အခန်း နှစ်ဆယ့်ခြောက်
‘ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် အစဉ်အမြဲ ရွှင်လန်းကြလိမ့်မည်’
၁။ တမန်တော် ပေတရုသည် နှစ်သိမ့်အားပေးမှု ဖြစ်စေသော အဘယ်စကားများကို ရေးသားခဲ့သနည်း၊ အဘယ်မေးခွန်း ပေါ်ပေါက်လာသနည်း။
မတရားမှုနှင့် ဒုက္ခဆင်းရဲများ၏ အဆုံးကို ကျွန်ုပ်တို့ တွေ့ရပါမည်လော။ လွန်ခဲ့သော နှစ်ပေါင်း ၁,၉၀၀ ကျော်က တမန်တော် ပေတရုသည် နှစ်သိမ့်အားပေးမှု ဖြစ်စေသော ဤစကားများကို ရေးသားခဲ့၏– “ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် [ဘုရားသခင့်] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ရာစုနှစ်များတစ်လျှောက်ရှိ ဘုရားသခင့် အခြားသစ္စာရှိ ကျေးကျွန်များနှင့်အတူ ပေတရုသည် မတရားမှု၊ ဖိနှိပ်မှု၊ အကြမ်းဖက်မှုများ မရှိဘဲ ဖြောင့်မတ်ခြင်းတရား လွှမ်းမိုးမည့် ထူးမြတ်သောနေ့ကို မျှော်လင့်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဤကတိတော် အမှန် ပြည့်စုံမည်ကို ယုံကြည်စိတ်ချနိုင်ပါသလော။
၂။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” အကြောင်း အဘယ် ပရောဖက်က ဖော်ပြခဲ့သနည်း၊ ထိုရှေးပရောဖက်ပြုချက်တွင် အဘယ် ပြည့်စုံချက် ရှိသနည်း။
၂ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်! “ကောင်းကင်သစ်နှင့် မြေကြီးသစ်” အကြောင်း တမန်တော် ပေတရု ပြောဆိုရာတွင် အကြောင်းအရာအသစ်ကို မိတ်ဆက်ပြောဆိုခြင်း မဟုတ်ပါ။ အစောပိုင်း နှစ်ပေါင်း ၈၀၀ နီးပါးခန့်က ယေဟောဝါသည် ပရောဖက် ဟေရှာယမှတစ်ဆင့် ဆင်တူသော စကားများကို မိန့်တော်မူခဲ့သည်။ ထိုအစောပိုင်း ကတိတော်သည် ဂျူးလူမျိုးတို့ ဗာဗုလုန်သုံ့ပန်းဘဝမှ လွတ်မြောက်ပြီး မိမိတို့၏ ပြည်တော်တွင် ပြန်လည်နေထိုင်နိုင်ချိန် ဘီ.စီ.အီး. ၅၃၇ တွင် အသေးစား ပြည့်စုံခဲ့သည်။ သို့သော် ဟေရှာယ၏ ပရောဖက်ပြုချက်သည် ယနေ့အချိန်တွင် အကြီးစား ပြည့်စုံနေပြီး ရောက်လာတော့မည့် ဘုရားသခင့် ကမ္ဘာသစ်တွင် ထိုထက် ပို၍ ကြီးကျယ်ခမ်းနားစွာ ပြည့်စုံမည်ကို ကျွန်ုပ်တို့ မျှော်လင့်ကြသည်။ မှန်ပါသည်၊ ဟေရှာယမှတစ်ဆင့် ပေးခဲ့သော နှလုံးနွေးထွေးဖွယ် ပရောဖက်ပြုချက်သည် ဘုရားသခင်ကို ချစ်မြတ်နိုးသူများအတွက် ကိုယ်တော် သိုမှီးထားသော ကောင်းချီးများကို မြင်ယောင်စေသည်။
ယေဟောဝါသည် “ခေါင်းမာသော လူမျိုး” ကို တောင်းပန်တော်မူ၏
၃။ ဟေရှာယ အခန်းကြီး ၆၅ တွင် ကျွန်ုပ်တို့အတွက် အဘယ်မေးခွန်းကို အဖြေပေးထားသနည်း။
၃ ဟေရှာယ ၆၃:၁၅–၆၄:၁၂ တွင် ဗာဗုလုန်ရှိ ဂျူးသုံ့ပန်းများ၏ အကျိုးအတွက် ဟေရှာယ၏ ပရောဖက်ပြုချက်ဆိုင်ရာ ဆုတောင်းချက် ပါရှိကြောင်း သတိရပါ။ ဟေရှာယ၏ စကားများတွင် ရှင်းလင်းစွာ ဖော်ပြထားသကဲ့သို ဂျူးများစွာသည် ယေဟောဝါကို စိုးလ်အပြည့်ဖြင့် ဝတ်ပြုကိုးကွယ်ခြင်း မရှိကြပါ၊ သို့သော် အချို့သူတို့သည် နောင်တယူခဲ့ကြပြီး ကိုယ်တော်ထံ ပြန်လှည့်ခဲ့ကြသည်။ ယေဟောဝါသည် ထိုနောင်တရသော အကြွင်းအကျန်၏ အကျိုးအတွက် လူမျိုးတော်ကို ပြန်လည်စုသိမ်းတော်မူမည်လော။ အဖြေကို ဟေရှာယ အခန်းကြီး ၆၅ တွင် တွေ့ရသည်။ သို့သော် ယေဟောဝါသည် သစ္စာရှိသူ လူနည်းစုအား လွတ်မြောက်တော်မူမည့် ကတိတော်ကို မိန့်တော်မမူမီ ယုံကြည်ခြင်းမဲ့သူများကို တရားစီရင်မည့်အကြောင်း ဖော်ပြတော်မူ၏။
၄။ (က) ပုန်ကန်သော လူမျိုးနှင့် မတူဘဲ မည်သူတို့သည် ယေဟောဝါအား ရှာကြမည်နည်း။ (ခ) တမန်တော် ပေါလုသည် ဟေရှာယ ၆၅:၁၊ ၂ ကို မည်သို့ ဆက်စပ်တင်ပြခဲ့သနည်း။
၄ ယေဟောဝါသည် လူမျိုးတော်၏ အဆက်မပြတ် ပုန်ကန်မှုကို သည်းခံခဲ့သည်။ သို့သော် ကိုယ်တော်သည် သူတို့ကို ရန်သူများလက်သို့ ရောက်စေပြီး အခြားလူမျိုးများအား မျက်နှာသာပေး ကြိုဆိုမည့်အချိန် ရောက်လာမည်။ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါ့ကို မမေးမလျှောက်သော သူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကို မရှာသောသူတို့သည် ငါ့ကို တွေ့ရကြပြီ။ ‘ငါ့ကို ကြည့်ကြလော့။ ကြည့်ကြလော့’ ဟု ငါ့နာမကို ပတ္ထနာ မပြုသော လူမျိုးအား ငါပြောဆိုပြီ။” (ဟေရှာယ ၆၅:၁) လူမျိုးခြားတို့သည် ယေဟောဝါထံသို့ လာကြမည် ဖြစ်သော်လည်း ခေါင်းမာသော ယုဒလူမျိုးသည် လူမျိုးတစ်စုအနေနှင့် ကိုယ်တော်ထံသို့ လာရန် ငြင်းဆန်ကြမည်ဟူသည် ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသောလူမျိုးပေါ် ဝမ်းနည်းဖွယ် ပြောဆိုချက် ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးတွင် ယခင်က အသိအမှတ် မပြုခဲ့သော လူမျိုးကို ရွေးချယ်မည်ဟူ၍ ကြိုဟောသူမှာ ပရောဖက် ဟေရှာယ တစ်ဦးတည်းသာ မဟုတ်ပါ။ (ဟောရှေ ၁:၁၀; ၂:၂၃) ဇာတိဂျူးများသည် ယုံကြည်ခြင်း ပြရန် ငြင်းပယ်ခဲ့သော်လည်း လူမျိုးခြားများထဲမှ လူများသည် “ယုံကြည်ခြင်းအားဖြင့် မီသော ဖြောင့်မတ်ခြင်း” ပိုင်ဆိုင်ကြမည်ကို သက်သေပြရန် တမန်တော် ပေါလုသည် စက်ပ်တွားဂျင့်ကျမ်းထဲမှ ဟေရှာယ ၆၅:၁၊ ၂ ကို ကိုးကားဖော်ပြခဲ့သည်။—ရောမ ၉:၃၀; ၁၀:၂၀၊ ၂၁။
၅၊ ၆။ (က) ယေဟောဝါသည် အဘယ် ထက်သန်သော ဆန္ဒကို တင်ပြတော်မူခဲ့သနည်း၊ သို့သော် ကိုယ်တော်၏ လူမျိုးတော်သည် မည်သို့ တုံ့ပြန်ခဲ့သနည်း။ (ခ) ယုဒလူမျိုးနှင့် ယေဟောဝါ၏ ဆက်ဆံပုံမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။
၅ ယေဟောဝါသည် မိမိကိုယ်နှိုက်၏ လူမျိုးတော်ကို ဒုက္ခဆင်းရဲ ခံစေရန် အဘယ်ကြောင့် ခွင့်ပြုတော်မူမည် ဖြစ်ကြောင်း ဤသို့ ရှင်းပြ၏– “မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍ ငြင်းဆန်တတ် [“ခေါင်းမာ၊” ကဘ] သော လူမျိုးကို မျက်နှာပြုလျက် တစ်နေ့လုံး ငါသည် ကိုယ်လက်ဝါးကို ဖြန့်ရပြီ။” (ဟေရှာယ ၆၅:၂) လူတစ်ဦး လက်ဝါးဖြန့်ထားခြင်းဟူသည် ဖိတ်ခေါ်ခြင်း သို့မဟုတ် အသနားခံ တောင်းပန်ခြင်း အမှတ်အသား ဖြစ်သည်။ ယေဟောဝါသည် အချိန်ခဏသာ မဟုတ်ဘဲ တစ်နေ့လုံး လက်ဝါးဖြန့်ထားတော်မူ၏။ ကိုယ်တော် အဖြစ်ချင်ဆုံး ဆန္ဒမှာ ကိုယ်တော်ထံသို့ ယုဒလူမျိုး ပြန်လှည့်လာခြင်း ဖြစ်သည်။ သို့သော် ထိုခေါင်းမာသောသူတို့သည် တုံ့ပြန်ရန် ပျက်ကွက်ခဲ့ကြသည်။
၆ ယေဟောဝါ၏ မိန့်တော်မူချက်ထဲမှ ကျွန်ုပ်တို့ သင်ယူစရာ နှလုံးနွေးထွေးဖွယ် သင်ခန်းစာတစ်ရပ်ပင်! ကိုယ်တော်သည် ချဉ်းကပ်၍ ရသော ဘုရားသခင် ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ ကိုယ်တော်ထံ ချဉ်းကပ်ရန် ကိုယ်တော် အလိုရှိတော်မူ၏။ (ယာကုပ် ၄:၈) ယေဟောဝါသည် နှိမ့်ချစိတ် ရှိကြောင်းကိုလည်း ထိုစကားများက ဖော်ပြသည်။ (ဆာလံ ၁၁၃:၅၊ ၆) ထို့ထက်ကား၊ လူမျိုးတော်၏ ခေါင်းမာမှုသည် ကိုယ်တော်ကို “စိတ်တော်နာဖွယ်” ဖြစ်ခဲ့သော်လည်း ကိုယ်တော်သည် မိမိထံ ပြန်လာရန် တောင်းပန်ခြင်း ဖြစ်သော ပုံဆောင်သဘောဖြင့် ကိုယ်တော့်လက်တော်ကို အစဉ် ဖြန့်ထားတော်မူ၏။ (ဆာလံ ၇၈:၄၀၊ ၄၁) ရာစုနှင့်ချီ၍ သူတို့ကို ကိုယ်တော် တောင်းပန်ပြီးနောက်မှသာ ကိုယ်တော်သည် သူတို့ကို ရန်သူလက်သို့ စွန့်ပစ်တော်မူ၏။ သို့တိုင် ကိုယ်တော်သည် သူတို့ထဲမှ စိတ်နှိမ့်ချသူများအတွက် တံခါးဖွင့်ထားတော်မူ၏။
၇၊ ၈။ ယေဟောဝါ၏ ခေါင်းမာသော လူမျိုးသည် မည်သည့်နည်းများဖြင့် ကိုယ်တော်ကို အမျက်ထွက်အောင် နှိုးဆွခဲ့ကြသနည်း။
၇ ခေါင်းမာသော ဂျူးများသည် ရှက်ဖွယ်ကောင်းသော အကျင့်များအားဖြင့် ယေဟောဝါအား အမျက်ထွက်အောင် အထပ်ထပ် နှိုးဆော်ခဲ့ကြသည်။ ယေဟောဝါသည် သူတို့၏ မနှစ်မြို့ဖွယ် လုပ်ဆောင်မှုများအကြောင်း ဤသို့ ဖော်ပြ၏– “ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့် ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ ငါ့မျက်မှောက်၌ အစဉ် ပြုတတ်၏။ သင်္ချိုင်းမှာ နေ၍ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကို သောက်တတ်၏။ သူတို့ကလည်း ‘သင်သည် အသီးအခြား နေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက် သာ၍ သန့်ရှင်းသည်’ ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။” (ဟေရှာယ ၆၅:၃-၅) ဘုရားတရား ကြည်ညိုပုံရသော ထိုသူများသည် ယေဟောဝါ၏ ‘မျက်မှောက်၌’—ပြောင်ပြောင်တင်းတင်းနှင့် ရိုသေလေးမြတ်ပုံ မရသော အပြုအမူကို—ကျူးလွန်ကြသည်။ သူတို့၏ စက်ဆုပ်ရွံရှာဖွယ်များကို ဖုံးကွယ်ရန် မကြိုးစားကြပါ။ ဂုဏ်တင်မှု၊ နာခံမှု ရထိုက်သောအရှင်၏ ရှေ့တော်မှောက်၌ အပြစ်ကျူးလွန်ခြင်းသည် အထူးသဖြင့် ရှုတ်ချပြစ်တင်ခံထိုက်သည် မဟုတ်လော။
၈ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူဆသော ထိုအပြစ်ပြုကျင့်သူများသည် အခြားဂျူးများအား ဤသို့ ပြောဆိုကြ၏– “သင်သည် အသီးအခြား နေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက် သာ၍ သန့်ရှင်းသည်။” အရေခြုံမှုပါတကား! ထို “ဘုရားတရားကြည်ညို” သူများသည် ဘုရားသခင့် ပညတ်တော်တွင် ပြစ်တင်ရှုတ်ချထားသည့် မှောက်မှားသော နတ်ဘုရားများထံ ပူဇော်သကာများ ပူဇော်နေကြပြီး နံ့သာပေါင်း မီးရှို့နေကြသည်။ (ထွက်မြောက်ရာ ၂၀:၂-၆) ပညတ်တရားအရ သူတို့ကို ညစ်ညူးစေသော သင်္ချိုင်းမြေနေရာများတွင် ထိုင်နေကြသည်။ (တောလည်ရာ ၁၉:၁၄-၁၆) မစင်ကြယ်သော အစားအစာ ဖြစ်သည့် ဝက်သားကို စားနေကြသည်။a (ဝတ်ပြုရာ ၁၁:၇) သို့တိုင် သူတို့၏ ဘာသာရေး လုပ်ဆောင်မှုများက သူတို့ကို အခြားဂျူးများထက် သန့်ရှင်းစေသည်ဟု ယူမှတ်ကြပြီး အခြားသူများသည် သူတို့နှင့် ပေါင်းသင်းရုံမျှဖြင့် သန့်ရှင်းစင်ကြယ်သူများ ဖြစ်သွားမည် စိုး၍ သူတို့အနားသို့ မလာစေလိုကြပါ။ သို့သော် ၎င်းသည် “အကြွင်းမဲ့ ဆက်ကပ်နှံမှု” ကို အတိအကျ တောင်းဆိုတော်မူသော ဘုရားသခင်၏ ရှုမြင်ပုံ မဟုတ်ပါ!—တရားဟောရာ ၄:၂၄။
၉။ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်သော အပြစ်ပြုသူများကို ယေဟောဝါ မည်သို့ ရှုမြင်တော်မူသနည်း။
၉ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်ကြသူများကို သန့်ရှင်းသည်ဟု ယူဆမည့်အစား “ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့” ဖြစ်သည်ဟု ယေဟောဝါ မိန့်တော်မူ၏။ “နှာခေါင်း” သို့မဟုတ် “နှာခေါင်းပေါက်” ဟူသော ဟေဗြဲစကားလုံးကို အမျက်ဒေါသအတွက် ပုံဆောင် အသုံးပြုလေ့ရှိသည်။ မီးခိုးသည်လည်း ယေဟောဝါ၏ တောက်လောင်သော အမျက်ဒေါသနှင့် ဆက်စပ်သည်။ (တရားဟောရာ ၂၉:၂၀) ကိုယ်တော်၏ လူမျိုးတော် ပြုလုပ်ခဲ့သော စက်ဆုပ်ရွံရှာဖွယ် ရုပ်တုကိုးကွယ်ခြင်းသည် ယေဟောဝါ၏ တောက်လောင်သော အမျက်ဒေါသကို နှိုးဆွခဲ့သည်။
၁၀။ ယေဟောဝါသည် ယုဒ၏ အပြစ်များအတွက် မည်သို့ ပေးဆပ်မည်နည်း။
၁၀ ယေဟောဝါ၏ တရားမျှတမှုတွင် ဤစိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်သူများကို အပြစ်မပေးဘဲ လွှတ်မထားနိုင်ပါ။ ဟေရှာယ ဤသို့ ရေး၏– “‘ငါ့ရှေ့မှာ စာရင်းမှတ်လျက် ရှိသည် ဖြစ်၍ ငါသည် တိတ်ဆိတ်စွာ မနေ။ အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်တို့၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍ ကုန်းပေါ်မှာ ငါ့ကို ကဲ့ရဲ့သော သင်တို့ဘိုးဘေး၏ ဒုစရိုက်အပြစ်ကိုလည်းကောင်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ် သူတို့ ပြုဖူးသော အကျင့်တို့၏ အကျိုးအပြစ်ကို သင်တို့ရင်ခွင်၌ ငါခြင်၍ ပေးမည်’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၆၊ ၇) ထိုဂျူးများသည် မှောက်မှားသော ဝတ်ပြုကိုးကွယ်မှုတွင် ပါဝင်ခြင်းဖြင့် ယေဟောဝါကို မထီမဲ့မြင် ပြုခဲ့ကြသည်။ စစ်မှန်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းသည် သူတို့ပတ်ဝန်းကျင်ရှိ လူမျိုးများ၏ ဘုရားများကို ကိုးကွယ်ခြင်းထက် သာလွန်မှု မရှိဟု ယူမှတ်စေသည်။ ရုပ်တုကိုးကွယ်ခြင်းနှင့် နတ်ဝိဇ္ဇာအတတ် အပါအဝင် ‘သူတို့ကိုယ်တိုင်၏ ဒုစရိုက်အပြစ်’ များကြောင့် ယေဟောဝါသည် ‘သူတို့ရင်ခွင်၌” ဆပ်ပေးတော်မူမည်။ “ရင်ခွင်” ဟူသော အသုံးအနှုန်းမှာ ဈေးရောင်းသူက ပစ္စည်းပမာဏကို ချိန်တွယ်ပြီး လောင်းထည့်ပေး၍ ရနိုင်သည့် အိတ်ပုံစံရှိသော အပေါ်ဝတ်ရုံကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ (လုကာ ၆:၃၈) အယူဖောက်ပြန်သော ဂျူးများကို ယေဟောဝါသည် “အကျိုးအပြစ်” သို့မဟုတ် အပြစ်ဒဏ် ဆပ်ပေးမည်ဟု အဓိပ္ပာယ်ရှိသည်မှာ ရှင်းနေပါသည်။ တရားမျှတသော ဘုရားသခင်သည် အကျိုးအပြစ်ကို အတိအကျ ဆပ်ပေးတော်မူမည်။ (ဆာလံ ၇၉:၁၂; ယေရမိ ၃၂:၁၈) ယေဟောဝါသည် မပြောင်းလဲသောကြောင့် ကိုယ်တော် သတ်မှတ်ထားသောအချိန်တွင် ဤဆိုးသွမ်းသော အစီအစဉ်စနစ်ကို ထိုနည်းအတိုင်းပင် ပြစ်ဒဏ်ပေးဆပ်မည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—မာလခိ ၃:၆။
“ငါ့ကျွန်တို့၏ အကျိုးအလိုငှာ”
၁၁။ ယေဟောဝါသည် သစ္စာရှိ အကြွင်းအကျန်ကို ကယ်တင်မည် ဖြစ်ကြောင်း မည်သို့ ဖော်ပြသနည်း။
၁၁ ယေဟောဝါသည် ကိုယ်တော့် လူမျိုးတော်ထဲမှ သစ္စာရှိသူများကို ကရုဏာ တင်ပြမည်လော။ ဟေရှာယ ဤသို့ ရှင်းပြ၏– “တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား ‘စပျစ်သီး ပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ “မဖျက်နှင့်၊ [“အတွင်း၌၊” သမ္မာ] မင်္ဂလာရှိသည်” ဟု ဆိုတတ်သကဲ့သို့ ထို့အတူ ငါ့ကျွန်တို့၏ အကျိုးအလိုငှာ ငါပြုမည်။ အကုန်အစင် မဖျက်။ ယာကုပ်အမျိုးထဲက မျိုးစေ့ကိုလည်းကောင်း၊ ယုဒအမျိုးထဲက ငါ့တောင် [“တောင်များ၊” ကဘ] ကို အမွေခံရသောသူကိုလည်းကောင်း ငါထုတ်ဖော်မည်။ ငါရွေးကောက်သောသူတို့သည် ပြည်တော်ကို အမွေခံ၍ ငါ၏ ကျွန်တို့သည် နေရကြလိမ့်မည်။’” (ဟေရှာယ ၆၅:၈၊ ၉) ကိုယ်တော်၏ လူမျိုးတော်ကို စပျစ်သီးပြွတ်နှင့် နှိုင်းယှဉ်ခြင်းဖြင့် ယေဟောဝါသည် သူတို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်သည့် ပုံဥပမာကို အသုံးပြုတော်မူ၏။ ပြည်တော်ထဲတွင် စပျစ်ပင်များစွာ ရှိပြီး စပျစ်သီးမှ ပြုလုပ်သည့် စပျစ်ရည်သည် လူသားများအတွက် ကောင်းချီးတစ်ခု ဖြစ်သည်။ (ဆာလံ ၁၀၄:၁၅) အားလုံး မဟုတ်ဘဲ အချို့သော စပျစ်သီးအတွဲသည် ကောင်းသည်ဟု အထက်ဖော်ပြပါ ပုံဖော်ချက်က တင်ပြခြင်း ဖြစ်နိုင်သည်။ သို့မဟုတ်၊ စပျစ်သီးတစ်တွဲသည် ကောင်းသော်လည်း အခြားအပြွတ်များသည် မရင့်မှည့် သို့မဟုတ် ပုပ်နေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ စပျစ်သီး ဆွတ်ခူးသူသည် ကောင်းသော စပျစ်သီးများကို ဖျက်ဆီးပစ်မည် မဟုတ်ပါ။ ထို့ကြောင့် ယေဟောဝါသည် ကိုယ်တော်၏ လူမျိုးတစ်ခုလုံးကို ဖျက်ဆီးပစ်မည် မဟုတ်ဘဲ သစ္စာရှိသော အကြွင်းအကျန်ကို ကယ်တင်မည် ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။ မျက်နှာသာရသော ထိုအကြွင်းအကျန်သည် မိမိ ပိုင်ဆိုင်ရာအဖြစ် ယေဟောဝါ မိန့်ဆိုခဲ့သော တောင်တန်းပြည် ဖြစ်သော ကိုယ်တော်၏ “တောင်များ” ဖြစ်သည့် ယေရုရှလင်မြို့နှင့် ယုဒပြည်ကို ပိုင်ဆိုင်ရမည်ဟု ကိုယ်တော် မိန့်တော်မူ၏။
၁၂။ သစ္စာရှိ အကြွင်းအကျန်အတွက် အဘယ်ကောင်းချီးများ စောင့်ကြိုလျက် ရှိသနည်း။
၁၂ ထိုသစ္စာရှိ အကြွင်းအကျန်အတွက် အဘယ် ကောင်းချီးများ စောင့်စားနေသနည်း။ ယေဟောဝါ ဤသို့ ရှင်းပြ၏– “ငါ့ကို ရှာသော ငါ၏ လူတို့အဖို့ ရှာရုန်အရပ်သည် သိုးခြံ ဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ် ဖြစ်လိမ့်မည်။” (ဟေရှာယ ၆၅:၁၀) သိုးနွားအုပ်များသည် ဂျူးလူမျိုးအများစု၏ အသက်တာတွင် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပြီး ကျယ်ပြောသော စားကျက်မြေများက ငြိမ်သက်ခြင်း ရှိသော အချိန်ကာလအတွင်း ပစ္စည်းဥစ္စာ တိုးပွားစေရန် အထောက်အကူပြုသည်။ ယေဟောဝါသည် ငြိမ်သက်ခြင်းနှင့် ကြီးပွားချမ်းသာမှုကို ရုပ်လုံးဖော်ရန်အတွက် ပြည်တော်ထဲမှ အစွန်အဖျား မြို့နှစ်မြို့ကို ရည်ညွှန်းဖော်ပြတော်မူသည်။ အနောက်ဘက်အရပ်ရှိ ရှာရုန်လွင်ပြင်သည် မြေထဲပင်လယ် ကမ်းရိုးတန်းတစ်လျှောက် ကျယ်ပြန့်ပြီး ယင်း၏ လှပမှုနှင့် မြေသြဇာကောင်းမှုတို့ကြောင့် ကျော်ကြားသည်။ အာခေါ်ချိုင့်သည် ပြည်တော်၏ အရှေ့မြောက် နယ်နိမိတ်အဖြစ် တည်ရှိသည်။ (ယောရှု ၁၅:၇) ရောက်လာတော့မည့် ပြည်နှင်ခံရချိန်အတွင်း ထိုဒေသများသည် ပြည်တော်၏ ကျန်ဒေသများနည်းတူ ပျက်စီးဆိတ်သုဉ်းနေမည်။ သို့ရာတွင် ပြည်နှင်ခံရပြီးနောက်ပိုင်း ထိုဒေသများသည် ပြည်တော်ပြန် အကြွင်းအကျန်အတွက် လှပသော စားကျက်မြေများ ပြန်လည်ဖြစ်လာမည်ဟု ယေဟောဝါ ကတိပြုတော်မူ၏။—ဟေရှာယ ၃၅:၂; ဟောရှေ ၂:၁၅။
‘လာဘ်ကောင်းစေသော ဘုရား’ ကို ယုံကြည်ကိုးစားခြင်း
၁၃၊ ၁၄။ ဘုရားသခင့် လူမျိုးတော်သည် ကိုယ်တော့်ကို စွန့်ပစ်ခဲ့ကြောင်း အဘယ် အပြုအမူများက တင်ပြသနည်း၊ ရလဒ်အနေနှင့် သူတို့၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။
၁၃ ယခု ယေဟောဝါအား စွန့်ပစ်ပြီး ရုပ်ပုံကိုးကွယ်ခြင်းကို လိုက်စားကြသူများအကြောင်း ဟေရှာယ ပရောဖက်ပြုချက်က ဖော်ပြသည်။ ဤသို့ ဆို၏– “သင်တို့မူကား ထာဝရဘုရားကို စွန့်ပစ်သောသူ၊ ငါ၏ သန့်ရှင်းသောတောင်ကို မေ့လျော့သောသူ၊ ဂါဒဘုရား [“လာဘ်ကောင်းစေသော ဘုရား၊” ကဘ] ရှေ့မှာ စားပွဲကို ခင်း၍ မေနိဘုရား [“ကံကြမ္မာဘုရား၊” ကဘ] အား သွန်းလောင်းရာ ပူဇော်သကာကို ပြင်သောသူ ဖြစ်ကြ၏။” (ဟေရှာယ ၆၅:၁၁၊ သမ္မာ) ‘လာဘ်ကောင်းစေသော ဘုရား’ နှင့် ‘ကံကြမ္မာဘုရား’ များရှေ့တွင် စားဖွယ်သောက်ဖွယ် စားပွဲကို ခင်းခြင်းဖြင့် ထိုဖောက်ပြန်သော ဂျူးများသည် တိတ္ထိလူမျိုးတို့၏ ရုပ်ပုံကိုးကွယ်ခြင်း အကျင့်ဓလေ့များသို့ ကျဆင်းနေပြီ ဖြစ်သည်။b ထိုဘုရားများကို မိုက်မဲစွာ ယုံကြည်ကိုးစားသူ မည်သူမဆို၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။
၁၄ ယေဟောဝါက သူတို့ကို ဤသို့ တိုက်ရိုက် သတိပေးတော်မူ၏– “သင်တို့ကို ငါရေတွက်၍ ဓား၌ အပ်မည်။ ရှိသမျှတို့သည် အသေသတ်ခြင်းကို ခံရအောင် ဦးချရကြလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ငါခေါ်သောအခါ မထူးကြ။ ငါပြောသောအခါ နားမထောင်ကြ။ ငါ့မျက်မှောက်၌ မကောင်းသော အကျင့်ကို ကျင့်ကြ၏။ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။” (ဟေရှာယ ၆၅:၁၂) မူရင်းဟေဗြဲကျမ်းတွင် ကံကြမ္မာဘုရား၏ အမည်နှင့် သံတူကြောင်းကွဲ စကားကို အသုံးပြုကာ ဤမှားယွင်းသော နတ်ဘုရားများအား ကိုးကွယ်သူများကို “ဓား၌ အပ်မည်၊” ဆိုလိုသည်မှာ ဖျက်ဆီးခံရမည်ဟု ယေဟောဝါ မိန့်တော်မူ၏။ ယေဟောဝါသည် ထိုသူတို့ နောင်တယူရန် ပရောဖက်များအားဖြင့် အထပ်ထပ် မိန့်တော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော်ကို လျစ်လျူရှုခဲ့ကြပြီး ကိုယ်တော်က မကောင်းသောအရာဟု ရှုမြင်သည့်အရာကို လုပ်ရန် ခေါင်းမာမာနှင့် ရွေးချယ်ခဲ့ကြသည်။ ဘုရားသခင်အပေါ် သူတို့ တင်ပြကြသော မထီမဲ့မြင်ပြုမှုပါတကား! ဘုရားသခင့် သတိပေးချက်များ ပြည့်စုံသည့်အနေနှင့် ယေဟောဝါသည် ယေရုရှလင်မြို့နှင့် ယင်း၏ ဗိမာန်တော်ကို ဗာဗုလုန်လူမျိုး ဖျက်ဆီးရန် ခွင့်ပြုချိန် ဖြစ်သော ဘီ.စီ.အီး. ၆၀၇ တွင် လူမျိုးတော်သည် ဘေးဒုက္ခဆင်းရဲကြီးကို ခံစားရမည် ဖြစ်သည်။ ထိုအချိန်တွင် ‘လာဘ်ကောင်းစေသော ဘုရား’ သည် ယုဒပြည်နှင့် ယေရုရှလင်တွင်ရှိ မိမိအား ယုံကြည်ကိုးကွယ်သူများကို ကာကွယ်ပေးနိုင်မည် မဟုတ်ပါ။—၂ ရာဇဝင်ချုပ် ၃၆:၁၇။
၁၅။ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ဟေရှာယ ၆၅:၁၁၊ ၁၂ တွင် တွေ့ရသော သတိပေးချက်ကို အဘယ်နည်းဖြင့် ဂရုပြုလိုက်လျှောက်ကြသနည်း။
၁၅ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ဟေရှာယ ၆၅:၁၁၊ ၁၂ တွင် တွေ့ရသော သတိပေးချက်ကို သတိပြုလိုက်နာကြသည်။ သူတို့သည် သဘာဝလွန် စွမ်းအား တစ်စုံတစ်ရာမှ အကျိုးအမြတ် ရရှိနိုင်သည်ဟု မယုံကြည်ကြပါ။ ‘လာဘ်ကောင်းစေသော ဘုရား’ ကို စိတ်ကျေနပ်စေဖို့ ကြိုးစားခြင်း ဖြစ်သော လောင်းကစားမှုပုံစံ မှန်သမျှကို ရှောင်ကြဉ်ခြင်းဖြင့် သူတို့၏ ပစ္စည်းဥစ္စာများကို မဆုံးရှုံးစေကြပါ။ ထိုဘုရားများအား ကြည်ညိုကိုးကွယ်သူများနှင့်ပတ်သက်၍ “သင်တို့ကို ငါရေတွက်၍ ဓား၌ အပ်မည်” ဟု ယေဟောဝါ မိန့်တော်မူထားသောကြောင့် နောက်ဆုံး သူတို့ အရာရာ ဆုံးရှုံးကြမည်ကို သိစေသည်။
“ငါ၏ ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်”
၁၆။ ယေဟောဝါသည် မိမိ၏ သစ္စာရှိ ကျေးကျွန်များကို အဘယ်နည်းများဖြင့် ကောင်းချီးပေးတော်မူမည်နည်း၊ သို့သော် ကိုယ်တော်အား စွန့်ပစ်သူများ၌ အဘယ်အရာ ဖြစ်ပျက်မည်နည်း။
၁၆ ယေဟောဝါအား စွန့်ပစ်သူများကို ပြစ်တင်ပြောဆိုရာတွင် ဘုရားသခင်အား စိတ်ရင်းမှန်ဖြင့် ဝတ်ပြုကိုးကွယ်သူများနှင့် အယောင်ဆောင် ဝတ်ပြုကိုးကွယ်သူများအတွက် စောင့်ကြိုနေသော ဆန့်ကျင်ဘက် ရလဒ်အကြောင်းကို ပရောဖက်ပြုချက်၌ ဤသို့ ဖော်ပြ၏– “ထို့ကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘ငါ၏ ကျွန်တို့သည် စားကြလိမ့်မည်။ သင်တို့မူကား မွတ်သိပ်ကြလိမ့်မည်။ ငါ၏ ကျွန်တို့သည် သောက်ကြလိမ့်မည်။ သင်တို့မူကား ရေငတ်ကြလိမ့်မည်။ ငါ၏ ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့မူကား ရှက်ကြောက်ကြလိမ့်မည်။ ငါ၏ ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းသောစိတ်နှင့် ငိုကြွေးကြလိမ့်မည်။ ကြေကွဲသောနှလုံးနှင့် ညည်းတွားမြည်တမ်းကြလိမ့်မည်။’” (ဟေရှာယ ၆၅:၁၃၊ ၁၄) ယေဟောဝါသည် ကိုယ်တော်၏ သစ္စာရှိ ကျေးကျွန်များကို ကောင်းချီးပေးတော်မူမည်။ သူတို့သည် ရွှင်လန်းဝမ်းမြောက်မှု အပြည့်ဖြင့် ဝမ်းမြောက်စွာ ကြွေးကြော်ကြလိမ့်မည်။ စားခြင်း၊ သောက်ခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်းဟူသော အသုံးအနှုန်းများက ယေဟောဝါသည် မိမိအား ဝတ်ပြုကိုးကွယ်သူများ၏ လိုအပ်ရာများကို အလျှံပယ် ဖြည့်ဆည်းပေးမည်ကို ထင်ရှားပြသည်။ ဆန့်ကျင်ဘက်အနေနှင့် ယေဟောဝါအား စွန့်ပစ်ဖို့ ရွေးချယ်သူများသည် ဝိညာဉ်ရေးအရ ဆာလောင်မွတ်သိပ်ကြမည်။ သူတို့၏ လိုအပ်ချက်များ ပြည့်ဝမည် မဟုတ်ပါ။ သူတို့အပေါ် ဝမ်းနည်းမှုနှင့် ဘေးအန္တရာယ်များ ကျရောက်မည် ဖြစ်သောကြောင့် သူတို့သည် ငိုကြွေး၊ မြည်တမ်းကြမည်။
၁၇။ ယနေ့ ဘုရားသခင့် လူမျိုးတော်သည် အဘယ်ကြောင့် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ရန် အကြောင်းကောင်း ရှိသနည်း။
၁၇ ယေဟောဝါ၏ မိန့်တော်မူချက်များက ယနေ့အချိန်တွင် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ပါသည်ဟု ပြောရုံမျှသာ ပြုသောသူများ၏ ဝိညာဉ်ရေး အခြေအနေကို ကောင်းစွာ ဖော်ပြသည်။ ခရစ်ယာန်ဘောင်ရှိ သန်းပေါင်းများစွာသောသူတို့သည် စိတ်ဓာတ်ကျ၊ ကြေကွဲနေကြသော်လည်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြသည်။ သူတို့၌ ရွှင်လန်းဝမ်းမြောက်ရန် အကြောင်းကောင်း ရှိသည်။ သူတို့သည် ဝိညာဉ်အစာကို ကောင်းစွာ စားသောက်ရကြသည်။ ယေဟောဝါသည် သူတို့အတွက် ကျမ်းစာအခြေပြု စာပေများ၊ ခရစ်ယာန် အစည်းအဝေးများအားဖြင့် ဝိညာဉ်အစာကို အလျှံပယ် ပြင်ဆင်ပေးသည်။ အမှန်ပင်၊ သမ္မာကျမ်းစာမှ တည်ဆောက်မှု ပေးသော အမှန်တရားနှင့် နှစ်သိမ့်မှု ပေးသော ကတိတော်များသည် ကျွန်ုပ်တို့ကို “ရွှင်လန်းသောစိတ်” ဖြစ်စေသည်!
၁၈။ ယေဟောဝါအား စွန့်ပစ်သူများ၏ အဘယ်အရာ ကျန်ရစ်မည်နည်း၊ ကျိန်ဆိုချက်တွင် သူတို့၏ အမည်ကို အသုံးပြုခြင်းဟူသည် အဘယ်အရာကို ဆိုလိုခြင်း ဖြစ်နိုင်သနည်း။
၁၈ ယေဟောဝါသည် မိမိအား စွန့်ပစ်သူများကို ဤသို့ ဆက်၍ မိန့်တော်မူ၏– “သင်တို့သည် ကိုယ်နာမကို ငါရွေးကောက်သောသူတို့၌ ကျိန်ဆဲဖို့ရာ ကျန်ရစ်စေကြလိမ့်မည်။ အရှင်ထာဝရဘုရားသည် သင်တို့ကို ကွပ်မျက်၍ ကိုယ်တော်၏ ကျွန်တို့ကို အခြားသော နာမဖြင့် မှည့်တော်မူမည်။ မြေကြီးပေါ်မှာ မိမိကို မိမိ ကောင်းချီးပေးသောသူသည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်မှာ ကျိန်ဆိုသောသူသည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကြောင်းမူကား အရင် အမှုတို့ကို မေ့လျော့ရ၏။ ငါ့မျက်မှောက်၌ ကွယ်ပျောက်လျက် ရှိကြ၏။” (ဟေရှာယ ၆၅:၁၅၊ ၁၆) ယေဟောဝါအား စွန့်ပစ်သူများ၏ ကျန်ရစ်ရာမှာ သူတို့၏ နာမည်မျှသာ ဖြစ်ပြီး ယင်းကို ကျိန်ဆိုရန် သို့မဟုတ် ကျိန်ဆဲရန်အတွက်သာ အသုံးပြုမည် ဖြစ်သည်။ ထုံးစံနှင့်အညီ ကျိန်ဆိုရန် စိတ်ဆန္ဒရှိသူများမူကား ‘အကယ်၍ ကျွန်ုပ်သည် ဤကတိမတည်ခဲ့လျှင် ထိုအယူဖောက်ပြန်သူများ ခံစားခဲ့ရသော အပြစ်ဒဏ်ကို ခံရပါစေ’ ဟူ၍ ပြောဆိုခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်နိုင်သည်။ လူဆိုးများအား ဘုရားသခင် အပြစ်ပေးခြင်းကို ပုံဆောင်သည့် သောဒုံနှင့် ဂေါမောရကဲ့သို့ သူတို့၏ အမည်များကို ပုံပမာအနေနှင့် အသုံးပြုခံရမည်ဟုပင် ဆိုလိုနိုင်သည်။
၁၉။ ဘုရားသခင့် ကျေးကျွန်များသည် အခြားသော နာမည်ဖြင့် မည်သို့ မှည့်ခေါ်ခံရမည်နည်း၊ သူတို့သည် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်စိတ်ချကြမည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၁၉ ဘုရားသခင့် ကျေးကျွန်များ၏ ဝေစုနှင့် ကွာခြားလိုက်လေခြင်း! ဘုရားသခင့် ကျေးကျွန်များသည် အခြားသော နာမည်ဖြင့် မှည့်ခေါ်ခံရမည်။ ယင်းက သူတို့၏ ပြည်တော်တွင် ခံစားရမည့် ကောင်းချီးအခြေအနေနှင့် ဂုဏ်အသရေကို ဖော်ပြသည်။ သူတို့သည် မည်သည့် မှောက်မှားသော ဘုရားများထံမှ ကောင်းချီး ရှာကြံမည် မဟုတ်ပါ၊ သက်မဲ့ရုပ်ပုံများကို တိုင်တည်ကျိန်ဆိုမည်လည်း မဟုတ်ပါ။ ယင်းအစား သူတို့သည် မိမိကိုယ်ကို ကောင်းချီးပေးသောအခါ သို့မဟုတ် ကျိန်ဆိုရာတွင် သစ္စာစောင့်တော်မူသော ဘုရားသခင်ကို အမှီပြု တိုင်တည်၍ ပြုလုပ်ကြမည်။ (ဟေရှာယ ၆၅:၁၆) ဘုရားသခင်သည် မိမိ ကတိပြုထားသည့်အတိုင်း ပြည့်စုံစေကြောင်း သက်သေပြပြီး ဖြစ်မည် ဖြစ်သောကြောင့် ပြည်တော်ရှိ ပြည်သူပြည်သားများသည် ဘုရားသခင်ကို လုံးဝ ယုံကြည်စိတ်ချရန် အကြောင်းရင်း ရှိမည်။c သူတို့၏ ပြည်တော်၌ လုံခြုံနေသောကြောင့် ဂျူးတို့သည် မကြာမီပင် ယခင် ဒုက္ခဆင်းရဲတို့ကို မေ့လျော့သွားကြမည်။
“မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်”
၂၀။ ယေဟောဝါ၏ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကတိတော်သည် ဘီ.စီ.အီး. ၅၃၇ တွင် မည်သို့ ပြည့်စုံခဲ့သနည်း။
၂၀ ယခု ယေဟောဝါသည် နောင်တရသော အကြွင်းအကျန် ဗာဗုလုန် ပြည်နှင်ခံဘဝမှ ပြန်လာပြီးနောက်ပိုင်းအထိ ကိုယ်တော်၏ ကတိတော်ကို တိုးချဲ့ဖော်ပြတော်မူ၏။ ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့မိန့်တော်မူ၏– “ကြည့်ရှုလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီး [“ဖြစ်ဖူးသောအရာများ၊” သမ္မာ] ကို မအောက်မေ့ရ။ နှလုံး မမှတ်မိရ။” (ဟေရှာယ ၆၅:၁၇) ယေဟောဝါ၏ ပြန်လည်တည်ထောင်ခြင်း ကတိတော်သည် အမှန် ပြည့်စုံလာမည်၊ ထို့ကြောင့် အနာဂတ် ပြန်လည်တည်ထောင်ခြင်းအကြောင်းကို ဖြစ်ပြီးသောအရာကဲ့သို့ ကိုယ်တော် ဖော်ပြတော်မူ၏။ ဤပရောဖက်ပြုချက်သည် ဂျူးအကြွင်းအကျန် ယေရုရှလင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ချိန် ဘီ.စီ.အီး. ၅၃၇ တွင် ဦးဆုံး ပြည့်စုံခဲ့သည်။ ထိုအချိန်က “ကောင်းကင်သစ်” ကို မည်သို့ ဖွဲ့စည်းခဲ့သနည်း။ ယဇ်ပုရောဟိတ်မင်းကြီး ယောရှု ထောက်မခဲ့သည့် ယေရုရှလင်မြို့တွင် ဗဟိုပြုသော ဇေရုဗဗေလ၏ ဘုရင်ခံ အုပ်ချုပ်မှု ဖြစ်သည်။ ထိုအုပ်ချုပ်မှုကို လက်အောက်ခံပြီး ပြည်တော်တွင် စင်ကြယ်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန် အထောက်အကူပြုခဲ့ကြသည့် သန့်စင်သော လူ့ဘောင်၊ “မြေကြီးသစ်” သည် ပြည်တော်ပြန် ဂျူးအကြွင်းအကျန်ဖြင့် ဖွဲ့စည်းထားသည်။ (ဧဇရ ၅:၁၊ ၂) ထိုပြန်လည်တည်ထောင်ခြင်းမှ ရသည့် ရွှင်လန်းမှုသည် ယခင် ခံစားခဲ့ရသော ဒုက္ခဆင်းရဲများကို ဖုံးလွှမ်းသွားပြီး ယခင်က ဘေးဒုက္ခများကို စိတ်ထဲ၌ပင် သတိမရခဲ့ကြပါ။—ဆာလံ ၁၂၆:၁၊ ၂။
၂၁။ ၁၉၁၄ ခုနှစ်တွင် အဘယ် ကောင်းကင်သစ် တည်ရှိလာသနည်း။
၂၁ သို့ရာတွင် ပေတရုက ဟေရှာယ ပရောဖက်ပြုချက်ကို ပဲ့တင်ထပ်ကာ အနာဂတ်တွင် ပြည့်စုံရန် ရှိကြောင်း ဖော်ပြခဲ့သည်ကို သတိရပါ။ တမန်တော်က ဤသို့ ရေးသားခဲ့၏– “ယခု ရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရား တည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ၁၉၁၄ ခုနှစ်တွင် ကြာရှည်စွာ စောင့်မျှော်ခဲ့ရသော ကောင်းကင်သစ် တည်ရှိလာခဲ့သည်။ ထိုနှစ်တွင် ဖွားမြင်ခဲ့သော မေရှိယ နိုင်ငံတော်သည် ကောင်းကင်ကိုယ်နှိုက်မှ အုပ်ချုပ်ပြီး ယေဟောဝါသည် မြေကြီးတစ်ပြင်လုံးကို အုပ်ချုပ်ရန် အာဏာ အပ်နှင်းတော်မူခဲ့သည်။ (ဆာလံ ၂:၆-၈) ခရစ်တော်နှင့် ကိုယ်တော်၏ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ လက်အောက်ရှိ နိုင်ငံတော် အစိုးရသည် ကောင်းကင်သစ် ဖြစ်သည်။—ဗျာဒိတ် ၁၄:၁။
၂၂။ မြေကြီးသစ်ကို မည်သူတို့ဖြင့် ဖွဲ့စည်းမည်နည်း၊ ထိုအစီအစဉ်၏ အခြေခံ အုတ်မြစ် ဖြစ်လာရန် ယခုအချိန်တွင်ပင် လူများကို မည်သို့ ပြင်ဆင်နေသနည်း။
၂၂ မြေကြီးသစ်နှင့်ပတ်သက်၍ကော အသို့နည်း။ ရှေးပြည့်စုံချက်ပုံစံအတိုင်း မြေကြီးသစ်ဟူသည် ကောင်းကင်ဆိုင်ရာ အစိုးရသစ်၏ အုပ်ချုပ်မှုကို ဝမ်းမြောက်စွာ လက်အောက်ခံကြသော လူသားများဖြင့် ဖွဲ့စည်းထားမည် ဖြစ်သည်။ ယခုအချိန်တွင်ပင် သန်းနှင့်ချီသော စိတ်ထားမှန်ရှိသူများသည် ထိုအစိုးရကို လက်အောက်ခံကြပြီး သမ္မာကျမ်းစာတွင် တွေ့ရသည့် ပညတ်များကို လိုက်လျှောက်ရန် ကြိုးစားကြသည်။ ထိုသူတို့သည် လူအမျိုးမျိုး၊ ဘာသာစကားမျိုးစုံ၊ အနွယ်အသီးသီးမှ လာကြသူများ ဖြစ်ပြီး အုပ်ချုပ်လျက်ရှိသော ဘုရင် ယေရှုခရစ်တော်၏ အမှုတော်ကို အတူတကွ ဆောင်ရွက်ကြသည်။ (မိက္ခာ ၄:၁-၄) လက်ရှိ ဆိုးသွမ်းသော အစီအစဉ်စနစ် ပျောက်ကွယ်သွားပြီးနောက် ဤအုပ်စုသည် မြေကြီးသစ်၏ အခြေခံ အုတ်မြစ် ဖြစ်မည် ဖြစ်ကာ နောက်ဆုံးတွင် ဘုရားသခင့် နိုင်ငံတော်၏ မြေကြီးနယ်ပယ်ကို အမွေခံရသော ဘုရားသခင်ကို ကြောက်ရွံ့သည့် ကမ္ဘာချီ လူ့ဘောင်အဖွဲ့အစည်းကြီး ဖြစ်လာမည်။—မဿဲ ၂၅:၃၄။
၂၃။ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” အကြောင်းနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းတွင် အဘယ်အချက်ကို တွေ့ရှိရသနည်း၊ ဤပရောဖက်ပြုချက်သည် မည်သို့ ပြည့်စုံမည်နည်း။
၂၃ ဗျာဒိတ်ကျမ်းတွင် တမန်တော် ယောဟန် မြင်တွေ့ခဲ့ရသော ရူပါရုံတစ်ခုကို ဖော်ပြထားသည်၊ ၎င်းမှာ ဤအစီအစဉ်စနစ်ကို ဖယ်ရှားမည့် ရောက်ရှိလာတော့မည့် ယေဟောဝါ၏ နေ့အကြောင်း ဖြစ်သည်။ ၎င်းနောက် စာတန်သည် တွင်းနက်ကြီးထဲ ပစ်ချခံရမည်။ (ဗျာဒိတ် ၁၉:၁၁–၂၀:၃) ထိုသို့ဖော်ပြပြီးနောက် ယောဟန်သည် ဟေရှာယ၏ ပရောဖက်ပြုချက်စကားများကို ပဲ့တင်ထပ်ကာ ဤသို့ ရေး၏– “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။” ဘုန်းကျက်သရေ ရှိသော ဤရူပါရုံမှတ်တမ်း၏ နောက်ဆက်တွဲ ဖော်ပြပါ အခန်းငယ်များ၌ ယေဟောဝါ ဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို ပို၍ ကောင်းသော အခြေအနေသို့ ပြောင်းလဲမှုကြီး ပြုလုပ်တော်မူမည့်အချိန်အကြောင်း ဖော်ပြသည်။ (ဗျာဒိတ် ၂၁:၁၊ ၃-၅) ရှင်းနေသည်မှာ ဟေရှာယကျမ်းပါ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုင်ရာ မျှော်လင့်ချက် အလားအလာသည် ဘုရားသခင့် ကမ္ဘာသစ်တွင် ကြီးကျယ်ခမ်းနားစွာ ပြည့်စုံမည်! ကောင်းကင်အစိုးရသစ် လက်အောက်တွင် မြေကြီးသစ် လူ့ဘောင်အဖွဲ့အစည်းသည် ဝိညာဏသဘောအရရော ပကတိအနေနှင့်ပါ ဖြစ်သော ပရဒိသုကို ခံစားပျော်မွေ့ကြမည်။ “အရင် ဖြစ်ဖူးသောအရာများ [ဖျားနာခြင်း၊ ဆင်းရဲခြင်းနှင့် လူသားများ ကြုံတွေ့ခံရသည့် အခြားအမင်္ဂလာများ] ကို မအောက်မေ့ရ။ နှလုံး မမှတ်မိရ။” ထိုအချိန်တွင် ကျွန်ုပ်တို့ သတိရနိုင်သည့် မည်သည့်အရာမဆိုသည် ယခုအချိန်၌ လူများစွာ၏ စိတ်နှလုံးကို ဝန်လေးပင်ပန်းစေသကဲ့သို့ ကျွန်ုပ်တို့ကို စိတ်နာကြည်း၊ နာကျင်မှု ဖြစ်စေမည် မဟုတ်ပါ။
၂၄။ ယေဟောဝါသည် ယေရုရှလင်မြို့ ပြန်လည်တည်ထောင်ခြင်းအတွက် အဘယ်ကြောင့် ရွှင်လန်းဝမ်းမြောက်တော်မူသနည်း၊ ထိုမြို့ရှိ လမ်းများပေါ်တွင် အဘယ်အသံများကို ကြားရတော့မည် မဟုတ်သနည်း။
၂၄ ဟေရှာယ ပရောဖက်ပြုချက်သည် ဤသို့ ဆက်၍ ဖော်ပြ၏– “ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။ ငါသည်လည်း ယေရုရှလင်မြို့ကြောင့် ဝမ်းမြောက်မည်။ ငါ၏ လူတို့ကြောင့် ရွှင်လန်းမည်။ ထိုမြို့၌ ငိုကြွေးသံနှင့် အော်ဟစ်သံကို နောက်တစ်ဖန် မကြားရ။” (ဟေရှာယ ၆၅:၁၈၊ ၁၉) ပြည်တော်သို့ ပြန်လည်စုသိမ်းခံရခြင်းကြောင့် ဂျူးလူမျိုးများသာ ရွှင်လန်းဝမ်းမြောက်သည် မဟုတ်ဘဲ ဘုရားသခင် ကိုယ်တော်တိုင်လည်း ရွှင်လန်းတော်မူမည်၊ အကြောင်းမှာ ကိုယ်တော်သည် ယေရုရှလင်မြို့ကို ကျက်သရေ တင့်တယ်စေမည်—မြေကြီးပေါ်တွင် စစ်မှန်သော ဝတ်ပြုရေး၏ ဗဟို တစ်ဖန် ပြန်လည်ဖြစ်လာမည်တည်း။ အစောပိုင်း ဆယ်စုနှစ်များက ထိုမြို့၏ လမ်းများပေါ်တွင် ကြားခဲ့ရသော ဘေးအန္တရာယ်ကြောင့် ငိုကြွေးသံများကို ကြားရတော့မည် မဟုတ်ပါ။
၂၅၊ ၂၆။ (က) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် ယေရုရှလင်မြို့ကို “ဝမ်းမြောက်စရာအကြောင်း” မည်သို့ ဖြစ်စေသနည်း။ (ခ) ယေဟောဝါသည် ယေရုရှလင်မြို့သစ်ကို မည်သို့ အသုံးပြုမည်နည်း၊ ယနေ့ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ရွှင်လန်းဝမ်းမြောက်နိုင်သနည်း။
၂၅ ယနေ့လည်း ယေဟောဝါသည် ယေရုရှလင်မြို့ကို “ဝမ်းမြောက်စရာအကြောင်း” ဖြစ်စေတော်မူ၏။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့ တွေ့ခဲ့ပြီးသည့်အတိုင်း ၁၉၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကောင်းကင်သစ်သည် နောက်ဆုံးတွင် ကောင်းကင်အစိုးရ၌ ပါဝင်ရသည့် တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ရှိလာမည်။ ထိုသူတို့ကို ပရောဖက်ပြုချက်၌ “ယေရုရှလင်မြို့သစ်” ဟု ဖော်ပြထားသည်။ (ဗျာဒိတ် ၂၁:၂) ယေရုရှလင်မြို့သစ်နှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ယေရုရှလင်မြို့ကို ဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်း ဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။” နာခံမှု ရှိသော လူသားများအား များပြားလှသော ကောင်းချီးများ သွန်းလောင်းပေးရန် ယေရုရှလင်မြို့သစ်ကို ဘုရားသခင် အသုံးပြုတော်မူမည်။ ယေဟောဝါသည် “[ကျွန်ုပ်တို့၏] စိတ်နှလုံးအလို” ကို ပြည့်စုံစေမည် ဖြစ်သောကြောင့် ငိုကြွေးသံ သို့မဟုတ် နာကျင်၍ ညည်းတွားသံများကို ကြားရတော့မည် မဟုတ်ပါ။—ဆာလံ ၃၇:၃၊ ၄။
၂၆ အမှန်ပင်၊ ယနေ့ ကျွန်ုပ်တို့တွင် ရွှင်လန်းဝမ်းမြောက်ရန် အကြောင်းရင်းများစွာ ရှိသည်! မကြာမီ ယေဟောဝါသည် ဆန့်ကျင်သူအားလုံးကို ဖျက်ဆီးခြင်းဖြင့် ကိုယ်တော်၏ ထူးမြတ်သော နာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်။ (ဆာလံ ၈၃:၁၇၊ ၁၈) ထိုအခါတွင် ကောင်းကင်သစ်သည် လုံးလုံးလျားလျား ထိန်းချုပ်မည်။ ၎င်းတို့သည် ရွှင်လန်းဝမ်းမြောက်ရန်နှင့် ဘုရားသခင် ဖန်ဆင်းတော်မူသောအရာများ၌ ထာဝရ ရွှင်လန်းရန် ထူးမြတ်သော အကြောင်းရင်းများပါတကား!
လုံခြုံစိတ်ချရသော အနာဂတ်ဆိုင်ရာ ကတိတော်
၂၇။ ပြည်တော်ပြန် ဂျူးများသည် သူတို့၏ ပြည်တွင် ပျော်မွေ့ကြရမည့် လုံခြုံမှုကို ဟေရှာယ မည်သို့ ဖော်ပြသနည်း။
၂၇ ဦးဆုံး ပြည့်စုံချက်တွင် ကောင်းကင်သစ်လက်အောက်ရှိ ပြည်တော်ပြန် ဂျူးများ၏ အသက်တာသည် မည်သို့ ရှိမည်နည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ထိုမြို့၌ အသက်ငယ်သော သူငယ် မရှိရ။ အသက် မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာ ရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာ ရှိလျက် သေလျှင် ကျိန်ခြင်းကို ခံရသောသူဟူ၍ မှတ်ရ၏။” (ဟေရှာယ ၆၅:၂၀) ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ပြည်တော်ပြန်လာကြသော ပြည်နှင်ခံများ ခံစားပျော်မွေ့ကြရမည့် လုံခြုံမှုဆိုင်ရာ အလွန် နှစ်လိုဖွယ် ပုံဖော်ချက်ပင်! ရက်သားအရွယ်သာ ရှိသေးသော မွေးခါစကလေး အချိန်မတန် သေဆုံးခြင်းအကြောင်း ပြောဆိုကြတော့မည် မဟုတ်ပါ။ သက်တမ်းပြည့် မနေရသော အသက်ကြီးသူတစ်ဦး အချိန်မတန် သေဆုံးတော့မည် မဟုတ်ပါ။d ဟေရှာယ၏ စကားများသည် ယုဒပြည်သို့ ပြန်လာကြမည့် ဂျူးလူမျိုးအတွက် စိတ်အားတက်ဖွယ်ပါတကား! သူတို့၏ ပြည်တွင် လုံခြုံမှု ရှိကာ ရန်သူများက သူတို့၏ ကလေးများကို ခေါ်ဆောင်သွားမည် သို့မဟုတ် သူတို့၏ လူများကို သတ်ဖြတ်သွားမည်ဟု စိုးရိမ်စရာ မလိုပါ။
၂၈။ ယေဟောဝါ၏ နိုင်ငံတော်အောက်ရှိ ကမ္ဘာသစ် အသက်တာနှင့်ပတ်သက်၍ ကိုယ်တော်၏ မိန့်တော်မူချက်များမှ အဘယ်အရာ သိရှိရသနည်း။
၂၈ ယေဟောဝါ၏ မိန့်တော်မူချက်များသည် လာမည့် ကမ္ဘာသစ် အသက်တာအကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာ ပြောပြသနည်း။ ဘုရားသခင့် နိုင်ငံတော်အောက်တွင် ကလေးငယ်တိုင်း လုံခြုံမှု ရှိသောအနာဂတ်ကို ပိုင်ဆိုင်ရမည့် အလားအလာ ရှိမည်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူတစ်ဦးသည် အရွယ်ကောင်းအချိန်တွင် ဘယ်တော့မျှ သေဆုံးတော့မည် မဟုတ်ပါ။ ယင်းနှင့် ဆန့်ကျင်လျက် နာခံမှု ရှိသော လူသားများသည် ဘေးကင်းလုံခြုံပြီး ဘဝကို ပျော်မွေ့ကြမည်။ ဘုရားသခင်ကို ပုန်ကန်ရန် ရွေးချယ်သူမည်သူမဆိုနှင့် ပတ်သက်၍ကော အသို့နည်း။ ထိုသို့သောသူများသည် အသက်ရှင်ခြင်း အခွင့်ထူး ဆုံးရှုံးသွားမည်။ ပုန်ကန်သော အပြစ်သားသည် “အသက် တစ်ရာ ရှိ” လျှင်ပင် သေဆုံးသွားမည်။ သူ ရရှိနိုင်သော အဆုံးမဲ့ အသက်တာနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူသည် “သူငယ်” မျှသာ ရှိပေမည်။
၂၉။ (က) နာခံမှု ရှိသော ဘုရားသခင့် လူတို့သည် ပြန်လည်တည်ထောင်ထားသော ယုဒပြည်တွင် အဘယ်ရွှင်လန်းမှုကို ခံစားရကြမည်နည်း။ (ခ) အသက်တာ ရှည်ခြင်းကို ဖော်ပြရာတွင် သစ်ပင်များသည် အဘယ်ကြောင့် သင့်လျော်သော ပုံဥပမာ ဖြစ်သနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၂၉ ယေဟောဝါသည် ပြန်လည်တည်ထောင်ထားသော ယုဒပြည်တွင် ခံစားရမည့် အခြေအနေနှင့်ပတ်သက်၍ ဖော်ပြချက်ကို ဤသို့ ဆက်ဆို၏– “ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သော စပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကို ဆောက်၍ အခြားသောသူ နေရမည် မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကို စိုက်၍ အခြားသောသူ စားရမည် မဟုတ်။ ငါ၏ လူတို့အသက်သည် သစ်ပင်၏ အသက်ကဲ့သို့ ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) ပျက်စီးဆိတ်သုဉ်းနေပြီး အိမ်မရှိ၊ စပျစ်ဥယျာဉ် မရှိသော ယုဒပြည်သို့ ပြန်လာကြပြီးနောက် နာခံမှု ရှိသော ဘုရားသခင့်လူတို့သည် ကိုယ်ပိုင်အိမ်တွင် နေထိုင်ရပြီး ကိုယ်ပိုင်စပျစ်ဥယျာဉ်၏ အသီးကို စားရ၍ ရွှင်လန်းကြမည်။ ဘုရားသခင်သည် သူတို့၏ အလုပ်ကို ကောင်းချီးပေးတော်မူပြီး သစ်ပင်၏ အသက်ကဲ့သို့ ရှည်သော အသက်နှင့် သူတို့လုပ်ဆောင်မှု၏ အကျိုးကျေးဇူးကို ခံစားရကြမည်။e
၃၀။ ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် အဘယ်ဝမ်းမြောက်ဖွယ် အခြေအနေကို ခံစားပျော်မွေ့ကြသနည်း၊ ကမ္ဘာသစ်တွင် အဘယ်အရာကို ခံစားပျော်မွေ့ကြမည်နည်း။
၃၀ ကျွန်ုပ်တို့ခေတ်တွင် ဤပရောဖက်ပြုချက် ပြည့်စုံချက် ရှိခဲ့သည်။ ယေဟောဝါ၏ လူများသည် ၁၉၁၉ ခုနှစ်တွင် ဝိညာဏ သုံ့ပန်းဘဝမှ လွတ်မြောက်လာခဲ့ကြပြီး သူတို့၏ “ပြည်တော်” သို့မဟုတ် လှုပ်ရှားဆောင်ရွက်၊ ဝတ်ပြုကိုးကွယ်ရာ နယ်ပယ်ကို ပြန်လည်တည်ထောင်ခဲ့ကြသည်။ သူတို့သည် အသင်းတော်များကို တည်ထောင်ခဲ့ကြပြီး ဝိညာဏအသီးများကို သီးပွင့်ခဲ့ကြသည်။ ရလဒ်အနေနှင့် ယခုအချိန်၌ပင် ယေဟောဝါ၏ လူမျိုးတော်သည် ဝိညာဏ ပရဒိသုနှင့် ဘုရားပေး ငြိမ်သက်ခြင်းကို မွေ့လျော်ခံစားနေကြသည်။ ထိုကဲ့သို့သော ငြိမ်သက်ခြင်းသည် ပကတိ ပရဒိသုအထိ ဆက်သွားမည်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ ယေဟောဝါသည် ကမ္ဘာသစ်တွင် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူ၊ စိတ်စေတနာ ပြည့်ဝသော နှလုံးသားရှိသူများ၏ အစွမ်းခွန်အားဖြင့် အဘယ်အရာများ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို ကျွန်ုပ်တို့ အတိအကျ မှန်းဆ၍ မရနိုင်ပါ။ ကိုယ်ပိုင်အိမ် ဆောက်ပြီး ယင်းတွင် နေထိုင်ရမည့်အဖြစ်သည် ရွှင်လန်းစေသည်! နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် စိတ်ကျေနပ်ဖွယ် အလုပ်များ ရှိမည်။ ကိုယ်တိုင် လုပ်ဆောင်၍ ရသော အသီးအပွင့်များအတွက် အမြဲ “ပျော်မွေ့” ရခြင်းသည် ဆုကျေးဇူးပါတကား! (ဒေသနာ ၃:၁၃) ကျွန်ုပ်တို့လက်ဖြင့် လုပ်ဆောင်ရသော အမှုတွင် အပြည့်အဝ ပျော်မွေ့ရန် အချိန်များစွာ ရှိပါမည်လော။ အမှန် ရှိမည်! သစ္စာရှိ လူသားများ၏ မကုန်ဆုံးသော အသက်တာသည် “သစ်ပင်၏ အသက်ကဲ့သို့”—အနှစ်ထောင်ချီမက အသက်ရှင်မည်!
၃၁၊ ၃၂။ (က) ပြည်တော်ပြန်လာကြသော ပြည်နှင်ခံများသည် အဘယ် ကောင်းချီးများကို ခံစားရကြမည်နည်း။ (ခ) သစ္စာရှိ လူသားများအတွက် ကမ္ဘာသစ်တွင် အဘယ် အလားအလာ ရှိသနည်း။
၃၁ ပြည်တော်ပြန်လာသော ပြည်နှင်ခံများအတွက် စောင့်ကြိုနေသည့် ထပ်ဆင့် ကောင်းချီးများကို ယေဟောဝါ ဤသို့ ဖော်ပြ၏– “သူတို့သည် အချည်းနှီး မလုပ်ဆောင်ရကြ။ ရုတ်တရက် သင့်သော ဘေးဥပဒ်အဖို့ သားသမီး မဖွားမြင်ရကြ။ ထာဝရဘုရား ပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသော အမျိုးအနွယ် ဖြစ်လျက်၊ သားသမီးတို့လည်း သူတို့နှင့်အတူ တည်မြဲကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၃၊ သမ္မာ) ထိုပြည်တော်ပြန် ဂျူးများသည် ယေဟောဝါ၏ ကောင်းချီး ခံစားရမည် ဖြစ်သောကြောင့် အချည်းနှီး လုပ်ဆောင်ရမည် မဟုတ်ပါ။ မိဘများသည် အချိန်မတန်ဘဲ သေဘေးသင့်စေရန်အတွက်သာ သားသမီးများကို မွေးဖွားမည် မဟုတ်ပါ။ ပြန်လည်တည်ထောင်ခြင်း ကောင်းချီးများကို ယခင် ပြည်နှင်ခံရသူများသာ ခံစားရမည် မဟုတ်ပါ၊ သူတို့၏ သားမြေးများလည်း သူတို့နှင့်အတူ ရှိကြမည်။ ဘုရားသခင်သည် မိမိလူမျိုးတော်၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် မည်မျှ စိတ်အားထက်သန်သနည်းဟူမူ ဤသို့ ကတိပြုတော်မူ၏– “ငါသည် သူတို့ မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။”—ဟေရှာယ ၆၅:၂၄။
၃၂ ယေဟောဝါသည် ဤကတိတော်ကို လာမည့် ကမ္ဘာသစ်တွင် မည်သို့ ပြည့်စုံစေမည်နည်း။ ကျွန်ုပ်တို့ စောင့်ကြည့်ရပေမည်။ ယေဟောဝါသည် အသေးစိတ်အားလုံးကို မဖော်ပြသေးသော်လည်း သစ္စာရှိလူသားများသည် ဘယ်တော့မျှ “အချည်းနှီး မလုပ်မဆောင်ရ” မည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ အာမဂေဒုန်ကို ကပ်ကျော်သူ လူအုပ်ကြီးနှင့် သူတို့မှ မွေးဖွားမည့် သားသမီးများသည် အလွန် ရှည်သော အသက်၊ ကျေနပ်နှစ်သိမ့်ဖွယ် အသက်တာ—ထာဝရအသက် အလားအလာကို ပိုင်ဆိုင်ရကြမည်! ရှင်ပြန်ထမြောက်လာကြပြီး ဘုရားသခင့် စံနှုန်းများနှင့်အညီ နေထိုင်ရန် ရွေးချယ်သူများသည်လည်း ကမ္ဘာသစ်တွင် ရွှင်လန်းမှု ရှာတွေ့မည်။ ယေဟောဝါသည် သူတို့၏ လိုအပ်ရာများကို ကြားတော်မူပြီး တုံ့ပြန်တော်မူမည်၊ ကြို၍ပင် မြင်ပြီး ဖြည့်ဆည်းပေးမည်။ အမှန်ပင်၊ ယေဟောဝါသည် လက်တော်ကို ဖွင့်၍ “အသက်ရှင်သော သတ္တဝါအပေါင်းတို့” ၏ လျောက်ပတ်သော စိတ်ဆန္ဒကို ရောင့်ရဲကျေနပ်စေတော်မူမည်။—ဆာလံ ၁၄၅:၁၆။
၃၃။ ဂျူးလူမျိုးတို့ ပြည်တော်ပြန်ချိန်တွင် အဘယ်သဘောဖြင့် တိရစ္ဆာန်များနှင့် ငြိမ်သက်မှု ရှိမည်နည်း။
၃၃ ကတိပြုထားသော ငြိမ်သက်မှုနှင့် လုံခြုံမှုသည် မည်မျှအထိ တာသွားမည်နည်း။ ပရောဖက်ပြုချက်၏ ဤအပိုင်းကို ယေဟောဝါ ဤသို့ နိဂုံးချုပ်တော်မူ၏– “‘တောခွေးနှင့် သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ မြွေမူကား မြေမှုန့်ကိုသာ စားရလိမ့်မည်။ ငါ၏ သန့်ရှင်းသောတောင် တစ်ပြင်လုံး၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ’ ဟု ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၆၅:၂၅) သစ္စာရှိဂျူး အကြွင်းအကျန် ပြည်တော်ပြန်ချိန်တွင် သူတို့သည် ယေဟောဝါ၏ စောင့်ရှောက်မှုအောက်တွင် ရှိမည်။ ခြင်္သေ့သည် ဂျူးလူမျိုးတို့နှင့် သူတို့၏ အိမ်မွေးတိရစ္ဆာန်များကို အန္တရာယ်ပြုမည် မဟုတ်သောကြောင့် ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားမည်။ “ထာဝရဘုရား မိန့်တော်မူ၏” ဟူသော စကားဖြင့် နိဂုံးချုပ်ထားသောကြောင့် ဤကတိတော်ကို ယုံကြည်စိတ်ချနိုင်သည်။ ထို့ပြင် ကိုယ်တော်၏ မိန့်တော်မူချက်များသည် အမြဲ ပြည့်စုံသည်!—ဟေရှာယ ၅၅:၁၀၊ ၁၁။
၃၄။ ယနေ့အချိန်နှင့် ကမ္ဘာသစ်တွင် ယေဟောဝါ မိန့်တော်မူချက်များ၏ အဘယ် စိတ်လှုပ်ရှားဖွယ် ပြည့်စုံချက် ရှိသနည်း။
၃၄ ယေဟောဝါ၏ မိန့်တော်မူချက်များသည် ယနေ့ စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများအလယ်တွင် ထူးခြားစွာ ပြည့်စုံနေသည်ကို တွေ့ရသည်။ ၁၉၁၉ ခုနှစ်မှစ၍ ဘုရားသခင်သည် ကိုယ်တော့် လူမျိုးတော်၏ ဝိညာဏ ပြည်တော်ကို ဝိညာဏ ပရဒိသုအဖြစ်သို့ ပြောင်းလဲပေးခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။ ဤဝိညာဏ ပရဒိသုသို့ လာကြသူများသည် သူတို့၏ အသက်တာတွင် ထူးခြားသော ပြောင်းလဲမှုများကို ပြုလုပ်ကြသည်။ (ဧဖက် ၄:၂၂-၂၄) ဘုရားသခင့် ဝိညာဉ်တော်၏ အကူအညီဖြင့် ယခင်က သားရဲကဲ့သို့ ဥပဓိရုပ် ရှိခဲ့သူများ—အချင်းချင်းအပေါ် အမြတ်ထုတ်၊ ကလိမ်ကျခဲ့သူများ—သည် နှစ်လိုဖွယ် မကောင်းသော အမူအကျင့်များကို ပြုပြင်ရာတွင် တဖြည်းဖြည်း တိုးတက်စေကြသည်။ ရလဒ်အနေနှင့် သူတို့သည် ယုံကြည်သူချင်းများနှင့်အတူ ငြိမ်သက်ခြင်းနှင့် စည်းလုံးသော ဝတ်ပြုရေးကို ခံစားရကြသည်။ ယခု ဝိညာဏ ပရဒိသုတွင် ယေဟောဝါ၏ လူမျိုး ခံစားရသော ကောင်းချီးများသည် လူသားအချင်းချင်းအကြားရှိ ငြိမ်သက်ခြင်းသည် တိရစ္ဆာန်များနှင့်ပင် ငြိမ်သက်ခြင်း ရှိသွားမည့် ပကတိ ပရဒိသုအထိ ခံစားသွားမည်။ ဘုရားသခင် သတ်မှတ်ထားသောအချိန်တွင် “မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဟူသော လူသားများအတွက် ကိုယ်တော်၏ ဤမူလရည်ရွယ်တော်မူချက်ကို လျောက်ပတ်စွာ ဆောင်ရွက်သွားကြမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—ကမ္ဘာဦး ၁:၂၈။
၃၅။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် “အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်း” စရာအကြောင်း ရှိသနည်း။
၃၅ “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို ဖန်ဆင်းမည်ဟူသော ယေဟောဝါ၏ ကတိတော်အတွက် ကျွန်ုပ်တို့ ကျေးဇူးတင်လေးမြတ်လှသည်! ထိုကတိတော်သည် ဘီ.စီ.အီး. ၅၃၇ တွင် ပြည့်စုံခဲ့ပြီး ဖြစ်ကာ ယနေ့အချိန်တွင် ဆက်လက်ပြည့်စုံနေသည်။ ဤပြည့်စုံချက် နှစ်ခုသည် နာခံမှု ရှိသော လူသားများအတွက် ဘုန်းအသရေရှိသော အနာဂတ်သို့ ညွှန်ပြသည်။ ယေဟောဝါအား ချစ်မြတ်နိုးသူများအတွက် ကိုယ်တော် သိုမှီးထားရာကို အကြို မြည်းစမ်းဖို့ ဟေရှာယ ပရောဖက်ပြုချက်အားဖြင့် ကျွန်ုပ်တို့အား ကြင်နာစွာ ဖော်ပြတော်မူ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏ ဤမိန့်တော်မူချက်ကို လိုက်နာရန် အကြောင်းရင်း ရှိ၏– “ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြ” လော့။—ဟေရှာယ ၆၅:၁၈။
[အောက်ခြေမှတ်ချက်များ]
a ထိုအပြစ်သားများသည် သင်္ချိုင်းမြေများတွင် လူသေများနှင့် ဆက်သွယ်မှု ရရန် ကြိုးစားနေကြခြင်း ဖြစ်သည်ဟု အများက ယူဆကြသည်။ သူတို့ ဝက်သား စားခြင်းဟူသည် ရုပ်တုကိုးကွယ်မှုနှင့် ဆယ်နွှယ်ခြင်း ဖြစ်နိုင်သည်။
b ဤအခန်းငယ်ကို အဓိပ္ပာယ် ဖွင့်ရာတွင် (စီ.အီး. လေးရာစုတွင် မွေးဖွားခဲ့သော) ကျမ်းစာဘာသာပြန်သူ ဂျရုမ်းက ရုပ်ပုံကိုးကွယ်သူများက သူတို့၏ သက္ကရာဇ်နှစ် နောက်ဆုံးလ၊ နောက်ဆုံးနေ့တွင် ကျင်းပကြသော ရှေးဓလေ့ထုံးစံတစ်ခု ဖြစ်သည်ဟု ဆို၏။ သူ ဤသို့ ရေးခဲ့၏– “သူတို့သည် လွန်ခဲ့သောနှစ် သို့မဟုတ် လာမည့် နှစ်တွင် ဖြစ်ထွန်းတိုးပွားဖို့အတွက် လာဘ်ကောင်းစေရန် အစားအစာ အမျိုးအမည်မျိုးစုံနှင့် စပျစ်ချိုဝိုင် ရောစပ်ထားသော ခွက်တစ်ခွက်ကို စားပွဲတစ်ခုပေါ်တွင် တည်ခင်းခဲ့ကြပေမည်။”
c ဟေဗြဲ မက်စိုရက်တစ် ကျမ်းစာမှ ဟေရှာယ ၆၅:၁၆ အရ ယေဟောဝါသည် “အာမင်၏ ဘုရားသခင်” ဖြစ်သည်။ “အာမင်” ဟူသည် “ပြည့်စုံပါစေ” သို့မဟုတ် “အမှန် ဖြစ်ပါစေ” ဟု အဓိပ္ပာယ်ရပြီး တစ်စုံတစ်ခု ပြည့်စုံလာရန် သို့မဟုတ် အမှန် ဖြစ်လာရန် အခိုင်အမာ ပြောဆို သို့မဟုတ် အာမခံချက် ဖြစ်သည်။ ကိုယ်တော်၏ ကတိတော်အားလုံးကို ပြည့်စုံစေခြင်းဖြင့် ယေဟောဝါ မိန့်တော်မူချက်သည် အမှန် ဖြစ်ကြောင်း ကိုယ်တော် ပြသတော်မူသည်။
d သမာကျမ်းတွင် ဟေရှာယ ၆၅:၂၀ ကို ဤသို့ ပြန်ဆိုထား၏– “ရက်သားသူငယ်သည်လည်းကောင်း၊ အသက်တမ်း မစေ့သော လူအိုသည်လည်းကောင်း မသေရ။”
e သစ်ပင်များသည် ခံနိုင်ရည် အရှိဆုံး သက်ရှိများအဖြစ် လူတို့ သိရှိထားကြရာ ယင်းတို့သည် အသက်တာရှည်ခြင်းကို ဖော်ပြရာတွင် သင့်လျော်သော ပုံဥပမာ ဖြစ်သည်။ ဥပမာ၊ သံလွင်ပင်တစ်ပင်သည် နှစ်ပေါင်း ရာနှင့်ချီ၍ အသီးသီးနိုင်ပြီး နှစ်ပေါင်းတစ်ထောင် အသက်ရှင်နိုင်သည်။