လူမျိုးများနှင့် ယေဟောဝါ၏အချေအတင်
“မြေကြီးစွန်းထိတိုင် အသံတစ်ခုကို ရှင်းလင်းစွာကြားရလိမ့်မည်။ ယေဟောဝါသည် လူမျိုးများနှင့် အချေအတင်ဖြစ်သောကြောင့်တည်း။”—ယေရမိ ၂၅:၃၁၊ကဘ။
၁၊ ၂။ (က) ယောရှိမင်းကွယ်လွန်ပြီးနောက် ယုဒအပေါ်မည်သည့်အရာဖြစ်ပျက်သနည်း။ (ခ) ယုဒ၏နောက်ဆုံးမင်းကား မည်သူဖြစ်ပြီး သူ၏သစ္စာမရှိမှုအတွက် မည်သို့ဒုက္ခခံစားခဲ့ရသနည်း။
ယုဒနယ်သည် ခဲယဉ်းဆိုးယုတ်သောအချိန်ကာလကို ရင်ဆိုင်နေရသည်။ မင်းကောင်းတစ်ပါးဖြစ်သည့်ယောရှိသည် ယေဟောဝါ၏အမျက်ဒေါသကို ခေတ္တထိန်းထားပေးနိုင်ခဲ့သည်။ သို့သော် ဘီ.စီ.အီး. ၆၂၉ ခုနှစ်တွင် ယောရှိအသတ်ခံရသောအခါ ဘာဖြစ်သွားခဲ့သနည်း။ သူ့အားဆက်ခံသည့်မင်းသည် ယေဟောဝါ၏ဂုဏ်တော်ကို ညှိုးနွမ်းစေခဲ့သည်။
၂ ယောရှိ၏လေးယောက်မြောက်သားဖြစ်သူ၊ ယုဒ၏နောက်ဆုံးမင်းဇေဒကိသည် ဓမ္မရာဇဝင်စတုတ္ထစောင် ၂၄:၁၉ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း “ထိုမင်းသည် [သူ့အစ်ကို] ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။” ရလဒ်ကားအဘယ်နည်း။ နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကိုလာရောက်တိုက်ခိုက်ပြီး ဇေဒကိကိုဖမ်း၍ သူ့ရှေ့တွင် သူ့သားများကိုသတ်ဖြတ်ခဲ့ကာ သူ့မျက်စိများကိုလည်းဖောက်ထုတ်ပြီး သူ့ကိုဗာဗုလုန်သို့ခေါ်ဆောင်သွားခဲ့သည်။ ထို့အပြင် ယေဟောဝါ၏ဝတ်ပြုရေးတွင်အသုံးပြုသော ခွက်ယောက်များကိုလည်း လုယူသိမ်းဆည်းကာ ဗိမာန်တော်နှင့်မြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ အသက်ရှင်သူများသည် ဗာဗုလုန်သုံ့ပန်းများဖြစ်သွားကြသည်။
၃။ မည်သည့်အချိန်ကာလသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်ပျက်စီးခြင်းနှင့်အတူ အစပြုပြီး ထိုအချိန်ကာလကုန်ဆုံးသောအခါ မည်သည့်အရာဖြစ်ပျက်ရန် အချိန်ကျရောက်သနည်း။
၃ ထို ဘီ.စီ.အီး. ၆၀၇ ခုနှစ်သည် ယေရုရှလင်၏ နောက်ဆုံးပျက်စီးခြင်းကိုသာမက လုကာ ၂၁:၂၄ (ကဘ) တွင်ရည်ညွှန်းထားသော “တစ်ပါးအမျိုးသားများအားခန့်အပ်ချိန်” ၏အစကိုလည်း အမှတ်သညာပြုသည်။ ဤ ၂၅၂၀ နှစ်ကာလသည် ကျွန်ုပ်တို့၏ရာစုနှစ်၊ ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးခဲ့သည်။ ထိုအချိန်မှစ၍ ယေဟောဝါသည် ယိုယွင်းနေသည့်လောကအား ကြေညာပြီးတရားစီရင်ချက်ချရန်အတွက် နေဗုခဒ်နေဇာထက်ကြီးမြတ်သော မိမိသားတော်ခရစ်တော်ယေရှုအား နန်းတင်ရန်အချိန်ကျရောက်ခဲ့သည်။ ဤစီရင်ခြင်းသည် ယုဒလူမျိုးနှင့်တူသည့်ခေတ်သစ်လူများ၊ မိမိတို့သည် ဘုရားသခင်နှင့်ယေရှုခရစ်တို့၏ မြေကြီးကိုယ်စားလှယ်များဟု ကြွေးကြော်သူများအားဖြင့် အစပြုသည်။
၄။ ယေရမိပရောဖက်ပြုချက်နှင့်ပတ်သက်၍ ယခု မည်သည့်မေးခွန်းများပေါ်ပေါက်သနည်း။
၄ သူမ၏ဘုရင်များလက်အောက်ရှိယုဒပြည် နိဂုံးချုပ်ခါနီးနှစ်များတွင်ဖြစ်ပေါ်သည့် မငြိမ်သက်မှုများ—အိမ်နီးချင်းနိုင်ငံသို့ပင်ကူးစက်ပျံ့နှံ့သည့် ပျက်စီးဆုံးရှုံးမှုများ—နှင့် ယနေ့ခရစ်ယာန်ဘောင်တွင်ဖြစ်နေသည့် မငြိမ်သက်မှုများတို့၏ တူညီချက်ကို ကျွန်ုပ်တို့တွေ့မြင်ရသလော။ အမှန်ပင်တွေ့ မြင်ရပါသည်။ ယနေ့ အခြေအနေအရပ်ရပ်ကို ယေဟောဝါမည်သို့ကိုင်တွယ်မည့်အကြောင်း ယေရမိပရောဖက်ပြုချက်က မည်သို့ဖော်ပြသနည်း။ ကျွန်ုပ်တို့ကြည့်ကြစို့။
၅၊ ၆။ (က) ၁၉၁၄ ခုနှစ်မှစ၍ ခရစ်ယာန်ဘောင်၏အခြေအနေသည် ယုဒပြည်ဖျက်ဆီးမခံရမီကလေးကအခြေအနေနှင့် မည်သို့ဆင်တူသနည်း။ (ခ) ခေတ်သစ်ယေရမိသည် ခရစ်ယာန်ဘောင်ထံ မည်သည့်သတင်းကိုသယ်ဆောင်သွားသနည်း။
၅ လွန်ခဲ့သည့်အနှစ် ၄၀ ခန့်က ဗြိတိသျှသင်္ချာပညာနှင့်အတွေးအခေါ်ပညာရှင် ဘာထရန်ရပ်စယ်လ် ဤသို့မှတ်ချက်ချခဲ့သည်– “၁၉၁၄ ခုနှစ်မှစ၍ လောကရှိဦးတည်ချက်များသည် ကံစီမံထားသော သို့မဟုတ် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်သော သာ၍ကြီးမားသည့်ပျက်စီးဆုံးရှုံးခြင်းသို့ ဦးတည်သွားနေဟန်ရှိသည့်အဖြစ်အားဖြင့် အလွန်အမင်းအနှောင့်အယှက်ဖြစ်နေရကြောင်း လူများသတိပြုလာမိခဲ့ကြသည်။” ဂျာမန်အစိုးရအရာရှိတစ်ဦးဖြစ်သူ ကွန်ရက်အာဒီနောကလည်း ဤသို့ဖော်ပြထားသည်– “၁၉၁၄ ခုနှစ်မှစ၍ လုံခြုံမှုနှင့်ငြိမ်သက်မှုသည် လူတို့အသက်တာမှ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။”
၆ ယေရမိအချိန်ကကဲ့သို့ ယနေ့လည်း အစီအစဉ်စနစ်၏နိဂုံးသို့ချဉ်းကပ်နေခြင်းကို အပြစ်မဲ့သူများစွာတို့၏သွေးချောင်းစီးစေသည့် ဤရာစုအတွင်းဖြစ်ပွားသောကမ္ဘာစစ်ကြီးနှစ်ခုအားဖြင့် သတ်မှတ်ဖော်ပြနိုင်သည်။ ဤစစ်ပွဲကြီးများ၏အစိတ်အပိုင်းအများစုမှာ မိမိတို့သည် သမ္မာကျမ်းစာပါဘုရားသခင်ကို ကိုးကွယ်ပါသည်ဟုဆိုသောခရစ်ယာန်ဘောင်နိုင်ငံများ ပါဝင်တိုက်ခိုက်ခြင်းအားဖြင့်ဖြစ်သည်။ အရေခြုံမှုကြီးပါတကား! ယေဟောဝါသည် မိမိ၏သက်သေများကို သူတို့ထံစေလွှတ်၍ ယေရမိ ၂၅:၅၊ ၆ တွင်ဖော်ပြထားသည့်အတိုင်းပြောဆိုသည်မှာ အဆန်းမဟုတ်ပါ– “သင်တို့အသီးအသီးလိုက်သော လမ်းဆိုးနှင့်အကျင့်ဆိုးများကို ပယ်ရှား၍ [မှပြန်လှည့်၍၊ ကဘ] သင်တို့နှင့်ဘိုးဘေးတို့အား ထာဝရဘုရားသည်အမြဲပေးတော်မူသောပြည်၌ နေကြလော့။ အခြားတစ်ပါးသောဘုရားနောက်သို့လိုက်၍ ဝတ်မပြု၊ မကိုးကွယ်ကြနှင့်။ ကိုယ်လက်နှင့်လုပ်သောအရာများအားဖြင့် ငါ၏အမျက်ကိုမထွက်စေကြနှင့်။”
၇။ ခရစ်ယာန်ဘောင်သည် ယေဟောဝါ၏သတိပေးချက်ကို လျစ်လျူရှုကြောင်း မည်သည့်အထောက်အထားရှိသနည်း။
၇ သို့သော် ခရစ်ယာန်ဘောင်နိုင်ငံများသည် ပြန်လှည့်ရန်ပျက်ကွက်ခဲ့ကြသည်။ ကိုရီးယားနှင့်ဗီယက်နမ်တို့တွင် စစ်ဘုရားအားထပ်ဆင့်ပူဇော်မှုများဖြင့် ယင်းသို့ထင်ရှားသည်။ သူတို့သည် လက်နက်ပစ္စည်းထုတ်လုပ်သူများဖြစ်သည့် မရဏကုန်သည်များကို ဆက်၍ငွေကြေးထောက်ပံ့ကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက လက်နက်များအတွက် နှစ်စဉ်ကုန်ကျစရိတ်ဖြစ်သော ဒေါ်လာသန်းပေါင်းတစ်သန်းနီးပါးမှ အများစုကို ခရစ်ယာန်ဘောင်နိုင်ငံများက ထောက်ပံ့ကြသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း အမေရိကန်တစ်နိုင်ငံတည်းရှိ စစ်အသုံးစရိတ်သည် ယင်းနိုင်ငံရှိကော်ပိုရေးရှင်းအားလုံးရရှိသည့် အမြတ်ငွေစုစုပေါင်းထက် သာ၍များသည်။ စစ်အေးတိုက်ပွဲအဆုံးသတ်ရေးကို သံကောင်းဟစ်လာသည့်အချိန်မှစ၍ ခေတ်မမီတော့သည့်နျူကလီးယားလက်နက်များလျှော့ပေါ့ရေးကို လုပ်လာကြသော်လည်း သာ၍သေကြေဆုံးရှုံးစေသော လူသတ်လက်နက်များထုတ်လုပ်သည့်လက်နက်စက်ရုံများ ကျန်ရှိနေဆဲဖြစ်ပြီး ဆက်လက်ထုတ်လုပ်လျက်ရှိသည်။ တစ်ချိန်ချိန်တွင် ယင်းတို့ကိုအသုံးချကြမည်။
ပေါက်လွှတ်ပဲစားခရစ်ယာန်ဘောင်အသိုင်းအဝိုင်းအပေါ် တရားစီရင်မှု
၈။ ယေရမိ ၂၅:၈၊ ၉ ပါစကားများသည် ခရစ်ယာန်ဘောင်အပေါ် မည်သည့်နည်းဖြင့်ပြည့်စုံမည်နည်း။
၈ ယေရမိ ၂၅:၈-၉ တွင်ပါသော ယေဟောဝါ၏ထပ်မံမိန့်ကြားချက်များသည် ယခု ခရစ်ယာန်ဖြောင့်မတ်ခြင်းစံချိန်များနှင့်အညီ နေထိုင်ရန်ပျက်ကွက်သောခရစ်ယာန်ဘောင်နှင့် အထူးသဖြင့်သက်ဆိုင်သည်– “ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည် ငါ့စကားကိုနားမထောင်သောကြောင့် ဤပြည်နှင့်ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသောလူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ ငါ၏ကျွန်ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ ဆောင်ခဲ့ပြီးလျှင် ရှင်းရှင်းဖျက်ဆီး၍ ဤပြည်သားတို့ကို အံ့သြဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာဖြစ်စေမည်။” သို့နှင့် ဘုရားသခင့်လူမျိုးဟုဆိုသည့် ခရစ်ယာန်ဘောင်ဖြင့်အစပြုမည့် ကြီးစွာသောဒုက္ခသည် ဆက်လက်ဖြစ်ပွားပြီး နောက်ဆုံးတွင် ကမ္ဘာတစ်ခွင်လုံးရှိ ‘လူမျိုးအပေါင်း’ တို့ထံသို့ ပျံ့နှံ့ရောက်ရှိသွားမည်။
၉။ ကျွန်ုပ်တို့ခေတ်တွင် ခရစ်ယာန်ဘောင်၏ဝိညာဉ်ရေးအခြေအနေသည် မည်သည့်နည်းဖြင့် ပို၍ဆိုးရွားလာသနည်း။
၉ သမ္မာကျမ်းစာကိုလေးမြတ်ခဲ့သော၊ အိမ်ထောင်ပြုခြင်းနှင့် မိသားစုဘဝသည် ပျော်ရွှင်မှု၏အခြေအမြစ်ဟု ကမ္ဘာကယူမှတ်ခဲ့သော၊ လူများသည်စောစောထခဲ့ပြီး နေ့စဉ်အလုပ်မှကျေနပ်မှုကိုခံစားခဲ့ရသော အချိန် ခရစ်ယာန်ဘောင်တွင် ရှိခဲ့ဖူးသည်။ များစွာသောသူတို့သည် ညဘက်မီးအိမ်အလင်းရောင်ဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလေ့လာဖတ်ရှုခြင်းအားဖြင့် မိမိတို့ကိုယ်ကိုလန်းဆန်းစေခဲ့ကြသည်။ သို့သော် ယနေ့ ပေါက်လွှတ်ပဲစားလိင်ဆက်ဆံခြင်း၊ ကွာရှင်းခြင်း၊ မူးယစ်ဆေးဝါးနှင့်အရက်သေစာအလွန်အကျွံသောက်သုံးခြင်း၊ သက်ငယ်ပြစ်မှုများ၊ လောဘကြီးခြင်း၊ အလုပ်ပျင်းသည့်အကျင့်များ၊ တီဗွီစွဲခြင်း—ယင်းတို့နှင့်အခြားသောဖောက်ပြန်ယိုယွင်းမှုများသည် ဘဝကိုအန္တရာယ်ဖြစ်စေလောက်သည့်အတိုင်းအတာအထိ ပျက်စီးနေသည်။ ယင်းကား စည်းလွတ်ဝါးလွတ်နေသည့်ခရစ်ယာန်ဘောင်လောကအား ယေဟောဝါဘုရားသခင်စီရင်ချက်ချမည့်ဖျက်ဆီးခြင်း၏ ရှေ့ပြေးဖြစ်သည်။
၁၀။ ယေဟောဝါ၏စီရင်ချက်ချခံရပြီးနောက် ခရစ်ယာန်ဘောင်၏အခြေအနေကို ဖော်ပြပါ။
၁၀ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၁၀ နှင့် ၁၁ တွင် ယေဟောဝါ၏ကြေညာချက်ကို ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ဤသူတို့တွင် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သား၏အသံ၊ သတို့သမီး၏အသံ၊ ကြိတ်ဆုံသံနှင့် မီးခွက်အလင်းကို ငါကွယ်ပျောက်စေမည်။ ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့သြဖွယ်ရာဖြစ်လိမ့်မည်။” ထည်ဝါသော ခရစ်ယာန်ဘောင်၏ဗိမာန်များနှင့် ခမ်းနားသိုက်မြိုက်သည့်အိမ်ကြီးများ ချေမွဖျက်ဆီးခံရသည့်အချိန်တွင် အမှန်အံ့သြစရာဖြစ်လိမ့်မည်။ ဤဖျက်ဆီးခြင်းသည် မည်မျှကျယ်ပြန့်မည်နည်း။ ယေရမိအချိန်က ယုဒပြည်နှင့် ယင်း၏အိမ်နီးချင်းနိုင်ငံများဖျက်ဆီးခံရခြင်းသည် နှစ်ပေါင်း ၇၀ ကြာခဲ့ပြီး ဆာလံ ၉၀:၁၀ အရဆိုလျှင် လူ့တစ်သက်တာဖြစ်သည်။ ယနေ့ယေဟောဝါ၏တရားစီရင်ခြင်းသည် ထာဝရအထိဖြစ်မည်။
မဟာဗာဗုလုန်အပေါ်တရားစီရင်ချက်
၁၁။ ခရစ်ယာန်ဘောင်ကိုဖျက်ဆီးရာတွင် မည်သူသည် အသုံးခံတန်ဆာပလာဖြစ်မည်နည်း။ အဘယ်ကြောင့်နည်း။
၁၁ ဗျာဒိတ် ၁၇:၁၂-၁၇ တွင်ကြိုပြောထားသည့်အတိုင်း ယေဟောဝါသည် ဗာဗုလုန်ကမ္ဘာ့ဘာသာရေးအင်ပါယာကိုဖျက်ဆီးခြင်းဆိုင်ရာ ‘မိမိ၏အကြံအစည်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန်’ “ချိုဆယ်ချောင်း”—ယူအဲန်၏စစ်အင်အားကြီးအဖွဲ့ဝင်များ—၏နှလုံးထဲသို့ထည့်သွင်းခြင်းအားဖြင့် မိမိ၏ထူးဆန်းသောအမှုတော်ကို အစပြုမည်။ သို့သော် ယင်းမည်သို့ ဖြစ်ပျက်မည်နည်း။ ဗျာဒိတ်အခန်းကြီး ၁၇၊ အခန်းငယ် ၁၆ တွင်ပါသောစကားများအရ ချိုဆယ်ချောင်းသည် “ပြည်တန်ဆာကိုမုန်း၍ . . . သူ၏ကိုယ်ကိုလည်းမီးရှို့” ရန် နည်းများစွာရှိသည်။ နျူးကလီးယားလက်နက်များသည် အကြီးအကျယ်တိုးပွားပျံ့နှံ့လာခဲ့ပြီး မြေကြီးပေါ်ရှိအန္တရာယ်ဒေသများတွင် တိုးပွားပျံ့နှံ့နေဆဲဖြစ်သည်။ သို့သော် ယေဟောဝါသည် မိမိ၏လက်စားချေမှုကိုလက်စသတ်ရန် ယင်းကို နိုင်ငံရေးမင်းစိုးရာဇာများ၏နှလုံးထဲသို့ မည်သို့ထည့်မည်ကို ကျွန်ုပ်တို့စောင့်ကြည့်ရပေမည်။
၁၂။ (က) ဗာဗုလုန်သည် ယေရုရှလင်ကိုဖျက်ဆီးပြီးနောက် သူမဘာဖြစ်သနည်း။ (ခ) ခရစ်ယာန်ဘောင်ဖျက်ဆီးခံရပြီးနောက် လူမျိုးများမည်သို့ ဖြစ်မည်နည်း။
၁၂ ရှေးအချိန်က ဗာဗုလုန်သည် ယေဟောဝါ၏တောက်လောင်သောအမျက်ဒေါသကို ကြုံတွေ့ခဲ့ရသည်။ ယင်းအရ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၁၂ မှစ၍ ပရောဖက်ပြုချက်ဆိုင်ရာရှုမြင်ယူမှတ်ပုံသည် နောက်ပိုင်းတွင် ပြောင်းလဲသောအမြင်ဖြင့်ဖြစ်သည်။ နေဗုခဒ်နေဇာနှင့်ဗာဗုလုန်တို့သည် ယေဟောဝါ၏ စီရင်ပိုင်ခွင့်ရှိသူအနေအထားတွင် မရှိတော့ဘဲ ကမ္ဘာ့တိုင်းနိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည်။ ယနေ့လည်း အလားတူအခြေအနေဖြစ်သည်။ ဗျာဒိတ်အခန်းကြီး ၁၇ ပါ “ချိုဆယ်ချောင်း” သည် ဗာဗုလုန်ဘာသာရေးကို ဖျက်ဆီးပစ်မည်၊ သို့သော် နောက်ပိုင်းတွင် ဗျာဒိတ်အခန်းကြီး ၁၉ တွင်ဖော်ပြထားသည့်အတိုင်း မြေကြီးပေါ်ရှိအခြားသော “မင်းများ” နှင့်အတူ သူတို့ကိုယ်တိုင်ဖျက်ဆီးခံရကြမည်။ ယေရမိ ၂၅:၁၃၊ ၁၄ တွင် ဗာဗုလုန်သည် ယေဟောဝါ၏လူများအား မတရားပြုခဲ့သော “တိုင်းနိုင်ငံအားလုံး” တို့နှင့်အတူ စီရင်ခြင်းခံရမည်ကိုဖော်ပြသည်။ ယေဟောဝါသည် ယုဒပြည်ကိုဒဏ်ခတ်ရန် နေဗုခဒ်နေဇာကို စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသူအဖြစ် အသုံးပြုခဲ့သည်။ သို့သော် ဥပမာအဖြစ်ဖော်ပြချက်အရ သူနှင့်ဗာဗုလုန်၏နောက်မင်းများသည် ယေဟောဝါအားဆန့်ကျင်၍ ယေဟောဝါ၏ဗိမာန်တော်တန်ဆာပလာများကို ယုတ်ညံ့စေခြင်းအားဖြင့် မိမိတို့ကိုယ်ကိုထောင်လွှားစွာချီးမြှောက်လာခဲ့ကြသည်။ (ဒံယေလ ၅:၂၂၊ ၂၃) ယေရုရှလင်ကို ဗာဗုလုန်လူမျိုးများဖျက်ဆီးခဲ့စဉ်က ယုဒနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ—မောဘ၊ အမ္မုန်၊ တုရု၊ ဧဒုံနှင့် အခြားသောနိုင်ငံများ—သည် ဝမ်းမြောက်ဝမ်းသာခဲ့ကြပြီး ဘုရားသခင်၏လူများကို ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်။ သူတို့သည်လည်း ယေဟောဝါထံမှ ထိုက်တန်သည့်ပေးဆပ်မှုကိုခံရကြမည်။
‘လူမျိုးအားလုံး’ အပေါ်တရားစီရင်ချက်
၁၃။ ‘အမျက်တော်စပျစ်ရည်ဖလား’ သည် မည်သို့အဓိပ္ပာယ်ရှိပြီး ထိုခွက်ကိုသောက်သောသူများ မည်သို့ ဖြစ်မည်နည်း။
၁၃ ထို့ကြောင့် ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၁၅ နှင့် ၁၆ တို့တွင် ယေရမိဤသို့ကြေညာသည်– “ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားကလည်း အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သောလူမျိုးအပေါင်းတို့ကို သောက်စေလော့။ သူတို့အလယ်သို့ငါစေလွှတ်သောဓားကြောင့် သူတို့သည်သောက်၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ရောက်ကြလိမ့်မည်ဟု ငါ့အားမိန့်တော်မူသည်။” ယင်းသည် ‘ယေဟောဝါ၏အမျက်တော်စပျစ်ရည်ဖလား’ အဘယ်ကြောင့်ဖြစ်ရသနည်း။ မဿဲ ၂၆:၃၉၊ ၄၂ နှင့် ယောဟန် ၁၈:၁၁ တို့တွင် ယေရှုက မိမိအပေါ်ဘုရားသခင့်အလိုတော်ကို “ခွက်” နှင့်ပုံဆောင်ခဲ့သည်။ အလားတူ ကိုယ်တော့်ကလဲ့စားချေခြင်းကို လူမျိုးများသောက်ရန် ယေဟောဝါ၏အလိုတော်ကို ခွက်တစ်ခုက ပုံဆောင်ချက်အနေဖြင့်အသုံးပြုခြင်းခံရသည်။ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၁၇-၂၆ က ယနေ့တိုင်းနိုင်ငံများဟု ကြိုတင်ပုံဆောင်သောနိုင်ငံများကို ဖော်ပြထားသည်။
၁၄။ ယေရမိပရောဖက်ပြုချက်အရ မည်သူများသည် ယေဟောဝါ၏အမျက်တော်ခွက်ဖလားကို သောက်ရကြပြီး ယင်းသည် ကျွန်ုပ်တို့ခေတ်အတွက် မည်သည့်အရာကိုပုံဆောင်သနည်း။
၁၄ ယုဒနိုင်ငံကဲ့သို့ပင် ခရစ်ယာန်ဘောင်သည် “ရှင်းရှင်းဖျက်ဆီး၍ အံ့သြဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာ” ပြုခြင်းခံရပြီးနောက်တွင် ဗာဗုလုန်ကမ္ဘာ့ဘာသာရေးအင်ပါယာအတွက် ဖျက်ဆီးခြင်းရောက်လာလိမ့်မည်။ ထို့နောက် အီဂျစ်အားဖြင့်ပုံဆောင်ခံရသောလောကတစ်ခုလုံးသည် ယေဟောဝါ၏အမျက်ဒေါသခွက်ဖလားကို သောက်ရလတ္တံ့။ မှန်သည်။ “တစ်ပါးနှင့်တစ်ပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ မြောက်ပြည်မင်းရှိသမျှတို့နှင့် မြေကြီးတပြင်လုံး၌ရှိသမျှသောလောကီနိုင်ငံအပေါင်း” တို့ သောက်ကြရမည်။ နောက်ဆုံး၌ “ရှေရှက်ဘုရင်သောက်ရမည်။” “ရှေရှက်ဘုရင်” ကားမည်သူနည်း။ ရှေရှက်သည် ဗာဗုလုန်၏လျှို့ဝှက်သင်္ကေတ သို့မဟုတ် စကားဝှက်ဖြစ်သည်။ စာတန်သည် ဗာဗုလုန်၏ မျက်မြင်မရအုပ်စိုးရှင်ဖြစ်သကဲ့သို့ ယေရှုဖော်ပြထားသည့်အတိုင်း ယနေ့ ‘ဤလောက၏မင်း’ လည်းဖြစ်သည်။ (ယောဟန် ၁၄:၃၀) ထို့ကြောင့် ယေရမိ ၂၅:၁၇-၂၆ က ဗျာဒိတ်အခန်းကြီး ၁၈ မှ အခန်းကြီး ၂၀ အထိအပြိုင်ဖော်ပြချက်အရ ယေဟောဝါ၏အမျက်ဒေါသခွက်ဖလားသည် လှည့်လည်ပေးခြင်းခံရမည့်အကြောင်း ဖြစ်စဉ်ကိုရှင်းလင်းဖော်ပြထားသည်။ ပထမတွင် မှောက်မှားသောကမ္ဘာ့ဘာသာရေးအင်ပါယာကျဆုံးရမည်။ ထို့နောက် နိုင်ငံရေးအာဏာစက်များ၊ ထို့နောက် စာတန်ကိုယ်တိုင်တွင်းနက်ကြီးထဲသို့ ချပစ်ခံရမည်။—ဗျာဒိတ် ၁၈:၈; ၁၉:၁၉-၂၁; ၂၀:၁-၃။
၁၅။ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” ဟုကြွေးကြော်သံကြားသောအခါ ဘာဖြစ်ပျက်မည်နည်း။
၁၅ စစ်အေးတိုက်ပွဲပြီးဆုံးပြီဟုအဆိုရှိ၍ အင်အားကြီးနိုင်ငံတစ်နိုင်ငံသာ ကျန်ရှိသောအချိန်မှစ၍ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုအကြောင်း များစွာပြောဆိုလာခဲ့ကြသည်။ ဗျာဒိတ် ၁၇:၁၀ တွင်ဖော်ပြချက်အရ သားရဲ၏သတ္တမဦးခေါင်းဖြစ်သော အင်အားကြီးနိုင်ငံသည် “တစ်ခဏသာတည်” ရဦးမည်။ သို့သော် ဤတစ်ခဏသည် ၎င်း၏အဆုံးသို့ချဉ်းကပ်လာနေသည်။ မကြာမီ ‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟုကြွေးကြော်မှုအားလုံးတို့သည် “သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်း” အတွက်လမ်းဖွင့်ပေးမည်။ ပေါလုထိုသို့ပင်ဖော်ပြထားသည်။—၁ သက်သာလောနိတ် ၅:၂၊ ၃။
၁၆၊ ၁၇။ (က) တစ်စုံတစ်ယောက်သည် ယေဟောဝါ၏တရားစီရင်ခြင်းမှ လွတ်မြောက်ရန်ကြိုးစားလျှင် မည်သည့်အကျိုးဖြစ်ထွန်းမည်နည်း။ (ခ) မကြာမီ မည်သည့်ဖျက်ဆီးခြင်းနည်းအားဖြင့် မြေကြီးတစ်ခွင်ကို ယေဟောဝါ၏အလိုတော်ပြည့်ဝစေမည်နည်း။
၁၆ ခရစ်ယာန်ဘောင်နှင့်အစပြုသည့် စာတန်၏ကမ္ဘာ့အစီအစဉ်စနစ်တစ်ခုလုံးသည် ယေဟောဝါ၏လက်စားချေရာခွက်ဖလားကို သောက်ရမည်။ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၂၇ မှ ၂၉ တွင် ယေရမိအားထပ်၍ဆင့်ဆိုသည့်အမိန့်၌ ဤသို့ဖော်ပြထားသည်– “သင်တို့အလယ်သို့ငါစေလွှတ်သောဓားကြောင့် သောက်၍ယစ်မူးကြ။ အော့အန်ကြ၊ လဲကြ၊ နောက်တစ်ဖန်မထကြနှင့်ဟု ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော့။ . . . အကြောင်းမူကား ငါ၏နာမဖြင့်သမုတ်သောမြို့ကို ငါသည်အပြစ်ပေးစပြုလျှင် သင်တို့သည် ဒဏ်အလျှင်းမခံဘဲနေရကြမည်လော။ . . . ငါသည် မြေကြီးသားရှိသမျှတို့အဖို့ ဓားကိုမှာလိုက်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။”
၁၇ ယင်းတို့သည် စကြဝဠာတစ်ခုလုံးကိုအုပ်ချုပ်ပိုင်သော ယေဟောဝါဘုရားမိန့်တော်မူသည့် ပြင်းထန်သည့်စကားများ—အမှန်၊ ကြောက်မက်ဖွယ်စကားများဖြစ်သည်။ မခန့်လေးစားပြုခြင်း၊ ကဲ့ရဲ့သရော်ခြင်းနှင့် မိမိ၏သန့်ရှင်းသောနာမတော်အပေါ် စုပုံကျရောက်ခဲ့သည့်မုန်းတီးမှုများကို နှစ်ထောင်ပေါင်းများစွာတစ်လျှောက် ကိုယ်တော်သည်းခံလာခဲ့သည်။ သို့သော် အဆုံးတွင် ကိုယ်တော့်သားတော်ခရစ်တော်ယေရှု မြေကြီးပေါ်တွင်ရှိခဲ့စဉ် တပည့်တော်များအားသင်ပေးခဲ့သောဆုတောင်းချက်ကို ဖြေကြားရန် အချိန်ရောက်လာခဲ့သည်– “သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) ယေရှုသည် ယေဟောဝါ၏လက်စားချေခြင်းကိုဆောင်ရွက်မည့် ဓားအဖြစ်လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။
၁၈၊ ၁၉။ (က) အောင်မြင်ခြင်းငှာ ယေဟောဝါ၏နာမဖြင့် မည်သူမြင်းစီးသွားပြီး သူ့အောင်မြင်မှုမပြီးပြည့်မီ မည်သည့်အတွက်သူစောင့်နေရသနည်း။ (ခ) ယေဟောဝါ၏အမျက်ဒေါသမုန်တိုင်းကို ကောင်းကင်တမန်များလွှတ်လိုက်သောအခါ မြေကြီးပေါ်တွင် မည်သည့်ကြောက်မက်ဖွယ်အမှုဖြစ်ပျက်မည်နည်း။
၁၈ ဗျာဒိတ်အခန်းကြီး ၆ တွင် ယေရှုသည် မြင်းဖြူစီး၍ ‘အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း’ ထွက်သွားကြောင်း ဦးစွာကျွန်ုပ်တို့ဖတ်ရသည်။ (အခန်းငယ် ၂) ယင်းသည် ကောင်းကင်တွင် ကိုယ်တော်နန်းတက်သည့် ၁၉၁၄ ခုနှစ်တွင်စတင်ခဲ့သည်။ သူ့နောက်သို့လိုက်သည့်အခြားမြင်းများနှင့် မြင်းစီးသူများသည် ကျွန်ုပ်တို့ကမ္ဘာကိုကပ်ဆိုက်စေခဲ့သော ကမ္ဘာချီစစ်ပွဲ၊ ငတ်မွတ်ခြင်းနှင့် ကပ်ရောဂါများကို ပုံဆောင်ကြသည်။ သို့သော် ဤဒုက္ခမွှေနှောက်ခြင်းသည် မည်သည့်အခါတွင်ပြီးဆုံးမည်နည်း။ ဗျာဒိတ်အခန်းကြီး ၇ ကကျွန်ုပ်တို့ကိုအသိပေးသည်မှာ ဝိညာဏဣသရေလများနှင့် လူမျိုးအားလုံးထဲမှလူအုပ်ကြီးတို့ ကယ်တင်ခြင်းအတွက်စုသိမ်းခံရပြီးသည်ထိ ကောင်းကင်တမန်လေးပါးတို့သည် “မြေ၏လေးမျက်နှာလေ” ကို ကိုင်ထားကြသည်။ (အခန်းငယ် ၁) ထို့နောက်ဘာဖြစ်သနည်း။
၁၉ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၃၀ နှင့် ၃၁ တို့က ဤသို့ဆက်ပြောသည်– “ထို့ကြောင့် သင်သည်ပရောဖက်ပြုလျက် သူတို့အားဟောပြောရသောစကားများဟူမူကား ထာဝရဘုရားသည် မြင့်သောအရပ်ကကြွေးကြော်တော်မူမည်။ သန့်ရှင်းသောဘုံဗိမာန်တော်က အသံကိုလွှင့်တော်မူမည်။ ကျိန်းဝပ်တော်မူရာအရပ်ဌာနတစ်ဖက်၌ ပြင်းစွာကြွေးကြော်တော်မူမည်။ စပျစ်သီးကိုနင်းနယ်သောသူများ အော်ဟစ်သကဲ့သို့ မြေကြီးသားများတစ်ဖက်၌ အော်ဟစ်တော်မူမည်။ မြေကြီးစွန်းတိုင်အောင် အသံနှံ့ပြားလိမ့်မည်။ ထာဝရဘုရားသည် လူအမျိုးမျိုးတို့နှင့်တရားတွေ့စရာအကြောင်းရှိ၍ ခပ်သိမ်းသောသတ္တဝါတို့ကို အမှုလုပ်တော်မူမည်။ ဆိုးသောသူတို့ကို ဓားနှင့်ကွပ်မျက်စေခြင်းငှာ အပ်တော်မူမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” မည်သည့်လူမျိုးမျှ ယေဟောဝါ၏ဒေါသအမျက်ခွက်ဖလားကို သောက်ခြင်းနှင့်ကင်းလွတ်မည်မဟုတ်ပါ။ ထို့ကြောင့် ယခုအချိန်သည် ယေဟောဝါ၏အမျက်ဒေါသမုန်တိုင်းကို ကောင်းကင်တမန်များမလွှတ်လိုက်မီ စိတ်ရင်းမှန်ရှိသူများသည် လူမျိုးများ၏ဆိုးသွမ်းမှုများမှ မိမိတို့ကိုယ်ကိုသီးခြားဖြစ်စေရန် အလွန်အရေးပေါ်နေသည့်အချိန်ဖြစ်သည်။ အမှန်ပြင်းထန်ပါသည်။ အခန်းငယ် ၃၂ နှင့် ၃၃ တို့က ယေရမိပရောဖက်ပြုချက်ကို ဤသို့ဆက်၍ဖော်ပြထားသည်–
၂၀။ မည်သည့်မြင်ကွင်းက ယေဟောဝါတရားစီရင်ခြင်း၏ပြင်းထန်မှုကို ပေါ်လွင်ထင်ရှားစေသနည်း။ အဘယ်ကြောင့် ထိုသို့ ပြုရန်လိုအပ်သနည်း။
၂၀ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ဘေးသည် တစ်ပြည်မှတစ်ပြည်သို့ ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှာ ပြင်းစွာသောလေပွေသည် ထလိမ့်မည်။ ထိုအခါ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကို ခံရသောသူတို့သည် မြေကြီးတစ်ဖက်မှတစ်ဖက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။ သူတို့ကို မမြည်တမ်းရ။ မစုမပုံရ။ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာမစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။” အမှန်ပင် ကြောက်ရွံ့ထိတ်လန့်ဖွယ်မြင်ကွင်းဖြစ်သည်။ သို့သော် ဘုရားသခင်ကတိပြုထားသည့် ပရဒိသုမဖြစ်ပေါ်မီ မြေကြီးပေါ်ရှိဆိုးသွမ်းမှုများကိုရှင်းလင်းသုတ်သင်ရန် ယင်းသို့ ပြုဖို့လိုအပ်သည်။
ညည်းတွားမြည်တမ်း၍အော်ဟစ်ရမည့်သိုးထိန်းများ
၂၁၊ ၂၂။ (က) ယေရမိ ၂၅:၃၄-၃၆ တွင် မည်သူများသည် ဣသရေလ “သိုးထိန်းများ” ဖြစ်ကြပြီး သူတို့သည် အဘယ်ကြောင့် မဖြစ်မနေညည်းတွားမြည်တမ်းကြရမည်နည်း။ (ခ) မည်သည့်ခေတ်သစ်သိုးထိန်းများသည် ယေဟောဝါ၏အမျက်ဒေါသနှင့် ထိုက်တန်ပြီး ယင်းသည် အဘယ်ကြောင့် သူတို့နှင့်လုံးလုံးလျားလျားထိုက်တန်သနည်း။
၂၁ အခန်းငယ် ၃၄ မှ ၃၆ တွင် ယေဟောဝါ၏ထပ်ဆင့်တရားစီရင်ချက်ကို ဤသို့ဖော်ပြထားသည်– “အိုသိုးထိန်းတို့၊ ငိုကြွေးအော်ဟစ်ကြလော့။ အိုသိုးကြီးသိုးမြတ်တို့ ပြာ၌လူးလဲလျက်နေကြလော့။ သင်တို့ကိုသတ်ရသောအချိန်ရောက်လေပြီ။ အရပ်ရပ်သို့ငါမောင်းသဖြင့် သင်တို့သည် အဖိုးထိုက်သောတန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်။ သိုးထိန်းတို့သည် ပြေးစရာလမ်းမရှိ။ သိုးကြီးသိုးမြတ်တို့သည် လွတ်ရာလမ်းကိုရှာ၍မတွေ့ရကြ။ သိုးထိန်းများငိုကြွေးသံနှင့် သိုးကြီးသိုးမြတ်များမြည်သံကိုကြားရ၏။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ကျက်စားရာအရပ်ကို ဖျက်ဆီးတော်မူ၏။”
၂၂ ဤသိုးထိန်းများကား မည်သူများနည်း။ သူတို့သည် ယေဟောဝါ၏ဒေါသအမျက်ကိုသောက်ခဲ့ကြပြီးသော ဘာသာရေးခေါင်းဆောင်များမဟုတ်ကြပါ။ သူတို့သည် ယေရမိ ၆:၃ တွင်လည်းဖော်ပြထားသော ယေဟောဝါအားဆိုင်ပြိုင်တိုက်ခိုက်ရန် မိမိတို့၏စစ်တပ်များကိုစုစည်းကြသည့် စစ်နှင့်ဆိုင်သောသိုးထိန်းများဖြစ်ကြသည်။ သူတို့သည် အုပ်စိုးမှုမှ ကြွယ်ဝလာသောအုပ်စိုးရှင်များဖြစ်သည်။ သူတို့အများစုသည် လူပါးများဖြစ်ကြပြီး ဖောက်ပြန်ပျက်စီးခြင်း၏ ဆရာသခင်များဖြစ်ကြသည်။ သူတို့သည် ပျက်စီးဆုံးရှုံးသည့်ဒေသများတွင် လူအမြောက်အမြားသေကျေဆုံးရှုံးစေသည့် ငတ်မွတ်ခေါင်းပါးမှုများကို ငြိမ်းအေးအောင်ပြုပေးဖို့ ဖင့်နွှဲနေခဲ့ကြသည်။ သူတို့သည် “သိုးကြီးသိုးမြတ်များ” ဖြစ်သည့် စစ်မှုရေးရာတွင်ကျွမ်းကျင်သူများနှင့် ပတ်ဝန်းကျင်ကို လောဘတကြီးဖျက်ဆီးတတ်သူများကို ကြွယ်ဝချမ်းသာစေကြပြီး သေလုမြောပါးဖြစ်နေသည့် ကလေးငယ်သန်းပေါင်းများစွာတို့၏ အသက်ကိုကယ်ဆယ်ရန် အနည်းငယ်လောက်သာကုန်ကျမည့် ဆေးဝါးအကူအညီနှင့် အစာအာဟာရများထောက်ပံ့ရန်ကိုမူ ငြင်းဆန်ကြသည်။
၂၃။ ယေဟောဝါ၏ အရေးယူဖျက်ဆီးခြင်းပြီးနောက်တွင် စာတန့်သြဇာခံများ၏အခြေအနေကိုဖော်ပြပါ။
၂၃ ယေရမိအခန်းကြီး ၂၅၊ အခန်းငယ် ၃၇ နှင့် ၃၈ တွင် ငြိမ်းချမ်းရေးကို မိမိတို့ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်စွာရှာဖွေသူများအား ဤသို့ပြောခြင်းသည် အံ့ဩစရာမဟုတ်ပါ– “ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူသောအားဖြင့် ငြိမ်ဝပ်စွာနေရာအရပ်တို့သည်လည်း ပယ်ရှင်းဖျက်ဆီးခြင်းကိုခံရကြ၏။ ခြင်္သေ့ဘာသာဓလေ့၊ နေတော်မူရာချုံကို စွန့်ထွက်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ပြင်းထန်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်းအားဖြင့် သူတို့ပြည်သည် လူဆိတ်ညံရာအရပ်ဖြစ်ရ၏။” အမှန်ပင်အံ့သြဖွယ်ပါတကား! သို့တိုင် ယေဟောဝါ၏တောက်လောင်သောဒေါသသည် ဗျာဒိတ် ၁၉:၁၅၊ ၁၆ တွင် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ဖြစ်သည့်လူမျိုးအပေါင်းကို သံလှံတံဖြင့်ထိန်းကျောင်းမည့်သူအားဖြင့် ဖော်ပြရန်သေချာသည်။ ထို့နောက်ဘာဆက်ဖြစ်သနည်း။
၂၄။ ဗာဗုလုန်ဘာသာရေးနှင့် စာတန့်လောက၏အခြားအစိတ်အပိုင်းများကို ဖျက်ဆီးခြင်းက ဖြောင့်မတ်သောလူသားများအား မည်သည့်ကောင်းကြီးများ ဖြစ်ထွန်းစေမည်နည်း။
၂၄ ဟာရီကိန်း သို့မဟုတ် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို သင်ကြုံဖူးသလော။ ကြောက်မက်ဖွယ်ရာဖြစ်သည်။ သို့သော် နောက်တစ်နေ့ အပျက်အစီးများကို နေရာအနှံ့သင်တွေ့ရသော်လည်း သန့်စင်လတ်ဆတ်နေမြဲရှိပြီး ခါတိုင်းထက်ထူးခြားသော အလွန်သာယာသည့်နေ့တစ်နေ့အတွက် ယေဟောဝါအားကျေးဇူးတင်လောက်သည့်အထိ စိတ်ကြည်လင်လန်းဆန်းဖွယ်ငြိမ်သက်မှုကို သင်ခံစားရပေမည်။ ထိုနည်းတူပင် ကြီးစွာသောဒုက္ခမုန်တိုင်းကြီးရပ်စဲသွားသည်နှင့်အမျှ သင်အသက်ရှင်လျှက်ရှိသည်ကို ကျေးဇူးတင်ခြင်းနှင့်အတူ မြေကြီးတစ်ခွင်ကိုကြည့်ရှုလိုက်နိုင်ပြီး၊ ခမ်းနားထည်ဝါသောပရဒိသုဖြစ်ရန် သန့်စင်ထားသောကမ္ဘာတစ်ခုပြုလုပ်ခြင်းနှင့်ပတ်သက်သော ယေဟောဝါ၏ထပ်ဆင့်လုပ်ငန်းတွင်ပါဝင်ရန် အဆင်သင့်ဖြစ်ပေမည်။ မိမိ၏နာမတော်သန့်ရှင်းမြင့်မြတ်စေကာ မေရှိယနိုင်ငံတော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးအားဖြင့် မြေကြီးပေါ်မိမိအလိုတော်ပြည့်စုံစေရန် လမ်းရှင်းပေးခြင်းအားဖြင့် လူမျိုးများနှင့်ယေဟောဝါပြိုင်ဘက်ပြုခြင်းသည် ကြီးကျယ်သည့်နိဂုံးဖြင့်အဆုံးသတ်သွားမည်။ ထိုနိုင်ငံတော်အမြန်လာပါစေ။
ပြန်လည်သုံးသပ်ခြင်း ဤဆောင်းပါး၏ အပိုဒ် ၅–၂၄
□ ခရစ်ယာန်ဘောင်၏ မည်သည့်အရေခြုံလမ်းစဉ်များသည် ယခုအခါ တရားစီရင်ခံရမည်နည်း။
◻ ယေရမိ ၂၅:၁၂-၃၈ တွင် တရားစီရင်ခြင်းဆိုင်ရာ မည်သည့်တိုးချဲ့သည့်အမြင်ရယူထားသနည်း။
◻ မည်သည့်လက်စားချေသည့်ခွက်ဖလားကို လူမျိုးအားလုံး ကမ်းပေးခံရကြသနည်း။
◻ ညည်းတွားမြည်တမ်းလျက် ငိုကြွေးရသောသိုးထိန်းများကား မည်သူများဖြစ်ပြီး သူတို့အဘယ်ကြောင့်ဒုက္ခပေးခံရကြမည်နည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါသည် ခရစ်ယာန်ဘောင်ကိုဖျက်ဆီးရန် အသုံးခံတန်ဆာပလာရွေးချယ်ထား
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကြီးစွာသောဒုက္ခမုန်တိုင်းပြီးသွားသောအခါ သန့်စင်ထားသည့်ကမ္ဘာဖြစ်ပေါ်လာမည်