နှုတ်ကပါဌ်တရားကို နာရုံမျှမဟုတ် ကျင့်သောသူ ဖြစ်ကြလော့
“သခင်၊ သခင်ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”—မဿဲ ၇:၂၁။
၁။ ယေရှု၏တပည့်နောက်လိုက်များသည် ဆက်၍အဘယ်အရာလုပ်ရမည်နည်း။
ဆက်၍မေးပါ။ ဆက်၍ရှာပါ။ ဆက်၍ခေါက်ပါ။ ဇွဲရှိရှိဆုတောင်းပါ။ လေ့လာပါ။ တောင်ပေါ်ဒေသနာပါ ယေရှု၏တရားကို ဇွဲရှိစွာကျင့်သုံးပါ။ တပည့်တော်များသည် လောက၏ဆားဖြစ်သည်ဟု ယေရှုသူတို့အားပြောသည်။ ဆားခတ်ထားသော အသက်ကယ်ဆယ်သည့်သတင်း သူတို့၌ရှိသည့်အတွက် အရသာမပေါ့ပျက်စေရကြောင်း၊ ကယ်ဆယ်နိုင်သောအစွမ်းကို မပျောက်စေရကြောင်း မှာကြားတော်မူ၏။ သူတို့သည် လောက၏အလင်းဖြစ်ကြရာ ခရစ်တော်ယေရှုနှင့်ယေဟောဝါဘုရားသခင်ထံတော်မှအလင်းကို သူတို့သည် အပြောအားဖြင့်သာမဟုတ် အလုပ်အားဖြင့် ရောင်ပြန်ဟပ်ကြသည်။ သူတို့၏အကျင့်ကောင်းများသည် အသိပညာပေးသောစကားများကဲ့သို့ပင် အလင်းပေးသည်။ များစွာပြော၍ အနည်းငယ်သာလုပ်ကြသည့် ဖာရိရှဲဆန်အရေခြုံခြင်းကို တွေ့မြင်လေ့ရှိသည့်လောကတွင် သူတို့၏အကျင့်များသည် သာ၍ပင်အကျိုးထိရောက်နိုင်သည်။ —မဿဲ ၅:၁၃-၁၆။
၂။ အဘယ်သြဝါဒကိုယာကုပ်ပေးသနည်း။ သို့သော်အဘယ်သက်သောင့်သက်သာအနေအထားကို အချို့လွဲမှားစွာခံယူထားသနည်း။
၂ ယာကုပ်ဤသို့ဆုံးမသည်။ “ကိုယ်ကိုယ်ကိုလှည့်ဖြား၍ နှုတ်ကပါဌ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။” (ယာကုပ် ၁:၂၂) လူအချို့သည် အငြိမ်းစားပြီး ကောင်းကင်ဆုရနိုင်မည်အထင်နှင့် စောင့်ဆိုင်းနေဘိသကဲ့သို့ ‘တစ်ခါကယ်တင်ခံရလျှင် အမြဲကယ်တင်ခြင်းရပြီ’ ဟူသောအယူဝါဒကိုခံယူကာ မိမိတို့ကိုယ်ကိုလှည့်စားနေကြသည်။ ယင်းကားမှားယွင်းသောအယူဖြစ်ပြီး အချည်းနှီးသက်သက်ဖြစ်သောမျှော်လင့်ရာတည်း။ “အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုယေရှုဆိုသည်။ (မဿဲ ၂၄:၁၃) ထာဝရအသက်ရရန် “သေသည်တိုင်အောင် သစ္စာစောင့်” ရမည်။—ဗျာဒိတ် ၂:၁၀။ ဟေဗြဲ ၆:၄-၆။ ၁၀:၂၆၊ ၂၇။
၃။ တောင်ပေါ်ဒေသနာတွင် တရားစီရင်ခြင်းနှင့်ပတ်သက်၍ မည်သို့ဆက်သွန်သင်သနည်း။
၃ တောင်ပေါ်ဒေသနာကို ယေရှုဆက်ပြောဟောစဉ် ခရစ်ယာန်များလိုက်နာသင့်သည့် သြဝါဒများတိုးလာသည်။ ဤသြဝါဒသည် လွယ်ကူပုံရှိသော်လည်း ဖျောက်ဖျက်ပစ်ရန် အခဲယဉ်းဆုံးဉာဉ်တစ်ခုကို ပြစ်တင်ရှုတ်ချထား၏။ “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏။ ထိုတရားအတိုင်းစီရင်ခြင်းကိုခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေးဦးစွာထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။”—မဿဲ ၇:၁-၅။
၄။ လုကာမှတ်တမ်းက ထပ်ဆင့်၍မည်သို့သွန်သင်သနည်း။ ယင်းကိုကျင့်သုံးခြင်းက အဘယ်အကျိုးဖြစ်ထွန်းစေသနည်း။
၄ လုကာမှတ်တမ်းတင်ထားသည့် တောင်ပေါ်ဒေသနာတွင် သူတစ်ပါးအပြစ်ကိုမရှာရန် ယေရှုကတပည့်များအားမှာကြားသည်။ ယင်းအစား “သူ့အပြစ်ကိုလွှတ်ကြ” ရမည်ဖြစ်သည်။ ယင်းသို့ပြုပါက သူတစ်ပါးသည် ထပ်တူပင်ပြုလိမ့်မည်ဟုယေရှုဆိုသည်။ “သူတစ်ပါးအားပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။”—လုကာ ၆:၃၇၊ ၃၈။
၅။ ကိုယ့်ကိုယ်၌ရှိအပြစ်များကိုမြင်သည်ထက် သူတစ်ပါးအပြစ်ကိုမြင်ဖို့လွယ်ကူရခြင်းကား အဘယ်ကြောင့်နည်း။
၅ စီအီးပထမရာစုတွင် နှုတ်တိုက်ထုံးတမ်းစဉ်လာများကြောင့် ဖာရိရှဲများသည် သူတစ်ပါးကို ခက်ထန်စွာတရားစီရင်တတ်ကြသည်။ ယေရှု၏တရားကိုနာသောသူတို့တွင် ထိုသို့ပြုကျင့်ရှိသူများမူ ထိုအကျင့်ကိုရပ်တန့်ရမည်ဖြစ်သည်။ ကိုယ်မျက်စိရှိတံကျင်ကိုမြင်သည်ထက် သူတစ်ပါးမျက်စိရှိ ငြောင့်ငယ်များကိုမြင်ဖို့ကား ပိုလွယ်ကူကာ ကိုယ့်ကိုယ်ကိုအထင်ကြီးစေသည်။ လူတစ်ဦးပြောသည်အတိုင်းပင်ဖြစ်သည်။ “သူများကိုအပြစ်စီရင်ရတာ ဝါသနာပါတယ်။ ဘာကြောင့်လည်းဆိုတော့ တကယ်အရသာရှိတယ်။” သူတစ်ပါးကိုအပြစ်တင်တတ်သည့်အကျင့်သည် ကိုယ်ဖုံးဝှက်လိုသောအကျင့်ဆိုးများကို ချေဖျက်စေလိုသောကြောင့်လည်းဖြစ်နိုင်သည်။ သို့သော်၊ ပဲ့ပြင်စရာလိုလျှင် နူးညံ့သိမ်မွေ့စွာပဲ့ပြင်သင့်သည်။ ပဲ့ပြင်သူသည် ကိုယ်တိုင်၏အားနည်းချက်များကို အမြဲသတိပြုသင့်သည်။—ဂလာတိ ၆:၁။
မစီရင်မီ ကိုယ်ချင်းစာနာတတ်ပါ
၆။ လိုအပ်လာလျှင် စီရင်ချက်ချရသည့်အခါ အဘယ်ပေါ်အခြေခံရမည်နည်း။ လွန်ကျွံစွာအပြစ်ရှာသူမဖြစ်စေရန် အဘယ်အကူအညီကိုတောင်းခံရမည်နည်း။
၆ လောကကိုတရားစီရင်ဖို့မဟုတ် ကယ်တင်ဖို့ရန် ယေရှုကြွလာတော်မူသည်။ ကိုယ်တော်စီရင်ချက်ချခဲ့ပါမူ ဘုရားသခင်မိန့်မှာသည့်အတိုင်းသာ ဖြစ်တော်မူ၏။ (ယောဟန် ၁၂:၄၇-၅၀) ကျွန်ုပ်တို့စီရင်ချက်ချရသည့်အခါလည်း ယေဟောဝါ၏နှုတ်ကပါဌ်တော်အတိုင်း ဖြစ်သင့်သည်။ အပြစ်စီရင်တတ်သည့် လူ့ဉာဉ်ဆိုးကိုနှိမ်နင်းထားသင့်ရာ ဤသို့ပြုနိုင်ရန် ယေဟောဝါ၏အကူအညီကို အစဉ်တောင်းခံနေသင့်သည်။ “ဆက်၍တောင်းကြလော့။ တောင်းလျှင်ရမည်။ ဆက်၍ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ဆက်၍ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။” (မဿဲ ၇:၇၊ ၈ ကဘ ) ယေရှုကိုယ်တိုင် ဤသို့ဆိုသည်။ “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့လိုက်၏။”—ယောဟန် ၅:၃၀။
၇။ ရွှေပညတ်ကိုလိုက်နာကျင့်သုံးနိုင်ရန် အဘယ်အကျင့်ကိုမွေးမြူသင့်သနည်း။
၇ သူတစ်ပါးကိုစီရင်မည့်အစား သူတစ်ပါးနေရာ၌ ဝင်ကြည့်ခြင်းအားဖြင့် စာနာတတ်သည့်အကျင့်ကို မွေးမြူသင့်သည်။ လွယ်ကူမည်ကားမဟုတ်ပါ။ သို့သော် ယေရှုဆက်ပြောသည့် ရွှေပညတ်အတိုင်းကျင့်ကြံမည်ဆိုလျှင် ထိုသို့ပြုရန်လိုသည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့်အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။” (မဿဲ ၇:၁၂) သို့ဖြစ်၍ ယေရှု၏တပည့်နောက်လိုက်များသည် အကဲခတ်တတ်ရမည်။ သူတစ်ပါး၏စိတ်ဓာတ်၊ စိတ်လှုပ်ရှားမှုနှင့်ဝိညာဏအခြေအနေကို ထိုးထွင်းသိမြင်တတ်ရမည်။ သူတစ်ပါးလိုအပ်ရာကိုတွေ့မြင်နားလည်ပြီး ကူညီမစပေးရန် စိတ်ဝင်စားသင့်သည်။ (ဖိလိပ္ပိ ၂:၂-၄) နောင်နှစ်အနည်းငယ်ကြာသော် ပေါလုဤသို့ရေးသည်။ “အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တစ်ပါးကိုကျင့်လျှင် ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။”—ဂလာတိ ၅:၁၄။
၈။ အဘယ်လမ်းနှစ်လမ်းအကြောင်း ယေရှုဆွေးနွေးတင်ပြသနည်း။ ယင်းတို့အနက် တစ်ခုကို လူအများ အဘယ်ကြောင့်ရွေးချယ်သနည်း။
၈ ဆက်၍ယေရှုဤသို့ဆိုသည်။ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။” (မဿဲ ၇:၁၃၊ ၁၄) ထိုအချိန်က ပျက်စီးခြင်းလမ်းကို လူအများရွေးချယ်သကဲ့သို့ ယခုထို့အတူပြုဆဲရှိ၏။ ကျယ်ဝန်းသောလမ်းသည် လူတို့အားကြိုက်သလိုစဉ်းစား၊ ကြိုက်သလိုနေထိုင်စေ၏။ စည်းကမ်းမရှိ၊ တာဝန်မရှိ၊ သက်သောင့်သက်သာဘဝပုံစံအတိုင်း အစစအရာရာလွယ်ကူစွာ နေထိုင်စေသည်။ သူတို့ “ကျဉ်းမြောင်းသောတံခါးဝကိုဝင်ခြင်းငှာ ကြိုးစားအားထုတ်” စရာလုံးဝမလိုစေပါ။—လုကာ ၁၃:၂၄။
၉။ ကျဉ်းသောလမ်းပေါ်လျှောက်နိုင်ရန် ဘာလိုသနည်း။ ယင်းအပေါ်လျှောက်သူနေတို့ကို ယေရှုမည်သို့သတိပေးသနည်း။
၉ သို့သော် ထာဝရအသက်သို့ပို့ဆောင်သည့်လမ်းကား ကျဉ်းမြောင်းသောတံခါးဝအတိုင်းဖြစ်သည်။ ထိုလမ်းစဉ်အတိုင်းလိုက်လိုလျှင် ချုပ်တည်းမှုရှိဖို့လိုသည်။ သင့်ရည်ရွယ်ချက်များကို စစ်ကြောသည့် ပဲ့ပြင်မှုပါဝင်နိုင်သည်။ သင့်ဆက်ကပ်အပ်နှံခြင်း၏ ခိုင်မြဲမှုကို စမ်းသပ်ပေမည်။ ညှဉ်းပန်းခံရသောအခါ လွယ်ကူမည်မဟုတ်သည့်အတွက် ခံနိုင်ရည်လိုလာပေမည်။ ဤလမ်းစဉ်ကိုလိုက်လျှောက်သူများအား ယေရှုဤသို့မှာကြားသည်။ “အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။” (မဿဲ ၇:၁၅) ဖာရိရှဲများသည် ထိုသို့ပင်ဖြစ်သည်။ (မဿဲ ၂၃:၂၇၊ ၂၈) သူတို့သည် လူ့ထုံးတမ်းစဉ်လာများကိုလိုက်လျက်နှင့် ဘုရားသခင်ဘက်၌နေသည်ဟုဆိုကာ “မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။”—မဿဲ ၂၃:၂။
ဖာရိရှဲများ မည်သို့ “ကောင်းကင်နိုင်ငံတော်ကိုပိတ်ထား”
၁၀။ ကျမ်းပြုဆရာနှင့်ဖာရိရှဲများသည် ‘လူတို့ရှေ့ကောင်းကင်နိုင်ငံတော်ကိုပိတ်ထား’ ရန်အဘယ်နည်းဖြင့်ကြိုးစားကြသနည်း။
၁၀ ထို့ပြင် ဂျူးဓမ္မဆရာများသည် ကျဉ်းသောတံခါးထဲ ဝင်လိုသူများအား ပိတ်ပင်တားဆီးရန် ကြိုးစားကြသည်။ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” (မဿဲ ၂၃:၁၃) ဖာရိရှဲတို့၏အကျင့်သည် ယေရှုသတိပေးသည့်အတိုင်းပင်ဖြစ်သည်။ သူတို့သည် “လူသားကြောင့် [တပည့်တော်အား] ပယ်ရှားနှင်ထုတ်၍ကဲ့ရဲ့” ကြ၏။ (လုကာ ၆:၂၂) မွေးကတည်းကမျက်စိမမြင်သူသည် ခရစ်တော်ကြောင့် မြင်လာ၍ ယေရှုသည် မေရှိယဖြစ်သည်ဟုယုံကြည်သည့်အတွက် တရားဇရပ်မှ သူ့အားပယ်ရှားနှင်ထုတ်ခဲ့သည်။ သူ၏မိဘများသည် တရားဇရပ်မှ နှင်ထုတ်ခံရမည်စိုးရိမ်၍ အမေးခံရသည့်အခါ မဖြေဝံ့ခဲ့ကြပါ။ ထပ်တူအကြောင်းကြောင့်ပင် ယေရှုအားမေရှိယဖြစ်သည်ဟုယုံကြည်သူများစွာသည် လူအများရှေ့မဝန်ခံဝံ့ကြပါ။—ယောဟန် ၉:၂၂၊ ၃၄။ ၁၂:၄၂။ ၁၆:၂။
၁၁။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် အဘယ်ထင်ရှားသောအသီးများကိုသီးသနည်း။
၁၁ “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏” ဟုယေရှုမိန့်ဆိုသည်။ (မဿဲ ၇:၁၆-၂၀) ယနေ့လည်း ထပ်တူပင်ဖြစ်သည်။ ဓမ္မဆရာအများစုသည် အပြောနှင့်အလုပ်မညီညွတ်ပါ။ သမ္မာကျမ်းစာကိုသွန်သင်သည်ဟုဆိုကြသော်လည်း သုံးပါးတစ်ဆူ၊ ငရဲ အစရှိသည့် ဘုရားတရားကိုရှုတ်ချသောအယူများကို ခံယူထားကြသည်။ အခြားသူများမူ ရွေးနှုတ်ဖိုးကိုလက်မခံ။ ဖန်ဆင်းခြင်းအစား ဆင့်ကဲအယူကိုသွန်သင်သည်။ လူအများကြိုက် စိတ်ပညာအရ ဟောပြောကြသည်။ ဖာရိရှဲများနည်းတူ ငွေကိုတပ်မက်သူများဖြစ်ကြရာ သိုးတော်စုထံမှ ဒေါ်လာသန်းပေါင်းများစွာ ညှစ်ထုတ်ကြသည်။ (လုကာ ၁၆:၁၄) သူတို့အားလုံး “သခင်၊ သခင်” ဟုခေါ်ဆိုကြသော်လည်း ယေရှုက သူတို့အားဤသို့ဆိုသည်။ “သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ။”—မဿဲ ၇:၂၁-၂၃။
၁၂။ လမ်းကျဉ်းပေါ်တစ်ချိန်ကလျှောက်ခဲ့သူများ ထိုလမ်းပေါ် အဘယ်ကြောင့်မသွားလာကြတော့သနည်း။ သို့ဖြစ်၍ မည်သို့ဖြစ်သွားသနည်း။
၁၂ လမ်းကျဉ်းကိုလျှောက်ခဲ့သူအချို့သည် ယနေ့ထိုလမ်းပေါ်မရှိတော့ပါ။ ယေဟောဝါကိုချစ်ပါသည်ဟု သူတို့ဆိုသော်လည်း ဟောပြောရန် ကိုယ်တော်၏အမိန့်တော်ကို သူတို့မလိုက်နာကြပါ။ ယေရှုကိုချစ်ပါသည်ဟုဆိုကြသော်လည်း ကိုယ်တော့်သိုးများကို မကျွေးမွေးကြပါ။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ယောဟန် ၂၁:၁၅-၁၇။ ၁ ယောဟန် ၅:၃) ယေရှုခြေတော်ရာအတိုင်း သွားလာသူများနှင့်အတူ သူတို့ထမ်းပိုးမထမ်းလိုကြပါ။ ကျဉ်းသောလမ်းသည် သူတို့အဖို့ ကျဉ်းကျပ်လွန်းသည်။ ကောင်းစွာကျင့်ကြံခြင်းကို သူတို့ငြီးငွေ့သွားပြီး “သူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။” (၁ ယောဟန် ၂:၁၉) အမှောင်ထုထဲ သူတို့ပြန်ဝင်သွားကြရာ ထိုမှောင်မိုက်သည် “အလွန်မိုက်စွတကား။” (မဿဲ ၆:၂၃) ယောဟန်၏ ဤအပူတပြင်းတောင်းဆိုချက်ကို သူတို့ငြင်းပယ်ကြ၏။ “ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာမချစ်ဘဲ စိတ်ပါကိုယ်ရောက်ဧကန်အမှန်ချစ်ကြကုန်အံ့။”—၁ ယောဟန် ၃:၁၈။
၁၃၊ ၁၄။ ကျွန်ုပ်တို့အသက်တာတွင် ယေရှု၏သြဝါဒကိုကျင့်သုံးခြင်းအကြောင်း အဘယ်ပုံဥပမာတင်ပြခဲ့သနည်း။ ပါလက်စတိုင်းရှိ သူများအတွက် အဘယ်ကြောင့်လျောက်ပတ်သနည်း။
၁၃ တောင်ပေါ်ဒေသနာကို အလွန်ထူးခြားသောပုံဥပမာနှင့် ယေရှုနိဂုံးချုပ်ခဲ့သည်။ “အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသော် ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။”—မဿဲ ၇:၂၄၊ ၂၅။
၁၄ ပါလက်စတိုင်းနိုင်ငံတွင် မိုးများသည့်အတွက် ခြောက်သွေ့သောချိုင့်ဝှမ်းများထဲ ရုတ်တရက်ရေကြီးပြီး များစွာပျက်စီးသွားတတ်သည်။ အိမ်များမပြိုလဲရန် ကျောက်ပေါ်မြဲမြံစွာဆောက်လုပ်ထားရန်လိုသည်။ တိုက်ကိုတည်သူသည် “နက်စွာတူး၍ ကျောက်ပေါ်မှာတိုက်မြစ်ချ” ခဲ့ကြောင်း လုကာ၏မှတ်တမ်းကတင်ပြသည်။ (လုကာ ၆:၄၈) ပင်ပန်းစွာဆောက်လုပ်ခဲ့ရသည်မှန်သော်လည်း မုန်တိုင်းသင့်သည့်အခါ အကျိုးနပ်သည်။ ထိုကြောင့် ယေရှု၏သြဝါဒများအတိုင်း ခရစ်ယာန်အရည်အချင်းများကို တည်ဆောက်မွေးမြူပေးမည်ဆိုလျှင် ရုတ်တရက်အတိုက်အခံကြုံတွေ့သည့်အခါ အကျိုးဖြစ်ထွန်းလိမ့်မည်။
၁၅။ ယေရှု၏သြဝါဒကိုလိုက်နာကျင့်သုံးမည့်အစား လူ့ထုံးတမ်းစဉ်လာများကိုလိုက်သူတို့အတွက် အဘယ်အကျိုးရှိသနည်း။
၁၅ အခြားတစ်အိမ်သည် သဲမြေပေါ်ဆောက်ထား၏။ “အကြင်သူသည် ငါဟောပြောသောဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သောအခါ ကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်။” “သခင်၊ သခင်” ဟုဆိုသော်လည်း ယေရှု၏သြဝါဒကိုမလိုက်နာသူများအတွက် ထို့အတူဖြစ်ပေလိမ့်မည်။—မဿဲ ၇:၂၆၊ ၂၇။
“ကျမ်းပြုဆရာနည်းတူမဟုတ်”
၁၆။ တောင်ပေါ်ဒေသနာကိုကြားနာသူများအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁၆ တောင်ပေါ်ဒေသနာ၏ အကျိုးသက်ရောက်မှုက မည်သို့နည်း။ “ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။” (မဿဲ ၇:၂၈၊ ၂၉) ယခင်ကမကြုံဖူးခဲ့သော အခွင့်အာဏာရှိရှိ ဟောပြောသူ၏တရားကြောင့် သူတို့သည် တိုက်တွန်းလှုံ့ဆော်မှုခံခဲ့ရသည်။
၁၇။ မိမိတို့၏သွန်သင်ချက်ကို ခိုင်လုံစေရန် ကျမ်းပြုဆရာများ မည်သို့ပြုကြရသနည်း။ ကိုးကားခံရသည့် သေလွန်သူပညာရှိများအကြောင်း သူတို့အဘယ်သို့ပြောသနည်း။
၁၇ ဤသမိုင်းမှတ်တမ်း တင်ပြသည်အတိုင်းပင် မည်သည့်ကျမ်းပြုဆရာမျှ ကိုယ်အခွင့်အာဏာဖြင့် မဟောပြောခဲ့ဖူးချေ။ “ကျမ်းပြုဆရာတို့သည် ထုံးတမ်းစဉ်လာကိုအမှီပြုကာ အယူဝါဒများကိုသွန်သင်ပို့ချတတ်သည်။ . . . ရဗ္ဗိဆရာတို့၏ထုံးစံ သို့မဟုတ် . . . ပညာတတ်တို့ဆိုသည်ကား ဟုကိုးကားခြင်းမရှိလျှင် မည်သည့်ကျမ်းပြုဆရာ၏ဒေသနာမျှ သြဇာအာဏာ သို့မဟုတ် တန်ဖိုးမရှိချေ။ သို့မဟုတ် ထိုသို့သောထုံးစံနှင့်အညီ ဖြေရှင်းချက်မျိုးပေးတတ်သည်။ မဟာဟီလဲလ်သည် အမှန်အတိုင်း၊ အကြောင်းတစ်ခုနှင့်စပ်လျဉ်းသည့်ထုံးတမ်းစဉ်လာအတိုင်း ဟောပြောသွန်သင်၏။ ‘သို့သော်ထိုအကြောင်းကို တစ်နေကုန်ဟောသော်လည်း . . . အဆုံးတွင် သူက [ဟီလဲလ်အရင် ပြောရေးဆိုခွင့်ရှိသူ] ရှီမိုင်အာနှင့်အာဘ်တလီအုံတို့ထံမှ ဤအတိုင်းငါကြားသည်ဟူ၍ မပြောမချင်း သူ၏အယူဝါဒကို သူတို့မခံယူကြပေ။’” (ဂျောန် လိုက်ဖွတ်ရေးသော A Commentary on the New Testament From the Talmud and Hebraica) သေလွန်လေပြီးသောပညာရှိများနှင့်စပ်လျဉ်း၍ပင် ဖာရိရှဲများ ဤသို့ဆိုသည်။ “တစ်ဦးတစ်ယောက်သည် သူတို့အမည်တပ်၍ ထုံးတမ်းတစ်ခုကို ကိုးကားသောအခါ ထိုဖြောင့်မတ်သူများ၏နှုတ်ခမ်းသည် သင်္ချိုင်းတွင်း၌ အတူလိုက်ရွတ်၏။”—Torah—From Scroll to Symbol in Formative Judaism.
၁၈။ (က) ကျမ်းပြုဆရာများ၏သွန်သင်ချက်သည် ယေရှု၏သွန်သင်ချက်များနှင့် မည်သို့ကွာခြားသနည်း။ (ခ) ယေရှု၏သွန်သင်ချက်သည် အဘယ်နည်းများဖြင့် ထူးခြားသနည်း။
၁၈ ကျမ်းပြုဆရာတို့သည် လူသေများစကားကို ပြောရေးဆိုခွင့်ရှိသူအနေနှင့် ကိုးကားကြသည်။ ယေရှုမူကား အသက်ရှင်တော်မူထသောဘုရားသခင်၏စကားကို အခွင့်အာဏာရှိရှိဟောပြောသည်။ (ယောဟန် ၁၂:၄၉၊ ၅၀။ ၁၄:၁၀) ရဗ္ဗိဆရာများသည် အဖုံးပိတ်ထားသည့်ရေစည်မှ ရေပုပ်ကိုခပ်ထုတ်ပေး၏။ ယေရှုမူကား အတွင်းစိတ်ကိုရေငတ်ပြေစေသည့် လတ်ဆတ်သောစမ်းရေကိုတိုက်ပါသည်။ တစ်ညဉ့်လုံးဆုတောင်းသုံးသပ်ပြီး ဟောပြောတော်မူသည့်အခါ ယခင်ကသတိမပြုမိသော ကိုယ်ကိုယ်၌ရှိအရာများကို လူတို့အားသိရှိနားလည်စေ၏။ လူတို့ခံစားနိုင်သည့်တန်ခိုးအာဏာဖြင့် ဟောပြောတော်မူသည့်အတွက် ကိုယ်တော်၏အခွင့်အာဏာကို ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့်ဇဒ္ဒုကဲများ နောက်ဆုံး၌ စိန်မခေါ်ဝံ့တော့ပါ။ (မဿဲ ၂၂:၄၆။ မာကု ၁၂:၃၄။ လုကာ ၂၀:၄၀) တစ်ခါမျှ ဤသူကဲ့သို့ မည်သူမျှမဟောပြောဖူးပါတကား။ ဒေသနာ၏နဂုံးတွင် လူအုပ်တို့သည် အံ့သြမိန်းမောလေတော့သည်။
၁၉။ ယနေ့ယေဟောဝါသက်သေများအသုံးပြုသည့် သွန်သင်နည်းအချို့သည် တောင်ပေါ်ဒေသနာတွင် ယေရှုအသုံးပြုခဲ့သောနည်းများနှင့် မည်သို့ထပ်တူဖြစ်သနည်း။
၁၉ ယနေ့ကော။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်သူများအနေနှင့် ယေဟောဝါသက်သေများသည် ထပ်တူနည်းဗျူဟာများကို အသုံးပြုကြ၏။ အိမ်ရှင်က “ကမ္ဘာမြေကြီး မီးကျွမ်းလောင်လိမ့်မယ်လို့ ကျွန်ုပ်အသင်းတော်ကသင်ပေးတယ်” ဟုဆိုမည်။ သင်တုံ့ပြန်သည်မှာ “ဒေသနာ ၁:၄ ၌သင်၏ကျမ်းစာက ‘မြေကြီးမူကား အစဉ်အမြဲတည်၏’ ဟုဆိုသည်” ဖြစ်မည်။ ထိုသူအံ့သြစွာဖြင့် “ကျွန်ုပ်ကျမ်းစာထဲမှာ ဒီအတိုင်းပါမှန်း မသိခဲ့ပါလား” ဟုဆိုမည်။ အခြားတစ်ဦးကား “ငရဲမီးထဲမှာ အပြစ်သားများ မီးလောင်ခံရမယ်လို့ဘဲကြားဖူးတယ်။” “ဒါပေမယ့် သင့်ကျမ်းစာက ရောမ ၆:၂၃ မှာ ‘အပြစ်၏အခကား သေခြင်းပေတည်း’ လို့ဆိုတယ်။” သို့မဟုတ် သုံးပါးပေါင်းတစ်ဆူအကြောင်း “ကျွန်ုပ်တရားဟောဆရာက ယေရှုနှင့်သူ၏ခမည်းတော်သည် တန်းတူဖြစ်တယ်လို့ပြောတယ်။” “ဒါပေမယ့်သင့်ကျမ်းစာထဲမှာ ယောဟန် ၁၄:၂၈ အရယေရှုက ‘ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏’ လို့ဆိုတယ်။” အခြားတစ်ဦးက သင့်အား “ဘုရားသခင့်နိုင်ငံတော်ဟာ သင့်နှလုံးထဲမှာဘဲလို့ပြောတာကြားဖူးတယ်” ဟုဆိုမည်။ သင့်တုံ့ပြန်ချက်မှာ “သင့်ကျမ်းစာထဲမှာ ဒံယေလ ၂:၄၄၊ ၄၅ က ‘ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။’ ဒါကြောင့် သင့်နှလုံးထဲ ဘယ်လိုဖြစ်နိုင်မှာလဲ” ဖြစ်မည်။
၂၀။ (က) သက်သေခံများ၏သွန်သင်နည်းနှင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများသွန်သင်ပုံသည် အဘယ်သို့ကွာခြားသနည်း။ (ခ) ယခုအချိန်ကား အဘယ်အရာအတွက် အခန့်သင့်အချိန်ဖြစ်သနည်း။
၂၀ ဘုရားသခင်ထံတော်မှရရှိသောအခွင့်အာဏာနှင့် ယေရှုဟောပြောတော်မူခဲ့သည်။ ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှရသော အခွင့်အာဏာနှင့် ပြောဆိုကြသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ဗာဗုလုန်နှင့်အီဂျစ်နိုင်ငံများမှ လက်ဆင့်ကမ်းရရှိသော အယူဝါဒများရောပြွမ်းသည့် ဘာသာရေးထုံးတမ်းစဉ်လာများကို ဟောပြောကြသည်။ ကျမ်းစာက သူတို့ယုံကြည်ချက်များ မဟုတ်မမှန်ကြောင်း ဖော်ထုတ်သောအခါ စိတ်ရင်းမှန်သူများသည် အံ့အားသင့်စွာဖြင့် ‘ကျွန်ုပ်ကျမ်းစာထဲမှာ ဒီလိုပါရှိတာကိုမသိခဲ့ပါလား’ ဟုဆိုကြသည်။ ထိုအတိုင်းပါသည်ကား အမှန်။ မိမိတို့၏ဝိညာဏလိုအပ်ရာကို အသိအမှတ်ပြုသူများသည် ယေရှု၏တောင်ပေါ်ဒေသနာပါသြဝါဒကိုလိုက်နာပြီး တည်မြဲသောအုတ်မြစ်ကျောက်အပေါ် တည်ဆောက်ရမည့်အချိန်ကား ယခုအချိန်ပင်ဖြစ်ပေသည်။
ပြန်လည်စစ်ဆေးရန်မေးခွန်းများ
▫ တရားစီရင်မည့်အစား ဘာကိုကြိုးစားလုပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
▫ ယနေ့များစွာသောသူတို့သည် လမ်းကျယ်ကိုအဘယ်ကြောင့်ရွေးချယ်ကြသနည်း။
▫ ယေရှု၏သွန်သင်နည်းသည် ကျမ်းပြုဆရာများပို့ချနည်းနှင့် အဘယ်ကြောင့်အလွန်ကွာခြားရသနည်း။
▫ ကြားနာသူများအပေါ် တောင်ပေါ်ဒေသနာသည် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။