အခြားသူများအားကူညီရန် သင် “အလိုရှိ” သလော
၁ ယေရှုသည် လူတို့ကို အမှန်တကယ်ဂရုစိုက်တော်မူ၏။ နူနာစွဲသူတစ်ဦးက မိမိထံ အကူအညီတောင်းခံသည့်အခါ ယေရှုသည် လက်ကိုဆန့်၍ ထိုသူကိုတို့ကာ “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူ၏။ (မာ. ၁:၄၀-၄၂) အခြားသူများအား ကူညီခြင်းနှင့်ပတ်သက်၍ ယေရှု၏သဘောထားကို မည်သည့်နည်းများဖြင့် ကျွန်ုပ်တို့တုပနိုင်သနည်း။
၂ စိတ်ဝင်စားသူများ– အသင်းတော်သားတစ်ဦးစီသည် ယေဟောဝါအားဝတ်ပြုသူများဖြစ်လာရန် စိတ်ဝင်စားသူများကိုကူညီရာတွင် တစ်စိတ်တစ်ဒေသပါဝင်ကြသည်။ အစည်းအဝေးများသို့ လူသစ်များလာသည့်အခါ သူတို့ကို ကြိုဆိုနှုတ်ဆက်ကာ ရင်းနှီးမှုရယူပါ။ သူတို့ကိုအားပေးရန် နည်းလမ်းများရှာပါ။ သူတို့ပေးသည့်မှတ်ချက်များအတွက် ချီးမွမ်းပါ။ သူတို့၏အသက်တာတွင် ကျမ်းစာမူများကိုကျင့်သုံးရန် ကြိုးစားမှုများအတွက် လေးမြတ်ကြောင်းပြောပါ။ အသင်းတော်အတွင်း မိတ်ဆွေစစ်များဖွဲ့ရန် သူတို့၌ရှိသည့် ဖြစ်နိုင်ခြေအလားအလာများကိုသိမြင်ရန် ကူညီပေးပါ။
၃ ယုံကြည်သူချင်းများ– အထူးသဖြင့် “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့” သည် နည်းမျိုးစုံဖြင့် ကျွန်ုပ်တို့၏ကူညီမှုကို ရထိုက်သည်။ (ဂလ. ၆:၁၀) များစွာသောသူတို့သည် ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရသည်။ အားရှိစေသော လည်ပတ်မှုတစ်ခုပြုခြင်းဖြင့် လိုအပ်သည့်ပေါင်းသင်းမှုပြုနိုင်ကာ လက်တွေ့ကျနည်းလမ်းများဖြင့်လည်း အကူအညီပေးနိုင်သည်။ အချို့သူတို့သည် ၎င်းတို့၏အသက်တာတွင် အခြားအခက်အခဲများ ရင်ဆိုင်နေရပေမည်။ သူတို့၏စကားကို အချိန်ယူနားထောင်ကာ တည်ဆောက်ပေးခြင်းဖြင့် သင်၏စိုးရိမ်မကင်းဖြစ်မှုကိုပြပါ။ (၁ သက်. ၅:၁၄) အကြီးအကဲများလည်း ၎င်းတို့၏တာဝန်များကို ထမ်းဆောင်စဉ် ကျွန်ုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်သည်။ (ဟေဗြဲ ၁၃:၁၇) တလိုတလားနှင့် ကူညီတတ်သောစိတ်ဓာတ်ပြခြင်းဖြင့် ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများအတွက် “ခွန်အားရှိစေသောအထောက်အကူဖြစ်” နိုင်သည်။—ကော. ၄:၁၁၊ ကဘ။
၄ မိသားစုဝင်များ– ကျွန်ုပ်တို့သည် မိသားစုအသိုင်းအဝိုင်းအတွင်းတွင်လည်း လူတို့အတွက် ယေရှု၏စိုးရိမ်မကင်းဖြစ်မှုကို တုပရန်ကြိုးစားသင့်သည်။ အလွန်စိုးရိမ်မကင်းစိတ်က ‘ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သားသမီးများကိုမွေးမြူကြ’ ရန်မိဘတို့ကို လှုံ့ဆော်ပေးသည်။ (ဧ. ၆:၄၊ ကဘ) သားသမီးများသည် မိသားစုသင်အံမှု၊ အသင်းတော်စည်းဝေးများ သို့မဟုတ် လယ်ကွင်းလုပ်ငန်းအတွက် အချိန်ကျရောက်သည့်အခါ ချက်ချင်းအသင့်ဖြစ်နေခြင်းအားဖြင့် မိမိတို့အပိုင်းကိုလုပ်ဆောင်နိုင်သည်။ အရွယ်ရောက်သောသားသမီးများသည် မိမိတို့၏မိဘများ အသက်အရွယ်ကြီးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့်အခက်အခဲများကို ရင်ဆိုင်နိုင်ရန် သူတို့အား ကြင်နာစွာကူညီပေးခြင်းဖြင့် ယေရှု၏ထောက်ထားစာနာမှုကို ထင်ဟပ်ပြနိုင်သည်။ ကျွန်ုပ်တို့အားလုံး ဤနည်းများနှင့် အခြားနည်းများဖြင့် “မိမိတို့အိမ်ထောင်စုအတွင်း ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုကို လက်တွေ့ကျင့်သုံး” နိုင်သည်။—၁ တိ. ၅:၄၊ ကဘ။
၅ ကျွန်ုပ်တို့သည် အခြားသူများအားကူညီခြင်းဖြင့် ယေရှုကိုတုပသောအခါ ပြဿနာများလျော့နည်းစေရန်၊ ကျွန်ုပ်တို့၏မိသားစုနှင့် အသင်းတော်ကို သာ၍ရင်းနှီးလာစေရန် ကူညီပေးနိုင်ပေမည်။ အရေးအကြီးဆုံးမှာ “သနားခြင်းကရုဏာ၏အဘ” ယေဟောဝါအား ချီးမွမ်းဂုဏ်တင်ခြင်းဖြစ်သည်။—၂ ကော. ၁:၃။