ရွေးနှုတ်ဖိုး—ခရစ်ယာန်ဘောင်၏ ပျောက်ဆုံးနေသောအယူဝါဒ
အ ပြစ်သားများအတွက် လဲလှယ်ပေးရန်ယေရှုသေဆုံးပေးခဲ့သောရွေးနှုတ်ဖိုးယုံကြည်ချက်သည် စစ်မှန်သောခရစ်ယာန်ဘာသာ၏အခြေခံဖြစ်သည်။ သို့ပင်ငြားလည်း၊ ယင်းအယူကို ခရစ်ယာန်ဘောင်ဘာသာရေးပုဂ္ဂိုလ်များကဝေဖန်၍ အပြစ်တင်နေသည်မှာကြာပေပြီ။
အဘယ်ကြောင့်ထိုသို့ဖြစ်ရသနည်း။ ယေရှုကိုယ်နှိုက်မာကု ၁၀:၄၅ တွင်မိန့်ဆိုခဲ့သည်မဟုတ်ပေလော။ “အကြောင်းမူကား၊ လူသားသည်သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသတည်း” ဟုမိန့်တော်မူ၏။
အချို့ကဤစကားများကို ယေရှုသည်တစ်ခါမျှမပြောခဲ့ကြောင်း၊ ယင်းစကားများကို ကိုယ်တော်သေဆုံးပြီးနောက် တမန်တော်ပေါလု၏လွှမ်းမိုးမှုအောက်၌ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်းဆိုကြသည်။ အချို့က၊ “ရွေးနှုတ်ဖိုး” သည် ဤတွင်စကားတင်စားခြင်းဖြစ်ပြီး၊ ထိုအယူသည်ဂရိဒဏ္ဍာရီမှလာကြောင်း ငြင်းခုံကြသည်။ သို့ဖြင့် ရွေးနှုတ်ဖိုးသည်အသင်း၏သွန်သင်ချက်မှလုံးဝပျောက်ကွယ်သွားခဲ့သည်။
သို့သော် ရှေးခရစ်ယာန်များ ယေရှု၏သေခြင်းကိုမည်သို့နားလည်ခဲ့ပုံကို သင်အမှန်ပင်သိလိုပေမည်။ ပေါလုက ၂ ကောရိန္သု ၅:၁၄၊ ၁၅ တွင်ပြောပြသည်။ “အသက်ရှင်သောသူတို့သည် တစ်ဖန်ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း လူအပေါင်းတို့အတွက်ကြောင့်အသေခံတော်မူသည် ဟူ၍လည်းကောင်း ငါတို့သည်သဘောထားလျက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။” မည်မျှစိတ်တက်ကြွဖွယ်အယူပါတကား။ နောက်ပိုင်းအသင်းတော်ဘာသာရေးပုဂ္ဂိုလ်များ၏လက်တွင် ရှုပ်ထွေးဖွယ်ပြုပြင်မှုများမှ လုံးဝကင်းရှင်းခဲ့သည်။
ဤအယူကိုပေါလုတီထွင်ခဲ့သည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။ မဖြစ်နိုင်ပါ။ အကြောင်းမှာ၊ ၁ ကောရိန္သု ၁၅:၃ တွင်သူရှင်းပြခဲ့သည်။ “ငါသည်ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အားရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။” ပေါလုသည် သူ၏စာစောင်ကိုမရေးမီ အချိန်ကြာမြင့်စွာကပင်၊ ယေရှု၏သေခြင်းသည် ပူဇော်သက္ကာဖြစ်ကြောင်း၊ အပြစ်သားများကို ရွေးနှုတ်ရန်တကယ့်တန်ကြေးရွေးနှုတ်ဖိုးဖြစ်ကြောင်းကို ခရစ်ယာန်များသည်ယုံကြည်ခဲ့ပြီးဖြစ်ကြောင်းရှင်းနေပါသည်။ ထို့ပြင်၊ ပေါလုတင်ပြသည့်အတိုင်း ခရစ်တော်၏သေခြင်းသည် ဟေဗြဲကျမ်းစောင်များ သို့မဟုတ် “ဓမ္မဟောင်း” ရှိဆာလံ ၂၂ နှင့်ဟေရှာယ ၅၃ ကဲ့သို့သော ပရောဖက်ပြုချက်များဖြစ်သော “ကျမ်းစောင်များ” ပြည့်စုံရန်ဖြစ်ကြောင်း သူတို့နားလည်ခဲ့ကြသည်။
မဖြေနိုင်သောမေးခွန်းများ
ဖြစ်ရပ်မှန်များကိုသင်ကိုယ်နှိုက်စူးစမ်းလျှင်၊ တမန်တော်များအချိန်လောက်တွင် ခရစ်ယာန်ဘာသာအတွင်း မိစ္ဆာအယူများစိမ့်ဝင်လာကြောင်း သင်တွေ့ရမည်။ (တမန်တော် ၂၀:၂၉၊ ၃၀။ ၂ တိမောသေ ၄:၃၊ ၄) သို့ပင်ငြားလည်း၊ ရှေးအသင်းတော်ဖခင်များ၏ရေးသားချက်များဖော်ပြသည့်အတိုင်း ခရစ်တော်၏ရွေးနှုတ်ဖိုးပူဇော်သက္ကာတွင် ယုံကြည်ချက်စွဲမြဲခဲ့သည်။ သို့သော်၊ နောက်ပိုင်းဘာသာရေးပုဂ္ဂိုလ်များ ရွေးနှုတ်ဖိုးအယူအတွင်းစူးစမ်းရှာဖွေသောအခါ မည်သူတို့အတွက်ရွေးနှုတ်ဖိုးပေးသနည်း။ အဘယ်ကြောင့် ယင်းကိုပေးရန်လိုအပ်သနည်းစသည့်ခက်ခဲသော မေးခွန်းအချို့ကိုသူတို့ရင်ဆိုင်ကြရသည်။
စီအီးလေးရာစုက၊ နစ်စာမှ ဂရယ်ဂရီနှင့်အခြားသူများက ရွေးနှုတ်ဖိုးသည် စာတန်မာရ်နတ်အတွက်ပေးခဲ့သည်ဟု ရှင်းလင်းခဲ့ကြသည်။ စာတန်သည်လူများကို ချုပ်ကိုင်ထားပြီး လူသားများလွတ်မြောက်စေရန်၊ သူ့အားရွေးနှုတ်ဖိုးပေးခဲ့သည်ဟု ငြင်းခုံကြသည်။ သို့သော်၊ တစ်ချိန်တည်းပေါ်သူ နာဇီယန်ဇပ်မှ ဂရယ်ဂရီက ထိုအဆိုအပေါ်ဟာကွက်တွေ့ခဲ့သည်။ ဘုရားရှင်သည် မာရ်နတ်အားကျေးဇူးမကင်းသည့်သဘောသက်ရောက်နေသည်။ မဖြစ်နိုင်ပါတကား။ သို့သော်၊ မာရ်နတ်အားရွေးနှုတ်ဖိုးပေးသည့်အယူကို လက်ခံခဲ့ကြကာ ရာစုပေါင်းများစွာတည်မြဲလျက်ရှိခဲ့သည်။
ရွေးနှုတ်ဖိုးကိုဘုရားရှင်ကိုယ်နှိုက်ထံ ပေးခြင်းဖြစ်နိုင်ပါမည်လော။ နာဇီယန်ဇပ်မှဂရယ်ဂရီက ဤအယူနှင့်လည်းပြဿနာတွေ့ရသည်။ ကျွန်ုပ်တို့သည်‘ [ဘုရားရှင်] ထံအချုပ်အနှောင်မခံရသောကြောင့်’ အဘယ်ကြောင့်ကိုယ်တော်ထံရွေးဖိုးပေးရမည်နည်း။ ထို့ပြင် ရွေးနှုတ်ဖိုးတောင်းဆိုခြင်းဖြင့် ‘ခမည်းတော်သည် မိမိ၏သားတော်သေခြင်း၌အားရနိုင်ပါမည်လော။’ ရွေးနှုတ်ဖိုးကိုယ်နှိုက်အပေါ်သံသယဖြစ်စေသောခက်ခဲပုံရသော မေးခွန်းများဖြစ်သည်။
ရွေးနှုတ်ဖိုး၏သေခြင်း
ဤကိစ္စအပေါ်သင်၏စူးစမ်းခြင်းသည် သင့်အား ၁၂ ရာစုစောစောပိုင်းသို့ရောက်ရှိစေသည်။ စင်တာဘူရီမှဂိုဏ်းချုပ်အင်ဆဲမ်က ဤမေးခွန်းများကို သူ၏စာအုပ် Cur Deus Homo (ဘုရားသခင်အဘယ်ကြောင့်လူ့ဇာတိခံယူ) စာအုပ်တွင် ဖြေဆိုရန်ကြိုးပမ်းခဲ့သည်။ ခရစ်တော်၏သေခြင်းသည် ရွေးနှုတ်ဖိုးအဖြစ်မဟုတ်သော်လည်း တရားမျှတတော်မူခြင်းအတွက် ကျေနပ်စေရန်ဖြစ်သည်ဟုစာအုပ်ကသွန်သင်ထားသည်။ အင်ဆဲမ်က တရားမျှတမှုကိုမပြုလုပ်ဘဲ ရွေးနှုတ်ဖိုးအားဖြင့်အပြစ်ကိုလွှတ်ခြင်းသည် အပြစ်ကိုမပြုပြင်ဘဲထားခြင်းဖြစ်သည်ဟုခံယူထားသည်။ “သို့သော်၊ ဘုရားရှင်သည်မိမိ၏နိုင်ငံတော်တွင် မည်သည့်အရာမျှမပြုပြင်ဘဲထားခဲ့မည်မဟုတ်” ဟုအင်ဆဲမ်ကဆိုသည်။ သို့ဖြစ်လျှင် ဘုရားရှင်သည်အမှုကိစ္စများကို မည်သို့ပြုပြင်သနည်း။
‘အပြစ်သည် ဘုရားရှင်အားဂုဏ်မတင်’ ဟုချေပသောကြောင့်၊ အင်ဆဲမ်က အာဒံအပြစ်အားဖြင့် “ယူဆောင်သွားသည်ကိုပြန်လည်တည်ထောင်ရုံ” ဖြင့်မလုံလောက်ဟုဆိုသည်။ ဘုရားရှင်အားစော်ကားခြင်းဖြစ်သောကြောင့်၊ စုံလင်သောလူယောက်ျားတစ်ဦး၏ပူဇော်သက္ကာပင် မလုံလောက်ချေ။ “စော်ကားမှုကိုသုံးသပ်ခြင်းဖြင့်” “ယူသွားသည်ထက်ပိုမို ၍ပြန်ပေးရမည်” ဟုထိုဓမ္မဆရာကဆင်ခြင်သည်။ (စာလုံးစောင်းထည့်ထား) အင်ဆဲမ်က “ဘုရားလည်းဖြစ်လူလည်းဖြစ်” သည့်သူတစ်ဦးလိုအပ်ကြောင်း ငြင်းခုံခဲ့သည်။
အင်ဆဲမ်၏သွန်သင်ချက်အပေါ် သင်မည်သို့တုံ့ပြန်ပါစေ၊ သူတို့ခေတ်ပြိုင်များအပေါ်အောင်နိုင်ခဲ့ပြီး၊ ကျွန်ုပ်တို့လက်ထက်တွင် ဆက်လက်ပျံ့နှံ့လွှမ်းမိုးလျက်ရှိသည်။ အကြောင်းမှာ၊ တစ်ချက်တည်းနှင့် အင်ဆဲမ်သည်သုံးပါးတစ်ဆူအယူကို ခိုင်ခန့်စေပြီး၊ အနည်းဆုံးခရစ်ယာန်ဘောင်တွင် ရွေးနှုတ်ဖိုးကိုအသေသတ်ခဲ့သည်။ “ကျေနပ်ခြင်း” သည်ဘာသာရေးပုဂ္ဂိုလ်များ၏ပုံခိုင်းရာစကားဖြစ်လာပြီး၊ “ရွေးနှုတ်ဖိုး” အသုံးအနှုန်းသည်တဖြည်းဖြည်းနှင့် မှေးမှိန်တိမ်မြုပ်သွားသည်။ သို့သော်လည်း အင်ဆဲမ်၏အဆိုများသည် သမ္မာကျမ်းစာအပေါ်မဟုတ်ဘဲ အပေါ်ယံအတွေးအခေါ်အပေါ်လုံးလုံးလျားလျားအခြေခံထားလေသည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ၊ သောမတ်စ်အကွီနပ်စ်ကဲ့သို့သောပညာတတ်များက အင်ဆဲမ်၏ “ကျေနပ်ခြင်း” အဆိုအပေါ်မှ ပဲ့ထွက်လာကာ၊ သူတို့၏ထက်မြက်သောကိုယ်ပိုင်အတွေးအခေါ်များဖြင့် အစားထိုးခဲ့ကြသည်။ ရွေးနှုတ်ခြင်းအဆိုများတိုးပွားလာပြီး ငြင်းခုံမှုများသည် ကျမ်းစာမှပိုဝေးသွားကြကာ၊ လူ့ဆင်ခြင်မှု၊ အတွေးအခေါ်နှင့်နားမလည်နိုင်သော အခြေအနေသို့ရောက်ရှိသွားခဲ့သည်။
ပြန်လည်ပြုပြင်ခြင်းနှင့်ရွေးနှုတ်ဖိုး
ကျွန်ုပ်တို့ခေတ်အနားသို့အနည်းငယ်တိုးကြည့်ကြပါဦးစို့။ ၁၆ ရာစုတွင် ပရိုတက်စတင့်ပြန်လည်ပြုပြင်ရေးမုန်တိုင်းတိုက်ခတ်ခဲ့စဉ်က စိုစင်နီရန်စ်ဟုခေါ်သော အခြေခံအုပ်စုမွေးဖွားလာသည်။aသူတို့က ယေရှု၏သေခြင်းသည် “ကျွန်ုပ်တို့အတွက်ကယ်တင်ခြင်းဖြစ်သည်” ဟုဆိုခြင်းကို လုံးဝငြင်းပယ်ပြီး၊ ထိုသို့သောယုံကြည်ချက်ကို “လွဲချော်၊ မှားယွင်း၍အလွန်ဆိုးရွားသော . . . ကျမ်းစာဆင်ခြင်မှုနှစ်ခုစလုံးနှင့်ဖီလာဆန့်ကျင်သည်” ဟုဆိုထားသည်။ (The Racovian Catechisme) ဘုရားရှင်သည် ရှောရှောရှူရှူခွင့်လွှတ်သောကြောင့် ကျေနပ်ဖွယ်တရားမျှတခြင်းမလိုအပ်။ ခရစ်တော်၏သေခြင်းသည် လူများကိုကိုယ်တော်၏စုံလင်သောပုံသက်သေတုပရန် ရွေးနှုတ်လှုံ့ဆော်ပေးသည်ဟုသူတို့ဆိုကြသည်။
ယင်းနှင့်အခြားအယူအဆကွဲများကြောင့် ကက်သလစ်အသင်းသည် တန်ပြန်တိုက်ခိုက်ပွဲနွှဲကာ၊ ထရင့်ကောင်စီကို (၁၅၄၅ မှ ၁၅၆၃ ခုစီအီးအထိ) ဆင့်ခေါ်ခဲ့သည်။ သို့သော် သွန်သင်ချက်ဆိုင်ရာ ကိစ္စရပ်အများကို ချမှတ်ခဲ့သော်လည်း ကောင်စီသည်ရွေးနှုတ်ခြင်းနှင့်စပ်လျဉ်း၍ မသဲကွဲဘဲ၊ ဆုံးဖြတ်ချက်မချမှတ်နိုင်ခဲ့ချေ။ ထိုတွင် ‘ယေရှုခရစ်၏ကောင်းမှု’ အကြောင်းပြောခဲ့ပြီး “ကျေနပ်ခြင်း” အသုံးအနှုန်းကိုသုံးကာ “ရွေးနှုတ်ဖိုး” အသုံးအနှုန်းကို သတိရှိစွာနှင့်ရှောင်ရှားခဲ့သည်။ ထို့ကြောင့်၊ အသင်းတော်သည် ကျမ်းဆိုင်ရာပြတ်သားသောအခြေအနေမှ ဝေးကွာလွန်းခဲ့သည်။ တွေးဆတံခါးဝသည် ကျယ်ဝန်းစွာဖွင့်ဟထားနေဆဲပင်။
ရွေးနှုတ်ဖိုးကိုထောက်ခံသူ
ယခုကျေးဇူးပြု၍ သင့်စစ်ဆေးသုံးသပ်ချက်ကို ၁၈၀၀ အဆုံးပိုင်းသို့ရွှေ့ပြောင်းလိုက်ပါ။ ဘုရားကြောက်ရွံ့သူ ချားလ်တီရပ်စယ်လ်သည် မိမိကိုယ်ကိုခေတ်ရေစီးကြောင်းဘာသာရေးမှသီးခြားခွဲထုတ်ပြီး၊ ဤ ကင်းမျှော်စင် ဂျာနယ်ကိုထုတ်ဝေခဲ့သည်။ ရပ်စယ်လ်က “အစအဦးကတည်းက” “ယင်းသည်ရွေးနှုတ်ဖိုးကိုထောက်ခံရာဖြစ်ခဲ့သည်” ဟုပြောခဲ့သည်။
ကင်းမျှော်စင် သည်ယနေ့ထိတိုင် ထိုအတိုင်းဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ယင်းသည်နှစ်ပေါင်းတစ်ရာကျော် ရွေးနှုတ်ဖိုးတွင်ယုံကြည်ရန်ခိုင်လုံသော ကျမ်းဆိုင်ရာအကြောင်းရင်းများကို တင်ပြခဲ့ပြီး၊ အပြစ်ရှာသူများ၏စိန်ခေါ်ချက်များကို ကျိုးကြောင်းညီစွာ၊ ကျမ်းဆိုင်ရာအဖြေများပေးခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် သင့်အားယေရှု၏သေခြင်းနှင့်ယင်း၏အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာဘာပြောသည်ကိုဆက်လက်သုံးသပ်ရန်ဖိတ်ခေါ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
a ပရိုတက်စတင့်နှင့်ကက်သလစ်ဘာသာရေးပညာရှင်များသည် ရွေးဖိုး၊ ရွေးနှုတ်ဖိုးနှင့်စပ်လျဉ်း၍သီအိုရီများစွာထုတ်ခဲ့သည်။ သို့သော်သမ္မာကျမ်းစာကမည်သို့သွန်သင်သနည်း။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
ရွေးဖိုးသီအိုရီများ၏နမူနာ
▫ အုပ်စိုးခြင်း သို့မဟုတ် အစိုးရ၊ သီအိုရီ—ဘာသာရေးပညာရှင် ဟူဂိုဂရောတ်တီယပ်စ်ကစိုစင်နီရန်စ်များကိုချေပရန် ၁၇ ရာစုတွင်ထုတ်ခဲ့သောအဆိုဖြစ်သည်။ ဂရောတ်တီယပ်စ်ကခရစ်တော်၏သေခြင်းကို “တရားဝင်စေ့စပ်မှုမျိုးဖြစ်ပြီး၊ ဘုရားရှင်သည်အုပ်စိုးသူ သို့မဟုတ် အစိုးရနှင့်အပြစ်ကျူးလွန်သူလူသား၏ကဏ္ဍကို ဖြည့်စွက်ခြင်း” ဟုရှုမြင်ခဲ့သည်။ Hastings’ Encyclopedia of Religion and Ethics.
▫ အရေးပါသောအပြစ်ဖြေရာသီအိုရီ—၄င်းကို ပရိုတက်စတင့်ပညာရှင် ကလဲရင့်အိတ်ချ်ဟူးဝစ်က ၁၉၄၆ တွင်တင်ပြခဲ့သည်။ သူကခရစ်တော်၏လုပ်ရပ်ကို တရားဝင်အပြစ်ဒဏ်အတွက် ပေးဆပ်နေခြင်းဟုမမြင်ဘဲ ‘ကျွန်ုပ်တို့အားအပြစ်တရားနှင့်သေခြင်းလွှမ်းမိုးမှုမှ လွတ်မြောက်စေ၍ နောင်တနှင့်ဘုရားရေးရာ ဝမ်းနည်းခြင်းရှိလာရန် လှုံ့ဆော်ကာ၊ ဘုရားရှေ့ကျွန်ုပ်တို့အား ခွင့်လွှတ်ဖွယ်အခြေအနေသို့ ရောက်ရှိစေခြင်းဖြစ်သည်။’
▫ ခရစ်ယာန်ပေါင်းသင်းမှုဖြင့်ရွေးခြင်း—ရိုမင်ကက်သလစ်ဘာသာရေးပညာရှင် ဘိုနီဖိတ်စ်အေဝီလျံ [၁၉၇၀] က “ရွေးဖိုး” ကို “ကျွန်ုပ်တို့၏တစ်ကိုယ်ကောင်းစိတ်မှ လှည့်လာ၍တစ်ဦးနှင့်တစ်ဦးအပေါ် နှလုံးဖွင့်ထားခြင်း” နှင့်တူညီသည်ဟုဆိုသည်။ “ခရစ်ယာန်အစားထိုးခြင်းဆန္ဒ သို့မဟုတ် သူတစ်ပါးအတွက်ကိုယ်စားခံခြင်းသည် မိမိကိုယ်ကိုအပြစ်နှင့်ပျက်စီးနေသော လူသားမျိုးနွယ်နှင့် တစ်ပေါင်းတစ်စည်းတည်းဖြစ်သည်ကို သိမှတ်ခြင်းဖြစ်သည်။ ထို့ကြောင့်ချာ့ချ်သည် အခြားသူများအတွက် အထူးအမှုဆောင်ပေးရန် အသင့်ရှိသူများ၏အသင်းအပင်းဖြစ်သည်။
▫ စာရေးတံကျသောဆိတ်သီအိုရီ—ကက်သလစ်ဘာသာရေးပညာရှင် ရေမန်ရူဝဂ်ဂါကယင်းကို ၁၉၇၈
တွင်တင်ပြခဲ့သည်။ ဘုရားရှင်သည် “မျက်စိအစားမျက်စိတောင်းခြင်း” သဘောကိုငြင်းပယ်ခဲ့သည်။ သူကခရစ်တော်၏ပူဇော်သက္ကာသည် လူသားများအား ထွက်ပေါက်ရစေကာ၊ ဝမ်းတွင်းပါကြမ်းတမ်းသော လိုအင်များမှဖယ်ရှားပစ်သော ကက်သစစ် [သန့်စင်စေခြင်း] ဟုရှုမြင်သည်။
▫ လူမှု-နိုင်ငံရေးရွေးဖိုး—နှစ်ခြင်းဘာသာရေးပညာရှင် သောဝဲလ်ဒ်လိုရန်ဇင်က ၁၉၈၅ တွင်ရေးသားခဲ့သည်။ “ဘုရားရှင်သည်အပြစ်သားများအတွက် ဘာသာရေးအပြစ်လွှတ်ခြင်းအတွက်သာမဟုတ်ဘဲ နွမ်းပါးသူနှင့်ဖိနှိပ်ခံများအတွက်လည်း နိုင်ငံရေးဆိုင်ရာလွတ်မြောက်မှုအတွက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့်ယေရှု၏သေခြင်းသည် လူသားအသက်တာအတိုင်းအတာအားလုံးကို ကုသရန်စိတ်ဝင်စားကြောင်းပြသသည်။”
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ကယ်တင်ခြင်းနှင့် ရွေးနုတ်ဖိုးအကြောင်း သီအိုရီအမျိုးမျိုးကို ဘာသာရေးခေါင်းဆောင်များတီထွင်ခဲ့သော်လည်း သမ္မာကျမ်းစာ မည်သို့သွန်သင်သနည်း