ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များအဖြစ် အမှုတော်ထမ်းခြင်း
“ငြိမ်သက်ခြင်း . . . သတင်းကိုကြားပြောသောသူ . . . ၏ခြေတို့သည်တောင်ပေါ်မှာအလွန်တင့်တယ်လှစွတကား။”—ဟေရှာယ ၅၂:၇။
၁၊ ၂။ (က) ဟေရှာယ ၅၂:၇ တွင်တင်ကူးပြောထားသည့်အတိုင်း အဘယ်သတင်းကောင်းကို ထုတ်ပြန်ကြေညာရမည်နည်း။ (ခ) ဟေရှာယ၏ပရောဖက်ပြုစကားများသည် ရှေးဣသရေလလူမျိုးကိစ္စတွင် မည်သည့်အဓိပ္ပာယ်ထွက်သနည်း။
ကြွးကြော်စရာ သတင်းကောင်းရှိသည်! ယင်းသည် ငြိမ်သက်ခြင်း—စစ်မှန်သောငြိမ်သက်ခြင်းသတင်းဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်နေသော ကယ်တင်ခြင်းသတင်းတရားဖြစ်သည်။ ရှေးလွန်လေပြီးသောကာလ၌ ယင်းအကြောင်းကို ပရောဖက်ဟေရှာယက ရေးသားခဲ့ပြီး၊ သူ၏စကားများကို ဟေရှာယ ၅၂:၇ တွင် မပျောက်မပျက်ထားရှိခဲ့ရာ ဤသို့ဖတ်ရသည်– “ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ‘သင်၏ဘုရားသခင် စိုးစံတော်မူ၏’ ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်တင့်တယ်လှစွတကား။”
၂ ယေဟောဝါသည် ရှေးဣသရေလလူမျိုးနှင့် ယနေ့ ကျွန်ုပ်တို့အကျိုးအတွက် ဤသတင်းတရားကို မှတ်တမ်းတင်ရန် မိမိ၏ပရောဖက်ဟေရှာယကို မှုတ်သွင်းခဲ့သည်။ ယင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ ထိုစကားများကို ဟေရှာယ ရေးသားချိန်၌ အာရှုရိလူမျိုးများက မြောက်ပိုင်းဣသရေလနိုင်ငံကို ပြည်နှင်ဒဏ်ပေးပြီးသားဖြစ်နေပေမည်။ နောက်ပိုင်းတွင် တောင်ပိုင်းယုဒနိုင်ငံသားများသည် ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံကြရမည်။ လူများသည် ယေဟောဝါကို မနာခံ၊ ဘုရားသခင်နှင့် ငြိမ်သက်မှုမရှိကြသောကြောင့် ထိုစဉ်အချိန်သည် ခေါင်းခဲစရာ ဗရုတ်သုတ်ခကာလဖြစ်သည်။ သူတို့ကို ယေဟောဝါမိန့်တော်မူသည့်အတိုင်း သူတို့၏အပြစ်ရှိသောကျင့်ကြံပြုမူမှုကြောင့် ဘုရားသခင်နှင့် သူတို့ကြားတွင် ကွာဟမှုရှိနေသည်။ (ဟေရှာယ ၄၂:၂၄; ၅၉:၂-၄) သို့သော် အချိန်တန်လျှင် ဗာဗုလုန်တံခါးများ ပွင့်လာစေရမည်ဟု ဟေရှာယမှတစ်ဆင့် ယေဟောဝါ တင်ကူးမိန့်တော်မူခဲ့သည်။ ဘုရားသခင်၏လူမျိုးတော်သည် လွတ်လွတ်လပ်လပ် ပြည်တော်ပြန်ခွင့်ရကာ ယေဟောဝါ၏ဗိမာန်တော်ကို ပြန်တည်ဆောက်ရမည်။ ဇိအုန်ကို ပြန်လည်တည်ထောင်ပြီး စစ်မှန်သောဘုရားသခင်၏ဝတ်ပြုရေးသည် ယေရုရှလင်တွင် ပြန်လည်တည်လိမ့်မည်။—ဟေရှာယ ၄၄:၂၈; ၅၂:၁၊ ၂။
၃။ ဣသရေလနိုင်ငံကို ပြန်လည်တည်မည်ဟူသည့် ကတိတော်သည်လည်း ငြိမ်သက်ခြင်းဆိုင်ရာပရောဖက်ပြုချက် မည်သို့ဖြစ်ခဲ့သနည်း။
၃ လွတ်မြောက်မှုဆိုင်ရာ ဤကတိတော်သည် ငြိမ်သက်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်တစ်ခုလည်းဖြစ်သည်။ ယေဟောဝါက ဣသရေလလူမျိုးတို့ကို ပေးသနားထားတော်မူသော ပြည်တော်ကို ပြန်လည်တည်ထောင်ခြင်းသည် ဘုရားသခင့်ကရုဏာတော်၏သာဓကနှင့် သူတို့နောင်တယူခြင်း၏လက္ခဏာဖြစ်မည်။ ယင်းက ဘုရားသခင်နှင့်သူတို့ ငြိမ်သက်မှု ပြန်ရခြင်းကိုတင်ပြမည်။—ဟေရှာယ ၁၄:၁; ၄၈:၁၇၊ ၁၈။
“သင်၏ဘုရားသခင် စိုးစံတော်မူ၏”
၄။ (က) ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ‘ယေဟောဝါစိုးစံတော်မူပြီ’ ဟုအဘယ်သဘောဖြင့် ဆိုနိုင်ပါသနည်း။ (ခ) နောက်ပိုင်းနှစ်များတွင် ယေဟောဝါရှင်သည် မိမိလူမျိုးတော်အကျိုးအတွက် အရေးကိစ္စများကို မည်သို့စနစ်တကျပါဝင်လုပ်ဆောင်တော်မူခဲ့သနည်း။
၄ ဘီ.စီ.အီး. ၅၃၇ ၌ ဤလွတ်မြောက်မှုကို ယေဟောဝါ ဆောင်ရွက်တော်မူချိန်တွင် ဇိအုန်အား ဤသို့လျောက်ပတ်စွာ ကြေညာနိုင်သည်– “သင်၏ဘုရားသခင် စိုးစံတော်မူ၏!” မှန်ပေသည်၊ ယေဟောဝါသည် “ထာဝရဘုရင်” ဖြစ်တော်မူသည်။ (ဗျာဒိတ် ၁၅:၃) သို့သော် ကိုယ်တော့်လူမျိုးတော်၏ ဤလွတ်မြောက်မှုက ကိုယ်တော့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အသစ်တစ်ဖန်ထင်ရှားပြခြင်းဖြစ်သည်။ ကိုယ်တော်၏တန်ခိုးအာဏာတော်သည် ထိုအချိန်အထိ တန်ခိုးအကြီးမားဆုံးသော လူ့အင်ပါယာထက် ကြီးမြတ်တော်မူကြောင်းယင်းက ထူးခြားထင်ရှားစွာပြသည်။ (ယေရမိ ၅၁:၅၆၊ ၅၇) ယေဟောဝါ၏ဝိညာဉ်တော် လုပ်ဆောင်ချက်ကြောင့် ကိုယ်တော့်လူမျိုးကိုတိုက်ဖျက်သည့် အခြားပူးပေါင်းကြံစည်မှုများ ပျက်ပြားခဲ့ရသည်။ (ဧသတာ ၉:၂၄၊ ၂၅) ယေဟောဝါကိုယ်တော်တိုင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာအလိုတော်နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် မေဒိပေရသိရှင်ဘုရင်များကို နည်းအမျိုးမျိုးဖြင့် ထပ်ခါတလဲ ကိုယ်တော် ကြားဝင်လုပ်ဆောင်ပေးတော်မူခဲ့သည်။ (ဇာခရိ ၄:၆) ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် အံ့သြဖွယ်အဖြစ်အပျက်များကို ဧဇရ၊ နေဟမိ၊ ဧသတာ၊ ဟဂ္ဂဲနှင့် ဇာခရိကျမ်းတို့တွင် ကျွန်ုပ်တို့အတွက် မှတ်တမ်းတင်ထားသည်။ ယင်းတို့ကို ပြန်လည်သုံးသပ်ခြင်းသည် ယုံကြည်မှုအလွန်သန်စွမ်းလာစေသည်တကား!
၅။ ဟေရှာယ ၅၂:၁၃–၅၃:၁၂ တွင် အဘယ်အရေးပါသောအဖြစ်အပျက်များကို ထောက်ပြသနည်း။
၅ သို့တိုင် ဘီ.စီ.အီး. ၅၃၇ နှင့် ယင်းနောက်ပိုင်းဖြစ်ပျက်ခဲ့သောအမှုတို့သည် အစကနဦးသာဖြစ်သည်။ ဟေရှာယသည် အခန်းကြီး ၅၂ ပါပြန်လည်တည်ထောင်ရေး ပရောဖက်ပြုချက်ကို တင်ပြပြီးသည်နှင့် မေရှိယ ကြွရောက်လာခြင်းအကြောင်း ရေးသားခဲ့သည်။ (ဟေရှာယ ၅၂:၁၃–၅၃:၁၂) ဘီ.စီ.အီး. ၅၃၇ တွင်ဖြစ်ပျက်ခဲ့သည်ထက် သာ၍အရေးပါသည့် လွတ်မြောက်မှုနှင့် ငြိမ်သက်ခြင်းသတင်းကို မေရှိယဖြစ်သောယေရှုခရစ်အားဖြင့် ယေဟောဝါ ဖော်ပြတော်မူမည်။
ယေဟောဝါ၏အကြီးမြတ်ဆုံး ငြိမ်သက်ခြင်း၏တမန်
၆။ ယေဟောဝါ၏အကြီးမြတ်ဆုံး ငြိမ်သက်ခြင်းတမန်ကား မည်သူနည်း၊ မည်သည့်တာဝန်သည် မိမိနှင့်သက်ဆိုင်ကြောင်း တင်ပြခဲ့နည်း။
၆ ယေရှုခရစ်သည် ယေဟောဝါ၏ အကြီးမြတ်ဆုံး ငြိမ်သက်ခြင်း၏တမန်ဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်၏နှုတ်ကပါဌ်တော်၊ ယေဟောဝါ ကိုယ်တော်တိုင်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ (ယောဟန် ၁:၁၄) ယင်းနှင့်အညီ ယော်ဒန်မြစ်တွင် နှစ်ခြင်းခံပြီးနောက်ပိုင်း အချိန်တစ်ချိန်တွင် ယေရှုသည် နာဇရက်မြို့ရှိ တရားဇရပ်တွင်ရပ်ပြီး ဟေရှာယအခန်းကြီး ၆၁ မှ မိမိ၏တာဝန်ကို အသံကျယ်ဖြင့် ဖတ်ရွတ်ပြလေသည်။ ကိုယ်တော်စေလွှတ်ခံရ၍ ဟောပြောရသည့်အရာမှာ “လွှတ်ခြင်းအကြောင်း” နှင့် “မြင်ပြန်ခြင်းအကြောင်း” အပြင် ယေဟောဝါ၏မျက်နှာသာတွေ့ခွင့်ရခြင်းနှင့်ပတ်သက်သည်ကို ယင်းတာဝန်က ရှင်းလင်းစွာဖော်ပြသည်။ သို့တိုင် ယေရှုသည် ငြိမ်သက်ခြင်းသတင်းကြွေးကြော်ခြင်းထက်မက ပြုတော်မူခဲ့သည်။ တည်မြဲသောငြိမ်သက်ခြင်း၏ အခြေအမြစ်ကိုပေးရန် ဘုရားသခင်က ကိုယ်တော်ကို စေလွှတ်တော်မူခြင်းလည်းဖြစ်သည်။—လုကာ ၄:၁၆-၂၁။
၇။ ယေရှုခရစ်ထံမှတစ်ဆင့် ရယူနိုင်သည့် ဘုရားသခင်နှင့်ငြိမ်သက်မှုရခြင်းမှ အဘယ်အကျိုးများရရှိသနည်း။
၇ ယေရှု မွေးဖွားချိန်တွင် ဗက်လင်မြို့အနီး၌ သိုးထိန်းများရှေ့တွင် ကောင်းကင်တမန်များ ပေါ်လာပြီး ဘုရားသခင်ကိုချီးမွမ်းလျက် ဤသို့ဆိုကြ၏– “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း နှစ်သက်တော်မူသောသူတို့တွင် ငြိမ်သက်ခြင်းရှိစေသတည်း။” (လုကာ ၂:၈၊ ၁၃၊ ၁၄၊ သမ္မာ) မှန်ပါသည်၊ ကိုယ်တော်၏နှစ်သက်မှုခံစားရသူများသည် သားတော်အားဖြင့် ဘုရားသခင် စီစဉ်တော်မူသောပြင်ဆင်ချက်ကို ယုံကြည်ကြောင်းတင်ပြကြသဖြင့် ငြိမ်သက်ခြင်းရှိမည်ဖြစ်သည်။ ယင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။ လူတို့သည် အပြစ်ပါလျက်မွေးဖွားလာကြသော်လည်း ဘုရားသခင့်ရှေ့တော်မှောက်တွင် သန့်ရှင်းသောအနေအထား၊ ကိုယ်တော်၏မျက်နှာသာခံစားရသော ဆက်ဆံရေးရှိနိုင်သည်ဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ (ရောမ ၅:၁) အခြားအဘယ်နည်းနှင့်မျှမရနိုင်သော အတွင်းပိုင်းအေးဆေးတည်ငြိမ်မှု၊ ငြိမ်သက်မှုတို့ကို သူတို့ခံစားနိုင်သည်။ ဘုရားသခင်သတ်မှတ်ထားချိန်တွင် အာဒံမှအမွေရသော ဖျားနာခြင်းနှင့်သေခြင်းအပါအဝင် အပြစ်တရား၏ထိုးနှက်မှုမှန်သမျှမှလွတ်မြောက်သွားမည်တည်း။ လူတို့သည် မျက်မမြင်ဘဝ၊ နားပင်းဘဝ၊ မစွမ်းမသန်ဘဝရောက်တော့မည်မဟုတ်။ စိတ်ဓာတ်ကျစရာကောင်းသော အားအင်ဆုတ်ယုတ်မှုနှင့် နှလုံးကြေကွဲဖွယ်ကောင်းသော စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုတို့ကို ထာဝစဉ်ဖယ်ရှားလိုက်မည်။ စုံလင်မှုဖြင့် ထာဝစဉ်အသက်ရှင်နိုင်မည်။—ဟေရှာယ ၃၃:၂၄; မဿဲ ၉:၃၅; ယောဟန် ၃:၁၆။
၈။ ဘုရားရေးရာငြိမ်သက်ခြင်းကို မည်သူတို့အား ကမ်းလှမ်းသနည်း။
၈ ဘုရားရေးရာငြိမ်သက်ခြင်းကို မည်သူတို့အား ကမ်းလှမ်းသနည်း။ ယေရှုခရစ်တော်ကို ယုံကြည်ကြောင်း လက်တွေ့ပြကြသူအားလုံးကို ကမ်းလှမ်းပါသည်။ တမန်တော်ပေါလုက “လက်ဝါးကပ်တိုင်မှာသွန်းသော အသွေးတော်အားဖြင့် ရန်ကိုငြိမ်း [“ပြန်လည်သင့်မြတ်၊” ကဘ] စေ၍ . . . ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာ အလိုရှိတော်မူ၏” ဟုရေးသားခဲ့သည်။ ဤပြန်လည်သင့်မြတ်မှုသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ ပူးတွဲနန်းမွေခံများဖြစ်မည့်သူများဖြစ်သော ‘ကောင်းကင်ပေါ်ရှိအရာများ’ နှင့်ပတ်သက်မည်ဖြစ်ကြောင်း တမန်တော်ထပ်ပြောခဲ့သည်။ ယင်းတွင် ပရဒိသုအခြေအနေအပြည့်အဝအကောင်အထည်ဖော်လိုက်သောအခါ ဤကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ခွင့် ခံစားရကြမည့်သူများဖြစ်သော ‘မြေကြီးပေါ်ရှိအရာများ’ နှင့်လည်းပတ်သက်သည်။ (ကောလောသဲ ၁:၁၉၊ ၂၀) ယေရှု ယဇ်သကာ၏တန်ဖိုးမှ သူတို့ကိုယ်တိုင် အကျိုးကျေးဇူးရယူခံစားကြသောကြောင့်လည်းကောင်း၊ ဘုရားသခင်ကို နှလုံးထဲမှ နာခံမှုတင်ပြသောကြောင့်လည်းကောင်း၊ ဤသူအပေါင်းတို့သည် ဘုရားသခင်နှင့် ရင်းနှီးသောမိတ်သဟာယကို မွေ့လျော်နိုင်ကြသည်။—ယာကုပ် ၂:၂၂၊ ၂၃ နှိုင်းယှဉ်။
၉။ (က) ဘုရားသခင်နှင့်ငြိမ်သက်မှုရခြင်းသည် အခြားဆက်ဆံရေးများအပေါ် မည်သည့်သြဇာလွှမ်းသနည်း။ (ခ) နေရာတိုင်းတွင် မြဲမြံသောငြိမ်သက်မှုရစေဖို့ရည်ရွယ်ချက်ဖြင့် ယေဟောဝါသည် မိမိသားတော်ကို မည်သည့်အခွင့်အာဏာချီးမြှင့်ခဲ့သနည်း။
၉ ဘုရားသခင်နှင့် ဤသို့ငြိမ်သက်မှုရှိခြင်းသည် အလွန်အရေးကြီးသည်တကား! ဘုရားသခင်နှင့် ငြိမ်သက်မှုမရလျှင် အခြားသော မည်သည့်ဆက်ဆံရေး၌မဆို မြဲမြံပြီး အဓိပ္ပာယ်ရှိသောငြိမ်သက်မှု ရှိနိုင်မည်မဟုတ်။ ယေဟောဝါနှင့် ငြိမ်သက်မှုရခြင်းသည် ကမ္ဘာပေါ် စစ်မှန်သောငြိမ်သက်မှု၏ အုတ်မြစ်ပင်ဖြစ်သည်။ (ဟေရှာယ ၅၇:၁၉-၂၁) ယေရှုခရစ်သည် ငြိမ်သက်ခြင်းမင်းသားဖြစ်သည်မှာ လျောက်ပတ်လှသည်။ (ဟေရှာယ ၉:၆) သူမှတစ်ဆင့် လူသားများ ဘုရားသခင်နှင့်ရန်ငြိမ်းမှုရယူနိုင်သော ထိုပုဂ္ဂိုလ်အားအုပ်စိုးခွင့်အာဏာကိုလည်း ယေဟောဝါရှင် အပ်နှင်းထားတော်မူသည်။ (ဒံယေလ ၇:၁၃၊ ၁၄) လူသားတို့အပေါ် ယေရှု၏ထည်ဝါခံ့ညားသောအုပ်စိုးမှု အကျိုးကျေးဇူးနှင့်ပတ်သက်၍ ယေဟောဝါ ဤသို့ကတိပြုထားသည်– “ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။”—ဟေရှာယ ၉:၇; ဆာလံ ၇၂:၇။
၁၀။ ဘုရားသခင်၏ငြိမ်သက်ခြင်းသတင်းကို ထုတ်ပြန်ကြေညာရာတွင် ယေရှုသည် မည်သို့စံနမူနာပြခဲ့သနည်း။
၁၀ ဘုရားသခင်၏ငြိမ်သက်ခြင်းသတင်းကို လူသားအပေါင်း လိုအပ်နေသည်။ ယေရှုကိုယ်တော်တိုင် ယင်းအကြောင်းကို ဇွဲရှိရှိဟောပြောခြင်းဖြင့် စံနမူနာကို ပြတော်မူခဲ့သည်။ ယေရုရှလင်ဗိမာန်တော်နယ်မြေတွင်၊ တောင်စောင်းတွင်၊ လမ်းတစ်လျှောက်တွင် ရေတွင်းနားမှ ရှမာရိအမျိုးသမီးနှင့် လူနေအိမ်ခြေများတွင် ယင်းသို့ပြုခဲ့သည်။ လူသူရှိသည့်နေရာတိုင်းတွင် ငြိမ်သက်ခြင်းနှင့် ဘုရားသခင်၏နိုင်ငံတော်အကြောင်း ဟောပြောရန် ယေရှုသည် အခွင့်အရေးများ ရှာယူတော်မူခဲ့သည်။—မဿဲ ၄:၁၈၊ ၁၉; ၅:၁၊ ၂; ၉:၉; ၂၆:၅၅; မာကု ၆:၃၄; လုကာ ၁၉:၁-၁၀; ယောဟန် ၄:၅-၂၆။
ခရစ်တော်၏ခြေ . . . ရာနင်းဖို့ လေ့ကျင့်ခံရ
၁၁။ ယေရှုသည် မိမိ၏တပည့်တော်များကို မည်သည့်လုပ်ငန်းအတွက် လေ့ကျင့်ပေးခဲ့သနည်း။
၁၁ ယေရှုက မိမိ၏တပည့်တော်များ ဘုရားသခင့်ငြိမ်သက်ခြင်းသတင်းတရားကို ဟောပြောကြရန် သွန်သင်ပေးခဲ့သည်။ ယေရှုသည် ယေဟောဝါ၏ “သစ္စာရှိ၍ ဟုတ်မှန်သောသက်သေ” ဖြစ်သည့်နည်းတူ မိမိတို့လည်း သက်သေခံရန် တာဝန်ရှိကြောင်း သူတို့အသိအမှတ်ပြုကြသည်။ (ဗျာဒိတ် ၃:၁၄; ဟေရှာယ ၄၃:၁၀-၁၂) သူတို့သည် မိမိတို့၏ခေါင်းဆောင်အဖြစ် ခရစ်တော်ကို မျှော်ကိုးကြသည်။
၁၂။ ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို ပေါလုမည်သို့ပြသခဲ့သနည်း။
၁၂ ဤလုပ်ငန်း၏ အရေးကြီးမှုကို တမန်တော်ပေါလု ဆင်ခြင်သုံးသပ်ကာ ဤသို့ဆိုသည်– “ကျမ်းစာတော်က ‘မည်သူမဆို ကိုယ်တော်ကို ယုံကြည်လျှင် စိတ်ပျက်စရာအကြောင်းရှိလိမ့်မည်မဟုတ်’ ဟုဆိုသည်။” ဆိုလိုသည်ကား ကယ်တင်ခြင်းဆိုင်ရာ ယေဟောဝါ၏ကိုယ်စားလှယ်ချုပ်အဖြစ် ယေရှုခရစ်ကို ယုံကြည်ကြောင်းတင်ပြသူ မည်သူမဆို စိတ်ပျက်ရမည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်၏ လူမျိုးစုနောက်ခံကြောင့် အပယ်ခံဖြစ်သွားမည်မဟုတ်။ “လူသတ္တဝါအပေါင်းတို့၏အရှင်သခင်ဖြစ်တော်မူ၍ ကိုယ်တော်အား ဆုတောင်းပတ္ထနာပြုသမျှသောသူတို့အား ကြွယ်ဝစွာကောင်းချီးမင်္ဂလာပေးတော်မူ၏။ သို့ဖြစ်၍ ယုဒအမျိုးသား၊ အခြားအမျိုးသားဟူ၍ ခွဲခြားမှုမရှိတော့ပေ။ ကျမ်းစာတော်က ‘ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုသူ ဟူသမျှတို့သည် ကယ်တင်ခြင်းကို ခံကြရလိမ့်မည်။’” (ရောမ ၁၀:၁၁-၁၃၊ သတင်းကောင်း) သို့သော် ထိုအခွင့်အရေးကို လူတို့ မည်သို့သိရှိလာကြမည်နည်း။
၁၃။ လူများ သတင်းကောင်းကြားရဖို့အတွက် မည်သည့်အရာလိုအပ်သနည်း၊ ပထမရာစုခရစ်ယာန်များသည် ဤလိုအပ်ချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၃ ခရစ်ယာန်တစ်ဦးစီ စဉ်းစားသင့်သည့် ဤမေးခွန်းများကို မေးမြန်းခြင်းအားဖြင့် ထိုလိုအပ်ချက်ကို ပေါလုဖြေရှင်းခဲ့သည်။ တမန်တော်၏အမေးကား– “သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြောနိုင်မည်နည်း။” (ရောမ ၁၀:၁၄၊ ၁၅) အစောပိုင်း ခရစ်ယာန်ဘာသာတရား၏မှတ်တမ်းသည် အမျိုးသား၊ အမျိုးသမီး၊ လူကြီးလူငယ်များက ခရစ်တော်နှင့် ကိုယ်တော့်တမန်တော်များ ချမှတ်ခဲ့သော စံနမူနာကို လိုက်ခဲ့ကြောင်း ထင်ရှားသောအထောက်အထားဖြစ်သည်။ သူတို့သည် သတင်းကောင်းကိုဇွဲရှိစွာ ကြွေးကြော်သူများဖြစ်လာကြသည်။ ယေရှုကို တုပကာ လူများကို တွေ့နိုင်သည့်နေရာတိုင်းတွင် သူတို့ဟောပြောခဲ့ကြသည်။ မည်သူကိုမျှ မလွတ်စေလိုကြ၍ လူစုဝေးရာနေရာများနှင့် တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကို ဆောင်ရွက်ခဲ့ကြသည်။—တမန်တော် ၁၇:၁၇; ၂၀:၂၀။
၁၄။ သတင်းကောင်းကြေညာသူများ၏ “ခြေတို့” သည် “တင့်တယ်” ကြောင်း မည်သို့ထင်ရှားခဲ့သနည်း။
၁၄ လူတိုင်းက ခရစ်ယာန်ဟောပြောသူများကို လိုလိုလားလား လက်ခံကြခြင်းမဟုတ်သည်မှာမှန်ပါသည်။ သို့တိုင် ဟေရှာယ ၅၂:၇ မှ ပေါလု၏ကိုးကားချက် မှန်ကန်ကြောင်းထင်ရှားပါသည်။ “လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြောနိုင်မည်နည်း” ဟူသည့်မေးခွန်းကို မေးပြီးနောက် သူဤသို့ထပ်ပြောခဲ့သည်– “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန်တင့်တယ်စွတကား!” ကျွန်ုပ်တို့အများစုက မိမိခြေတို့ကို အလွန်တင့်တယ်လှသည်ဟု ယူမှတ်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ယင်းကား ဘာကိုဆိုလိုသနည်း။ အခြားသူများကို သွားရောက်ဟောပြောသောအခါ လူတစ်ဦးကို ပုံမှန်ရွေ့လျားသွားစေသည့် ခြေတို့ကို ဆိုလိုသည်။ အမှန်မှာ ယင်းခြေတို့သည် လူကို ကိုယ်စားပြုသည်။ တမန်တော်များနှင့် ယေရှုခရစ်၏ ပထမရာစု အခြားတပည့်တော်များထံမှ သတင်းကောင်းကြားနာသူ များစွာအတွက် ဤအစောပိုင်း ခရစ်ယာန်များသည် အလွန်တင့်တယ်သူများဖြစ်ကြကြောင်း ကျွန်ုပ်တို့တပ်အပ်သိနိုင်သည်။ (တမန်တော် ၁၆:၁၃-၁၅) ထိုထက်မက သူတို့သည် ဘုရားသခင်၏မျက်မှောက်တော်တွင် လူ့အဖိုးတန်များဖြစ်ကြ၏။
၁၅၊ ၁၆။ (က) အစောပိုင်းခရစ်ယာန်တို့သည် ငြိမ်သက်ခြင်း၏တမန်များ အမှန်ဖြစ်ကြောင်း မည်သို့ပြသခဲ့ကြသနည်း။ (ခ) ကျွန်ုပ်တို့၏ဓမ္မအမှုကို ပထမရာစုမှခရစ်ယာန်များလုပ်ခဲ့သည့်နည်းအတိုင်း သယ်ပိုးထမ်းဆောင်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ထောက်ကူနိုင်သနည်း။
၁၅ ယေရှု၏နောက်တော်လိုက်များတွင် ငြိမ်သက်ခြင်းသတင်းတရားရှိပြီး ယင်းကို ငြိမ်သက်အေးဆေးစွာ သူတို့တင်ပြပြောဆိုကြသည်။ ယေရှုက မိမိ၏တပည့်တော်များကို ဤညွှန်ကြားချက်များပေးခဲ့သည်– “မည်သည့်အိမ်သို့ဝင်သောအခါ ‘ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေသော’ ဟုရှေ့ ဦးစွာ ပြောကြလော့။ ထိုအိမ်၌ ငြိမ်သက်ခြင်း၏သားရှိလျှင် သင်တို့မြွက်သောငြိမ်သက်ခြင်းသည် တည်လိမ့်မည်။ သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။” (လုကာ ၁၀:၅၊ ၆၊ သမ္မာ) ရှာလောမ် သို့မဟုတ် “ငြိမ်သက်ခြင်း” ဟူသည် ဂျူးထုံးစံအရ နှုတ်ဆက်နည်းတစ်ခုဖြစ်သည်။ သို့သော် ယေရှု၏ သွန်သင်ချက်များတွင် ထိုထက်မက ပါဝင်ပါသည်။ ‘ခရစ်တော်၏သံတမန်များ’ အနေနှင့် ကိုယ်တော်၏ဘိသိက်ခံတပည့်တော်များသည် လူတို့အား “ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့” ဟုတိုက်တွန်းခဲ့ကြသည်။ (၂ ကောရိန္သု ၅:၂၀) ယေရှု၏သွန်သင်ချက်များနှင့်အညီသူတို့သည် လူတို့ကို ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် ယင်းသည် တစ်ဦးစီအတွက် အဘယ်သို့ဖြစ်နိုင်ကြောင်း ပြောပြခဲ့သည်။ နားထောင်သူများ ကောင်းချီးခံစားကြရကာ; သတင်းတရားကို ငြင်းပယ်သူများမူ ဆုံးရှုံးခဲ့ကြသည်။
၁၆ ယေဟောဝါသက်သေတို့သည် ယနေ့အချိန်တွင် အလားတူနည်းဖြင့်ပင် သူတို့၏ဓမ္မအမှုကို သယ်ပိုးထမ်းရွက်ကြသည်။ လူတို့ထံ သူတို့သယ်ဆောင်သွားသော သတင်းကောင်းသည် သူတို့၏သတင်းမဟုတ်; သူတို့ကို စေလွှတ်တော်မူသောအရှင်၏ သတင်းဖြစ်သည်။ သူတို့၏တာဝန်မှာ ယင်းကို တင်ပြပြောဆိုရန်ဖြစ်သည်။ ၎င်းကို လက်ခံသောသူတို့သည် မိမိတို့ကိုယ်ကို အံ့ချီးဖွယ်ကောင်းချီးများ ခံစားထိုက်သူဖြစ်ရန် လုပ်ရာရောက်သည်။ ယင်းကို ငြင်းပယ်ကြမည်ဆိုလျှင် ယေဟောဝါဘုရားသခင်၊ ကိုယ်တော့်သားတော် ယေရှုခရစ်တို့နှင့် ငြိမ်သက်မှုရှိခြင်းကို ငြင်းပယ်နေကြခြင်းဖြစ်သည်။—လုကာ ၁၀:၁၆။
ကသောင်းကနင်းဖြစ်နေသောလောကတွင်ငြိမ်သက်မှုရခြင်း
၁၇။ ဆဲဆိုသူများနှင့်တွေ့ကြုံရသည့်အခါ၌ပင် ကျွန်ုပ်တို့ မည်သို့ပြုမူကျင့်ကြံသင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၇ လူတို့ မည်သို့ပင် တုံ့ပြန်စေကာမူ ယေဟောဝါ၏ကျေးကျွန်များအတွက် စိတ်စွဲမှတ်ထားရမည့် အရေးကြီးသောအရာမှာ မိမိတို့သည် ဘုရားရေးရာ ငြိမ်သက်ခြင်း၏ တမန်များဖြစ်သည်ဟူသောအချက်ပင်တည်း။ လောကီသားများ ဒေါသတကြီး အချင်းများကြကာ အမျက်နှိုးဆွသူတို့ကို နစ်နစ်နာနာ အော်ဟစ်ဆဲဆိုကြပေမည်။ ယခင်က ကျွန်ုပ်တို့ ထိုသို့ပြုခဲ့ကောင်း ပြုခဲ့မည်။ သို့သော် ယခုအခါ ဥပဓိရုပ်သစ်ကို ယူတင်ဝတ်ဆောင်ထားကာ ဤလောက၏အစိတ်အပိုင်းမဟုတ်ကြပါမူ သူတို့၏ လမ်းစဉ်များကို တုပကြတော့မည်မဟုတ်ချေ။ (ဧဖက် ၄:၂၃၊ ၂၄၊ ၃၁; ယာကုပ် ၁:၁၉၊ ၂၀) အခြားသူများ မည်သို့ပင် ကျင့်ကြံပြုမူကြစေကာမူ ကျွန်ုပ်တို့သည် ဤသြဝါဒကို ကျင့်သုံးကြသည်– “လူတိုင်းနှင့် တတ်နိုင်သမျှ ငြိမ်းချမ်းစွာနေထိုင်ကြလော့။”—ရောမ ၁၂:၁၈၊ သတင်းကောင်း။
၁၈။ အစိုးရအရာရှိက ကျွန်ုပ်တို့ကို ခက်ခက်ထန်ထန်ဆက်ဆံလျှင်ပင် မည်သို့တုံ့ပြန်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၈ ကျွန်ုပ်တို့၏ဓမ္မအမှုကြောင့် အစိုးရအရာရှိများရှေ့မှောက် ရံဖန်ရံခါ ရောက်ဖို့အကြောင်းပေါ်တတ်သည်။ သူတို့၏အခွင့်အာဏာကိုသုံးကာ အချို့သောအရာများကို ကျွန်ုပ်တို့အဘယ်ကြောင့်ပြုလုပ်ရကြောင်း၊ အချို့လုပ်ရပ်များတွင် အဘယ်ကြောင့် မပါဝင်ကြောင်း ထုချေရှင်းလင်းရန် ‘ကျွန်ုပ်တို့ထံမှ တောင်းဆို’ ပေမည်။ သူတို့သည် ကျွန်ုပ်တို့ဟောပြောသောသတင်း—ဗာဗုလုန်ဘာသာကို ဖော်ထုတ်ပြီး လက်ရှိအစီအစဉ်ပျက်စီးမည်အကြောင်း—ကိုအဘယ်ကြောင့်ဟောရကြောင်း သိလိုကြပေမည်။ ခရစ်တော်ပြသခဲ့သည့်စံနမူနာကို ကျွန်ုပ်တို့အလေးအနက်ထားခြင်းက နူးညံ့သိမ်မွေ့သောစိတ်ထားနှင့် အလွန်လေးစားမှု တင်ပြဖို့ လှုံ့ဆော်ပေးမည်။ (၁ ပေတရု ၂:၂၃; ၃:၁၅) ဤအရာရှိများကို များသောအားဖြင့် ဓမ္မဆရာများ သို့မဟုတ် သူတို့၏အထက်အရာရှိများက ဖိအားပေးခြင်းဖြစ်နိုင်သည်။ နူးညံ့သိမ်မွေ့သည့်ဖြေရှင်းချက်ကြောင့် ကျွန်ုပ်တို့၏လုပ်ဆောင်ချက်သည် သူတို့ကိုနှင့် ရပ်ကွက်၏ငြိမ်သက်မှုကို အန္တရာယ်မဖြစ်စေကြောင်း သူတို့သဘောပေါက်သွားစေရန် ထောက်ကူနိုင်ဖွယ်ရှိသည်။ ဤကဲ့သို့သောအဖြေမျိုးသည် ယင်းကိစ္စအတွက် တာဝန်ရှိပုဂ္ဂိုလ်တို့တွင် လေးစားသောသဘော၊ ပူးပေါင်းလုပ်ဆောင်လိုစိတ်နှင့် ငြိမ်သက်အေးဆေးသောသဘောတို့ကို ဖြစ်ပေါ်စေသည်။—တိတု ၃:၁၊ ၂။
၁၉။ ယေဟောဝါသက်သေတို့သည် မည်သည့်လှုပ်ရှားမှုများတွင် ဘယ်သောအခါမျှ မပါဝင်သနည်း။
၁၉ ယေဟောဝါသက်သေတို့သည် ကမ္ဘာ့ ပဋိပက္ခဖြစ်မှုတွင်မပါဝင်သောသူများဖြစ်ကြောင်း ကမ္ဘာချီ၍ သိရှိကြသည်။ သူတို့သည် လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေးနှင့်ပတ်သက်သော ကမ္ဘာ့ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြပါ။ (ယောဟန် ၁၇:၁၄) ဘုရားသခင်၏နှုတ်ကပါဌ်တော်က ‘မင်းအာဏာစက်၏အုပ်စိုးခြင်းကို ဝန်ခံရ’ မည်ဟု ကျွန်ုပ်တို့ကို ညွှန်ကြားသောကြောင့် အစိုးရမူဝါဒများကိုဆန့်ကျင်သည့် လူထုအုံကြွမှုများတွင် ပါဝင်ဖို့ကို စိတ်ပင်ကူးမည်မဟုတ်ပါ။ (ရောမ ၁၃:၁) ယေဟောဝါသက်သေတို့သည် အစိုးရကို ဖြုတ်ချဖို့ကြံရွယ်သည့် မည်သည့်လှုပ်ရှားမှုမျိုးတွင်မဆို ဘယ်သောအခါမျှ ပါဝင်ကြမည်မဟုတ်ပါ။ ခရစ်ယာန်ကျေးကျွန်များအတွက် ယေဟောဝါချမှတ်ထားသည့် စံနှုန်းများကြောင့် သွေးထွက်သံယိုမှု သို့မဟုတ် အကြမ်းဖက်မှုတစ်မျိုးမျိုးတွင် ပါဝင်ဖို့ဆိုသည်မှာ မည်သို့မျှမဖြစ်နိုင်ပေ! ခရစ်ယာန်စစ်များသည် ငြိမ်သက်ခြင်းအကြောင်း ပြောဆိုရုံမကပါ; သူတို့ ဟောသည့်အချက်နှင့်အညီ နေထိုင်ကြသည်။
၂၀။ ငြိမ်သက်မှုနှင့်ပတ်သက်လျှင် မဟာဗာဗုလုန်သည် အဘယ်မှတ်တမ်းမျိုး ရေးထိုးလာခဲ့သနည်း။
၂၀ ခရစ်ယာန်စစ်တို့နှင့်ဆန့်ကျင်လျက် ခရစ်ယာန်ဘောင် ဘာသာရေးအဖွဲ့အစည်းများကို ကိုယ်စားပြုသူများမူကား ငြိမ်သက်ခြင်း၏တမန်များမဟုတ်ကြကြောင်း ထင်ရှားခဲ့ပြီ။ အမှန်မှာ မဟာဗာဗုလုန်၏ ဘာသာတရားအားလုံး—ခရစ်ယာန်ဘောင်အသင်းများနှင့် ခရစ်ယာန်မဟုတ်သော ဘာသာအားလုံးအပါအဝင်တို့—သည် တိုင်းနိုင်ငံတို့၏ စစ်မှုများကို မသိကျိုးကျွန်ပြုနေကြသည်၊ အားပေးထောက်ခံကြသည် သို့မဟုတ် အမှန်တကယ် ဦးဆောင်ကြပါသည်။ သူတို့သည် ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များ နှိပ်စက်ညှဉ်းဆဲခံရရန်သာမက သတ်ဖြတ်ခံရရန်ပင် သွေးထိုးပေးခဲ့ကြသည်။ သို့ဖြင့် မဟာဗာဗုလုန်နှင့်ပတ်သက်၍ ဗျာဒိတ် ၁၈:၂၄ က ဤသို့ဆိုသည်– “ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့၏။”
၂၁။ စိတ်နှလုံးရိုးဖြောင့်သူများသည် ယေဟောဝါ၏လူမျိုးတော်၏အကျင့်အကြံနှင့် ဗာဗုလုန်ဘာသာတရားလိုက်စားကြသောသူများ၏ အကျင့်အကြံတို့ လားလားမှမတူသည်ကို သတိပြုလာသောအခါ မည်သို့တုံ့ပြန်ကြသနည်း။
၂၁ ခရစ်ယာန်ဘောင်နှင့် မဟာဗာဗုလုန်မှကျန်ဘာသာတရားတို့နှင့်မတူဘဲ စစ်မှန်သောဘာသာတရားမူ အပြုသဘောရှိသည့် ပေါင်းစည်းညီညွတ်သောအဖွဲ့ ဖြစ်ပါသည်။ ကိုယ်တော်၏ စစ်မှန်သော တပည့်နောက်လိုက်များအား ယေရှုခရစ် ဤသို့မိန့်တော်မူသည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယင်းသည် ယခုအချိန်တွင် ကျန်လူသားတစ်ရပ်လုံးကို ပိုင်းခြားထားသည့် လူမျိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ လူမျိုးစု နယ်နိမိတ်များကို ကျော်လွှားသွားနိုင်သည့် မေတ္တာပင်တည်း။ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် ယင်းကို သတိပြုမိကြကာ ယေဟောဝါ၏ဘိသိက်ခံကျေးကျွန်များကို ဤသို့ပြောနေကြသည်– “ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍ သင်တို့နှင့်အတူ လိုက်ပါမည်။”—ဇာခရိ ၈:၂၃။
၂၂။ လက်စမသတ်သေးသည့် သက်သေခံလုပ်ငန်းကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။
၂၂ ယေဟောဝါ၏လူမျိုးတော်အနေနှင့် ကျွန်ုပ်တို့သည် ဖြစ်မြောက်အောင်မြင်ခဲ့သမျှအတွက် အကြီးအကျယ်ဝမ်းမြောက်ကြသော်လည်း လုပ်ငန်း မပြီးစီးသေးပါ။ လယ်သမားတစ်ဦးသည် မိမိ၏လယ်တွင် ထွန်ယက်မျိုးကြဲပြီးနောက် အလုပ်နားလိမ့်မည်မဟုတ်ပေ။ သူသည် အထူးသဖြင့် ရိတ်သိမ်းရတော့မည့်အချိန်တွင် ဆက်၍လုပ်ငန်းခွင်ဝင်နေသည်။ ရိတ်သိမ်းချိန်တွင် အင်တိုက်အားတိုက်ကြိုးစားဖို့လိုသည်။ ယခုအချိန်တွင်ပင် စစ်မှန်သောဘုရားမှန်၏ဝတ်ပြုသူများအား ယခင်ကထက်ပင် သာ၍ကြီးကျယ်သောရိတ်သိမ်းမှုကြီးရှိနေသည်။ ပျော်ရွှင်ဝမ်းမြောက်စရာအခါသမယဖြစ်တော့သည်။ (ဟေရှာယ ၉:၃) အတိုက်အခံနှင့် လျစ်လျူရှုမှုခံရမည်အမှန်။ ကျွန်ုပ်တို့တစ်ဦးစီသည် အကြီးအကျယ်ဖျားနာခြင်း၊ ခက်ခဲသော အိမ်ထောင်ရေးအခြေအနေများ၊ စီးပွားရေးအခက်အခဲများကို ကြိုးစားရုန်းကန်နေရပေမည်။ သို့သော် ယေဟောဝါကိုချစ်သည်မေတ္တာက ကြံ့ကြံ့ခံနေရန် ကျွန်ုပ်တို့ကို တွန်းအားပေးသည်။ ကျွန်ုပ်တို့ထံတွင် ဘုရားသခင်အပ်နှံထားသော သတင်းတရားသည် လူများကြားရဖို့လိုသည့်အရာတစ်ခုဖြစ်သည်။ ငြိမ်သက်ခြင်းသတင်းတရားဖြစ်သည်။ မှန်ပါသည်၊ ယေရှုကိုယ်တော်တိုင်ဟောပြောခဲ့သည့်သတင်းတရား—ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းဖြစ်သည်။
သင့်အဖြေကားအဘယ်နည်း
◻ ဟေရှာယ ၅၂:၇ သည် ရှေးဣသရေလနိုင်ငံအပေါ် မည်သို့ပြည့်စုံသနည်း။
◻ ယေရှုသည် အကြီးမြတ်ဆုံး ငြိမ်သက်ခြင်းတမန်ဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။
◻ တမန်တော်ပေါလုက ဟေရှာယ ၅၂:၇ ကို ခရစ်ယာန်များပါဝင်ရသည့်လုပ်ငန်းနှင့် မည်သို့ဆက်စပ်ပေးခဲ့သနည်း။
◻ ကျွန်ုပ်တို့အချိန်၌ ငြိမ်သက်ခြင်း၏တမန်များဖြစ်ခြင်းတွင် မည်သည့်အရာပါဝင်ပတ်သက်သနည်း။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေတို့သည် ယေရှုကဲ့သို့ဘုရားရေးရာငြိမ်သက်ခြင်းတမန်များဖြစ်ကြသည်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
လူအများသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို မည်သို့ပင်တုံ့ပြန်ပါစေ ယေဟောဝါသက်သေများသည် ငြိမ်းချမ်းစွာနေသူများဖြစ်ကြသည်