ဘုရားသခင်သည် “မဖြောင့်သော” နည်းများဖြင့် စီရင်တတ်သလော
“ဒက်အူစ် အက်စ်ခရီဗဲ ဆာရ်တူးပေါ့ရ် လဲန်ယာစ် တော့ရ်တာစ်” (“ဘုရားသခင်သည် မဖြောင့်သောမျဉ်းများဖြင့် ဟုတ်မှန်ရာကိုရေးသားသည်”) ဟူသော ဘရာဇီးဆိုရိုးတစ်ခုရှိသည်။ ဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်ရာကို အမြဲစီရင်တတ်သော်လည်း လူ့အမြင်တွင် တစ်ခါတစ်ရံ မဖြောင့်မတ်ပုံပေါက်တတ်သည်ဟု ယင်းအဆိုကဖော်ပြသည်။ ဥပမာ၊ အရွယ်ကောင်းသူတစ်ဦးသေဆုံးသွားသောအခါ လူအများက ‘သူ့ကို ဘုရားသခင် ကောင်းကင်ခေါ်သွားပြီ’ ဟုပြောတတ်ကြသည်။ တစ်ဦးတစ်ယောက်သည် မသန်မစွမ်းဖြစ်လျှင် သို့မဟုတ် အဖြစ်ဆိုးနှင့်ကြုံတွေ့ရလျှင် အချို့က ‘ဘုရားသခင့်အလိုတော်ပဲ’ ဟုမှတ်ချက်ချကြ၏။ ဤနည်းဖြင့် သေခြင်း၊ ကျန်းမာရေးမကောင်းခြင်းနှင့် အခြားဝမ်းနည်းစရာများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟုအပြစ်ဖို့နေကြရာ ဘုရားသခင်သည် လူတို့နားမလည်နိုင်သောနည်းဖြင့် ‘မဖြောင့်မတန်းရေးသားသည်’ ဟုထိုသို့သောအဆိုများက ဆိုလိုနေခြင်းဖြစ်သည်။
ဘာသာရေးကိုင်းရှိုင်းသူအများက ဘုရားသခင်ကြောင့် သေရ၊ အခက်အခဲများခံရသည်ဟု အဘယ်ကြောင့်ယုံကြည်ကြသနည်း။ အဆိုပါယုံကြည်ချက်များသည် မသက်ဆိုင်သောသီးခြားကျမ်းချက်အချို့ကို များသောအားဖြင့် တလွဲအဓိပ္ပာယ်ကောက်ခြင်းကြောင့်ဖြစ်သည်။ ထိုကျမ်းချက်အချို့ကို အကျဉ်းချုပ်ကြည့်ကြစို့။
● “စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူဖန်ဆင်း [“ခန့်၊” ကဘ] သနည်း။ ငါထာဝရဘုရားပင်မဟုတ်လော။”—ထွက်မြောက်ရာ ၄:၁၁၊ သမ္မာ။
ယင်းကြောင့် မသန်မစွမ်းမှုအမျိုးမျိုးခံစားရသူအားလုံးသည် ဘုရားသခင်ကြောင့်ပင်ဖြစ်သည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ထိုသို့ဆိုခြင်းသည် ဘုရားသခင်၏ဂုဏ်ရည်တော်နှင့် လုံးဝညီညွတ်ခြင်းရှိမည်မဟုတ်ပေ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် ကောင်း၏။” (၁ တိမောသေ ၄:၄၊ သမ္မာ) မွေးရာပါမျက်စိကန်းခြင်း၊ စကားအခြင်း၊ နားပင်းခြင်းတို့သည် ကိုယ်တော်ကြောင့်မဟုတ်ပါ။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ၏ပင်ရင်းဖြစ်သောကြောင့် ကိုယ်တော့်ဖန်ဆင်းခြင်းအတွက် အကောင်းကိုသာရစေလိုသည်။—ယာကုပ် ၁:၁၇။
ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်အား ပုန်ကန်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့ကြသောကြောင့် သူတို့၏စုံလင်မှုနှင့် စုံလင်သောကလေးများမွေးဖွားနိုင်စွမ်းကို ဆုံးရှုံးခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၆၊ ၁၆၊ ၁၉; ယောဘ ၁၄:၄) သူတို့၏သားစဉ်မြေးဆက်များသည် အိမ်ထောင်ပြုကြ၍ ကလေးရလာကြသောအခါ လူတို့တွင် ကာယချို့တဲ့မှုများအပါအဝင် မစုံလင်မှုများပို၍ပို၍ထင်ရှားလာလေသည်။ ယင်းတို့ကို ယေဟောဝါဘုရားသခင်ဖြစ်ပေါ်စေခဲ့သည်မဟုတ်သော်လည်း ထိုသို့ဖြစ်ခွင့်ပြုခဲ့၏။ သို့ဖြစ်၍ ကိုယ်တော်သည် စကားအသောသူ၊ နားပင်းသောသူနှင့် မျက်စိမမြင်သောသူတို့ကို မိမိ ‘ခန့်ထား’ သည်ဟု ကိုယ်တော်ပြောနိုင်ခြင်းဖြစ်သည်။
● “ကောက်ကျစ်သောအရာကို မဖြောင့်မတ်စေနိုင်။”—ဒေ. ၁:၁၅၊ သမ။
ကောက်ကျစ်ရာများကိုပြုလုပ်ခဲ့သူမှာ ဘုရားသခင်လော။ မဟုတ်သည်မှာထင်ရှား၏။ “ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင်ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များပြားသောအကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ” ဟူ၍ ဒေ. ၇:၂၉ တွင်ဖော်ပြထားသည်။ အဆိုပါအခန်းငယ်ကို ခေတ်ပြိုင်အင်္ဂလိပ်ဘာသာပြန်ကျမ်းက ဤသို့စကားပြေပြန်ဆိုသည်– “ကျွန်ုပ်တို့ကို ဘုရားသခင်ဖန်ဆင်းချိန်တွင် လုံးဝရိုးသားခဲ့ကြသော်လည်း ယခု ဖောက်ပြန်သည့်စိတ်ထားများရှိကြပြီ။” ဘုရားသခင်၏ဖြောင့်မတ်ခြင်းစံနှုန်းများကို လိုက်လျှောက်ကြမည့်အစား အမျိုးသားအမျိုးသမီးအများစုသည် မိမိတို့၏အကျိုးပျက်ပြားစေနိုင်သော ကိုယ်ပိုင်အကြံအစည်များ၊ အစီအမံများ၊ ပရိယာယ်များ၊ နည်းလမ်းများကို တမင်ရွေးချယ်ခဲ့ကြပြီ။—၁ တိမောသေ ၂:၁၄။
ထို့ပြင် တမန်တော်ပေါလုဖော်ပြထားသည့်အတိုင်း လူ့အပြစ်ကြောင့် ‘ဖန်ဆင်းခြင်းသည် အချည်းနှီး’ ရောက်ခဲ့သည်။ (ရောမ ၈:၂၀၊ ကဘ) ဤအခြေအနေကို လူ့ကြိုးစားအားထုတ်မှုများဖြင့် “မဖြောင့်မတ်စေနိုင်” ပါ။ ဘုရားသခင်ကြားဝင်စီရင်ပေးမှသာ လောကရေးရာကောက်ကျစ်မှုများနှင့် အချည်းနှီးဖြစ်သောအရာများကို ဖယ်ရှားမည်ဖြစ်သည်။
● “ဘုရားသခင့်အမှုအရာတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူရာကို မည်သူဖြောင့်စေနိုင်သနည်း။”—ဒေ. ၇:၁၃၊ သမ။
ဘုရင်ရှောလမုန်က တစ်နည်းအားဖြင့် ဤသို့မေးသည်– ‘ဘုရားသခင်ခွင့်ပြုထားသော ချို့တဲ့မှုများနှင့် မစုံလင်မှုများကို အဘယ်သူပြုပြင်ပေးနိုင်မည်နည်း။’ အဘယ်သူမျှပြုပြင်မပေးနိုင်ပါ၊ အကြောင်းမှာ ယင်းတို့ကို ယေဟောဝါဘုရားသခင် ခွင့်ပြုထားရသည့်အကြောင်းရင်းရှိသည်။
ထို့ကြောင့် ရှောလမုန်က ဤသို့အကြံပြုသည်– “ကောင်းစားသောနေ့ရက်၌ ရွှင်လန်းလျက် မကောင်းစားသောနေ့ရက်၌လည်း ဆင်ခြင်လျက်နေလော့။ အနာဂတ်အဖြစ်အပျက်ကို လူရှာ၍ မတွေ့နိုင်စေရန် ၎င်းနှစ်မျိုးကို ဘုရားသခင်တွဲယှဉ် စီမံတော်မူပြီ။” (ဒေ. ၇:၁၄၊ သမ) လူသည် ကောင်းစားသည့်နေ့ရက်အတွက် ကျေးဇူးတင်လေးမြတ်သင့်ကာ ရွှင်လန်းခြင်းဖြင့် ကျေးဇူးတင်ကြောင်း တင်ပြသင့်၏။ ကောင်းစားသောနေ့တစ်နေ့ကို ဘုရားသခင်ထံမှဆုဟု ရှုမြင်သင့်သည်။ သို့သော် ဘေးဆိုးကျရောက်သောနေ့ဆိုလျှင်ကော အသို့နည်း။ ဘေးဆိုးသင့်မှုကို ဘုရားသခင်ခွင့်ပြုခဲ့ကြောင်း ကောင်းစွာ “ဆင်ခြင်” ရန် သို့မဟုတ် အသိအမှတ်ပြုရန်ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရသနည်း။ “အနာဂတ်အဖြစ်အပျက်ကို လူရှာ၍မတွေ့နိုင်စေရန်” ဟူ၍ရှောလမုန်က ဆိုသည်။ အဘယ်အရာကိုဆိုလိုသနည်း။
ပျော်ရွှင်မှုနှင့်အခက်အခဲနှစ်မျိုးစလုံးကို ကျွန်ုပ်တို့တွေ့ကြုံရန် ဘုရားသခင်ခွင့်ပြုရခြင်းမှာ အနာဂတ်တွင်အဘယ်အရာဖြစ်ပျက်လာမည်ကို ကျွန်ုပ်တို့မပြောနိုင်ကြောင်းသတိရစေသည်။ ဖြောင့်မတ်သောသူနှင့် မတရားသောသူအပေါ် ဘေးဆိုးသင့်နိုင်သည်။ ယင်းက ကိုယ့်ကိုယ်ကိုမဟုတ်ဘဲ ဘုရားသခင်ကိုအားကိုးဖို့အရေးကြီးကြောင်း အသိအမှတ်ပြုကာ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟူသည့်အချက်ကို သတိရစေသင့်သည်။ (၁ ယောဟန် ၄:၈) ယခု နားမလည်သည့်အရာအချို့ရှိသော်လည်း အရာခပ်သိမ်း အပြည့်အဝပြီးမြောက်သောအခါ ဘုရားသခင်ခွင့်ပြုခဲ့ရာများသည် သက်ဆိုင်သူအားလုံးအတွက် အကျိုးရှိသောရည်ရွယ်ချက် ဖြစ်မြောက်ပြီးဖြစ်သည်ကို ယုံကြည်စိတ်ချနိုင်သည်။
ကိုယ်တော်ခွင့်ပြုသမျှသည် နှလုံးဖြောင့်မတ်သူများအတွက် မည်သည့်အခါမျှ အစဉ်နစ်နာစရာ ဖြစ်မည်မဟုတ်ပေ။ တမန်တော်ပေတရုသည် သူ့ခေတ်က ယုံကြည်သူချင်းများ၏ဆင်းရဲခြင်းအကြောင်းဖော်ပြခဲ့သောအခါ ယင်းကို နားလည်စေခဲ့သည်– “ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသောကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံရပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။”—၁ ပေတရု ၅:၁၀။
ဖြောင့်မတ်စွာပြုပြင်ရန်အချိန်
ယေဟောဝါသည် ကျွန်ုပ်တို့၏လက်ရှိစုံစမ်းခြင်းများကို ခံရပ်နိုင်ရန် ခွန်အားပေး၏။ “ခပ်သိမ်းသောအရာတို့ကိုအသစ်” ပြုပြင်ဖန်ဆင်းပေးမည်ဟုလည်း ကတိပေးထားသည်။ (ဗျာဒိတ် ၂၁:၅) မှန်ပါသည်၊ ကိုယ်တော်၏ရည်ရွယ်ချက်မှာ ကောင်းကင်နိုင်ငံတော်သည် မသန်မစွမ်းဖြစ်နေသူများကို မကြာမီကျန်းမာစေမည်ဖြစ်ပြီး လူသေတို့၏ထမြောက်ခြင်းကို ကြီးကြပ်စီမံပေးရန်ဖြစ်သည်။ ထို့ပြင် အဆိုပါကောင်းကင်အစိုးရသည် ကောက်ကျစ်သောလမ်းစဉ်များ၏အရှင် စာတန်ကို ဖယ်ရှားပါလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉; ရောမ ၁၆:၂၀; ၁ ကောရိန္သု ၁၅:၂၆; ၂ ပေတရု ၃:၁၃) ဘုရားသခင်၏ဖြောင့်မတ်စွာပြုပြင်မည့်အချိန် ရောက်လာသည့်အခါ ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင်ကိုကြောက်ရွံ့သူများအတွက် တကယ့်ကောင်းချီးဖြစ်ပါမည်တကား!
[Picture Credit Line on page 28]
Job Hearing of His Ruin/The Doré Bible Illustrations/Dover Publications