ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၁၆ စာ. ၁၀၇-၁၁၃
  • စိတ်ဓာတ်ကျနေသော သုံ့ပန်းများအတွက် မျှော်လင့်ချက်သတင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဓာတ်ကျနေသော သုံ့ပန်းများအတွက် မျှော်လင့်ချက်သတင်း
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရေရှိရာသို့ လာကြလော့”
  • လွဲမှားသော ယုံကြည်ကိုးစားမှု
  • ထာဝရ နိုင်ငံတော်အတွက် ထာဝရ အမွေခံ
  • “လူမျိုးခြားတို့အဖို့ စီရင်အုပ်စိုးသောအရှင်”
  • မျက်မှောက်ခေတ် သုံ့ပန်းဖြစ်မှုနှင့် လွတ်မြောက်မှု
  • လူအုပ်ကြီးတစ်အုပ် ဘုရားသခင့် ဘိသိက်ခံများထံ ပြေးလာကြ
  • ယေဟောဝါထံတော်သို့ ပြန်လှည့်လာသူများအတွက် ကောင်းချီးများ
  • “ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဇိအုန်တွင် ဖြောင့်မတ်ခြင်း ပေါ်ထွန်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • လူမျိုးတို့အတွက် အလင်း
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ယေဟောဝါ ကျွန်ုပ်တို့၏ အကျိုးအတွက် သွန်သင်ပေး
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၁၆ စာ. ၁၀၇-၁၁၃

အခန်း ဆယ့်ခြောက်

စိတ်ဓာတ်ကျနေသော သုံ့ပန်းများအတွက် မျှော်လင့်ချက်သတင်း

ဟေရှာယ ၅၅:၁-၁၃

၁။ ဗာဗုလုန်ရှိ ပြည်နှင်ခံ ဂျူးများ၏ အခြေအနေကို ဖော်ပြပါ။

ယုဒသမိုင်းတွင် မှောင်မိုက်ခဲ့သော အချိန်ကာလပင်။ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးသည် မိမိတို့၏ ပြည်တော်မှ အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရပြီး ယခု ဗာဗုလုန် သုံ့ပန်းများအဖြစ် နွမ်းလျနေခဲ့ကြသည်။ သူတို့တွင် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် လွတ်လပ်မှု အတန်အရာ ရှိသည်။ (ယေရမိ ၂၉:၄-၇) အချို့သူများသည် စီးပွားရေး လုပ်ငန်းများတွင် ကျွမ်းကျင်လာပြီး စီးပွားရေးကုန်သည်များ ဖြစ်လာခဲ့ကြသည်။a (နေဟမိ ၃:၈၊ ၃၁၊ ၃၂) သို့ရာတွင် ဂျူးသုံ့ပန်းဘဝသည် မလွယ်ကူခဲ့ပါ။ ကာယရေးရော ဝိညာဉ်ရေးပါ ချုပ်နှောင်ခံခဲ့ရသည်။ မည်သို့ ဖြစ်သည်ကို ကြည့်ကြစို့။

၂၊ ၃။ ဂျူးများ ပြည်နှင်ခံရခြင်းသည် ယေဟောဝါအား ဝတ်ပြုမှုကို မည်သို့ ထိခိုက်ခဲ့သနည်း။

၂ ယေရုရှလင်မြို့ကို ဗာဗုလုန်စစ်တပ် ဖျက်ဆီးခဲ့ချိန် ဘီ.စီ.အီး. ၆၀၇ တွင် သူတို့သည် တိုင်းပြည်ကို ဖျက်ဆီးခဲ့ခြင်းထက်မကဘဲ စစ်မှန်သော ဝတ်ပြုရေးကိုလည်း ပျက်ပြားစေခဲ့သည်။ သူတို့သည် လေဝိလူအချို့ကို သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားခြင်း၊ အချို့ကို သတ်ပစ်ခြင်းဖြင့် ယဇ်ပုရောဟိတ် အစီအစဉ်ကို ပျက်စီးစေပြီး ယေဟောဝါ၏ ဗိမာန်တော်ကို ဖယ်ရှားဖျက်ဆီးခဲ့သည်။ ဂျူးများအတွက် ဝတ်ပြုကိုးကွယ်မည့်နေရာ၊ ယဇ်ပလ္လင်၊ ဖွဲ့စည်းထားသော ယဇ်ပုရောဟိတ်အဖွဲ့ မရှိတော့၍ ပညတ်တရားတွင် သတ်မှတ်ထားသည့်အတိုင်း စစ်မှန်သော ဘုရားသခင်ထံ ယဇ်ပူဇော်ရန် မဖြစ်နိုင်ပါ။

၃ သစ္စာရှိ ဂျူးများသည် အရေဖျားလှီးခြင်း၊ တတ်နိုင်သ၍ ပညတ်တရား လိုက်လျှောက်ခြင်းအားဖြင့် မိမိတို့၏ ဘာသာရေး အသွင်အပြင်ကို ထိန်းသိမ်းနိုင်ခဲ့ကြသည်။ ဥပမာ၊ သူတို့သည် တားမြစ်ထားသော အစားအစာများကို ရှောင်ကြဉ်ခြင်း၊ ဥပုသ်စောင့်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ သို့သော် ယင်းသို့ ပြုခြင်းက မိမိတို့အား ဖမ်းချုပ်ခဲ့သူများ၏ ပြောင်လှောင်မှုကို ခံခဲ့ရသည်၊ ဗာဗုလုန်လူမျိုးများက ဂျူးများ၏ ဘာသာရေး ထုံးတမ်းဓလေ့ကို မိုက်မဲရာအဖြစ် ရှုမြင်ကြ၍ ဖြစ်သည်။ ပြည်နှင်ခံများ၏ စိတ်ဓာတ်ကျမှု အခြေအနေကို ဆာလံဆရာ၏ ဤစကားများတွင် တွေ့မြင်နိုင်၏– “ဗာဗုလုန်မြစ်တို့အနားမှာ ငါတို့သည် ထိုင်၍ ဇိအုန်မြို့ကို အောက်မေ့လျက် ငိုကြွေးကြ၏။ ငါတို့စောင်းများကိုလည်း ထိုအရပ်တွင် မိုးမခပင်တို့၌ ဆွဲထားကြ၏။ အကြောင်းမူကား ထိုအရပ်၌ ငါတို့ကို ဖမ်းသွားချုပ်ထားသောသူနှင့် ငါတို့ကို ညှဉ်းဆဲသောသူတို့က ‘ဇိအုန်သီချင်းကို ငါတို့အား ဆိုကြလော့’ ဟု သီချင်းဆိုသံကိုလည်းကောင်း၊ ရွှင်လန်းသော အသံကိုလည်းကောင်း ငါတို့၌ တောင်းကြပါသည်တကား။”—ဆာလံ ၁၃၇:၁-၃။

၄။ ဂျူးများသည် လွတ်မြောက်ရန်အတွက် အခြားလူမျိုးများကို မျှော်ကိုးခြင်းသည် အဘယ်ကြောင့် အချည်းနှီး ဖြစ်မည်နည်း၊ သို့သော် အကူအညီအတွက် မည်သူ့ကို မျှော်ကိုးနိုင်ခဲ့သနည်း။

၄ သို့ဖြစ်၍ ဂျူးသုံ့ပန်းများသည် မည်သူ့ထံမှ နှစ်သိမ့်မှု မျှော်ကိုးနိုင်ခဲ့သနည်း။ သူတို့အတွက် ကယ်တင်ခြင်းသည် မည်သည့်နေရာမှ လာမည်နည်း။ ပတ်ဝန်းကျင် နိုင်ငံများမှ မဟုတ်သည်မှာ သေချာသည်! သူတို့အားလုံးသည် ဗာဗုလုန်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ အင်အား မရှိကြသည့်အပြင် သူတို့အများစုသည် ဂျူးများ၏ ရန်သူများ ဖြစ်ကြသည်။ သို့သော် မျှော်လင့်ချက် မဲ့သော အခြေအနေ မဟုတ်ခဲ့ပါ။ လွတ်လပ်သော လူမျိုး ဖြစ်စဉ်က မိမိတို့ ပုန်ကန်ခဲ့သော ယေဟောဝါက သူတို့ ပြည်နှင်ခံရသည့်တိုင် အားတက်ဖွယ် ဖိတ်ခေါ်ချက်တစ်ရပ်ကို ကြင်နာစွာ ကမ်းလှမ်းတော်မူခဲ့သည်။

“ရေရှိရာသို့ လာကြလော့”

၅။ “ရေရှိရာသို့ လာကြလော့” ဟူသော စကားသည် အဘယ် အဓိပ္ပာယ်ရှိသနည်း။

၅ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများကို ပရောဖက်ပြုချက် စကားဖြင့် ဤသို့ မိန့်တော်မူ၏– “အိုရေငတ်သောသူ အပေါင်းတို့ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြလော့။” (ဟေရှာယ ၅၅:၁) ဤစကားများတွင် ပုံဆောင် အသုံးအနှုန်း များစွာ ပါဝင်သည်။ ဥပမာ၊ “ရေရှိရာသို့ လာကြလော့” ဟူသော ဖိတ်ခေါ်ချက်ကို သုံးသပ်ကြည့်ပါ။ ရေ မရှိလျှင် အသက်မရှင်နိုင်ပါ။ ကျွန်ုပ်တို့ လူသားများသည် ထိုအဖိုးထိုက်သော အရည် မရှိဘဲ ရက်သတ္တပတ် တစ်ပတ်လောက်သာ အသက်ရှင်နိုင်သည်။ ထို့ကြောင့် ယေဟောဝါ၏ မိန့်တော်မူချက်မှ ဂျူးသုံ့ပန်းများ ရရှိမည့် အကျိုးကို ဖော်ပြရန် ရေကို ပုံဆောင် သုံးနှုန်းခြင်းသည် သင့်လျော်ပါသည်။ ကိုယ်တော်၏ သတင်းစကားသည် ပူအိုက်သောနေ့တွင် သောက်လိုက်ရသော ရေအေးတစ်ခွက်ကဲ့သို့ လန်းဆန်းစေမည်။ ယင်းက သူတို့၏ စိတ်ပျက်အားလျော့နေမှုကို ပျောက်ကင်းစေပြီး သမ္မာတရားနှင့် ဖြောင့်မတ်ခြင်း ဆာမွတ်မှုကို အာသာပြေစေမည်။ ယင်းက သုံ့ပန်းဘဝမှ လွတ်မြောက်မည်ဟူသော မျှော်လင့်ချက်ကို နှလုံးသွင်းစေမည်။ ထို့ကြောင့် ပြည်နှင်ခံ ဂျူးများသည် အကျိုးရရှိရန် ဘုရားသခင့် သတင်းစကားကို သောက်ရမည်၊ အာရုံစိုက်ရမည်၊ ယင်းနှင့်အညီ လုပ်ဆောင်ရမည်။

၆။ ဂျူးများသည် “စပျစ်ရည်နှင့် နို့” ကို ဝယ်မည်ဆိုလျှင် အဘယ်အကျိုး ခံစားရမည်နည်း။

၆ “စပျစ်ရည်နှင့် နို့” ကိုလည်း ယေဟောဝါ ကမ်းလှမ်းထားသည်။ နို့သည် လူငယ် ကိုယ်ခန္ဓာကို အားရှိစေပြီး ကလေးများ ကြီးထွားစေရန် ထောက်ကူသည်။ ထိုနည်းတူ ဘုရားသခင့် စကားတော်သည် မိမိလူမျိုးတော်ကို ဝိညာဉ်ရေး အားရှိစေပြီး ကိုယ်တော်နှင့် သူတို့၏ ဆက်ဆံရေးကို ခိုင်ခံ့စေသည်။ သို့ဖြစ်လျှင် စပျစ်ရည်နှင့်ပတ်သက်၍ကော အသို့နည်း။ စပျစ်ရည်ကို အများအားဖြင့် ပွဲတော်အခါသမယများတွင် အသုံးပြုသည်။ ကျမ်းစာထဲတွင် သာယာဝပြောမှု၊ ရွှင်လန်းမှုတို့နှင့် ယင်းကို ဆက်စပ်ထားသည်။ (ဆာလံ ၁၀၄:၁၅) ယေဟောဝါက မိမိလူမျိုးတော်ကို “စပျစ်ရည် ဝယ်” ရန် မိန့်တော်မူခြင်းက စစ်မှန်သော ဝတ်ပြုရေးသို့ နှလုံးအကြွင်းမဲ့ ပြန်လှည့်လာခြင်းသည် သူတို့ကို “အမှန် ရွှင်လန်း” စေမည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေခြင်း ဖြစ်သည်။—တရားဟောရာ ၁၆:၁၅; ဆာလံ ၁၉:၈; သုတ္တံ ၁၀:၂၂။

၇။ ပြည်နှင်ခံ ဂျူးများအပေါ် ယေဟောဝါ၏ ထောက်ထားစာနာမှုသည် အဘယ်ကြောင့် ထူးခြားသနည်း၊ ယင်းက ကိုယ်တော်နှင့်ပတ်သက်၍ အဘယ်အရာ သွန်သင်ပေးသနည်း။

၇ ပြည်နှင်ခံ ဂျူးများအား ထိုသို့သော ဝိညာဉ်ရေး လန်းဆန်းမှုကို ကမ်းလှမ်းခြင်းသည် ယေဟောဝါ၏ ကရုဏာတော်ပါတကား! ထင်ရာစိုင်းပြီး ပုန်ကန်တတ်သော ဂျူးသမိုင်းရာဇဝင်ကို ကျွန်ုပ်တို့ ပြန်ပြောင်းကြည့်သည့်အခါ ကိုယ်တော်၏ ထောက်ထားစာနာမှုသည် ပို၍ပင် ထူးခြားသည်။ သူတို့သည် ယေဟောဝါ၏ မျက်နှာသာ ခံစားထိုက်၍ မဟုတ်ပါ။ သို့ရာတွင် အစောပိုင်း ရာစုနှစ်များစွာက ဆာလံဆရာ ဒါဝိဒ် ဤသို့ ရေးသားခဲ့၏– “ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍ ကရုဏာကြွယ်ဝသောသဘော ရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည် မဟုတ်။ အငြိုးကို အမြဲ ထားတော်မူသည် မဟုတ်။” (ဆာလံ ၁၀၃:၈၊ ၉) ယေဟောဝါသည် မိမိ၏ လူမျိုးတော်နှင့် အဆက်အသွယ် ဖြတ်လိုက်မည့်အစား ပြန်လည်သင့်မြတ်စေရန် ဦးစွာ လုပ်ဆောင်တော်မူခဲ့သည်။ အမှန်ပင် ကိုယ်တော်သည် “ကရုဏာ၌ မွေ့လျော်” တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။—မိက္ခာ ၇:၁၈။

လွဲမှားသော ယုံကြည်ကိုးစားမှု

၈။ အဘယ် သတိပေးချက် ရှိသည့်ကြားမှ ဂျူးများသည် အဘယ်အရာကို ယုံကြည်ကိုးစားခဲ့ကြသနည်း။

၈ ဂျူးများစွာသည် ယခုအချိန်အထိ ကယ်တင်ခြင်းအတွက် ယေဟောဝါအား အပြည့်အဝ ယုံကြည်ကိုးစားမှု မရှိကြပါ။ ဥပမာ၊ ယေရုရှလင်မြို့ မပျက်စီးမီ မြို့ကို အုပ်ချုပ်သူများသည် အကူအညီ ရရန် တန်ခိုးကြီး နိုင်ငံများကို မျှော်ကိုးခဲ့ကြသည်၊ ပုံစကားအားဖြင့် ပြောရလျှင် အီဂျစ်၊ ဗာဗုလုန်တို့နှင့် မိမိကိုယ်ကို ပြည့်တန်ဆာ လုပ်ခဲ့သည်။ (ယေဇကျေလ ၁၆:၂၆-၂၉; ၂၃:၁၄) အကြောင်းကောင်း ရှိ၍ သူတို့ကို ယေရမိ ဤသို့ သတိပေးခဲ့၏– “လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။” (ယေရမိ ၁၇:၅) သို့သော် ဘုရားသခင်၏ လူမျိုးတော်သည် ထိုသို့ပင် လုပ်ဆောင်ခဲ့သည်!

၉။ ဂျူးများစွာသည် ‘အစာ မဟုတ်သော အရာအဖို့ ငွေ’ မည်သို့ ပေးကြမည်နည်း။

၉ ယခု သူတို့သည် မိမိတို့ ကိုးစားခဲ့သော လူမျိုးတစ်မျိုး၏ ကျွန် ဖြစ်နေကြသည်။ သူတို့ သင်ခန်းစာ ယူခဲ့ကြပါသလော။ အများစုသည် သင်ခန်းစာ ရပုံ မပေါ်ကြောင်း ယေဟောဝါ၏ ဤမေးခွန်းက ဖော်ပြ၏– “အစာ မဟုတ်သော အရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ် မပြေနိုင်သောအရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း အဘယ်ကြောင့် ကုန်စေကြသနည်း။” (ဟေရှာယ ၅၅:၂က) ဂျူးသုံ့ပန်းများသည် ယေဟောဝါအစား အခြားသူ တစ်ဦးဦးကို ကိုးစားမည်ဆိုလျှင် သူတို့သည် ‘အစာ မဟုတ်သော အရာအဖို့ ငွေ’ ပေးနေကြခြင်း ဖြစ်သည်။ သုံ့ပန်းများကို တစ်ခါမျှ အိမ်ပြန်ခွင့် မပြုသည့် အုပ်ချုပ်ရေးစနစ်အရ ဗာဗုလုန်သည် သူတို့ကို လွှတ်ပေးမည် မဟုတ်သည်မှာ သေချာသည်။ အမှန်ဆိုလျှင် ဗာဗုလုန်၏ နယ်ချဲ့ဝါဒ၊ ကူးသန်းရောင်းဝယ်မှုနှင့် မှောက်မှားသော ဝတ်ပြုရေးတို့သည် ပြည်နှင်ခံ ဂျူးများအတွက် ပေးကမ်းစရာ ဘာမျှ မရှိပါ။

၁၀။ (က) ပြည်နှင်ခံ ဂျူးများသည် ယေဟောဝါအား နာခံကြမည်ဆိုလျှင် သူတို့ကို ကိုယ်တော် မည်သို့ ဆုချမည်နည်း။ (ခ) ယေဟောဝါသည် ဒါဝိဒ်နှင့် အဘယ် ပဋိညာဉ် ဖွဲ့ခဲ့သနည်း။

၁၀ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဤသို့ တောင်းဆိုတော်မူ၏– “ငါ့စကားကို စေ့စေ့ နားထောင်လျက် ကောင်းသော အစာကို စားကြလော့။ သင်တို့၏ ဝိညာဉ်သည် ချိုသော အရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။ နူးညွတ်သော နားနှင့် ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ငါသည်လည်း သင်တို့နှင့် ထာဝရ ပဋိညာဉ်ပြု၍ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ပေးမည်။” (ဟေရှာယ ၅၅:၂ခ၊ ၃) ဝိညာဏ အာဟာရ ချို့တဲ့နေသော ဤလူမျိုးအတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ယခု သူတို့အား ဟေရှာယမှတစ်ဆင့် ပရောဖက်ပြုစကားဖြင့် မိန့်တော်မူနေသောအရှင် ယေဟောဝါ၌သာ တည်မှီနေသည်။ သူတို့၏ အသက်တာသည် ဘုရားသခင့် သတင်းစကားကို နားထောင်ခြင်းအပေါ် မူတည်ခဲ့သည်၊ သူတို့ နားထောင်မည်ဆိုလျှင် “သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်” ဟု ကိုယ်တော် မိန့်တော်မူ၏။ သို့ရာတွင် ယေဟောဝါအား နာခံကြသူများနှင့် ဖွဲ့မည့် “ထာဝရ ပဋိညာဉ်” ကား အဘယ်နည်း။ ထိုပဋိညာဉ်သည် ‘ဒါဝိဒ်၌ ကျေးဇူးတော်’ နှင့် စပ်လျဉ်း၍ ဖြစ်သည်။ ဒါဝိဒ်၏ ရာဇပလ္လင်သည် “အစဉ်အမြဲ တည်လိမ့်မည်” ဟု ရာစုနှစ်အစောပိုင်းက ယေဟောဝါ ကတိပြုတော်မူခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၆) ထို့ကြောင့် ဤတွင် ဖော်ပြထားသော “ထာဝရ ပဋိညာဉ်” မှာ အုပ်ချုပ်မှုနှင့် ဆက်စပ်နေသည်။

ထာဝရ နိုင်ငံတော်အတွက် ထာဝရ အမွေခံ

၁၁။ ဗာဗုလုန်ရှိ ပြည်နှင်ခံများအဖို့ ဒါဝိဒ်ကို ပေးခဲ့သော ဘုရားသခင့် ကတိတော် ပြည့်စုံရန် အဘယ်ကြောင့် မဖြစ်နိုင်ပုံပေါက်သနည်း။

၁၁ ဝန်ခံရမည်မှာ၊ ဂျူးပြည်နှင်ခံများအဖို့ ဒါဝိဒ် မင်းမျိုးမင်းနွယ် အုပ်ချုပ်မှု အစီအစဉ်သည် မဖြစ်နိုင်တော့သည့်ပုံပေါက်နေသည်။ သူတို့သည် တိုင်းပြည်သာမကဘဲ လူမျိုးအနေဖြင့်ပင် ဆုံးရှုံးခဲ့ရပြီ! သို့သော် ယင်းသည် ခေတ္တမျှသာ ဖြစ်သည်။ ယေဟောဝါသည် ဒါဝိဒ်နှင့် ဖွဲ့ထားသော ပဋိညာဉ်ကို မေ့လျော့တော်မမူပါ။ လူ့ရှုထောင့်မှ မည်မျှပင် မဖြစ်နိုင်ပုံပေါက်နေစေကာမူ ဒါဝိဒ်မျိုးရိုးမှ ထာဝရ နိုင်ငံတော်နှင့်ပတ်သက်သော ဘုရားသခင့် ရည်ရွယ်ချက်သည် ထမြောက်အောင်မြင်မည်။ သို့သော် မည်သို့အားဖြင့်နှင့် အဘယ်အချိန်တွင်နည်း။ ဘီ.စီ.အီး. ၅၃၇ တွင် ယေဟောဝါသည် မိမိလူမျိုးတော်ကို ဗာဗုလုန် သုံ့ပန်းဘဝမှ လွတ်မြောက်စေပြီး ပြည်တော်သို့ ပြန်စေသည်။ ယင်းက ထာဝရ နိုင်ငံတော်ကို တည်ထောင်ခဲ့ခြင်းလော။ မဟုတ်ပါ၊ သူတို့သည် အခြား မှောက်မှားသော အင်ပါယာ၊ မီဒို-ပါးရှား၏ လက်အောက်တွင် ဆက်လက်အောက်ခံရသည်။ လူမျိုးခြားတို့အတွက် “သတ်မှတ်ထားသော ကာလ” သည် မပြီးဆုံးသေးပါ။ (လုကာ ၂၁:၂၄၊ ကဘ) ဣသရေလပြည်တွင် ဘုရင်မဲ့လျက် ဒါဝိဒ်ကို ဘုရားသခင် ပေးထားသော ကတိတော်သည် ရာစုနှစ်များစွာ ကြာပြီးမှ ပြည့်စုံမည် ဖြစ်သည်။

၁၂။ ယေဟောဝါသည် ဒါဝိဒ်နှင့် ဖွဲ့ခဲ့သော နိုင်ငံတော် ပဋိညာဉ် ပြည့်စုံရန် အဘယ်ခြေလှမ်းကို လုပ်ဆောင်တော်မူခဲ့သနည်း။

၁၂ ဗာဗုလုန်သုံ့ပန်းဘဝမှ ဣသရေလလူမျိုး လွတ်မြောက်ပြီး နှစ်ပေါင်း ၅၀၀ ကျော်အကြာတွင် ယေဟောဝါသည် မိမိ၏ ပထမဦးဆုံး ဖန်ဆင်းခြင်းလက်ရာ ဖြစ်သော သားဦး၏ အသက်ကို ကောင်းကင် ဘုန်းတန်ခိုးမှ ဂျူးအပျိုကညာ မာရိ၏ ဝမ်းထဲသို့ ရွှေ့ပြောင်းပေးခဲ့ချိန်တွင် နိုင်ငံတော် ပဋိညာဉ် ပြည့်စုံစေရန် အရေးကြီးသော ခြေလှမ်းကို ကိုယ်တော် လုပ်ဆောင်တော်မူခဲ့သည်။ (ကောလောသဲ ၁:၁၅-၁၇) ထိုအဖြစ်အပျက်ကို ကြေညာချိန်တွင် ယေဟောဝါ၏ ကောင်းကင်တမန်က မာရိကို ဤသို့ ပြောခဲ့၏– “ထိုသားသည်ကား ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်။ သူ၏ နိုင်ငံသည်လည်း ဆုံးခြင်း မရှိရ။” (လုကာ ၁:၃၂၊ ၃၃) ထို့ကြောင့် ယေရှုသည် ဒါဝိဒ်မင်းမျိုးမှ မွေးဖွားလာခဲ့ပြီး ဘုရင့်အရိုက်အရာကို အမွေခံခဲ့သည်။ စ၍ နန်းတင်ခံရပြီဆိုလျှင် ယေရှုသည် “နိစ္စအမြဲ” အုပ်စိုးတော်မူမည်။ (ဟေရှာယ ၉:၇; ဒံယေလ ၇:၁၄) ထို့ကြောင့် ဘုရင်ဒါဝိဒ်ကို ပေးခဲ့သည့် ထာဝရအမွေခံဆိုင်ရာ ရာစုနှစ်နှင့်ချီ ကြာခဲ့သော ယေဟောဝါ၏ ကတိတော် ပြည့်စုံရန်အတွက် ယခု လမ်းပွင့်ခဲ့ပြီ။

“လူမျိုးခြားတို့အဖို့ စီရင်အုပ်စိုးသောအရှင်”

၁၃။ ဓမ္မအမှုဆောင်ချိန်နှင့် ကောင်းကင်သို့ ပြန်တက်ကြွပြီးနောက်တွင် ယေရှုသည် “လူမျိုးတို့အဖို့ သက်သေ” မည်သို့ ဖြစ်ခဲ့သနည်း။

၁၃ ဤအနာဂတ် ဘုရင်သည် အဘယ်အရာ ပြုလုပ်တော်မူမည်နည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ကြည့်လော့။ ထိုသူကို လူမျိုးတို့အဖို့ သက်သေအဖြစ်၊ လူမျိုးခြားတို့အဖို့ [“ဦးဆောင်သူနှင့်၊” ကဘ] စီရင်အုပ်စိုးသောအရှင်အဖြစ် ငါခန့်ထားလေပြီ။” (ဟေရှာယ ၅၅:၄၊ သမ္မာ) ယေရှု ကြီးပြင်းလာသောအခါ ကိုယ်တော်သည် မြေကြီးပေါ်ရှိ ယေဟောဝါ၏ ကိုယ်စားလှယ်၊ လူမျိုးတို့အဖို့ ဘုရားသခင်၏ သက်သေ ဖြစ်ခဲ့သည်။ ကိုယ်တော်၏ လူသားအသက်တာအတွင်း ကိုယ်တော်၏ ဓမ္မအမှုသည် “ဣသရေလအမျိုး၊ ပျောက်လွင့်သော သိုးများ” ကို ဦးတည်ခဲ့သည်။ သို့ရာတွင် ယေရှု ကောင်းကင်သို့ မတက်ကြွမီ အချိန်လေးတွင် မိမိနောက်လိုက်များကို ဤသို့ မိန့်တော်မူခဲ့၏– “သင်တို့ သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေ . . . ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်။” (မဿဲ ၁၀:၅၊ ၆; ၁၅:၂၄; ၂၈:၁၉၊ ၂၀) ထို့ကြောင့် အချိန်တန်သည့်အခါ နိုင်ငံတော် သတင်းစကားသည် ဂျူးမဟုတ်သူများထံ ရောက်ရှိခဲ့ပြီး သူတို့ထဲမှ အချို့သည် ဒါဝိဒ်နှင့် ဖွဲ့ခဲ့သော ပဋိညာဉ် ပြည့်စုံချက်တွင် ပါဝင်ခွင့် ရခဲ့သည်။ (တမန်တော် ၁၃:၄၆) ဤနည်းဖြင့် ကိုယ်တော် သေဆုံးကာ ရှင်ပြန်ထမြောက်၍ ကောင်းကင်သို့ ပြန်တက်ကြွသွားပြီးနောက်တွင်ပင် ယေရှုသည် “လူမျိုးတို့အဖို့” ယေဟောဝါ၏ “သက်သေ” ဆက်ဖြစ်ခဲ့သည်။

၁၄၊ ၁၅။ (က) ယေရှုသည် “ဦးဆောင်သူနှင့် စီရင်အုပ်စိုးသောအရှင်” ဖြစ်ကြောင်း မည်သို့ သက်သေထူခဲ့သနည်း။ (ခ) ယေရှု၏ ပထမရာစု နောက်လိုက်များသည် အဘယ် အလားအလာ ရှိခဲ့ကြသနည်း။

၁၄ ယေရှုသည် “ဦးဆောင်သူနှင့် စီရင်အုပ်စိုးသောအရှင်” လည်း ဖြစ်ရန် ဖြစ်သည်။ ဤပရောဖက်ပြု ဖော်ပြချက်နှင့်အညီ၊ ယေရှု ကမ္ဘာပေါ်ရှိစဉ် မိမိ၏ ဦးစီးမှုတာဝန်ကို အပြည့်အဝ လက်ခံခဲ့ပြီး လူအုပ်စုကြီးကို ဆွဲဆောင်ရာတွင်၊ သူတို့ကို သမ္မာတရားစကား သွန်သင်ပေးရာတွင်နှင့် မိမိ၏ ဦးဆောင်မှုနောက် လိုက်သူများ အကျိုးခံစားရမည် ဖြစ်ကြောင်း ဖော်ပြကာ ကဏ္ဍတိုင်း၌ ဦးဆောင်ခဲ့သည်။ (မဿဲ ၄:၂၄; ၇:၂၈၊ ၂၉; ၁၁:၅) ကိုယ်တော်သည် မိမိ၏ တပည့်တော်များ ရှေ့တွင် လုပ်ဆောင်ရမည့် ဟောပြောခြင်း လုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်းဖြင့် ထိထိရောက်ရောက် လေ့ကျင့်ပေးခဲ့သည်။ (လုကာ ၁၀:၁-၁၂; တမန်တော် ၁:၈; ကောလောသဲ ၁:၂၃) ယေရှုသည် သုံးနှစ်ခွဲအချိန်လေးအတွင်းတွင် လူမျိုးအနွယ်များစွာမှ ထောင်နှင့်ချီသောသူတို့ ဆွဲဆောင်ခံရမည့် စည်းလုံးပြီး အပြည်ပြည်ဆိုင်ရာ အသင်းတော်အတွက် အုတ်မြစ်ချပေးခဲ့သည်! စစ်မှန်သော “ဦးဆောင်သူနှင့် စီရင်အုပ်စိုးသောအရှင်” တစ်ပါးတည်းသာ ထိုကဲ့သို့သော အလွန် ကြီးမားသည့် လုပ်ငန်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်သည်။b

၁၅ ပထမရာစု ခရစ်ယာန် အသင်းတော်အတွင်းသို့ စုသိမ်းခံခဲ့ရသူများကို ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခဲ့ပြီး သူတို့သည် ယေရှုနှင့်အတူ ကောင်းကင်နိုင်ငံတွင် တွဲဖက်အုပ်စိုးသူများ ဖြစ်ခွင့် အလားအလာ ရှိခဲ့သည်။ (ဗျာဒိတ် ၁၄:၁) သို့ရာတွင် ဟေရှာယ ပရောဖက်ပြုချက်က အစောပိုင်း ခရစ်ယာန်ဘာသာ နေ့ရက်များထက် ကျော်၍ ရှုမြင်သည်။ အထောက်အထားများက ယေရှုခရစ်သည် ဘုရားသခင့် နိုင်ငံတော် ဘုရင်အဖြစ် ၁၉၁၄ မတိုင်မီ မအုပ်စိုးခဲ့ကြောင်း တင်ပြသည်။ ၎င်းနောက် မကြာမီအချိန်တွင် မြေကြီးပေါ်ရှိ ဘိသိက်ခံ ခရစ်ယာန်များအကြား အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့သည်၊ ဘီ.စီ.အီး. ခြောက်ရာစုရှိ ပြည်နှင်ခံ ဂျူးများနှင့် များစွာ ဆင်တူသော အခြေအနေ ဖြစ်သည်။ အမှန်မှာ၊ ထိုခရစ်ယာန်များ၌ ဖြစ်ပျက်ခဲ့ရာများသည် ဟေရှာယ ပရောဖက်ပြုချက်၏ သာ၍ ကြီးသော ပြည့်စုံချက် ဖြစ်သည်။

မျက်မှောက်ခေတ် သုံ့ပန်းဖြစ်မှုနှင့် လွတ်မြောက်မှု

၁၆။ ၁၉၁၄ တွင် ယေရှု နန်းတင်ခံရပြီးနောက် အဘယ် ဘေးဒုက္ခ ကျရောက်ခဲ့သနည်း။

၁၆ ဘုရင်အဖြစ် ယေရှု နန်းတင်ခံခဲ့ရသော ၁၉၁၄ ကို မဖြစ်စဖူးသော ကမ္ဘာချီ ဘေးအန္တရာယ်ဖြင့် မှတ်သားခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုသည် ဘုရင် ဖြစ်လာသည်နှင့် စာတန်နှင့် အခြား နာမ်ဝိညာဉ်ဆိုးများကို ကောင်းကင်မှ နှင်ချခဲ့သည်။ စာတန်သည် မြေကြီးပေါ် ပစ်ချခံရသည်နှင့် ကျန်ကြွင်းသော သန့်ရှင်းသူများ ဖြစ်သည့် ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်ကို စတင်တိုက်ခိုက်ခဲ့သည်။ (ဗျာဒိတ် ၁၂:၇-၁၂၊ ၁၇) လူထုဟောပြောခြင်း လုပ်ငန်း ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး ကင်းမျှော်စင်အသင်း၏ တာဝန်ခံ အရာရှိများကို မှားယွင်းသော နိုင်ငံရေး စွဲချက်များဖြင့် ထောင်ချခဲ့သည့် ၁၉၁၈ တွင် စာတန်၏ တိုက်ခိုက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဤနည်းဖြင့် ယေဟောဝါ၏ မျက်မှောက်ခေတ် ကျေးကျွန်များသည် ဝိညာဏ သုံ့ပန်းဘဝ ရောက်ခဲ့ပြီး ရှေးဂျူးလူမျိုးများ ပကတိ သုံ့ပန်းဘဝ ရောက်ခဲ့ခြင်းကို ပြန်ပြောင်းသတိရစေသည်။ သူတို့သည် အကြီးအကျယ် ကဲ့ရဲ့ရှုတ်ချ ခံခဲ့ရသည်။

၁၇။ ၁၉၁၉ တွင် ဘိသိက်ခံတို့၏ အခြေအနေ မည်သို့ ပြောင်းလဲခဲ့သနည်း၊ ထိုအချိန်တွင် သူတို့ကို မည်သို့ ခိုင်ခံ့စေခဲ့သနည်း။

၁၇ သို့ရာတွင် ဘုရားသခင့် ဘိသိက်ခံ ကျေးကျွန်များ၏ သုံ့ပန်းအခြေအနေသည် မကြာခဲ့ပါသည်။ ၁၉၁၉၊ မတ်လ ၂၆ တွင် ထောင်ချခံခဲ့ရသော အရာရှိများ လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းတွင် သူတို့အပေါ် တင်ထားသော စွဲချက်အားလုံးမှ ကင်းလွတ်ခဲ့သည်။ ယေဟောဝါသည် လွတ်မြောက်လာသော လူမျိုးတော်အပေါ် သန့်ရှင်းသော ဝိညာဉ်တော် သွန်းလောင်းပေးခဲ့ပြီး ရှေ့တွင် လုပ်ဆောင်ရမည့် လုပ်ငန်းအတွက် ခွန်အားပေးတော်မူ၏။ သူတို့သည် “အဖိုးကို မပေးဘဲ အသက်ရေကို ယူပါ” ဟူသော ဖိတ်ခေါ်ချက်ကို ရွှင်လန်းဝမ်းမြောက်စွာ တုံ့ပြန်ခဲ့ကြသည်။ (ဗျာဒိတ် ၂၂:၁၇) သူတို့သည် “ငွေမပါဘဲ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်” ခဲ့ကြပြီး ဘိသိက်ခံ အကြွင်းအကျန် ကြို၍ မမြင်ခဲ့သော ဖြစ်ပျက်တော့မည့် အံ့ဖွယ်ကောင်းသော တိုးချဲ့မှုအတွက် ဝိညာဉ်ရေးအရ ခိုင်ခံ့စေခဲ့ကြသည်။

လူအုပ်ကြီးတစ်အုပ် ဘုရားသခင့် ဘိသိက်ခံများထံ ပြေးလာကြ

၁၈။ ယေရှုခရစ်၏ တပည့်တော်များထဲတွင် အဘယ် အုပ်စုနှစ်စုကို တွေ့ရသနည်း၊ ယနေ့အချိန်တွင် သူတို့သည် မည်သို့ ဖွဲ့စည်းတည်ရှိကြသနည်း။

၁၈ ယေရှု၏ တပည့်တော်များသည် မျှော်လင့်ချက် နှစ်ခုအနက် တစ်ခုကို စိတ်ထဲ ပိုက်ထားကြသည်။ ပထမတစ်ခု ဖြစ်သော ၁၄၄,၀၀၀ အရေအတွက်ရှိ “သိုးစုငယ်” ကို စုသိမ်းခဲ့ကြသည်—သူတို့မှာ “ဘုရားသခင်၏ ဣသရေလအမျိုး” ဖြစ်ပြီး ယေရှုနှင့်အတူ ကောင်းကင်နိုင်ငံတော်တွင် အုပ်စိုးရန် မျှော်လင့်ချက်ရှိသူ ဂျူးနှင့် တစ်ပါးအမျိုးသားနောက်ခံမှ ဘိသိက်ခံ ခရစ်ယာန်များ ဖြစ်သည်။ (လုကာ ၁၂:၃၂; ဂလာတိ ၆:၁၆; ဗျာဒိတ် ၁၄:၁) ဒုတိယမှာ နောက်ဆုံးသောကာလတွင် “အခြားသိုး” မှ “လူအုပ်ကြီး” သည် မိမိတို့ကိုယ်ကို ထင်ရှားပြခဲ့ကြသည်။ ဤသူတို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ် အသက်ရှင်ရန် မျှော်လင့်သူများ ဖြစ်သည်။ အရေအတွက် တင်ကူးသတ်မှတ်ထားခြင်း မရှိသော ဤလူအုပ်ကြီးသည် ကြီးစွာသောဒုက္ခမတိုင်မီ သိုးစုငယ်နှင့်အတူ အမှုထမ်းဆောင်နေပြီး ဤအုပ်စုနှစ်စုစလုံးသည် “သိုးထိန်းတစ်ပါး” လက်အောက်ရှိ “သိုးခြံတစ်ခု” အဖြစ် ဖွဲ့စည်းတည်ရှိကြသည်။

၁၉။ ယခင်က ဘုရားသခင်၏ ဣသရေလလူမျိုး မသိခဲ့သော ‘လူမျိုးတစ်မျိုး’ သည် ထိုဝိညာဏလူမျိုး၏ ဖိတ်ခေါ်ချက်ကို မည်သို့ တုံ့ပြန်ခဲ့သနည်း။

၁၉ ဤလူအုပ်ကြီးကို စုသိမ်းခြင်းက ဟေရှာယ ပရောဖက်ပြုချက်မှ ဤစကားများကို နားလည်စေ၏– “ကြည့်ရှုလော့။ သင်သည် မသိဖူးသော လူမျိုးကို ခေါ်လိမ့်မည်။ သင့်ကို မသိဖူးသော လူမျိုးတို့သည်လည်း သင်၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကြောင့် သင့်ထံသို့ ပြေးလာကြလိမ့်မည်။ ထိုဘုရားသည် သင်၏ ဘုန်းကို ပွင့်စေတော်မူ၏။” (ဟေရှာယ ၅၅:၅) ဝိညာဏ သုံ့ပန်းဘဝမှ လွတ်မြောက်လာပြီး နောက်နှစ်များအတွင်း ဘိသိက်ခံ အကြွင်းအကျန်သည် အာမဂေဒုန်မတိုင်မီ ယေဟောဝါ၏ ဝတ်ပြုရေးသို့ “လူမျိုး” ကြီးတစ်မျိုးကို ခေါ်ရာတွင် အသုံးပြုခံရမည် ဖြစ်ကြောင်း သဘောမပေါက်ခဲ့ကြပါ။ သို့ရာတွင် အချိန်ကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်မျှော်လင့်ချက် မရှိသော စိတ်နှလုံး ရိုးဖြောင့်သူများစွာသည် ဘိသိက်ခံများနှင့် စတင် ပူးပေါင်းလာကြပြီး ဘိသိက်ခံများ၌ ရှိသော ဇွဲမျိုးဖြင့် ယေဟောဝါအား အမှုဆောင်ကြသည်။ ထိုလူသစ်များသည် ဘုရားသခင့် လူမျိုးတော်၏ ဘုန်းတင့်တယ်မှုကို သတိပြုမိခဲ့ကာ သူတို့တွင် ယေဟောဝါ ရှိကြောင်း အသိအမှတ်ပြုကြသည်။ (ဇာခရိ ၈:၂၃) ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဘိသိက်ခံများသည် မိမိတို့အလယ်တွင် အရေအတွက် တိုးပွားများပြားလာသည့် ဤအုပ်စုအကြောင်းကို ကောင်းစွာ ခွဲခြားသိလာကြသည်။ မိမိတို့ရှေ့တွင် ကြီးစွာသော စုသိမ်းခြင်း ရှိနေသေးကြောင်း သူတို့ သိရှိလာကြသည်။ လူအုပ်ကြီးသည် ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးနှင့် ပူးပေါင်းရန် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်၊ ထိုသို့ လုပ်ဆောင်ရန် အကြောင်းကောင်း ရှိပါသည်။

၂၀။ (က) ကျွန်ုပ်တို့အချိန်တွင် ‘ယေဟောဝါကို ရှာ” ရန် အဘယ်ကြောင့် အရေးကြီးသနည်း၊ ယင်းကို မည်သို့ ပြုလုပ်ကြသနည်း။ (ခ) ယေဟောဝါကို ရှာဖွေသူများအား ကိုယ်တော် မည်သို့ တုံ့ပြန်မည်နည်း။

၂၀ ဟေရှာယခေတ်တွင် ဤသို့ ဖိတ်ခေါ်ခဲ့၏– “တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည် ကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့။” (ဟေရှာယ ၅၅:၆) ထိုစကားများသည် ကျွန်ုပ်တို့ခေတ်တွင် ဘုရားသခင်၏ ဣသရေလလူမျိုးနှင့်ရော တိုးပွားနေသည့် လူအုပ်ကြီးနှင့်ပါ သင့်လျော်သည်။ ယေဟောဝါ၏ ကောင်းချီးသည် ခြွင်းချက်မရှိ မဟုတ်သကဲ့သို့ ကိုယ်တော်၏ ဖိတ်ခေါ်ချက်သည်လည်း အကန့်အသတ်မရှိ မဟုတ်ပါ။ ယခုအချိန်သည် ဘုရားသခင်၏ မျက်နှာသာ ရရန် ကြိုးစားရမည့်အချိန် ဖြစ်သည်။ တရားစီရင်ရန် ယေဟောဝါ သတ်မှတ်ချိန် ရောက်လာပါက နောက်ကျသွားပေမည်။ ထို့ကြောင့် ဟေရှာယက ဤသို့ ဆို၏– “ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် [“ကြွယ်ဝစွာ၊” သမ] အပြစ်ကို လွှတ်တော်မူလိမ့်မည်။”—ဟေရှာယ ၅၅:၇။

၂၁။ ဣသရေလလူမျိုးသည် ဘိုးဘေးများ၏ သစ္စာကတိအပေါ် သစ္စာမဲ့ခဲ့ကြောင်း မည်သို့ သက်သေထူခဲ့သနည်း။

၂၁ “ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ” ဟူသော စကားစုက နောင်တယူရန် လိုအပ်နေသူများသည် ယခင်က ဘုရားသခင်နှင့် ဆက်ဆံရေး ရှိခဲ့သည့် အဓိပ္ပာယ် သက်ရောက်သည်။ ထိုအသုံးအနှုန်းက ဤဟေရှာယ ပရောဖက်ပြုချက်အပိုင်း၏ အသွင်အပြင် များစွာသည် ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများနှင့် ဦးစွာ သက်ဆိုင်ကြောင်း ကျွန်ုပ်တို့ကို သတိရစေသည်။ အစောပိုင်း ရာစုနှစ်များစွာက ထိုသုံ့ပန်းများ၏ ဘိုးဘေးများသည် ယေဟောဝါအား နာခံမည်ဟူသော သူတို့၏ ဆုံးဖြတ်ချက်ကို ဤသို့ ကြေညာခဲ့ပြီး ဖြစ်သည်– “အခြား တစ်ပါးသော ဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။” (ယောရှု ၂၄:၁၆) “ဝေးပါစေသော်” ဟု သူတို့ ပြောခဲ့ရာကို ထပ်ခါထပ်ခါ ပြုလုပ်ခဲ့ကြောင်း သမိုင်းက သက်သေထူခဲ့ပြီ! ဘုရားသခင့် လူမျိုးတော်၏ ယုံကြည်ခြင်း ကင်းမဲ့မှုသည် ဗာဗုလုန်သို့ ပြည်နှင်ခံရသည့် အကြောင်းရင်း ဖြစ်သည်။

၂၂။ ယေဟောဝါ၏ အကြံအစည်နှင့် အကျင့်သည် လူသားများထက် သာလွန်သည်ဟု အဘယ်ကြောင့် မိန့်တော်မူသနည်း။

၂၂ သူတို့ နောင်တယူလျှင် အဘယ်အရာ ဖြစ်မည်နည်း။ ‘ကြွယ်ဝစွာ အပြစ်ကို လွှတ်တော်မူ’ မည်ဟု ဟေရှာယမှတစ်ဆင့် ယေဟောဝါ ကတိပြုတော်မူသည်။ ထို့ပြင် ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်နှင့် မတူ။ ငါ၏ အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ။ မိုးကောင်းကင်သည် မြေကြီးထက် သာ၍ မြင့်သကဲ့သို့ ငါ၏ အကျင့်သည် သင်တို့၏ အကျင့်ထက်လည်းကောင်း၊ ငါ၏ အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍ မြင့်၏။’” (ဟေရှာယ ၅၅:၈၊ ၉) ယေဟောဝါသည် စုံလင်တော်မူပြီး ကိုယ်တော်၏ အကြံအစည်နှင့် အကျင့်များသည် မမီနိုင်အောင် မြင့်သည်။ ကိုယ်တော်၏ ကရုဏာတော်ပင် ကျွန်ုပ်တို့လူသားများ မည်သို့မျှ ကြိုးစားရယူ၍ မရနိုင်လောက်အောင် ကျယ်ပြောကြီးမားလှသည်။ ဤအချက်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ– ကျွန်ုပ်တို့သည် လူသားအချင်းချင်းကို ခွင့်လွှတ်ရာတွင် အပြစ်သားတစ်ဦးက အပြစ်သားတစ်ဦးကို ခွင့်လွှတ်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း အခြားသူ၏ ခွင့်လွှတ်မှု ခံရဖို့ လိုကြောင်း အနှေးနှင့် အမြန် သိလာကြသည်။ (မဿဲ ၆:၁၂) သို့သော် ယေဟောဝါသည် ဘယ်တော့မျှ ခွင့်လွှတ်ခံရရန် မလိုသော်လည်း “ကြွယ်ဝစွာ” ခွင့်လွှတ်တော်မူ၏! မှန်ပါသည်၊ ကိုယ်တော်သည် မေတ္တာ-ကရုဏာ ကြွယ်ဝသော ဘုရားသခင် ဖြစ်တော်မူ၏။ ယေဟောဝါ ကရုဏာပြရာတွင် မိမိထံသို့ နှလုံးအကြွင်းမဲ့ ပြန်လှည့်လာသူများကို ကောင်းချီး သွန်းလောင်းရန် ကောင်းကင်ဂိတ်တံခါးများကို ဖွင့်ထားတော်မူ၏။—မာလခိ ၃:၁၀။

ယေဟောဝါထံတော်သို့ ပြန်လှည့်လာသူများအတွက် ကောင်းချီးများ

၂၃။ ယေဟောဝါသည် မိမိ၏ နှုတ်ထွက်စကားတော် ပြည့်စုံစေမည် သေချာကြောင်း မည်သို့ ဖော်ပြတော်မူသနည်း။

၂၃ ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို ဤသို့ ကတိပြုတော်မူ၏– “မိုးရေနှင့် မိုးပွင့် [ဆီးနှင်း] တို့သည် မိုးကောင်းကင်မှ ဆင်းသက်၍ နောက်တစ်ဖန် မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကို စိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကို သီးစေသကဲ့သို့ ထိုအတူ ငါ၏ နှုတ်ကပါဌ်စကားသည် ဖြစ်လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။” (ဟေရှာယ ၅၅:၁၀၊ ၁၁) ယေဟောဝါ မိန့်တော်မူသမျှ အမှန် ပြည့်စုံမည်။ မိုးရေနှင့် ဆီးနှင်းတို့သည် ကောင်းကင်မှ ကျလာပြီး မြေကြီးကို စိုစေကာ အသီးအနှံ သီးစေခြင်းဖြင့် သူတို့၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်သကဲ့သို့ ယေဟောဝါ နှုတ်ထွက်စကားတော်သည် လုံးဝ ယုံကြည်စိတ်ချရသည်။ ကိုယ်တော် ကတိထားရာများကို လုံးဝ ပြည့်စုံစေမည်။—တောလည်ရာ ၂၃:၁၉။

၂၄၊ ၂၅။ ဟေရှာယမှတစ်ဆင့် ပေးခဲ့သော ယေဟောဝါ၏ သတင်းစကားနှင့်အညီ ပြုမူလုပ်ဆောင်ကြသည့် ပြည်တော်ပြန် ဂျူးများအတွက် အဘယ် ကောင်းချီးများ သိုမှီးထားသနည်း။

၂၄ ထို့ကြောင့် ဂျူးများသည် သူတို့အတွက် ဟေရှာယအားဖြင့် မိန့်ဆိုသော ပရောဖက်ပြုချက်စကားများကို ဂရုပြုကြမည်ဆိုလျှင် ယေဟောဝါ ကတိပြုတော်မူခဲ့သော ကယ်တင်ခြင်းကို မပျက်မကွက် ခံစားရမည်။ ရလဒ်အနေနှင့် သူတို့သည် အလွန် ဝမ်းမြောက်ကြမည်။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့် ထွက်၍ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍ တော၌ ရှိသမျှသော အပင်တို့သည် လက်ခုပ်တီးကြလိမ့်မည်။ အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရှူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖို့ရာ မပျောက်မပျက်ရသော ထာဝရသက်သေ ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၅၅:၁၂၊ ၁၃။

၂၅ ဘီ.စီ.အီး. ၅၃၇ တွင် ပြည်နှင်ခံ ဂျူးများသည် ဗာဗုလုန်မှ ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ထွက်လာကြသည်။ (ဆာလံ ၁၂၆:၁၊ ၂) သူတို့ ယေရုရှလင်မြို့သို့ ပြန်ရောက်ချိန်တွင် ပြည်တော်သည် ဆယ်စုနှစ်ချီ လူသူမနေခဲ့သောကြောင့် ဆူးပင်များ၊ ဖက်ယားပင်များနှင့်သာ ပြည့်နေသည်ကို တွေ့ရသည်။ သို့သော် ဘုရားသခင်၏ ပြည်တော်ပြန်များသည် နှစ်သက်ဖွယ်ကောင်းသော ပြုပြင်ပြောင်းလဲမှုကို ယခု ကူညီလုပ်ဆောင်နိုင်ကြပြီ! ဆူးပင်များ၊ ဖက်ယားပင်များနေရာတွင် အပင်ကြီးများ ဖြစ်သော ထင်းရှူးပင်များနှင့် မုရတု အမြဲစိမ်းပင်များကို အစားထိုးကြသည်။ ကိုယ်တော်၏ လူမျိုးတော်သည် “ဝမ်းမြောက်သော စိတ်နှင့်” ကိုယ်တော့်အမှုကို ဆောင်ကြခြင်းကြောင့် ယေဟောဝါ၏ ကောင်းချီး အလွယ်တကူ ထင်ရှားလာသည်။ ပြည်တော်ကိုယ်နှိုက်က ရွှင်လန်းနေသကဲ့သို့ ဖြစ်သည်။

၂၆။ ယနေ့ ဘုရားသခင့် လူမျိုးတော်သည် ကောင်းချီး ခံစားရသော အဘယ် အခြေအနေတွင် ပျော်မွေ့ကြသနည်း။

၂၆ ၁၉၁၉ တွင် ဘိသိက်ခံ ခရစ်ယာန် နောက်လိုက်များသည် သူတို့၏ ဝိညာဏ သုံ့ပန်းဘဝမှ လွတ်မြောက်ခဲ့ကြသည်။ (ဟေရှာယ ၆၆:၈) သူတို့သည် အခြားသိုးအဝင် လူအုပ်ကြီးနှင့်အတူ ဝိညာဏ ပရဒိသုတွင် ယေဟောဝါအား ရွှင်လန်းစွာ ဝတ်ပြုကိုးကွယ်နေကြသည်။ ဗာဗုလုန် သြဇာလွှမ်းမိုးမှု မှန်သမျှမှ လွတ်မြောက်ခဲ့ကြပြီး သူတို့သည် မျက်နှာသာရ အနေအထားကို ခံစားကြရကာ ယေဟောဝါအဖို့ “အောက်မေ့ဖို့ရာ” ဖြစ်လာခဲ့သည်။ သူတို့၏ ဝိညာဉ်ရေး ကြွယ်ဝမှုသည် ကိုယ်တော်၏ နာမတော်ကို ဂုဏ်တင်စေပြီး စစ်မှန်သော ပရောဖက်ပြုချက်များ၏ ဘုရားသခင် ဖြစ်ကြောင်း ချီးမြှောက်ပေး၏။ သူတို့အတွက် ယေဟောဝါ လုပ်ဆောင်တော်မူခဲ့ရာများသည် ကိုယ်တော်၏ ဘုရားအဖြစ်တော်ကို ထင်ရှားပြခြင်း ဖြစ်ပြီး မိမိ၏ နှုတ်တော်ထွက် စကားတော်အပေါ် သစ္စာစောင့်သိကြောင်း၊ နောင်တရသူများအပေါ် ကရုဏာတော် တင်ပြကြောင်း သက်သေအထောက်အထား ဖြစ်သည်။ ဆက်၍ “ငွေမပါဘဲ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ကို ဝယ်ကြ” သူအားလုံးသည် ကိုယ်တော်အား ထာဝရ ဝတ်ပြုကိုးကွယ်ရာ၌ ရွှင်လန်းနိုင်ကြပါစေ!

[အောက်ခြေမှတ်ချက်များ]

a ဂျူးများစွာ၏ အမည်များကို ရှေးဗာဗုလုန် စီးပွားရေး မှတ်တမ်းများတွင် တွေ့ရှိခဲ့ရသည်။

b ယေရှုသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ဆက်၍ ဦးစီးဆောင်ရွက်နေသည်။ (ဗျာဒိတ် ၁၄:၁၄-၁၆) ယနေ့ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများသည် ယေရှုကို အသင်းတော်၏ ဦးခေါင်းအဖြစ် ရှုမြင်ကြသည်။ (၁ ကောရိန္သု ၁၁:၃) ဘုရားသခင် သတ်မှတ်ထားသောအချိန်တွင် ယေရှုသည် “ဦးဆောင်သူနှင့် စီရင်အုပ်စိုးသောအရှင်” အဖြစ် လုပ်ဆောင်တော်မူမည်၊ တစ်နည်းအားဖြင့် အာမဂေဒုန်စစ်ပွဲ၌ ဘုရားသခင့် ရန်သူများကို အပြတ်အသတ် ချေမှုန်းတိုက်ခိုက်ဖို့ ဦးဆောင်ချိန်တွင် ဖြစ်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ