ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၅၂
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဒေါသထွက်တာ အမြဲ မှားသလား
  • ဒေါသထွက်တာ ဘယ်အချိန်မှာ မှားသလဲ
  • ဒေါသကို ဘယ်လို ဖြေရှင်းနိုင်သလဲ
  • ဒေါသကြီးတဲ့ ပြဿနာ
    နိုးလော့!—၂၀၁၂
  • စိတ်ကျန်းမာရေး
    နိုးလော့!—၂၀၁၉
  • အမျက်ဒေါသကြောင့်ထိမိ၍အလဲမခံပါနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ထိုးထွင်းဉာဏ်က ဒေါသကိုပြေစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၅၂
လက်သီး

ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ

ကျမ်းစာအဖြေ

ဒေါသထွက်ခြင်းက ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ရှိ လူတွေကို ထိခိုက်စေတယ်လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၂၉:၂၂) တစ်ခါတလေ ဒေါသ ထွက်သင့်တာမှန်ပေမဲ့ “ဒေါသပေါက်ကွဲ” နေတတ်သူတွေ ကယ်တင်ခြင်း မရဘူးလို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဂလာတိ ၅:၁၉-၂၁) ကျမ်းစာမှာ ဒေါသကို ဖြေရှင်းနိုင်တဲ့အခြေခံမူတွေ ပါတယ်။

  • ဒေါသထွက်တာ အမြဲ မှားသလား

  • ဒေါသထွက်တာ ဘယ်အချိန်မှာ မှားသလဲ

  • ဒေါသကို ဘယ်လို ဖြေရှင်းနိုင်သလဲ

  • ဒေါသနဲ့ပတ်သက်တဲ့ကျမ်းပိုဒ်များ

ဒေါသထွက်တာ အမြဲ မှားသလား

မမှားပါဘူး။ ဒေါသထွက်သင့်တဲ့ အခြေအနေတချို့ ရှိပါတယ်။ ဥပမာ၊ သစ္စာရှိသူ နေဟမိဟာ ကိုးကွယ်သူချင်းတွေ ဖိနှိပ်ခံရကြောင်း သိလိုက်ရတဲ့အခါ “သိပ်စိတ်ဆိုး” ခဲ့တယ်။—နေဟမိ ၅:၆။

တစ်ခါတလေ ဘုရားသခင် အမျက်ထွက်တယ်။ ဥပမာ၊ ဘုရားသခင်ကိုပဲ ကိုးကွယ်ပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ရှေးလူတွေ ချိုးဖောက်ပြီး တခြားဘုရားတွေကို ဝတ်ပြုကြတဲ့အခါ ‘ယေဟောဝါက သူတို့ကို အမျက်ထွက်’ ခဲ့တယ်။ (တရားသူကြီး ၂:၁၃၊ ၁၄) ဒါပေမဲ့ အမျက်ဒေါသဟာ ယေဟောဝါဘုရားရဲ့ ထင်ရှားတဲ့ဂုဏ်ရည်တော်တော့ မဟုတ်ဘူး။ ဘုရားသခင်မှာ အမျက်ထွက်ရတဲ့အကြောင်းရင်း ရှိသလို အမျက်ဒေါသကို အမြဲထိန်းချုပ်ထားတယ်။—ထွက်မြောက်ရာ ၃၄:၆။ ဟေရှာယ ၄၈:၉။

ဒေါသထွက်တာ ဘယ်အချိန်မှာ မှားသလဲ

ဒေါသ မထွက်သင့်ဘဲ ထွက်ရင်၊ ဒေါသ မထိန်းနိုင်ရင် မှားပါတယ်။ မစုံလင်တဲ့လူသားတွေ အဲသလို ဖြစ်တတ်ကြတယ်။ ဥပမာ-

  • ကာအိနရဲ့ အလှူကို ဘုရားသခင် လက်မခံတဲ့အခါ “ကာအိန အရမ်းဒေါသထွက်” ခဲ့တယ်။ ညီအရင်းကို သတ်တဲ့အထိ ဒေါသထွက်ခဲ့တယ်။—ကမ္ဘာဦး ၄:၃-၈။

  • နိနဝေမြို့သားတွေကို ဘုရားသခင် ကရုဏာပြတဲ့အခါ ပရောဖက် ယောန “ဒေါသထွက်” ခဲ့တယ်။ စိတ်မဆိုးသင့်ကြောင်း၊ နောင်တရတဲ့ အပြစ်သားတွေကို စာနာသင့်ကြောင်း ဘုရားသခင် ထောက်ပြပြီး ယောနကို တည့်မတ်ပေးခဲ့တယ်။—ယောန ၃:၁၀–၄:၁၊ ၄၊ ၁၁။a

ဒီဥပမာတွေက မစုံလင်တဲ့လူသားတွေအတွက် “လူတစ်ယောက်ရဲ့ ဒေါသက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေ” ကြောင်း ဖော်ပြတယ်။—ယာကုပ် ၁:၂၀။

ဒေါသကို ဘယ်လို ဖြေရှင်းနိုင်သလဲ

  • ဒေါသမထိန်းနိုင်တဲ့အန္တရာယ်ကို သိမှတ်ပါ။ ဒေါသပေါက်ကွဲခြင်းက ခွန်အားရှိခြင်းရဲ့ သင်္ကေတလို့ တချို့ ယူဆကောင်းယူဆမယ်။ တကယ်တော့ ဒေါသမထိန်းနိုင်တဲ့သူမှာ အားနည်းချက်ကြီး ရှိနေတယ်။ “စိတ်မချုပ်တည်းနိုင်သူဟာ မြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။” (ပညာအလိမ္မာ ၂၅:၂၈။ ၂၉:၁၁) ဒါပေမဲ့ ဒေါသကို ထိန်းချုပ်နိုင်စွမ်း မွေးမြူရင် စစ်မှန်တဲ့ခွန်အားနဲ့ ပိုင်းခြားဉာဏ် ရှိလာတယ်။ (ပညာအလိမ္မာ ၁၄:၂၉) “လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—ပညာအလိမ္မာ ၁၆:၃၂။

  • နောက်မှ နောင်တမရအောင် ဒေါသကို ကိုင်တွယ်ဖြေရှင်းပါ။ “အမျက်မထွက်နဲ့။ ဒေါသူပုန်မထနဲ့။ စိတ်မပျက်ပါနဲ့။ မကောင်းမှုတွေ မလုပ်နဲ့” လို့ ဆာလံ ၃၇:၈ မှာ ဆိုထားတယ်။ ဒေါသထွက်ချင်လာတဲ့အခါ ရွေးချယ်စရာ ရှိကြောင်း သတိပြုပါ။ “မကောင်းမှုတွေ မလုပ်” အောင် ဒေါသ ဖြေဖျောက်ဖို့ ရွေးချယ်နိုင်တယ်။ “ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့” ဆိုပြီး ဧဖက် ၄:၂၆ မှာ ဆိုထားတယ်။

  • ဖြစ်နိုင်ရင် ဒေါသ စထွက်လာပြီဆိုတာနဲ့ ရှောင်ထွက်သွားပါ။ “ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်ထွက်သွားပါ” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ပညာအလိမ္မာ ၁၇:၁၄) သဘောထားကွဲလွဲမှုတွေကို ချက်ချင်း ဖြေရှင်းလိုက်တာ ကောင်းပေမဲ့ နှစ်ဦးနှစ်ဖက် အေးအေးဆေးဆေး ဖြစ်သွားမှ ဆွေးနွေးရင် ကောင်းတယ်။

  • အချက်အလက်တွေ ရယူပါ။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်” လို့ ပညာအလိမ္မာ ၁၉:၁၁ မှာ ဆိုထားတယ်။ ကောက်ချက် မချခင် အချက်အလက်အားလုံး စုဆောင်းထားသင့်တယ်။ အဘက်ဘက်ကနေ ဂရုတစိုက် နားထောင်ရင် ဒေါသ ထွက်စရာအကြောင်းရင်း နည်းသွားနိုင်တယ်။—ယာကုပ် ၁:၁၉။

  • စိတ်ငြိမ်သက်မှုရအောင် ဆုတောင်းပါ။ ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ခံစားနိုင်တယ်။ (ဖိလိပ္ပိ ၄:၇) ဆုတောင်းခြင်းဟာ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော် ရရှိနိုင်တဲ့ အဓိကနည်းတစ်နည်း ဖြစ်တယ်။ ဘုရားစွမ်းအားတော်က ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းတဲ့ အရည်အသွေးတွေ ထွက်ပေါ်စေနိုင်တယ်။—လုကာ ၁၁:၁၃။ ဂလာတိ ၅:၂၂၊ ၂၃။

  • အပေါင်းအသင်းတွေကို ဂရုတစိုက် ရွေးချယ်ပါ။ ကိုယ့်အပေါင်းအသင်းတွေနဲ့ တူချင်ကြတယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ၁ ကောရိန္သု ၁၅:၃၃) ကျမ်းစာမှာ “ဒေါသကြီးသူကို မပေါင်းနဲ့။ ဒေါသထွက်လွယ်သူကို မပတ်သက်နဲ့” လို့ သတိပေးထားတယ်။ ဘာကြောင့်လဲ။ “ပတ်သက်ရင် သူတို့ရဲ့လမ်းစဉ်တွေကို လိုက်မိပြီး ကျော့ကွင်းမိသွားလိမ့်မယ်။”—ပညာအလိမ္မာ ၂၂:၂၄၊ ၂၅။

ဒေါသနဲ့ပတ်သက်တဲ့ကျမ်းပိုဒ်များ

ပညာအလိမ္မာ ၁၆:၃၂။ “လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အားကြီးသူထက် သာလွန်တယ်။”

အဓိပ္ပာယ်။ ဒေါသကို ထိန်းချုပ်နိုင်တာ ခွန်အားရှိခြင်းရဲ့ သင်္ကေတ ဖြစ်တယ်။

ပညာအလိမ္မာ ၁၇:၁၄။ “ရန်ပွဲကို အစပျိုးလိုက်တာဟာ ရေတံခါးကို ဖွင့်လိုက်တာနဲ့ တူတယ်။ ဒါကြောင့် အငြင်းအခုံ မဖြစ်ခင် ရှောင်ထွက်သွားပါ။”

အဓိပ္ပာယ်။ ဒေါသ ထွက်လာပြီဆိုရင် ရှောင်ထွက်သွားပါ။

ပညာအလိမ္မာ ၁၉:၁၁။ “ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။”

အဓိပ္ပာယ်။ အချက်အလက်အားလုံး မရခင် ကောက်ချက် မချဘဲ အခြေအနေကို အဘက်ဘက်ကနေ သုံးသပ်ခြင်းက မလိုအပ်ဘဲ ဒေါသမထွက်အောင် တားဆီးပေးနိုင်တယ်။

ပညာအလိမ္မာ ၂၂:၂၄၊ ၂၅။ “ဒေါသကြီးသူကို မပေါင်းနဲ့။ ဒေါသထွက်လွယ်သူကို မပတ်သက်နဲ့။ ပတ်သက်ရင် သူတို့ရဲ့လမ်းစဉ်တွေကို လိုက်မိပြီး ကျော့ကွင်းမိသွားလိမ့်မယ်။”

အဓိပ္ပာယ်။ စိတ်တိုတတ်သူတွေနဲ့ ပေါင်းသင်းရင် ကျွန်တော်တို့လည်း စိတ်တိုလာနိုင်တယ်။

ပညာအလိမ္မာ ၂၉:၁၁။ “မိုက်မဲတဲ့သူက ခံစားရသမျှ အကုန် ထုတ်ဖော်တတ်တယ်။”

အဓိပ္ပာယ်။ စိတ်ခံစားချက်ရဲ့ ထိန်းချုပ်မှုကို မခံဘဲ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်ထားရမယ်။

ဂလာတိ ၅:၂၂၊ ၂၃။ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။”

အဓိပ္ပာယ်။ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ဒေါသကို ချေဖျက်နိုင်မယ့် အရည်အသွေးတွေ ထွက်ပေါ်စေနိုင်တယ်။

ဧဖက် ၄:၂၆။ “ဒေါသထွက်ရင်တောင် အပြစ်မလုပ်မိစေနဲ့။”

အဓိပ္ပာယ်။ ဒေါသမထွက်အောင် အမြဲ မကာကွယ်နိုင်ပေမဲ့ ဒေါသကို ထိန်းချုပ်လို့ ရတယ်။

ယာကုပ် ၁:၁၉။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲအသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။ လွယ်လွယ်နဲ့ ဒေါသမထွက်ရဘူး။”

အဓိပ္ပာယ်။ ကောင်းကောင်းမွန်မွန် နားထောင်ပေးရင် ဒေါသကို ပြေလျော့စေနိုင်တယ်။

a ဘုရားသခင်က ယောနနာမည်နဲ့ ကျမ်းစောင် ရေးသားခွင့်ပြုခြင်းက ပဲ့ပြင်တည့်မတ်မှုကို ယောန လက်ခံပြီး ဒေါသပြေသွားကြောင်း ထင်ရှားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ