အပိုင်း ၄
အပြစ်ရှိတယ်လို့ ခံစားရခြင်း “အပြစ်မရှိတော့အောင် သန့်စင်ပေးပါ”
“ကျွန်မအလုပ်က မိသားစုကို အဆင့်အတန်းမြင့်မြင့် ထားနိုင်တယ်။ ဒါပေမဲ့ ဒီအလုပ်ကြောင့် ကျမ်းစာနဲ့မညီတဲ့အရာတွေ လုပ်မိလာတယ်။ ဘုရား မကြိုက်တဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ၊ နိုင်ငံရေးမှာ ပါဝင်၊ နောက်ဆုံး ချာ့ချ်ကို သွားတက်တယ်။ ယေဟောဝါသက်သေဖြစ်ပေမဲ့ အနှစ် ၄၀ အထိ ဘုရားရေးရာမှာ မပါဝင်တော့ဘူး။ အချိန်ကြာလာလေ ငါ့ကို ဘုရားခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အတွေး ဝင်လာလေပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်မလွှတ်နိုင်ဘူး။ ပိုဆိုးတာက အမှန်တရားသိပြီးမှ လမ်းလွဲသွားတာ။”—မာသာ။
အပြစ်ရှိတယ်ဆိုတဲ့စိတ်ဟာ ဝန်ထုပ်ကြီးတစ်ခုလို ဖြစ်နိုင်ပါတယ်။ “ကိုယ့်အမှားတွေဟာ ခေါင်းကိုလွှမ်းမိုးတဲ့အထိ များနေပြီ။ ဝန်ထုပ်ကြီး ထမ်းရသလို သိပ်လေးတာပဲ” ဆိုပြီး ဘုရင်ဒါဝိဒ် ရေးတယ်။ (ဆာလံ ၃၈:၄) ညီအစ်ကို/မတချို့က ငါ့ကို ဘုရားသခင် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ထင်ပြီး ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေကြတယ်။ (၂ ကောရိန္သု ၂:၇) အဲဒီလိုထင်တာ မှန်သလား။ တကယ်လို့ သင်ဟာ ကြီးလေးတဲ့အပြစ် လုပ်မိတယ်ဆိုရင်တောင် ယေဟောဝါဘုရား ဘယ်တော့မှ ခွင့်မလွှတ်နိုင်တဲ့အထိ အလှမ်းဝေးသွားပြီလား။ ဝေးသွားမှာ မဟုတ်ပါဘူး။
“ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့”
နောင်တရတဲ့သူတွေကို ယေဟောဝါဘုရား မစွန့်ပစ်ပါဘူး။ လက်ကမ်းကြိုဆိုလျက်ပါ။ ယေဟောဝါဟာ သားမိုက်ပုံဥပမာထဲက မေတ္တာရှိတဲ့ ဖခင်နဲ့ တူတယ်လို့ ယေရှု ပြောတယ်။ သားမိုက်က မိသားစုကို ကျောခိုင်း၊ အပျော်အပါးလိုက်စားပြီးတော့မှ အိမ်ပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်။ သားမိုက်ပြန်လာတာကို အဖေ “အဝေးကနေ လှမ်းမြင်တဲ့အခါ သနားစိတ် ယိုဖိတ်လာတော့ ပြေးဖက်ပြီး နမ်းတယ်။” (လုကာ ၁၅:၁၁-၂၀) သင်က ယေဟောဝါဘုရားဆီ ပြန်လာချင်ပေမဲ့ အလှမ်းဝေးနေတယ်လို့ ခံစားနေရလား။ သားမိုက်ပုံဥပမာမှာပါတဲ့ ဖခင်လိုပဲ ယေဟောဝါဟာ သင် ပြန်လာမယ့်အချိန်ကို သနားကြင်နာစိတ်နဲ့ မျှော်လင့်တကြီး စောင့်မျှော်နေပါတယ်။
ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေဟာ ကြီးမားလွန်းလို့ ဒါမှမဟုတ် များလွန်းလို့ ဘုရား ခွင့်လွှတ်မှာ မဟုတ်ဘူးဆိုပြီး ထင်နေရင်ကော။ ဟေရှာယ ၁:၁၈ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို သုံးသပ်ကြည့်ပါ– “ယေဟောဝါ ပြောတာက– ‘လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။ မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင်ထနေရင်တောင် နှင်းပွင့်လို ဖြူဖွေးသွားမယ်။’” ဖြူဖွေးတဲ့အဝတ်ပေါ်မှာ ကြက်သွေးရောင် စွန်းသွားသလိုမျိုး ဖျက်ရခက်တဲ့ အပြစ်တွေ ဖြစ်နေရင်တောင် ဘုရား ခွင့်လွှတ်ပေးနိုင်ပါတယ်။
ယေဟောဝါဘုရားက သင့်ကို အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့ပဲ လုံးလည်လိုက်နေတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါဆို ဘုရားသခင် ခွင့်လွှတ်မှုကြောင့် ဖြစ်လာတဲ့ စိတ်သက်သာမှုနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ဘယ်လို ရနိုင်မလဲ။ ဘုရင်ဒါဝိဒ်လုပ်ခဲ့တဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။ ပထမ၊ “အပြစ်တွေကို ယေဟောဝါဆီ ဝန်ချတောင်းပန်ပါတယ်” လို့ သူပြောတယ်။ (ဆာလံ ၃၂:၅) ယေဟောဝါဘုရားက မိမိဆီ ဆုတောင်းဖို့၊ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ သင့်ကို ဖိတ်ခေါ်ထားတယ်ဆိုတာ သတိရပါ။ အဲဒီဖိတ်ခေါ်ချက်ကို လက်ခံပါ။ ဘုရားသခင်ဆီ ကိုယ့်အပြစ်တွေ ဝန်ချတောင်းပန်ပါ၊ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ပါ။ ဒါဝိဒ်က ကိုယ်ပိုင်အတွေ့အကြုံကြောင့် ယုံကြည်စိတ်ချမှုအပြည့်နဲ့ အခုလို ဆုတောင်းနိုင်ခဲ့တယ်– “အပြစ်မရှိတော့အောင် သန့်စင်ပေးပါ။ . . . အို ဘုရားသခင်၊ ကျိုးပဲ့ကြေမွတဲ့ စိတ်နှလုံးကို ကိုယ်တော် မပစ်ပယ်ပါဘူး။”—ဆာလံ ၅၁:၂၊ ၁၇။
ဒုတိယ၊ ဘုရားခန့်အပ်ထားတဲ့ ပရောဖက် နာသန်ရဲ့အကူအညီကို ဒါဝိဒ် လက်ခံခဲ့တယ်။ (၂ ရှမွေလ ၁၂:၁၃) ဒီနေ့ခေတ်မှာလည်း နောင်တရသူတွေ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီပေးဖို့ အသင်းတော်အကြီးအကဲတွေကို ပြင်ဆင်ပေးထားပါတယ်။ အကြီးအကဲတွေဆီမှာ အကူအညီတောင်းတဲ့အခါ သင် စိတ်သက်သာလာအောင်၊ အပျက်သဘောထား နည်းသွားအောင် ဒါမှမဟုတ် ပျောက်သွားအောင်၊ ဘုရားသခင်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကျမ်းစာနဲ့ ကူညီပေးပါလိမ့်မယ်။ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါလိမ့်မယ်။ —ယာကုပ် ၅:၁၄-၁၆။
သင့်ကို ယေဟောဝါဘုရားက ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိစေချင်
‘အမှားတွေ ခွင့်လွှတ်ခံရသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်’
ယေဟောဝါဆီ အပြစ် ဝန်ချတောင်းပန်ဖို့၊ အကြီးအကဲတွေဆီ အကူအညီတောင်းဖို့ သိပ်ခက်တယ်လို့ ခံစားမိနိုင်တယ်။ ဒါဝိဒ်လည်း အဲဒီလို ခံစားခဲ့ရတယ်။ အပြစ်တွေကို အချိန်အတိုင်းအတာတစ်ခုထိ “ဝန်မခံဘဲ နှုတ်ပိတ်” နေခဲ့တယ်။ (ဆာလံ ၃၂:၃) နောက်ဆုံး အပြစ်ဝန်ချတောင်းပန်ခြင်းနဲ့ အမှားတွေကို ပြုပြင်ပြောင်းလဲခြင်းတို့ရဲ့ ကောင်းကျိုးတွေကို သူ တန်ဖိုးထားလေးမြတ်ခဲ့တယ်။
ဒါဝိဒ် ခံစားခဲ့ရတဲ့ အဓိကကောင်းကျိုးက ပျော်ရွှင်မှု ပြန်ခံစားရတာပါ။ ဒါကြောင့် “အမှားတွေ ခွင့်လွှတ်ခံရသူ၊ အပြစ်တွေ ဖုံးအုပ်ခံရသူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ သူရေးတယ်။ (ဆာလံ ၃၂:၁) “ယေဟောဝါဘုရား၊ ကျွန်တော့်နှုတ်ကို ဖွင့်ပေးပါ။ ဒါမှ ကိုယ်တော့်ကို ချီးမွမ်းနိုင်မှာပါ” လို့လည်း ဆုတောင်းတယ်။ (ဆာလံ ၅၁:၁၅) ဒါဝိဒ်က အပြစ်ခွင့်လွှတ်ခံရလို့၊ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျေးဇူးတင်လို့ တခြားသူတွေကို ဘုရားအကြောင်း ပြောပြချင်လာတယ်။
ယေဟောဝါက သင့်ကိုလည်း ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိစေချင်တယ်။ မိမိအကြောင်း၊ မိမိရည်ရွယ်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့ မဟုတ်ဘဲ ကြည်လင် ရွှင်လန်းတဲ့စိတ်နဲ့ ပြောစေချင်တယ်။ (ဆာလံ ၆၅:၁-၄) “ယေဟောဝါဘုရားဆီက လန်းဆန်းစေတဲ့အချိန်ကာလ ရောက်လာ” စေဖို့ “ခင်ဗျားတို့ရဲ့အပြစ်တွေကို ပယ်ဖျက်” ပေးမယ် ဆိုတဲ့ ဖိတ်ခေါ်ချက်ကို အမှတ်ရပါ။—တမန်တော် ၃:၁၉။
အဲဒီအတိုင်း မာသာ ဖြစ်ခဲ့တယ်။ သူ အခုလို ပြောပြတယ်– “သားလေးက ကျွန်မဆီကို ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းတွေ အမြဲပို့ပေးတယ်။ တဖြည်းဖြည်း ကျွန်မလည်း ယေဟောဝါဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတယ်။ ကျွန်မအတွက် အခက်ဆုံးကတော့ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုတာပါ။ နောက်ဆုံးမှာတော့ ခွင့်လွှတ်ပေးဖို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ အနှစ် ၄၀ ကြာပြီးမှ ယေဟောဝါဆီ ကျွန်မ ပြန်လာနိုင်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ လူတစ်ယောက်က အဖွဲ့အစည်းနဲ့ နှစ်ပေါင်းများစွာ ဝေးသွားခဲ့ရင်တောင် ပြန်လာနိုင်တယ်၊ ဘုရားမေတ္တာ ပြန်ရနိုင်တယ်ဆိုတာ ကျွန်မကိုယ်တွေ့ပါပဲ။”