ဘုရားသခင်ထံ ကျွန်ုပ်တို့မည်သို့ ဆုတောင်းသင့်သနည်း
ဆုတောင်းခြင်းနှင့်စပ်လျဉ်းသော ညွှန်ကြားချက်ကို တပည့်တော်တစ်ဦးတောင်းဆိုခဲ့စဉ်က သူ့ကို ညွှန်ကြားချက်ပေးရန် ယေရှုမငြင်းဆန်ခဲ့ပေ။ လုကာ ၁၁:၂-၄ (သမ္မာ) အရ “သင်တို့သည် ဆုတောင်းသောအခါ မြွက်ဆိုရမည်မှာ အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ။ အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့သည် လွှတ်သောကြောင့် အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ လိုက်ပါစေတော်မမူပါနှင့်” ဟု ကိုယ်တော်ဖြေကြားခဲ့သည်။ ၎င်းကို သခင်အရှင်၏ပတ္ထနာအဖြစ် အများအားဖြင့်သိကြ၏။ ယင်း၌ အကြောင်းအချက်ပေါင်းမြောက်မြားစွာပါဝင်လေသည်။
တစ်ခုအနေနှင့် ပထမဦးဆုံးသောစကားရပ်က မည်သူ့ထံသို့ ကျွန်ုပ်တို့ဆုတောင်းရမည်ကို ပြောပြသည်။ ကျွန်ုပ်တို့၏ခမည်းတော်ထံသို့ဖြစ်၏။ အခြားသော ပုဂ္ဂိုလ်၊ အရုပ်၊ “သူတော်စင်၊” သို့မဟုတ် မိမိထံသို့ပင် ဆုတောင်းရန် ယေရှုခွင့်မပြုခဲ့ကြောင်း သတိပြုပါ။ အမှန်သော် ဘုရားသခင်က “ငါ့ဘုန်းကို အခြားသောသူအားလည်းကောင်း၊ ငါ့အသရေကို . . . တို့အားလည်းကောင်း ငါမပေး” ဟု ကြွေးကြော်ထား၏။ (ဟေရှာယ ၄၂:၈) ထို့ကြောင့် ဝတ်ပြုကိုးကွယ်သူက မည်မျှပင် စိတ်သဘောရိုးဖြင့်ဖြစ်ပါစေ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံမဟုတ်ဘဲ အခြားတစ်ပါးသောအရာဝတ္ထု သို့မဟုတ် ပုဂ္ဂိုလ်ထံသို့ ဆုတောင်းခြင်းများကို ကိုယ်တော်နားညောင်းလိမ့်မည်မဟုတ်ပေ။ သမ္မာကျမ်းစာထဲ၌ “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား” ဟူ၍ ယေဟောဝါဘုရားသခင်တစ်ပါးတည်းကိုသာ ခေါ်ဆိုထား၏။—ဆာလံ ၆၅:၂။
အချို့တို့က “သူတော်စင်များ” သည် ဘုရားသခင်နှင့်စပ်လျဉ်း၍ ကြားဝင်ဖျန်ဖြေပေးသူများအဖြစ်သာ လုပ်ဆောင်ကြပါသည်ဟု ဆိုကြပေမည်။ သို့သော် “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း” ဟု ယေရှုကိုယ်တော်တိုင် ညွှန်ကြားထားသည်။ (ယောဟန် ၁၄:၆၊ ၁၃) သို့ဖြင့် သူတော်စင်ဟု ခေါ်သောသူတစ်ဦးဦးက ကြားဝင်ဖျန်ဖြေပေးသူ၏အခန်းကဏ္ဍ၌ ပါဝင်လုပ်ဆောင်နိုင်သည်ဟူသည့် ယူဆချက်ကို ယေရှုပယ်ထားခဲ့သည်။ “အသေခံ၍ ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏လက်ယာတော်ဘက်၌နေလျက် ငါတို့အဖို့ ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။” “ကိုယ်တော်အားဖြင့် ဘုရားသခင့်ထံချဉ်းကပ်သူတို့အတွက် အသနားတော်ခံရန် အစဉ်ရှင်နေသည့်အလျောက် ထိုသူတို့ကို အဆုံးတိုင်ကယ်တင်တော်မူနိုင်၏” ဟု ခရစ်တော်နှင့်ပတ်သက်၍ တမန်တော်ပေါလုပြောဆိုခဲ့ရာများကိုလည်း သတိပြုပါ။—ရောမ ၈:၃၄; ဟေဗြဲ ၇:၂၅၊ သမ။
ရိုသေလေးမြတ်မှုရှိရမည့် နာမတော်
ယေရှု၏ဆုတောင်းချက်ပါ နောက်စကားရပ်တစ်ခုမှာ “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟူ၍ဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏နာမတော်ကို မသိ၊ အသုံးပြုခြင်း မရှိပါဘဲနှင့် ၎င်းကို မည်သို့ရိုသေလေးမြတ်ခြင်းရှိနိုင်မည်နည်း၊ ဆိုလိုသည်မှာ ၎င်းကို မည်သို့သန့်ရှင်းမြင့်မြတ်စေနိုင်မည် သို့မဟုတ် သီးသန့်ထားနိုင်မည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟူသည့် ကိုယ်ပိုင်နာမတော်အားဖြင့် “ဓမ္မဟောင်းကျမ်း” ၌ အကြိမ်ပေါင်း ၆,၀၀၀ ကျော် ဖော်ပြထားသည်။
ဘုရားသခင်၏နာမတော်နှင့်စပ်လျဉ်း၍ “အချို့သော ခေတ်သစ်ကျမ်းများက ယေဟောဝါ ဟူသည့် နာမတော်ကို တီထွင်ကြ၏။ . . . အကြောင်းမှာ ဟေဗြဲကျမ်းတွင်ပါသော [ဘုရားသခင့်] နာမတော်၏ အသံထွက်အမှန်သည် အသုံးမပြုသည်မှာ ကြာပြီဖြစ်၍ ယခုအချိန်၌ တိမ်မြုပ်သွားပြီဖြစ်သောကြောင့် ဖြစ်သည်” ဟု ကက်သလစ် ဒူးဝေးဘာသာပြန်ကျမ်း ၌ ထွက်မြောက်ရာ ၆:၃ ၏ အောက်ခြေမှတ်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ကက်သလစ် ဂျေရုဆလင်ကျမ်းသစ် က ယာဝေးဟူသည့် အမည်နာမကို အသုံးပြုသည်။ ထိုအသံထွက်ကို အချို့သော ကျမ်းပညာရှင်များက နှစ်သက်ကြသော်လည်း “ယေဟောဝါ” ဟူသည် အင်္ဂလိပ်ဘာသာစကား၌ တရားဝင်ဖြစ်ပြီး ကြာမြင့်စွာတည်မြဲလာခဲ့သော ဘုရားသခင့်နာမတော်၏အသံထွက်နည်းဖြစ်သည်။ ဘုရားသခင်၏နာမတော်အသံထွက်နှင့်ပတ်သက်၍ အခြားဘာသာစကားများ၌လည်း ကိုယ်ပိုင်အသံထွက်နည်းများ ရှိကြသည်။ အဓိကအားဖြင့် နာမတော်ကို ရိုသေလေးမြတ်မှုရှိစေရန်မှာ ၎င်းကို အသုံးပြုကြဖို့ဖြစ်သည်။ အသင့်ချာ့ချ်က ဆုတောင်းရာတွင် ယေဟောဝါဟူသည့် နာမတော်ကိုအသုံးပြုရန် သင်ကြားပေးပါသလော။
ဆုတောင်းရန်အတွက် သင့်တော်လျောက်ပတ်သော အကြောင်းအရာများ
ထို့နောက် “နိုင်ငံတော်တည်ထောင်ပါစေသော” ဟု ဆုတောင်းကြရန် မိမိ၏တပည့်တော်များကို ယေရှုသင်ကြားပေးခဲ့၏။ မဿဲခရစ်ဝင်ကျမ်းက “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူသည့် စကားရပ်များကို ထပ်ဖြည့်စွက်ထားသည်။ (မဿဲ ၆:၁၀) ဘုရားသခင်၏နိုင်ငံတော်သည် ယေရှုခရစ်၏သြဇာလက်အောက်ဝယ်ရှိ အစိုးရတစ်ခုဖြစ်သည်။ (ဟေရှာယ ၉:၆၊ ၇) သမ္မာကျမ်းစာပရောဖက်ပြုချက်အရ မကြာမီအချိန်၌ ၎င်းသည် လူ့အစိုးရအားလုံးနေရာတွင် အစားဝင်မည်ဖြစ်ပြီး ကမ္ဘာချီငြိမ်သက်မှုရှိမည့် ခေတ်သမယတစ်ခုကို ဆောင်ကြဉ်းပေးလာမည်ဖြစ်သည်။ (ဆာလံ ၇၂:၁-၇; ဒံယေလ ၂:၄၄; ဗျာဒိတ် ၂၁:၃-၅) ထို့ကြောင့် စစ်မှန်သောခရစ်ယာန်များသည် ရောက်ရှိလာတော့မည့် ဘုရားသခင့်နိုင်ငံတော်ကို သူတို့၏ဆုတောင်းချက်တွင် ထပ်ခါတလဲတောင်းဆိုကြသည်။ အသင့်ချာ့ချ်မှ ထိုသို့ပြုလုပ်ရန် သင်ကြားပေးပါသလော။
စိတ်ဝင်စားစရာမှာ ဆုတောင်းချက်၌ ကျွန်ုပ်တို့နှင့်ပတ်သက်သော ကိုယ်ပိုင်ကိစ္စများကို ထည့်သွင်းနိုင်သည်ဟုလည်း ယေရှုဖော်ပြ၏။ “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား နေ့ရက်အစဉ်အတိုင်းပေးသနားတော်မူပါ။ အကျွန်ုပ်တို့ကို ပြစ်မှားသောသူရှိသမျှတို့၏အပြစ်ကို အကျွန်ုပ်တို့သည် လွှတ်သောကြောင့် အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ လိုက်ပါစေတော်မမူပါနှင့်” ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ (လုကာ ၁၁:၃၊ ၄၊ သမ္မာ) နေ့စဉ်ကြုံတွေ့ရသောကိစ္စရပ်များတွင် ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ကြိုးစားရှာဖွေနိုင်ကြောင်း၊ ကျွန်ုပ်တို့ကို စိုးရိမ်စေနိုင်သော သို့မဟုတ် ကျွန်ုပ်တို့၏စိတ်ငြိမ်သက်မှုကို အနှောင့်အယှက်ပေးနိုင်သော မည်သည့်အရာမဆို နှင့်ပတ်သက်၍ ယေဟောဝါထံ ချဉ်းကပ်နိုင်ကြောင်း ယေရှု၏စကားရပ်များက ဆိုလိုနေခြင်းဖြစ်သည်။ ဤနည်းအတိုင်း ဘုရားသခင်ထံ မှန်မှန်အသနားခံမည်ဆိုလျှင် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏မှီခိုအားထားမှုကို တန်ဖိုးထားလေးမြတ်ရန် အကူအညီဖြစ်စေပါမည်။ သို့ဖြင့် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ ကိုယ်တော်၏သြဇာသက်ရောက်မှုကို ပို၍နားလည်လာမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် ခွင့်လွှတ်ရန် ဘုရားသခင်ထံ နေ့စဉ်တောင်းလျှောက်ခြင်းသည်လည်း ထပ်တူပင် အကျိုးရှိပေသည်။ သို့အားဖြင့် ကျွန်ုပ်တို့၏အားနည်းချက်ကို ပို၍သိရှိလာပြီး အခြားသူများ၏ချွတ်ယွင်းချက်များကို ပို၍သည်းခံလာနိုင်မည်ဖြစ်သည်။ စုံစမ်းသွေးဆောင်မှုမှ ကယ်နုတ်ပေးရန်အတွက် ဆုတောင်းကြဖို့ ယေရှု၏အားပေးတိုက်တွန်းမှုသည်လည်း ဤလောက၏ယုတ်ညံ့သောအကျင့်စာရိတ္တများကြောင့် အထူးသဖြင့်သင့်လျော်လှပေသည်။ ထိုဆုတောင်းချက်နှင့်အညီ ကျွန်ုပ်တို့သည် အမှားပြုမိစေနိုင်သည့် အခြေအနေများနှင့် နေရာဒေသများကို သတိပြုရှောင်ကြဉ်ရပေမည်။
သို့ဖြစ်ရာ သခင့်ဆုတောင်းချက်သည် ဘုရားသခင်နှစ်သက်သည့် ဆုတောင်းချက်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုများစွာပြောပြကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ သို့သော် ဤဆုတောင်းချက်ကိုသာ ပုံမှန်ရွတ်ဆိုသွားရန် ယေရှုရည်ရွယ်ခဲ့ပါသလော။
ဆုတောင်းခြင်းနှင့်စပ်လျဉ်းသော ထပ်ဆင့်သြဝါဒ
ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ ထပ်ဆင့်ညွှန်ကြားချက်များကို ယေရှုပေးခဲ့သည်။ “သင်သည် ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက် ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ . . . သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတ္တံ့” ဟု မဿဲ ၆:၅၊ ၆ တွင် ကျွန်ုပ်တို့ဖတ်ရှုရသည်။ တစ်စုံတစ်ဦးက အထင်ကြီးစေရန်အတွက် ဝင့်ဝါသောနည်းဖြင့် ဆုမတောင်းသင့်ကြောင်း ဤစကားရပ်များက ကျွန်ုပ်တို့ကို သင်ပေးသည်။ သမ္မာကျမ်းစာ အားပေးတိုက်တွန်းထားသည့်အတိုင်း ဘုရားသခင်ထံ သင်၏နှလုံးကို သီးသန့်ဖွင့်ဟပြပါသလော။—ဆာလံ ၆၂:၈။
“သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏” ဟူ၍ ယေရှုသတိပေးခဲ့သည်။ (မဿဲ ၆:၇) ယေရှုသည် အလွတ်ကျက်မှတ်ထားသော ဆုတောင်းချက်များကို မနှစ်သက်သကဲ့သို့ အချို့သောစာအုပ်မှ ဖတ်ရွတ်ခြင်းကိုလည်း မနှစ်သက်သည်မှာ ရှင်းပါသည်။ ကိုယ်တော်၏စကားရပ်များ၌ စိပ်ပုတီးအသုံးပြုခြင်းကိုလည်း ပယ်ထားလေသည်။
“ကျွန်ုပ်တို့၏အကောင်းဆုံး ဆုတောင်းချက်သည် ကျေးဇူးတင်စွာဖြင့်ဖြစ်စေ၊ ဝမ်းနည်းချိန်၊ လိုအပ်ချိန်၌ဖြစ်စေ၊ ကိုယ်တော့်ကို ပုံမှန်နေ့စဉ်ဝတ်ပြုကိုးကွယ်ရာ၌ဖြစ်စေ ကိုယ်တော့်ထံသို့ ကျွန်ုပ်တို့ချဉ်းကပ်စဉ်၌ အလိုအလျောက်ပေါ်လာသော ကျွန်ုပ်တို့၏ကိုယ်ပိုင်အတွေးများဖြစ်နိုင်ပေသည်” ဟု ကက်သလစ် ဆုတောင်းစာအုပ်တစ်အုပ်က ဝန်ခံထား၏။ ယေရှု၏ကိုယ်ပိုင်ဆုတောင်းချက်များသည် အလွတ်ကျက်မှတ်ထားရာများမဟုတ် အလိုအလျောက်ဖြစ်ပေါ်လာရာများဖြစ်သည်။ ဥပမာအနေနှင့်၊ ယောဟန် အခန်းကြီး ၁၇ တွင် မှတ်တမ်းတင်ထားသော ယေရှု၏ဆုတောင်းချက်ကို ဖတ်ကြည့်ပါ။ ၎င်း၌ စံပြဆုပတ္ထနာအတိုင်း လိုက်လျှောက်ထားပြီး ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်သည်ကို မြင်တွေ့လိုသော ယေရှု၏စိတ်ဆန္ဒကို အလေးပေးဖော်ပြထား၏။ ယေရှု၏ဆုတောင်းချက်သည် အလိုအလျောက်ဖြစ်ပေါ်လာရာဖြစ်ပြီး စိတ်ရင်းမှန်ဖြင့်ဖြစ်လေသည်။
ဘုရားသခင်နာညောင်းတော်မူသော ဆုတောင်းချက်များ
ကျက်မှတ်ထားသော ဆုတောင်းချက်များဖြင့် ဆုတောင်းရန်၊ “သူတော်စင်များ” သို့မဟုတ် ရုပ်ပုံများထံသို့ ဆုတောင်းရန်၊ သို့မဟုတ် စိပ်ပုတီးကဲ့သို့သော ဘာသာရေးဆိုင်ရာပစ္စည်းများကို အသုံးပြုရန် အသင်သွန်သင်ခံခဲ့ရမည်ဆိုလျှင် ယေရှုအကြမ်းဖျင်းဖော်ပြထားသော နည်းဖြင့် ဆုတောင်းခြင်းအစီအစဉ်က ခြိမ်းခြောက်ဟန့်တားနေသည့်ဟန် ရှိပေမည်။ သို့သော်လည်း အဓိကအချက်မှာ ဘုရားသခင်—ကိုယ်တော်၏နာမတော်၊ ကိုယ်တော်၏ရည်ရွယ်ချက်များ၊ ကိုယ်တော်၏အရည်အသွေး—ကို သိရှိလာရမည်ဖြစ်၏။ သမ္မာကျမ်းစာကို ဂရုတစိုက်လေ့လာခြင်းမှတစ်ဆင့် ယင်းကို သင်ရရှိနိုင်သည်။ (ယောဟန် ၁၇:၃) ယင်းနှင့်ပတ်သက်၍ ယေဟောဝါသက်သေများသည် သင့်ကို လိုလိုလားလားပင်ကူညီမှုပေးရန် အသင့်ရှိကြသည်။ “ထာဝရဘုရား (“ယေဟောဝါ၊” ကဘ) သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြ” ရန် ကမ္ဘာတစ်ဝန်းတွင်ရှိသော လူသန်းပေါင်းများစွာတို့ကို သူတို့ကူညီပေးခဲ့ကြပါပြီတကား! (ဆာလံ ၃၄:၈) ဘုရားသခင်ကို အသင်သိလာလေလေ၊ ဆုတောင်းခြင်းဖြင့် ကိုယ်တော့်ကို ချီးမွမ်းရန် လှုံ့ဆော်ခံရလေလေဖြစ်ပေလိမ့်မည်။ ထို့ပြင် ရိုသေလေးမြတ်ကြောင်းဖော်ပြသည့် ဆုတောင်းချက်ဖြင့် ယေဟောဝါထံ သင်ချဉ်းကပ်လေလေ၊ ကိုယ်တော်နှင့် သင်၏ဆက်ဆံရေးမှာ ပို၍ရင်းနှီးလာလေလေဖြစ်လိမ့်မည်။
ထို့ကြောင့် ဘုရားသခင်၏ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများအားလုံးသည် “မခြားမလပ်ဆုတောင်း ပတ္ထနာပြုကြ” ရန် အားပေးတိုက်တွန်းခံရသည်။ (၁ သက်သာလောနိတ် ၅:၁၇) အသင့်ဆုတောင်းချက်များသည် ယေရှုခရစ်၏ညွှန်ကြားချက်များအပါအဝင် သမ္မာကျမ်းစာနှင့် အမှန်ပင် ကိုက်ညီမှုရှိစေပါ။ ထိုသို့အားဖြင့် သင်၏ဆုတောင်းချက်များသည် ဘုရားသခင်၏သဘောကျနှစ်သက်မှုကို ခံရကြောင်း သေချာနိုင်မည်ဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါအကြောင်း ကျွန်ုပ်တို့ သိရှိလာလေလေ၊ နှလုံးထဲမှနေ၍ ကိုယ်တော့်ထံဆုတောင်းရန် လှုံ့ဆော်ခံရလေလေဖြစ်သည်