ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၉ စာ. ၅၀-၅၇
  • အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ယေဟောဝါအား ယုံကြည်ကိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ယေဟောဝါအား ယုံကြည်ကိုးစားပါ
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုံးဖြတ်ချက်တစ်ခုကို ချခြင်း
  • နိုင်ငံချင်း ဖြစ်သော စစ်ပွဲတစ်ခုမျှသာ မဟုတ်
  • ယေဟောဝါ၏ မေတ္တာပါသော အာမခံချက်များ
  • သံသယမှ မနာခံမှုသို့
  • ဧမာနွေလ နိမိတ်လက္ခဏာ
  • သစ္စာမဲ့ခြင်း၏ ထပ်ဆင့်အကျိုးဆက်များ
  • တိကျသော တင်ကူးဟောချက်များ
  • ဖျက်ဆီးခြင်း “ရေများ”
  • မကြောက်နှင့်—“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏!”
  • “ပုဗ္ဗနိမိတ်” နှင့် “အံ့ဖွယ်သောအရာ”
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မျက်မှောက်ခေတ်သတင်း ကြေညာသော ရှေးခေတ် ပရောဖက်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါသည် မိမိ၏လမ်းစဉ်ကို ကျွန်ုပ်တို့အားပြသရာ ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၉ စာ. ၅၀-၅၇

အခန်း ကိုး

အခက်အခဲ ရင်ဆိုင်ကြုံတွေ့ရချိန်တွင် ယေဟောဝါအား ယုံကြည်ကိုးစားပါ

ဟေရှာယ ၇:၁–၈:၁၈

၁။ ယနေ့ခရစ်ယာန်များသည် ဟေရှာယ အခန်းကြီး ၇ နှင့် ၈ ကို ဆန်းစစ်ခြင်းဖြင့် အဘယ်ကြောင့် အကျိုးရရှိမည်နည်း။

ဟေရှာယ အခန်းကြီး ၇ နှင့် ၈ တွင် ဆန့်ကျင်ဘက် ဖြစ်သော အကြောင်းအရာကို ဖော်ပြထားသည်။ ဟေရှာယနှင့် အာခတ် နှစ်ဦးစလုံးသည် ဘုရားသခင်အား ဆက်ကပ်အပ်နှံထားသော လူမျိုးတစ်မျိုးတည်းမှ ဖြစ်ကြသည်၊ နှစ်ဦးစလုံး ဘုရားပေး တာဝန်များ ရထားသည်၊ တစ်ဦးက ပရောဖက်၊ ကျန်တစ်ဦးက ယုဒပြည်၏ ဘုရင်၊ နှစ်ဦးစလုံးသည် ယုဒပြည်ကို အင်အားကြီး ရန်သူစစ်တပ်၏ ကျူးကျော်ခြိမ်းခြောက်မှုကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ဟေရှာယသည် ယေဟောဝါ၌ ယုံကြည်စိတ်ချမှုဖြင့် ခြိမ်းခြောက်မှုကို ရင်ဆိုင်ခဲ့ပြီး အာခတ်မှာမူ ကြောက်ရွံ့ခြင်း၌ ကျော့မိခဲ့သည်။ တုံ့ပြန်ပုံမှာ အဘယ်ကြောင့် မတူကြသနည်း။ ယနေ့ခရစ်ယာန်များသည်လည်း အလားတူ ရန်လိုသော အင်အားစုများ၏ ဝန်းရံမှု ခံနေရသောကြောင့် အဘယ်သင်ခန်းစာများ ပါရှိသည်ကို တွေ့ရှိရန် ထိုဟေရှာယ အခန်းကြီး နှစ်ခန်းကို ကောင်းစွာ ဆန်းစစ်ထိုက်ပေသည်။

ဆုံးဖြတ်ချက်တစ်ခုကို ချခြင်း

၂၊ ၃။ ဟေရှာယသည် မိမိ၏ အဖွင့်စကားများတွင် အဘယ်အရာကို အကျဉ်းချုပ် ဖော်ပြသနည်း။

၂ စုတ်ချက် အနည်းငယ်ဖြင့် ပန်းချီကားသစ် တစ်ချပ်ကို ပုံကြမ်း ဆွဲပြသော ပန်းချီဆရာတစ်ဦးနှယ် ဟေရှာယသည် သူပြောပြတော့မည့် အဖြစ်အပျက်၏ အစနှင့် အဆုံးကို အကြောင်းအရာ ကျယ်ကျယ် စကား နည်းနည်းဖြင့် သူ၏ မှတ်တမ်းကို ဤသို့ အစပြု၏– “ယုဒရှင်ဘုရင် သြဇိသား ဖြစ်သော ယောသံ၏ သား အာခတ်မင်းလက်ထက်၌ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလ ရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည် ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့သော်လည်း အကြံ မမြောက်နိုင်ကြ။”—ဟေရှာယ ၇:၁။

၃ အချိန်ကား ဘီ.စီ.အီး. ရှစ်ရာစုတွင် ဖြစ်သည်။ အာခတ်သည် ယုဒပြည်၏ ဘုရင်အဖြစ် ဖခင်ယောသံအရာကို ဆက်ခံခဲ့သည်။ ရှုရိဘုရင် ရေဇိန်နှင့် မြောက်ပိုင်း ဣသရေလနိုင်ငံ၏ ဘုရင်ပေကာတို့သည် ယုဒပြည်ကို ကျူးကျော်ဝင်ရောက်ကာ သူတို့၏ စစ်တပ်များသည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် သူတို့သည် ယေရုရှလင်မြို့ကိုယ်နှိုက်ကို ဝိုင်းရံမည် ဖြစ်သည်။ သို့ရာတွင် ဝိုင်းရံခြင်းသည် အောင်မြင်မည် မဟုတ်ပါ။ (၄ ဓမ္မရာဇဝင် ၁၆:၅၊ ၆; ၂ ရာဇဝင်ချုပ် ၂၈:၅-၈) အဘယ်ကြောင့်နည်း။ ဤအကြောင်း နောက်ပိုင်းတွင် သိရမည်။

၄။ အာခတ်နှင့် သူ့လူများ၏ စိတ်နှလုံးသည် အဘယ်ကြောင့် ကြောက်စိတ်ဖြင့် ပြည့်နေသနည်း။

၄ စစ်ပွဲအစပိုင်းတွင် “‘ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်’ ဟု ဒါဝိဒ်မင်းမျိုး ကြားသောအခါ တော၌ သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့ မင်းကြီး၏ နှလုံးနှင့် ပြည်သားတို့၏ နှလုံးသည် တုန်လှုပ်လျက် ရှိကြ၏။” (ဟေရှာယ ၇:၂) ရှုရိနှင့် ဣသရေလလူမျိုးတို့ ပူးပေါင်းကာ ရန်သူများသည် ဧဖရိမ် (ဣသရေလ) ပြည်တွင် တပ်ချထားပြီ ဖြစ်ကြောင်း သိရသောအခါ အာခတ်နှင့် သူ၏ လူများ အမှန်ပင် ကြောက်ရွံ့ကြမည်။ ယေရုရှလင်မြို့မှ နှစ်ရက်သုံးရက် ချီတက်ခရီးသာ ဖြစ်သည်!

၅။ ယနေ့ ဘုရားသခင့် လူမျိုးသည် အဘယ်နည်းဖြင့် ဟေရှာယကို အတုယူကြသနည်း။

၅ ယေဟောဝါက ဟေရှာယကို ဤသို့ မိန့်တော်မူ၏– “သင်သည် သင်၏ သား ရှာယာရှုပ်နှင့်အတူ သွား၍ ခဝါသည်၏ လယ်နားမှာ လျှောက်သောလမ်း အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို” လော့။ (ဟေရှာယ ၇:၃) စဉ်းစားကြည့်ပါ! ဘုရင်က ယေဟောဝါ၏ ပရောဖက်ကို ရှာပြီး ညွှန်ကြားမှု တောင်းဆိုသင့်သည့်အချိန်တွင် ပရောဖက်သည် ဘုရင်ကို ရှာရန် သွားရပါသည်တကား! သို့ဖြစ်သည့်တိုင် ဟေရှာယသည် ယေဟောဝါအား လိုလိုလားလား နာခံသည်။ ထိုနည်းတူပင် ယနေ့ဘုရားသခင့် လူမျိုးသည် ဤလောက၏ ဖိစီးမှုများကြောင့် စိုးရွံ့နေသူများကို ရှာဖွေဖို့ သွားရန် အဆင်သင့်ရှိကြသည်။ (မဿဲ ၂၄:၆၊ ၁၄) နှစ်စဉ် သိန်းနှင့်ချီသောသူများသည် ထိုသတင်းကောင်း ဟောပြောသူများ၏ လည်ပတ်မှုများကို လက်ခံတုံ့ပြန်ခဲ့ကြပြီး ယေဟောဝါ၏ အကာအကွယ် လက်တော်ကို ဆုပ်ကိုင်ထားကြသည်မှာ နှစ်သိမ့်ကျေနပ်ဖွယ်ပါတကား!

၆။ (က) ပရောဖက်သည် ဘုရင်အာခတ်အတွက် အဘယ်အားတက်ဖွယ် သတင်းကို ပြောသနည်း။ (ခ) ယနေ့ အဘယ် အခြေအနေ ရှိသနည်း။

၆ ဟေရှာယသည် အာခတ်ကို ယေရုရှလင်မြို့တံတိုင်း အပြင်တွင် တွေ့လေသည်၊ ထိုတွင် ဘုရင်သည် ဝိုင်းဝန်းပိတ်ဆို့ခံရတော့မည့်အရေးအတွက် ပြင်ဆင်နေသည့် မြို့ရေထောက်ပံ့ပေးရေး အစီအစဉ်ကို ကြည့်ရှုစစ်ဆေးနေခြင်း ဖြစ်သည်။ ဟေရှာယက ယေဟောဝါ၏ သတင်းကို ဤသို့ ဆို၏– “သတိပြု၍ ငြိမ်သက်စွာ နေလော့။ မီးခိုးထွက်သော ဤထင်းစ [“အမြီးအဆုံးပိုင်း၊” ကဘ] နှစ်ခု တည်းဟူသော ရှုရိမင်း ရေဇိန်နှင့် ရေမလိ၏ သားတို့သည် ပြင်းစွာ အမျက်ထွက်သော်လည်း မစိုးရိမ်နှင့်။ စိတ်မပျက်နှင့်။” (ဟေရှာယ ၇:၄) အစောပိုင်း ထိုးစစ်ဆင် တိုက်ခိုက်သူများ ယုဒပြည်ကို အကြီးအကျယ်ဖျက်ဆီးခဲ့ချိန်က သူတို့၏ အမျက်ဒေါသမီးသည် မီးတောက်မီးလျှံအလား တောက်လောင်ခဲ့သည်။ ယခုမူ သူတို့သည် ‘မီးခိုးထွက်နေသော ထင်းစအမြီး အဆုံးပိုင်းနှစ်ခု’ သာ ဖြစ်သည်။ အာခတ်သည် ရှုရိမင်း ရေဇိန်ကိုသော်လည်းကောင်း၊ ဣသရေလမင်း ရေမလိသား ပေကာကိုသော်လည်းကောင်း စိုးကြောက်စရာ မလိုပါ။ ယနေ့လည်း အလားတူ ဖြစ်သည်။ ရာစုနှစ်များစွာ ခရစ်ယာန်ဘောင် ခေါင်းဆောင်များသည် ခရစ်ယာန်စစ်များကို ပူပြင်းသော နှိပ်စက်ညှဉ်းပန်းမှု ခံရရန် ဖန်တီးခဲ့ကြသည်။ သို့သော် ယခု ခရစ်ယာန်ဘောင်သည် ကျွမ်းလောင်ကုန်လုနီးနေသော ထင်းစတစ်ခုနှင့် တူသည်။ သူ၏ နေ့ရက် ကုန်လုပြီ။

၇။ ဟေရှာယနှင့် သူ၏ သားအမည်သည် အဘယ်ကြောင့် မျှော်လင့်ချက်အတွက် အကြောင်းရင်း ပေးသနည်း။

၇ ဟေရှာယ၏ သတင်းစကားသာမက ဟေရှာယနှင့် သူ့သားအမည်၏ အဓိပ္ပာယ်တို့သည်လည်း အာခတ်အချိန်ရှိ ယေဟောဝါအား ယုံကြည်ကိုးစားသူများကို မျှော်လင့်ချက် ပေးသည်။ ယုဒပြည်သည် အန္တရာယ် ကြုံတွေ့နေရသည် မှန်သော်လည်း “ယေဟောဝါ၏ ကယ်တင်ခြင်း” ဟူသော ဟေရှာယအမည်၏ အဓိပ္ပာယ်က ယေဟောဝါသည် ကယ်တင်လွတ်မြောက်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း အချက်ပြသည်။ ယေဟောဝါက ဟေရှာယအား “အကြွင်းအကျန်မျှသာ ပြန်လာမည်” ဟု အဓိပ္ပာယ်ရှိသော မိမိသား ရှာယာရှုပ်ကို မိမိနှင့်အတူ ခေါ်ဆောင်သွားရန် မိန့်တော်မူခဲ့သည်။ ယုဒနိုင်ငံ နောက်ဆုံး ကျရှုံးသည့်အချိန်၌ပင် ဘုရားသခင်သည် ကရုဏာဖြင့် အကြွင်းအကျန်ကို ပြည်တော်သို့ ပြန်ခေါ်ဆောင်တော်မူမည်။

နိုင်ငံချင်း ဖြစ်သော စစ်ပွဲတစ်ခုမျှသာ မဟုတ်

၈။ ယေရုရှလင်တိုက်ပွဲသည် အဘယ်ကြောင့် နိုင်ငံချင်း ဖြစ်သော စစ်ပွဲတစ်ခုမျှသာ မဟုတ်သနည်း။

၈ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် ယုဒ၏ ရန်သူ့စစ်နည်းဗျူဟာကို ဖော်ပြသည်။ သူတို့၏ အကြံအစည်မှာ ဤသို့ ဖြစ်၏– “ငါတို့သည် ယုဒပြည်သို့ သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏ သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့။” (ဟေရှာယ ၇:၅၊ ၆) ရှုရိ-ဣသရေလ မဟာမိတ်အဖွဲ့က ယုဒပြည်ကို အနိုင်ယူပြီး ဒါဝိဒ်၏ သားအာခတ်နေရာတွင် သူတို့၏ လူကို အစားထိုးရန် ကြံစည်ထားကြသည်။ ယခု ယေရုရှလင်ကို တိုက်ခိုက်ခြင်းသည် နိုင်ငံချင်း ဖြစ်သော စစ်ပွဲတစ်ခုမျှသာ မဟုတ်ကြောင်း ရှင်းနေပါသည်။ စာတန်နှင့် ယေဟောဝါအကြား တိုက်ခိုက်မှုတစ်ခု ဖြစ်လာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါ ဘုရားသခင်သည် ဘုရင်ဒါဝိဒ်နှင့် ပဋိညာဉ် ဖွဲ့ထားပြီး သူ၏ သားမြေးများသည် ယေဟောဝါ၏ လူမျိုးကို အုပ်ချုပ်ရမည်ဟု အာမခံထားသောကြောင့် ဖြစ်သည်။ (၂ ဓမ္မရာဇဝင် ၇:၁၁၊ ၁၆) ယေရုရှလင်မြို့ ရာဇပလ္လင်ပေါ်တွင် အခြားမင်းဆက်ကို နန်းတင်နိုင်ခဲ့မည်ဆိုလျှင် စာတန်အတွက် ကြီးမားသော အောင်ပွဲ ဖြစ်မည်! ဒါဝိဒ်၏ ဆွေစဉ်မျိုးဆက်မှ ထာဝရ အမွေခံ၊ “ငြိမ်းချမ်းရေးမင်းသား” ပေါ်ထွက်စေမည့် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်ကိုပင် သူပယ်ဖျက်ခြင်း ဖြစ်မည်။—ဟေရှာယ ၉:၆၊ ၇၊ ကဘ။

ယေဟောဝါ၏ မေတ္တာပါသော အာမခံချက်များ

၉။ အဘယ် အာမခံချက်က အာခတ်သာမက ယနေ့ ကျွန်ုပ်တို့ ခရစ်ယာန်များအတွက်ပါ ခွန်အား ဖြစ်သင့်သနည်း။

၉ ရှုရိနှင့် ဣသရေလတို့၏အကြံအစည်သည် အောင်မြင်မည်လော။ အောင်မြင်မည် မဟုတ်ပါ။ ယေဟောဝါ ဤသို့ ကြေညာ၏– “ထိုအကြံ မတည်ရ။ ထိုသို့ မဖြစ်ရ။” (ဟေရှာယ ၇:၇) ယေရုရှလင်မြို့ကို ဝိုင်းရံတိုက်ခိုက်ခြင်းသည် အောင်မြင်မည် မဟုတ်သည့်အပြင် “ခြောက်ဆယ့်ငါးနှစ်အတွင်းတွင် ဧဖရိမ်လူမျိုး ပျက်ပြားလိမ့်မည်” ဟု ဟေရှာယမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူ၏။ (ဟေရှာယ ၇:၉၊ သမ) မှန်ပါသည်၊ ၆၅ နှစ်အတွင်း ဣသရေလသည် လူမျိုးတစ်မျိုးအနေနှင့် တည်ရှိတော့မည် မဟုတ်ပါ။a တိကျသည့် အချိန်စာရင်းဖြင့် ပေးသော ဤအာမခံချက်သည် အာခတ်ကို အားတက်လာစေသင့်သည်။ ထိုနည်းတူပင် ယနေ့ ဘုရားသခင့် လူမျိုးသည် စာတန်စနစ်၏ ကျန်ရှိချိန် ကုန်လုပြီ ဖြစ်ကြောင်း သိထားခြင်းက ခွန်အား ဖြစ်စေသည်။

၁၀။ (က) ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ယေဟောဝါကို မည်သို့ အတုယူနိုင်သနည်း။ (ခ) ယေဟောဝါသည် အာခတ်ကို အဘယ်အရာ ကမ်းလှမ်းတော်မူသနည်း။

၁၀ “သင်တို့သည် မယုံလျှင် မတည်ရကြ” ဟု ဟေရှာယမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူခြင်းက အာခတ်၏ မျက်နှာသွင်ပြင်တွင် မယုံကြည်ကြောင်း ပေါ်လွင်နေခြင်း ဖြစ်နိုင်သည်။ ယေဟောဝါသည် သည်းခံကာ “အာခတ်မင်းကို ထပ်၍ မိန့်တော်မူ” ခဲ့သည်။ (ဟေရှာယ ၇:၉၊ ၁၀၊ ကဘ) ပုံသက်သေကောင်းတစ်ခုပါတကား! ယနေ့အချိန်တွင် များစွာသောသူတို့သည် နိုင်ငံတော် သတင်းစကားကို တုံ့ပြန်ရန် အသင့်မရှိကြသော်လည်း ကျွန်ုပ်တို့သည် အထပ်ထပ် လည်ပတ်ပြီး ‘ထပ်၍ ပြောဆို’ ခြင်းဖြင့် ယေဟောဝါကို အတုယူသင့်သည်။ ယေဟောဝါက အာခတ်အား ဤသို့ ဆက်၍ မိန့်တော်မူ၏– “သင်၏ ဘုရားသခင် ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့၊ မရဏာနိုင်ငံကဲ့သို့ နက်ရာ၌ဖြစ်စေ၊ ကောင်းကင်ကဲ့သို့ မြင့်ရာ၌ဖြစ်စေ တောင်းလော့။” (ဟေရှာယ ၇:၁၀၊ ၁၁၊ သမ္မာ) အာခတ်သည် နိမိတ်လက္ခဏာတစ်ခု တောင်းဆိုနိုင်ပြီး ယေဟောဝါသည် ဒါဝိဒ်၏ အမျိုးအနွယ်ကို ကာကွယ်မည် ဖြစ်ကြောင်း အာမခံချက်အနေဖြင့် ယင်းကို ပြသမည် ဖြစ်သည်။

၁၁။ “သင်၏ ဘုရားသခင်” ဟူသော ယေဟောဝါ၏ ဖော်ပြချက်တွင် အဘယ် အာမခံချက်ကို တွေ့ရသနည်း။

၁၁ ယေဟောဝါက ‘သင်၏ ဘုရားသခင်ထံမှ နိမိတ်လက္ခဏာကို တောင်းလော့’ ဟု မိန့်တော်မူသည်ကို သတိပြုပါ။ ယေဟောဝါသည် အမှန်ပင် အကြင်နာတရား ရှိတော်မူ၏။ အာခတ်သည် မှောက်မှားသော ဘုရားများကို ဝတ်ပြုကိုးကွယ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မှားယွင်းသော ဓလေ့ထုံးစံများကို လိုက်စားသည်ဟု မှတ်တမ်းတင်ခြင်း ခံရသူ ဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၁၆:၃၊ ၄) ၎င်းအပြင် အာခတ်၌ ကြောက်စိတ် ဝင်နေသော်လည်း ယေဟောဝါက မိမိကိုယ်ကို အာခတ်၏ ဘုရားအဖြစ် အခေါ်ခံဆဲ ဖြစ်၏။ ၎င်းက ယေဟောဝါသည် လူသားများကို အဆောတလျင် ငြင်းပယ်ခြင်း မပြုကြောင်း ကျွန်ုပ်တို့အား စိတ်ချစေသည်။ ကိုယ်တော်သည် အမှားပြုလုပ်မိသူများ သို့မဟုတ် ယုံကြည်ခြင်း အလွန် အားနည်းသူများကို လက်ကမ်းကူညီပေးရန် လိုလိုလားလား ရှိတော်မူ၏။ ဘုရားသခင့် မေတ္တာပါ ဤအာမခံချက်ကြောင့် အာခတ်သည် ယေဟောဝါ၏ လက်တော်ကို ကိုင်ဆွဲလိုက်ရန် လှုံ့ဆော်ခံရမည်လော။

သံသယမှ မနာခံမှုသို့

၁၂။ (က) အာခတ်သည် အဘယ် မောက်မာသော အပြုအမူကို ရွေးယူသနည်း။ (ခ) အာခတ်သည် ယေဟောဝါထံ ပြန်လှည့်လာမည့်အစား မည်သူ့ထံ အကူအညီ သွားတောင်းသနည်း။

၁၂ အာခတ်သည် ဤသို့ ခွန်းတုံ့ပြန်၏– “ကျွန်ုပ် မတောင်းပါ။ ယေဟောဝါကို မစုံစမ်းပါ။” (ဟေရှာယ ၇:၁၂၊ သမ္မာ) ဤတွင် အာခတ်က “သင်၏ ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်း မပြုရ” ဟူသော ပညတ်တော်၌ ပါသည့် စကားများကို လိုက်နာနေခြင်း မဟုတ်ပါ။ (တရားဟောရာ ၆:၁၆) ရာစုနှစ်များစွာ ကြာပြီးနောက် ယေရှုအား စာတန် စုံစမ်းချိန်တွင် ကိုယ်တော် ထိုပညတ်ကို ကိုးကားခဲ့သည်။ (မဿဲ ၄:၇) သို့သော် အာခတ်ကိစ္စတွင် ယေဟောဝါက သူ့အား စစ်မှန်သော ဝတ်ပြုရေးသို့ ပြန်လှည့်လာရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပြီး နိမိတ်လက္ခဏာ ပြခြင်းဖြင့် သူ၏ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့အတွက် ကမ်းလှမ်းနေခြင်း ဖြစ်သည်။ သို့ရာတွင် အာခတ်သည် အခြားနေရာမှ အကာအကွယ် ရှာယူရန် ပိုလိုလားသည်။ ဘုရင်သည် ထိုအချိန်တွင် အာရှုရိထံ ငွေပုံပေးကာ မြောက်ပိုင်းရှိ ရန်သူများကို တွန်းလှန်ဖို့ အကူအညီ ရှာယူထားခြင်း ဖြစ်နိုင်သည်။ (၄ ဓမ္မရာဇဝင် ၁၆:၇၊ ၈) ထိုအတောအတွင်း ရှုရိ-ဣသရေလ စစ်တပ်သည် ယေရုရှလင်မြို့ကို ဝိုင်းကာ ပိတ်ဆို့နေပြီ ဖြစ်သည်။

၁၃။ အခန်းငယ် ၁၃ တွင် အဘယ် အပြောင်းအလဲကို ကျွန်ုပ်တို့ သတိပြုမိသနည်း၊ အဘယ် အဓိပ္ပာယ်နည်း။

၁၃ ဘုရင်၏ ယုံကြည်ခြင်း ကင်းမဲ့မှုကို စိတ်ထဲ မှတ်ထားကာ ဟေရှာယ ဤသို့ဆို၏– “အို၊ ဒါဝိဒ်အမျိုးသားတို့၊ ကျေးဇူးပြု၍ နားထောင်ကြလော့။ သင်တို့သည် လူတို့အား မောပန်းနွမ်းနယ်စေခြင်းကို သာမညဟု ထင်၍ ငါ၏ ဘုရားသခင်ကိုလည်း မောပန်းနွမ်းနယ်စေမည်လော။” (ဟေရှာယ ၇:၁၃၊ ကဘ) မှန်ပါသည်၊ အဆက်မပြတ် ကလန်ကဆန် ပြုလုပ်ခြင်းဖြင့် ယေဟောဝါအား ပင်ပန်းနွမ်းနယ်စေနိုင်ပါသည်။ ယခု ပရောဖက်က “သင်တို့၏ဘုရားသခင်” ဟု မဆိုဘဲ “ငါ၏ ဘုရားသခင်” ဟု ဆိုထားသည်ကိုလည်း သတိပြုပါ။ နိမိတ်ပြသော အပြောင်းအလဲတစ်ခုပင်! အာခတ်သည် ယေဟောဝါကို ငြင်းပယ်ပြီး အာရှုရိကို အားကိုးသည့်အခါ ဘုရားသခင်နှင့် သူ၏ ဆက်ဆံရေးကို ပြန်ကောင်းစေသည့် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးသွားသည်။ ကျွန်ုပ်တို့လည်း ခေတ္တယာယီ အကျိုးကျေးဇူးများ ရရှိရန် ကျွန်ုပ်တို့၏ ကျမ်းစာယုံကြည်ချက်များကို အလျော့ပေးလိုက်လျောခြင်းအားဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ဘယ်တော့မျှ လက်လွှတ်အဆုံးရှုံးမခံပါနှင့်။

ဧမာနွေလ နိမိတ်လက္ခဏာ

၁၄။ ယေဟောဝါသည် ဒါဝိဒ်နှင့် ပြုတော်မူသော မိမိ၏ ပဋိညာဉ်အပေါ် သစ္စာရှိကြောင်း မည်သို့ ပြတော်မူသနည်း။

၁၄ ယေဟောဝါသည် ဒါဝိဒ်နှင့် ဖွဲ့ထားသော မိမိ၏ ပဋိညာဉ်အပေါ် ဆက်သစ္စာရှိတော်မူ၏။ နိမိတ်လက္ခဏာတစ်ခုကို ကမ်းလှမ်းပြီး နိမိတ်လက္ခဏာတစ်ခုကို ပေးတော်မူမည် ဖြစ်သည်! ဟေရှာယ ဤသို့ ဆက်ဆို၏– “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အား ပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေ စွဲယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။ ထိုသူသည် မကောင်းသောအရာကို ပယ်၍ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင် နို့ဓမ်းနှင့် ပျားရည်ကို စားရလိမ့်မည်။ ထိုသူငယ်သည် မကောင်းသောအရာကို မပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသော ပြည်သည် စွန့်ပစ်သောအရပ် ဖြစ်လိမ့်မည်။”—ဟေရှာယ ၇:၁၄-၁၆။

၁၅။ ဧမာနွေလနှင့်ပတ်သက်သော ပရောဖက်ပြုချက်က အဘယ်အရာနှစ်ခုကို ဖော်ပြထားသနည်း။

၁၅ ကျူးကျော်ဝင်ရောက်သူများက ဒါဝိဒ်၏ ဘုရင်မင်းမျိုးအား အဆုံးတိုင်စေမည်ကို စိုးရိမ်သူ မည်သူမဆိုအတွက် ဤစကားသည် သတင်းကောင်း ဖြစ်သည်။ “ဧမာနွေလ” သည် “ငါတို့နှင့်အတူ ဘုရားသခင် ရှိတော်မူ၏” ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်သည် ယုဒအမျိုးနှင့်အတူ ရှိတော်မူပြီး ဒါဝိဒ်နှင့် ဖွဲ့ထားသော မိမိ၏ ပဋိညာဉ် ပျက်သွားရန် ခွင့်ပြုမည် မဟုတ်ပါ။ ထို့ပြင် အာခတ်နှင့် သူ၏ လူများအား ယေဟောဝါ အဘယ်အရာ ပြုလုပ်မည်ကိုသာမက မည်သည့်အချိန်တွင် ယင်းကို ပြုလုပ်ပေးမည်ကိုပါ မိန့်မှာတော်မူခဲ့သည်။ ဧမာနွေလ သူငယ်လေး အကောင်းနှင့် အဆိုးကို ခွဲခြားသိနိုင်သည့်အရွယ် မရောက်မီ ထိုရန်သူနိုင်ငံများ ဖျက်ဆီးခံရမည်။ ဤအတိုင်း အမှန် ဖြစ်ပျက်ခဲ့သည်!

၁၆။ ယေဟောဝါသည် အာခတ်ခေတ်တွင် ဧမာနွေလ မည်သူ ဖြစ်ကြောင်း အသေအချာ မဖော်ပြခဲ့ခြင်းမှာ အဘယ်ကြောင့် ဖြစ်နိုင်သနည်း။

၁၆ သမ္မာကျမ်းစာက ဧမာနွေလသည် မည်သူ၏ ကလေး ဖြစ်ကြောင်း မဖော်ပြထားပါ။ သို့သော် ဧမာနွေလ သူငယ်လေးသည် နိမိတ်လက္ခဏာတစ်ခုအဖြစ် အသုံးပြုခံရန် ဖြစ်ပြီး နောက်ပိုင်းတွင် ဟေရှာယက မိမိနှင့် မိမိ၏ ကလေးများသည် “နိမိတ်လက္ခဏာများ” ဖြစ်သည်ဟု ဖော်ပြထားခြင်းကြောင့် ဧမာနွေလသည် ပရောဖက်၏ သားတစ်ဦး ဖြစ်နိုင်သည်။ (ဟေရှာယ ၈:၁၈၊ ကဘ) ယေဟောဝါသည် အာခတ်ခေတ်က ဧမာနွေလ မည်သူ ဖြစ်ကြောင်း အသေအချာမဖော်ပြခဲ့ခြင်းမှာ နောက်ပိုင်း ပေါ်လာမည့် သာ၍ ကြီးမြတ်သော ဧမာနွေလနှင့် မရှုပ်ထွေးစေလို၍ ဖြစ်မည်။ သူကား မည်သူနည်း။

၁၇။ (က) သာ၍ ကြီးမြတ်သော ဧမာနွေလကား မည်သူနည်း၊ သူ၏ မွေးဖွားခြင်းက အဘယ် အဓိပ္ပာယ်ရှိသနည်း။ (ခ) ယနေ့အချိန်တွင် ဘုရားသခင့် လူမျိုးသည် “ငါတို့နှင့်အတူ ဘုရားသခင် ရှိတော်မူ၏” ဟု အဘယ်ကြောင့် ကြွေးကြော်နိုင်သနည်း။

၁၇ ဧမာနွေလအမည်ကို ဟေရှာယကျမ်းအပြင် ကျမ်းစာထဲတွင် တွေ့ရသည့် တစ်ခုတည်းသော ကျမ်းမှာ မဿဲ ၁:၂၃ ဖြစ်သည်။ ဒါဝိဒ်ရာဇပလ္လင်၏ စစ်မှန်သော အမွေခံ ဖြစ်သော ယေရှုခရစ် မွေးဖွားခြင်းကို ဧမာနွေလ မွေးဖွားခြင်း ပရောဖက်ပြုချက်နှင့် ဆက်စပ်ဖော်ပြရန် ယေဟောဝါသည် မဿဲကို မှုတ်သွင်းတော်မူခဲ့သည်။ (မဿဲ ၁:၁၈-၂၃) ပထမ ဧမာနွေလကို မွေးဖွားခြင်းက ဘုရားသခင်သည် ဒါဝိဒ်အမျိုးကို စွန့်ပစ်မထားကြောင်း ပြသော နိမိတ်လက္ခဏာတစ်ရပ် ဖြစ်ခဲ့သည်။ ထိုနည်းတူ သာ၍ ကြီးမြတ်သော ဧမာနွေလ ဖြစ်သည့် ယေရှု မွေးဖွားခြင်းသည် လူသားများ သို့မဟုတ် ဒါဝိဒ်၏ အမျိုးနှင့်ဖွဲ့ထားသော မိမိ၏ နိုင်ငံတော် ပဋိညာဉ်ကို ဘုရားသခင် စွန့်ပစ်မထားကြောင်း နိမိတ်လက္ခဏာတစ်ရပ် ဖြစ်သည်။ (လုကာ ၁:၃၁-၃၃) ယေဟောဝါ၏ ကိုယ်စားလှယ်ချုပ်သည် ယခု လူသားများအလယ်တွင် ရှိသောကြောင့် မဿဲက ‘ငါတို့နှင့်အတူ ဘုရားသခင် ရှိတော်မူ၏’ ဟု အမှန် ဆိုနိုင်ခဲ့သည်။ ယနေ့ ယေရှုသည် ကောင်းကင်ဘုရင်အဖြစ် အုပ်ချုပ်နေပြီး မြေကြီးပေါ်ရှိ ကိုယ်တော်၏ အသင်းတော်နှင့်အတူ ရှိတော်မူ၏။ (မဿဲ ၂၈:၂၀) ဘုရားသခင့်လူမျိုးသည် “ငါတို့နှင့်အတူ ဘုရားသခင် ရှိတော်မူ၏” ဟု ရဲရင့်စွာ ကြွေးကြော်ရန် ထပ်ဆင့်အကြောင်းရင်း အမှန်ပင် ရှိသည်!

သစ္စာမဲ့ခြင်း၏ ထပ်ဆင့်အကျိုးဆက်များ

၁၈။ (က) ဟေရှာယ ဆက်ပြောသည့် စကားများသည် နားထောင်နေသူများအား အဘယ်ကြောင့် ကြောက်ရွံ့ထိတ်လန့်စေသနည်း။ (ခ) မကြာမီ အဘယ် အပြောင်းအလဲ အဖြစ်အပျက်များ ဖြစ်မည်နည်း။

၁၈ နောက်ဆုံးပြောခဲ့သော စကားများသည် နှစ်သိမ့်မှု ဖြစ်စေသော်လည်း ဟေရှာယ ဆက်ပြောသည့် ဤစကားများက နားထောင်သူတို့ကို ထိတ်လန့်စေသည်– “သင်မှစ၍ ပြည်သူပြည်သားတို့နှင့် ဘိုးဘေးတို့ အဆက်အနွယ်အပေါ်တွင် ယုဒအမျိုးမှ ဧဖရိမ်အမျိုး ကွဲပြားသည့်နေ့က[စ၍] မဖြစ်ဖူးသော နေ့ရက်ကာလ တည်းဟူသော အာရှုရိဘုရင့်ခေတ်ကို ထာဝရဘုရား ရောက်စေတော်မူမည်။” (ဟေရှာယ ၇:၁၇၊ သမ) မှန်ပါသည်၊ အာရှုရိဘုရင် လက်ချက်ဖြင့် ဘေးအန္တရာယ်ကြီး ကျရောက်လာမည် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကြီးသော အာရှုရိလက်အောက် ရောက်ရမည့် အလားအလာကြောင့် အာခတ်နှင့် သူ၏ လူများတွင် အိပ်မရသည့် ည များစွာ ရှိခဲ့ပေမည်။ အာရှုရိနှင့် မိတ်ဖွဲ့ခြင်းက ဣသရေလနှင့် ရှုရိလက်မှ လွတ်မြောက်စေမည်ဟု အာခတ် ယူဆခဲ့ပေမည်။ အမှန်မှာ အာရှုရိဘုရင်သည် နောက်ဆုံးတွင် ဣသရေလနှင့် ရှုရိကို တိုက်ခိုက်ပေးခြင်းဖြင့် အာခတ်၏ အသနားခံချက်ကို တုံ့ပြန်ပေးမည်။ (၄ ဓမ္မရာဇဝင် ၁၆:၉) ယင်းက ပေကာနှင့် ရေဇိန်အား ယေရုရှလင်မြို့ကို ဝိုင်းရံပိတ်ဆို့ထားခြင်းမှ ရုပ်သိမ်းစေခြင်း ဖြစ်မည်။ သို့ဖြင့် ရှုရိ-ဣသရေလ မဟာမိတ်တပ်ဖွဲ့သည် ယေရုရှလင်မြို့ကို မသိမ်းပိုက်နိုင်ကြောင်း ထင်ရှားမည်။ (ဟေရှာယ ၇:၁) သို့သော် ယခု ဟေရှာယက ကာကွယ်ပေးသူဟု သူတို့ မျှော်လင့်သော အာရှုရိသည် သူတို့အား ဖိစီးနှိပ်စက်သူ ဖြစ်လာမည်ဟု ကြောက်ရွံ့ထိတ်လန့်နေသော ပရိသတ်အား ပြောနေပါသည်တကား!—သုတ္တံ ၂၉:၂၅ နှိုင်းယှဉ်။

၁၉။ ဤသမိုင်းအဖြစ်အပျက်တွင် ယနေ့ ခရစ်ယာန်များအတွက် အဘယ် သတိပေးချက် ပါသနည်း။

၁၉ ယနေ့ ခရစ်ယာန်များအတွက် ဤစစ်မှန်သော သမိုင်းမှတ်တမ်းတွင် သတိပေးချက်တစ်ရပ် ပါရှိသည်။ ကျွန်ုပ်တို့သည် အဖိအနှိပ်ခံရချိန်တွင် ခရစ်ယာန်မူများကို အလျော့ပေးလိုက်လျောရန်၊ ယင်းသို့ဖြင့် ယေဟောဝါ၏ ကာကွယ်မှုကို ငြင်းပယ်စေရန် သွေးဆောင်ခံရနိုင်သည်။ ယင်းသည် ရေတိုကိုသာ ကြည့်ပြီး မိမိကိုယ်ကို ဖျက်ဆီးရာရောက်ကြောင်း ဟေရှာယ ထပ်ဆင့် ပြောသော စကားများ အထင်အရှား ဖြစ်လာသည့်အခါ တွေ့ရသည်။ အာရှုရိ ကျူးကျော်မှုသည် ပြည်တော်နှင့် ပြည်သူပြည်သားများအား အဘယ်အရာ ပြုမည် ဖြစ်ကြောင်း ပရောဖက်က ဆက်၍ ဖော်ပြသည်။

၂၀။ မည်သူတို့သည် “ယင်ကောင်” နှင့် “ပျားကောင်” များ ဖြစ်ကြပြီး သူတို့ အဘယ်အရာ ပြုလုပ်ကြမည်နည်း။

၂၀ ဟေရှာယသည် မိမိ၏ ကြေညာချက်ကို အပိုင်းလေးပိုင်း ပိုင်းကာ တစ်ခုစီ၌ “ထိုကာလ”—အာရှုရိက ယုဒပြည်ကို တိုက်ခိုက်သည့် အချိန်ကာလ—တွင် အဘယ်အရာ ဖြစ်ပျက်မည်ကို ကြိုဟောထားသည်။ “ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့အနားမှာ ရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ ရှိသော ပျားကောင်ကိုလည်းကောင်း နှိုးဆော်တော်မူသဖြင့်၊ သူတို့သည် လာ၍ လူဆိတ်ညံသော ချိုင့်များ၊ ချောက်ကြား၊ တောအုံနှင့် ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်။” (ဟေရှာယ ၇:၁၈၊ ၁၉) ယင်ကောင်အုပ်၊ ပျားအုပ်များနှင့် တူသော အီဂျစ်နှင့် အာရှုရိစစ်တပ်များသည် ကတိထားရာ ပြည်တော်ကို အာရုံစိုက်လာကြမည်။ ယင်းသည် တစ်ခဏတာ ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်မည် မဟုတ်ပါ။ “ယင်ကောင်” နှင့် “ပျားကောင်” များသည် ပြည်တော်၏ ကြိုကြိုကြားကြား ရှိသမျှတွင် အနှံ့အပြား ဝင်ရောက်ပြီး အခြေချနေထိုင်ကြမည်။

၂၁။ အာရှုရိဘုရင်သည် မည်သည့်နည်းဖြင့် သင်တုန်းဓားနှင့် တူမည်နည်း။

၂၁ ဟေရှာယ ဤသို့ ဆက်ပြော၏– “ထိုကာလတွင် မြစ်ကြီးတစ်ဖက်၌နေသောသူ၊ အာရှုရိရှင်ဘုရင် တည်းဟူသော ငှားသော သင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။” (ဟေရှာယ ၇:၂၀) ယခု အဓိက အန္တရာယ်အဖြစ် အာရှုရိကိုသာ ဖော်ပြထားသည်။ အာခတ်သည် ရှုရိနှင့် ဣသရေလကို “ရိတ်” ရန်အတွက် အာရှုရိဘုရင်ကို ငှားသည်။ သို့ရာတွင် ဥဖရတ်ဒေသမှ “ငှားခဲ့သည့်” ဤ “သင်တုန်း” သည် ယုဒ၏ “ဦးခေါင်း” ကို ရိတ်ပစ်မည် ဖြစ်ကာ မုတ်ဆိတ်ကိုပင် ပယ်ရှားပစ်မည်တည်း!

၂၂။ မကြာမီ ကျရောက်တော့မည့် အာရှုရိ၏ ချင်းနင်းဝင်ရောက်တိုက်ခိုက်ခြင်း အကျိုးဆက်ကို ဖော်ပြရန် အဘယ် ဥပမာများကို ဟေရှာယ အသုံးပြုသနည်း။

၂၂ ရလဒ်ကား အဘယ်အရာ ဖြစ်မည်နည်း။ “ထိုကာလ၌ လူသည် နွားမကလေးတစ်ကောင်၊ သိုး ဆိတ်နှစ်ကောင်ကို မွေးစားလျှင် သူတို့၌ များစွာသော နို့ကို ရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကိုသာ စားရကြလိမ့်မည်။” (ဟေရှာယ ၇:၂၁၊ ၂၂) အာရှုရိသည် ပြည်တော်ကို “ရိတ်” ခဲ့ချိန်တွင် လူအနည်းငယ် ကျန်ကြွင်းမည် ဖြစ်သောကြောင့် အစားအစာ ရရန် တိရစ္ဆာန် အနည်းငယ်သာ လိုအပ်မည် ဖြစ်သည်။ စပျစ်ရည် မရှိ၊ မုန့်မရှိ၊ အခြားပုံမှန်အစာ မရှိသဖြင့် “ထောပတ်နှင့် ပျားရည်” ကို စားရမည်။ ဖျက်ဆီးခြင်း အခြေအနေကို အလေးပေး ဖော်ပြသည့်အနေဖြင့် အဖိုးမဖြတ်နိုင်သော၊ ဖြစ်ထွန်းသော ပြည်တော်သည် ယခု ဆူးပင်များနှင့် ပေါင်းပင်များ ရှိမည်ဟု ဟေရှာယ သုံးကြိမ် ဆို၏။ တောအရပ်ဒေသသို့ စွန့်စားသွားသူများသည် ထူထပ်သော ချုံများတွင် ပုန်းအောင်းနေသည့် သားရိုင်းများမှ ကာကွယ်ရန် “လေးနှင့်မြား” လိုအပ်မည် ဖြစ်သည်။ ပြောင်ရှင်းနေသော လယ်ကွင်းများသည် နွားနှင့် သိုးများအတွက် စားကျက်မြေ ဖြစ်လာမည်။ (ဟေရှာယ ၇:၂၃-၂၅) ဤပရောဖက်ပြုချက်သည် အာခတ်ကိုယ်နှိုက်၏ အချိန်တွင် စတင်ပြည့်စုံခဲ့သည်။—၂ ရာဇဝင်ချုပ် ၂၈:၂၀။

တိကျသော တင်ကူးဟောချက်များ

၂၃။ (က) ယခု ဟေရှာယသည် အဘယ်အရာ ပြုလုပ်ရန် မိန့်မှာခြင်း ခံရသနည်း။ (ခ) သင်ပုန်းပေါ် ပါသော ပုဗ္ဗနိမိတ်သည် မည်သို့ အတည်ပြုခြင်း ခံရမည်နည်း။

၂၃ ဟေရှာယသည် ယခု လက်ရှိ အခြေအနေသို့ ပြန်လှည့်လိုက်သည်။ ယေရုရှလင်သည် ရှုရိ-ဣသရေလပူးတွဲအဖွဲ့၏ ဝိုင်းရံပိတ်ဆို့ခံနေရဆဲ ဖြစ်၍ ဟေရှာယ ဤသို့ ဆို၏– “တစ်ဖန် ထာဝရဘုရားက ‘သင်သည် ကြီးသော ကျောက်သင်ပုန်းကို ယူပြီးလျှင် . . . “မဟေရရှာလ လဟာရှဗတ်” ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။ ထိုအခါ သက်သေခံစေခြင်း အလိုငှာ ယုံလောက်သော သက်သေ၊ ယဇ်ပုရောဟိတ် ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။’” (ဟေရှာယ ၈:၁၊ ၂) မဟေရရှာလ လဟာရှဗတ်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “အသော့ လုယက် မြန်မြန် ဖျက်လော့” ဖြစ်သည်။ ဟေရှာယသည် ဤနာမည်ကို သင်ပုန်းကြီးပေါ် ရေးရာ၌ အသိသက်သေအဖြစ် အသရေရှိသူ နှစ်ဦးကို ခေါ်ထားသည်၊ သို့ဖြင့် သူတို့သည် နောက်ပိုင်းတွင် ရေးသားထားချက် မှန်ကန်ကြောင်း အတည်ပြုနိုင်မည်။ သို့သော် ဤပုဗ္ဗနိမိတ်ကို ဒုတိယ ပုဗ္ဗနိမိတ်အားဖြင့် အတည်ပြုရန် ဖြစ်သည်။

၂၄။ မဟေရရှာလ လဟာရှဗတ်ဆိုင်ရာ ပုဗ္ဗနိမိတ်သည် ယုဒလူမျိုးအပေါ် မည်သည့် အကျိုးသက်ရောက်သင့်သနည်း။

၂၄ ဟေရှာယ ဤသို့ ဆို၏– “ထိုနောက် ငါသည် ပရောဖက်[မ]ထံ ချဉ်းသဖြင့် သူသည် ပဋိသန္ဓေ ရရှိ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း ‘ထိုသားကို မဟေရရှာလ လဟာရှဗက်ဟူသော အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား ထိုသူငယ်သည် “အမိ၊ အဘ” ဟု မခေါ်တတ်မီ၊ ဒမာသက်မြို့၏ စည်းစိမ် ရှမာရိမြို့ရှိ လက်ရဥစ္စာကို အာရှုရိဘုရင်သည် သိမ်းသွားလိမ့်မည်’ ဟု မိန့်တော်မူ၏။” (ဟေရှာယ ၈:၃၊ ၄၊ သမ္မာ) မကြာမီ အာရှုရိသည် ယုဒပြည်ကို ဖိနှိပ်သော ရှုရိနှင့် ဣသရေလကို လုယူတိုက်ခိုက်မည် ဖြစ်ကြောင်း သင်ပုန်းကြီးနှင့် မွေးကင်းစ ကလေးတို့က နိမိတ်လက္ခဏာများ ဖြစ်ကြမည်။ မည်မျှ နီးနေပြီနည်း။ ကလေးအများစု ပထမဆုံး သင်ယူရရှိသော စကားလုံး “အဘ၊” “အမိ” ဟု သူငယ် မပြောတတ်မီတွင်ဖြစ်သည်။ ထိုကဲ့သို့ တိကျသည့် ကြိုဟောချက်က ဘုရားသခင်အပေါ် လူများ ယုံကြည်စိတ်ချမှု ရှိလာစေသင့်သည်။ သို့မဟုတ် ယင်းကြောင့် ဟေရှာယနှင့် သူ၏ သားများသည် အချို့သူများ၏ ပြောင်လှောင်ခြင်း ခံရနိုင်သည်။ မည်သို့ပင် ဖြစ်ပါစေ ဟေရှာယ၏ ပရောဖက်ပြုချက်စကားများ ပြည့်စုံလာသည်။—၄ ဓမ္မရာဇဝင် ၁၇:၁-၆။

၂၅။ ဟေရှာယအချိန်နှင့် မျက်မှောက်အချိန်တို့တွင် မည်သည့် ဆင်တူချက်များ ရှိသနည်း။

၂၅ ခရစ်ယာန်များသည် ဟေရှာယ၏ အထပ်ထပ် သတိပေးချက်များမှ သင်ယူနိုင်ပါသည်။ တမန်တော် ပေါလုက ဤသမိုင်းဝင် အဖြစ်အပျက်တွင် ဟေရှာယသည် ယေရှုခရစ်ကို ပုံတင်ပြပြီး ဟေရှာယ၏ သားများသည် ယေရှု၏ ဘိသိက်ခံ တပည့်တော်များကို ရှေ့ပြေးပုံဆောင်ကြောင်း ကျွန်ုပ်တို့ကို ဖော်ပြခဲ့သည်။ (ဟေဗြဲ ၂:၁၀-၁၃) ယေရှုသည် မြေကြီးပေါ်ရှိ မိမိ၏ ဘိသိက်ခံ နောက်တော်လိုက်များမှတစ်ဆင့် ခရစ်ယာန်စစ်များအနေဖြင့် ဤခက်ခဲကျပ်တည်းသော အချိန်တွင် “စောင့်နေကြ” ရန် လိုကြောင်း သတိပေးလျက် ရှိခဲ့ပြီ။ (လုကာ ၂၁:၃၄-၃၆) တစ်ချိန်တည်းတွင် သတိပေးချက်များကို လှောင်ပြောင်လေ့ရှိငြား နောင်တမယူသော ဆန့်ကျင်သူများသည် ရောက်လာတော့မည့် ဖျက်ဆီးခြင်းအကြောင်း သတိပေးခြင်း ခံရသည်။ (၂ ပေတရု ၃:၃၊ ၄) ဟေရှာယခေတ်တွင် အချိန်နှင့် ဆက်နွှယ်နေသော ပရောဖက်ပြုချက်များ ပြည့်စုံခဲ့ခြင်းက ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင်၏ အချိန်စာရင်းသည်လည်း “နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်” ဖြစ်ကြောင်း အာမခံချက် ဖြစ်သည်။—ဟဗက္ကုတ် ၂:၃။

ဖျက်ဆီးခြင်း “ရေများ”

၂၆၊ ၂၇။ (က) အဘယ် အဖြစ်အပျက်များကို ဟေရှာယ ကြိုဟောသနည်း။ (ခ) ဟေရှာယ၏ စကားများက ယနေ့ ယေဟောဝါ၏ ကျေးကျွန်များအတွက် အဘယ်အရာ ညွှန်ပြသနည်း။

၂၆ ဟေရှာယသည် မိမိ၏ သတိပေးချက်ကို ဤသို့ ဆက်ဆို၏– “ဤလူမျိုးသည် ဖြည်းညင်းစွာ စီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊ ထာဝရဘုရားသည် အလုံးအရင်း ပါသော အာရှုရိရှင်ဘုရင် တည်းဟူသော ခွန်အားဗလကြီး၍ များသော မြစ်ရေနှင့် သူတို့ကို လွှမ်းမိုးစေတော်မူသဖြင့် ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍ မိမိကမ်းများကို လျှံလျက်၊ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍ လည်ပင်းတိုင်အောင် မီလိမ့်မည်။ သူ၏ အတောင်တို့ကိုလည်း ဖြန့်သဖြင့် ကိုယ်တော်၏ မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်။ အိုဧမာနွေလဟု မိန့်တော်မူ၏။”—ဟေရှာယ ၈:၅-၈။

၂၇ “ဤလူမျိုး၊” မြောက်ပိုင်း ဣသရေလနိုင်ငံသည် ဒါဝိဒ်နှင့် ဖွဲ့သော ယေဟောဝါ၏ ပဋိညာဉ်ကို ငြင်းပယ်ကြသည်။ (၄ ဓမ္မရာဇဝင် ၁၇:၁၆-၁၈) သူတို့အတွက် ၎င်းပဋိညာဉ်သည် ယေရုရှလင်မြို့ကို ရေရရှိစေသော တဖြည်းဖြည်း စီးဆင်းနေသည့် ရှိလောင်ချောင်းကဲ့သို့ အားမရှိ ချည့်နဲ့သည်ဟု ရှုမြင်ကြသည်။ သူတို့သည် ယုဒပြည်ကို တိုက်ခိုက်ရ၍ ဝမ်းမြောက်ရွှင်မြူးနေကြသည်။ သို့သော် ဤမထီမဲ့မြင်ပြုခြင်းကြောင့် ပြစ်ဒဏ်မခံရဘဲ နေမည် မဟုတ်။ ယေဟောဝါသည် မကြာမီ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေး အစိတ်အပိုင်းများအား မှောက်မှားသော ဘာသာရေး နယ်ပယ်အပေါ်သို့ လွှမ်းမိုးစေတော်မူမည် ဖြစ်သကဲ့သို့ပင် ရှုရိနှင့် ဣသရေလအပေါ်သို့ အာရှုရိအား “လွှမ်းမိုး” သို့မဟုတ် တိုက်ခိုက်သိမ်းပိုက်စေမည်။ (ဗျာဒိတ် ၁၇:၁၆; ဒံယေလ ၉:၂၆၊ နှိုင်းယှဉ်။) ဆက်၍ ဟေရှာယက မို့မောက်နေသော ‘မြစ်ရေ’ သည် “ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား” မည် ဖြစ်ပြီး ယုဒပြည်၏ ခေါင်းဆောင်(ဘုရင်)များ နေထိုင်ရာ ယေရုရှလင်မြို့ထိ ဖြစ်သော “လည်ပင်းတိုင်အောင်” ရောက်ရှိမည်ဟု ဆိုထားသည်။b ကျွန်ုပ်တို့ခေတ်တွင် မှောက်မှားသော ဘာသာရေးကို သုတ်သင်မည့် နိုင်ငံရေး ပါးကွက်အာဏာသားများသည် အလားတူပင် သူတို့ဝန်းကျင်ရှိ ယေဟောဝါ၏ ကျေးကျွန်များအပေါ် “လည်ပင်းတိုင်အောင်” လွှမ်းလုနီးပါး ချဉ်းကပ်လာကြမည်။ (ယေဇကျေလ ၃၈:၂၊ ၁၀-၁၆) ရလဒ်ကား အဘယ်အရာ ဖြစ်မည်နည်း။ ဟေရှာယခေတ်တွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ အာရှုရိတို့သည် မြို့ရိုးများကို ကျော်နင်းကာ ဘုရားသခင့် လူများအား တံမြက်လှည်း သုတ်သင်ပစ်လိုက်နိုင်သလော။ မသုတ်သင်ပစ်နိုင်ပါ။ ဘုရားသခင်သည် သူတို့နှင့်အတူ ရှိတော်မူ၏။

မကြောက်နှင့်—“ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏!”

၂၈။ ရန်သူများ အပြင်းအထန် ကြိုးစားစေကာမူ အဘယ်အရာနှင့်ပတ်သက်ပြီး ယေဟောဝါသည် ယုဒပြည်ကို စိတ်ချစေသနည်း။

၂၈ ဟေရှာယ ဤသို့ သတိပေး၏– “အချင်းလူများတို့ [ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ဆန့်ကျင်သူများတို့] သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသော ပြည်သားအပေါင်းတို့ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ၏။” (ဟေရှာယ ၈:၉၊ ၁၀) နှစ်အနည်းငယ် ကြာပြီးနောက် အာခတ်၏ သစ္စာရှိသောသား ဟေဇကိ နန်းစံချိန်တွင် ထိုစကားများ ပြည့်စုံလာလေသည်။ အာရှုရိသည် ယေရုရှလင်မြို့ကို ခြိမ်းခြောက်သောအခါ ယေဟောဝါ၏ ကောင်းကင်တမန်သည် သူတို့၏လူ ၁၈၅,၀၀၀ ကို ကွပ်မျက်ခဲ့သည်။ ဘုရားသခင်သည် မိမိ၏ လူမျိုး၊ ဒါဝိဒ်၏ မင်းဆက်နှင့် အတူရှိနေသည်မှာ ရှင်းနေပါသည်။ (ဟေရှာယ ၃၇:၃၃-၃၇) ထိုနည်းတူပင် ယေဟောဝါသည် ရောက်လာတော့မည် ဖြစ်သော အာမဂေဒုန်စစ်ပွဲအတွင်းတွင် ရန်သူများကို အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်ရန်နှင့် ကိုယ်တော်အား ယုံကြည်ကိုးစားသူအားလုံးကို ကယ်တင်ရန်အတွက် သာ၍ ကြီးမြတ်သော ဧမာနွေလအား စေလွှတ်တော်မူမည်။—ဆာလံ ၂:၂၊ ၉၊ ၁၂။

၂၉။ (က) အာခတ်ခေတ်မှ ဂျူးများသည် ဟေဇကိခေတ်ရှိ ဂျူးနှင့် မည်သို့ ကွာခြားကြသနည်း။ (ခ) ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် ဘာသာရေး၊ နိုင်ငံရေးတို့နှင့် မဟာမိတ်ဖွဲ့ခြင်းကို အဘယ်ကြောင့် ရှောင်ကြသနည်း။

၂၉ ဟေဇကိခေတ်က ဂျူးများနှင့် မတူဘဲ အာခတ်၏ တစ်ခေတ်တည်းသားများသည် ယေဟောဝါ၏ အကာအကွယ်ပေးမှုကို မယုံကြည်ကြပါ။ သူတို့သည် ရှုရိ-ဣသရေလ မဟာမိတ်ကို ဟန့်တားပေးသည်အရာအဖြစ် အာရှုရိနှင့် ပူးပေါင်းကြံစည် သို့မဟုတ် “သင်းဖွဲ့” ရန် လိုလားကြသည်။ သို့ရာတွင် ယေဟောဝါ၏ “လက်ရုံးတော်” က ဟေရှာယအား “ဤလူမျိုး၏ နည်းလမ်း” သို့မဟုတ် ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ပြောဆိုရန် လှုံ့ဆော်ပေးသည်။ သူ ဤသို့ သတိပေး၏– “သူတို့ ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ရိုသေခြင်း ရှိကြလော့။ ထိုဘုရားကိုသာကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။” (ဟေရှာယ ၈:၁၁-၁၃) ယင်းကို စိတ်ထဲထားကာ ယနေ့ ယေဟောဝါ၏ ကျေးကျွန်များသည် ဘာသာရေး အဖွဲ့များ၊ နိုင်ငံရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းခြင်း မပြု၊ ယင်းတို့ကို ကိုးစားခြင်းလည်း မပြုကြပါ။ ယေဟောဝါ၏ ကျေးကျွန်များသည် ဘုရားသခင်၏ ကာကွယ်နိုင်စွမ်းအပေါ် အပြည့်အဝ ယုံကြည်ကိုးစားကြသည်။ အဓိကမှာ ‘ယေဟောဝါသည် ကျွန်ုပ်တို့ဘက်မှာ ရှိတော်မူလျှင် လူသည် ကျွန်ုပ်တို့၌ အဘယ်သို့ ပြုနိုင်သနည်း။’—ဆာလံ ၁၁၈:၆။

၃၀။ ယေဟောဝါအား ယုံကြည်ကိုးစားမှု မရှိသူများအတွက် အဘယ် အဖြစ်ဆိုး ကြုံရမည်နည်း။

၃၀ ဟေရှာယက ယေဟောဝါသည် မိမိကို ယုံကြည်ကိုးစားသူများအတွက် “ခိုလှုံရာ၊” အကွယ်အကာ ဖြစ်မည်ဟု အထပ်ထပ် ပြောဆို၏။ ဆန့်ကျင်ဘက်အနေနှင့် ကိုယ်တော်ကို ငြင်းပယ်သူများသည် “ထိမိ၍ တိမ်းလဲ ကျိုးပဲ့ခြင်း၊ ကျော့မိ ဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်”—ယေဟောဝါအား ယုံကြည်ကိုးစားမှု မရှိသူများ ကြုံတွေ့ရမည့် အဖြစ်ဆိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာစေသော ကြိယာငါးခု ဖြစ်သည်မှာ ရှင်းနေပါသည်။ (ဟေရှာယ ၈:၁၄၊ ၁၅) ပထမရာစု၌ ယေရှုကို ငြင်းပယ်ခဲ့သူများသည် ထိုနည်းတူပင် ထိမိ၍ လဲခဲ့ကြသည်။ (လုကာ ၂၀:၁၇၊ ၁၈) ယနေ့ ကောင်းကင်နန်းထိုင် ဘုရင်ယေရှုကို သစ္စာစောင့်သိရန် ပျက်ကွက်သူများအတွက် ယင်းနှင့် ဆင်တူသော အကျိုးဆက် စောင့်ကြိုလျက်ရှိသည်။—ဆာလံ ၂:၅-၉။

၃၁။ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် ဟေရှာယနှင့် သူ၏ သွန်သင်ချက်ကို နားထောင်ကြသူများ၏ ပုံသက်သေကို မည်သို့ လိုက်လျှောက်နိုင်သနည်း။

၃၁ ဟေရှာယခေတ်တွင် အားလုံး ထိမိ၍ လဲခဲ့ကြသူများ မဟုတ်ပါ။ ဟေရှာယ ဤသို့ ဆို၏– “ငါသည် ဤသက်သေခံချက်ကို ထုပ်ထား၍ ဩဝါဒကိုလည်း ငါ့တပည့်စိတ်ထဲတွင် တံဆိပ်ခတ်ထားပြီးလျှင် ယာကုပ်အမျိုးသားတို့မှ မျက်နှာလွှဲတော်မူသော ထာဝရဘုရားကို ဆိုင်းငံ့လျက် မျှော်လင့်မည်။” (ဟေရှာယ ၈:၁၆၊ ၁၇၊ သမ္မာ) ဟေရှာယနှင့် သူ၏ သွန်သင်ချက်ကို ဂရုပြုသူများသည် ဘုရားသခင့် ပညတ်တော်များကို စွန့်ပယ်ကြမည် မဟုတ်ပါ။ အပြစ်ကျူးလွန်သော တစ်ပြည်တည်းသားချင်းများက ယေဟောဝါကို ငြင်းပယ်ခြင်းကြောင့် သူတို့ထံမှ ကိုယ်တော် မျက်နှာလွှဲတော်မူသည့်တိုင် သူတို့သည် ယေဟောဝါကို ဆက်၍ ယုံကြည်ကိုးစားကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါကို ယုံကြည်ကိုးစားသော ထိုသူတို့၏ ပုံသက်သေကို လိုက်လျှောက်ကာ စင်ကြယ်သော ဝတ်ပြုရေးတွင် စွဲမြဲနေရန် ထပ်တူ ဆုံးဖြတ်ချက်ကို ချထားနိုင်ကြပါစေ!—ဒံယေလ ၁၂:၄၊ ၉; မဿဲ ၂၄:၄၅; ဟေဗြဲ ၆:၁၁၊ ၁၂ နှိုင်းယှဉ်။

“ပုဗ္ဗနိမိတ်” နှင့် “အံ့ဖွယ်သောအရာ”

၃၂။ (က) ယနေ့ မည်သူများသည် “ပုဗ္ဗနိမိတ်များအဖြစ်နှင့် အံ့ဖွယ်သောအရာအဖြစ်” အသုံးတော်ခံနေကြသနည်း။ (ခ) ခရစ်ယာန်များသည် အဘယ်ကြောင့် လောကမှ ထင်ရှားပေါ်လွင်နေသင့်သနည်း။

၃၂ ယခု ဟေရှာယ ဤသို့ ကြေညာ၏– “ငါမှစ၍ ငါ့အား ထာဝရဘုရား ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်က ဣသရေလအမျိုး၌ ပုဗ္ဗနိမိတ်နှင့် အံ့ဖွယ်သောအရာ ဖြစ်စေခြင်းငှာ ပေးတော်မူသတည်း။” (ဟေရှာယ ၈:၁၈) မှန်ပါသည်၊ ဟေရှာယ၊ ရှာယာရှုပ်နှင့် မဟေရရှာလ လဟာရှဗတ်တို့သည် ယုဒလူမျိုးအတွက် ယေဟောဝါ၏ ရည်ရွယ်ချက်များဆိုင်ရာ ပုဗ္ဗနိမိတ်များ ဖြစ်သည်။ ယနေ့၊ ယေရှုနှင့် ကိုယ်တော်၏ ဘိသိက်ခံ ညီတော်များသည် အလားတူ ပုဗ္ဗနိမိတ်များအဖြစ် အသုံးတော်ခံကြသည်။ (ဟေဗြဲ ၂:၁၁-၁၃) ထို့ပြင် “အခြားသိုး” ထဲမှ “လူအုပ်ကြီး” သည် သူတို့၏ လုပ်ဆောင်မှုတွင် ပူးပေါင်းလာကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄; ယောဟန် ၁၀:၁၆) ပုဗ္ဗနိမိတ်တစ်ခုသည် ၎င်း၏ ပတ်ဝန်းကျင်အရာများထက် ထင်ရှားပေါ်လွင်နေမှသာလျှင် တန်ဖိုးရှိသည်။ ထိုနည်းတူပင် ခရစ်ယာန်များသည် ဤလောကနှင့် ခြားနားကြောင်း ယေဟောဝါအား အကြွင်းမဲ့ ယုံကြည်ကိုးစားပြီး ကိုယ်တော်၏ ရည်ရွယ်ချက်များကို ရဲရင့်စွာ ကြေညာနေကြောင်း ထင်ရှားပေါ်လွင်နေမှသာလျှင် ပုဗ္ဗနိမိတ်အဖြစ် မိမိတို့၏ တာဝန်ကို ပြီးပြည့်စုံစေသည်။

၃၃။ (က) ခရစ်ယာန်များသည် အဘယ်အရာ ပြုလုပ်ရန် ဆုံးဖြတ်ထားကြသနည်း။ (ခ) စစ်မှန်သော ခရစ်ယာန်များသည် အဘယ်ကြောင့် အခိုင်အမာ ရပ်တည်နိုင်ကြမည်နည်း။

၃၃ ထို့ကြောင့် ဤလောကရှိလူများကို မဟုတ်ဘဲ ဘုရားသခင့် စံနှုန်းများအတိုင်း အားလုံးလိုက်ကြစို့။ ကြောက်ရွံ့မှု မရှိဘဲ—ပုဗ္ဗနိမိတ်များအဖြစ်—သာ၍ ကြီးမြတ်သော ဟေရှာယ ဖြစ်သူ ယေရှုခရစ် ပေးထားသော ဤတာဝန်ကို ရှေ့သို့တိုးဆောင်ရွက်ခြင်းဖြင့် ဆက်၍ ထူးခြားပေါ်လွင်နေစေပါ– “ထာဝရဘုရား၏ မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာ နေ့ရက်ကာလကို ကြားပြော” လော့။ (ဟေရှာယ ၆၁:၁၊ ၂; လုကာ ၄:၁၇-၂၁) အမှန်ပင်၊ အာရှုရိ၏ လှိုင်းလုံးကြီး မြေကြီးပေါ် လွှမ်းမိုးသည့်အခါ—ကျွန်ုပ်တို့၏ လည်ပင်းအထိ ရောက်လျှင်ပင်—စစ်မှန်သော ခရစ်ယာန်များ တံမြက်လှည်းဖျက်ဆီးခံရမည် မဟုတ်ပါ။ “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူ” သောကြောင့် ကျွန်ုပ်တို့ အခိုင်အမာ ရပ်တည်နိုင်ကြမည်။

[အောက်ခြေမှတ်ချက်များ]

a ဤပရောဖက်ပြုချက် ပြည့်စုံခြင်းနှင့်ပတ်သက်သော ထပ်ဆင့်အသေးစိတ် အချက်အလက်များအတွက် ယေဟောဝါသက်သေများ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၆၂ နှင့် ၇၅၈ တွင်ရှု။

b ဖြန့်ထားသော အတောင်များဖြင့် “ကိုယ်တော်၏ မြေတစ်ပြင်လုံးကို အုပ်မိုး” သော ငှက်တစ်ကောင်ဖြင့်လည်း အာရှုရိကို နှိုင်းယှဉ်ထားသည်။ ထို့ကြောင့် နိုင်ငံ မည်မျှပင် ကျယ်ကျယ် အာရှုရိ စစ်တပ်၏ လွှမ်းမိုးမှုကို ခံရမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ