ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၁၀/၁ စာ. ၂၅-၂၉
  • လောကစိတ်ဝိညာဉ်သည် သင့်ကို အဆိပ်သင့်နေစေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကစိတ်ဝိညာဉ်သည် သင့်ကို အဆိပ်သင့်နေစေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးစွာရှာခြင်း
  • အပန်းဖြေခြင်းကို တော်မှန်သောနေရာတွင်ထားလော့
  • ဝိညာဉ်ရေးရာလှပမှုသည် ယေဟောဝါအား နှစ်ခြိုက်စေ
  • ကျွန်ုပ်တို့သည် လောကစိတ်ဝိညာဉ်ကို တွန်းလှန်နိုင်
  • အားလပ်ချိန်ကို တော်မှန်သောနေရာတွင်ထားလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • မျှတ၊ ရိုးရှင်းသော ဘဝဖြင့်အသက်ရှင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ကိုယ့်လုပ်ရပ်မှာ ပျော်ရွှင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • စွမ်းအားတော် လမ်းပြမှုနောက် လိုက်တဲ့သူဆိုတာ ဘာကို ဆိုလိုသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၁၀/၁ စာ. ၂၅-၂၉

လောကစိတ်ဝိညာဉ်သည် သင့်ကို အဆိပ်သင့်နေစေသလော

၁၉၉၀၊ စက်တင်ဘာ ၁၂ ရက်နေ့က ကာဇက်စတန်စက်ရုံတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အန္တရာယ်ရှိရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်များ ကမ္ဘာ့လေထုထဲသို့ ရောက်ရှိလာကာ ဒေသခံပြည်သူ ၁၂၀,၀၀၀ တို့၏ကျန်းမာရေးကို ခြိမ်းခြောက်လာရာ သူတို့ထဲမှအများစုသည် သေစေတတ်သောအဆိပ်ကို ဆန့်ကျင်ဆန္ဒပြရန် လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။

သို့သော်လည်း သာ၍များပြားသော အချက်အလက်များပေါ်ပေါက်လာသည်နှင့်အမျှ သူတို့သည် ဆယ်စုနှစ်များစွာကတည်းက အဆိပ်သင့်နေသောပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိခဲ့ကြကြောင်း သိရှိလာခဲ့ကြသည်။ နှစ်ပေါင်းများစွာကုန်လွန်ပြီးနောက် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်း ၁၀၀,၀၀၀ ကို ဟင်းလင်းမြေတွင် ပေါ့ပေါ့ဆဆပစ်ထားခဲ့ကြသည်။ သူတို့၏အနီးတွင် အန္တရာယ်ရှိနေခဲ့သော်လည်း မည်သူမျှအရေးမစိုက်ကြချေ။ အဘယ်ကြောင့်နည်း။

ဒေသန္တရအားကစားရုံတွင် တာဝန်ခံအရာရှိများက မည်သည့်နည်းဖြင့်မဆို အန္တရာယ်မရှိကြောင်းယူမှတ်စေသည့် ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုမှတ်တမ်းကို နေ့စဉ်ကြော်ငြာခဲ့သည်။ ကိန်းဂဏန်းသည် တိကျမှန်ကန်သော်လည်း ဂမ္မာရောင်ခြည်ထုတ်လွှတ်မှုကိုသာ ဖော်ပြပေးသည်။ တိုင်းတာပေးခြင်းမရှိသော အယ်လ်ဖာရောင်ခြည်ထုတ်လွှတ်မှုမှာ အလားတူပင်အသက်အန္တရာယ်ဖြစ်စေနိုင်သည်။ မိခင်များစွာတို့သည် မိမိတို့၏ကလေးများအဘယ်ကြောင့်ချူချာခဲ့ရသည်ကိုသိစပြုလာကြသည်။

ဝိညာဉ်ရေးအရပြောရလျှင် ကျွန်ုပ်တို့သည် မျက်မြင်မရညစ်ညမ်းမှုအားဖြင့်လည်း အဆိပ်သင့်နိုင်သည်။ ကာဇက်စတန်ရှိ အခြေအနေမလှသောသူတို့ကဲ့သို့ အများစုသည် အသက်အန္တရာယ်ကို သတိမမူမိဘဲဖြစ်နေကြသည်။ သမ္မာကျမ်းစာက ဤညစ်ညမ်းမှုကို စာတန်မာရ်နတ်စုစည်းစီရင်ထားသော ‘လောကစိတ်ဝိညာဉ်’ အဖြစ်အထင်အရှားဖော်ပြထား၏။ (၁ ကောရိန္သု ၂:၁၂) ဘုရားသခင်၏ရန်သူသည် ကျွန်ုပ်တို့၏ဘုရားသခင်ရေးရာဆည်းကပ်ဝတ်ပြုခြင်းကို တိုက်စားဖြိုဖျက်ရန် လောကစိတ်ဝိညာဉ်—သို့မဟုတ် လောက၏ရေပန်းစားနေသောသဘောထားကို ကောက်ကျစ်စဉ်းလဲစွာအသုံးပြုသည်။

လောကစိတ်ဝိညာဉ်သည် ကျွန်ုပ်တို့၏ဝိညာဉ်ခွန်အားကို မည်သို့ဆုတ်ယုတ်စေနိုင်သနည်း။ မျက်စိတပ်မက်ခြင်းကို ဆွပေးကာ ကျွန်ုပ်တို့၏မွေးရာပါတစ်ကိုယ်ကောင်းဆန်ခြင်းကို အခွင့်ကောင်းယူခြင်းအားဖြင့်ဖြစ်သည်။ (ဧဖက် ၂:၁-၃; ၁ ယောဟန် ၂:၁၆) လောက၏အတွေးအခေါ်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို တဖြည်းဖြည်းအဆိပ်သင့်စေနိုင်သည့် ကဏ္ဍသုံးခုကို ဥပမာအဖြစ်သုံးသပ်ကြည့်ကြစို့။

ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးစွာရှာခြင်း

“ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာ” ဖို့ခရစ်ယာန်တို့ကို ယေရှုတိုက်တွန်းခဲ့သည်။ (မဿဲ ၆:၃၃) အခြားတစ်ဖက်တွင်မူ လောကစိတ်ဝိညာဉ်သည် ကျွန်ုပ်တို့၏အကျိုးစီးပွားများနှင့်စည်းစိမ်များကို လိုအပ်သည်ထက်ပို၍အရေးပေးဖို့ ဆွဲဆောင်နိုင်သည်။ အစပျိုးအန္တရာယ်သည် ဝိညာဉ်ရေးအကျိုးစီးပွားကို လုံးဝစွန့်ပစ်ခြင်းမဟုတ်ဘဲ ယင်းတို့ကို ဒုတိယနေရာတွင်ထားခြင်းဖြစ်သည်။ ကာဇက်စတန်ရှိလူတို့ကဲ့သို့ ကျွန်ုပ်တို့သည်လည်း လုံခြုံမှုနှင့်ပတ်သက်၍ လွဲမှားစွာသိမြင်ခံစားမှုကြောင့် အန္တရာယ်ကို အမှုမဲ့အမှတ်မဲ့ဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏သစ္စာရှိရှိအမှုဆောင်ခဲ့သည့်နှစ်များနှင့် ဝိညာဉ်ရေးညီအစ်ကိုညီအစ်မများကို လေးမြတ်ခြင်းတို့ကြောင့် ကျွန်ုပ်တို့သမ္မာတရားလမ်းစဉ်မှ မည်သည့်အခါမျှမသွေဖည်သွားနိုင်ဟူသောအတွေးဝင်နိုင်ပါသည်။ ဧဖက်အသင်းတော်ရှိအများစုက ထိုနည်းအတိုင်းခံစားရဖွယ်ရှိသည်။

စီ.အီး. ၉၆ ခန့်က ယေရှုသည် သူတို့ကို အောက်ပါသွန်သင်ချက်ပေးခဲ့သည်– “သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။” (ဗျာဒိတ် ၂:၄) ဤနှစ်ထမ်းကြာခရစ်ယာန်တို့သည် အခက်အခဲများစွာကို ခံရပ်ခဲ့ကြသည်။ (ဗျာဒိတ် ၂:၂၊ ၃) တမန်တော်ပေါလုအပါအဝင် သစ္စာရှိအကြီးအကဲများက သူတို့ကို သွန်သင်ခဲ့ကြ၏။ (တမန်တော် ၂၀:၁၇-၂၁၊ ၂၇) သို့သော် နှစ်ပေါင်းများစွာကြာလာသော် ယေဟောဝါအပေါ်ထားရှိသည့် သူတို့၏မေတ္တာလျော့နည်းလာကာ ဝိညာဉ်ရေးအရှိန်အဟုန်ပျောက်ဆုံးသွားခဲ့ကြသည်။—ဗျာဒိတ် ၂:၅။

ဧဖက်မြို့သားအချို့သည် ထိုမြို့ရှိစီးပွားရေးဝါဒနှင့် ကြီးပွားမှု၏ထိခိုက်ခြင်းခံခဲ့ရဖွယ်ရှိသည်။ ဝမ်းနည်းစရာကား ယနေ့လူ့အဖွဲ့အစည်း၏ ရုပ်ပစ္စည်းအဓိကရေစီးကြောင်းသည် ထပ်တူစွာပင် ခရစ်ယာန်အချို့ကို လမ်းလွှဲစေခဲ့၏။ ကြီးပွားချမ်းသာသောဘဝပုံစံနောက်သို့လိုက်ဖို့ ဆုံးဖြတ်ကြိုးပမ်းခြင်းသည် ဝိညာဉ်ရေးပန်းတိုင်များမှ ကျွန်ုပ်တို့ကို ဧကန်လမ်းလွှဲသွားစေနိုင်သည်။—မဿဲ ၆:၂၄ နှိုင်းယှဉ်။

ဤအန္တရာယ်နှင့်ပတ်သက်၍ သတိပေးလျက် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏။ ထို့ကြောင့် မျက်စိကြည်လင် [“ရိုးရှင်း၊” ကဘ] လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိ [“ဆိုးယုတ်၊” ကဘ] မှေးယှက် [“မနာလိုသော၊” ကဘ၊ အောက်ခြေမှတ်ချက်] လျှင်တစ်ကိုယ်လုံးမိုက်လိမ့်မည်။” (မဿဲ ၆:၂၂၊ ၂၃) “ရိုးရှင်းသော” မျက်စိသည် ဝိညာဉ်ရေးရာအပေါ်အာရုံစူးစိုက်သည့်မျက်စိ၊ ဘုရားသခင့်နိုင်ငံတော်အပေါ် စူးစိုက်သည့်မျက်စိဖြစ်သည်။ အခြားတစ်ဖက်၌မူ “ဆိုးယုတ်” သောမျက်စိ သို့တည်းမဟုတ် “မနာလိုသော” မျက်စိသည် လတ်တလောဇာတိအလိုဆန္ဒများကိုသာ အာရုံစူးစိုက်နိုင်သည့် အမြင်တိုသောမျက်စိဖြစ်သည်။ ယင်းသည် ဝိညာဉ်ရေးရာဦးတည်ချက်နှင့် အနာဂတ်ဆုကျေးဇူးများကို သိမြင်နိုင်စွမ်းမရှိပါ။

ရှေ့အခန်းငယ်တွင် ယေရှုဤသို့မိန့်တော်မူခဲ့သည်– “အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏။” (မဿဲ ၆:၂၁) ကျွန်ုပ်တို့၏စိတ်နှလုံးသည် ဝိညာဉ်ရေးရာ (သို့မဟုတ်) ရုပ်ပစ္စည်းအပေါ်အာရုံစိုက်သလောဟူသည့်အချက်ကို မည်သို့သိနိုင်သနည်း။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်” သောကြောင့် ကျွန်ုပ်တို့၏အပြောအဆိုသည် အကောင်းဆုံးညွှန်တံဖြစ်ကောင်းဖြစ်နိုင်သည်။ (လုကာ ၆:၄၅) ရုပ်ပစ္စည်း သို့မဟုတ် လောကအောင်မြင်မှုတို့နှင့်ပတ်သက်၍ အမြဲမပြတ်ပြောဆိုနေသည်ဟု ကိုယ့်ကိုယ်ကိုသတိပြုမိလာလျှင် ယင်းက ကျွန်ုပ်တို့စိတ်နှလုံးကွဲပြားနေကာ ဝိညာဉ်ရေးအမြင်အာရုံသည် ချို့ယွင်းနေသည့်သာဓကဖြစ်သည်။

စပိန်ညီအစ်မကာမဲန်aသည် ဤပြဿနာနှင့်လုံးထွေးခဲ့ရသည်။ “ကျွန်မဟာ သမ္မာတရားမှာ ကြီးပြင်းလာခဲ့တယ်၊ အသက် ၁၈ နှစ်အရွယ်မှာ ကိုယ်ပိုင်ကလေးထိန်းကျောင်းကို ဖွင့်ခဲ့တယ်။ သုံးနှစ်အကြာမှာ အလုပ်သမလေးဦးရှိခဲ့တယ်။ လုပ်ငန်းအောင်မြင်ပြီးတော့ ပိုက်ဆံအတော်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအကျေနပ်ဆုံးကတော့ ငွေကိုသုံးချင်သလိုသုံးနိုင်တာရယ်၊ ကျွန်မ ‘အောင်မြင်’ တယ်ဆိုတာရယ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မရဲ့စိတ်နှလုံးဟာ လုပ်ငန်းပေါ်မှာရှိခဲ့ပြီး တကယ့်ကိုတွယ်တာမိခဲ့တယ်။

“ကျွန်မရဲ့အချိန်အများစုကို စီးပွားရေးလုပ်ငန်းထဲမှာ မြှုပ်နှံထားလျက်နဲ့ သက်သေခံတစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်တယ်လို့ ကျွန်မယူဆခဲ့တယ်။ တစ်ဖက်ကကြည့်ပြန်ရင်လည်း ယေဟောဝါအတွက် ပိုပြီးအမှုထမ်းဆောင်နိုင်တယ်ဆိုတဲ့ ခံစားချက်ကလည်း မပြတ်တမ်းအနှောင့်အယှက်ပေးနေခဲ့တယ်။ နောက်ဆုံးမှာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားဖို့ ကျွန်မကို လှုံ့ဆော်ပေးခဲ့တဲ့အရာကတော့ ရှေ့ဆောင်တွေဖြစ်ကြတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ ပုံနမူနာဖြစ်တယ်။ တစ်ဦးကတော့ ကျွန်မရဲ့အသင်းတော်က ဟူးလီးယားနားဖြစ်ပါတယ်။ သူဟာ ကျွန်မကို ရှေ့ဆောင်လုပ်ဖို့ ဖိအားမပေးပေမဲ့ သူရဲ့အပြောအဆိုတွေနဲ့ သူရဲ့ခရစ်ယာန်ဓမ္မအမှုကနေ သိသိသာသာရရှိတဲ့ ရွှင်လန်းမှုဟာ ကျွန်မရဲ့ဝိညာဉ်ရေးစံနှုန်းတွေကို ပြန်လည်စစ်ဆေးဖို့ အကူအညီဖြစ်စေခဲ့တယ်။

“အဲဒီနောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အနားယူနေတဲ့အချိန်မှာ ရှေ့ဆောင်ညီအစ်မဂလိုရီနဲ့ နေခဲ့ပါတယ်။ မကြာသေးခင်ကမှ သူဟာ မုဆိုးမဖြစ်သွားတယ်။ သူဟာ ငါးနှစ်အရွယ်သမီးနဲ့ ကင်ဆာရောဂါဖြစ်နေတဲ့အမေဖြစ်သူကို ကြည့်ရှုစောင့်ရှောက်နေရတယ်။ ဒါပေမဲ့ သူရှေ့ဆောင်လုပ်ခဲ့ပါတယ်။ သူရဲ့ပုံသက်သေနဲ့ ခရစ်ယာန်ဓမ္မအမှုကို လှိုက်လှိုက်လှဲလှဲလေးမြတ်တဲ့စိတ်က ကျွန်မကိုထိမိခဲ့တယ်။ သူ့အိမ်မှာနေခဲ့တဲ့ လေးရက်တာအချိန်တိုလေးက ယေဟောဝါကို အကောင်းဆုံးအရာပေးဆက်ဖို့ ဆုံးဖြတ်ချက်ချစေခဲ့ပါတယ်။ ဦးဆုံးအနေနဲ့ ကျွန်မဟာ မှန်မှန်ရှေ့ဆောင်ဖြစ်လာခဲ့တယ်။ နှစ်အနည်းငယ်အကြာမှာ ကျွန်မယောက်ျားနဲ့ကျွန်မကို ဗေသလမှာ တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်မရဲ့ဝိညာဉ်ရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့လုပ်ငန်းကို စွန့်လွှတ်လိုက်တယ်။ အခုအချိန်မှာတော့ ယေဟောဝါရဲ့မျက်မှောက်တော်မှာ ကျွန်မရဲ့ဘဝဟာ အောင်မြင်နေတယ်လို့ခံစားမိတယ်။ အဲဒါက အရေးကြီးဆုံးပဲမဟုတ်လား” ဟုကာမဲန်ကရှင်းပြခဲ့သည်။—လုကာ ၁၄:၃၃။

ကာမဲန်ပြုလုပ်ခဲ့သကဲ့သို့ ‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိ’ ရှိစေရန် သင်ယူခြင်းသည် ကျွန်ုပ်တို့၏ အလုပ်အကိုင်၊ ပညာရေး၊ အိမ်ရာ၊ ဘဝပုံစံတို့နှင့်ပတ်သက်၍ ပညာရှိရှိဆုံးဖြတ်ချက်ချတတ်ဖို့ ထောက်ကူပါလိမ့်မည်။ (ဖိလိပ္ပိ ၁:၁၀၊ ကဘ) သို့သော် ကျွန်ုပ်တို့သည် အပန်းဖြေမှုနှင့်ပတ်သက်၍လည်း သာ၍အရေးကြီးသောအရာများကို သေချာစေဖို့ပြုလုပ်ပါသလော။ ယင်းသည် လောကစိတ်ဝိညာဉ်က ကြီးမားသောသြဇာသက်ရောက်သည့် နောက်ကဏ္ဍဖြစ်သည်။

အပန်းဖြေခြင်းကို တော်မှန်သောနေရာတွင်ထားလော့

လောကစိတ်ဝိညာဉ်သည် အနားယူအပန်းဖြေလိုသည့် လူတို့၏သာမန်စိတ်ဆန္ဒကို စဉ်းလဲစွာအမြတ်ထုတ်သည်။ လူအများစုမှာ အနာဂတ်နှင့်ပတ်သက်သည့် စစ်မှန်သောမျှော်လင့်ချက်မရှိသောကြောင့် ဖျော်ဖြေခြင်းနှင့်အပန်းဖြေခြင်းဖြင့် လက်ရှိဘဝကိုဖြည့်စွက်ရန်ကြိုးစားကြခြင်းမှာ အဆန်းမဟုတ်ပေ။ (ဟေရှာယ ၂၂:၁၃; ၁ ကောရိန္သု ၁၅:၃၂ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် အပန်းဖြေမှုကို အရေးကြီးသောအရာအဖြစ် ပို၍ပို၍သဘောထားလာသည်ဟု ကိုယ့်ကိုယ်ကိုသတိပြုမိလာသလော။ ယင်းသည် လောက၏တွေးခေါ်မှုလမ်းစဉ်က ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပုံသွင်းနေကြောင်း လက္ခဏာတစ်ခုဖြစ်နိုင်သည်။

ကျမ်းစာက ဤသို့သတိပေးသည်– “ကာမဂုဏ် [“အပန်းဖြေခြင်း၊” လန်မ်ဆာ] ၌မွေ့လျော်သောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။” (သု. ၂၁:၁၇) ပျော်ရွှင်မှုရှိခြင်းသည် မမှားသော်လည်း ယင်းကို စွဲလမ်းခြင်း၊ အဓိကနေရာတွင်ထားရှိခြင်းသည် ဝိညာဉ်ရေးရာချို့တဲ့မှုကို ဖြစ်ပေါ်စေလိမ့်မည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးခံတွင်းသည် မရှောင်မလွှဲသာပျက်သွားကာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းအတွက် ရရှိနိုင်မည့်အချိန်နည်းသွားပေလိမ့်မည်။

ဤအကြောင်းကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က “စိတ်ကိုခါးပန်းစီး၍ သမ္မာ [ကောင်းသော]သတိ (“ချုပ်တည်းမှုအပြည့်၊” အင်္ဂလိပ်ကျမ်းစာသစ်) ရှိ” ဖို့ကျွန်ုပ်တို့ကိုအကြံပြုထားသည်။ (၁ ပေတရု ၁:၁၃) ကျွန်ုပ်တို့၏အပန်းဖြေခြင်းကို တော်သင့်လျောက်ပတ်သည့်အတိုင်းအတာအတွင်း ကန့်သတ်ထားဖို့ ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းလိုအပ်သည်။ စိတ်ကိုခါးပန်းစီးခြင်းဟူသည် လေ့လာမှု၊ အစည်းအဝေးများ၊ လယ်ကွင်းလုပ်ငန်းတော်စသည့် ဝိညာဉ်ရေးရာလှုပ်ရှားမှုများအတွက် အဆင်သင့်ဖြစ်ခြင်းဟူ၍အဓိပ္ပာယ်ရသည်။

လိုအပ်သော အနားယူခြင်းနှင့်ပတ်သက်၍ကော။ အပန်းဖြေဖို့အတွက် အချိန်ယူလိုက်သောအခါ ကျွန်ုပ်တို့တွင် အပြစ်ရှိသည်ဟု ခံစားသင့်သလော။ လုံးဝမခံစားသင့်ပါ။ အထူးသဖြင့် ဖိစီးမှုများလှသောယနေ့လောကတွင် အနားယူခြင်းသည် မရှိမဖြစ်လိုအပ်သည်။ သို့ဖြစ်စေကာမူ ဆက်ကပ်အပ်နှံခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏ဘဝအသက်တာကို အပန်းဖြေခြင်း၌ မနစ်မြုပ်ထားနိုင်ချေ။ လွန်ကြူးစွာအပန်းဖြေခြင်းက အဓိပ္ပာယ်ရှိသောလုပ်ဆောင်မှုကို နည်းသည်ထက်နည်းသွားအောင် သွေးဆောင်နိုင်သည်။ ယင်းသည် ကျွန်ုပ်တို့၏အရေးတကြီးသဘောကို မှေးမှိန်စေနိုင်ပြီး မိမိစိတ်ကိုအလိုလိုက်လွန်းခြင်းကိုပင် အားပေးနိုင်ပေမည်။ ထိုသို့ဆိုလျှင် အနားယူခြင်းနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ရရှိနိုင်မည်နည်း။

အလွန်အကြူးပင်ပင်ပန်းပန်း လုပ်ဆောင်ခြင်းထက်—အထူးသဖြင့် လောကအလုပ်သည် မလိုအပ်လျှင် ခေတ္တအနားယူခြင်းသည် ပို၍ကောင်းသည်ဟု ကျမ်းစာအဆိုပြုထားသည်။ (ဒေသနာ ၄:၆) အနားယူခြင်းသည် ခွန်အားပြန်လည်ရရှိဖို့ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွက် ထောက်ကူသော်လည်း ဝိညာဉ်ရေးရာအားအင်၏ဇာစ်မြစ်သည် ဘုရားသခင်၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်သည်။ (ဟေရှာယ ၄၀:၂၉-၃၁) ဤသန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ခရစ်ယာန်လှုပ်ရှားမှုများနှင့်ဆက်နွှယ်ပြီးရရှိကြသည်။ ကိုယ်ပိုင်လေ့လာမှုသည် ကျွန်ုပ်တို့၏စိတ်နှလုံးကိုကျွေးမွေးကာ မှန်ကန်သောစိတ်ဆန္ဒကိုလည်း လှုံ့ဆော်ပေးသည်။ အစည်းအဝေးများတက်ရောက်ခြင်းသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား လေးမြတ်မှုကို ပျိုးထောင်ပေးသည်။ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ခြင်းသည် အခြားသူများအတွက် ခံစားတတ်ရန်လှုံ့ဆော်ပေးသည်။ (၁ ကောရိန္သု ၉:၂၂၊ ၂၃) ပေါလု၏ လက်တွေ့ကျသော ဤရှင်းပြချက်ကဲ့သို့ပင် “အပြင်လူကား ပင်ပန်းနွမ်းရိသော်လည်း အတွင်းလူကား နေ့စဉ်နှင့်အမျှ အားသစ်အင်သစ်ရရှိသည်။”—၂ ကောရိန္သု ၄:၁၆၊ ဖိလစ်။

ကလေးခြောက်ဦး၏မိခင်၊ မယုံကြည်သူခင်ပွန်းသည်၏ဇနီးဖြစ်သူ အီလီယားနားသည် အသက်တာတွင် အလွန်အလုပ်များသူတစ်ဦးဖြစ်သည်။ သူမတွင် မိမိ၏မိသားစုနှင့် အခြားများစွာသောဆွေမျိုးများနှင့်ပတ်သက်သည့် တာဝန်ဝတ္တရားများရှိသောကြောင့် အမြဲတစေမနားတမ်းပြေးလွှားလုပ်ကိုင်နေရသည်။ သို့ဖြစ်စေကာမူ သူမသည် ဟောပြောခြင်းနှင့် အစည်းအဝေးအတွက် ပြင်ဆင်ခြင်းတွင် မှတ်သားဖွယ်ပုံနမူနာတစ်ခုကိုလည်းပြခဲ့သည်။ ဤမျှများပြားသော လုပ်ဆောင်မှုများကို သူမမည်ကဲ့သို့ကိုင်တွယ်နိုင်သနည်း။

“အစည်းအဝေးတွေနဲ့လယ်ကွင်းလုပ်ငန်းတော်က ကျွန်မရဲ့တခြားတာဝန်တွေကို နိုင်နိုင်နင်းနင်းလုပ်ကိုင်နိုင်ဖို့အတွက် တကယ့်ကိုထောက်ကူပေးပါတယ်” ဟုအီလီယားနားရှင်းပြခဲ့သည်။ “ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းပြီးသွားတဲ့နောက် အိမ်အလုပ်လုပ်နေတဲ့အချိန်မှာ စဉ်းစားစရာအများကြီးရှိတယ်။ ကျွန်မအလုပ်လုပ်နေရင်း သီချင်းဆိုတတ်တယ်။ တစ်ဖက်မှာ အစည်းအဝေးတစ်ခုပျက်ကွက်ခဲ့မယ်၊ ဒါမှမဟုတ် လယ်ကွင်းလုပ်ငန်းတော်ကို အနည်းငယ်ပဲလုပ်ခဲ့တယ်ဆိုရင် အိမ်မှုကိစ္စတွေဟာ အလောကိုအားစိုက်လုပ်ယူရတာဖြစ်လာတယ်။”

အပန်းဖြေခြင်းကို အလွန်အရေးပေးခြင်းနှင့် ကွာလိုက်လေခြင်း!

ဝိညာဉ်ရေးရာလှပမှုသည် ယေဟောဝါအား နှစ်ခြိုက်စေ

ရုပ်ဆင်းရူပကာကို ပို၍စွဲလမ်းမက်မောလာနေသော လောကတွင် ကျွန်ုပ်တို့နေထိုင်နေကြသည်။ လူတို့သည် မိမိတို့၏ရုပ်ရူပကာလှပလာဖို့နှင့် အသက်ကြီးရင့်ခြင်း၏အကျိုးဆက်များကို လျော့ချဖို့ ပြုပြင်နည်းများတွင် ငွေများစွာကို အသုံးပြုခဲ့ကြသည်။ ယင်းတို့တွင် ဆံပင်အတုစိုက်ခြင်းနှင့် ဆံပင်ဆေးဆိုးခြင်း၊ ရင်သားပြုပြင်ခြင်းများနှင့် မျက်နှာခွဲစိတ်ပြုပြင်ခြင်းများပါဝင်သည်။ သန်းပေါင်းများစွာသောသူတို့သည် ခန္ဓာကိုယ်အလေးချိန်လျော့ချရေးဌာနများ၊ အားကစားရုံများနှင့် အေရိုးဗစ်သင်တန်းများကို တက်ရောက်ကြသည်။ သူတို့သည် ကာယလေ့ကျင့်ခန်းဗီဒီယိုခွေများနှင့် အလေးချိန်လျော့ရန်အစာစားနည်းစာအုပ်များကို ဝယ်ယူကြသည်။ ကျွန်ုပ်တို့၏ကာယအသွင်အပြင်သည် ပျော်ရွှင်မှု၏သော့ချက်ဖြစ်သည်၊ ကျွန်ုပ်တို့၏ “ရုပ်အဆင်းသဏ္ဌာန်” သည်ပဓာနဖြစ်သည်ဟု ဤလောကက ကျွန်ုပ်တို့ကိုအယုံသွင်းစေမည်။

အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်လူဖြူဆယ်ကျော်သက် ၉၀ ရာခိုင်နှုန်းသည် “သူတို့၏ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး စိတ်မကျေမနပ်” ဖြစ်နေသည်ကိုတွေ့ရှိကြောင်း နယူးစ်ဝိခ်မဂ္ဂဇင်းက သုတေသနပြုချက်တစ်ရပ်ကို ကိုးကားဖော်ပြသည်။ လက်တွေ့မကျဘဲ စိတ်ကူးထဲတွင်သာရှိနိုင်သော ရုပ်အသွင်မျိုးဖြစ်အောင် မရမနေကြိုးစားခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာကို ထိခိုက်နိုင်ပါသည်။ ဒိုရာသည် ငယ်ရွယ်သောယေဟောဝါသက်သေတစ်ဦးဖြစ်သည်။ မိမိ၏ဝလွန်းသောရုပ်အသွင်အပြင်ကြောင့် ရှက်မိသည်။ သူမက “ဆိုင်သွားတဲ့အခါမှာ ကျွန်မအရွယ်နဲ့တော်မယ့်အဝတ်အစားတွေ့ဖို့ တော်တော့်ကိုခက်ပါတယ်။ ပုံကျတဲ့အဝတ်အစားတွေဆိုရင် သွယ်လျတဲ့ဆယ်ကျော်သက်တွေအတွက်လောက်ပဲ လုပ်ထားသလိုပဲ။ ပိုဆိုးတာက ကျွန်မရဲ့ခန္ဓာကိုယ်အလေးချိန်နဲ့ပတ်သက်လို့ လူတွေဆီက၊ အထူးသဖြင့် ကျွန်မရဲ့ဝိညာဉ်ရေးညီအစ်ကိုညီအစ်မတွေဆီက ကဲ့ရဲ့ဝေဖန်စကားတွေကြားရရင် အရမ်းကိုစိတ်အနှောင့်အယှက်ဖြစ်ရတယ်။

“ရလဒ်ကတော့ ကျွန်မရဲ့ဘဝမှာ ဝိညာဉ်ရေးတန်ဖိုးရှိရာတွေကို ဒုတိယနေရာမှာထားလိုက်တဲ့အထိ ကျွန်မရဲ့ရုပ်သွင်ကိုပဲ ပိုမိုစွဲလမ်းလာပါတယ်။ ကျွန်မရဲ့ပျော်ရွှင်မှုဟာ ခါးအရွယ်အစားပေါ်မှာ မူတည်နေသလိုပါပဲ။ နှစ်အတန်ကြာကုန်လွန်လာပြီးနောက်၊ အခုအချိန်မှာတော့ ကျွန်မဟာ အမျိုးသမီးကြီးတစ်ဦးအဖြစ်နဲ့၊ ခရစ်ယာန်တစ်ဦးအဖြစ် ရင့်ကျက်လာတာနဲ့အမျှ ကျွန်မရဲ့အမြင်တွေလည်း ပြောင်းလဲသွားပါပြီ။ ကျွန်မရဲ့အသွင်အပြင်ကို ဂရုစိုက်ပေမဲ့ ဝိညာဉ်ရေးလှပမှုကသာ အကောင်းဆုံးအရာဖြစ်တယ်၊ ကျွန်မကို စိတ်ကျေနပ်မှုအပေးဆုံးအရာဖြစ်တယ်ဆိုတာ သဘောပေါက်လာပါပြီ။ ဒါတွေကို ကျွန်မနားလည်လာတဲ့အခါမှာ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို တော်မှန်တဲ့နေရာမှာ ထားနိုင်ခဲ့တယ်” ဟုရှင်းပြသည်။

စာရာသည် ယင်းကဲ့သို့မျှတသောအမြင်ရှိသည့် သစ္စာရှိအမျိုးသမီးကြီးတစ်ဦးဖြစ်သည်။ သူမအသက် ၆၀ ကျော်အချိန်တွင် သူမ၏ရုပ်ရူပကာလှပမှုအကြောင်း ကျမ်းစာက ဆိုထားသော်လည်း သူမ၏အရည်အသွေးကောင်း—စိတ်နှလုံး၏အတွင်းလူကို အဓိကအာရုံစိုက်စေသည်။ (ကမ္ဘာဦး ၁၂:၁၁; ၁ ပေတရု ၃:၄-၆) သူမသည် ကြင်နာသော၊ နူးညံ့သိမ်မွေ့သောစိတ်ကို ပြသခဲ့ပြီး ခင်ပွန်းသည်ကို ကျိုးနွံစွာနာခံခဲ့သည်။ စာရာသည် သူမအပေါ် အခြားသူများရှုမြင်ပုံနှင့်ပတ်သက်၍ လွန်ကဲစွာမပူပင်ခဲ့ပါ။ သူမသည် ချမ်းသာကြွယ်ဝသောနောက်ခံမှ ကြီးပြင်းလာသူဖြစ်သော်လည်း အနှစ် ၆၀ ကျော်ထိ ရွက်ဖျင်တဲတွင် လိုလိုလားလားနေထိုင်ခဲ့သည်။ သူမသည် ခင်ပွန်းသည်ကို နှိမ့်ချစွာဖြင့် ကိုယ်ကျိုးစွန့်၍ ထောက်မခဲ့သည်; သူမသည် သစ္စာရှိအမျိုးသမီးတစ်ဦးဖြစ်ခဲ့သည်။ ယင်းက သူမကို အမှန်တကယ်လှပသော အမျိုးသမီးတစ်ဦးဖြစ်စေခဲ့သည်။—သု. ၃၁:၃၀; ဟေဗြဲ ၁၁:၁၁။

ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် မိမိတို့၏ဝိညာဉ်ရေးအလှကို တိုးတက်စေခြင်းတွင် စိတ်ဝင်စားကြသည်။ ထိုဝိညာဉ်ရေးအလှအပကို မှန်မှန်ပြုစုပျိုးထောင်ပေးပါက ကြီးထွားကာခံနိုင်ရည်ရှိမည်။ (ကောလောသဲ ၁:၉၊ ၁၀) အဓိကနည်းလမ်းနှစ်ခုဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအသွင်အပြင်ကို ပြုစုစောင့်ရှောက်နိုင်သည်။

ကျွန်ုပ်တို့၏အသက်ကယ်ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်သည်နှင့်အမျှ ယေဟောဝါ၏ရှေ့မှောက်တွင် ကျွန်ုပ်တို့ပိုမိုလှပလာကြသည်။ (ဟေရှာယ ၅၂:၇; ၂ ကောရိန္သု ၃:၁၈–၄:၂) ထို့အပြင် ခရစ်ယာန်အရည်အသွေးများကိုတင်ပြရန် တတ်မြောက်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏အလှအပသည် ပို၍ပီပြင်လာသည်။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးအလှအပကို တိုးတက်ဖို့အတွက် အခွင့်အရေးများစွာရှိသည်– “တစ်ဦးကိုတစ်ဦး ညီအစ်ကိုအရင်းအချာကဲ့သို့ ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ချီးမွမ်းရန် လျင်မြန်ကြစေ။ . . . စိတ်အားထက်သန် . . . ကြလော့။ . . . ဧည့်သည်ဝတ်ကို ပြုကြလော့။ . . . ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ကြလော့။ ငိုကြွေးသူတို့နှင့်အတူ ငိုကြွေးကြလော့။ . . . သင်တို့အား ဆိုးယုတ်စွာ ပြုမူသူတို့ကို လက်စားမချေကြနှင့်။ . . . လူတိုင်းနှင့် . . . ငြိမ်းချမ်းစွာ နေထိုင်ကြလော့။” (ရောမ ၁၂:၁၀-၁၈၊ သတင်းကောင်း) ဤသဘောထားများကို ပြုစုပျိုးထောင်ခြင်းက ဘုရားသခင်ကိုလည်းကောင်း၊ လူသားအချင်းချင်းကိုလည်းကောင်း ချစ်ခင်လာစေလိမ့်မည်။ ထို့အပြင် ယင်းသည် ကျွန်ုပ်တို့၏ အမွေဆက်ခံထားသော အပြစ်ပြုလုပ်လိုသော သဘောထားများဖြစ်သည့် အကျည်းတန်သောအသွင်အပြင်ကို မှေးမှိန်စေလိမ့်မည်။—ဂလာတိ ၅:၂၂၊ ၂၃; ၂ ပေတရု ၁:၅-၈။

ကျွန်ုပ်တို့သည် လောကစိတ်ဝိညာဉ်ကို တွန်းလှန်နိုင်

ကောက်ကျစ်စဉ်းလဲသော နည်းများစွာဖြင့် အဆိပ်သင့်စေသော လောကစိတ်ဝိညာဉ်သည် ကျွန်ုပ်တို့၏သမာဓိကို အားလျော့စေနိုင်သည်။ ကျွန်ုပ်တို့မှာရှိသည့်အရာများနှင့် မကျေမနပ်ဖြစ်စေနိုင်ကာ ဘုရားသခင့်အလိုတော်ထက် ကျွန်ုပ်တို့၏လိုအပ်ရာများနှင့် အကျိုးစီးပွားများကို ရှေ့တန်းတင်ရန် အာရုံစိုက်စေနိုင်သည်။ အပန်းဖြေမှုနှင့် ရုပ်ရူပကာအသွင်အပြင်ကို လိုအပ်သည်ထက်ပို၍အရေးကြီးသည်ဟု ယူမှတ်စေခြင်းဖြင့် ဘုရားသခင်၏အတွေးအခေါ်အစား လူတို့၏အတွေးအခေါ်ကို စဉ်းစားဖို့ ဖြစ်စေနိုင်သည်။—မဿဲ ၁၆:၂၁-၂၃။

စာတန်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာကို ဖျက်ဆီးဖို့ဆုံးဖြတ်ထားကာ လောကစိတ်ဝိညာဉ်သည် သူ၏အဓိကလက်နက်တစ်ခုဖြစ်သည်။ မာရ်နတ်သည် မိမိ၏နည်းပရိယာယ်များကို ဟောက်သောခြင်္သေ့၏လက္ခဏာမှ လိမ္မာပါးနပ်သောမြွေ၏လက္ခဏာအဖြစ်သို့ ပြောင်းလဲနိုင်သည်ကိုသတိရပါ။ (ကမ္ဘာဦး ၃:၁; ၁ ပေတရု ၅:၈) အခါအားလျော်စွာ ရက်စက်သောနှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် ခရစ်ယာန်တစ်ဦးကို အနိုင်ယူတတ်သော်လည်း ပို၍ဖြစ်လေ့ရှိသည်မှာ လောကသည် သူ့ကိုတဖြည်းဖြည်းအဆိပ်သင့်စေခြင်းဖြစ်သည်။ ပေါလုသည် ဒုတိယအန္တရာယ်မျိုးအတွက် ပို၍စိုးရိမ်ခဲ့သည်– “မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကိုအကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟုစိုးရိမ်ခြင်းရှိ၏။”—၂ ကောရိန္သု ၁၁:၃။

မြွေ၏ကောက်ကျစ်မှုမှ မိမိတို့ကိုယ်ကို ကာကွယ်ရန်အတွက် “လောကနှင့်သာဆိုင်” သည့်ဝါဒဖြန့်မှုကိုခွဲခြားသိမြင်ကာ ယင်းကို အခိုင်အမာငြင်းပယ်ဖို့လိုအပ်သည်။ (၁ ယောဟန် ၂:၁၆) လောကတွေးခေါ်ပုံတွေးခေါ်နည်းသည် အန္တရာယ်မရှိပါဟူ၍ယုံရန် လှည့်ဖြားမခံရပါစေနှင့်။ စာတန့်စနစ်၏ အဆိပ်သင့်စေသောလေသည် အန္တရာယ်အဆင့်သို့ ရောက်ရှိနေပြီ။—ဧဖက် ၂:၂။

လောကအတွေးအခေါ်ကို ခွဲခြားသိမြင်ပြီးသောအခါ ယေဟောဝါ၏စင်ကြယ်သောသွန်သင်ချက်ကို ကျွန်ုပ်တို့၏စိတ်များနှင့်နှလုံးများထဲတွင် ဖြည့်ထားခြင်းအားဖြင့် ယင်းကို ကျွန်ုပ်တို့တွန်းလှန်နိုင်သည်။ ဘုရင်ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့လည်း “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍၊ ခရီးတော်တို့ကိုသွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားပြ၍၊ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သောဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သာ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုအစဉ်မျှော်လင့်လျက်နေပါ၏” ဟုပြောကြပါစို့လေ။—ဆာလံ ၂၅:၄၊ ၅။

[အောက်ခြေမှတ်ချက်များ]

a အစားထိုးအမည်များကို အသုံးပြုထားသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကြီးပွားချမ်းသာသော ဘဝပုံစံနောက်လိုက်ဖို့ ကြိုးစားခြင်းသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးပန်းတိုင်များမှ လမ်းလွှဲစေနိုင်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ