မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများ၌ပျော်မွေ့ ခြင်း
“ငါယေဟောဝါသည် သင်တို့၏ဘုရား၊ သင်တို့ကိုယ်တိုင်အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင်။” —ဟေရှာယ ၄၈:၁၇၊ ကဘ။
၁ မြင့်မြတ်သောသွန်သင်ခြင်းကို ကျွန်ုပ်တို့အသက်တာတွင်ကျင့်သုံးလျှင် မည်သည့်အရာကိုကျွန်ုပ်တို့ကြုံတွေ့ရမည်နည်း။
ယေဟောဝါဘုရားသခင်သည် အကောင်းဆုံးကိုသိတော်မူသည်။ အတွေးအခေါ်၊ အပြောအဆိုနှင့် လှုပ်ရှားဆောင်ရွက်မှုတို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်တော်ထက်မသာပါ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အနေနှင့် ကျွန်ုပ်တို့၏လိုအပ်ရာများကို ကိုယ်တော်အသိအမှတ်ပြုပြီး ယင်းတို့ကိုကြွယ်ဝစွာပေးသနားတော်မူသည်။ ကျွန်ုပ်တို့အားမည်သို့သွန်သင်ရမည်ကို ကိုယ်တော်တပ်အပ်သိတော်မူသည်။ ကျွန်ုပ်တို့သည် မြင့်မြတ်သောသွန်သင်ခြင်းကို လိုက်လျှောက်ပါက အကျိုးကျေးဇူးကိုခံစားရပြီး စစ်မှန်သောပျော်ရွှင်မှုကိုရရှိမည်ဖြစ်သည်။
၂၊ ၃။ (က) ရှေးအချိန်က ဘုရားသခင်၏လူများသည် ကိုယ်တော်၏ပညတ်တော်များကိုနာခံလျှင် မိမိတို့ကိုယ်ကို မည်သည့်အကျိုးဖြစ်ထွန်းစေမည်နည်း။ (ခ) ယနေ့ ကျွန်ုပ်တို့၏အသက်တာတွင် မြင့်မြတ်သောသွန်သင်ခြင်းကိုကျင့်သုံးပါက မည်သို့ ဖြစ်ပျက်မည်နည်း။
၂ မိမိ၏ကျေးကျွန်များသည် ဘေးဥပဒ်များနှင့်လွတ်ပြီး ကိုယ်တော့်ပညတ်တော်များနှင့် စည်းမျဉ်းများကိုလိုက်လျှောက်ခြင်းအားဖြင့် ဘဝကိုမွေ့လျော်ရန် ဘုရားသခင်၌ထက်သန်သော ဆန္ဒရှိကြောင်း မြင့်မြတ်သောသွန်သင်ခြင်းက ထင်ရှားပြသည်။ ရှေးအချိန်က ယေဟောဝါ၏လူများသည် ကိုယ်တော့်စကားကိုနားထောင်ခဲ့သောအခါ ကြွယ်ဝသည့်ကောင်းချီးများကို သူတို့ခံစားခဲ့ရသည်။ အကြောင်းမှာ သူတို့အားကိုယ်တော်ဤသို့မိန့်တော်မူသည်– “ငါယေဟောဝါသည် သင်တို့၏ဘုရား၊ သင်တို့ကိုယ်တိုင်အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင်၊ လျှောက်သင့်သောလမ်းအတိုင်း သင်တို့၏ခြေကိုလှမ်းစေသောအရှင်ဖြစ်၏။ သင်တို့သည် ငါ့ပညတ်တော်များကို အမှန်သာဂရုစိုက်လေ! သို့ဆိုလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်တို့၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့လည်းကောင်း ဖြစ်လာမည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈၊ ကဘ။
၃ ရှေးခေတ်ကဘုရားသခင့်လူများသည် ကိုယ်တော့်ပညတ်တော်များနှင့် ညွှန်ကြားချက်များကို ဂရုစိုက်ပါက မိမိတို့အတွက်အကျိုးကျေးဇူးဖြစ်ထွန်းစေမည်ဖြစ်သည်။ ဗာဗုလုန်လူမျိုးများ၏လက်ထဲတွင် ဘေးဒုက္ခရောက်နေကြမည့်အစား ငြိမ်သက်မှုနှင့်ကောင်းစားသည့်အသက်တာကို ပြည့်ပြည့်ဝဝ၊ လေးလေးနက်နက်နှင့် မြစ်ကဲ့သို့အဆက်မပြတ် ခံစားကြရမည်ဖြစ်သည်။ ထို့အပြင် သူတို့၏ဖြောင့်မတ်သောအကျင့်များသည် သမုဒ္ဒရာလှိုင်းများကဲ့သို့ မရေမတွက်နိုင်အောင် များပြားမည်။ အလားတူ ကျွန်ုပ်တို့လည်း မြင့်မြတ်သောသွန်သင်ခြင်းကို မိမိတို့၏အသက်တာတွင်ကျင့်သုံးလျှင် မြောက်မြားစွာသောယင်း၏အကျိုးကျေးဇူးများကို ခံစားကြရမည်ဖြစ်သည်။ ယင်းအကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
ယင်းသည် အသက်တာများကိုပြောင်းလဲပေး
၄။ မြင့်မြတ်သောသွန်သင်ခြင်းသည် လူများစွာတို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်ခဲ့ပြီနည်း။
၄ ဘဝကိုတိုးတက်ကောင်းမွန်စေခြင်းအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းသည် လူများစွာတို့အား အကျိုးဖြစ်ထွန်းစေခဲ့ပြီ။ ယေဟောဝါ၏ညွှန်ကြားမှုကို လိုက်လျှောက်သောသူသည် အကျင့်လျော့ရဲခြင်း၊ ဗာဗုလုန်ဝတ်ပြုရေး၊ နတ်ဝိဇ္ဇာအတတ်၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်းစသည့် “ဇာတိအကျင့်များ” ကို စွန့်ပယ်သည်။ ယင်းတို့အစား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ ချုပ်တည်းခြင်းစသည့် ဝိညာဉ်အသီးများကို တင်ပြကြသည်။ (ဂလာတိ ၅:၁၉-၂၃) အကျိုးမပေးသောစိတ်နှင့် စိတ်ပိုင်းဆိုင်ရာအမှောင်ထဲတွင် ဘုရားသခင်ပိုင်ဆိုင်သည့်အသက်နှင့်ကင်းကွာသည့်လူများ လိုက်လျှောက်သောလမ်းစဉ်ကို မလိုက်လျှောက်ကြရန် တမန်တော်ပေါလုက ယုံကြည်သူချင်းတို့အား ဧဖက် ၄:၁၇-၂၄ တွင်တိုက်တွန်းထားသည့်သြဝါဒကိုလည်း သူတို့လိုက်နာကြသည်။ အသိဉာဏ်မဲ့သည့်နှလုံး၏ ဦးဆောင်မှုအားဖြင့်မဟုတ်ဘဲ ခရစ်တော်နှင့်တူသူတို့သည် သူတို့၏ ‘ယခင်အကျင့်လမ်းစဉ်ဟောင်းကိုပြောင်းလဲ၍ ဥပဓိရုပ်ဟောင်းကိုစွန့်ပစ်ကာ စိတ်ကိုလှုံ့ဆော်သောစွမ်းအား အားဖြင့် အသစ်ပြုပြင်ခံ’ ကြသည်။ သူတို့သည် ‘စစ်မှန်သောဖြောင့်မတ်ခြင်းနှင့်သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင်၏အလိုတော်နှင့်အညီ ဖန်ဆင်းခံရသော ဥပဓိရုပ်သစ်ကို ဝတ်ဆင်ကြ’ သည်။
၅။ မြင့်မြတ်သောသွန်သင်ခြင်းသည် လူများလျှောက်လှမ်းရမည့်နည်းနှင့်ပတ်သက်၍ မည်သို့အကျိုးသက်ရောက်သနည်း။
၅ မြင့်မြတ်သောသွန်သင်ခြင်းအတိုင်း လိုက်လျှောက်ခြင်း၏ ကောင်းမွန်သည့်အကျိုးတစ်ခုမှာ ယင်းက ဘုရားသခင်နှင့်မည်သို့လျှောက်လှမ်းရမည်ကို ကျွန်ုပ်တို့အား ဖော်ပြသည်။ နောဧကဲ့သို့ ယေဟောဝါနှင့်အတူကျွန်ုပ်တို့လျှောက်လှမ်းပါက ကျွန်ုပ်တို့၏မြင့်မြတ်သောညွှန်ကြားပေးရှင်ချမှတ်သည့် အသက်တာလမ်းစဉ်အတိုင်း လိုက်လျှောက်ကြမည်။ (ကမ္ဘာဦး ၆:၉; ဟေရှာယ ၃၀:၂၀၊ ၂၁) လူမျိုးများမှလူတို့သည် တမန်တော်ပေါလုပြောသည့်အတိုင်း “သူတို့စိတ်၏အကျိုးမပေးမှုအတိုင်းလိုက်လျှောက်” ကြသည်။ ထိုစိတ်များ၏အရေးအသားအချို့တို့သည် မည်မျှအကျိုးမဲ့စေခဲ့ပြီတကား! ပုံပေမြို့ရှိနံရံတစ်ခုတွင် ရေးသားထားသည့်အရာကို သတိပြုမိသည့်အကဲခတ်သူတစ်ဦးက သူကိုယ်တိုင်ဤသို့ရေးသားခဲ့သည်– “ဤမျှများပြားသည့် အဓိပ္ပာယ်မရှိသောအရေးအသားများ၏အလေးချိန်ကြောင့် အသင်နံရံပြိုကျပျက်စီးမသွားသေးသည်မှာ အံ့ဩစရာဖြစ်တော့သည်။” သို့သော် “ယေဟောဝါ၏သွန်သင်ခြင်း” နှင့် ယင်းကဖြစ်စေသော ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် အဓိပ္ပာယ်မရှိသောအရာများမပါဝင်ပါ။ (တမန်တော် ၁၃:၁၂) ထိုလုပ်ငန်းအားဖြင့် သမ္မာတရားမြတ်နိုးသူများကို မှန်ရာလုပ်လာစေသည်။ သူတို့သည် ဘုရားသခင့်ရည်ရွယ်ချက်များကိုလျစ်လျူရှုသည့် သူတို့၏အပြစ်ရှိသောလမ်းစဉ်အတိုင်းလျှောက်ခြင်းမှ မည်သို့ရပ်ဆိုင်းရမည်ကို သွန်သင်ခံရကြသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာအမှောင်တွင် မရှိတော့ချေ။ အကျိုးမရှိသည့်ရည်မှန်းချက်များကို လိုက်စားစေသော အသိဉာဏ်မဲ့သည့်နှလုံး၏လှုံ့ဆော်မှုကိုလည်း မခံရကြတော့ချေ။
၆။ ယေဟောဝါ၏သွန်သင်ခြင်းကိုနာခံမှုနှင့် ကျွန်ုပ်တို့၏ပျော်ရွှင်မှုတို့သည် မည်သို့ဆက်စပ်မှုရှိသနည်း။
၆ မြင့်မြတ်သောသွန်သင်ခြင်းသည် ယေဟောဝါ၊ ကိုယ်တော့်ဆက်ဆံရေးတို့နှင့် ကျွန်ုပ်တို့အားအကျွမ်းတဝင်ဖြစ်စေခြင်းဖြင့် အကျိုးဖြစ်ထွန်းစေသည်။ ထိုကဲ့သို့သောအသိပညာသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့်သာ၍နီးကပ်စေပြီး ကိုယ်တော်အားချစ်ခြင်းကိုတိုးပွားစေကာ ကိုယ်တော်အားနာခံလိုစိတ်ကို မြှင့်တင်ပေးသည်။ ၁ ယောဟန် ၅:၃ ကဤသို့ပြောသည်– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကိုစောင့်ခဲသည်မဟုတ်။” ယေရှု၏သွန်သင်ခြင်းသည် ဘုရားသခင်ထံမှဖြစ်ကြောင်း သိထားခြင်းကြောင့် သူ၏ပညတ်တော်များကိုလည်း ကျွန်ုပ်တို့လိုက်လျှောက်ကြသည်။ (ယောဟန် ၇:၁၆-၁၈) ထိုသို့သောနာခံမှုသည် ကျွန်ုပ်တို့အား ဝိညာဏအန္တရာယ်မှကာကွယ်ပေးပြီး ကျွန်ုပ်တို့၏ပျော်ရွှင်မှုကို တိုးပွားစေသည်။
ဘဝတွင်စစ်မှန်သောရည်ရွယ်ချက်
၇၊ ၈။ (က) ဆာလံ ၉၀:၁၂ ကိုကျွန်ုပ်တို့မည်သို့နားလည်ရမည်နည်း။ (ခ) ဉာဏ်ပညာကို ကျွန်ုပ်တို့မည်သို့နှလုံးသွင်းနိုင်သနည်း။
၇ ယေဟောဝါ၏သွန်သင်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာကို ရည်ရွယ်ချက်ရှိသောသဘောနှင့် မည်သို့အသုံးပြုရမည်ကိုတင်ပြခြင်းအားဖြင့် အကျိုးဖြစ်ထွန်းစေသည်။ အမှန်အားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းသည် ကျွန်ုပ်တို့၏နေ့ရက်များကို ထူးခြားသည့်နည်းဖြင့်မည်သို့ရေတွက်နိုင်ကြောင်း ပြသည်။ အနှစ် ၇၀ ရှိအသက်တာမျှော်လင့်ချက်တွင် ရက်ပေါင်း ၂၅,၅၅၀ နေနိုင်ခွင့်အလားအလာရှိသည်။ အသက် ၅၀ ရှိသူတစ်ဦးသည် ၁၈,၂၅၀ ရက်ကိုကျော်လွန်လာခဲ့ပြီးဖြစ်ရာ မျှော်လင့်စရာရှိသည့်ကျန်ရက်ပေါင်း ၇,၃၀၀ သည် သူ့အတွက် သေချာဟန်မရှိတော့ပါ။ အထူးသဖြင့် ထိုအခါတွင် ဆာလံ ၉၀:၁၂ ၌ ပရောဖက်မောရှေ၏ဆုတောင်းချက်ကို သူပို၍နားလည်သဘောပေါက်လာပေမည်– “ကျွန်ုပ်တို့သည် ပညာတရားကိုနှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကိုရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” သို့သော် မောရှေကထိုသို့ပြောရာတွင် ဘာကိုဆိုလိုသနည်း။
၈ ဘုရားသခင်က ဣသရေလတစ်ဦးစီ၏သက်တမ်းကို နေ့ရက်အတိအကျသတ်မှတ်ဖော်ပြပေးရန် မောရှေဆိုလိုနေခြင်းမဟုတ်ပါ။ ဆာလံအခန်းကြီး ၉၀၊ အခန်းငယ် ၉ နှင့် ၁၀ အရ လူ့သက်တမ်းသည် ၇၀ သို့မဟုတ် ၈၀ ခန့်သာရှိနိုင်ကြောင်း ထိုဟေဗြဲပရောဖက်သဘောပေါက်ခဲ့သည်—အမှန်ပင်တိုတောင်းလှသည်။ ထို့ကြောင့် ဆာလံ ၉၀:၁၂ က မိမိနှင့်ကိုယ်တော့်လူများသည် ဉာဏ်ပညာကိုကျင့်သုံးခြင်းအားဖြင့် မိမိတို့၏ ‘နေ့ရက်ကာလ’ ကို တန်ဖိုးထားရန်နှင့် ယင်းနေ့ရက်တို့ကို ဘုရားသခင်နှစ်သက်သည့်နည်းအတိုင်းအသုံးပြုရန် ပြသသွန်သင်ပေးစေလိုသည့်ဆန္ဒဖြင့် မောရှေဆုတောင်းခြင်းကို ပေါ်လွင်စေသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ကောမည်သို့နည်း။ အဖိုးတန်သောနေ့တစ်နေ့စီကို ကျွန်ုပ်တို့တန်ဖိုးထားပါသလော။ နေ့ရက်တိုင်းကို ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်ယေဟောဝါ ဘုန်းထင်ရှားစေမည့်နည်းအတိုင်း တန်ဖိုးရှိရှိအသုံးပြုခြင်းအားဖြင့် ဉာဏ်ပညာကိုကျွန်ုပ်တို့နှလုံးသွင်းသလော။ မြင့်မြတ်သောသွန်သင်ခြင်းက ယင်းကိုပြုရန် ကျွန်ုပ်တို့ကိုအကူအညီပေးသည်။
၉။ ယေဟောဝါဘုန်းတော်ထင်ရှားရေးအတွက် ကျွန်ုပ်တို့၏နေ့ရက်ကိုရေတွက်လျှင် မည်သည့်အရာကိုမျှော်လင့်နိုင်သနည်း။
၉ ယေဟောဝါဘုန်းတော်ထင်ရှားရေးအတွက် ကျွန်ုပ်တို့၏နေ့ရက်ကိုရေတွက်လျှင် အဆုံးမရှိရေတွက်သွားနိုင်မည်။ အကြောင်းမှာ မြင့်မြတ်သောသွန်သင်ခြင်းက ထာဝရအသက်နှင့်ပတ်သက်သောအသိပညာကို ပေးသောကြောင့်ဖြစ်သည်။ ယေရှုက “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုခဲ့သည်။ (ယောဟန် ၁၇:၃) မှန်ပါသည်၊ ရနိုင်သောလောကပညာအားလုံးကို ကျွန်ုပ်တို့ဆည်းပူးစေကာမူ ကျွန်ုပ်တို့အားထာဝရအသက်မရစေနိုင်ပါ။ သို့သော် စကြဝဠာတွင် အရေးအကြီးဆုံးသောပုဂ္ဂိုလ်နှစ်ပါးနှင့်ဆိုင်သည့် အသိပညာကိုရယူ၍ ကျင့်သုံးပြီး ယုံကြည်ခြင်းကိုအမှန်တင်ပြလျှင် ထာဝရအသက်သည် ကျွန်ုပ်တို့ပိုင်ဆိုင်ရာဖြစ်နိုင်သည်။
၁၀။ ပညာရေးနှင့်ပတ်သက်၍ စွယ်စုံကျမ်းတစ်စောင်က မည်သို့ဆိုထားပြီး ယင်းကို မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများနှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။
၁၀ ကျွန်ုပ်တို့မည်မျှကြာကြာအသက်ရှင်ခဲ့ပြီးဖြစ်ပါစေ မြင့်မြတ်သောသွန်သင်ခြင်း၏ မှတ်သားဖွယ်ကောင်းသောဤအကျိုးကျေးဇူးကို သတိရကြစို့– ယင်းကိုကျင့်သုံးသူများအား စစ်မှန်သောဘဝရည်ရွယ်ချက်ကို ရရှိစေသည်။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “လူ့အသိုင်းအဝိုင်းတွင် အသုံးဝင်သောအဖွဲ့ဝင်များဖြစ်ရန် ပညာရေးက လူတို့ကိုအကူအညီပေးသင့်သည်။ မိမိတို့အမွေခံရသည့်ယဉ်ကျေးမှုကို လေးမြတ်ခြင်းနှင့် သာ၍ကျေနပ်ရောင့်ရဲဖွယ်အသက်တာကို မွေ့လျော်ခြင်းတို့တွင် တိုးတက်ရန်တို့တွင်လည်း အကူအညီပေးသင့်သည်။” မြင့်မြတ်သောသွန်သင်ခြင်းသည် ကျေနပ်ရောင့်ရဲသည့်အသက်တာဖြင့်နေနိုင်ရန် အကူအညီပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကိုအကျိုးဖြစ်ထွန်းစေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်လူများအဖြစ် ရရှိထားကြသော ဝိညာဏအမွေကိုလှိုက်လှိုက်လှဲလှဲတန်ဖိုးထားခြင်းကို ယင်းကတိုးပွားစေသည်။ လူ့အသိုင်းအဝိုင်းတွင် အသုံးဝင်သောအဖွဲ့ဝင်များဖြစ်ရန် ကျွန်ုပ်တို့ကိုအမှန်လုပ်ပေးသည်။ အကြောင်းမှာ ယင်းက ကမ္ဘာချီလူသားများ၏လိုအပ်ချက်နှင့်ပတ်သက်၍ အရေးကြီးဆုံးသောအခန်းကဏ္ဍမှ ကျွန်ုပ်တို့အားပါဝင်စေသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ထိုသို့ပြောနိုင်သနည်း။
ကမ္ဘာချီသွန်သင်ခြင်းအစီအစဉ်
၁၁။ သင့်တော်လျောက်ပတ်သည့်ပညာရေးလိုအပ်ပုံကို သောမတ်ဂျက်ဖာဆင်မည်သို့ပေါ်လွင်စေခဲ့သနည်း။
၁၁ အခြားညွှန်ကြားမှုအစီအစဉ်များနှင့်မတူဘဲ မြင့်မြတ်သောသွန်သင်ခြင်းသည် လူများ၏ပညာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်စွက်ပေးသည်။ လူများကိုသွန်သင်ပေးရန် လိုအပ်ခြင်းကို အမေရိကန်နိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်လာသူ သောမတ်စ်ဂျက်ဖာဆင်က မှတ်ချက်ပြုခဲ့သည်။ ၁၇၈၆ ခု၊ ဩဂုတ်လ ၁၃ ရက်နေ့က မိမိ၏မိတ်ဆွေနှင့် လွတ်လပ်ရေးကြေညာစာတမ်းကို ပါဝင်လက်မှတ်ရေးထိုးသူဖြစ်သည့် ဂျော့ဂျ်ဝစ်သ်ထံရေးသည့်စာတွင် ဂျက်ဖာဆင်ဤသို့ဆိုထားသည်– “ကျွန်ုပ်တို့၏ဥပဒေပေါင်းချုပ်ထဲမှ အရေးတကာ့အရေးအကြီးဆုံးသောဥပဒေတစ်ခုမှာ လူများအလယ်တွင် အသိပညာဖြန့်ဝေပေးခြင်းဖြစ်သည်။ လွတ်လပ်မှုနှင့်ပျော်ရွှင်မှုဆက်လက်တည်မြဲရန် အခြားသောသေချာသည့်အခြေအမြစ်ကို မဖန်တီးပေးနိုင်ပါ။ . . . မိတ်ဆွေကြီးခင်ဗျား၊ အသိပညာကင်းမဲ့ခြင်းကို တိုက်လှန်သည့် အင်တိုက်အားတိုက်လှုပ်ရှားမှုတစ်ခုအကြောင်း ထောက်ခံပြောဆိုပါ; သာမန်လူတန်းစားကို ပညာပေးသည့်ဥပဒေကို ချမှတ်ပြီးတိုးတက်စေပါ။ ပညာရေးအတွက် ပေးဆက်ရမည့်အခွန်ငွေသည် လူများကို အသိပညာမဲ့သည့်အခြေအနေအတိုင်းပစ်ထားခြင်းကြောင့် ထကြွပုန်ကန်လာမည့် ဘုရင်များ၊ ဘုန်းကြီးရဟန်းများနှင့် မင်းသားမှူးမတ်များကို ပေးရမည့်ငွေပမာဏ၏ တစ်ထောင်ပုံတစ်ပုံထက်ပင် မများကြောင်း . . . ကျွန်ုပ်တို့၏တိုင်းသူပြည်သားများအား သိစေပါ။”
၁၂။ မြင့်မြတ်သောသွန်သင်ခြင်းသည် ကမ္ဘာချီပညာရေးအတွက် အောင်မြင်မှုအရှိဆုံးနှင့် အကျိုးအဖြစ်ထွန်းဆုံးဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၁၂ ယေဟောဝါ၏သွန်သင်ခြင်းသည် မှန်ကန်သည့်သဘောထားရှိသူများအား ပညာမဲ့အခြေအနေတွင်ထားရှိမည့်အစား သူတို့အကျိုးအတွက် ကမ္ဘာချီအကောင်းဆုံးပညာပေးအစီအစဉ်ကို ဆောင်ရွက်ပေးသည်။ လွန်ခဲ့သည့်နှစ် ၅၀ ခန့်က ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေစဉ် ယူ.အက်စ်. ပညာရေးပြန်လည်ထူထောင်မှုကော်မတီက “ကမ္ဘာချီပညာပေးအစီအစဉ်” အရေးပေါ်လိုအပ်နေကြောင်း တွေ့မြင်ခဲ့သည်။ ထိုလိုအပ်ချက်သည် လိုအပ်မြဲရှိသော်လည်း မြင့်မြတ်သောသွန်သင်ခြင်းသာလျှင် တစ်ခုတည်းသော အောင်မြင်မှုရသည့် ကမ္ဘာချီပညာပေးအစီအစဉ်ဖြစ်သည်။ ယင်းသည် အကျိုးအဖြစ်ထွန်းဆုံးအစီအစဉ်လည်းဖြစ်သည်။ အကြောင်းမှာ ယင်းသည် လူများအား လက်မှိုင်ချနေရသည့်အခြေအနေမှ လွတ်မြောက်ခွင့်ပေး၍ စိတ်ပိုင်းနှင့်ဝိညာဏပိုင်းဆိုင်ရာတို့ကို မြှင့်တင်ပေးကာ လောကမာန်မာနနှင့်ငဲ့ကွက်မှုများမှ ကယ်နှုတ်ပေးပြီး ထာဝရအသက်အတွက် အသိပညာများကိုဝေငှပေးသည်။ ထို့ထက် ဤအစီအစဉ်သည် ယေဟောဝါအားဝတ်ပြုရန် နေရာအနှံ့ရှိလူများအားသင်ပေးခြင်းအားဖြင့် အကျိုးပြုနေသည်။
၁၃။ ဟေရှာယ ၂:၂-၄ သည် ယနေ့မည်သို့ ပြည့်စုံနေသနည်း။
၁၃ မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးအမြတ်များမှာ ယခု ဘုရားသခင့်ကျေးကျွန်ဖြစ်လာကြသည့် လူအုပ်စုကြီးနှင့်အတူ မွေ့လျော်ရသောအခွင့်ဖြစ်သည်။ ထိုသူတို့သည် မိမိတို့၏ဝိညာဏလိုအပ်ချက်ကို သတိပြုကြပြီး ယေဟောဝါ၏နေ့ရက်နီးကြောင်း အပြည့်အဝအာရုံစိုက်ကြသည်။ (မဿဲ ၅:၃၊ ကဘ; ၁ သက်သာလောနိတ် ၅:၁-၆) “နောက်ဆုံးသောကာလ” ဖြစ်သည့် ယခုပင်လျှင် လူမျိုးအားလုံးမှဤလူများသည် ယေဟောဝါ၏တောင်တော်၊ စင်ကြယ်သောဝတ်ပြုရေးသို့ တဖွဲဖွဲဝင်ရောက်လာကြသည်။ ယင်းသည် မြဲမြံခိုင်ခံ့လျက်ရှိပြီး ဘုရားသခင်၏အလိုတော်နှင့်ဆန့်ကျင်သည့် ဝတ်ပြုရေးအားလုံးတို့ထက်မြင့်၍ ချီးမြှောက်ထားခြင်းခံရသည်။ (ဟေရှာယ ၂:၂-၄) သင်သည် ဆက်ကပ်အပ်နှံထားသည့် ယေဟောဝါသက်သေတစ်ဦးဖြစ်ပါက ကိုယ်တော်အားဝတ်ပြုပြီး မြင့်မြတ်သောသွန်သင်ခြင်းမှ အကျိုးခံစားနေရသော အစဉ်အမြဲတိုးပွားနေသည့်လူအုပ်စုကြီးအဝင်ဖြစ်ရခြင်းကို နှစ်သက်ရွှင်လန်းမှုမဖြစ်ပေလော။ “အသင်လူတို့၊ ဂျားကိုချီးမွမ်းကြလော့” ဟုကြွေးကြော်သူများတွင် ပါဝင်ရခြင်းသည် မည်မျှကောင်းမြတ်လှပါသည်တကား!—ဆာလံ ၁၅၀:၆၊ ကဘ။
ကျွန်ုပ်တို့၏စိတ်သဘောကိုကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု
၁၄။ ၁ ကောရိန္သု ၁၄:၂၀ ပါပေါလု၏သြဝါဒကို လိုက်နာခြင်းမှ မည်သည့်အကျိုးကျေးဇူးဖြစ်ထွန်းသနည်း။
၁၄ မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများစွာထဲတွင် ကျွန်ုပ်တို့၏တွေးခေါ်မှုနှင့်စိတ်သဘောကို ကောင်းမွန်သည့်အကျိုးသက်ရောက်စေနိုင်ခြင်းဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား ဖြောင့်မတ်သော၊ သန့်ရှင်းသော၊ သီလနှင့်ပြည့်စုံသော၊ ချီးမွမ်းဖွယ်ဖြစ်သောအရာများကို စဉ်းစားရန်လှုံ့ဆော်ပေးသည်။ (ဖိလိပ္ပိ ၄:၈) ယေဟောဝါ၏သွန်သင်ခြင်းက ပေါလု၏သြဝါဒကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့အားအကူအညီပေးသည်– “မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်ကြလော့။” (၁ ကောရိန္သု ၁၄:၂၀) ဤဆုံးမမှုကို ကျွန်ုပ်တို့လိုက်လျှောက်ပါက ဆိုးညစ်မှုနှင့်ဆိုင်သောအသိပညာများကို ဆည်းပူးမည်မဟုတ်ပါ။ ပေါလုဤသို့ရေးခဲ့သေးသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်း [မကောင်းမှု၊ ကဘ] ကိုလည်းကောင်း သင်တို့မှပယ်ရှားကြလော့။” (ဧဖက် ၄:၃၁) ထိုသို့သောသြဝါဒသည် အကျင့်ယိုယွင်းခြင်းနှင့် အခြား ကြီးလေးသောအပြစ်များကို ကျွန်ုပ်တို့ရှောင်ရှားနိုင်ရန် အကူအညီပေးသည်။ ယင်းက ကာယရေးနှင့်စိတ္တရေးအရ အကျိုးဖြစ်ထွန်းစေနိုင်သည့်အပြင် ယေဟောဝါအားကျွန်ုပ်တို့နှစ်သက်စေကြောင်း သိရှိရခြင်းက အထူးသဖြင့် ကျွန်ုပ်တို့အားရွှင်လန်းမှုဖြစ်စေသည်။
၁၅။ တွေးခေါ်မှုတွင် အကျင့်သီလနှင့်ပြည့်စုံရန် ကျွန်ုပ်တို့အား မည်သည့်အရာကအကူအညီဖြစ်စေနိုင်သနည်း။
၁၅ တွေးခေါ်မှုတွင်အကျင့်သီလနှင့်ပြည့်ဝစေရန် အကူအညီတစ်ခုမှာ ‘ကောင်းသောအကျင့်ဓလေ့ကို ယိုယွင်းစေတတ်သော မကောင်းသောအပေါင်းအသင်းများ’ ကိုရှောင်ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၃) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် မတရားမေထုန်ပြုသူများ၊ သူ့မယားပြစ်မှားသူများနှင့် အခြားသောအမှားပြုသူများနှင့် ပေါင်းသင်းကြမည်မဟုတ်ပါ။ ကျိုးကြောင်းဆက်စပ်ကြည့်လျှင် ကာမတပ်မက်သော ထိုသူတို့၏အကြောင်းများကို ဖတ်ရှုခြင်း၊ ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်များတွင်ကြည့်ရှုခြင်းအားဖြင့် ထိုသူတို့နှင့်ပေါင်းဖော်ခြင်းကို မပြုကြရပါ။ နှလုံးသည် စဉ်းလဲပြီး မကောင်းသောတပ်မက်ခြင်းကို အလွယ်တကူဖြစ်ပေါ်စေကာ ယင်းတို့ကိုပြုလုပ်ဖို့သွေးဆောင်ခံရနိုင်သည်။ (ယေရမိ ၁၇:၉) ထို့ကြောင့် မြင့်မြတ်သောသွန်သင်ခြင်းကို နာခံလိုက်လျှောက်ခြင်းအားဖြင့် ထိုသွေးဆောင်မှုများကို ရှောင်ကြဉ်ကြစို့။ ယင်းက “ယေဟောဝါကိုချစ်သောသူများ” အား “မကောင်းသောအရာကိုမုန်း” သည်အထိ သူတို့၏တွေးတောမှုကို ကောင်းကျိုးသက်ရောက်စေနိုင်သည်။—ဆာလံ ၉၇:၁၀၊ ကဘ။
၁၆။ ဘုရားသခင်၏သွန်သင်ခြင်းက ကျွန်ုပ်တို့တင်ပြသည့်စိတ်သဘောထားကို မည်သို့ ဩဇာသက်ရောက်နိုင်သနည်း။
၁၆ မိမိ၏လုပ်ဖော်ဆောင်ဖက်တိမောသေအား ပေါလုဤသို့ပြောခဲ့သည်– “သခင်သည် သင်တင်ပြသောစိတ်သဘောနှင့်အတူရှိပါစေ။ ကိုယ်တော့်မခံစားထိုက်သောကရုဏာတော်သည် အသင်လူများနှင့်အတူရှိပါစေ။” (၂ တိမောသေ ၄:၂၂၊ ကဘ) ဘုရားသခင်သည် သခင်ခရစ်တော်ယေရှုအားဖြင့် တိမောသေနှင့်အခြားခရစ်ယာန်တို့အား လှုံ့ဆော်သည့်စွမ်းအားကို လက်ခံရန် ထိုတမန်တော်ဆန္ဒရှိခဲ့သည်။ မေတ္တာပါသော၊ ကြင်နာသော၊ မခက်ထန်သော စိတ်သဘောကို ကျွန်ုပ်တို့တင်ပြရန် ဘုရားသခင်၏သွန်သင်ခြင်းကအကူအညီပေးသည်။ (ကောလောသဲ ၃:၉-၁၄) ယင်းသည် ဤနောက်ဆုံးကာလရှိလူအများနှင့် မည်မျှကွာခြားလှပါသည်တကား! ထိုသူတို့သည် ထောင်လွှားသောသူ၊ ကျေးဇူးကန်းသောသူ၊ ပင်ကိုယ်မေတ္တာဓာတ်ခေါင်းပါးသူ၊ လူ့ခွစာ၊ ခေါင်းမာသူ၊ အပျော်အပါးမက်သူ၊ စစ်မှန်သောဘုရားဝတ်ပြုခြင်းကင်းမဲ့သူများဖြစ်ကြသည်။ (၂ တိမောသေ ၃:၁-၅) သို့သော် မြင့်မြတ်သောသွန်သင်ခြင်း၏အကျိုးကျေးဇူးများကို ကျွန်ုပ်တို့၏အသက်တာတွင် ဆက်လက်အသုံးချသည်နှင့်အမျှ ဘုရားသခင်နှင့်လူသားချင်းတို့အား ချစ်ခင်မြတ်နိုးသည့်စိတ်သဘောကို ကျွန်ုပ်တို့တင်ပြကြမည်။
လူသားချင်းပေါင်းသင်းဆက်ဆံရေးတွင် အကျိုးဖြစ်ထွန်း
၁၇။ နှိမ့်ချစွာပူးပေါင်းလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့်ဤမျှအရေးကြီးသနည်း။
၁၇ ယေဟောဝါ၏သွန်သင်ခြင်းသည် ဝတ်ပြုသူချင်းနှင့် နှိမ့်ချစွာပူးပေါင်းလုပ်ဆောင်မှု၏ အကျိုးကျေးဇူးကို ကျွန်ုပ်တို့မြင်သာရန် အကူအညီပေးသည်။ (ဆာလံ ၁၃၈:၆) ယနေ့လူများစွာတို့နှင့်မတူဘဲ ကျွန်ုပ်တို့သည် ဖြောင့်မတ်သောမူများကိုမချိုးဖောက်ဘဲ လိုက်လျောမှုရှိကြသည်။ ဥပမာ၊ အကြီးအကဲအစည်းအဝေးများတွင် ခန့်အပ်ခံကြီးကြပ်မှူးများသည် လိုက်လျောမှုရှိကြသောကြောင့် အကျိုးများရရှိစေသည်။ ထိုသူများသည် သမ္မာတရား၏အကျိုးအတွက် အေးဆေးတည်ငြိမ်စွာ ပြောဆိုနိုင်ကြသည်။ သို့သော် ဩဇာလွှမ်းသည့်အတွေးအခေါ် သို့မဟုတ် စည်းလုံးမှုပျက်ပြားစေသည့် စိတ်လှုပ်ရှားမှုများကို ခွင့်မပြုကြပါ။ ကျွန်ုပ်တို့အားလုံးသည် မြင့်မြတ်သောသွန်သင်ခြင်းကို ဆက်၍ကျင့်သုံးကြပါက အသင်းတော်သားအားလုံးတို့သည် ကျွန်ုပ်တို့မွေ့လျော်သည့် စည်းလုံးညီညွတ်သောစိတ်သဘောထားမှ အကျိုးခံစားကြရမည်။—ဆာလံ ၁၃၃:၁-၃။
၁၈။ ယုံကြည်သူချင်းကို မည်သို့ရှုမြင်ရန် မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အားအကူအညီပေးသနည်း။
၁၈ ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့အပေါ် အမြင်မှန်ရှိရန်လည်း မြင့်မြတ်သောသွန်သင်ခြင်းက အကူအညီပေးခြင်းအားဖြင့် ကျွန်ုပ်တို့အားအကျိုးဖြစ်ထွန်းစေသည်။ ယေရှုဤသို့ပြောခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယောဟန် ၆:၄၄) အထူးသဖြင့် ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား မိမိ၏တရားစီရင်မှုအကြောင်းကို ကြေညာစေကာ စာတန့်အစီအစဉ်စနစ်သည်လည်း ဤကမ္ဘာချီသတိပေးသတင်းကြောင့် သိမ့်သိမ့်တုန်လာခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်ကိုကြောက်ရွံ့သောလူသားများ—“နှစ်သက်ဖွယ်သောအရာ” များ—သည် လူမျိုးများမှ မိမိတို့ကိုယ်ကိုခွဲခြားထွက်လာရန်နှင့် ဘိသိက်ခံခရစ်ယာန်များနှင့်အတူ ယေဟောဝါ၏ဝတ်ပြုရာအိမ်ကို ဘုန်းအသရေဖြင့်ပြည့်စေခြင်းတွင် ပါဝင်ရန် ဘုရားသခင်၏ဆွဲဆောင်ခြင်းကိုခံရကြသည်။ (ဟဂ္ဂဲ ၂:၇) ဘုရားသခင်ဆွဲဆောင်သည့် ထိုနှစ်သက်ဖွယ်ကောင်းသူများအား ချစ်မြတ်နိုးဖွယ်အပေါင်းအသင်းများအဖြစ် ကျွန်ုပ်တို့ရှုမြင်သင့်သည်အမှန်။
၁၉။ ခရစ်ယာန်ချင်းတို့နှင့် ပုဂ္ဂိုလ်ရေးအခက်အခဲများဖြေရှင်းနည်းအကြောင်း ဘုရားသခင့်သွန်သင်ခြင်းက မည်သို့ဖွင့်ဆိုဖော်ပြထားသနည်း။
၁၉ ကျွန်ုပ်တို့အားလုံးမစုံလင်ကြသည့်အတွက် အမြဲအဆင်ပြေချောမွေ့မည်တော့မဟုတ်ပါ။ ပေါလု၏ဒုတိယသာသနာပြုခရီးထွက်ခါနီးအချိန်တွင် ဗာနဗက မာကုကိုအတူခေါ်ရန် ဆုံးဖြတ်သည်။ ပေါလုကသဘောမတူခဲ့ပါ။ အကြောင်းမှာ မာကုသည် “ပံဖုလိပြည်၌ သူတို့နှင့်ခွာ၍ အမှုထမ်းရာသို့မလိုက်မသွားသော” ကြောင့်ဖြစ်သည်။ ထိုအခါ “ပြင်းထန်သည့်ဒေါသပေါက်ကွဲမှုကြီး” ဖြစ်လေတော့သည်။ ဗာနဗက မာကုကိုခေါ်ပြီး ကုပရုသို့၊ ပေါလုက သိလကိုအဖော်ပြုပြီး ရှုရိပြည်နှင့်ကိလိကိပြည်တစ်လျှောက်တို့သို့ ထွက်ခွာသွားကြသည်။ (တမန်တော် ၁၅:၃၆-၄၁၊ ကဘ) နောက်ပိုင်းတွင် မာကုသည် ပေါလုနှင့်အတူရောမသို့ရောက်ပြီး သူ့ကောင်းကြောင်းကို တမန်တော်ပေါလုပြောဆိုခဲ့ခြင်းက ထိုမသင့်မြတ်မှုသည် ပြန်ပြေလည်သွားကြောင်းထင်ရှားသည်။ (ကောလောသဲ ၄:၁၀) မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးတစ်ခုမှာ မဿဲ ၅:၂၃၊ ၂၄ နှင့် မဿဲ ၁၈:၁၅-၁၇ တွင်ပါသကဲ့သို့သော ယေရှု၏သြဝါဒကိုလိုက်လျှောက်ခြင်းအားဖြင့် ခရစ်ယာန်များကြား ပုဂ္ဂိုလ်ရေးပြဿနာများကို မည်သို့ဖြေရှင်းနိုင်သည်ကိုတင်ပြခြင်းဖြစ်သည်။
အစဉ်အကျိုးဖြစ်ထွန်းစေပြီးအောင်ပွဲခံ
၂၀၊ ၂၁။ မြင့်မြတ်သောသွန်သင်ခြင်းကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ခြင်းက ဘာကိုပြုလုပ်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်စေသင့်သနည်း။
၂၀ မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများနှင့်အောင်မြင်မှုများကို ကျွန်ုပ်တို့အနည်းအကျဉ်းသုံးသပ်ကြည့်ရုံမျှနှင့်ပင် ယင်းကို ကျွန်ုပ်တို့၏အသက်တာတွင် စွဲစွဲမြဲမြဲကျင့်သုံးရန်လိုအပ်ကြောင်း သိမြင်နိုင်သည်မှာမလွဲပါ။ ထို့ကြောင့် လေးမြတ်ထက်သန်သည့်စိတ်သဘောဖြင့် ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်ထံမှ ဆက်၍သင်ယူကြစို့။ မကြာမီ မြင့်မြတ်သောသွန်သင်ခြင်းသည် တစ်ခါနှင့်မျှမတူအောင် အောင်ပွဲဆင်တော့မည်ဖြစ်သည်။ ဤလောကပညာရှိများ၏ နောက်ဆုံးထွက်သက်ရှူချိန်တွင် ယင်းသည်အောင်ပွဲခံမည်။ (၁ ကောရိန္သု ၁:၁၉ နှိုင်းယှဉ်။) ထို့အပြင် လူသန်းပေါင်းများစွာတို့သည် ဘုရားသခင်၏အလိုတော်ကို သင်ကြားပြီးလုပ်ဆောင်နေကြရာ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ ယေဟောဝါကိုသိကျွမ်းခြင်းပညာသည် မြေတစ်ခွင်လုံးပျံ့နှံ့လိမ့်မည်။ (ဟေရှာယ ၁၁:၉) ယင်းက နာခံမှုရှိသောလူသားများအတွက် မည်မျှကောင်းမြတ်သည့်အကျိုးကျေးဇူးဖြစ်ပြီး ယေဟောဝါအား စကြဝဠာကိုအကြွင်းမဲ့အုပ်ချုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း သင်္ကာယနကင်းစေပါမည်တကား!
၂၁ ယေဟောဝါ၏သွန်သင်ခြင်းသည် အစဉ်အမြဲအကျိုးဖြစ်ထွန်းစေပြီး အောင်ပွဲခံမည်ဖြစ်သည်။ ဘုရားသခင့်ကြီးမြတ်သောပြဋ္ဌာန်းစာအုပ်၏ ထက်သန်တက်ကြွသောကျောင်းသားတစ်ဦးအဖြစ် သင်ဆက်လက်၍ အကျိုးရယူမည်လော။ သင်သည် သမ္မာကျမ်းစာနှင့်ညီညွတ်စွာအသက်ရှင်ပြီး ယင်း၏သမ္မာတရားများကို သူတစ်ပါးအားဝေမျှနေပါသလော။ သို့ ပြုလျှင် ကျွန်ုပ်တို့၏ကြီးမြတ်သောညွှန်ကြားပေးရှင်၊ အကြွင်းမဲ့အုပ်စိုးပိုင်သည့်သခင်ယေဟောဝါ၏ ဘုန်းတော်ထင်ရှားမည့် မြင့်မြတ်သောသွန်သင်ခြင်း၏အပြီးသတ်အောင်ပွဲကို တွေ့မြင်ရရန် သင်မျှော်လင့်နိုင်ပေသည်။
သင်ဘာကိုလေ့လာခဲ့သနည်း
◻ မြင့်မြတ်သောသွန်သင်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာကို မည်သည့် ဩဇာသက်ရောက်နိုင်သနည်း။
◻ ယေဟောဝါ၏သွန်သင်ခြင်းသည် ပညာရေးဆိုင်ရာလိုအပ်ချက်များကို မည်သို့ ဖြည့်စွက်ပေးသနည်း။
◻ မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့၏တွေးခေါ်မှုနှင့်သဘောထားတို့အပေါ် ကောင်းကျိုးပေးသည့် မည်သည့်အကျိုးသက်ရောက်မှုဖြစ်စေနိုင်သနည်း။
◻ ဘုရားသခင်၏သွန်သင်ခြင်းသည် လူသားချင်းဆက်ဆံရေးနှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းစေကြောင်း မည်သို့သက်သေထင်ရှားသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
နောဧကဲ့သို့ ဘုရားသခင်နှင့်မည်သို့လျှောက်လှမ်းရမည်ကို မြင့်မြတ်သောသွန်သင်ခြင်းက ကျွန်ုပ်တို့အားဖော်ပြသည်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
လူမျိုးအားလုံးမှလူများသည် ယေဟောဝါ၏တောင်တော်သို့ တဖွဲဖွဲရောက်ရှိလာကြသည်