ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၃/၁ စာ. ၁၂-၁၇
  • အလင်းတွင် လျှောက်လှမ်းသူများအတွက် ပျော်ရွှင်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလင်းတွင် လျှောက်လှမ်းသူများအတွက် ပျော်ရွှင်ရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဣသရေလခေတ်၌ မှောင်မိုက်ကာလ
  • ယခုခေတ် မှောင်မိုက်ကာလများ
  • “နာမတော်ကို ချီးမွမ်းပါမည်”
  • မြို့တစ်မြို့ ဖျက်ဆီးခံခဲ့ရ
  • “ဆင်းရဲသောသူတို့ခိုလှုံရာ”
  • ယေဟောဝါ၏ လက်တော်ကို ချီမြှောက်တော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • အလင်းကိုရွေးချယ်သူတို့အတွက် ကယ်တင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၃/၁ စာ. ၁၂-၁၇

အလင်းတွင် လျှောက်လှမ်းသူများအတွက် ပျော်ရွှင်ရာ

“ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။”—ဟေရှာယ ၂:၅။

၁၊ ၂။ (က) အလင်းသည် မည်မျှအရေးပါသနည်း။ (ခ) မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်ဟူသောသတိပေးချက်က အဘယ်ကြောင့် ဤမျှတိုင်အရေးကြီးသနည်း။

ယေဟောဝါသည် အလင်း၏ရင်းမြစ်ဖြစ်တော်မူ၏။ ကိုယ်တော်အား “နေ့အချိန်၌လင်းစရာဖို့ နေကိုခန့်ထား၍ ညအချိန်၌လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူထသော” အရှင်ဟု သမ္မာကျမ်းစာကခေါ်ဆိုထားသည်။ (ယေရမိ ၃၁:၃၅; ဆာလံ ၈:၃) ကိုယ်တော်သည် ကျွန်ုပ်တို့၏နေကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကာ ယင်းသည် အာကာသအတွင်းသို့ အလွန်များပြားသောစွမ်းအင်ပမာဏများကို ထုတ်လွှတ်လျက်ရှိ ကြီးမားလှသောနယူကလီးယားဓာတ်ပေါင်းဖိုတစ်ခုဖြစ်ပြီး အချို့ကို အလင်းနှင့်အပူအသွင်ဖြင့် ထုတ်လွှတ်ပေးနေသည်။ ဤကမ္ဘာမြေပေါ်သို့ နေရောင်ခြည်အဖြစ် ကျွန်ုပ်တို့ထံရောက်လာသော ထိုစွမ်းအင်ထဲမှ အလွန်နည်းသောရာခိုင်နှုန်းမျှသည် သက်ရှိများကိုဆက်အသက်ရှင်နေစေ၏။ နေရောင်ခြည်မရှိက ကျွန်ုပ်တို့တည်ရှိနိုင်မည်မဟုတ်ချေ။ ကမ္ဘာမြေသည် သက်မဲ့ဂြိုဟ်တစ်ခုဖြစ်သွားပေမည်။

၂ ယင်းကိုစိတ်ထဲထား၍ ပရောဖက်ဟေရှာယ ဖော်ပြခဲ့သောအခြေအနေ၏အရေးပါမှုကို ကျွန်ုပ်တို့နားလည်နိုင်ပါသည်။ သူကဤသို့ဆိုခဲ့သည်– “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။” (ဟေရှာယ ၆၀:၂) အမှန်မှာ၊ ယင်းသည် ပကတိတွေ့ကြုံရသော မှောင်မိုက်ကိုရည်ညွှန်းနေခြင်းမဟုတ်ပေ။ တစ်နေ့နေ့တွင် နေ၊ လနှင့် ကြယ်များသည် ထွန်းလင်းခြင်းမှရပ်တန့်သွားလိမ့်မည်ဟု ဟေရှာယဆိုလိုခဲ့ခြင်းမဟုတ်ချေ။ (ဆာလံ ၈၉:၃၆၊ ၃၇; ၁၃၆:၇-၉) ယင်းအစား သူက ဝိညာဉ်ရေးရာမှောင်မိုက်အကြောင်း ပြောဆိုနေခဲ့ခြင်းဖြစ်၏။ သို့ဖြစ်စေကာမူ ဝိညာဉ်ရေးရာမှောင်မိုက်က သေခြင်းကိုဖြစ်စေသည်။ ရေရှည်တွင် ကျွန်ုပ်တို့သည် ပကတိအလင်းမရှိဘဲ အသက်မရှင်နိုင်သကဲ့သို့ ဝိညာဉ်ရေးရာအလင်းမရှိဘဲ အသက်မရှင်နိုင်ချေ။—လုကာ ၁:၇၉။

၃။ ဟေရှာယ၏စကားများကြောင့် ခရစ်ယာန်များ အဘယ်အရာပြုလုပ်သင့်သနည်း။

၃ ယင်းကြောင့် ဟေရှာယ၏စကားများသည် ရှေးယုဒအချိန်၌ ပြည့်စုံခဲ့ပြီးဖြစ်သော်လည်း ယနေ့ သာ၍ကြီးမားသောပြည့်စုံချက်ရှိနေရာ ၎င်းကိုသတိပြုရန် အရေးကြီး၏။ မှန်ပါသည်၊ ကျွန်ုပ်တို့အချိန်တွင် ကမ္ဘာသည် ဝိညာဉ်ရေးရာမှောင်မိုက်ဖြင့် ဖုံးလွှမ်းနေသည်။ ထိုသို့သော အန္တရာယ်ရှိသည့်အခြေအနေမျိုးတွင် ဝိညာဉ်ရေးရာအလင်းသည် အရေးပါဆုံးဖြစ်၏။ ယင်းကြောင့် ခရစ်ယာန်များသည် ယေရှု၏ ဤနှိုးဆော်ချက်ကို သတိပြုသင့်သည်– “သူတစ်ပါးရှေ့ ၌ သင်တို့၏အလင်းကို လင်းစေကြလော့။” (မဿဲ ၅:၁၆) သစ္စာရှိခရစ်ယာန်များသည် စိတ်နှိမ့်ချသူတို့ကိုအလင်းပေးနိုင်ကြသဖြင့် သူတို့ကို အသက်ရစေနိုင်သည်။—ယောဟန် ၈:၁၂။

ဣသရေလခေတ်၌ မှောင်မိုက်ကာလ

၄။ ဟေရှာယ၏ပရောဖက်ပြုချက်သည် ဦးဆုံးအနေဖြင့် မည်သည့်အချိန်၌ ပြည့်စုံခဲ့သနည်း၊ သို့သော် သူ့ခေတ်တွင် အဘယ်အခြေအနေ ရှိထားနှင့်ပြီးဖြစ်သနည်း။

၄ မြေကြီးကိုအမှောင်ဖုံးခြင်းနှင့်ပတ်သက်သော ဟေရှာယ၏စကားများသည် ယုဒနိုင်ငံတွင် လူသူကင်းမဲ့၍ ထိုနိုင်ငံသားများ ဗာဗုလုန်၌ပြည်နှင်ခံအဖြစ်နေခဲ့ရစဉ် ဦးဆုံးပြည့်စုံခဲ့၏။ သို့သော် ထိုအချိန်မတိုင်မီကပင် ဟေရှာယ၏ခေတ်တွင် နိုင်ငံသားအများစုမှာ ဝိညာဉ်ရေးရာမှောင်မိုက်ဖြင့် ဖုံးလွှမ်းခံရနှင့်ပြီးသားဖြစ်ကာ ယင်းကြောင့် သူက မိမိ၏တစ်နိုင်ငံတည်းသားများကို ဤသို့တိုက်တွန်းခဲ့ရသည်– “အိုယာကုပ်အမျိုးသားတို့ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။”—ဟေရှာယ ၂:၅; ၅:၂၀။

၅၊ ၆။ ဟေရှာယအချိန်တွင် အဘယ်အကြောင်းများကြောင့် မှောင်မိုက်ခဲ့သနည်း။

၅ ဟေရှာယသည် “ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့လက်ထက်၌” ယုဒနိုင်ငံတွင်ပရောဖက်ပြုခဲ့သည်။ (ဟေရှာယ ၁:၁) ထိုအချိန်သည် နိုင်ငံရေးမငြိမ်သက်မှု၊ ဘာသာရေးအရေခြုံမှု၊ တရားရေးဖောက်ပြန်မှု၊ ဆင်းရဲသားများကို ဖိနှိပ်မှုဖြင့် ရုန်းရင်းခတ်နေသောအချိန်ဖြစ်သည်။ ယောသံကဲ့သို့သော သစ္စာရှိသည့်ရှင်ဘုရင်များ အုပ်စိုးစဉ်အတွင်း၌ပင် မှောက်မှားသောဘုရားများ၏ယဇ်ပလ္လင်များကို တောင်ထိပ်များပေါ်တွင် တွေ့မြင်နိုင်ခဲ့သည်။ သစ္စာမဲ့သောရှင်ဘုရင်များလက်အောက်တွင် အခြေအနေ သာ၍ပင်ဆိုးရွားခဲ့သည်။ ဥပမာ၊ ဆိုးညစ်သောရှင်ဘုရင်အာခတ်သည် မောလုတ်ဘုရားအတွက် မိမိ၏ကလေးကိုပင် ယဇ်ပူဇော်သည့်အထိ ပြုလုပ်ခဲ့၏။ အမှန်ပင် မှောင်မိုက်အတိပါတကား!—၄ ဓမ္မရာဇဝင် ၁၅:၃၂-၃၄; ၁၆:၂-၄။

၆ နိုင်ငံတကာ၏အခြေအနေမှာလည်း အမှောင်ကျနေသည်။ မောဘ၊ ဧဒုံနှင့် ဖိလိတ္တိတို့သည် ယုဒနိုင်ငံနယ်နိမိတ်ကို ရန်မူခြိမ်းခြောက်လျက်ရှိ၏။ မြောက်ပိုင်းဣသရေလနိုင်ငံသည် သွေးသားတော်စပ်သော်လည်း ရန်သူနိုင်ငံဖြစ်ခဲ့သည်။ မြောက်ဘက်ပိုင်းပိုကျသော ရှုရိပြည်သည် ယုဒနိုင်ငံ၏ငြိမ်သက်မှုကို ခြိမ်းခြောက်ခဲ့၏။ တစ်ချိန်လုံးပင် မိမိ၏တန်ခိုးအာဏာကိုတိုးချဲ့ရန် အခွင့်အရေးရှာနေသော ရက်စက်ကြမ်းကြုတ်သည့်အာရှုရိနိုင်ငံမှာ သာ၍ပင်ကြောက်စရာကောင်း၏။ ဟေရှာယပရောဖက်ပြုနေချိန်အတွင်း၌ပင် အာရှုရိသည် ဣသရေလနိုင်ငံကို လုံးလုံးသိမ်းပိုက်ခဲ့ပြီး ယုဒနိုင်ငံကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။ တစ်ချိန်က ယေရုရှလင်မြို့မှလွဲ၍ ယုဒနိုင်ငံ၏မြို့အားလုံးကို အာရှုရိကတိုက်ခိုက်သိမ်းယူထားသည်။—ဟေရှာယ ၁:၇၊ ၈; ၃၆:၁။

၇။ ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံသည် အဘယ်လမ်းကိုရွေးချယ်ခဲ့ကြသနည်း၊ ယေဟောဝါ မည်သို့တုံ့ပြန်ခဲ့သနည်း။

၇ ဣသရေလနိုင်ငံနှင့် ယုဒနိုင်ငံသည် ဘုရားသခင်ကိုသစ္စာမဲ့ခဲ့သောကြောင့် ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့ထားသောလူမျိုးသည် ယင်းသို့သောကပ်ဘေးများကို ခံခဲ့ကြရသည်။ နယပုံပြင်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း သူတို့သည် “ဖြောင့်မတ်သောလမ်းကိုစွန့်၍ မိုက်မဲသောလမ်းသို့လိုက်” ခဲ့ကြပြီ။ (သု. ၂:၁၃) သို့တိုင် ယေဟောဝါသည် မိမိ၏လူမျိုးကို အမျက်ဒေါသထွက်ခဲ့သော်လည်း သူတို့ကို ကိုယ်တော်အပြီးမစွန့်ပယ်ခဲ့ချေ။ ယင်းအစား ထိုနိုင်ငံထဲမှ ယေဟောဝါအား သစ္စာရှိရှိဝတ်ပြုကိုးကွယ်ရန် ရှာဖွေလျက်ရှိကြသော မည်သူမဆိုအတွက် ဝိညာဉ်ရေးအလင်းပေးဖို့ ဟေရှာယနှင့် အခြားပရောဖက်များကို ကိုယ်တော်ပေါ်ထွန်းစေခဲ့သည်။ ဤပရောဖက်များအားဖြင့် ပေးသောအလင်းသည် အမှန်ပင်တန်ဖိုးရှိခဲ့သည်။ ယင်းသည် အသက်ပေးအလင်းပေတည်း။

ယခုခေတ် မှောင်မိုက်ကာလများ

၈၊ ၉။ ယနေ့ အဘယ်အခြေခံအကြောင်းများက ဤကမ္ဘာကိုမှောင်မိုက်စေသနည်း။

၈ ဟေရှာယခေတ်က အခြေအနေသည် ယခုခေတ်နှင့် အလွန်ဆင်တူပါသည်။ ယနေ့ လူ့ခေါင်းဆောင်များသည် ယေဟောဝါနှင့် ကိုယ်တော်၏နန်းထိုင်ဘုရင်၊ ယေရှုခရစ်အား ငြင်းပယ်ခဲ့ကြသည်။ (ဆာလံ ၂:၂၊ ၃) ခရစ်ယာန်ဘောင်၏ ဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏သိုးများကို လိမ်လည်လှည့်ဖြားနေကြသည်။ ထိုသို့သောခေါင်းဆောင်များသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည်ဟုဆိုကြသော်လည်း အမှန်မှာ အများစုသည် ဤလောက၏ကိုးကွယ်ရာများ—လူမျိုးကြီးဝါဒ၊ တိုက်ခိုက်ခြင်း၊ ချမ်းသာကြွယ်ဝမှုနှင့် ပေါ်လွင်သူများ—ကို မြှင့်တင်ပေးနေသည့်အပြင် အယူမှားများကို သွန်သင်ပေးလျက်ရှိသည်။

၉ နေရာတကာ၌ လူမျိုးစုသန့်စင်ရေးနှင့် အခြားကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများ ဖြစ်ပွားစေသည့် စစ်ပွဲများနှင့် ပြည်တွင်းတိုက်ခိုက်မှုများတွင် ခရစ်ယာန်ဘောင်ဘာသာဂိုဏ်းဂဏများ ပါဝင်ပတ်သက်ခဲ့ပြီ။ ထို့ပြင် သမ္မာကျမ်းစာပေါ်အခြေခံသည့် ကိုယ်ကျင့်တရားဘက် ရပ်တည်မည့်အစား ချာ့ချ်များစွာသည် မတရားမေထုန်နှင့် လိင်တူမေထုန်ပြုခြင်းတို့ကဲ့သို့သော အကျင့်ယိုယွင်းမှုများကို လျစ်လျူရှုနေကြ၏၊ သို့မဟုတ် တက်တက်ကြွကြွထောက်ခံနေကြသည်။ သမ္မာကျမ်းစာစံနှုန်းများကို ဤသို့ငြင်းပယ်ကြခြင်း၏ရလဒ်အနေဖြင့် ခရစ်ယာန်ဘောင်ရှိလူစုလူဝေးများသည် ရှေးခေတ်မှ ဆာလံဆရာ ဖော်ပြသောဤသူများနှင့် တူညီနေပေပြီ– “သူတို့သည်မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ကျင်လည်ကြ၏။” (ဆာလံ ၈၂:၅) မှန်ပါ၏၊ ခရစ်ယာန်ဘောင်သည် ရှေးယုဒနိုင်ငံကဲ့သို့ပင် အမှောင်ထုထဲတွင်ရှိသည်။—ဗျာဒိတ် ၈:၁၂။

၁၀။ ယနေ့ မှောင်မိုက်ထဲတွင် အလင်းမည်သို့ထွန်းလင်းသနည်း၊ စိတ်နှိမ့်ချသူတို့သည် မည်သို့အကျိုးရရှိနေသနည်း။

၁၀ ယေဟောဝါသည် ဤအမှောင်ထုထဲတွင် စိတ်နှိမ့်ချသူများအကျိုးအလို့ငှာ အလင်းထွန်းလင်းစေ၏။ ထိုသို့ဖြစ်စေရန် ကိုယ်တော်သည် ကမ္ဘာပေါ်ရှိ မိမိ၏ကောင်းကင်အတန်းအစားမှကျေးကျွန်များဖြစ်သူ ‘သစ္စာနှင့်သတိပညာရှိကျွန်’ ကို ဤလောကတွင် ‘အလင်းဆောင်သူများအနေဖြင့် ထွန်းလင်း’ ရန်အသုံးပြုလျက်ရှိသည်။ (မဿဲ ၂၄:၄၅; ဖိလိပ္ပိ ၂:၁၆) “အခြားသိုး” မှသန်းနှင့်ချီသောအပေါင်းပါတို့၏ ထောက်ပံ့ကူညီမှုအားဖြင့် အဆိုပါကျေးကျွန်အတန်းအစားသည် ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာပေါ်အခြေပြုသော ဝိညာဉ်ရေးရာအလင်းကို ထွန်းလင်းပေးနေသည်။ (ယောဟန် ၁၀:၁၆) မှောင်အတိကျနေသော ဤလောကထဲတွင် ထိုသို့သောအလင်းသည် စိတ်နှိမ့်ချသူတို့အား မျှော်လင့်ချက်ပေးပြီး ဘုရားသခင်နှင့် သူတို့ဆက်ဆံရေးကောင်းရှိလာစေရန် အကူအညီပေးသည့်အပြင် ဝိညာဉ်ရေးရာအန္တရာယ်များကိုရှောင်ရှားနိုင်ဖို့ ထောက်ကူပေးသည်။ ယင်းသည် အသက်ပေး၍ အဖိုးထိုက်လှပေသည်။

“နာမတော်ကို ချီးမွမ်းပါမည်”

၁၁။ ယေဟောဝါသည် ဟေရှာယအချိန်တွင် မည်သည့်သတင်းအချက်အလက်များကို ပေးခဲ့သနည်း။

၁၁ ဟေရှာယအသက်ရှင်ခဲ့ချိန် မှောင်မိုက်ကာလအတောအတွင်းနှင့် ယေဟောဝါ၏လူမျိုးကိုချုပ်နှောင်ရန် ဗာဗုလုန်တို့ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုထက်သာ၍မှောင်မိုက်သော နောက်ပိုင်းကာလအတွင်းတွင် ယေဟောဝါသည် မည်သို့ညွှန်ကြားတော်မူခဲ့သနည်း။ ကိုယ်ကျင့်တရားဆိုင်ရာ ညွှန်ကြားမှုပေးသည့်အပြင် မိမိလူတို့နှင့်ပတ်သက်၍ ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို မည်သို့ပြည့်စုံစေမည့်အကြောင်း ရှင်းလင်းစွာ ကြိုတင်ဖော်ပြပေးတော်မူခဲ့၏။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၂၅ မှ ၂၇ တွင်ပါသော အံ့ဖွယ်ကောင်းသည့်ပရောဖက်ပြုချက်များကို သုံးသပ်ကြည့်ပါ။ ဤအခန်းကြီးများရှိ စကားများသည် ထိုအချိန်က အရေးကိစ္စများကို ယေဟောဝါမည်သို့ကိုင်တွယ်ခဲ့ကြောင်းနှင့် ယနေ့လည်း ကိုယ်တော်မည်သို့ကိုင်တွယ်မည်ကို ဖော်ပြပေးသည်။

၁၂။ ဟေရှာယသည် အဘယ်လှိုက်လှဲသောစကားကို ပြောဆိုခဲ့သနည်း။

၁၂ ဦးစွာ ဟေရှာယက ဤသို့ကြွေးကြော်သည်– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုမြှောက်စားပါမည်။ နာမတော်ကိုချီးမွမ်းပါမည်။” အမှန်တကယ်လှိုက်လှဲသောချီးမွမ်းချက်ပါတကား! သို့သော် ယင်းဆုတောင်းချက်ကိုနှုတ်မြွက်ရန် ထိုပရောဖက်ကို အဘယ်အရာကလှုံ့ဆော်ပေးခဲ့သနည်း။ အကြောင်းရင်းတစ်ခုကို ထိုအခန်းငယ်၏ဒုတိယအပိုင်းတွင် ဖော်ပြထားရာ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အံ့ဖွယ်သောအမှုတို့ကို [ယေဟောဝါ] ပြုတော်မူပြီ။ ရှေးအကြံတော်တို့သည်မရွေ့၊ သစ္စာနှင့်မြဲမြံကြပါ၏။”—ဟေရှာယ ၂၅:၁။

၁၃။ (က) အဘယ်အသိပညာက ယေဟောဝါအပေါ် ဟေရှာယ၏ကျေးဇူးတင်လေးမြတ်မှုကို သန်စွမ်းစေခဲ့သနည်း။ (ခ) ဟေရှာယ၏ပုံသက်သေမှ ကျွန်ုပ်တို့ မည်သို့သင်ယူနိုင်သနည်း။

၁၃ ဟေရှာယခေတ်တိုင်လေသော် ဣသရေလတို့အတွက် အံ့ဖွယ်ရာများစွာကို ယေဟောဝါပြုလုပ်ပေးခဲ့ပြီးဖြစ်၍ ယင်းတို့ကို ကျမ်းစာ၌မှတ်တမ်းတင်ထားခဲ့၏။ ဟေရှာယသည် ဤကျမ်းစောင်များနှင့် အကျွမ်းတဝင်ရှိခဲ့သည်မှာ ထင်ရှားပါသည်။ ဥပမာ၊ ယေဟောဝါသည် မိမိ၏လူတို့ကို အီဂျစ်ပြည်ရှိကျွန်ဘဝမှခေါ်ထုတ်လာခဲ့ပြီး ပင်လယ်နီ၌ ဖာရောစစ်တပ်၏အမျက်ဒေါသမှ သူတို့ကို ကယ်လွှတ်ပေးခဲ့ကြောင်း သူသိထားသည်။ တောကန္တာရတစ်လျှောက်တွင် ယေဟောဝါသည် မိမိ၏လူတို့ကိုဦးဆောင်ခဲ့ပြီး ကတိထားရာပြည်ထဲသို့ သူတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သူသိရှိထား၏။ (ဆာလံ ၁၃၆:၁၊ ၁၀-၂၆) ထိုသို့သော သမိုင်းဝင်မှတ်တမ်းများက ယေဟောဝါဘုရားသခင်သည် သစ္စာရှိပြီး ယုံကြည်ကိုးစားထိုက်ကြောင်းဖော်ပြသည်။ ကိုယ်တော်၏ “အကြံတော်”—ကိုယ်တော်ရည်ရွယ်ထားလေသမျှ—သည် ပြည့်စုံလာ၏။ ဘုရားသခင်ပေးသောတိကျသည့်အသိပညာက အလင်းထဲတွင်ဆက်လျှောက်လှမ်းနေရန် ဟေရှာယကို ခွန်အားပေးခဲ့သည်။ သို့ဖြစ်၍ သူသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်၏။ ရေးသားထားသော ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့အသေအချာလေ့လာပြီး ဘဝအသက်တာ၌ လက်တွေ့ကျင့်သုံးကြမည်ဆိုလျှင် ကျွန်ုပ်တို့လည်း အလင်း၌တည်ရှိနေကြမည်။—ဆာလံ ၁၁၉:၁၀၅; ၂ ကောရိန္သု ၄:၆။

မြို့တစ်မြို့ ဖျက်ဆီးခံခဲ့ရ

၁၄။ မြို့တစ်မြို့နှင့်ပတ်သက်၍ မည်သို့ပရောဖက်ပြုခဲ့သနည်း၊ ယင်းသည် အဘယ်မြို့ဖြစ်ဖွယ်ရာ ရှိခဲ့သနည်း။

၁၄ ဘုရားသခင့်အကြံတော်နှင့်ပတ်သက်၍ ဥပမာတစ်ခုကို ဟေရှာယ ၂၅:၂ တွင်တွေ့ရပြီး ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။” ယင်းသည် အဘယ်မြို့ဖြစ်သနည်း။ ဗာဗုလုန်အကြောင်း ဟေရှာယ ပရောဖက်ပြုပြောဆိုနေခြင်း ဖြစ်နိုင်သည်။ အမှန်ပင်၊ ဗာဗုလုန်သည် ကျောက်ပုံတမျှဖြစ်သွားခဲ့သည့်အချိန် ရောက်လာခဲ့သည်။

၁၅။ ယနေ့ အဘယ် “မြို့ကြီး” တည်ရှိသနည်း၊ ၎င်းသည် မည်သို့ဖြစ်သွားမည်နည်း။

၁၅ ဟေရှာယဖော်ပြခဲ့သောမြို့နှင့် တူသောအရာ ယနေ့ရှိသလော။ ရှိပါသည်။ ဗျာဒိတ်ကျမ်းက “လော [က] ရှင်ဘုရင်တို့ကိုအုပ်စိုးသော မြို့ကြီး” အကြောင်းဖော်ပြထားပါသည်။ (ဗျာဒိတ် ၁၇:၁၈) အဆိုပါမြို့ကြီးမှာ ‘မဟာဗာဗုလုန်၊’ မှောက်မှားသောကမ္ဘာ့အင်ပါယာဖြစ်သည်။ (ဗျာဒိတ် ၁၇:၅) ယနေ့ မဟာဗာဗုလုန်၏ အဓိကအစိတ်အပိုင်းမှာ ခရစ်ယာန်ဘောင်ဖြစ်ပြီး ၎င်း၏တရားဟောဆရာများသည် ယေဟောဝါလူမျိုး၏ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဆန့်ကျင်ရာတွင် ဦးဆောင်ကြသည်။ (မဿဲ ၂၄:၁၄) သို့သော် မကြာမီတွင် ရှေးခေတ်ဗာဗုလုန်ကဲ့သို့ပင် မဟာဗာဗုလုန်သည် မည်သည့်အခါမျှပြန်၍မပေါ်လာနိုင်အောင် ဖျက်ဆီးခံရပေလိမ့်မည်။

၁၆၊ ၁၇။ ရှေးအချိန်နှင့် ခေတ်သစ်အချိန်ကာလတွင် ယေဟောဝါ၏ရန်သူများသည် ကိုယ်တော်အား မည်သို့ချီးမွမ်းခဲ့ကြသနည်း။

၁၆ “ခိုင်ခံ့သောမြို့” နှင့်ပတ်သက်၍ ဟေရှာယ နောက်ထပ်မည်သို့ပရောဖက်ပြုသနည်း။ ယေဟောဝါအား ဟေရှာယက ဤသို့ပြောခဲ့သည်– “အားကြီးသောလူမျိုးသည် ကိုယ်တော်ကိုချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဖွယ်သောလူမျိုးတို့၏နေရာမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့ပါလိမ့်မည်။” (ဟေရှာယ ၂၅:၃) ဤရန်လိုသောမြို့၊ “ကြောက်မက်ဖွယ်သောလူမျိုးတို့၏နေရာမြို့” သည်ယေဟောဝါအား မည်သို့ချီးမွမ်းမည်နည်း။ ဗာဗုလုန်၏အင်အားအကြီးမားဆုံးရှင်ဘုရင် နေဗုခဒ်နေဇာ၏အဖြစ်ကို သတိရပါ။ သူသည် သူ၏အားနည်းချက်ကို ဖော်ပြသော တွေးတောစရာအတွေ့အကြုံကိုခံစားရပြီးနောက် ယေဟောဝါ၏ကြီးမြတ်မှုနှင့် ကိုယ်တော်၏ခွန်အားတန်ခိုးကြီးမားမှုကို မဖြစ်မနေဝန်ခံခဲ့ရပါသည်။ (ဒံယေလ ၄:၃၄၊ ၃၅) ယေဟောဝါသည် မိမိ၏တန်ခိုးကိုအသုံးပြုသောအခါ ကိုယ်တော့်ရန်သူများပင် စိတ်မပါသည့်တိုင်အောင် ကိုယ်တော်၏တန်ခိုးကြီးသောလုပ်ရပ်များကို အသိအမှတ်မပြုဘဲမနေနိုင်ပါ။

၁၇ မဟာဗာဗုလုန်သည် ယေဟောဝါ၏တန်ခိုးကြီးသောလုပ်ရပ်များကို အသိအမှတ်မပြုမနေ ပြုခဲ့ရဖူးသလော။ အသိအမှတ်ပြုခဲ့ရပါသည်။ ပထမကမ္ဘာစစ်အတွင်း ယေဟောဝါ၏ ကောင်းကင်အတန်းအစားကျေးကျွန်များသည် ခက်ခဲဆင်းရဲမှုအောက်တွင် ဟောပြောခဲ့ကြရသည်။ ၁၉၁၈ တွင် ကင်းမျှော်စင်အသင်း၏ ဦးဆောင်သူပိုင်းမှသူများ ထောင်ချခံခဲ့ရသောအခါ သူတို့သည် ဝိညာဉ်ရေးအရ သုံ့ပန်းဘဝသို့ ရောက်သွားခဲ့ကြသည်။ စည်းစနစ်တကျဟောပြောခြင်းလုပ်ငန်းသည် ရပ်တန့်သွားလုနီးပါး ဖြစ်ခဲ့သည်။ ထို့နောက် ၁၉၁၉ တွင် ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်ဖြင့် သူတို့ကို ပြန်ဖွဲ့စည်းပေးခဲ့ပြီး အားအင်တိုးစေခဲ့သည်နှင့် သူတို့သည် လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ သတင်းကောင်းဟောပြောခြင်းတာဝန်ကို စတင်ထမ်းဆောင်ကြလေသည်။ (မာကု ၁၃:၁၀) ဤအရာအားလုံးကို ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည်နည်းတူ သူတို့အား ဆန့်ကျင်သူတို့အပေါ် အကျိုးသက်ရောက်မှုကို ဖော်ပြခဲ့သည်။ သူတို့သည် “ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။” (ဗျာဒိတ် ၁၁:၃၊ ၇၊ ၁၁-၁၃) သူတို့အားလုံး ဘာသာပြောင်းဝင်လာခဲ့သည်မဟုတ်သော်လည်း ဤအခါသမယတွင် ဟေရှာယတင်ကူးပြောထားခဲ့သကဲ့သို့ပင် ယေဟောဝါ၏တန်ခိုးကြီးသောလုပ်ရပ်ကို သူတို့အသိအမှတ်မပြုမနေ အသိအမှတ်ပြုခဲ့ကြရသည်။

“ဆင်းရဲသောသူတို့ခိုလှုံရာ”

၁၈၊ ၁၉။ (က) ယေဟောဝါလူမျိုး၏ သစ္စာစောင့်သိမှုကိုချိုးဖျက်ရန် ဆန့်ကျင်သူတို့ အဘယ်ကြောင့် မအောင်မြင်နိုင်ခဲ့ကြသနည်း။ (ခ) “ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ” သည် မည်သို့ပျောက်ရလိမ့်မည်နည်း။

၁၈ ဤတွင် အလင်း၌လျှောက်လှမ်းနေသူတို့အပေါ် ကြင်နာစွာဖြင့် ယေဟောဝါဆက်ဆံပုံကို အာရုံစူးစိုက်စေကာ ယေဟောဝါအား ဟေရှာယကဤသို့ပြောဆိုခဲ့သည်– “ကိုယ်တော်သည် ဆင်းရဲသောသူတို့ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။ ထရံကိုတိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဖွယ်သော သူတို့၏ဒေါသအမျက်ထွက်သောအခါ၊ မိုးသက်မုန်တိုင်းလွတ်ရာ၊ နေရောင်ကွယ်ကာရာဖြစ်တော်မူ၏။ သွေ့ခြောက်သောအရပ်၌ နေအရှိန်ကိုကဲ့သို့ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သောမိုးတိမ်အားဖြင့် နေအရှိန်ပျောက်သကဲ့သို့ ကြောက်မက်ဖွယ်သောသူတို့၏သီချင်းသံ ပျောက်ရပါလိမ့်မည်။”—ဟေရှာယ ၂၅:၄၊ ၅။

၁၉ ၁၉၁၉ ကတည်းက နိုင်လိုမင်းထက်အုပ်စိုးသူတို့သည် စစ်မှန်သောဝတ်ပြုကိုးကွယ်သူတို့၏ သမာဓိကိုချိုးဖျက်ရန် ကြိုးစားခဲ့ကြသည်၊ သို့သော် သူတို့ မအောင်မြင်ခဲ့ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် မိမိလူမျိုး၏ ခိုလှုံရာရဲတိုက်ဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည် နှိပ်စက်ညှဉ်းပန်းမှုအပူရှိန်မှ ကာကွယ်ရန် အေးမြသောအရိပ်ကိုပေးထားပြီး ဆန့်ကျင်မှုမိုးမုန်တိုင်းမှ ကာကွယ်ရန် ခိုင်ခံ့သောနံရံတစ်ခုကဲ့သို့ တည်ရှိနေသည်။ ဘုရားသခင့်အလင်းတော်၌ လျှောက်လှမ်းနေကြသော ကျွန်ုပ်တို့သည် ‘ကြောက်မက်ဖွယ်သော သူတို့၏သီချင်းသံ ပျောက်ရလိမ့်မည့်’ အချိန်ကို စောင့်မျှော်နေကြပါသည်။ မှန်ပါ၏၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏ရန်သူများ မရှိတော့မည့်နေ့ကို စိတ်အားထက်သန်စွာ စောင့်နေကြပါသည်။

၂၀၊ ၂၁။ အဘယ်ခဲဖွယ်စားဖွယ်ပွဲကို ယေဟောဝါပြင်ဆင်ပေးသနည်း၊ ကမ္ဘာသစ်၌ ထိုခဲဖွယ်စားဖွယ်ပွဲတွင် အဘယ်အရာပါဝင်မည်နည်း။

၂၀ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ကာကွယ်ရုံထက်မက လုပ်ဆောင်ပေးတော်မူ၏။ မေတ္တာပြည့်ဝသောဖခင်တစ်ဦးအနေဖြင့် သူတို့၏လိုအပ်ရာများကို ကိုယ်တော်စီမံပေးသည်။ ၁၉၁၉ ခုနှစ်တွင် ကိုယ်တော်၏လူမျိုးကို မဟာဗာဗုလုန်မှ လွတ်မြောက်စေပြီးနောက် သူတို့ရှေ့တွင် အောင်ပွဲခံစားသောက်ပွဲဖြစ်သည့် ဝိညာဉ်ရေးရာအစာကို ဖောဖောသီသီ တည်ခင်းပေးခဲ့သည်။ ယင်းကို ဟေရှာယ ၂၅:၆ တွင်ကြိုပြောထားခဲ့ရာ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။” ထိုစားသောက်ပွဲတွင် ကျွန်ုပ်တို့ပါဝင်နိုင်ခြင်းမှာ ကောင်းချီးပါတကား! (မဿဲ ၄:၄) စားသောက်ရန် ကောင်းမွန်သောအရာများဖြင့် “[“ယေဟောဝါ၊ ကဘ] ၏စားပွဲ” ကို အမှန်တကယ်တည်ခင်းထားပါသည်။ (၁ ကောရိန္သု ၁၀:၂၁) ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှတစ်ဆင့် ဝိညာဉ်ရေးရာသဘောအရ ကျွန်ုပ်တို့လိုအပ်သမျှကို ကျွန်ုပ်တို့ရရှိထားပြီ။

၂၁ ဘုရားသခင်ပြင်ဆင်ပေးသော ဤခဲဖွယ်စားဖွယ်ပွဲထက်မက ရှိပါသေးသည်။ ကျွန်ုပ်တို့ ယခုစားသုံးနေကြရသော ဝိညာဉ်ရေးရာစားသောက်ပွဲကြီးသည် ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်တွင်သုံးဆောင်ကြရမည့် ကာယအစာအလျှံပယ်ကို သတိရစေသည်။ ထိုအခါ “ဆူသောခဲဖွယ်စားဖွယ်” တို့တွင် ကာယအစားအစာ အမြောက်အမြားပါဝင်လိမ့်မည်။ မည်သူမျှ ကာယရေး သို့မဟုတ် ဝိညာဉ်ရေးသဘောအရ ဆာလောင်မွတ်သိပ်တော့မည်မဟုတ်ချေ။ တင်ကူးဟောထားသော ခရစ်တော်ရောက်ရှိခြင်း၏ “နိမိတ်” တွင်ပါဝင်သည့် “အစာခေါင်းပါးခြင်း” ကို ယခုကြုံတွေ့နေကြရသော ချစ်မြတ်နိုးရသည့်သစ္စာရှိသူတို့အတွက် စိတ်သက်သာစရာပါတကား! (မဿဲ ၂၄:၃၊ ၇) သူတို့အတွက် ဆာလံဆရာ၏စကားများသည် အမှန်ပင်နှစ်သိမ့်မှုဖြစ်စေသည်။ သူကဤသို့ပြောခဲ့သည်– “ပြည်တော်၌ များစွာသောစပါးရှိ၍၊ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။

၂၂၊ ၂၃။ အဘယ် “တဘက်” သို့မဟုတ် “မျက်နှာဖုံး” ဖယ်ရှားပစ်ခံရမည်နည်း၊ မည်သို့အားဖြင့်နည်း။ (ခ) ‘ယေဟောဝါ၏လူတို့ခံရသော ကဲ့ရဲ့ခြင်း’ သည် မည်သို့ဖယ်ရှားခံရမည်နည်း။

၂၂ ယခု ထိုထက်သာ၍အံ့ဖွယ်ရာကတိတော်ကို နားထောင်ကြည့်ကြပါစို့။ အပြစ်နှင့်သေခြင်းကို “တဘက်” သို့မဟုတ် “မျက်နှာဖုံး” နှင့်နှိုင်းယှဉ်၍ ဟေရှာယက ဤသို့ဆိုသည်– “လူခပ်သိမ်းတို့ကိုဖုံးသော မျက်နှာဖုံးကိုလည်းကောင်း၊ ခပ်သိမ်းသောလူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ် [“တဘက်၊” သမ] ကိုလည်းကောင်း ဤတောင်ပေါ်မှာ [ယေဟောဝါ] ပယ်တော်မူလိမ့်မည်။” (ဟေရှာယ ၂၅:၇) စဉ်းစားကြည့်ပါ! မွမ်းကျပ်စေသောစောင်တစ်ထည်ကဲ့သို့ လူတို့အပေါ်၌လေးလံစွာတည်ရှိနေသည့် အပြစ်နှင့်သေခြင်း ရှိတော့မည်မဟုတ်ချေ။ နာခံမှုရှိပြီး သစ္စာရှိသောလူသားတို့အပေါ် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကျေးဇူး အပြည့်အဝသက်ရောက်မည့်အချိန်ကို ကျွန်တော်တို့တောင့်တနေကြပါသည်!—ဗျာဒိတ် ၂၁:၃၊ ၄။

၂၃ ဘုန်းထွန်းတောက်မည့် ထိုအချိန်ကိုညွှန်ပြလျက် မှုတ်သွင်းခံပရောဖက်က ကျွန်ုပ်တို့ကို ဤသို့စိတ်ချစေသည်– “[ဘုရားသခင်သည်] သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။” (ဟေရှာယ ၂၅:၈) သဘာဝအကြောင်းများကြောင့် သေသူတစ်ဦးမျှ ရှိမည်မဟုတ်ချေ၊ သို့မဟုတ် ချစ်ရသောသူတစ်ဦး ဆုံးသွားခြင်းကြောင့် ငိုကြွေးရမည်မဟုတ်ချေ။ ကောင်းမြတ်လှသော ပြောင်းလဲမှုတစ်ခုပါတကား! ထို့အပြင် ဘုရားသခင်နှင့် ကိုယ်တော်၏ကျေးကျွန်များ အတန်ကြာ သည်းခံခဲ့ကြရသည့် ရှုတ်ချပြောဆိုမှုနှင့် လိမ်လည်လှည့်ဖြားသောဝါဒဖြန့်မှုများ မည်သည့်နေရာ၌မျှ ရှိတော့မည်မဟုတ်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် ၎င်း၏ရင်းမြစ်—မုသာ၏အဘ၊ စာတန်နှင့်အတူ စာတန်၏မျိုးနွယ်အားလုံးကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့်တည်း။—ယောဟန် ၈:၄၄။

၂၄။ အလင်းတွင်လျှောက်လှမ်းနေကြသူတို့သည် မိမိတို့၏အကျိုးအလို့ငှာ ယေဟောဝါ၏တန်ခိုးကြီးသောလုပ်ရပ်များကို မည်သို့တုံ့ပြန်ကြသနည်း။

၂၄ ယေဟောဝါ၏တန်ခိုးတော် ထင်ရှားချက်များကို တွေးတောဆင်ခြင်ကြစဉ် အလင်းတွင် လျှောက်လှမ်းနေသူတို့သည် ဤသို့ကြွေးကြော်ရန် လှုံ့ဆော်ခံရ၏– “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ငါတို့မျှော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟု ဆိုကြလိမ့်မည်။” (ဟေရှာယ ၂၅:၉) ဖြောင့်မတ်သောလူသားများသည် များမကြာမီ အမှန်ရွှင်လန်းကြရလိမ့်မည်။ မှောင်မိုက်သည် လုံးဝပပျောက်သွားလိမ့်မည်ဖြစ်ပြီး သစ္စာစောင့်သိသူတို့သည် ယေဟောဝါ၏အလင်းတွင် ထာဝစဉ်ရှိကြလိမ့်မည်။ ၎င်းထက် သာ၍ဘုန်းထွန်းတောက်စရာမျှော်လင့်ချက် ရှိနိုင်ပါဦးမည်လော။ လုံးဝမရှိနိုင်ချေ!

သင်ရှင်းပြနိုင်သလော

• ယနေ့ အလင်းတွင်လျှောက်လှမ်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။

• ဟေရှာယသည် ယေဟောဝါ၏နာမတော်ကို အဘယ်ကြောင့်ချီးမြှောက်ခဲ့သနည်း။

• ရန်သူများသည် ဘုရားသခင့်လူမျိုးတော်၏သစ္စာစောင့်သိမှုကို အဘယ်ကြောင့် ဘယ်သောအခါမျှ ချိုးဖျက်နိုင်လိမ့်မည်မဟုတ်သနည်း။

• အလင်းတွင်လျှောက်လှမ်းနေသူတို့အတွက် အဘယ်ကြွယ်ဝသောကောင်းချီးများ စောင့်ဆိုင်းနေသနည်း။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယုဒပြည်သားတို့သည် မိမိတို့၏ကလေးများကို မောလုတ်ဘုရားထံ ယဇ်ပူဇော်ခဲ့ကြ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ၏ တန်ခိုးပါသောလုပ်ရပ်များကို သိသောပညာက ယေဟောဝါ၏နာမတော်ကိုချီးမွမ်းရန် ဟေရှာယအား လှုံ့ဆော်ပေးခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဖြောင့်မတ်သောသူတို့သည် ယေဟောဝါ၏အလင်းတွင် ထာဝစဉ်ရှိနေကြမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ