မည်သူတို့၏ ဆုတောင်းချက်များ ဖြေကြားခြင်းခံရသနည်း
“လောကထင်သည်ထက် ဆုတောင်းခြင်းဖြင့် ရသည့်အရာများစွာရှိသည်။” ၁၉ ရာစုနှစ်အင်္ဂလိပ်ကဗျာဆရာ အဲလ်ဖရက်တယ်နဆင် က ထိုသို့ပြောခဲ့သည်။ လူများစွာတို့သည် ကျန်းမာမှု၊ ပျော်ရွှင်မှု၊ ငြိမ်သက်မှုနှင့်အနာဂတ်အလားအလာများအတွက် ဆုတောင်းမပြည့်ကြပါ။ အမှန်မူ၊ ဘုရားသခင်သည် ဆုတောင်းချက်များကို လုံးဝနားမထောင်ဟု လူအချို့ယူမှတ်ကြသည်။ သို့သော် သမ္မာကျမ်းစာက ကိုယ်တော်အား “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” ဟုခေါ်ထားသည်။—ဆာလံ ၆၅:၂၊ ကဘ ။
ယင်းက သင့်အားဤသို့မေးစရာဖြစ်စေမည်။ ‘ဒီ “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” ဟာဘယ်သူလဲ။ ကျွန်ုပ်တို့ဆုတောင်းပြည့်ဖို့ အထူးပြည့်မီရမဲ့တောင်းဆိုချက်တွေများရှိသလား။ ကျွန်ုပ်တို့ဘယ်လိုဆုတောင်းသင့်သလဲ။ ဘယ်သူတွေရဲ့ဆုတောင်းချက်ပြည့်သလဲ။’
သူတို့၏ဆုတောင်းချက်များကြားနာခံရ
ဆုတောင်းခြင်းသည် လူသားစတင်ကတည်းကရှိခဲ့သည်။ ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့၏သား အာဗေလကိုကြည့်ပါ။ ဘုရားသခင်လက်ခံဖွယ်သောယဇ်ကို သူပူဇော်ဆက်သစဉ် တောင်းလျှောက်ခြင်းနှင့် ချီးမွမ်းခြင်းများပါဝင်မည်မှာမလွဲပေ။—ကမ္ဘာဦး ၄:၁-၅။
ကျွန်ုပ်တို့၏ခေတ်သက္ကရာဇ်မတိုင်မီကိုးရာစုက ဘုရားသခင်၏ပရောဖက်ယောနသည် မိမိအားမျိုစေသည့် ‘ငါး၏ဝမ်းထဲမှနေ၍ မိမိ၏ဘုရားသခင်ယေဟောဝါအား ဆုတောင်းခဲ့သည်။” ထိုဆုတောင်းချက်ပြည့်ခဲ့သလော။ ပြည့်ပါသည်။ အကြောင်းမှာ “ငါးကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ၏အမိန့်တော်ကိုခံ၍ ယောနကို ကုန်းပေါ်သို့အန်လေ၏။” ထိုအခါယောနသည် နိနေဝေမြို့သို့သွားရန်ဘုရားပေးတာဝန်ကို လုပ်ဆောင်လေတော့သည်။—ယောန ၁:၁၇။ ၂:၁၊ ၁၀။ ၃:၁-၅။
ရှေးခေတ်ကဣသရေလလူမျိုးဒါဝိဒ်သည် ရန်သူများဝန်းရံခံရသောအခါ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ ]၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိသည့်အတိုင်း ပြန်ပြောတော်မူပါ” ဟုအော်ဟစ်ခဲ့သည်။ (ဆာလံ ၁၄၃:၁) လွတ်မြောက်ရန်ဒါဝိဒ်၏ဆုတောင်းချက်ပြည့်စုံခဲ့သည်။ သူ့ရန်သူများသူ့ကိုလုပ်ကြံ၍မအောင်မြင်ခြင်းအားဖြင့်ဖြစ်သည်။ ထို့ကြောင့် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] သည် ပတ္ထနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွပတ္ထနာပြုသောသူအပေါင်းတို့၏အနီးအပါး၌ရှိတော်မူ၏” ဟုသူပြောနိုင်ခဲ့ခြင်းဖြစ်သည်။—ဆာလံ ၁၄၅:၁၈။
အဓိကတောင်းဆိုချက်များကိုပြည့်မီခြင်း
ရှေးခေတ်က ဘုရားသခင်၏ကျေးကျွန်များ ဆုတောင်းချက်ပြည့်စုံခဲ့သည်မှာ ထင်ရှားပါသည်။ သူတို့သည် လုပ်ရိုးလုပ်စဉ်အရ အမည်မသိသောဘုရားထံ ဆုတောင်းခဲ့ခြင်းမဟုတ်ပါ။ “မြေကြီးတစ်ပြင်လုံးအပေါ်မှာအမြင့်ဆုံးသောဘုရား” ယေဟောဝါထံ ယုံကြည်မှုဖြင့်ဆုတောင်းခဲ့ကြခြင်းဖြစ်သည်။ (ဆာလံ ၈၃:၁၈) ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် အကျိုးသက်ရောက်ရန် မည်သည့်အဓိကတောင်းဆိုချက်များကို ပြည့်မီရမည်နည်း။
ယေဟောဝါထံသာဆုတောင်းပါ။ (ဆာလံ ၁၁၅:၅-၇။ ၁ ယောဟန် ၅:၂၁) ဗာဗုလုန်ဘုရားများထံဆုတောင်းခြင်းသည် ကျမ်းစာနှင့်မကိုက်ညီပါ။ ယေဟောဝါသည် မိမိကိုချစ်ပြီး ဝတ်ပြုသောသူတို့အတွက် အရေးတယူရှိတော်မူသည်။ ဥပမာ လွန်ခဲ့သည့်နှစ်ရာစုများစွာက ဗာလဘုရား၏ပရောဖက်များသည် ကောင်းကင်မှမီးကျလာရန် သူ့ကိုဆုတောင်းခဲ့ကြသည်။ နံနက်မှသည်ညတိုင်အောင် ဆုတောင်းကြသော်လည်း ဗာလအဖြေမပေးနိုင်ခဲ့ပါ။ ထို့နောက် ဧလိယက ယေဟောဝါအား ဆုတောင်းလိုက်သောအခါ ယဇ်ပလ္လင်ကိုမီးကျ၍လောင်ကျွမ်းစေခြင်းအားဖြင့် ဆုတောင်းချက်ကို ယေဟောဝါဖြေကြားတော်မူခဲ့သည်။—၃ ဓမ္မရာဇဝင် အခန်းကြီး ၁၈။
ယေရှုခရစ်အားဖြင့်သာ ဘုရားသခင်ထံချဉ်းကပ်ပါ။ ယေဟောဝါသည် လူသားများကို အပြစ်နှင့်သေခြင်းမှရွေးနှုတ်ရန် မိမိ၏တစ်ပါးတည်းသောသားတော်ယေရှုခရစ်ကို ရွေးဖိုးအဖြစ်မြေကြီးသို့စေလွှတ်တော်မူခဲ့သည်။ (ယောဟန် ၃:၁၆၊ ၃၆။ ရောမ ၅:၁၂၊ ၆:၂၃) ထို့ကြောင့် ဤအစီအစဉ်မှအကျိုးရယူလိုသူတို့အတွက် ကိုယ်တော့်ထံဆုတောင်းချဉ်းကပ်ရန် နည်းလမ်းအသစ်တစ်ခုကို ဖွင့်ပေးတော်မူခဲ့သည်။ ဆာလံဆရာဒါဝိဒ်တို့ကဲ့သို့သော ရှေးဘုရားသခင့်ကျေးကျွန်များသည် ယေဟောဝါထံတိုက်ရိုက်ဆုတောင်းခဲ့သည်။ (ဆာလံ ၄:၁။ ၁၇:၁။ ၅၅:၁။ ၁၀၂:၁) သို့သော် ချဉ်းကပ်နည်းအသစ်ကား “ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရကြ။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် တောင်းသည့်အတိုင်းငါပြုမည်” ဟုမိန့်တော်မူခဲ့သော ယေရှုခရစ်အားဖြင့်ဖြစ်သည်။ (ယောဟန် ၁၄:၆၊ ၁၄) အခြားတစ်စုံတစ်ဦးမှတစ်ဆင့် ဘုရားသခင်ထံဆုတောင်းရန် ကျမ်းစာတွင် မည်သည့်နေရာ၌မျှ ဖော်ပြထားခြင်းမရှိပါ။
ထို့ကြောင့် ယေရှု၏နာမတော်မှတစ်ဆင့် ဘုရားသခင်ထံကျွန်ုပ်တို့ဆုတောင်းရမည်ကို ကျွန်ုပ်တို့သိရှိထားပြီးဖြစ်ရာ ယေဟောဝါအား သားတော်မှတစ်ဆင့်ဆုမတောင်းလျှင် ကျွန်ုပ်တို့၏ဆုတောင်းချက်များ ဖြေကြားခြင်းခံရမည်မဟုတ်။ သို့ရာတွင် ဆုတောင်းချက်အများစုကို ယေဟောဝါဖြေကြားတော်မမူသည့် အခြားအကြောင်းများလည်းရှိသေးသည်။
အဘယ်ကြောင့်ဘုရားသခင်ဖြေကြားတော်မမူရခြင်း
ဆုတောင်းသောအခါ အထူးကိုယ်ဟန်အနေအထားရယူရုံဖြင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင်ဖြေကြားတော်မူမည်မဟုတ်ပါ။ တစ်စုံတစ်ခုသောကိုယ်ဟန်အနေအထားအားဖြင့်သာဆုတောင်းရန် ကျမ်းစာမတောင်းဆိုပါ။ ဒူးထောက်ခြင်းသည် ဘုရားသခင်ရှေ့တွင် နှိမ့်ချမှုတင်ပြခြင်းဖြစ်နိုင်သည်မှာ မှန်ပါသည်။ သို့သော် မတ်တပ်ရပ်စဉ်၊ စားပွဲတွင်ထိုင်နေစဉ်၊ အိပ်ရာထဲတွင်အနားယူနေစဉ်၊ သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများသို့သွားနေစဉ် ဆုတောင်းခြင်းသည် လက်ခံဖွယ်ရှိသည်။ (ဒံယေလ ၆:၁၀၊ ၁၁။ မာကု ၁၁:၂၅) ယေဟောဝါသည် မကြားနိုင်သောဆုတောင်းချက်များကိုပင် ဖြေကြားတော်မူပါသည်တကား။ ပျက်စီးနေသောယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ရန်မိမိအလိုရှိကြောင်း ပေရသိဘုရင်အားမပြောကြားမီ “ကောင်းကင်ဘုံ၏အရှင်ဘုရားသခင်” ထံ နေဟမိ၏အသံတိတ်ဆုတောင်းချက်ကို ယေဟောဝါဖြေကြားတော်မူခဲ့သည်။ (နေဟမိ ၂:၁-၆) ထို့ကြောင့် ကိုယ်ဟန်အနေအထားသည် အရေးကြီးသည့်အချက်မဟုတ်လျှင် အဘယ်ကြောင့်ဆုတောင်းချက်များစွာသည် ဘုရားသခင်၏ဖြေကြားခြင်းမခံရသနည်း။
ဆိုးသွမ်းသူ၏ဆုတောင်းခြင်းများကို ယေဟောဝါနှစ်သက်တော်မမူပါ။ မှန်ပါသည်။ “တရားမနာ၊ လွဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။” (သု၊ ၂၈:၉) လမ်းလွဲနေသောမိမိ၏လူများအား ပရောဖက်ဟေရှာယအားဖြင့် ဘုရားသခင်ဤသို့မိန့်တော်မူခဲ့သည်။ “သင်တို့သည် လက်ဝါးကိုဖြန့်ကြသောအခါ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) ဆိုးသွမ်းသူတို့သည် ခရစ်တော်မှတစ်ဆင့် ဘုရားသခင်ထံတောင်းလျှောက်ကြသည့်တိုင် ဖြေကြားခြင်းခံရလေ့မရှိကြပါ။
လူမြင်ကောင်းအောင်ဆုတောင်းခြင်းများကို ဘုရားသခင်ဖြေကြားတော်မမူ။ “သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာထင်ရှားစေခြင်းငှာ ပွဲသဘင် လမ်းဆုံလမ်းဝတို့၌ရပ်လျက် ဆုတောင်းခြင်းငှာအလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ ကိုယ်တော်ဆက်၍ဤသို့ပြောသည်။ “သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်တို့၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့။” (မဿဲ ၆:၅၊ ၆) ဤသို့မိန့်တော်မူခြင်းအားဖြင့် ယေရှုသည် လူထုရှေ့ဆုတောင်းခြင်းများကို တားမြစ်လိုက်ခြင်းမဟုတ်ပါ။ အကြောင်းမှာ ကိုယ်တော်တိုင်ပင် အခြားသူများရှေ့တွင် ကြားနိုင်အောင်ဆုတောင်းတော်မူခဲ့သည်။ (မဿဲ ၁၄:၁၉) လူအများမြင်သာ ကြားသာရုံသက်သက်ဖြင့် ချီးမွမ်းခံရရန်ဆုတောင်းခြင်းသည် မှားကြောင်း ယေရှုတင်ပြတော်မူခဲ့ခြင်းဖြစ်သည်။
ယေဟောဝါသည် စိတ်ရင်းမှန်ဖြင့်မဟုတ်သော ထပ်ခါထပ်ခါရွတ်ဆိုသည့်ဆုတောင်းချက်များကို အဖြေပေးတော်မမူ။ “သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့်အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟုထင်မှတ်ကြ၏။ ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့အဘသိတော်မူ၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၆:၇၊ ၈ ကဘ) အရှေ့တိုင်းသားများစွာက ဆုတောင်းဘီး (ရေးထားသည့်ဆုတောင်းချက်များကိုထည့်ထားသည့်စည်) ကိုလှည့်လိုက်သည့်အခါတိုင်း တောင်းလျှောက်ချက်တစ်ပတ်ပြန်ကျော့သည်ဟု ထင်ကြသည်။ သန်းပေါင်းများစွာသောသူတို့သည် ဆုတောင်းစာအုပ်များမှ ဆုတောင်းချက်များကို အလွတ်ရွတ်ဖတ်ကြသည်။ သို့သော် ဆုတောင်းချက်ကိုဘုရားသခင်ကြားနာစေလိုသူသည် ထပ်ခါတလဲလဲရွတ်ဖတ်ဆုတောင်းခြင်းမျိုးကိုရှောင်ပြီး ယေရှုနောက်ထပ်ပြောသည့်အချက်များကို ဂရုစိုက်ပေမည်။
“သင်တို့ဆုတောင်းရမည်မှာ”
စံပြဆုပတ္ထနာဟုအများခေါ်ကြသောဆုတောင်းချက်ကို ယေရှုပေးတော်မူခဲ့သည်။ (မဿဲ ၆:၉-၁၃ ကဘ) ကိုယ်တော်က “သင်တို့ဆုတောင်းရမည်မှာ‘ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်သန့်ရှင်းခြင်းမြင့်မြတ်ခြင်းရှိပါစေသော။’” ဘုရားသခင်ကို “ကျွန်ုပ်တို့အဘ” ဟုဖော်ပြခြင်းကား အခြားသူများလည်း ကိုယ်တော်အားဝတ်ပြုသူမိသားစုအဝင်အဖြစ် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိကြောင်းဖော်ပြသည်။ ယေဟောဝါဟူသောဘုရားသခင်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်းသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ သို့ရာတွင် ကိုယ်တော်မည်သို့သန့်ရှင်းမြင့်မြတ်စေမည်နည်း။ ဆိုးသွမ်းမှုကိုပယ်ရှားခြင်းအားဖြင့် ကိုယ်တော့်နာမတော်အားကဲ့ရဲ့ရှုတ်ချမှုအားလုံးကို ရှင်းလင်းပစ်မည်ဖြစ်သည်။—ယေဇကျေလ ၃၈:၂၃။
“နိုင်ငံတော်လာပါစေ။ အလိုတော်သည် ကောင်းကင်၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်းပြည့်စုံပါစေ” ဟုယေရှုဆက်ပြောတော်မူခဲ့သည်။ ကိုယ်တော့်သားတော်၏ ကောင်းကင်မေရှိယနိုင်ငံတော်အားဖြင့် ဘုရားသခင့်အကြွင်းမဲ့အစိုးပိုင်ခွင့်ကိုဆန့်ကျင်သူအားလုံးအား မြေကြီးပေါ်မှပယ်ရှားပစ်မည်။ (ဒံယေလ ၂:၄၄) သို့သော် ဘုရားသခင့်အလိုတော်သည် ကောင်းကင်၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ပြည့်စုံစေရန်ကျွန်ုပ်တို့ဆုတောင်းရာတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်းကား ယေဟောဝါသည် ကိုယ်တော်အားဆန့်ကျင်သူများကို ပယ်ရှားပစ်ခြင်းအပါအဝင် မြေကြီးဆိုင်ရာမိမိ၏အလိုတော်အား ပြည့်စုံစေရန် ကျွန်ုပ်တို့တောင်းလျှောက်နေခြင်းဖြစ်သည်။—ဗျာဒိတ် ၁၆:၁၄-၁၆။ ၁၉:၁၁-၂၁။
ဘုရားသခင်၊ ကိုယ်တော့်နာမတော်သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ရည်ရွယ်တော်မူချက်များကို စံပြဆုပတ္ထနာတွင် ဦးဆုံးဖော်ပြပြီးနောက်ယေရှုဤသို့ဆက်ပြောခဲ့သည်။ “ယနေ့အတွက်အစာကို ကျွန်ုပ်တို့အား ယနေ့ပေးတော်မူပါ။” “ယနေ့အတွက်” လိုအပ်ရာကိုတောင်းလျှောက်ခြင်းသည် ကိုယ်တော်ကိုဝတ်ပြုသူများအား နေ့စဉ်လိုအပ်ရာများကိုပေးနိုင်သည့်အရည်အချင်းကို ယုံကြည်စိတ်ချမှုတိုးပွားစေသည်။ ယင်းသည် အတိုင်းထက်လွန်သောအစားအစာများကို အတ္တဆန်စွာတောင်းလျှောက်နေခြင်းမဟုတ်ပါ။
ယေရှုဤသို့ဆက်ပြောသည်။ “ကျွန်ုပ်တို့၏မြီစားများကို ကျွန်ုပ်တို့ဖြေလွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အကြွေးများကိုလည်း ဖြေလွှတ်တော်မူပါ။” (ဤ“ကြွေးများ” သည် “အပြစ်များ” ဖြစ်ကြောင်း လုကာ ၁၁:၄ ကဖော်ပြသည်) ကျွန်ုပ်တို့အားပြစ်မှားသူများကို ကျွန်ုပ်တို့ခွင့်လွှတ်မှသာ ဘုရားသခင့်ထံမှခွင့်လွှတ်မှုကို ကျွန်ုပ်တို့ရရှိနိုင်မည်။ (မဿဲ ၆:၁၄၊ ၁၅) ထို့ကြောင့်ပေါလုက ဤသို့ဆီလျော်စွာပြောခဲ့သည်။ “ယေဟောဝါသည် သင်တို့ကိုခွင့်လွှတ်သည့်နည်းတူ သင်တို့လည်းထိုသို့ပြုကြလော့။”—ကောလောသဲ ၃:၁၃၊ ကဘ။
စံပြဆုပတ္ထနာကိုနိဂုံးချုပ်ရာတွင် ယေရှုက “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ” ဟုဆိုခဲ့သည်။ ယေဟောဝါသည် လူများကို “ဆိုးသောအရာများဖြင့်” စုံစမ်းတော်မမူ။ (ယာကုပ် ၁:၁၃) စုံစမ်းခြင်းသည် ဆိုးယုတ်သူစာတန်မာရ်နတ်ထံမှဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သူ့အား အတိုင်းအတာတစ်ခုဖြင့် ယင်းကိုပြုလုပ်ရန် ခွင့်ပြုထားကြောင်း တစ်ခါတစ်ရံကျမ်းစာဖော်ပြသည်။ (ရုသ ၁:၂၀၊ ၂၁။ ဒေသနာ ၇:၁၃) “အပြစ်သွေးဆောင်ရာသို့မလိုက်မပါစေ” ရန်တောင်းလျှောက်ချက်ကို ဘုရားသခင်ဖြေကြားရာတွင် ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များကို စုံစမ်းခြင်းခံရန်ခွင့်ပြုသော်လည်း စွန့်ပစ်တော်မမူပါ။ အမှန်မှာ “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”—၁ ကောရိန္သု ၁၀:၁၃။
ဆိုးယုတ်သူထံမှလွတ်မြောက်ရန် ကျွန်ုပ်တို့ဆုတောင်းသောအခါ ယေဟောဝါ၏သစ္စာရှိဝတ်ပြုသူများအနေနှင့် ကျွန်ုပ်တို့ကို မာရ်နတ်အနိုင်ရခွင့်မပြုရန် တောင်းဆိုနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သစ္စာရှိကျေးကျွန်များဖြစ်လျှင် ထိုတောင်းလျှောက်ချက်မျိုးကို ကိုယ်တော်ဖြေကြားတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ အကြောင်းမှာ တမန်တော်ပေတရုဤသို့ရေးသားခဲ့သည်။ “ဘုရားရေးရာဆက်ကပ်အပ်နှံထားသူတို့ကို စုံစမ်းခြင်းအထဲကမည်သို့ကယ်နှုတ်ရမည်ကို ယေဟောဝါသိတော်မူ၏။” (၂ ပေတရု ၂:၉ ကဘ) စံပြဆုပတ္ထနာ၏ဤအပိုင်းသည် မည်မျှအရေးကြီးပါသည်တကား။ အကြောင်းမှာ စာတန်မာရ်နတ်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိသည်။”—၁ ပေတရု ၅:၈။
အဘယ်ကြောင့် သူတို့၏ဆုတောင်းချက်များ ဖြေကြားခံရသနည်း
မိမိကိုသစ္စာရှိစွာဝတ်ပြုသူများ၏ဆုတောင်းချက်ကို ဘုရားသခင်ဖြေကြားတော်မူသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းတစ်ခုမှာ သူတို့သည် ယေဟောဝါအားသာဆုတောင်းကြပြီး ယေရှုခရစ်မှတစ်ဆင့် ချဉ်းကပ်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဆိုးသွမ်းမှုများကို ရှောင်ရှားကြပြီး လူမြင်ကောင်းအောင်နှင့် ထပ်တလဲလဲဆုတောင်းခြင်းမျိုးကို မပြုကြပါ။ စံပြဆုပတ္ထနာကို ထပ်ခါတလဲလဲရွတ်ဆိုကြမည့်အစား ယေဟောဝါသက်သေများသည် ယင်း၏ထင်ရှားသောလမ်းညွှန်မှုကိုအသုံးပြု၍ မိမိတို့၏နှလုံးသားမှခံစားချက်များကို ဘုရားသခင်ထံတင်ပြကြသည်။ သို့သော် သူတို့၏ဆုတောင်းချက်များဖြေကြားခံရစေသည့် အခြားအကြောင်းများလည်းရှိသေးသည်။
ဖြေကြားခြင်းခံရသူများသည် အခြေခံတောင်းဆိုချက်များကို ပြည့်မီကြသောကြောင့်ဖြစ်သည်။ ဤအချက်ကိုရည်ညွှန်း၍ ပေါလုဤသို့ရေးသားခဲ့သည်။ “ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို (စိတ်အားထက်သန်စွာ၊ ကဘ ) ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ဤအခြေခံအချက်နှစ်ချက်ကိုမှတ်သားပါ။ (၁) ဘုရားသခင်တည်ရှိကြောင်းကိုယုံကြည်သူနှင့် (၂) “ကိုယ်တော်အားစိတ်အားထက်သန်စွာရှာ” သောသူတို့၏ဆုတောင်းချက်များကိုသာ ယေဟောဝါဖြေကြားတော်မူသည်။
ပထမရာစုရှိယင်းကဲ့သို့သောလူများထဲမှတစ်ယောက်မှာ ဘုရားသခင်ကိုစိတ်ရင်းမှန်ဖြင့်ရှာဖွေသော တစ်ပါးအမျိုးသားကော်နေလိဖြစ်သည်။ သူသည် ဘုရားသခင်ရှိသည်ကိုယုံကြည်ပြီး ကိုယ်တော်အား စိတ်ထက်သန်စွာ ရှာဖွေခဲ့သည်။ ကော်နေလိသည် တိကျမှန်ကန်သည့်အသိပညာကိုရလာသောအခါ ဘာပြုလုပ်သနည်း။ မိမိကိုယ်ကို ယေဟောဝါထံ စိတ်နှလုံးအကြွင်းမဲ့ဆက်ကပ်အပ်နှံပြီး ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ယင်းကိုဖော်ပြခဲ့သည်။ ထိုနောက်ပိုင်းတွင် ကော်နေလိသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိခဲ့ကြောင်း ထင်ရှားသည်။ ယင်းက သူ့ဆုတောင်းချက်များကို ထင်ရှားစေသည့်ရလဒ်ဖြစ်ပေမည်။—တမန်တော် ၁၀:၁-၄၄။
ကော်နေလိနှစ်ခြင်းမခံမီ သူ့ဆုတောင်းချက်များသည် “ဘုရားသခင်ရှေ့တော်၌ အောက်မေ့စရာဖို့တက်” ရုံမျှသာဖြစ်သည်။ (တမန်တော် ၁၀:၄) ယေရှု၏ရွေးဖိုးပူဇော်သက္ကာကိုယုံကြည်၍ နှစ်ခြင်းခံခြင်းအပေါ်အခြေပြုသော ဘုရားသခင်ထံဆက်ကပ်အပ်နှံခြင်းအားဖြင့် ကော်နေလိသည် ယေဟောဝါထံ မိမိကိုယ်ကိုအကြွင်းမဲ့ပေးဆက်ခဲ့သည်။ ယင်းက ဤစိတ်ရင်းမှန်ရှိသူနှင့်ဘုရားသခင်စပ်ကြား အံ့ဖွယ်ရင်းနှီးမှုကိုဖြစ်စေပြီး အတားအဆီးမရှိဆုတောင်းနိုင်သောအခွင့်အရေးဖြစ်သည့်ဆက်ဆံရေးကို ကော်နေလိအား ဘုရားသခင်ပေးတော်မူခဲ့သည်။ (ယာကုပ် ၄:၈၊ ကဘ ) ယေရှုခရစ်အားဖြင့် မိမိ၏ကောင်းကင်ခမည်းတော်နားထောင်တော်မူမည်ဟူသောမျှော်လင့်ချက်ဖြင့် ချဉ်းကပ်နိုင်သည်။ မိမိတို့ကိုယ်ကို ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီး ရေနှစ်ခြင်းခံပြီသူအားလုံး ယင်းသို့ပင်ဖြစ်သည်။ သူတို့လည်း အတားအဆီးမရှိဆုတောင်းနိုင်သည့်အခွင့်အရေးကို ရရှိထားကြသည်။
သင့်ဆုတောင်းချက်များဖြေကြားခံရဖို့ သင်အလိုရှိမည်အမှန်။ ထို့ကြောင့် ယခုသင်သည် ယေဟောဝါကို ဆက်ကပ်အပ်နှံဝတ်ပြုသူတစ်ယောက်မဟုတ်သေးလျှင် ကိုယ်တော်ကိုထက်သန်စွာရှာဖွေခြင်းသည် မည်မျှပညာရှိပါသည်တကား။ ကော်နေလိ၏လမ်းစဉ်ကိုလိုက်လျှောက်လျှင် သင့်ဆုတောင်းချက်ကိုဘုရားသခင်ဖြေကြားတော်မူမည်။