ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဖေဖော်ဝါရီ စာ. ၁၄-၁၉
  • “သတိရှိပြီး နိုးနိုးကြားကြား နေကြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သတိရှိပြီး နိုးနိုးကြားကြား နေကြပါ”
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ မျှတမှု ရှိပါ
  • ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ
  • အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ
  • ဘာကြောင့် “စောင့်နေ” ရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေရှုရဲ့ နိုးကြားမှုပုံနမူနာကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆက်ပြီးစောင့်မျှော်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဖေဖော်ဝါရီ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၈

“သတိရှိပြီး နိုးနိုးကြားကြား နေကြပါ”

“သတိရှိပြီး နိုးနိုးကြားကြား နေကြပါ။”—၁ ပေ. ၅:၈။

သီချင်း  ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

အကြိုသုံးသပ်ချက်a

၁။ အဆုံးနဲ့ပတ်သက်ပြီး တပည့်တွေကို ယေရှု ဘာပြောသလဲ။ ဘာသတိပေးသလဲ။

ယေရှု မသေဆုံးခင် ရက်အနည်းငယ်အလိုမှာ “လောကစနစ် နိဂုံးပိုင်းကို ရောက်နေပြီဆိုတဲ့ နိမိတ်ဟာ ဘာလဲ” ဆိုပြီး တပည့်လေးယောက် မေးကြတယ်။ (မ. ၂၄:၃) ဂျူးစနစ် အဆုံးတိုင်မယ့်အချိန်ကို ဘယ်လို သိနိုင်မလဲလို့ မေးနေကြတာ။ ယေရှုရဲ့ အဖြေက ဂျူးစနစ်အဆုံးနဲ့သာမက ကျွန်တော်တို့ အသက်ရှင်နေတဲ့ “လောကစနစ် နိဂုံးပိုင်း” နဲ့ပါ သက်ဆိုင်နေတယ်။ အဆုံးနဲ့ပတ်သက်ပြီး “အဲဒီနေ့၊ အဲဒီအချိန်ကို ဘယ်သူမှ မသိဘူး။ ကောင်းကင်တမန်တွေ မသိဘူး။ သားဖြစ်သူ ကျွန်တော်လည်း မသိဘူး။ အဖဘုရားပဲ သိတယ်” လို့ ယေရှု ပြောတယ်။ ပြီးနောက် “နိုးနိုးကြားကြား ရှိနေကြပါ၊” “သတိနဲ့ စောင့်နေကြပါ” လို့ တပည့်အားလုံးကို သတိပေးတယ်။—မာ. ၁၃:၃၂-၃၇။

၂။ ပထမရာစု ခရစ်ယာန်တွေ နိုးနိုးကြားကြား ဆက်ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

၂ ပထမရာစု ဂျူးခရစ်ယာန်တွေ နိုးကြားနေခဲ့ကြရတယ်။ အသက်ရေး ဖြစ်လို့ပါ။ ဂျူးစနစ် အဆုံးတိုင်တော့မယ်ဆိုတာ ဘယ်လို သိနိုင်ကြောင်း နောက်လိုက်တွေကို ယေရှု ဒီလိုပြောတယ်–“ဂျေရုဆလင်မြို့ကို စစ်တပ် ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ ဒီမြို့ ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။” အဲဒီအချိန်ရောက်တဲ့အခါ ယေရှုရဲ့ သတိပေးချက်ကို နာခံပြီး “တောင်ပေါ်ကို ပြေး” ကြရမယ်။ (လု. ၂၁:၂၀၊ ၂၁) ဒီသတိပေးချက်ကို အာရုံစိုက်သူတွေဟာ ဂျေရုဆလင်မြို့ကို ရောမ ဖျက်ဆီးတဲ့အချိန် အသက်ရှင် လွတ်မြောက်သွားကြတယ်။

၃။ ဒီဆောင်းပါးမှာ ဘာဆွေးနွေးကြမလဲ။

၃ ဒီနေ့လည်း ဆိုးညစ်တဲ့စနစ် အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်။ ဒါကြောင့် သတိရှိပြီး နိုးနိုးကြားကြား ရှိနေကြရမယ်။ ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ ဘယ်လို မျှတမှု ရှိနိုင်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတိထားနိုင်ကြောင်း၊ ကျန်ရှိတဲ့ အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ မျှတမှု ရှိပါ

၄။ လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ပြည့်စုံနေစေပုံနဲ့ပတ်သက်ပြီး ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

၄ လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘယ်လို ပြည့်စုံနေစေကြောင်း စိတ်ဝင်စားရတဲ့ အကြောင်းကောင်းတွေ ရှိတယ်။ ဥပမာ၊ စာတန့်စနစ်အဆုံး နီးလာပြီဆိုတာ ကျွန်တော်တို့ သိနိုင်ဖို့ သတ်သတ်မှတ်မှတ် ဖြစ်ရပ်တွေ ယေရှု ဖော်ပြတယ်။ (မ. ၂၄:၃-၁၄) ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေအောင် ပရောဖက်ပြုချက် ပြည့်စုံမှုကို အာရုံစိုက်ဖို့ တမန်တော် ပေတရု အားပေးတယ်။ (၂ ပေ. ၁:၁၉-၂၁) နောက်ဆုံး ကျမ်းစောင်မှာ “ဘုရားသခင်က မိမိရဲ့ ကျွန်တွေကို မကြာမီ ဖြစ်ပျက်မယ့်အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော် ပေးတယ်” ဆိုပြီး အစပြုထားတယ်။ (ဗျာ. ၁:၁) ဒါကြောင့် လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်တွေကို ဘယ်လို ပြည့်စုံနေစေကြောင်း ကျွန်တော်တို့ စိတ်ဝင်စားကြတယ်။ ဆွေးနွေးချင်ကြတယ်။

 ရုပ်ပုံ– ၁။ ကမ္ဘာ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးနေတဲ့ သတင်းကို မောင်နှံတစ်စုံ ကြည့်နေ။ ၂။ နောက်ပိုင်း၊ နိုင်ငံတော်ခန်းမမှာ ညီအစ်မနှစ်ယောက်ကို သူတို့ရဲ့အမြင် ပြောပြနေ။

ကျမ်းစာ ပရောဖက်ပြုချက်တွေ ဆွေးနွေးတဲ့အခါ ဘာကို ရှောင်သင့်သလဲ၊ ဘာလုပ်သင့်သလဲ (စာပိုဒ် ၅ ကို ကြည့်ပါ)b

၅။ ကျွန်တော်တို့ ဘာကို ရှောင်ရမလဲ။ ဘာလုပ်ရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၅ ဒါပေမဲ့ ကျမ်းစာ ပရောဖက်ပြုချက်တွေ ဆွေးနွေးတဲ့အခါ ခန့်မှန်းပြောတာကို ရှောင်ရမယ်။ ဘာကြောင့်လဲ။ အသင်းတော်ရဲ့ စည်းလုံးမှု မပျက်စီးစေချင်လို့ပါ။ ဥပမာ၊ အငြင်းပွားမှုတွေ ဘယ်လို ဖြေရှင်းပေးမယ့်အကြောင်း၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဘယ်လို ဆောင်ကြဉ်းပေးမယ့်အကြောင်း ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေ ပြောနိုင်တယ်။ ၁ သက်သာလောနိတ် ၅:၃ ပြည့်စုံနေပြီလို့ ကျွန်တော်တို့ ခန့်မှန်းပြောမယ့်အစား နောက်ဆုံး အချက်အလက်နဲ့အညီ နားလည်ဖို့ ကြိုးစားရမယ်။ အဖွဲ့အစည်း ပြင်ဆင်ပေးထားတဲ့ ကျမ်းစာအခြေပြု စာပေတွေကို အခြေခံပြီး ဆွေးနွေးတာဟာ အသင်းတော် “တစ်စိတ်တစ်သဘောတည်း ဖြစ်ပြီး” စည်းလုံးနေဖို့ ကူညီပေးတာပဲ။—၁ ကော. ၁:၁၀။ ၄:၆။

၆။ ၂ ပေတရု ၃:၁၁-၁၃ ကနေ ဘာသင်ယူနိုင်သလဲ။

၆ ၂ ပေတရု ၃:၁၁-၁၃ ကို ဖတ်ပါ။ ကျမ်းစာ ပရောဖက်ပြုချက်တွေ လေ့လာတဲ့အခါ မျှတတဲ့ အမြင် ရှိဖို့ တမန်တော် ပေတရု အားပေးတယ်။ “ယေဟောဝါရဲ့နေ့ ရောက်လာမယ်ဆိုတာကို စိတ်စွဲလမ်း” နေဖို့ တိုက်တွန်းတယ်။ ဘာကြောင့်လဲ။ အာမဂေဒုန် ရောက်လာမယ့် ‘နေ့နဲ့ အချိန်’ ကို တွက်ချက်ချင်လို့ မဟုတ်ပါဘူး။ ကျန်ရှိတဲ့ အချိန်အတွင်းမှာ “သန့်ရှင်းတဲ့ အမူအကျင့်တွေ ကျင့်ကြံပြီး ဘုရားတရား ကိုင်းရှိုင်း” ချင်ကြလို့ပါ။ (မ. ၂၄:၃၆။ လု. ၁၂:၄၀) တစ်နည်းအားဖြင့်၊ ဖြောင့်မတ်တဲ့အကျင့် ဆက်ကျင့်ချင်လို့၊ ဘုရားကို ချစ်တဲ့ စိတ်နဲ့ အမှုဆောင်ချင်ကြလို့ပါ။ အဲဒီလိုဖြစ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိထားရမယ်။

ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ

၇။ ကိုယ့်ကိုယ်ကိုယ် သတိထားကြောင်း ဘယ်လို ပြနိုင်သလဲ။ (လုကာ ၂၁:၃၄)

၇ ကမ္ဘာ့ဖြစ်ရပ်တွေကို သာမက ကိုယ့်ကိုယ်ကိုယ်ပါ သတိထားဖို့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ လုကာ ၂၁:၃၄ မှာ “ခင်ဗျားတို့ သတိထားကြပါ” လို့ ပြောတယ်။ (ဖတ်ပါ။) ကိုယ့်ကိုယ်ကိုယ် သတိထားတဲ့သူဟာ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကို သတိနဲ့ ရှောင်တယ်။ ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်တယ်။—ပညာ. ၂၂:၃။ ယု. ၂၀၊ ၂၁။

၈။ ခရစ်ယာန်တွေကို တမန်တော် ပေါလု ဘာသတိပေးသလဲ။

၈ ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု သတိပေးတယ်။ ဥပမာ၊ “ဉာဏ်ပညာ မဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာ ရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ” လို့ ဧဖက်မြို့က ခရစ်ယာန်တွေကို ပြောတယ်။ (ဧ. ၅:၁၅၊ ၁၆) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ စာတန် အမြဲ ကြိုးစားနေတယ်။ ဒါကြောင့် “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင် အမြဲ ကြိုးစား” နေဖို့ ကျမ်းစာမှာ အကြံပေးတယ်။ ဒါမှ စာတန့် တိုက်ခိုက်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ်။—ဧ. ၅:၁၇။

၉။ ယေဟောဝါရဲ့ အလိုကို ဘယ်လို သိနိုင်မလဲ။

၉ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးစေမယ့် အန္တရာယ်တိုင်းကို ကျမ်းစာမှာ ဖော်ပြမထားဘူး။ ကျမ်းစာမှာ တိုက်ရိုက် ဆွေးနွေးမထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ချက် ချရလေ့ရှိတယ်။ ပညာရှိရှိ ဆုံးဖြတ်နိုင်ဖို့ “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်” ရမယ်။ ကျမ်းစာ မှန်မှန် ဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် သိလာနိုင်တယ်။ ဘုရားရဲ့အလိုကို ပိုသိလေ “ခရစ်တော်ရဲ့ စိတ်သဘောထား” မျိုး ပိုမွေးမြူနိုင်လေ၊ သတ်သတ်မှတ်မှတ် လမ်းညွှန်ချက် မရှိရင်တောင် “ဉာဏ်ပညာ ရှိသူတွေလို” ကျင့်ကြံပြုမူနိုင်လေ ဖြစ်ပါလိမ့်မယ်။ (၁ ကော. ၂:၁၄-၁၆) တချို့ အန္တရာယ်တွေက သိသာတယ်။ တချို့ကတော့ မသိသာဘူး။

၁၀။ ကျွန်တော်တို့ ရှောင်ရမယ့် အန္တရာယ်တချို့က ဘာတွေလဲ။

၁၀ ပရောပရည် လုပ်တာ၊ စားကြူးသောက်ကြူးတာ၊ ထိခိုက်နစ်နာစေတဲ့စကား ပြောတာ၊ အကြမ်းဖက် ဖျော်ဖြေမှု၊ ညစ်ညမ်းရုပ်ပုံ ကြည့်တာစတဲ့ အန္တရာယ်တွေကို ကျွန်တော်တို့ ရှောင်ရမယ်။ (ဆာ. ၁၀၁:၃) ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေး ထိခိုက်အောင် လုပ်ဖို့ ရန်သူ မာရ်နတ် အမြဲ ချောင်းနေတယ်။ (၁ ပေ. ၅:၈) သတိမထားဘူးဆိုရင် မနာလိုမရှုဆိတ် ဖြစ်ခြင်း၊ မရိုးသားခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မောက်မာခြင်း၊ နာကြည်းခြင်း မျိုးစေ့တွေ ကျွန်တော်တို့ရဲ့ စိတ်ထဲ စာတန် ကြဲသွားနိုင်တယ်။ (ဂလ. ၅:၁၉-၂၁) အစပိုင်းမှာတော့ အန္တရာယ် မရှိပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ချက်ချင်း မထိန်းချုပ်ရင် အဆိပ်ပင်လို တဖြည်းဖြည်း ကြီးလာပြီး အန္တရာယ်ပေးလာမယ်။—ယာ. ၁:၁၄၊ ၁၅။

၁၁။ မသိသာတဲ့ အန္တရာယ်တစ်ခုက ဘာလဲ။ ဘာကြောင့်လဲ။

၁၁ မသိသာတဲ့ အန္တရာယ်တစ်ခုကတော့ မကောင်းတဲ့ အပေါင်းအသင်းပါ။ ဥပမာ၊ ယုံကြည်ခြင်း မတူသူနဲ့ သင် အလုပ်လုပ်ရတယ် ဆိုပါစို့။ ယေဟောဝါသက်သေတွေအပေါ် အမြင်မစောင်းစေချင်လို့ ကြင်နာမှု ပြတယ်။ ကူညီတယ်။ မကြာမကြာ နေ့လယ်စာ အတူစားတယ်။ သိပ်မကြာဘူး၊ ပုံမှန် စားဖြစ်လာတယ်။ သူ စကားပြောရင်း ညစ်ညမ်းတဲ့ အကြောင်းအရာတွေ ပါလာတဲ့အခါ အစပိုင်းမှာ သင် နားမထောင်ပေမဲ့ ကြားရဖန် များလာတော့ စိတ်ထဲ ဘယ်လိုမှ မနေတော့ဘူး။ တစ်နေ့၊ အလုပ်ပြီးနောက် တစ်ခုခု သောက်ဖို့ သူ ဖိတ်တော့ သင် လက်ခံလိုက်တယ်။ တဖြည်းဖြည်း သူ ပြောသမျှ သင် လက်ခံလာတယ်။ သူနဲ့ တူလာတယ်။ လူအားလုံးကို ကြင်နာတယ်၊ လေးစားတယ်ဆိုပေမဲ့ ကိုယ်အချိန်ပေး ပေါင်းသင်းသူတွေရဲ့ ဩဇာလွှမ်းမိုးမှု ခံရနိုင်တယ်ဆိုတာ သတိထားရမယ်။ (၁ ကော. ၁၅:၃၃) ယေရှု ပြောသလို ကိုယ့်ကိုယ်ကိုယ် သတိထားမယ်ဆိုရင် ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း မနေထိုင်တဲ့ အပေါင်းအသင်းတွေနဲ့ မလိုအပ်ဘဲ ပေါင်းသင်းမှာ မဟုတ်ဘူး။ (၂ ကော. ၆:၁၅) အန္တရာယ်ကို ကြိုမြင်ပြီး ရှောင်မှာ ဖြစ်တယ်။

အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ

၁၂။ ဒီလောကစနစ် နိဂုံးကို စောင့်နေစဉ်အတွင်း ယေရှုရဲ့ တပည့်တွေ ဘာလုပ်ကြသလဲ။

၁၂ ဒီလောကစနစ် နိဂုံးကို စောင့်နေစဉ်အတွင်း တပည့်တွေကို ယေရှု အလုပ်များနေစေချင်တယ်။ ဒါကြောင့် လုပ်စရာအလုပ် ပေးထားတယ်။ “ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ ကမ္ဘာမြေအစွန်အဖျားအထိ” သတင်းကောင်း ဟောဖို့ မိန့်မှာတယ်။ (တ. ၁:၆-၈) တကယ့်ကို ကြီးမားတဲ့ အလုပ်ပါပဲ။ ယေရှုရဲ့ တပည့်တွေဟာ တခြားသူတွေကို ဟောဖို့ အတတ်နိုင်ဆုံး ကြိုးစားခြင်းအားဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးပြုကြတယ်။

၁၃။ ဘာကြောင့် အချိန်ကို အကျိုးရှိရှိ အသုံးချသင့်သလဲ။ (ကောလောသဲ ၄:၅)

၁၃ ကောလောသဲ ၄:၅ ကို ဖတ်ပါ။ ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်ဖို့ဆိုရင် အချိန်ကို ဘယ်လို သုံးနေသလဲဆိုတာ ဆန်းစစ်ရမယ်။ ကျွန်တော်တို့ ယောက်တိုင်း “မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရနိုင်လို့၊ အချိန်မရွေး သေဆုံးသွားနိုင်လို့ပါ။—ဒေ. ၉:၁၁။

လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မောင်နှံ နှစ်စုံရဲ့ မတူညီတဲ့ တုံ့ပြန်ပုံကို ပြထား။ ရုပ်ပုံ– ၁။ ကမ္ဘာ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးနေတဲ့ သတင်းကို မောင်နှံတစ်စုံ ကြည့်နေ။ နောက်ပိုင်း၊ နိုင်ငံတော်ခန်းမမှာ ညီအစ်မနှစ်ယောက်ကို သူတို့ရဲ့ အမြင် ပြောပြနေ။ ၂။ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းကို နောက်မောင်နှံတစ်စုံ ကြည့်နေ။ ၂။ အများရှေ့သက်သေခံခြင်းမှာ အမျိုးသား တစ်ယောက်ကို သူတို့ ဟောပြောနေ။

အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်သလဲ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)

၁၄-၁၅။ အချိန်ကို အကျိုးရှိရှိ ဘယ်လို အသုံးချနိုင်မလဲ။ (ဟီဘရူး ၆:၁၁၊ ၁၂) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ယေဟောဝါရဲ့ အလိုတော် ဆောင်ခြင်း၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် ကြိုးစားခြင်းအားဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်တယ်။ (ယော. ၁၄:၂၁) ‘မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေဖို့၊ သခင့်အလုပ်မှာ အမြဲ အလုပ်များနေဖို့’ လိုတယ်။ (၁ ကော. ၁၅:၅၈) ဒါမှ ကိုယ်သေဆုံးသွားတဲ့အခါဖြစ်ဖြစ်၊ ဆိုးညစ်တဲ့ ဒီလောကစနစ်အဆုံး ရောက်လာတဲ့အခါဖြစ်ဖြစ် နောင်တရစရာ မရှိမှာ။—မ. ၂၄:၁၃။ ရော. ၁၄:၈။

၁၅ ဒီနေ့ခေတ် နောက်လိုက်တွေရဲ့ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ယေရှု ဆက်ညွှန်ကြားနေတယ်။ ယေရှု တာဝန်ကျေပါတယ်။ ဘုရားအဖွဲ့အစည်းကတစ်ဆင့် ကျွန်တော်တို့ ဟောပြောဖို့ လေ့ကျင့်ပေးတယ်။ သတင်းကောင်း ပျံ့နှံ့စေရာမှာ လိုအပ်တဲ့ ကိရိယာတွေ ပြင်ဆင်ပေးတယ်။ (မ. ၂၈:၁၈-၂၀) ကျွန်တော်တို့ဘက်ကလည်း ဟောပြောသွန်သင်ခြင်း လုပ်ငန်းမှာ ဇွဲရှိရှိ ကြိုးစားခြင်း၊ ဒီလောကစနစ် အဆုံးကို စောင့်ရင်း နိုးနိုးကြားကြား ရှိနေခြင်းအားဖြင့် ကိုယ့်တာဝန်ကိုယ်ကျေဖို့ ကြိုးစားကြတယ်။ ဟီဘရူး ၆:၁၁၊ ၁၂ မှာ ပါတဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်မယ်ဆိုရင် မျှော်လင့်ချက်ကို “အဆုံးအထိ” အခိုင်အမာ ကိုင်စွဲထားနိုင်ပါလိမ့်မယ်။—ဖတ်ပါ။

၁၆။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမလဲ။

၁၆ စာတန့်စနစ် အဆုံးတိုင်မယ့် နေ့ရက်နဲ့ အချိန်ကို ယေဟောဝါ သတ်မှတ်ထားပြီးပြီ။ အဲဒီနေ့ ရောက်တဲ့အခါ ကျမ်းစာ ပရောဖက်ပြုချက် အားလုံးကို ယေဟောဝါ ကျိန်းသေ ပြည့်စုံစေမယ်။ ဒီအတောအတွင်း အဆုံး ရောက်လာဖို့ ကြန့်ကြာနေပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ နေ့ “နောက်ကျမှာ မဟုတ်ဘူး။” (ဟဗ. ၂:၃) ဒါကြောင့် “ယေဟောဝါကို အမြဲ မျှော်လင့်နေ” ဖို့၊ “ကယ်တင်ရှင် ဘုရားသခင်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေ” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—မိ. ၇:၇။

သင် ဘယ်လို ဖြေမလဲ

  • ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ရာမှာ ဘယ်လို မျှမျှတတ ရှိနိုင်သလဲ။

  • ကိုယ့်ကိုယ်ကိုယ် သတိထားတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

  • အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်သလဲ။

သီချင်း  ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a ဝတ်ပြုရေးမှာ ဘယ်လိုနည်းနဲ့ သတိရှိပြီး နိုးနိုးကြားကြား နေနိုင်မလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သတိထားနိုင်မလဲ၊ အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ပုံအညွှန်း– (ထိပ်) မောင်နှံတစ်စုံ သတင်းကြည့်နေ။ နောက်ပိုင်း၊ အစည်းအဝေးပြီးနောက် သတင်းနဲ့ပတ်သက်တဲ့ ကိုယ့်ထင်မြင်ချက်အကြောင်း တခြားသူတွေကို ပြောပြနေ။ (အောက်) ကျမ်းစာ ပရောဖက်ပြုချက်တွေကို နောက်ဆုံး အချက်အလက်နဲ့အညီ နားလည်ဖို့ အုပ်ချုပ်ရေးအဖွဲ့ဆီက နောက်ဆုံးရသတင်းကို မောင်နှံတစ်စုံ ကြည့်နေ။ သစ္စာရှိကျွန် ပြင်ဆင်ပေးထားတဲ့ ကျမ်းစာအခြေပြု စာပေတွေ ဝေငှနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ