“စစ်ငြိမ်းရသောအချိန်” နီးပြီ!
“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ . . . စစ်တိုက်ရသောအချိန်နှင့်စစ်ငြိမ်းရသောအချိန်လည်းရှိ၏။”—ဒေ. ၃:၁၊ ၈။
၁။ ၂၀ ရာစုအတွင်း စစ်နှင့်ငြိမ်သက်ခြင်းတို့နှင့်ပတ်သက်၍ မည်သည့်အခြေအနေဖြစ်ပေါ်ခဲ့သနည်း။
လူအများစုသည် အကြောင်းကောင်းရှိ၍ ငြိမ်သက်ခြင်းကိုတမ်းတကြခြင်းဖြစ်သည်။ ၂၀ ရာစုသည် သမိုင်းတွင် အဘယ်ရာစုနှစ်ထက်မဆို ငြိမ်သက်မှုမရှိဆုံးဖြစ်သည်။ အမှန်မှာ ငြိမ်သက်မှုရရှိရန် ဤရာစုနှစ်လောက် ယခင်ကတစ်ခါမျှ မကြိုးပမ်းခဲ့ကြချေ။ ၁၉၂၀ ပြည့်နှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကိုဖွဲ့စည်းခဲ့ကြ၏။ ၁၉၂၈ ခုနှစ်တွင် “ပထမကမ္ဘာစစ်ပြီးနောက် ငြိမ်သက်မှုကြိုးပမ်းချက်စီးရီးများ၏ အဆန်းကြယ်ဆုံး” ဟုကိုးကားချက်တစ်ခုက ကင်ပွန်းတပ်ခဲ့သော ကဲလော့ဂ်-ဘရိုင်ယန်စာချုပ်ကို “ကမ္ဘာ့နိုင်ငံအားလုံးနီးပါးက . . . စစ်ကို နိုင်ငံရေးပေါ်လစီ၏လက်ကိုင်တုတ်အဖြစ် ငြင်းပယ်ရန်သဘောတူ” သည်ဟုထောက်ခံခဲ့ကြသည်။ ထို့နောက် ၁၉၄၅ ခုတွင် မလှုပ်ရှားတော့သည့် နိုင်ငံပေါင်းချုပ်အသင်းကိုအစားထိုးဖို့ ယူအဲန်ကိုတည်ထောင်လိုက်ကြသည်။
၂။ ယူအဲန်အတိအလင်းဝန်ခံထားသော ပန်းတိုင်မှာ အဘယ်အရာဖြစ်ပြီး အဘယ်အတိုင်းအတာအထိ အောင်မြင်ခဲ့ပြီနည်း။
၂ နိုင်ငံပေါင်းချုပ်အသင်းကဲ့သို့ပင် ယူအဲန်၏အတိအလင်းဝန်ခံထားသောပန်းတိုင်မှာ ကမ္ဘာ့ငြိမ်သက်မှုရရှိဖို့ဖြစ်သည်။ သို့သော် ယင်း၏အောင်မြင်မှုမှာ အကန့်အသတ်ဖြင့်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကမ္ဘာ့စစ်ကြီးနှစ်ခု၏အတိုင်းအတာဖြင့် စစ်ပွဲများဖြစ်မနေသည်မှာမှန်ပါ၏။ သို့ရာတွင် တိုက်ပွဲငယ်များစွာသည် ထောင်ချီသောသူတို့၏စိတ်အေးချမ်းမှု၊ သူတို့၏ပိုင်ဆိုင်ရာများနှင့် သူတို့၏အသက်ကိုပင် လုယူဆဲဖြစ်သည်။ ယူအဲန်သည် ၂၁ ရာစုကို “စစ်ငြိမ်းရသောအချိန်” အဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ဝံ့မည်လော။
စစ်မှန်သောငြိမ်သက်မှုအတွက်အခြေအမြစ်
၃။ စစ်မှန်သောငြိမ်သက်ခြင်းသည် မုန်းတီးခြင်းနှင့်ယှဉ်လျက် အဘယ်ကြောင့်မရှိနိုင်သနည်း။
၃ လူမျိုးများနှင့် နိုင်ငံများအကြားငြိမ်းချမ်းရန် သည်းခံနိုင်စွမ်းရှိခြင်းထက်မကလိုအပ်သည်။ တစ်စုံတစ်ဦးသည် မိမိမုန်းတီးသူတစ်ဦးနှင့် အမှန်ငြိမ်သက်မှုရနိုင်မည်လော။ “မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူအသက်ကိုသတ်သောသူဖြစ်၏” ဟုဆိုသည့် ၁ ယောဟန် ၃:၁၅ အရမရနိုင်ပါ။ လက်ရှိသမိုင်းတွင် တွေ့ရှိရသည့်အတိုင်း အားကြီးသောမုန်းတီးမှုသည် အကြမ်းဖက်မှုပြုရန် လွယ်ကူစေသည်။
၄။ အဘယ်သူသာလျှင် ငြိမ်သက်ခြင်းကိုခံစားနိုင်သနည်း၊ အဘယ်ကြောင့်နည်း။
၄ ယေဟောဝါသည် “ငြိမ်သက်ခြင်း၏အရှင်” ဖြစ်ရာ ဘုရားသခင်ကိုချစ်၍ ကိုယ်တော်၏ဖြောင့်မတ်သောမူများကို အလွန်လေးစားသူများ၌သာ ငြိမ်သက်ခြင်းရှိနိုင်သည်။ ယေဟောဝါသည် ငြိမ်သက်ခြင်းကို လူတိုင်းအားမပေးသည်မှာရှင်းပါသည်။ “မတရားသောသူတို့၌ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။” ဤသို့ဖြစ်ရခြင်းမှာ ဆိုးသွမ်းသူတို့သည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အသီးတစ်လုံးဖြစ်သော ငြိမ်သက်ခြင်း၏လမ်းညွှန်မှုကို ခံယူရန်ငြင်းပယ်ကြသောကြောင့်ဖြစ်သည်။—ရောမ ၁၅:၃၂; ဟေရှာယ ၅၇:၂၁; ဂလာတိ ၅:၂၂။
၅။ ခရစ်ယာန်စစ်များအတွက် အဘယ်အရာသည် စဉ်းစား၍မရနိုင်ဖွယ်ဖြစ်သနည်း။
၅ လူသားချင်းတို့အပေါ် စစ်ပွဲဆင်နွှဲခြင်း—အထူးသဖြင့် ၂၀ ရာစုအတွင်း ခရစ်ယာန်အခေါ်ခံသူများဆင်နွှဲလေ့ရှိကြခြင်း—သည် ခရစ်ယာန်စစ်များအတွက် စဉ်းစား၍မရသောအရာဖြစ်သည်။ (ယာကုပ် ၄:၁-၄) ဤသူတို့သည် ဘုရားသခင်အားထင်ယောင်ထင်မှားဖြစ်စေသောသွန်သင်ချက်များကို တိုက်လှန်ကြသည်မှန်သော်လည်း ဤတိုက်ပွဲသည် လူတို့ကိုအန္တရာယ်ပြုဖို့မဟုတ်ဘဲ ကူညီပေးဖို့စီစဉ်ထားခြင်းဖြစ်သည်။ ဘာသာရေးကွဲပြားမှုကြောင့် သူတစ်ပါးကိုနှိပ်စက်ခြင်း သို့မဟုတ် လူမျိုးရေးအကြောင်းရင်းများကြောင့် လူကိုအန္တရာယ်ပြုခြင်းသည် စစ်မှန်သောခရစ်ယာန်ဘာသာနှင့် လုံးဝဖီလာဆန့်ကျင်သည်။ ရောမမြို့ရှိခရစ်ယာန်များကို ပေါလုဤသို့ညွှန်ကြားခဲ့သည်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့်အသင့်အတင့်နေကြလော့။”—ရောမ ၁၂:၁၇-၁၉; ၂ တိမောသေ ၂:၂၄၊ ၂၅။
၆။ ယနေ့ စစ်မှန်သောငြိမ်သက်ခြင်းကို အဘယ်နေရာ၌သာ တွေ့ရှိနိုင်သနည်း။
၆ ယနေ့ ဘုရားသခင်ပေးသည့်ငြိမ်သက်ခြင်းကို ယေဟောဝါဘုရားသခင်၏ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများအလယ်၌သာ တွေ့ရှိနိုင်သည်။ (ဆာလံ ၁၁၉:၁၆၅; ဟေရှာယ ၄၈:၁၈) သူတို့သည် နိုင်ငံရေးရာမှန်သမျှ၌ ကြားနေကြခြင်းကြောင့် သူတို့၏စည်းလုံးမှုကို အဘယ်နိုင်ငံရေးကွဲပြားမှုများကမှ မပျက်ပြားစေပါ။ (ယောဟန် ၁၅:၁၉; ၁၇:၁၄) သူတို့သည် “အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိ” ကြသောကြောင့် သူတို့၏ငြိမ်သက်ခြင်းကို အဘယ်ဘာသာရေးကွဲပြားမှုကမှ မခြိမ်းခြောက်ပေ။ (၁ ကောရိန္သု ၁:၁၀) ယေဟောဝါသက်သေများခံစားနေကြသည့် ငြိမ်သက်ခြင်းမှာ မျက်မှောက်ခေတ်အံ့ဖွယ်တစ်ခု၊ “သင်၏အရာရှိတို့ကိုငြိမ်သက်သောသဘော၊ အခွန်ခံတို့ကိုဖြောင့်မတ်သောသဘောနှင့်ပြည့်စုံစေမည်” ဟူသောကတိတော်နှင့်အညီ ဘုရားသခင်ဖြစ်ပေါ်စေရာဖြစ်သည်။—ဟေရှာယ ၆၀:၁၇; ဟေဗြဲ ၈:၁၀။
အဘယ်ကြောင့် “တိုက်ရသောအချိန်” ဖြစ်
၇၊ ၈။ (က) ယေဟောဝါသက်သေများသည် ငြိမ်သက်စွာနေထိုင်ကြသော်ငြား လက်ရှိအချိန်ကို မည်သို့ရှုမြင်ကြသနည်း။ (ခ) ခရစ်ယာန်တစ်ဦး၏ အဓိကလက်နက်ကား အဘယ်နည်း။
၇ ယေဟောဝါသက်သေများသည် ငြိမ်သက်စွာနေထိုင်ကြသော်လည်း ယခုလက်ရှိအချိန်ကို အဓိကအားဖြင့် “တိုက်ရသောအချိန်” အဖြစ်ယူမှတ်ကြသည်။ ကျမ်းစာသတင်းတရားကိုလက်ခံစေရန် လက်နက်ဖြင့်အကျပ်ကိုင်ခြင်းက “အလိုရှိသောသူသည် အဖိုးကိုမပေးဘဲအသက်ရေကိုယူပါစေ” ဟူသည့် ဘုရားသခင့်ဖိတ်ခေါ်ချက်နှင့် ဆန့်ကျင်မည်ဖြစ်သောကြောင့် ပကတိစစ်မဟုတ်သည်မှာအမှန်။ (ဗျာဒိတ် ၂၂:၁၇) အတင်းအကျပ်ဘာသာပြောင်းခိုင်းခြင်း မရှိပါ! ယေဟောဝါသက်သေများဆင်နွှဲသည့်စစ်ပွဲမှာ ဝိညာဉ်ရေးစစ်ပွဲလုံးလုံးဖြစ်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့ . . . ၍သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်။ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကိုဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။”—၂ ကောရိန္သု ၁၀:၄; ၁ တိမောသေ ၁:၁၈။
၈ “ငါတို့ . . . သုံးစွဲသောလက်နက်” များတွင် အဓိကလက်နက်မှာ “ဘုရားသခင်၏နှုတ် [မြွက်စကား] တော်တည်းဟူသော ဝိညာဉ်တော်၏ဓား” ဖြစ်၏။ (ဧဖက် ၆:၁၇) ဤဓားသည် တန်ခိုးရှိ၏။ “ဘုရားသခင်၏နှုတ် [မြွက်] တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်းပိုင်းခြား၍ ထုတ်ခြင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ခရစ်ယာန်များသည် ဤဓားကိုအသုံးပြုခြင်းဖြင့် “ဘုရားသခင်ကိုသိသောပညာကို ဆီးတားသော မာန်မာနရှိသမျှတို့ကို” မှောက်လှန်နိုင်ကြသည်။ (၂ ကောရိန္သု ၁၀:၅) ၎င်းသည် မှားယွင်းသောအယူအဆများ၊ ဘေးပြုသည့်အမူအကျင့်များနှင့် ဘုရားသခင့်ဉာဏ်ပညာထက် လူ့ဉာဏ်ပညာကိုထင်ဟပ်သည့် အတွေးအခေါ်များကို ဖော်ထုတ်နိုင်စေသည်။—၁ ကောရိန္သု ၂:၆-၈; ဧဖက် ၆:၁၁-၁၃။
၉။ ကျွန်ုပ်တို့၏အပြစ်ပြုလိုသော အသွေးအသားကို တိုက်လှန်ရာတွင် အဘယ်ကြောင့်အရှိန်လျှော့ဖို့မဖြစ်နိုင်သနည်း။
၉ ဝိညာဉ်ရေးစစ်ပွဲနောက်တစ်မျိုးမှာ အပြစ်ပြုလိုသောအသွေးအသားကို တိုက်လှန်ရခြင်းဖြစ်သည်။ ခရစ်ယာန်များသည် “သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟုဝန်ခံခဲ့သော ပေါလု၏ပုံသက်သေကို တုပကြသည်။ (၁ ကောရိန္သု ၉:၂၇) ကောလောသဲမြို့ရှိခရစ်ယာန်များသည် “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ [သွေးသားလိုအင်] ပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်[ပုံ]ကိုးကွယ်ခြင်းဖြစ်သော လောဘ [တပ်မက်စိတ်] လွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော [သူ] တို့၏ကိုယ်အင်္ဂါတို့ကို” သေစေရန် တိုက်တွန်းခံခဲ့ကြရသည်။ (ကောလောသဲ ၃:၅) ထို့ပြင် ကျမ်းရေးသူယုဒက “သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်” ကြရန် ခရစ်ယာန်များကိုနှိုးဆော်ခဲ့သည်။ (ယုဒ ၃) ကျွန်ုပ်တို့အဘယ်ကြောင့် ထိုသို့ပြုရမည်နည်း။ “သင်တို့သည် ဇာတိပကတိ [သွေးသားလိုအင်] အတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်ကိုသေစေလျှင် အသက်ရှင်ကြလိမ့်မည်” ဟုပေါလုအဖြေပေးသည်။ (ရောမ ၈:၁၃) ဤရှင်းလင်းသည့်ဖော်ပြချက်ကြောင့် ဉာဉ်ဆိုးများကိုကျွန်ုပ်တို့တိုက်လှန်ရာတွင် အရှိန်မလျှော့နိုင်ချေ။
၁၀။ ၁၉၁၄ ခုနှစ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့ပြီး မဝေးတော့သည့်အနာဂတ်တွင် အဘယ်အရာသို့ဦးတည်သွားမည်နည်း။
၁၀ “ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်” နီးကပ်လျက်ရှိခြင်းက လက်ရှိအချိန်ကို တိုက်လှန်ရသောအချိန်အဖြစ်ရှုမြင်နိုင်သည့် အခြားအကြောင်းရင်းတစ်ခုဖြစ်သည်။ (ဟေရှာယ ၆၁:၁၊ ၂) ၁၉၁၄ ခုနှစ်တွင် မေရှိယနိုင်ငံတော်ကိုတည်ထောင်ရန်နှင့် စာတန့်စနစ်ကို စစ်ဆင်နွှဲရန် ယေဟောဝါ၏ခန့်အပ်ထားချိန် ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင့်စွက်ဖက်မှုမပါဘဲ လူ့အုပ်ချုပ်မှုကိုစမ်းသပ်ရန် လူသားတို့၏ကန့်သတ်ထားချိန် ကုန်ဆုံးသွားခဲ့သည်။ လူအများစုမှာ ဘုရားသခင့်မေရှိယအုပ်ချုပ်မှုကို လက်ခံမည့်အစား ပထမရာစုမှ လူအများကဲ့သို့ပင် ကိုယ်တော်အားဆက်ငြင်းပယ်ကြသည်။ (တမန်တော် ၂၈:၂၇) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ကို ဆန့်ကျင်နေကြသည့်ကြားတွင်ပင် ခရစ်တော်သည် “[ကိုယ်တော်၏] ရန်သူတို့အလယ်၌ အုပ်စိုး” နိုင်နင်းရသည်။ (ဆာလံ ၁၁၀:၂) ဗျာဒိတ် ၆:၂ ကကိုယ်တော်သည် “အောင်မြင်ခြင်းငှာ” ဟုကတိပြုထားရာ ဝမ်းသာစရာပင်။ ‘ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော . . . [အဆုံးမရှိ] တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး’ အတွင်း ထိုသို့ကိုယ်တော်ပြုမည်။—ဗျာဒိတ် ၁၆:၁၄-၁၆။
ယခုအခါ “စကားပြောရသောအချိန်”
၁၁။ ယေဟောဝါသည် အဘယ်ကြောင့် အလွန်စိတ်ရှည်ခဲ့ရသနည်း၊ သို့သော် နောက်ဆုံးတွင် မည်သို့ဖြစ်လာမည်နည်း။
၁၁ လူ့အရေးကိစ္စများ လှည့်ပြောင်းချိန်၊ ၁၉၁၄ ခုမှစ၍ ၈၅ နှစ်ကုန်လွန်ခဲ့ပြီဖြစ်သည်။ ယေဟောဝါသည် လူသားတို့ကို အလွန့်အလွန်စိတ်ရှည်ခဲ့ပြီ။ အခြေအနေ၏အရေးပါမှုကို မိမိ၏သက်သေများအား ကောင်းစွာသတိပြုသိရှိစေခဲ့ပြီ။ သန်းပေါင်းများစွာ၏အသက်သည် သေရေးရှင်ရေးဖြစ်နေသည်။ “ထာဝရဘုရားသည် . . . အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ” သည်ဖြစ်ရာ မြောက်မြားလှသောဤသူတို့ကို သတိပေးထိုက်သည်။ (၂ ပေတရု ၃:၉) သို့ရာတွင် မကြာမီ “သခင်ယေရှုခရစ်သည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံကပေါ်ထွန်း” လိမ့်မည်။ ထိုအခါ ဘုရားသခင့်နိုင်ငံတော်သတင်းကို တမင်ငြင်းပယ်ခဲ့ကြသူအားလုံးတို့သည် “ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့” အပေါ် ယေရှုကျရောက်စေမည့် “မီးလျှံအားဖြင့်ဒဏ်ပေး” ခြင်းကိုခံရလိမ့်မည်။—၂ သက်သာလောနိတ် ၁:၆-၉။
၁၂။ (က) ကြီးစွာသောဆင်းရဲခြင်း အဘယ်အချိန်၌စတင်မည်ကို ခန့်မှန်းနေခြင်းသည် အဘယ်ကြောင့်အကျိုးမရှိသနည်း။ (ခ) ယင်းနှင့်ပတ်သက်သည့် အဘယ်အန္တရာယ်ကို ယေရှုသတိပေးခဲ့သနည်း။
၁၂ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် အဘယ်အခါအဆုံးတိုင်လိမ့်မည်နည်း။ “ကြီးစွာသော [ဆင်းရဲခြင်း]” အဘယ်အချိန်၌စတင်မည်ကို ခန့်မှန်းနေခြင်းသည် အကျိုးမရှိပါ။ ယေရှုက “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ” ဟုရှင်းရှင်းမိန့်တော်မူခဲ့သည်။ အခြားတစ်ဖက်တွင်မူ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ . . . သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်” ဟုတိုက်တွန်းခဲ့သည်။ (မဿဲ ၂၄:၂၁၊ ၃၆၊ ၄၂၊ ၄၄) ရှင်းရှင်းပြောရလျှင် ကျွန်ုပ်တို့သည် ကမ္ဘာ့ဖြစ်ရပ်များနှင့်ပတ်သက်၍ နေ့စဉ်နိုးနိုးကြားကြားရှိကာ ကြီးစွာသောဆင်းရဲခြင်း ရုတ်တရက်ဖြစ်လာမည်ကို ထည့်စဉ်းစားခြင်းအားဆိုလိုသည်။ (၁ သက်သာလောနိတ် ၅:၁-၅) မည်သို့ဖြစ်ပျက်လာမည်ကို စောင့်ကြည့်လျက် သာမန်အသက်တာဟုဆိုကြသည့်ဘဝဖြင့် အေးအေးဆေးဆေးနေနိုင်သည်ဟု ယူဆခြင်းသည် အမှန်ကြောက်စရာကောင်းသည်တကား! ယေရှုကဤသို့ဆိုခဲ့သည်– “သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅) ယခု ယေဟောဝါ၏ “ကောင်းကင်တမန်လေးပါးတို့” ကိုင်ထားသော ဖျက်ဆီးမည့် “လေးမျက်နှာလေတို့” ကိုအစဉ်ကိုင်ထားလိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့အသေအချာသိနိုင်သည်။—ဗျာဒိတ် ၇:၁-၃။
၁၃။ ခြောက်သန်းနီးပါးသောသူတို့သည် အဘယ်အရာကို အသိအမှတ်ပြုခဲ့ကြသနည်း။
၁၃ အလျင်အမြန်ချဉ်းကပ်လာနေသော ဤစာရင်းရှင်းရာနေ့ကိုထောက်ရှုလျက် “စကားပြောရသောအချိန်” ရှိသည်ဟူသော ရှောလမုန်၏စကားသည် အထူးအဓိပ္ပာယ်ရှိလာသည်။ (ဒေ. ၃:၇) ယခုအချိန်သည် အမှန်ပင်စကားပြောရသောအချိန်ဖြစ်ကြောင်း သိထားကြရာ ယေဟောဝါသက်သေခြောက်သန်းနီးပါးတို့သည် ဘုရားသခင့်မင်းရိုက်ရာ၏ ဘုန်းတန်ခိုးတော်အကြောင်းနှင့် ကိုယ်တော်အပြစ်ပေးရာနေ့အကြောင်းကို ဇွဲရှိရှိပြောဆိုနေကြသည်။ သူတို့သည် ခရစ်တော်၏ ဤတပ်ဗိုလ်ခြေနေ့တွင် မိမိတို့ကိုယ်ကို စိတ်လိုကိုယ်လျောက်ပေးဆက်နေကြသည်။—ဆာလံ ၁၁၀:၃; ၁၄၅:၁၀-၁၂။
“ငြိမ်သက်ခြင်းမရှိသော်လည်း၊ငြိမ်သက်ခြင်းရှိသည်” ဟုဆိုသူများ
၁၄။ ဘီ.စီ.အီး. ခုနစ်ရာစုအတွင်း အဘယ်ပရောဖက်အတုအယောင်များ ရှိခဲ့ကြသနည်း။
၁၄ ဘီ.စီ.အီး. ခုနစ်ရာစုအတွင်း ဘုရားသခင့်ပရောဖက် ယေရမိနှင့် ယေဇကျေလတို့သည် ဘုရားသခင်အားမနာခံသည့် ထင်ရာစိုင်းလမ်းစဉ်အတွက် ယေရုရှလင်မြို့ကို ဘုရားသခင်တရားစီရင်မည့် သတင်းစကားများကို ကြေညာခဲ့ကြသည်။ ဘုရားသခင့်တမန်များအား ထင်ပေါ်ပြီးသြဇာရှိသည့် ဘာသာရေးခေါင်းဆောင်များ၏ ဆန့်ကျင်မှုကိုခံခဲ့ကြရသော်လည်း သူတို့တင်ကူးဟောကြားခဲ့သော ဖျက်ဆီးခြင်းသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဆိုက်ရောက်ခဲ့သည်။ ထိုသူတို့သည် ငြိမ်သက်ခြင်းမရှိသော်လည်း၊ ‘“ငြိမ်သက်ခြင်းရှိသည်” ဟုဆိုလျက်၊ [ဘုရားသခင်၏] လူတို့ကိုလှည့်စားသော . . . ပရောဖက်မိုက်များ’ ဖြစ်ကြောင်း သက်သေထူခဲ့ကြသည်။—ယေဇကျေလ ၁၃:၁-၁၆; ယေရမိ ၆:၁၄၊ ၁၅; ၈:၈-၁၂။
၁၅။ အလားတူပရောဖက်အတုအယောင်များ ယခုရှိပါသလော။ ရှင်းပြပါ။
၁၅ ထိုခေတ်မှ “ပရောဖက်မိုက်များ” ကဲ့သို့ မျက်မှောက်ခေတ် ဘာသာရေးခေါင်းဆောင်အများစုမှာလည်း ဘုရားသခင့်တရားစီရင်ရာနေ့ ရောက်လာတော့မည့်အကြောင်းကို သတိပေးဖို့ပျက်ကွက်ကြသည်။ ယင်းအစား သူတို့က နိုင်ငံရေးအုပ်စုများသည် နောက်ဆုံးတွင် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကိုအမှန်ပင် ရရှိစေမည်ဟူသည့် သဘောထားကိုဖော်ပြကြသည်။ ဘုရားသခင်ထက် လူသားတို့ကို ပို၍ကျေနပ်စေလိုသည့်အတွက် မိမိတို့၏အသင်းသားများကို ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီဖြစ်ကြောင်းနှင့် မေရှိယဘုရင်သည် မကြာမီ အောင်ပွဲခံတော့မည်ဖြစ်ကြောင်း ရှင်းပြမည့်အစား သူတို့ကြားလိုရာများကိုပြောပြကြသည်။ (ဒံယေလ ၂:၄၄၊ ၄၅; ၂ တိမောသေ ၄:၃၊ ၄; ဗျာဒိတ် ၆:၂) သူတို့လည်း ပရောဖက်အတုအယောင်များအနေနှင့် “ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်း” အကြောင်းပြောဆိုကြသည်။ သို့သော် သူတို့အထင်လွဲစေခဲ့သော၊ နာမတော်အပေါ် အကြီးအကျယ်ရှုတ်ချစရာဖြစ်စေခဲ့သော အရှင်သခင်၏အမျက်ဒေါသကို ခံရသောအခါ သူတို့၏ခံယူချက်သည် ရုတ်တရက်ထိတ်လန့်ဖွယ်ရာဖြစ်သွားပါလိမ့်မည်။ ကျမ်းစာတွင် အကျင့်ပျက်သည့် အမျိုးသမီးအဖြစ်ဖော်ပြထားသော မှားယွင်းသောဘာသာရေး ကမ္ဘာ့အင်ပါယာ၏ခေါင်းဆောင်များသည် သူတို့၏လှည့်ဖြားသည့် ငြိမ်းချမ်းရေးဟစ်ကြွေးသံများနှင့် တစ်ဆို့သွားကြလိမ့်မည်။—ဗျာဒိတ် ၁၈:၇၊ ၈။
၁၆။ (က) ယေဟောဝါသက်သေများသည် အဘယ်သို့သောသူများဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ကြပြီနည်း။ (ခ) “ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်း” အကြောင်းကြွေးကြော်ကြသူတို့နှင့် သူတို့မည်သို့ကွာခြားကြသနည်း။
၁၆ ငြိမ်းချမ်းမည်ဟူသည့် သူတို့၏အယောင်ဆောင်ကတိကို စွဲကိုင်ထားကြသည့် ဩဇာရှိသော ဘာသာရေးခေါင်းဆောင်အများစုသည် စစ်မှန်သောငြိမ်သက်မှုဆိုင်ရာ ဘုရားသခင့်ကတိတော်တွင် ယုံကြည်သူတို့၏ စိတ်ချမှုကို မယိမ်းယိုင်စေနိုင်ပါ။ ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သစ္စာရှိရှိခုခံကာကွယ်သူများ၊ မှားယွင်းသောဘာသာရေးကို ရဲရင့်စွာဆန့်ကျင်သူများ၊ ဘုရားသခင့်နိုင်ငံတော်ကို အခိုင်အမာထောက်ခံသူများအဖြစ် မှတ်တမ်းတင်ခံခဲ့ကြရသည်မှာ အနှစ်တစ်ရာကျော်ခဲ့ပြီ။ ငြိမ်သက်မှုနှင့်ပတ်သက်၍ နားဝင်ချိုသည့် ကြားနေကြစကားများနှင့် လူတို့ကိုချော့သိပ်ဖို့ဝေးစွ ယခုအချိန်သည် တိုက်လှန်ရသောအချိန်အမှန်ဖြစ်ကြောင်း လူတို့သတိပြုမိကြစေရန် ဝီရိယရှိရှိကြိုးပမ်းနေကြသည်။—ဟေရှာယ ၅၆:၁၀-၁၂; ရောမ ၁၃:၁၁၊ ၁၂; ၁ သက်သာလောနိတ် ၅:၆။
ယေဟောဝါ တိတ်ဆိတ်စွာမနေတော့သည့်အခါ
၁၇။ ယေဟောဝါသည် မကြာမီ တိတ်ဆိတ်စွာနေတော့မည်မဟုတ်ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။
၁၇ ရှောလမုန်က ဤသို့လည်းဆိုခဲ့သည်– “ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည် . . . အကြောင်းမူကား . . . ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသောအချိန်ရှိ၏။” (ဒေ. ၃:၁၇) ယေဟောဝါသည် [မဟာဗာဗုလုန်] နှင့် ‘ထာဝရဘုရားနှင့် ခရစ်တော်ကိုရန်ဘက်ပြုကြသည့် . . . [သူ]’ တို့ကို တရားစီရင်ရန် အချိန်သတ်မှတ်ထားတော်မူ၏။ (ဆာလံ ၂:၁-၆; ဗျာဒိတ် ၁၆:၁၃-၁၆) ထိုအချိန်ရောက်လာသည်နှင့် ယေဟောဝါ “တိတ်ဆိတ်စွာ” နေသောနေ့ရက်များ ကုန်လွန်သွားလိမ့်မည်။ (ဆာလံ ၈၃:၁; ဟေရှာယ ၆၂:၁; ယေရမိ ၄၇:၆၊ ၇) ကိုယ်တော်၏နန်းထိုင်ဘုရင်မေရှိယသခင် ယေရှုခရစ်မှတစ်ဆင့် ကိုယ်တော်သည် မိမိအားဆန့်ကျင်သူများ နားလည်ဟန်ရှိသည့် တစ်မျိုးတည်းသောဘာသာစကားဖြင့် “ပြောဆို” ပါလိမ့်မည်– “ထာဝရဘုရားသည် သူရဲကဲ့သို့ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကိုကိုယ်နှိုးဆော်တော်မူလိမ့်မည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တစ်ဖက်၌အားထုတ်တော်မူလိမ့်မည်။ ‘ငါသည် ကြာမြင့်စွာတိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍အောင့်ရဦးမည်လော။ သားဖွားခြင်းဝေဒနာကိုခံရသောမိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှူ၍ချက်ချင်းဖျက်ဆီးမည်။ တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေမည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကိုကုန်းဖြစ်စေမည်။ ရေကန်များကိုခန်းခြောက်စေမည်။ မျက်စိကန်းသောသူတို့ကို မိမိတို့မသိသောလမ်းဖြင့်ငါဆောင်မည်။ မိမိတို့မကျွမ်းသောခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကိုလင်းစေမည်။ ကောက်သောလမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သောကျေးဇူးကိုပြုမည်။ သူတို့ကိုမစွန့်ပစ်။’”—ဟေရှာယ ၄၂:၁၃-၁၆။
၁၈။ ဘုရားသခင်၏လူတို့သည် မကြာမီ အဘယ်နည်းဖြင့် “တိတ်ဆိတ်စွာနေ” ကြမည်နည်း။
၁၈ ယေဟောဝါသည် မိမိ၏ဘုရားသခင်အဖြစ်ကို ခုခံကာကွယ် ‘ပြောဆို’ သည့်အခါ ကိုယ်တော်၏လူများသည် သူတို့အတွက်သူတို့ ခုခံပြောဆိုစရာမလိုတော့ပါ။ သူတို့ “တိတ်ဆိတ်စွာနေ” ရသော အလှည့်ဖြစ်မည်။ တစ်ချိန်ကဘုရားသခင့်ကျေးကျွန်များနှင့် သက်ဆိုင်ခဲ့သကဲ့သို့ ဤစကားများသည် သက်ဆိုင်လာပါလိမ့်မည်– “သင်တို့သည်စစ်တိုက်စရာအကြောင်းမရှိသည်ဖြစ်၍၊ တည်ကြည်စွာမတ်တတ်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။”—၂ ရာဇဝင်ချုပ် ၂၀:၁၇။
၁၉။ ခရစ်တော်၏ဝိညာဉ်ရေးညီအစ်ကိုများသည် မကြာမီ အဘယ်အခွင့်ထူးကိုရရှိကြမည်နည်း။
၁၉ စာတန်နှင့် သူ့အဖွဲ့အစည်းတို့ အပြတ်အသတ်အရေးနိမ့်ခြင်းပါတကား! ဘုန်းဝင်စားသည့်ခရစ်တော်၏ညီတော်များသည် “ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌နှိပ်စက်တော်မူမည်” ဟူသောကတိတော်နှင့်အညီ ဖြောင့်မတ်ခြင်းတရားဘက်မှအောင်နိုင်ဖို့ ထူးခြားစွာပါဝင်တိုက်ခိုက်ကြလိမ့်မည်။ (ရောမ ၁၆:၂၀) ကြာမြင့်စွာစောင့်မျှော်ခဲ့သော ငြိမ်သက်ခြင်းကို နောက်ဆုံးတွင် ရပါတော့မည်။
၂၀။ များမကြာမီ အဘယ်အချိန်ဖြစ်လာမည်နည်း။
၂၀ ယေဟောဝါ၏မဟာတန်ခိုးတော် ထင်ရှားပြသချိန်ကို ကပ်ကျော်သည့် မြေကြီးပေါ်ရှိသူအားလုံးတို့သည် မည်မျှကောင်းချီးခံရပါသည်တကား! ထို့နောက် များမကြာမီတွင် ဤသူတို့အား ရှင်ပြန်ထမြောက်ရန် ခန့်အပ်ထားချိန်ရောက်လာ၍ ထမြောက်လာကြမည့် ရှေးခေတ်သစ္စာရှိယောက်ျား၊ မိန်းမများက ပူးပေါင်းလာကြလိမ့်မည်။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် အမှန်ပင် “စိုက်ပျိုးရသောအချိန် . . . ၊ အနာပျောက်ရသောအချိန် . . . ၊ တည်ဆောက်ရသောအချိန် . . . ၊ ရယ်ရသောအချိန် . . . ၊ ကခုန်ရသောအချိန် . . . ၊ ဖက်ယမ်းရသောအချိန်နှင့် . . . ၊ ချစ်ရသောအချိန်” ဖြစ်လာပါလိမ့်မည်။ ထို့အပြင် ထာဝစဉ် “စစ်ငြိမ်းရသောအချိန်” ဖြစ်မည်အမှန်!—ဒေ. ၃:၁-၈; ဆာလံ ၂၉:၁၁; ၃၇:၁၁; ၇၂:၇။
သင့်အဖြေကားအဘယ်နည်း
◻ တည်မြဲသောငြိမ်သက်ခြင်း၏ အခြေအမြစ်ကားအဘယ်နည်း။
◻ ယေဟောဝါသက်သေများသည် ယခုအချိန်ကို “တိုက်ရသောအချိန်” ဟုအဘယ်ကြောင့်ယူဆကြရသနည်း။
◻ ဘုရားသခင့်လူတို့သည် အဘယ်အချိန်၌ “စကားပြော” ၍အဘယ်အချိန်၌ “တိတ်ဆိတ်စွာနေ” ကြရမည်နည်း။
◻ ယေဟောဝါသည် အဘယ်သို့နှင့် အဘယ်အချိန်၌ တိတ်ဆိတ်စွာနေတော့မည်မဟုတ်သနည်း။
[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အောက်ပါတို့ကိုပြုရန်ယေဟောဝါ၌ သတ်မှတ်ချိန်ရှိ
◻ဘုရားသခင့်လူတို့ကိုတိုက်ခိုက်ဖို့ ဂေါဂမင်းအားသွေးဆောင်ခြင်း။—ယေဇကျေလ ၃၈:၃၊ ၄၊ ၁၀-၁၂
◻မဟာဗာဗုလုန်ကိုဖျက်ဆီးရန် လူ့အုပ်စိုးရှင်များ၏နှလုံး၌ အကြံပေါ်စေခြင်း။—ဗျာဒိတ် ၁၇:၁၅-၁၇; ၁၉:၂
◻သိုးသငယ်၏မင်္ဂလာဆောင်ပွဲခံခြင်း။—ဗျာဒိတ် ၁၉:၆၊ ၇
◻အာမဂေဒုန်စစ်ပွဲကို အစပြုခြင်း။—ဗျာဒိတ် ၁၉:၁၁-၁၆၊ ၁၉-၂၁
◻ယေရှု၏အနှစ်တစ်ထောင်အုပ်စိုးမှုစတင်ရန် စာတန်ကိုချည်နှောင်ခြင်း။—ဗျာဒိတ် ၂၀:၁-၃။
ဤအဖြစ်အပျက်များကို ကျမ်းစောင်များတွင် ရည်ညွှန်းထားသည့်အစဉ်အတိုင်း ဖော်ပြထားခြင်းသာဖြစ်သည်။ အဖြစ်အပျက်ငါးခုစလုံးသည် ယေဟောဝါဆုံးဖြတ်ထားသည့် အစဉ်အတိုင်း၊ ကိုယ်တော်ဆုံးဖြတ်ထားသည့်အချိန် အတိအကျတွင် ဖြစ်ပျက်မည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ပေသည်။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုသည်အမှန်တကယ်ပင် . . .
ရယ်ရသော . . .
ဖက်ယမ်းရသော . . .
ချစ်ရသော . . .
စိုက်ပျိုးရသော . . .
ကခုန်ရသော . . .
တည်ဆောက်ရသော . . . အချိန်ဖြစ်ပါလိမ့်မည်