စာရှုသူများထံမှ မေးခွန်းလွှာ
မဿဲ ၁၁:၁၁ အရ နှစ်ခြင်းဆရာယောဟန်သည် မိမိရှေ့တွင်သေဆုံးမည်ဟုယေရှုကြိုသိထားကြောင်း ကျွန်ုပ်တို့မှတ်ချက်ချနိုင်သလော။
မှန်ပါသည်။ ယောဟန်သည် ဘိသိက်ခံခရစ်ယာန်တစ်ဦးဖြစ်လာဖို့အတွက် ဆက်အသက်မရှင်ကြောင်း ယေရှုကောင်းစွာသိခဲ့သည်မှာ ထင်ရှားပါသည်။ အကြောင်းမှာ ယေရှုဤသို့မှတ်ချက်ချခဲ့သည်။ “ငါအမှန်ဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။”—မဿဲ ၁၁:၁၁။
မွေးဖွားလာမည့်ယောဟန်အကြောင်း ကောင်းကင်တမန်ဂါဗြေလကြေညာခဲ့စဉ်က ယောဟန်သည် “ထာဝရဘုရားအဖို့အလို့ငှာပြင်ဆင်သောလူမျိုးဖြစ်စေခြင်းငှာလည်းကောင်း၊ ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံ” မည်ဟုဖော်ပြထားသည်။ ယောဟန်သည် ယေဟောဝါ၏မေရှိယအတွက်လူမျိုးကို ပြင်ဆင်ပေးရမည့် ရှေ့ပြေးဖြစ်သည်။ သို့သော် ထိုဘုရားသခင့်ကြေညာချက်တွင် သို့မဟုတ် ယောဟန်၏ဖခင်ဇာခရိမြွက်ဆိုသော ပရောဖက်ပြုစကားများတွင် ယောဟန်ကိုယ်တိုင်သည် လာမည့်မေရှိယ၏တပည့်တစ်ဦးဖြစ်လာမည်ဟူ၍ တစ်စွန်းတစ်စမျှမပါရှိပါ။—လုကာ ၁:၁၇၊ ၆၇–၇၉။
ထို့ကြောင့် ယေရှုကိုနှစ်ခြင်းပေးပြီးနောက်ပိုင်း၌ပင် ယောဟန်သည် ဟောပြောခြင်းနှင့်နှစ်ခြင်းပေးခြင်းကို ဆက်ပြုလုပ်နေပြီး လူမျိုးတစ်မျိုးပြင်ဆင်ရန်သူ့တာဝန်ကို စွဲမြဲလုပ်ဆောင်ခဲ့သည်။ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှစ်ခြင်းပေးမည်ကို အံ့ဖွယ်နည်းဖြင့်ယောဟန်သိခဲ့သော်လည်း သူကိုယ်တိုင်သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံရပြီး ဘိသိက်ခံခရစ်ယာန်တစ်ဦးဖြစ်လာမည်ဟူ၍ မပြောခဲ့ပါ။ (မဿဲ ၃:၁၁) မိမိသည် ဆုတ်ယုတ်သွားစေပြီး ယေရှုမူ တိုးပွားသွားစေမည်ဖြစ်ကြောင်းကိုလည်း ယောဟန်ဝန်ခံခဲ့သည်။—ယောဟန် ၃:၂၂–၃၀။
မဿဲ ၁၁:၁၁ တွင် ကျွန်ုပ်တို့ဖတ်ရသောစကားများကို ယေရှုပြောခဲ့စဉ်က ယောဟန်ထောင်ထဲရောက်နေပေပြီ။ ဤထောင်ကျနေသောပရောဖက်သည် အနာဂတ်တွင် ဘုရင်ယဇ်ပုရောဟိတ်အဖြစ် ကောင်းကင်တွင်အမှုထမ်းမည့်သူများမှ အငယ်ဆုံးသောသူထက်ပင် သာ၍ငယ်ကြောင်း ယေရှုကြိုအသိပေးထားခဲ့သည်။ ထို့အပြင် ယောဟန်သည် ကောင်းကင်အသက်တာလမ်း “အသစ်” မပွင့်မီ မြေကြီးပေါ်ဖြစ်ပျက်မည့်အရာများကို မျက်ကွယ်ပြုသေဆုံးရမည်ကို ယေရှုသိထားဟန်ရှိသည်။ (ဟေဗြဲ ၁၀:၁၉၊ ၂၀) ယေရှုသည် မိမိတပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်စတင်သွန်းလောင်းသော ခ၊ သ ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့အထိ ယောဟန်ဆက်အသက်ရှင်မည်မဟုတ်ကြောင်း ယင်းအချက်ကဆိုလိုသည်။ ထို့ကြောင့် မဿဲ ၁၁:၁၁ တွင်ပါသောယေရှု၏မှတ်ချက်က ယောဟန်ကောင်းကင်သို့မသွားကြောင်း ကိုယ်တော်သိထားသည်ဟူသောအချက်ကို ညွှန်ပြသည်။