အခန်း ၃၉
ယောဟန်ယုံကြည်ခြင်း ကင်းမဲ့သလော
နှစ်ခြင်းဆရာယောဟန်ထောင်ထဲ၌တစ်နှစ်အကြာတွင် နာဣနမြို့၌ မုဆိုးမသားသေရာမှ ပြန်ရှင်သည့်သတင်းကိုကြားသော်လည်း ယင်းအဓိပ္ပာယ်နှင့်စပ်လျဉ်း၍ ယေရှုထံမှတိုက်ရိုက်သူကြားလိုသဖြင့် မိမိတပည့်နှစ်ဦးကိုစေလွှတ်၍ “ကိုယ်တော်သည်ကြွလာသောသူ မှန်သလော” ဟုမေးစေ၏။
လွန်ခဲ့သောနှစ်နှစ်နီးပါးက ယေရှုကိုယောဟန်နှစ်ခြင်းပေးခဲ့စဉ် ယေရှုအပေါ် ဘုရားဝိညာဉ်တော်ဆင်းသက်သည်ကိုလည်းကောင်း၊ ဘုရားနှစ်သက်ကြောင်း အသံတော်ကိုလည်းကောင်း မြင်ခဲ့ကြားခဲ့ပြီးဖြစ်သဖြင့် ထိုမေးခွန်းသည်ထူးဆန်းပုံရှိမည်။ ယင်းကြောင့် ယောဟန်ယုံကြည်ခြင်းအားနည်းလာသည်ဟု အချို့ယူဆကြမည်။ ထိုသို့မဟုတ်ပါ။ ယောဟန်သံသယရှိပါမူ ဤအခိုက် သူ့အားယေရှုအမွှမ်းတင်ပြောဆိုမည်မဟုတ်။ သို့ဖြစ်လျှင်အဘယ်ကြောင့်ယောဟန် ဤသို့မေးသနည်း။
မေရှိယဟုတ်မဟုတ် ယေရှုထံတော်မှသူအထောက်အထားရလိုခြင်းမျှဖြစ်မည်။ ထောင်ထဲလှောင်ခံနေရစဉ် ထိုအချက်သည်သူ့အဖို့ များစွာအားရှိစေမည်။ သို့သော်ယောဟန်အမေးသည် ထိုထက်ပို၍အဓိပ္ပာယ်ရှိသည်။ မေရှိယအားဖြင့်ပြီးမြောက်ရမည့် ဟောပြောထားရာအားလုံးကိုပြည့်စုံစေမည့် နောက်ဆက်ခံသူတစ်ဦး ကြွလာမလာကိုသူသိလိုသည်။
ယောဟန်ကျွမ်းဝင်သော ကျမ်းစာပရောဖက်ပြုချက်များအရ ဘုရားသခင်ဘိသိက်ပေးခံရသူသည် ကယ်တင်သူဘုရင်တစ်ပါးဖြစ်ရမည်။ သို့တိုင်ယေရှုနှစ်ခြင်းခံပြီး လပေါင်းများစွာကြာသော်လည်း ယောဟန်အကျဉ်းထောင်ထဲရှိနေဆဲပင်။ ထိုကြောင့် ယေရှုအားယောဟန်က ‘ကိုယ်တော်တိုင် တန်ခိုးအာဏာဖြင့် ဘုရားနိုင်ငံတော်ကိုတည်ထောင်မည့်သူလော၊ သို့မဟုတ် မေရှိယဘုန်းနှင့်စပ်ဆိုင်သည့် ပရောဖက်ပြုချက်အားလုံးကို ပြည့်စုံစေမည့်သူအား ကျွန်ုပ်တို့မျှော်ရန်ဆက်ခံသူနောက်ထပ်တစ်ဦးရှိသေးသလော’ ဟုမေးနေခြင်းဖြစ်သည်။
ယေရှုကထိုတပည့်များကို ‘ကြွလာရမည့်သူမှာ ငါပင်ဖြစ်သည်’ ဟုပြောမည့်အစား ထိုအချိန်နာရီ၌ ရောဂါအမျိုးမျိုးစွဲကပ်သူကို မှတ်သားဖွယ်ကောင်းလောက်အောင်ကုသပေးသည်။ ထိုနောက်တပည့်များကို ကိုယ်တော်ဤသို့ပြောသည်။ “သင်တို့ကြားရမြင်ရသမျှတို့ကို ယောဟန်အားပြောကြားကြလော့။ မျက်စိကန်းသူတို့သည်မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည်လှမ်းသွားကြ၏။ နူနာစွဲသူတို့ သန့်ရှင်းခြင်းသို့ရောက်ကြ၏။ နားပင်းသူတို့ နားကြားရကြ၏။ သေသူတို့ ထမြောက်ခြင်းသို့ရောက်ကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။”
တစ်နည်းဆိုသော် ယောဟန်အမေးသည် ယေရှုပြုနေသောအမှုများထက်ပို၍မျှော်လင့်ခြင်းအပြင် မိမိအားလည်းအကျဉ်းမှ လွတ်မြောက်စေမည်လော ဟူသည့်အဓိပ္ပာယ်ရှိနိုင်သဖြင့် ယောဟန်အား ဤအရာများထက် ပို၍မမျှော်လင့်ရန် ယေရှုပြောနေခြင်းဖြစ်သည်။
ယောဟန်၏တပည့်များထွက်သွားကြပြီးလျှင် လူအုပ်ဘက်သို့ယေရှုလှည့်၍ ယောဟန်သည် မာလခိ ၃:၁ တွင် ယေဟောဝါကြိုဟောထားသည့် “တမန်”၊ မာလခိ ၄:၅၊ ၆ ပါပရောဖက်ဧလိယလည်းဖြစ်ကြောင်း ပြောပြသည်။ သို့ဖြင့်သူ့အလျင်ကျသောပရောဖက်များထက် ယောဟန်မြတ်ကြောင်းချီးမွမ်းပြီး “ငါဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တစ်ယောက်မျှမပေါ်ထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။ ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် လူများအားစိုက်ထုတ်ရာပန်းတိုင်ဖြစ်သည်” ဟုဆိုသည်။
ဤတွင် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက်သာ၍ကြီးမြတ်သဖြင့် ကောင်းကင်နိုင်ငံတော်တွင် ယောဟန်ရှိလိမ့်မည်မဟုတ်ကြောင်း ယေရှုဆိုလိုနေခြင်းဖြစ်သည်။ ယောဟန်သည် ယေရှုအဖို့ လမ်းပြင်ဆင်ပေးသော်လည်း မိမိနိုင်ငံတွင် တပည့်တော်များနှင့်အတူ ယေရှုတွဲအုပ်ချုပ်မည်ဟူသောပဋိညာဉ်ကို တပည့်များနှင့်မဖွဲ့မီ ယောဟန်သေဆုံးခဲ့သည်။ ထိုကြောင့် ယောဟန်သည် ကောင်းကင်နိုင်ငံတော်တွင်ရှိလိမ့်မည်မဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်၏လက်အောက်ခံအဖြစ် မြေကြီးပေါ်တွင်ရှိမည်ဟု ယေရှုဆိုနေခြင်းဖြစ်သည်။ လုကာ ၇:၁၈-၃၀။ မဿဲ ၁၁:၂-၁၅
▪ ယေရှုသည် ကြွလာသူမှန်သလော၊ သို့မဟုတ် အခြားသောသူကိုမျှော်လင့်ရမည်လောဟူ၍ ယောဟန်အဘယ်ကြောင့်မေးသနည်း။
▪ အဘယ်ပရောဖက်ပြုချက်များကို ယောဟန်ပြည့်စုံစေကြောင်း ယေရှုပြောသနည်း။
▪ နှစ်ခြင်းဆရာယောဟန်သည် ကောင်းကင်တွင် ယေရှုနှင့်အတူ အဘယ်ကြောင့်ရှိမည်မဟုတ်သနည်း။