အသီး—အကောင်းနှင့်အညံ့
“ထာဝရဘုရားပြတော်မူသောရူပါရုံဟူမူကား . . . သင်္ဘောသဖန်းသီးတောင်းနှစ်လုံးသည် ထင်ရှားလေ၏။ တောင်းတစ်လုံး၌ကား အဦးမှည့်သောသင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသောသင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တစ်လုံး၌ကား မစားနိုင်အောင်အလွန်ညံ့သော သင်္ဘောသဖန်းသီးနှင့်ပြည့်လျက်ရှိ၏။”—ယေရမိ ၂၄:၁၊ ၂။
၁ ယေဟောဝါသည် မိမိ၏လူမျိုးဣသရေလအား သနားကြင်နာမှုမည်သို့ ပြခဲ့သနည်း၊ သို့သော် သူတို့မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
အချိန်ကား ဘီ.စီ.အီး. ၆၁၇ ခုနှစ်ဖြစ်သည်။ ယေရုရှလင်မြို့နှင့် ယင်း၏လူများအပေါ် ထိုက်တန်သော ယေဟောဝါ၏စီရင်ချက်မကျမီ ဆယ်နှစ်မျှအလိုတွင်ဖြစ်သည်။ ယေရမိသည် နှစ်ပေါင်း ၃၀ တိုင်တိုင် အင်တိုက်အားတိုက်ဟောပြောခဲ့ပြီးပေပြီ။ ရာဇဝင်ချုပ်ဒုတိယစောင် ၃၆:၁၅ တွင် အခြေအနေကိုကွက်ကွက်ကွင်းကွင်းမြင်သာအောင် ဧဇရ၏ဖော်ပြချက်ကို မှတ်သားပါ– “ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မိမိလူမျိုးနှင့် မိမိနေတော်မူရာအရပ်ကို သနားသောကြောင့် စောစောထ၍ အထပ်ထပ်စေလွှတ်သောတမန်တို့အားဖြင့် မှာလိုက်တော်မူ” ၏။ ဤအားထုတ်မှု၏ရလဒ်ကား အဘယ်နည်း။ ဝမ်းနည်းစရာပင်၊ အခန်းငယ် ၁၆ တွင် ဧဇရဤသို့ ပြန်ပြောပြသည်– “ဘုရားသခင်၏တမန်တို့ကို ပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင်၊ ပရောဖက်တော်တို့ကိုညှဉ်းဆဲသောကြောင့် ထာဝရဘုရား၏အမျက်တော်ကိုမငြိမ်းနိုင်အောင် မိမိလူမျိုးကိုထွက်” လေ၏။
၂၊ ၃။ ယေရမိကို ယေဟောဝါပြသည့်ထင်ရှားသောရူပါရုံကို ဖော်ပြပါ။
၂ ယင်းက ယုဒလူမျိုးသည် လုံးလုံးသုတ်သင်ခံရမည်ဟု ဆိုလိုပါသလော။ အဖြေအတွက် ယေရမိအမည်တပ်ထားသည့် သူ၏စာစောင်အခန်းကြီး ၂၄ တွင် မှတ်တမ်းတင်ထားသည့် ထူးကဲအရေးကြီးသောရူပါရုံကို ဆင်ခြင်ကြည့်ကြစို့။ ဘုရားသခင်သည် မိမိနှင့်ပဋိညာဉ်ဖွဲ့ထားသောလူများတွင် ဖြစ်ပေါ်ပြောင်းလဲမှုကို ပုံဆောင်ရန် ရူပါရုံတွင် သင်္ဘောသဖန်းသီးနှစ်တောင်းကို အသုံးပြုသည်။ ခြားနားချက်ဖြစ်သည့် ကောင်းသောအသီးနှင့် မကောင်းသောအသီးတို့ကို ယင်းတို့ကပုံဆောင်ရန်ဖြစ်သည်။
၃ ယေရမိအခန်းကြီး ၂၄၊ အခန်းငယ် ၁ နှင့် ၂ တို့က ဘုရားသခင့်ပရောဖက်မြင်တွေ့သည့်အရာကို ဖော်ပြသည်– “ထာဝရဘုရားပြတော်မူသော ရူပါရုံဟူမူကား ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိမင်းအစရှိသော ယုဒမှူးမတ်များ၊ လက်သမား၊ ပန်းပဲသမားများတို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့သိမ်းသွားသောနောက် ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ထားသော သင်္ဘောသဖန်းသီးတောင်းနှစ်လုံးသည် ထင်ရှားလေ၏။ တောင်းတစ်လုံး၌ကား အဦးမှည့်သောသင်္ဘောသဖန်းသီးကဲ့သို့ အလွန်ကောင်းသောသင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။ တစ်လုံး၌ကား မစားနိုင်အောင် အလွန်ညံ့သောသင်္ဘောသဖန်းသီးနှင့် ပြည့်လျက်ရှိ၏။”
ရူပါရုံပါကောင်းသောသင်္ဘောသဖန်းသီး
၄။ သင်္ဘောသဖန်းသီးရူပါရုံတွင် သစ္စာရှိဣသရေလလူများအတွက် မည်သည့်နှစ်သိမ့်ဖွယ်သတင်းစကားများပါသနည်း။
၄ မြင်ခဲ့သည့်အရာနှင့်ပတ်သက်ပြီး ယေရမိအားမေးခွန်းထုတ်ပြီးနောက် အခန်းငယ် ၅ မှ ၇ တွင် ယေဟောဝါဤသို့ဆက်ပြောသည်– “ဤအရပ်မှ ခါလဒဲပြည်သို့ [ကောင်းသောလမ်းဖြင့်၊ ကဘ] ငါစေလွှတ်၍ သိမ်းသွားခြင်းကိုခံရသောယုဒအမျိုးသားတို့သည် ဤကောင်းသောသင်္ဘောသဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံမည်။ သူတို့၌ကျေးဇူးပြုမည်ဟုငါကြံစည်၍ [ကောင်းသောလမ်းတွင် သူတို့ကိုငါအာရုံစိုက်၍၊ ကဘ] ဤပြည်သို့တစ်ဖန်ဆောင်ခဲ့ဦးမည်။ နောက်တစ်ဖန်မဖြိုမဖျက်ဘဲ တည်ဆောက်မည်။ မနုတ်မပယ်ဘဲ စိုက်ထားမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိနိုင်သောစိတ်နှလုံးကို ငါပေးမည်။ သူတို့သည် ငါ၏လူဖြစ်ကြ၍ ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။ ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့နှင့် ပြန်လာကြလိမ့်မည်။”
၅၊ ၆။ (က) ဣသရေလအချို့တို့သည် မည်သည့်နည်းဖြင့် ခါလဒဲပြည်သို့ ‘ကောင်းသောလမ်းဖြင့် စေလွှတ်’ ခံခဲ့ရသနည်း။ (ခ) ယေဟောဝါသည် မည်သည့်နည်းဖြင့် ပြည်နှင်ခံရသည့်သစ္စာရှိဣသရေလများအပေါ် ‘ကောင်းသောနည်းဖြင့် အာရုံစိုက်’ တော်မူခဲ့သနည်း။
၅ ထို့ကြောင့် ဤတွင်ယေဟောဝါမိန့်တော်မူသောစကားများက ကောင်းသောအချိန်ကာလရောက်လာပြီး ယုဒလူမျိုးများသည် လုံးလုံးသုတ်သင်ဖျက်ဆီးခြင်းခံရမည်မဟုတ်ကြောင်း ဖော်ပြနေပုံရသည်။ သို့သော် ဤတွင် ကောင်းသောသင်္ဘောသဖန်းသီး၏ ထင်ပေါ်ချက်များကား အဘယ်နည်း။
၆ ခေါနိ သို့မဟုတ် ယေခေါနိမင်းသည် ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာအား စိတ်လိုကိုယ်လျောက် ယေရုရှလင်မြို့ကိုအပ်ပေးခြင်းမတိုင်မီ ယုဒအပေါ်နန်းစံချိန် သုံးလနှင့်ဆယ်ရက်အကြာတွင်ဖြစ်သည်။ သူနှင့်အတူ သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခြင်းခံရသူများထဲတွင် ဒံယေလနှင့် သူ၏ဟေဗြဲလူမျိုးအဖော်သုံးယောက်ဖြစ်သည့် ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့်အတူ ယေဇကျေလလည်းပါသည်။ ဗာဗုလုန်ရှင်ဘုရင်သည် သုံ့ပန်းများ၏အသက်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ခါလဒဲပြည်သို့ ကောင်းသောလမ်းဖြင့်စေလွှတ်ခံရရန် ယေဟောဝါသူတို့ကိုကြည့်ရှုသည်ဟုပြောနိုင်သည်။ ‘ကောင်းသောလမ်းတွင် သူတို့ကိုအာရုံစိုက်နေ’ မည်ဟု ယေဟောဝါကတိပေးခဲ့ကြောင်း သင်သတိထားမိသလော။ ယင်းမည်သို့ ပြည့်စုံခဲ့သနည်း။ နောက်အနှစ် ၈၀ အကြာ၊ ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ယေဟောဝါသည် ကုရုမင်းအား သူတို့၏သားစဉ်မြေးဆက်အကြွင်းအကျန်ကို ယုဒပြည်သို့ ပြန်ခွင့်ပြုရန် အမိန့်တစ်ခုကိုထုတ်ပြန်စေသည်။ ဤသစ္စာရှိဂျူးများသည် ယေရုရှလင်မြို့ကို ပြန်လည်တည်ဆောက်ခဲ့ကြသည်; သူတို့သည် မိမိတို့၏ဘုရားသခင်ယေဟောဝါဝတ်ပြုရေးအတွက် ဗိမာန်တော်အသစ်တစ်လုံးကိုတည်ဆောက်ခဲ့ကြပြီး ကိုယ်တော့်ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာခဲ့ကြသည်။ ဤနည်းအားဖြင့် ဤသုံ့ပန်းများနှင့်သူတို့၏သားသမီးများသည် အလွန်ကောင်းသော အဦးမှည့်သည့်သင်္ဘောသဖန်းသီးနှင့်တူကြသည်။
၇။ မည်သည့်အချိန်နှင့်မည်သည့်နည်းဖြင့် ခေတ်သစ်ယေရမိအတန်းအစားအပေါ် ‘ကောင်းသောနည်း’ ဖြင့် ယေဟောဝါအာရုံစိုက်တော်မူသနည်း။
၇ ရှေ့ဆောင်းပါးတွင် ယေရမိပရောဖက်ပြုချက်ဆိုင်ရာ စကားများအကြောင်း ကျွန်ုပ်တို့ဆွေးနွေးခဲ့စဉ်က ယင်းတို့သည် ကျွန်ုပ်တို့ ၂၀ ရာစုအတွက် အဓိပ္ပာယ်ရှိသည်ဟုသိရှိခဲ့ရကြောင်း သင်သတိရပေမည်။ အခန်းကြီး ၂၄ သည် ခြွင်းချက်မရှိမှန်ကန်သည်။ ပထမကမ္ဘာစစ်၏ အမှောင်လွှမ်းသည့်နှစ်များတွင် ယေဟောဝါ၏ ဆက်ကပ်အပ်နှံပြီးသောကျေးကျွန်များစွာတို့သည် မဟာဗာဗုလုန်၏သြဇာအောက်သို့ တစ်နည်းမဟုတ်တစ်နည်းအားဖြင့် ရောက်ရှိခဲ့ကြသည်။ သို့သော် ယေဟောဝါ၏သတိနှင့်ယှဉ်သောမျက်စိတော်သည် ‘ကောင်းသောနည်းဖြင့် အာရုံစိုက်’ နေခဲ့သည်။ သာ၍ကြီးမြတ်သောကုရုဖြစ်သည့် ယေရှုခရစ်အားဖြင့် ယေဟောဝါသည် သူတို့အပေါ်လွှမ်းမိုးသော မဟာဗာဗုလုန်၏တန်ခိုးကိုချိုးဖဲ့ပြီး တဖြည်းဖြည်းနှင့် သူတို့အား ဝိညာဏပရဒိသုသို့ခေါ်ဆောင်လာခဲ့သည်။ ဤဝိညာဏဣသရေလများသည် တုံ့ပြန်မှုပြုကာ စိတ်နှလုံးအကြွင်းမဲ့ ယေဟောဝါထံပြန်လာခဲ့ကြသည်။ သို့နှင့် ၁၉၃၁ ခုနှစ်ရောက်သောအခါ ယေဟောဝါသက်သေများဟူသောအမည်ကို ဝမ်းမြောက်စွာခံယူခဲ့ကြသည်။ ယခုသူတို့သည် ယေဟောဝါ၏အမြင်တွင် အလွန်ကောင်းသောသင်္ဘောသဖန်းသီးတောင်းကဲ့သို့ ဖြစ်လာသည်ဟုပြောနိုင်သည်။
၈။ သဖန်းသီး၏ချိုခြင်းနှင့်တူသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ယေဟောဝါသက်သေများသည် မည်သည့်နည်းဖြင့် ဖြန့်ချိကြသနည်း။
၈ သူတို့အား မဟာဗာဗုလုန်မှလွတ်မြောက်စေခဲ့သော ဘုရားသခင်၏မခံစားထိုက်သည့်ကရုဏာတော်၏ရည်ရွယ်ချက်ကို သူတို့လက်မလွတ်ခဲ့ကြပါ။ သင်္ဘောသဖန်းသီး၏ ချိုသောအရသာနှင့်တူသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မိမိတို့အတွက်သာထားခြင်းမဟုတ်ဘဲ မဿဲ ၂၄:၁၄ တွင် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟူသည့်ယေရှု၏စကားနှင့်အညီ ယင်းကို နေရာအနှံ့ရောက်အောင် သူတို့ကြေညာကြသည်။ ရလဒ်ကားအဘယ်နည်း။ ဝိညာဏဣသရေလမဟုတ်သည့် ၄,၇၀၀,၀၀၀ ကျော်သော သိုးကဲ့သို့လူများသည် မဟာဗာဗုလုန်မှလွတ်မြောက်လာခဲ့ကြသည်။
ရူပါရုံပါညံ့သောသင်္ဘောသဖန်းသီး
၉။ မည်သူတို့သည် ယေရမိရူပါရုံပါ ညံ့သောသင်္ဘောသဖန်းသီးများဖြင့် ပုံဆောင်ခံရကြပြီး သူတို့၌မည်သည့်အရာဖြစ်ပျက်သနည်း။
၉ သို့သော် ယေရမိရူပါရုံပါ ညံ့သောသင်္ဘောသဖန်းသီးတောင်းကား မည်သို့နည်း။ ယခု ယေရမိအား အခန်းကြီး ၂၄၊ အခန်းငယ် ၈ မှ ၁၀ တွင် ဤသို့ပြောခြင်းအားဖြင့် ယေရမိအား အာရုံစိုက်စေလိုက်သည်– “မစားနိုင်အောင် အလွန်ညံ့သောသင်္ဘောသဖန်းသီးကဲ့သို့ ငါသည် ယုဒရှင်ဘုရင်ဇေဒကိမှစ၍ မှူးတော်မတ်တော်၊ ဤပြည်၌ကျန်ကြွင်းသော ယေရုရှလင်မြို့သား၊ အဲဂုတ္တုပြည်၌နေသောအမျိုးသားတို့ကို ဖြစ်စေမည်။ သူတို့သည် ငါနှင်ရာအရပ်ရပ်တို့၌ ကဲ့ရဲ့ခြင်း၊ ပုံခိုင်းခြင်း၊ ဆဲရေးခြင်း၊ ကျိန်ခြင်းတို့ကို ခံရမည်အကြောင်း ငါသည် မြေပေါ်မှာတိုင်းနိုင်ငံရှိသမျှတို့၌ နှောင့်ယှက်ညှဉ်းဆဲခြင်းသို့ သူတို့ကိုအပ်လိုက်မည်။ သူတို့နှင့်သူတို့၏ဘိုးဘေးတို့အား ငါပေးသောပြည်မှ သူတို့ကိုမပယ်ရှင်းမီတိုင်အောင် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးကို သူတို့ရှိရာသို့ငါစေလွှတ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။”
၁၀။ ယေဟောဝါသည် ဇေဒကိမင်းအား ‘ညံ့သောသင်္ဘောသဖန်းသီး’ ဟု အဘယ်ကြောင့်ယူမှတ်ရသနည်း။
၁၀ ထို့ကြောင့် ဇေဒကိသည် ယေဟောဝါ၏အမြင်တွင် ‘ညံ့သောသင်္ဘောသဖန်းသီး’ အဖြစ်ထင်ရှားလာသည်။ ဘုရင်နေဗုခဒ်နေဇာကို ပုန်ကန်ခြင်းအားဖြင့် ယေဟောဝါ၏နာမတော်ကိုအမှီပြုကာ ထိုမင်းနှင့်သစ္စာပြုကျိန်ဆိုခြင်းကို ချိုးဖောက်ရုံမျှမက ယေရမိအားဖြင့် သူ့အပေါ်ယေဟောဝါဆန့်တန်းသည့် သနားကရုဏာကို လုံးလုံးငြင်းဆန်ခဲ့သည်။ အမှန်မှာ ယေရမိအချုပ်အနှောင်ခံရရန်ပင် ပြုခဲ့သေးသည်။ ထိုမင်း၏သဘောထားကို ရာဇဝင်ချုပ်ဒုတိယစောင် ၃၆:၁၂ တွင် ဧဇရက ဤသို့မှတ်တမ်းတင်ထားသည်မှာ အဆန်းမဟုတ်ပါ– “ထိုမင်းသည်လည်း မိမိဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ . . . ကိုယ်ကိုမနှိမ့်ချ။” ယေဟောဝါ၏အမြင်တွင် ဇေဒကိနှင့် ယေရုရှလင်မြို့တွင်ကျန်ခဲ့သူများသည် ညံ့သော၊ ပုပ်နေသောသင်္ဘောသဖန်းသီးတောင်းနှင့်တူသည်။
ကျွန်ုပ်တို့ခေတ်တွင် ပုပ်နေသော ပုံဆောင်သင်္ဘောသဖန်းသီးများ
၁၁၊ ၁၂။ ယနေ့ မည်သူများသည် ညံ့သောသင်္ဘောသဖန်းသီးများအဖြစ်သတ်မှတ်ခံရပြီး သူတို့၌မည်သည့်အရာဖြစ်ပျက်မည်နည်း။
၁၁ ယနေ့ကမ္ဘာတစ်ခွင်ကိုကြည့်လိုက်ပါ။ ညံ့သောပုံဆောင်သင်္ဘောသဖန်းသီးတောင်းကို ကျွန်ုပ်တို့တွေ့နိုင်သလော။ ကျွန်ုပ်တို့ခေတ်ကို ယေရမိခေတ်နှင့်နှိုင်းယှဉ်ကြည့်ပြီး အဖြစ်မှန်ကိုသုံးသပ်ကြည့်ကြစို့။ ဤ ၂၀ ရာစုတွင် ယေဟောဝါသည် ကြီးစွာသောဒုက္ခတွင်ရောက်ရှိလာမည့် မိမိ၏အမျက်ဒေါသအကြောင်း လူမျိုးများအားအဆက်မပြတ်သတိပေးရန် ဘိသိက်ခံအကြွင်းအကျန်များဖြစ်သည့် ယေရမိအတန်းအစားကို အသုံးပြုလာခဲ့သည်။ မိမိ၏နာမတော်အတွက် မိမိအား ထိုက်တန်သောချီးမွမ်းဂုဏ်ပြုခြင်းကိုပြုရန်၊ မိမိအား စိတ်နှင့်သမ္မာတရားဖြင့်ဝတ်ပြုရန်၊ မိမိ၏နန်းထိုင်သားတော်ယေရှုခရစ်အား မြေကြီးကိုအုပ်ချုပ်ခွင့်ရှိသူအဖြစ် ဝန်ခံအသိအမှတ်ပြုရန် လူမျိုးများအား ကိုယ်တော်တိုက်တွန်းခဲ့သည်။ တုံ့ပြန်မှုကား မည်သို့ရှိခဲ့သနည်း။ ယေရမိအချိန်ကကဲ့သို့ ဖြစ်သည်။ လူမျိုးများသည် ယေဟောဝါ၏အမြင်တွင်ဆိုးသောအရာများကို ဆက်၍လုပ်နေခဲ့ကြသည်။
၁၂ ဤပုန်ကန်သည့်သဘောထားကို မည်သူများကလှုံ့ဆော်သနည်း။ ယေရမိနှင့်တူသည့် ဘုရားသခင့်တမန်များ၏ ဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် လုပ်ဆောင်နိုင်သည့်အခွင့်အာဏာကို စောဒကတက်ခြင်းအားဖြင့် သူတို့အားကဲ့ရဲ့သရော်နေကြသူတို့ကား မည်သူများနည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို မထီမဲ့မြင်ပြုနေသူများကား မည်သူများနည်း။ ယေဟောဝါသက်သေများအား ညှဉ်းပန်းမှုအားလုံး၏နောက်ကွယ်တွင် ယနေ့ မည်သူရှိနေသနည်း။ အဖြေကား အားလုံးအတွက်ရှင်းနေပါသည်—ခရစ်ယာန်ဘောင်၊ အထူးသဖြင့် ဓမ္မဆရာများဖြစ်ကြသည်။ အထက်ကကျွန်ုပ်တို့ဆွေးနွေးခဲ့သည့် ခရစ်ယာန်ဘောင်၏ ပုပ်ပျက်သော၊ ညံ့သောအသီးများကို ပြန်ကြည့်လိုက်ပါ။ မှန်ပါသည်၊ ပုံဆောင်သင်္ဘောသဖန်းသီးတောင်းသည် ယနေ့ မြေကြီးပေါ်တွင် မုချရှိနေပါသည်။ အမှန်အားဖြင့် ယေဟောဝါကသူတို့အား “မစားနိုင်အောင်အလွန်ညံ့” သည်ဟုဆိုထားသည်။ ယေရမိအားဖြင့်ပြောသော ယေဟောဝါ၏စကားများသည် ကျွန်ုပ်တို့ခေတ်အထိပဲ့တင်ထပ်လာခဲ့သည်– ‘သူတို့သည် ပယ်ရှင်းခြင်းခံရကြမည်။’ ခရစ်ယာန်ဘောင်အား ယေဟောဝါတိုက်ခိုက်ခြင်းကို မည်သူမျှမကယ်နိုင်ပါ။
ကျွန်ုပ်တို့အတွက် သတိပေးသင်ခန်းစာ
၁၃။ ၁ ကောရိန္သု ၁၀:၁၁ တွင်တွေ့ရသည့် ပေါလု၏စကားများအရ သင်္ဘောသဖန်းသီးတောင်းနှစ်လုံးပါသည့်ရူပါရုံကို ကျွန်ုပ်တို့မည်သို့ယူမှတ်သင့်သနည်း။
၁၃ ယေရမိမှုတ်သွင်းခံခဲ့ရသော သတိပေးချက်သတင်းတွင် ပါဝင်သည့်အချက်များကို ကျွန်ုပ်တို့စစ်ဆေးကြည့်သောအခါ ကောရိန္သုသြဝါဒစာပထမစောင် ၁၀:၁၁ ပါ တမန်တော်ပေါလု၏စကားများကို ကျွန်ုပ်တို့ကြားယောင်သည်– “ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။” သင်္ဘောသဖန်းသီးနှစ်တောင်းပါရူပါရုံအားဖြင့် ဤပုံဆောင်သတိပေးချက်ကို ကျွန်ုပ်တို့တစ်ဦးစီနှလုံးသွင်းထားသလော။ ကျွန်ုပ်တို့ဆွေးနွေးခဲ့သည့်အရာများသည် ကျွန်ုပ်တို့အတွက် သတိပေးပုံသက်သေအနေနှင့် ဣသရေလလူမျိုးအပေါ် သက်ရောက်ခဲ့သည့်အရေးကြီးသောအရာများဖြစ်သည်။
၁၄။ ယေဟောဝါ၏ ကြင်နာသောစောင့်ရှောက်မှုကို ဣသရေလလူမျိုးမည်သို့တုံ့ပြန်ခဲ့သနည်း။
၁၄ နိဂုံးချုပ်အနေနှင့် ဣသရေလလူမျိုးနှင့်ပတ်သက်၍ ဒါဝိဒ်အားယေဟောဝါမိန့်တော်မူသည့် ဓမ္မရာဇဝင်ဒုတိယစောင် ၇:၁၀ ပါစကားများကို ပြန်သတိရကြစို့– “ဣသရေလအမျိုးနေရာအရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန်မပြောင်းမလဲ၊ မိမိတို့နေရာ၌နေစေခြင်းငှာ ငါမြဲမြံစေမည်။” ယေဟောဝါသည် မိမိ၏လူဣသရေလများအား နည်းမျိုးစုံဖြင့် ကြင်နာစွာစောင့်ရှောက်တော်မူသည်။ ဣသရေလတို့သည် မိမိတို့အသက်တာတွင် ကောင်းသောအသီးကိုသီးရန် အကြောင်းများစွာရှိခဲ့သည်။ ယေဟောဝါ၏မြင့်မြတ်သောသွန်သင်ခြင်းကို နားထောင်ပြီး ပညတ်တော်များကိုစောင့်ရှောက်ရမည်။ သို့သော် သူတို့ထဲမှ အနည်းငယ်သာ ထိုသို့ ပြုခဲ့ကြသည်။ အများစုတို့သည် ခေါင်းမာ၍လမ်းလွဲခဲ့ကြသည်နှင့်အညီ ညံ့သော၊ ပုပ်ပျက်သောအသီးများကို သီးခဲ့ကြသည်။
၁၅။ ယနေ့ဝိညာဏဣသရေလနှင့် သူတို့၏ သိုးနှင့်တူသောအပေါင်းအဖော်များသည် ယေဟောဝါ၏ကြင်နာမှုကို မည်သို့တုံ့ပြန်ခဲ့ကြပြီနည်း။
၁၅ သို့ဆိုလျှင် ကျွန်ုပ်တို့ခေတ်ကောမည်သို့နည်း။ ယေဟောဝါသည် မိမိ၏ဝိညာဏဣသရေလအကြွင်းအကျန်များနှင့် သိုးလိုစိတ်ထားရှိသည့် သူတို့၏အပေါင်းအဖော်များအား များစွာကြင်နာမှုပြသခဲ့သည်။ ၁၉၁၉ ခုနှစ်၊ သူတို့၏ဝိညာဏလွတ်မြောက်ချိန်ကတည်းက သူတို့အပေါ် ကိုယ်တော်အစဉ်မပြတ်အာရုံစိုက်လာခဲ့သည်။ ဟေရှာယအားဖြင့်ကြိုပြောထားသည့်အတိုင်း စကြဝဠာတွင် အကြီးမြတ်ဆုံးသောသွန်သင်သူဖြစ်သည့် ယေဟောဝါထံတော်မှ မြင့်မြတ်သည့်သွန်သင်ညွှန်ကြားချက်ကို နေ့စဉ်သူတို့လက်ခံရရှိကြသည်။ (ဟေရှာယ ၅၄:၁၃) ကိုယ်တော်ချစ်တော်မူသောသားတော် ယေရှုခရစ်အားဖြင့်ပေးသော ဤမြင့်မြတ်သည့်သွန်သင်ချက်သည် သူတို့အလယ်တွင် ကြွယ်ဝသည့်ငြိမ်သက်မှုကိုဖြစ်စေပြီး သူတို့အား ယေဟောဝါနှင့်ဆက်ဆံရေးကို တစ်စတစ်စပိုမိုနီးကပ်လာစေသည်။ ကျွန်ုပ်တို့အားလုံး ယေဟောဝါအားသိရန်၊ ကိုယ်တော်ကိုနားထောင်ရန်၊ ကျွန်ုပ်တို့အသက်တာတွင် ကောင်းသောအသီးများ—ယေဟောဝါ၏ဂုဏ်တော်ကိုချီးမွမ်းသောအသီးများကို ဆက်လက်သီးနိုင်ရန် အလွန်ကောင်းမွန်သော ဝိညာဉ်ရေးအသိုင်းအဝိုင်းကို ယင်းကဖြစ်ထွန်းစေသည်! ယင်းသည်ပင် ကျွန်ုပ်တို့၏ဘဝဖြစ်သည်!
၁၆။ ကျွန်ုပ်တို့တစ်ဦးစီသည် သင်္ဘောသဖန်းသီးတောင်းနှစ်လုံးပါသည့်ရူပါရုံကို မည်သို့ကိုယ်ပိုင်ကျင့်သုံးနိုင်ကြသနည်း။
၁၆ သို့သော် ဘုရားသခင်၏ မခံစားထိုက်သောကရုဏာများကြားမှပင် အချို့တို့သည် ရှေးယုဒလူများကဲ့သို့ ပုန်ကန်၍နှလုံးခိုင်မာပြီး မိမိတို့အသက်တာတွင် မကောင်းသော၊ ပုပ်ပျက်သောအသီးများကို သီးပွင့်ကြတုန်းပင်။ မည်မျှဝမ်းနည်းစရာပါတကား! သင်္ဘောသဖန်းသီးအကောင်းနှင့်အညံ့တောင်းများဆိုင်ရာ ကျွန်ုပ်တို့အားသတိပြုစေသည့်ဤသတိပေးသင်ခန်းစာကို ကျွန်ုပ်တို့မည်သူတစ်ဦးတစ်ယောက်မျှ မျက်ခြည်မပြတ်ပါစေနှင့်။ အယူဖောက်ပြန်သောခရစ်ယာန်ဘောင်အပေါ် ယေဟောဝါ၏ ထိုက်တန်သောတရားစီရင်ချက်သည် မကြာမီအလျင်အမြန်ရောက်ရှိလာတော့မည်ဖြစ်ရာ တမန်တော်ပေါလု၏ဆုံးမစကားကို ကျွန်ုပ်တို့နှလုံးသွင်းကြပါစို့– “ကောင်းသောအကျင့်အမျိုးမျိုးတွင် အသီးသီးနေသည့်အနေဖြင့် ယေဟောဝါအားချီးမွမ်းဖွယ်ဖြစ်စေခြင်းနှင့်တကွလျှောက်လှမ်းပြီး ကိုယ်တော်အား အစွမ်းကုန်နှစ်သက်မှုဖြစ်စေပါ။”—ကောလောသဲ ၁:၁၀၊ ကဘ။
ပြန်လည်သုံးသပ်ခြင်း “အသီး—အကောင်းနှင့်အညံ့” နှင့် “လူမျိုးများနှင့်ယေဟောဝါ၏အချေအတင်” အပိုဒ် ၁–၄
◻ ကောင်းသောသင်္ဘောသဖန်းသီးတောင်းသည် ဘာကိုပုံဆောင်သနည်း။
◻ ရူပါရုံပါ ညံ့သောသင်္ဘောသဖန်းသီးတောင်းသည် မည်သည့်အရာဖြစ်ကြောင်း ထင်ရှားလာသနည်း။
◻ ယေရမိ၏သတင်းစကားက ကျွန်ုပ်တို့အတွက် မည်သည့်သတိပေးသင်ခန်းစာပေးသနည်း။
◻ ဘီ.စီ.အီး. ၆၀၇ ခုနှစ်နှင့် စီ.အီး. ၁၉၁၄ ခုနှစ်တို့၏ ထူးခြားချက်ကား အဘယ်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကောင်းသောသင်္ဘောသဖန်းသီးများကဲ့သို့ပင် ဘုရားသခင်၏လူများသည် ချိုသောဘုရားသခင့်နိုင်ငံတော်အသီးများကို ဖြစ်ပွားစေ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ခရစ်ယာန်ဘောင်သည် ညံ့သောသင်္ဘောသဖန်းသီးတောင်းနှင့်တူကြောင်း သက်သေထူခဲ့ပြီ