ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၆/၁ စာ. ၁၂-၁၈
  • ဝိညာဏသောက်ကြူးသူများ—မည်သူတို့နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝိညာဏသောက်ကြူးသူများ—မည်သူတို့နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယဇ်ပုရောဟိတ်နှင့်ပရောဖက် မှားယွင်းပြီ’
  • ယခုခေတ် ဝိညာဏသောက်ကြူးသူများ
  • “ပညတ်တစ်ခုပေါ်မှာတစ်ခု”
  • စာရင်းရှင်းရာနေ့
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဖခင်တစ်ဦးနှင့် ပုန်ကန်သော သားများ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • သူတို့ခိုလှုံရာ—မုသာတည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၆/၁ စာ. ၁၂-၁၈

ဝိညာဏသောက်ကြူးသူများ—မည်သူတို့နည်း

“ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ . . . သည် အမင်္ဂလာရှိ၏။”—ဟေရှာယ ၂၈:၁။

၁။ များစွာသောသူတို့သည် မည်သို့ဖြစ်မည်ဟု အားခဲနေကြသနည်း။ သူတို့မျှော်လင့်ချက်များ ပြည့်စုံလာမည်လော။

ကျန်ုပ်တို့တက်ကြွလှုပ်ရှားသောကာလပိုင်းတွင် အသက်ရှင်နေရကြသည်။ ကမ္ဘာတစ်ဝန်း ထူးခြားသောနိုင်ငံရေးအပြောင်းအလဲနှင့် ယူအင်န်၏ပါဝင်လှုပ်ရှားမှု တိုးများလာခြင်းကိုတွေ့ရှိကြရာ များစွာသောသူတို့သည် စိတ်လှုပ်ရှားအားရလာကြပြီ။ ၁၉၈၉ ခု၊ ဒီဇင်ဘာလတွင် Detroit Free Press ကဤသို့ဆိုသည်။ “ကမ္ဘာဂြိုဟ်သည် ၁၉၉၀ ပြည့်နှစ်များအတွင်းဝင်သည်နှင့် ငြိမ်းချမ်းရေးဖြစ်ပေါ်လာပြီ။” ဆိုဗီယက်မဂ္ဂဇင်းတစ်စောင်က ဤသို့ကြေညာသည်။ “လှံများကိုတံစဉ်ဖြစ်စေရန် ကျွန်ုပ်တို့ပြင်ဆင်နေသည်။” ယူအင်န်အတွင်းရေးမှူးချုပ်ကလည်း “စစ်အေးအတွင်း ကျွန်ုပ်တို့မရှိတော့ပါ” ဟုကြွေးကြော်သည်။ မှန်သည်။ မျှော်လင့်ချက်မြင့်မားနေပြီး ကမ္ဘာ့ဇာတ်ကွက်သည်လည်း တကယ်ပြောင်းလဲနေပါသည်။ အပြောင်းအလဲများ မည်မျှလျင်မြန်နိုင်ကြောင်း လွန်ခဲ့သောအချိန်တိုကလေးတွင် ပင်လယ်ကွေ့စစ်ပွဲက ဖေါ်ပြခဲ့သည်။ သို့သော်ဤလက်ရှိလောကသည် ငြိမ်းချမ်းလုံခြုံမှုနှင့်တွဲဖက်အကျိုးကျေးဇူးများကို တကယ်ခံစားရသောကာလ တစ်နေ့နေ့တွေ့ရှိနိုင်မည်လော။ အဖြေကား တွေ့ရှိမည်မဟုတ်ဟူ၍ဖြစ်သည်။ အမှန်မှာ ကမ္ဘာ၏အုတ်မြစ်တိုင် တုန်ခါသွားမည့် အရေးအခင်းကြီးတစ်ခုဆင်လျက်ရှိသည်။ ဘာသာရေးလုံးလုံးပါဝင်ပတ်သက်သော အရေးအခင်းဖြစ်သည်။

၂။ ရှေးဣသရေလနှင့်ယုဒနိုင်ငံရှိအခြေအနေကို မျက်မှောက်အခြေအနေနှင့် မည်သို့ယှဉ်ပြထားသနည်း။

၂ ဤအရေးအခင်းကို ဘီစီအီးရှစ်ခုနှင့်ခုနစ်ခုမြောက်ရာစုအတွင်း ရှေးဣသရေလနှင့်ယုဒနိုင်ငံ၌ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များက ကြိုတင်ဖေါ်ပြထားသည်။ ထိုအချိန်ကလည်း လူတို့သည် ငြိမ်းချမ်းရေးရပြီဟု ယူမှတ်ကြသည်။ သို့သော် သူတို့၏ငြိမ်းချမ်းရေးမျှော်လင့်ချက်သည် လှည့်စားမှုမျှဖြစ်၍မကြာမီပေါ်လွင်လိမ့်မည်ဖြစ်ကြောင်း မိမိ၏ပရောဖက်ဟေရှာယမှတစ်ဆင့် ဘုရားသခင်သတိပေးတော်မူသည်။ ယနေ့လည်း လူ့ကြိုးပမ်းမှုများအားဖြင့် မြဲမြံသောငြိမ်းချမ်းရေးရနိုင်မည်ဟု မျှော်လင့်ကြမည်ဆိုလျှင် ကိုယ်ကိုယ်ကိုလှည့်စားနေခြင်းမျှဖြစ်ကြောင်း ကိုယ်တော်၏သက်သေခံများအားဖြင့် ယေဟောဝါရှင်သည် လူ့လောကကိုသတိပေးနေတော်မူသည်။ ယေဟောဝါ၏ပရောဖက်ပြုချက်ဖြစ်သော သတိပေးစကားများကိုဖတ်ရှုကာ ယနေ့မည်သို့သက်ဆိုင်ကြောင်းကြည့်ကြစို့လေ။ ယင်းကို ဟေရှာယ အခန်းကြီး ၂၈ တွင်ဖတ်ရမည်။ ဆိုးသွမ်းသောဣသရေလဘုရင်ပေကာနှင့် ယုဒပြည်ဘုရင်မင်းဆိုးအာဟပ်တို့လက်ထက် ဘီစီအီး ၇၄၀ မတိုင်မီကရေးသားခဲ့ပေသည်။

“ဧဖရိမ်အမျိုး သေသောက်ကြူးတို့”

၃။ အဘယ်ထိတ်လန့်စရာစကားများကို ဟေရှာယပြောဆိုခဲ့သနည်း။

၃ အခန်းကြီး ၂၈ အခန်းငယ် ၁ တွင်ထိတ်လန့်စရာစကားများဖြင့် ကျွန်ုပ်တို့စိတ်တုန်လှုပ်ခံစားရကြ၏။ “စပျစ်ရည်နှင့်ယစ်မူးသောသူတို့၏နေရာ ကြွယ်ဝသောချိုင့်ဦးတွင် ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့် သူတို့၌ညှိုးနွမ်းတတ်သောဘုန်းအသရေ၏ပန်းပွင့်သည် အမင်္ဂလာရှိ၏။” ထိုပြင်းထန်သောပြစ်တင်ချက်ကိုကြားခဲ့ရာ ဣသရေလလူမျိုးသည် အလွန်ထိတ်လန့်ချောက်ချားခဲ့မည်။ ဤ “ဧဖရိမ်အမျိုး သေသောက်ကြူးတို့” ကားမည်သူများနည်း။ သူတို့၏ “မာနသရဖူ” ကားအဘယ်နည်း။ “ကြွယ်ဝသောချိုင့်ဦး” ကားအဘယ်နည်း။ ထိုထက်အရေးကြီးသည်ကား ယနေ့ဤစကားများသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၄။ (က) ဧဖရိမ်နှင့်ကြွယ်ဝသောချိုင့်ဦးတို့ကား အဘယ်နည်း။ (ခ) ဣသရေလနိုင်ငံသည် အဘယ်ကြောင့်လုံခြုံပြီဟုယူမှတ်နေသနည်း။

၄ ဧဖရိမ်သည် ဣသရေလဆယ်နွယ်နိုင်ငံတွင် အကြီးဆုံးဖြစ်သဖြင့် “ဧဖရိမ်” ဟူသောစကားလုံးဖြင့် မြောက်ဘက်နိုင်ငံတစ်ခုလုံးကိုရည်စူးအသုံးပြုလေ့ရှိသည်။ ထိုကြောင့် “ဧဖရိမ်အမျိုး သေသောက်ကြူးတို့” ကားဣသရေလသေသောက်ကြူးများပင်ဖြစ်သည်။ ဣသရေလနိုင်ငံ၏မြို့တော်မှာ ရှမာရိမြို့ဖြစ်၍ မြေသြဇာကောင်းသောချိုင့်ဦး ခံ့ညားသောအမြင့်အရပ်တွင်တည်ရှိသည်။ ထိုကြောင့် “ကြွယ်ဝသောချိုင့်ဦး” ဟူသောစကားသည် ရှမာရိပြည်ကိုဆိုလိုပေသည်။ ဤစကားများကိုရေးသားချိန်တွင် ဣသရေလနိုင်ငံသည် ဘာသာရေးအရပြောမည်ဆိုလျှင် ပျက်ပြားယိုယွင်းနေပေသည်။ ထို့ပြင်ယုဒနိုင်ငံတစ်ဖက် ရှုရိပြည်နှင့်မဟာမိတ်ဖွဲ့ဆိုထားရာ သူ့ကိုယ်သူလုံခြုံပြီဟူ၍ထင်မှတ်နေသည်။ (ဟေရှာယ ၇:၁-၉) ထိုအခြေအနေပြောင်းလဲရတော့မည်။ အရေးအခင်းတစ်ခုဆင်လျက်နေ၍ ယင်းကြောင့်လည်း ယေဟောဝါရှင်က “ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ . . . သည် အမင်္ဂလာရှိ၏” ဟုကြေညာတော်မူခြင်းတည်း။

၅။ (က) ဣသရေလ၏မာနသရဖူကားအဘယ်နည်း။ (ခ) ဧဖရိမ်၏သောက်ကြူးသူများကား မည်သူတို့နည်း။

၅ “မာနသရဖူ” ကားအဘယ်နည်း။ သရဖူသည် တော်ဝင်အခွင့်အာဏာ၏အထိမ်းအမှတ်ဖြစ်သည်။ ယုဒနိုင်ငံမှသီးခြားနိုင်ငံအဖြစ် ဣသရေလနိုင်ငံတည်ရှိခြင်းကို “မာနသရဖူ” ဟူ၍ခေါ်ခြင်းဖြစ်ပေမည်။ ဣသရေလ၏တော်ဝင်လွတ်လပ်ခွင့် ပျက်ပြားစေမည့်အရာတစ်ခုဖြစ်ပျက်ဟန်တူသည်။ သို့ဖြစ်၍ “ဧဖရိမ်အမျိုး သေသောက်ကြူးတို့” ကားမည်သူတို့ဖြစ်သနည်း။ ရှမာရိမြို့သည် စည်းကမ်းမဲ့အပျော်ကြူးသည့်ဒိဌိဝတ်ပြုမှုဗဟိုဖြစ်သဖြင့် ဣသရေလနိုင်ငံတွင် သောက်ကြူးသူများရှိမည်အမှန်။ သို့ဖြစ်၍ သမ္မာကျမ်းစာက ထိုထက်ဆိုးရွားသောသောက်ကြူးခြင်းအကြောင်း ဖေါ်ပြထားသည်။ ဟေရှာယ ၂၉:၉ တွင်ဤသို့ဖတ်ရှုရ၏။ “စပျစ်ရည်ကိုမသောက်ဘဲယစ်မူးလျက် သေရည်သေရက်ကိုမသောက်ဘဲ တိမ်းယိမ်းလျက်ရှိကြ၏။” ယင်းကား ဝိညာဏသောက်ကြူးမှု၊ မစင်ကြယ်၍သေစေတတ်သောသောက်ကြူးခြင်းဖြစ်သည်။ ဣသရေလ၏ခေါင်းဆောင်များအနက် အထူးသဖြင့်ဘာသာရေးခေါင်းဆောင်တို့သည် ဤကဲ့သို့သော ဝိညာဏသောက်ကြူးခြင်းဝေဒနာကို အမှန်ကြုံတွေ့နေကြသည်။

၆။ ရှေးဣသရေလနိုင်ငံကို ယစ်မူးစေသည်ကားအဘယ်နည်း။

၆ ရှေးဣသရေလလူမျိုး၏ ဝိညာဏသောက်ကြူးခြင်း၏အကြောင်းရင်းကားအဘယ်နည်း။ ယုဒပြည်တစ်ဖက် ရှုရိနိုင်ငံနှင့်မိတ်သဟာယဖွဲ့ဆိုထားခြင်းကြောင့် ထိုလူမျိုး၏ခေါင်းဆောင်များသည် ကိုယ်ကိုယ်ကိုလုံခြုံပြီဟူ၍ ယူမှတ်နေကြသည်။ ဤဝိညာဏသောက်ကြူးမှုကြောင့် အဖြစ်မှန်ကို ဣသရေလလူမျိုး မသိရှိနိုင်ဘဲဖြစ်နေကြသည်။ ပကတိသောက်ကြူးသူကဲ့သို့ သူမသည် အကြောင်းရင်းမရှိသော်လည်း အကောင်းသာဖြစ်လာမည်ဟု မျှော်လင့်ခဲ့သည်။ ထို့ပြင် ဣသရေလနိုင်ငံသည် ရှုရိနိုင်ငံနှင့်ယဇ်မူးလျက်မဟာမိတ်ဖွဲ့ခြင်းကို ဘုန်းအသရေပန်းဦးရစ်ပမာ အထင်ကြီးစွာဖြင့်တပ်ဆင်ထားသည်။ သို့သော် ဟေရှာယပြောသကဲ့သို့ပင် ကြာရှည်ခံနိုင်မည်အကြောင်းမရှိသော ညှိုးနွမ်းတတ်သည့်ပန်းဦးရစ်ဖြစ်သည်။

၇၊ ၈။ ဟုတ်လှပြီဟုခံစားနေရလျက်ပင် ရှေးဣသရေလသည် အဘယ်အတွေ့အကြုံကိုခံစားရတော့မည်နည်း။

၇ ယင်းကို ဟေရှာယသည် အခန်းကြီး ၂၈ အငယ် ၂ တွင်ဤသို့အလေးအနက်ဖေါ်ပြထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ၌ခွန်အားတန်ခိုးကြီးသောသူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသောမိုးသက်မုန်တိုင်းကဲ့သို့လည်းကောင်း၊ ပြင်းစွာထ၍လွှမ်းမိုးသောရေကြီးကဲ့သို့လည်းကောင်း မြေတိုင်အောင်ပြင်းစွာချပစ်လိမ့်မည်။” ဤ “ခွန်အားတန်ခိုးကြီးသောသူ” သည်မည်သူနည်း။ ရှေးဣသရေလနိုင်ငံခေတ်တွင် တန်ခိုးကြီးမားသောအာရှုရိအင်ပိုင်ယာဖြစ်သည်။ ဤရက်စက်ကြမ်းကြုတ်သော ကမ္ဘာ့အာဏာစက်သည် ပြင်းစွာထ၍လွှမ်းမိုးသောရေကြီးမုန်တိုင်းကဲ့သို့ ဣသရေလလူမျိုးအပေါ်ကျရောက်လိမ့်မည်။ ထိုအခါ မည်သို့ဖြစ်ပျက်မည်နည်း။

၈ ဟေရှာယဤသို့ဆက်လက်ဆိုသည်။ “ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကိုခံရလိမ့်မည်။ ကြွယ်ဝသောချိုင့်ဦးတွင် သူတို့၌ညှိုးနွမ်းတတ်သောဘုန်းအသရေ၏ပန်းပွင့်သည် နွေကာလမစေ့မီ အလျင်သီးသောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကိုမြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင်စားတတ်၏။” (ဟေရှာယ ၂၈:၃၊ ၄) ဣသရေလ၏မြို့တော်၊ ရှမာရိမြို့သည် အာရှုရိနိုင်ငံအတွက် မှည့်ရွဲနေသော၊ ခူး၍စားရန်အသင့်ရှိနေသော သဖန်းသီးကဲ့သို့ဖြစ်သည်။ ဣသရေလနိုင်ငံအတွက် ပန်းဦးရစ်ပမာဖြစ်သော ရှုရိနိုင်ငံနှင့်မိတ်သဟာယဖွဲ့ထားခြင်းသည် ခြေဖြင့်အနင်းခံရတော့မည်။ စီရင်ရာနေ့ရက်တိုင်သော် အဘယ်တန်ဖိုးမျှရှိတော့မည်မဟုတ်ပါ။ ထိုထက်ဆိုးရွားသေးသည်ကား သူမ၏လွတ်လပ်ခွင့်ဘုန်းအသရေသရဖူသည် အာရှုရိရန်သူများ၏ခြေနင်းဖတ်ဖြစ်ရတော့မည်။ တကယ်ကြီးမားလှသော ကပ်ဘေးပါတကား။

‘ယဇ်ပုရောဟိတ်နှင့်ပရောဖက် မှားယွင်းပြီ’

၉။ ရှေးဣသရေလနိုင်ငံရရှိခဲ့သောသတင်းထက်သာသောသတင်းကို ယေဟောဝါထံတော်မှ မိမိရရှိလိမ့်မည်ဟု ယုဒနိုင်ငံအဘယ်ကြောင့်ယူမှတ်နိုင်ခဲ့မည်နည်း။

၉ ဣသရေလနိုင်ငံကို ပြင်းထန်စွာစီရင်ရာအချိန်ရောက်လုပြီဖြစ်၍ ယေဟောဝါဘုရားသခင်သတိပေးတော်မူသကဲ့သို့ပင် ဘီစီအီး ၇၄၀ ခုနှစ်တွင် ကျရောက်ခဲ့သည်။ ထိုအချိန်တွင် ရှမာရိသည် အာရှုရိလက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရ၍ မြောက်ဖက်နိုင်ငံတော်သည် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် လုံးလုံးမရှိတော့ပေ။ ရှေးဣသရေလနိုင်ငံ၏အဖြစ်အပျက်သည် ယနေ့သစ္စာမရှိမှောက်မှားသောဘာသာအတွက် ကြောက်ဖွယ်ကောင်းသောသတိပေးချက်ဖြစ်သည်။ ဣသရေလနိုင်ငံ၏ညီမဖြစ်သောတောင်ဘက်ရှိ ယုဒနိုင်ငံကော။ ဟေရှာယခေတ်တွင် ယုဒနိုင်ငံ၏မြို့တော်ယေရုရှလင်မြို့တွင် ယေဟောဝါ၏ဗိမာန်တော်ရှိဆဲဖြစ်သည်။ ယဇ်ပုရောဟိတ်အတန်းစားလည်း ထိုတွင်ရှိနေဆဲဖြစ်သည်။ ဟေရှာယ၊ ဟောရှေနှင့်မိက္ခာကဲ့သို့သောပရောဖက်များ ယေဟောဝါ၏နာမတော်၌ဟောပြောနေကြသေးသည်။ သို့ဖြစ်၍ ယုဒအတွက် ယေဟောဝါအဘယ်သတင်းရှိသနည်း။

၁၀၊ ၁၁။ ယုဒပြည်တွင် အဘယ်စက်ဆုပ်ရွံရှာဖွယ်အခြေအနေရှိနေသနည်း။

၁၀ ဟေရှာယကဤသို့ဆက်ပြောပြသည်။ “ထိုသူတို့ [ယေရုရှလင်မြို့ရှိ ယဇ်ပုရောဟိတ်နှင့်ပရောဖက်များ] သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲကြပြီ။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့သည် သေရည်သေရက်ကြောင့်မှားယွင်းကြပြီ။” (ဟေရှာယ ၂၈:၇က) ယုဒနိုင်ငံ၏ဘာသာရေးခေါင်းဆောင်များလည်း သောက်ကြူးနေကြပုံရှိသည်။ ဣသရေလနိုင်ငံနည်းတူ အချို့တို့သည် ပကတိသောက်ကြူးသူများဖြစ်နေကြမည်။ ထိုသို့ဖြစ်လျှင် ရှက်ဖွယ်ပင်ဖြစ်သည်။ ဗိမာန်တော်၌အမှုထမ်းချိန်တွင် ယဇ်ပုရောဟိတ်များသည် ယစ်မျိုးကိုမသောက်ရဟု ဘုရားသခင်၏ပညတ်တော်က တားမြစ်ထားသည်။ (ဝတ်ပြုရာ ၁၀:၈-၁၁) ဘုရားသခင်၏အိမ်တော်တွင် ပကတိသောက်ကြူးခြင်းသည် ဘုရားသခင်၏ပညတ်ကို ဖောက်ဖျက်ခြင်းသာဖြစ်မည်။

၁၁ ထိုထက်အပြစ်ကြီးလေးနေသည်ကား ယုဒပြည်တွင် ဝိညာဏသောက်ကြူးခြင်းအပြစ် ရှိနေပါသည်။ ယုဒနိုင်ငံတစ်ဖက် ရှုရိပြည်နှင့်ဣသရေလမိတ်သဟာယဖွဲ့ခဲ့သည်နည်းတူ အာရှုရိနိုင်ငံနှင့်ယုဒနိုင်ငံသည် မိတ်ဖွဲ့၍လုံခြုံမှုရှာကြံယူသည်။ (၄ ဓမ္မရာဇဝင် ၁၆:၅-၉) ဘုရားသခင်၏ဗိမာန်တော်နှင့်ကိုယ်တော်၏ပရောဖက်များရှိနေလျက်ပင် ယေဟောဝါကိုကိုးစားမည့်အစား လူသားကိုယုဒနိုင်ငံအားထားခဲ့သည်။ ထို့ပြင် ဤမျှဆင်ခြင်မှုမရှိ မိတ်သဟာယပြုခဲ့ရာ သူ၏ခေါင်းဆောင်များသည် မြောက်ဘက်ရှိအိမ်နီးချင်းနိုင်ငံမှ ဝိညာဏသောက်ကြူးသူတို့ကဲ့သို့ပင် စိတ်ချလက်ချဖြစ်နေကြသည်။ သူတို့၏တာဝန်မဲ့စိတ်ထားသည် ယေဟောဝါ၏စိတ်တော်ကိုနာစေခဲ့သည်။

၁၂။ ယုဒနိုင်ငံ၏ဝိညာဏယစ်မူးခြင်းကြောင့် မည်သို့ဖြစ်ပျက်ရမည်နည်း။

၁၂ ဟေရှာယကဤသို့ဆက်ဆိုသည်။ “အရက်ကြောင့် ယိမ်းယိုင်မူးယစ်၍ စပျစ်ရည်၌နစ်မွန်းသဖြင့် ရူပါရုံကိုမြင်ရာ ယိမ်းယိုင်လျက်၊ ဆုံးဖြတ်ရာတိမ်းလဲလျက်နေကြသည့်ပြင် စားပွဲတိုင်း မလွတ်မလပ်သည့်တိုင်အောင် အန်ဖတ်အညစ်အကြေးနှင့်ပြည့်လျက်ရှိ၏။” (ဟေရှာယ ၂၈:၇ခ၊ ၈၊ သမာကျမ်း ) မူးယစ်နေစဉ် အချို့သူတို့သည် ဗိမာန်တော်အတွင်း၌ အော့အန်ခဲ့ကြပေမည်။ သို့သော် ထိုထက်ဆိုးရွားသေးသည်ကား ဘာသာတရားဘက် လမ်းပြညွှန်ကြားရမည့် ယဇ်ပုရောဟိတ်နှင့်ပရောဖက်များသည် ဝိညာဏအညစ်အကြေးများကို အန်ထုတ်ခဲ့ကြသည်။ ထို့ပြင် သစ္စာရှိသူအနည်းငယ်မှအပ ပရောဖက်အများစု၏တရားစီရင်ချက်များသည် မမှန်မကန်၊ တိုင်းပြည်အတွက် မှားယွင်းစွာမျှော်လင့်စောင့်စားနေကြသည်။ ဤဝိညာဏမသန့်ရှင်းမှုအတွက် ယုဒနိုင်ငံကို ယေဟောဝါအမှန်ဒဏ်စီရင်တော်မူမည်။

ယခုခေတ် ဝိညာဏသောက်ကြူးသူများ

၁၃။ စီအီးပထမရာစုအခြေအနေကို ယုဒနိုင်ငံရှိအခြေအနေနှင့် မည်သို့ယှဉ်ပြနိုင်သနည်း။ မျက်မှောက်ခေတ်အခြေအနေနှင့် မည်သို့ယှဉ်ပြမည်နည်း။

၁၃ ဟေရှာယ၏ပရောဖက်ပြုချက်များသည် ရှေးဣသရေလလူမျိုးအပေါ်သာ ပြည့်စုံခဲ့သလော။ လုံးဝမဟုတ်ပါ။ ယေရှုနှင့်တမန်တော်ပေါလုအပါအဝင် ဝိညာဏယစ်မူးခြင်းအကြောင်းဆိုင်ရာ သူ၏စကားများကိုကိုးကားလျက် မိမိတို့ခေတ်ရှိဘာသာရေးခေါင်းဆောင်များနှင့်သက်ဆိုင်ကြောင်း တင်ပြခဲ့သည်။ (ဟေရှာယ ၂၉:၁၀၊ ၁၃။ မဿဲ ၁၅:၈၊ ၉။ ရောမ ၁၁:၈) ယနေ့လည်း ဟေရှာယခေတ်ကကဲ့သို့သောအခြေအနေမျိုး ပေါ်ပေါက်နေပေပြီ။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကိုကိုယ်စားပြုပါသည်ဟု အဆိုပြုသောကမ္ဘာချီဘာသာရေးအဖွဲ့အစည်းဖြစ်သည့် ခရစ်ယာန်ဘောင်တွင်ပေါ်ပေါက်နေပါသည်။ သမ္မာတရားဘက်မားမားမတ်မတ်ရပ်တည်ပြီး ယေဟောဝါကိုအားထားမည့်အစား ခရစ်ယာန်ဘောင်သည် ဤလောကကိုအားကိုးအားထားသည်။ ဤနည်းဖြင့် သူမသည်ဣသရေလနှင့်ယုဒပြည်ရှိ သောက်ကြူးသူများနည်းတူ ဒယိမ်းဒယိုင်ယစ်မူးနေကြသည်။ ထိုရှေးခေတ်နိုင်ငံများမှဝိညာဏယစ်မူးသူများသည် ခရစ်ယာန်ဘောင်၏မျက်မှောက်ခေတ်ဝိညာဏခေါင်းဆောင်များကို ကောင်းစွာပုံဆောင်ကြသည်။ မည်မျှကိုက်ညီတိကျသည်ကိုကြည့်ကြစို့။

၁၄။ ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များသည် ရှေးယုဒနိုင်ငံရှိခေါင်းဆောင်များနှင့်ထပ်တူထပ်မျှပင် မည်သို့မူးယစ်နေကြသနည်း။

၁၄ ရှမာရိနှင့်ယေရုရှလင်နည်းတူ ခရစ်ယာန်ဘောင်လည်း နိုင်ငံရေးမိတ်သဟာယယစ်မျိုးကို အားရပါးရသောက်မြည်းထားပြီ။ ၁၉၁၉ ခုနှစ်တွင် သူမသည် နိုင်ငံပေါင်းချုပ်အဖွဲ့ကို ရှေ့တန်းမှမြှောက်ထိုးပင့်ကော်ပြုမူခဲ့သည်။ ခရစ်ယာန်များသည် ဤလောကနှင့်မဆိုင်ဟု ယေရှုမိန့်တော်မူခဲ့လျက်ပင် ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် နိုင်ငံရေးခေါင်းဆောင်များနှင့်ပေါင်းသင်းဆက်ဆံ အဆက်အသွယ်ပြုကြသည်။ (ယောဟန် ၁၇:၁၄-၁၆) ဤသို့ပြုမူခြင်း ပုံဆောင်ရာစပျစ်ရည်သည် ဓမ္မဆရာများအတွက် အားတက်ကြွဖွယ်ဖြစ်နေသည်။ (ဗျာဒိတ် ၁၇:၄ နှင့်နှိုင်းယှဉ်။) သူတို့ထံ၌ နိုင်ငံရေးဆရာများအကြံတောင်းဆိုခြင်း၊ ဤလောကမှ ထိတ်ထိတ်ကြဲတို့နှင့်ပေါင်းသင်းခြင်းကို သူတို့နှစ်ခြိုက်ကြသည်။ ယင်းကြောင့် စစ်မှန်သောဝိညာဏလမ်းပြမှုကို သူတို့မပေးနိုင်ကြချေ။ သမ္မာတရား၏စင်ကြယ်သောသတင်းတရားကိုပြောဆိုကြမည့်အစား အညစ်အကြေးကိုသာသူတို့အန်ထုတ်နေကြပြီ။ (ဇေဖနိ ၃:၉) သူတို့ရှုမြင်ကြည့်မှတ်ပုံသည် မှုန်မွှားမွှားရှုပ်ထွေးပွေလီဖြစ်ကုန်သည့်အတွက် လူသားတို့၏စိတ်ချရသောလမ်းပြများမဖြစ်နိုင်ကြတော့ချေ။—မဿဲ ၁၅:၁၄။

“ပညတ်တစ်ခုပေါ်မှာတစ်ခု”

၁၅၊ ၁၆။ ဟေရှာယ၏တစ်ခေတ်တည်းသားများသည် သူ၏သတိပေးချက်များကို မည်သို့တုံ့ပြန်ကြသနည်း။

၁၅ ဘီစီအီးကိုးရာစုနှစ်တွင် ယုဒနိုင်ငံ၏ဝိညာဏခေါင်းဆောင်များ၏လမ်းမှားကို ဟေရှာယအတိအကျဖေါ်ထုတ်ပြောဆိုခဲ့ပါသည်။ သူတို့က မည်သို့တုံ့ပြန်ကြသနည်း။ လုံးဝမကြိုက်ခဲ့ပါ။ ဘုရားသခင်၏သတိပေးချက်များကို ဟေရှာယဆက်တိုက်ကြွေးကြော်သောအခါ ဘာသာရေးခေါင်းဆောင်များဤသို့တုံ့ပြန်ကြသည်။ “အဘယ်သူကိုပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတို့သည် နို့နှင့်ကွာစရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူဖြစ်ကြသလော။” (ဟေရှာယ ၂၈:၉) နို့စို့ကလေးများအား ဟေရှာယစကားပြောဆိုနေသည်ဟူ၍ သူထင်မှတ်နေပေသလော။ ကိုယ်ကိုယ်ကို အရွယ်ရောက်သည့် ကောင်းစွာဆုံးဖြတ်နိုင်သူများဟု ယေရုရှလင်ဘာသာရေးခေါင်းဆောင်များယူမှတ်ကြသည်။ ဟေရှာယ၏ငြီးငွေ့စရာသတိပေးချက်များကို သူတို့နားထောင်နေကြစရာမလိုပါ။

၁၆ ဟေရှာယ၏ဟောပြောခြင်းလုပ်ငန်းကိုပင် ထိုဘာသာရေးသမားများ နောက်ပြောင်၍ သူ့ရှေ့၌ ဤသို့မန္တန်ရွတ်ခဲ့ကြသည်။ “အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ ဤမှာတစ်စိုးတစ်စိ၊ ဟိုမှာတစ်စိုးတစ်စိ သင်ကြားသည်တကား။” (ဟေရှာယ ၂၈:၁၀၊ သမာ ) ‘ဟေရှာယသည် အထပ်ထပ်ပြောသည်။ “ဤကားယေဟောဝါ၏ပညတ်၊ ဤကားယေဟောဝါ၏ပညတ်။ ဤကား ယေဟောဝါစံချိန်၊ ဤကားယေဟောဝါစံချိန်” ဟုအဆက်မပြတ်ပြောသည်’ ဟူ၍သူတို့အဆိုပြုသည်။ မူရင်းဟေဗြဲစကားတွင် ဟေရှာယ ၂၈:၁၀ ကိုကလေးများအထပ်ထပ်ရွတ်တတ်သော ကဗျာလင်္ကာပုံစံအတိုင်းရှိသည်။ ဘာသာရေးခေါင်းဆောင်များအတွက် ပရောဖက်သည် ထိုသို့ပင်၊ ကလေးဆန်ဆန်အထပ်ထပ်ပြောသူဖြစ်ပေသည်။

၁၇။ ယေဟောဝါသက်သေများကြွေးကြော်သည့် သတိပေးချက်ကို ယနေ့လူများစွာမည်သို့တုံ့ပြန်ကြသနည်း။

၁၇ စီအီးပထမရာစုတွင် ယေရှုနှင့်ကိုယ်တော့်တပည့်တော်များ၏ဟောပြောခြင်းသည်လည်း ထပ်တူပင် ထပ်ခါတလဲကလေးဆန်လှပုံရှိခဲ့သည်။ ယေရှုနောက်တော်လိုက်သူတို့ကို ဂျူးဘာသာရေးခေါင်းဆောင်များက ကျိန်ခြင်းခံရသူများ၊ တောသားအရိုင်းများ၊ စာမတတ်သည့်သာမညလူများဟူ၍ ယူမှတ်ထားကြသည်။ (ယောဟန် ၇:၄၇-၄၉။ တမန်တော် ၄:၁၃) ယနေ့လည်း ယေဟောဝါသက်သေများကို အများအားဖြင့်ထပ်တူပင်ယူမှတ်ကြသည်။ ဓမ္မဆရာများနည်းတူ သူတို့သည်ခရစ်ယာန်ဘောင်ကျမ်းစာကျောင်းများမတက်ခဲ့ကြ၍ ဘွဲ့အမည်များမခံမယူ၊ ကျမ်းဂန်စကားအသုံးအနှုန်းများကိုလည်း အသုံးပြုလေ့မရှိပါ။ ထိုကြောင့် ခရစ်ယာန်ဘောင်ရှိထိတ်ထိတ်ကြဲတို့သည် သူတို့ကိုအထင်အမြင်သေးကြသည်။ မိမိတို့နေရာကိုမိမိတို့သိကာ ဤဘာသာရေးခေါင်းဆောင်များကို အရိုအသေပိုပေးသင့်သည် ဟူ၍ထင်မှတ်ကြ၏။

၁၈။ ယနေ့ဘာသာရေးခေါင်းဆောင်များသည် အဘယ်အချက်ကိုသတိမထားမိကြသနည်း။

၁၈ သို့ရာတွင် ထိုဘာသာရေးခေါင်းဆောင်များ သတိမထားကြသည့်အချက်တစ်ချက်ရှိသည်။ ဟေရှာယခေတ်ကထိတ်ထိတ်ကြဲများ သူ၏သတိပေးချက်ကိုငြင်းပယ်ခဲ့ကြငြား သူသည်အမှန်အတိုင်းပြောဆိုနေ၍ သတိပေးခဲ့သည်အတိုင်းဖြစ်ပျက်ခဲ့ခြင်းတည်း။ ထိုနည်းထပ်တူ ယေဟောဝါသက်သေများ၏သတိပေးချက်များသည် မှန်ကန်သည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်သမ္မာကျမ်းစာပေါ် အခြေပြုသည်။ (ယောဟန် ၁၇:၁၇) ထိုကြောင့် သတိပေးသည့်အတိုင်း ဖြစ်ပျက်လာပေမည်။

စာရင်းရှင်းရာနေ့

၁၉။ ဘာသာခြားလူမျိုး၏ ထစ်ငေါ့သောစကားကို ယုဒနိုင်ငံသည် နားမထောင်ချင်ဘဲ မည်သို့နားထောင်ခဲ့ရကြသနည်း။

၁၉ ဟေရှာယ ၂၈:၁၁ (NW ) တွင်ဖတ်ရသည်ကားဤသို့။ “စကားထစ်ငေါ့သောနှုတ်၊ အခြားသောဘာသာစကားကိုသုံးသောသူတို့ဖြင့် ဤလူမျိုးကိုမိန့်တော်မူလိမ့်မည်။” ဟေရှာယ၏သွန်သင်ချက်များသည် ယုဒနိုင်ငံအတွက် တိုင်းတစ်ပါးမှလာသူ၏ မပီကလာပီကလာလေသံနှင့်တူနေသည်။ ဣသရေလနိုင်ငံကို အာရှုရိဝင်သိမ်းပိုက်သည့်အခါ ယုဒတို့မခံရလိုက်သော်လည်း အချိန်တန်သော် အခြားနိုင်ငံခြားသား၊ နေဗုခဒ်နေဇာ၏ဒဏ်ကို ယုဒနိုင်ငံအား ယေဟောဝါခံစေတော်မူခဲ့သည်။ (ယေရမိ ၅:၁၅-၁၇) ဗာဗုလုန်ဘာသာစကားသည် ဟေဗြဲအမျိုးသားများနားတွင် ကြမ်းတမ်း၍ထစ်ငေါ့သံပေါက်နေသည်။ သို့သော် ဘီစီအီး ၆၀၇ ခုနှစ်တွင် ယေရုရှလင်နှင့်ဗိမာန်တော်ပါပျက်စီးခဲ့ချိန်၊ တိုင်းသူပြည်သားတို့အား ဗာဗုလုန်သို့ ဆွဲနှင်ခံခဲ့ရချိန်တွင် ယင်းစကားကို နားမထောင်ချင်ဘဲ နားထောင်ခဲ့ရကြသည်။ ယနေ့လည်း ရှေးခေတ်ယုဒနိုင်ငံနည်းတူ ယေဟောဝါ၏သြဝါဒစကားကို ငြင်းပယ်ကြသည့်အတွက် ခရစ်ယာန်ဘောင်သည် များမကြာမီပျက်စီးခြင်းဘေးရင်ဆိုင်ရမည်။

၂၀၊ ၂၁။ ယေဟောဝါသက်သေများသည် အဘယ်သတင်းကိုမရပ်မနား ကြွေးကြော်သနည်း။ သို့သော်ခရစ်ယာန်ဘောင်ခေါင်းဆောင်များက ဘာကိုမပြုဘဲငြင်းဆိုနေသနည်း။

၂၀ ဤသို့သောသူများအကြောင်း ပရောဖက်ပြုချက်ကဤသို့ဆိုသည်။ “ကိုယ်တော်က ‘ဤတွင်ငြိမ်ဝပ်ခွင့်၊ ဤတွင်သက်သာခွင့်ရကြလိမ့်မည်။ မောပန်းသူတို့အား ငြိမ်ဝပ်စေလော့’ ဟုမိန့်တော်မူခဲ့သော်လည်း နားမထောင်ကြသည်ဖြစ်၍ သူတို့သွားလာရာဆုတ်လဲကျိုးပဲ့၊ ကျော့ငြိဖမ်းမိခြင်းကိုခံရစေရန် ယေဟောဝါ၏ဗျာဒိတ်တော်သည် သူတို့အတွက် ‘အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ ဤမှာတစ်စိုးတစ်စိ၊ ဟိုမှာတစ်စိုးတစ်စိ’ ကဲ့သို့ဖြစ်ပေလိမ့်မည်။”—ဟေရှာယ ၂၈:၁၂၊ ၁၃၊ NW။

၂၁ ဘုရားသခင်၏သတင်းတရားကို ဟေရှာယပြောဆိုခဲ့သည်နည်းတူ ယေဟောဝါသက်သေများလည်း ခရစ်ယာန်ဘောင်အား ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို ကိုးစားသင့်ပြီဟု အဆက်မပြတ်ပြောဟောနေကြသည်။ သို့သော်သူမ နားမထောင်လို။ ငြင်းဆန်နေ၏။ သူမ၏နားတွင် သက်သေခံများ၏စကားသည် ဘာသာခြားဖြင့် မပီကလာပီကလာပြောဆိုခြင်းမျှဖြစ်နေသည်။ သူမနားမလည်နိုင်သောစကားကို သူတို့ပြောဆိုနေကြ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် လာလတံ့သောကမ္ဘာသစ်အကြောင်းပြောဆိုခြင်းအားဖြင့် မောပန်းသူအား သက်သာမှုပေးခြင်းကို ခရစ်ယာန်ဘောင်ကမလိုလားချေ။ ယင်းအစား ဤလောကနှင့်ဆက်ဆံခြင်းစပျစ်ရည်ကိုသောက်၍ မူးယစ်နေသည်။ လူ့ပြဿနာများကိုနိုင်ငံရေးအရဖြေရှင်းပေးခြင်းကိုသူ အားပေးထောက်ခံသည်။ ယေရှုခေတ်ကဂျူးများနည်းတူ ကိုယ်တိုင်လည်း နိုင်ငံတော်ငြိမ်ဝပ်ရာအရပ်၌ မခိုလှုံလို၊ ယင်းအကြောင်းကိုလည်း သူတစ်ပါးအားသူမမပြောပြလိုပေ။—မဿဲ ၂၃:၁၃။

၂၂။ ခရစ်ယာန်ဘောင်ခေါင်းဆောင်များကို ယေဟောဝါရှင်သည် အဘယ်အကြောင်းကြားသိစေသနည်း။

၂၂ သို့ဖြစ်၍ အဆိပ်ကင်းသောသက်သေခံများအားဖြင့် သူတို့အားယေဟောဝါအမြဲသတိပေးနေမည်မဟုတ်ကြောင်း ဟေရှာယပရောဖက်ပြုစကားများက ဓမ္မဆရာတို့ကိုကြားသိစေသည်။ မကြာမီယေဟောဝါရှင်သည် “အမှာအထပ်ထပ်၊ အထားအထပ်ထပ်” အတိုင်းဆောင်ရွက်တော်မူမည်ဖြစ်၍ ထိုအခါခရစ်ယာန်ဘောင်အပေါ် ဘေးဥပဒ်ဆိုးကျိုးသက်ရောက်မည်တကား။ သူမ၏ဘာသာရေးခေါင်းဆောင်များနှင့်သူတို့၏အသင်းသားများသည် “ကျိုးပဲ့ကျော့မိဖမ်းဆီးခြင်း” ခံရကြမည်။ မှန်သည်၊ ရှေးယေရုရှလင်မြို့ကဲ့သို့ပင် ခရစ်ယာန်ဘောင်၏ဘာသာရေးစနစ်များသည် လုံးဝဥဿုံဖျက်ဆီးခံရပေမည်။ ယင်းကား မထင်မမှတ်သည့်ထိတ်လန့်ဖွယ်အဖြစ်ဆိုးကြီးပါတကား။ ယေဟောဝါ၏သတိပေးချက်များထက် ဝိညာဏယစ်မူးခြင်းကို ဓမ္မဆရာများသာ၍နှစ်ခြိုက်သောကြောင့် စိုးရွံ့ကြောက်မက်ဖွယ်အဖြစ်ဆိုးဖြစ်ရလေခြင်း။

သင်ဖြေရှင်းနိုင်ပါသလော

▫ ဧဖရိမ်အမျိုး သေသောက်ကြူးတို့ကားမည်သူများနည်း။ သူတို့အားယစ်မူးစေသည့်အရာကားအဘယ်နည်း။

▫ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏မာနသရဖူများ မည်သို့ကျော်နင်းခြင်းခံရသနည်း။

▫ ယုဒပြည်၌ အဘယ်ရှက်ဖွယ်ရာအခြေအနေကို ဟေရှာယဖေါ်ထုတ်ခဲ့သနည်း။

▫ ယနေ့အဘယ်နေရာတွင် ဝိညာဏယစ်မူးခြင်းကိုတွေ့မြင်နိုင်သနည်း။

▫ ရှေးယုဒနိုင်ငံအဖြစ်အပျက်ကို ခရစ်ယာန်ဘောင်သည် အဘယ်ကြောင့်သတိပြုသင့်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ