ ပေါ်ပေါက်လာပါက အလွန်အမင်း စိတ်လှုပ်ရှားမှုမဖြစ်ပါနှင့်။ အေးဆေးတည်ငြိမ်ပါ။ ယင်းတို့အား လူတစ်ဦး၏တွေးခေါ်ပုံကို သိမြင်နားလည်နိုင်သည့် အခွင့်အရေးများအဖြစ် ရှုမြင်ပါ။ သူ၏အမြင်များကို ဖော်ပြပေးခြင်းကြောင့် သူ့ကို သင်ကျေးဇူးတင်နိုင်ပေသည်။ “ကျွန်တော့်မှာ ကိုယ်ပိုင်ဘာသာရှိတယ်” ဟု ရုတ်တရက် သူပြောဆိုလာပါက အသို့နည်း။ လိမ္မာပါးနပ်သည့်နည်းဖြင့် သင်ဤသို့မေးမြန်းနိုင်ပေသည်– “မိတ်ဆွေဟာ ဘဝတစ်လျှောက်လုံး ဘာသာတရားကိုင်းရှိုင်းခဲ့တာပေါ့နော်။” ထို့နောက် ထိုသူတုံ့ပြန်အပြီးတွင် ဤသို့ထပ်ဆင့်၍ပြောနိုင်သည်– “တစ်နေ့ကျရင် လူသားတွေဟာ တစ်ဘာသာတည်းမှာ စုစည်းလာကြမယ်လို့ မိတ်ဆွေထင်သလား။” ယင်းက ထပ်ဆင့်စကားပြောဆိုရန် လမ်းပွင့်သွားနိုင်ပေမည်။

မိမိတို့တွင် တော်မှန်သောအမြင်ရှိထားခြင်းက ကျွန်ုပ်တို့အား လိမ္မာပါးနပ်မှုရှိရန် ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏နည်းလမ်းတော်များ၏ ဖြောင့်မတ်မှုနှင့် ကိုယ်တော့်စကားတော်၏ မှန်ကန်မှုကို ခိုင်မာစွာ ယုံကြည်စိတ်ချကြသည်။ ဤအရာများနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချမှုဖြင့် ဟောပြောကြသည်။ သို့သော် မိမိကိုယ်ကို ကိုယ့်သဘောအလျောက် ဖြောင့်မတ်သည်ဟုထင်ရန် အကြောင်းမရှိပါ။ (ဒေ. ၇:၁၅၊ ၁၆) အမှန်တရားကိုသိရှိခွင့်နှင့် ယေဟောဝါ၏ကောင်းချီးခံစားခွင့်ရသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသော်လည်း ကိုယ်တော်၏နှစ်သက်မှုကို ကျွန်ုပ်တို့ရရှိခြင်းမှာ ကိုယ်တော်၏မခံစားထိုက်သော ကြင်နာမှုနှင့် ခရစ်တော်၌ ကျွန်ုပ်တို့ယုံကြည်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ဖြောင့်မတ်မှုကြောင့်မဟုတ်ကြောင်းကို ကျွန်ုပ်တို့ ကောင်းစွာသိရှိကြသည်။ (ဧ. ၂:၈၊ ၉) ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြ’ ရန် လိုအပ်ကြောင်းကို အသိအမှတ်ပြုကြသည်။ (၂ ကော. ၁၃:၅) ထို့ကြောင့် ဘုရားသခင့် တောင်းဆိုချက်များကိုနာခံရန်လိုကြောင်း လူတို့ကိုပြောဆိုသည့်အခါ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာ၏သွန်သင်ချက်ကို နှိမ့်ချစွာ ကျင့်သုံးကြသည်။ လူသားချင်းအပေါ် တရားစီရင်ရန်မှာ ကျွန်ုပ်တို့၏တာဝန်မဟုတ်ပါ။ ယေဟောဝါသည် “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူခဲ့” ပြီး ကိုယ်တော့်တရားပလ္လင်ရှေ့ ကျွန်ုပ်တို့ပြုမူရာအတွက် ဖြေရှင်းရမည်ဖြစ်သည်။—ယော. ၅:၂၃; ၂ ကော. ၅:၁၀။

မိသားစုနှင့်ယုံကြည်သူချင်းများနှင့်အတူ။ လိမ္မာပါးနပ်မှုကို လယ်ကွင်းဓမ္မအမှုတွင်သာ အသုံးပြုရန် ကန့်သတ်မထားသင့်ချေ။ လိမ္မာပါးနပ်မှုသည် ဘုရားသခင့်ဝိညာဉ်တော်အသီး၏ သရုပ်သကန်တစ်ခုဖြစ်သောကြောင့် အိမ်၌ မိသားစုဝင်များနှင့်ဆက်ဆံရာတွင်လည်း လိမ္မာပါးနပ်မှု ပြသင့်ပေသည်။ မေတ္တာက အခြားသူများ၏ခံစားချက်များကို ဂရုစိုက်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်။ မိဖုရားဧသတာ၏ ခင်ပွန်းသည် ယေဟောဝါအား ဝတ်ပြုသူတစ်ဦးမဟုတ်သော်လည်း သူ့ကို ရိုသေလေးစားမှုပြကာ ယေဟောဝါ၏ကျေးကျွန်များ ပါဝင်ပတ်သက်နေသည့်ကိစ္စရပ်များကို ခင်ပွန်းသည်အား တင်ပြသည့်အခါ ထူးကဲသော ပိုင်းခြားသိမြင်မှုကို ပြသခဲ့သည်။ (ဧသတာ၊ အခန်းကြီး ၃-၈) အချို့ဖြစ်ရပ်များတွင် သက်သေခံမဟုတ်သည့် မိသားစုဝင်များနှင့်ဆက်ဆံရာ၌ လိမ္မာပါးနပ်မှုက ကျွန်ုပ်တို့၏ယုံကြည်ချက်များနှင့်ပတ်သက်၍ ရှင်းပြပေးမည့်အစား ကျွန်ုပ်တို့၏အမူအကျင့်ဖြင့် အမှန်တရားကို နှစ်သက်လက်ခံလာခွင့်ပေးစေရန် လိုအပ်ပေမည်။—၁ ပေ. ၃:၁၊ ၂။

အလားတူ ကျွန်ုပ်တို့သည် အသင်းတော်သားများအကြောင်း ကောင်းကောင်းသိနေသည့်အချက်က သူတို့အား တုံးတိတိ၊ မညှာမတာ ပြောဆိုဆက်ဆံနိုင်သည်ဟု မဆိုလိုချေ။ သူတို့သည် ရင့်ကျက်သူများဖြစ်သောကြောင့် ယင်းကို သူတို့ခံရပ်နိုင်သည်ဟု အကြောင်းမပြသင့်ချေ။ “အဲဒါက ကျွန်တော့်ရဲ့ဝသီပဲ” ဟုပြောဆိုခြင်းအားဖြင့် မိမိအတွက် ဆင်ခြေပေးရန်လည်း မသင့်ချေ။ ကျွန်ုပ်တို့၏ပြောဆိုပုံက အခြားသူများအား ထိခိုက်နေကြောင်းတွေ့ရှိပါက ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချသင့်ပေသည်။ ကျွန်ုပ်တို့၏ “အားကြီးသောချစ်ခြင်းမေတ္တာ” က “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ . . . ကျေးဇူးပြုကြ” ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးသင့်ပေသည်။—၁ ပေ. ၄:၈၊ ၁၅; ဂလ. ၆:၁၀။

ပရိသတ်အား ဟောပြောသည့်အခါ။ စင်မြင့်ပေါ်မှ ဟောပြောသူများသည်လည်း လိမ္မာပါးနပ်မှုရှိဖို့ လိုအပ်သည်။ ပရိသတ်တွင် နောက်ခံအမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးမှလူတို့ရှိကြသည်။ သူတို့၏ ဝိညာဉ်ရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဆင့်အမျိုးမျိုးရှိကြသည်။ အချို့တို့သည် နိုင်ငံတော်ခန်းမကို ပထမဦးဆုံးအကြိမ်ရောက်ရှိလာကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားသူများမှာမူ ဟောပြောသူသတိမမူမိသည့် အထူးစိတ်ဖိစီးမှုကာလကို ကျော်ဖြတ်နေရကောင်းကျော်ဖြတ်နေရမည်။ မိမိ၏ပရိသတ်ကို ထိခိုက်ခြင်းမှရှောင်ကြဉ်ရန် အဘယ်အရာက ဟောပြောသူကို ကူညီပေးနိုင်မည်နည်း။

တိတုအားပေးသည့် တမန်တော်ပေါလု၏ အကြံပေးချက်နှင့်အညီ “အဘယ်သူကိုမျှမကဲ့ရဲ့၊ . . . ဖြည်းညင်းသောသဘောရှိ၍၊ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာပြုစေခြင်းငှာ” ပန်းတိုင်ထားပါ။ (တိ. ၃:၂) လူမျိုးခြား၊ ဘာသာခြားစကားပြောအုပ်စု သို့မဟုတ် နိုင်ငံခြားသားတို့ကိုနှိမ်သည့် ဤလောကတွင် အသုံးပြုသည့် စကားလုံးများကိုတုပခြင်းအား ရှောင်ကြဉ်ပါ။ (ဗျာ. ၇:၉၊ ၁၀) ယေဟောဝါ၏ တောင်းဆိုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ ၎င်းတို့ကိုကျင့်သုံးခြင်း၏ ဉာဏ်ပညာရှိပုံကို ပြသပါ; သို့သော် ယေဟောဝါ၏နည်းလမ်းတော်၌ ပြည့်ပြည့်ဝဝ မလျှောက်လှမ်းသေးသောသူများအကြောင်း ရှုတ်ချပြောဆိုမှုများကို ရှောင်ကြဉ်ပါ။ သို့အစား၊ ဘုရားသခင့်အလိုတော်ကို ပိုင်းခြားသိမြင်ရန်နှင့် ကိုယ်တော်နှစ်သက်လက်ခံသည့်အရာကို ပြုလုပ်ရန် အားလုံးကို အားပေးပါ။ နူးညံ့သော အကြံပေးချက်စကားများကို လှိုက်လှိုက်လှဲလှဲနှင့် စိတ်ရင်းမှန်ဖြင့်ချီးမွမ်းပေးပါ။ သင်၏ပြောဆိုပုံပြောဆိုနည်းဖြင့်သော်လည်းကောင်း၊ သင်၏လေသံဖြင့်သော်လည်းကောင်း ကျွန်ုပ်တို့တစ်ဦးကိုတစ်ဦးထားသင့်သည့် ညီအစ်ကိုချင်းချစ်ခင်စုံမက်မှုကို ပျံ့နှံ့လွှမ်းမိုးစေပါ။—၁ သက်. ၄:၁-၁၂; ၁ ပေ. ၃:၈။

ယင်းကို လုပ်ဆောင်နိုင်ပုံ

  • လူတို့ကို တရားဟောမည့်အစား သူတို့နှင့် စကားစမြည်ပြောဆိုပါ။

  • သင်ရည်ရွယ်ထားသောမှတ်ချက်သည် အခြားသူက မည်သို့ ရှုမြင်မည်ကို သေချာစဉ်းစားပါ။

  • မပြောဆိုမီ ကိစ္စတစ်ရပ်ကို ဆွေးနွေးရန် တော်မှန်သည့်အချိန်ဟုတ်မဟုတ် သုံးသပ်ပါ။

  • ဖြစ်နိုင်ပါက စိတ်ရင်းမှန်နှင့်ချီးမွမ်းပါ။

  • ကန့်ကွက်မှုများ ပေါ်ပေါက်လာသည့်အခါ အလွန်အမင်း စိတ်မလှုပ်ရှားပါနှင့်။

  • မိမိကိုယ်ကို ကိုယ့်သဘောအလျောက် ဖြောင့်မတ်သည် ဟူသည့်စိတ်ထားကို ရှောင်ကြဉ်ပါ; အခြားသူများကို မစီရင်ပါနှင့်။

လေ့ကျင့်ခန်း– အောက်ပါ ကျမ်းစာမှတ်တမ်းများကို သေသေချာချာ ဖတ်ရှုပါ– ၂ ဓမ္မရာဇဝင် ၁၂:၁-၉; တမန်တော် ၄:၁၈-၂၀။ မှတ်တမ်းတစ်ခုစီရှိ (၁) လိမ္မာပါးနပ်မှု ပြသည့် အထောက်အထားများနှင့် (၂) ယေဟောဝါ၏ ဖြောင့်မတ်သော နည်းလမ်းတော်များအတွက် ခိုင်မာမှုပြသည့် ပြောဆိုချက်များကို သတိပြုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ