ကောင်းကင်နိုင်ငံသားဖြစ်သော ခရစ်ယာန်သက်သေခံများ
“ငါတို့မူကား ကောင်းကင်ပြည်တော်သားများဖြစ်သည်။”—ဖိလိပ္ပိ ၃:၂၀၊ သမ။
၁ လူအချို့အတွက် ယေဟောဝါသည် အဘယ်အံ့သြဖွယ်ကောင်းသောရည်ရွယ်ချက် ရှိထားတော်မူသနည်း။
မြေကြီးသားအဖြစ် မွေးဖွားခံရသူများသည် ကောင်းကင်တွင် ကောင်းကင်တမန်များကိုပင် အစိုးရသော ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်မင်းများအဖြစ်ကို ရကြလိမ့်မည်။ (၁ ကောရိန္သု ၆:၂၊ ၃; ဗျာဒိတ် ၂၀:၆) ယင်းသည် မည်မျှအံ့သြဖွယ်ကောင်းသော အမှန်တရားပါတကား! သို့တိုင် ယင်းကို ယေဟောဝါရည်ရွယ်ထားတော်မူ၍ ကိုယ်တော်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်အားဖြင့် ဖြစ်မြောက်အောင်မြင်စေတော်မူမည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ယင်းအမှုကို အဘယ်ကြောင့်စီရင်တော်မူသနည်း။ ယင်းကိုသိနားလည်ခြင်းက ယနေ့ ခရစ်ယာန်တစ်ဦးအား မည်သို့ဖြစ်စေသင့်သနည်း။ ဤမေးခွန်းတို့ကို သမ္မာကျမ်းစာ မည်သို့ဖြေဆိုပေးကြောင်း ကြည့်ကြစို့။
၂။ ယေရှုသည် အဘယ်အမှုအသစ်တစ်ခုကို ဆောင်ရွက်တော်မူလိမ့်မည်ဟု နှစ်ခြင်းဆရာယောဟန် ကြေညာခဲ့သနည်း။ ဤအမှုအသစ်သည် အဘယ်အရာနှင့်ဆက်စပ်သနည်း။
၂ နှစ်ခြင်းဆရာယောဟန်သည် ယေရှုကြွတော်မူရာလမ်းကိုပြင်ပေးသောအခါ ယေရှုသည် အမှုအသစ်တစ်ခုကို ဆောင်ရွက်တော်မူလိမ့်မည်ဟု ကြေညာခဲ့သည်။ မှတ်တမ်းက ဤသို့ဆိုသည်– “[ယောဟန်၏] ဟောချက်စကားဟူမူကား– ‘ငါ့ထက်တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ငုံ့၍ဖြည်ခြင်းငှာ ငါမထိုက်။ ငါသည် သင်တို့အား ရေနှင့်ဗတ္တိဇံပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပေးတော်မူမည်။’” (မာကု ၁:၇၊ ၈၊ သမ္မာ) ထိုအချိန်မတိုင်မီ မည်သူမျှ ဝိညာဉ်တော်နှင့် ဗတ္တိဇံမခံရသေးချေ။ ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်နေသည့် အစီအစဉ်အသစ်တစ်ခုဖြစ်ပြီး ကောင်းကင်အုပ်ချုပ်ရေးအတွက် လူသားတို့ကိုပြင်ဆင်ရန် ယေဟောဝါဖော်ပြတော်မူမည့်ဆဲဆဲရှိ ရည်ရွယ်ချက်နှင့်ဆက်စပ်သည်။
“ဒုတိယမွေးခြင်း”
၃။ ကောင်းကင်နိုင်ငံတော်နှင့်ပတ်သက်သည့် အဘယ်အကြောင်းအရာအသစ်များကို နိကောဒင်အား ယေရှုရှင်းပြခဲ့သနည်း။
၃ ဘုရားသခင်၏ ဤရည်ရွယ်ချက်အကြောင်းကို ယေရှုသည် အထင်ကရဖာရိရှဲတစ်ဦးနှင့် လျှို့ဝှက်တွေ့ဆုံခဲ့ချိန်တွင် ပိုမိုဖော်ပြတော်မူခဲ့သည်။ ဖာရိရှဲဖြစ်သူနိကောဒင်သည် ညအခါ ယေရှုထံတော်သို့လာသည်။ ယေရှုက သူ့အား ဤသို့မိန့်တော်မူသည်– “ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရ။” (ယောဟန် ၃:၃) ဖာရိရှဲတစ်ဦးအနေနှင့် ဟေဗြဲကျမ်းစောင်များကို လေ့လာထားသောကြောင့် နိကောဒင်သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့်ပတ်သက်၍ မြင့်မြတ်သောသမ္မာတရားအကြောင်း အနည်းအကျဉ်းသိထားမည်။ “လူသားနှင့်တူသောသူတစ်ဦး” အားလည်းကောင်း၊ “အမြင့်ဆုံးသောဘုရားသခင်၏ သန့်ရှင်းသောအမျိုးသားတို့” အားလည်းကောင်း ဘုရားသခင်၏နိုင်ငံတော်ကို အပ်နှံမည်ဟု ဒံယေလကျမ်းက ပရောဖက်ပြုသည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇) ဘုရားသခင်၏နိုင်ငံတော်သည် အခြားသောနိုင်ငံအားလုံးကို “ချိုးဖဲ့ဖျက်ဆီး” ပြီးနောက် အစဉ်အမြဲတည်မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄) ဤပရောဖက်ပြုချက်များသည် ဂျူးလူမျိုးအပေါ်ပြည့်စုံမည်ဟု နိကောဒင်ထင်မှတ်ပေမည်; သို့သော် ဘုရားသခင်၏နိုင်ငံတော်ကိုမြင်ရန် ဒုတိယမွေးခြင်းခံရမည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ နိကောဒင်သည် နားမလည်နိုင်သောကြောင့် ယေရှုက ဤသို့ထပ်ဆင့်မိန့်မြွက်သည်– “ရေနှင့်ဝိညာဉ်တော်မှ မမွေးသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။”—ယောဟန် ၃:၅၊ ကဘ။
၄။ သန့်ရှင်းသောဝိညာဉ်တော်မှ မွေးသောသူများနှင့်စပ်လျဉ်း၍ ယေဟောဝါနှင့် သူတို့၏ဆက်ဆံရေးသည် မည်သို့ပြောင်းလဲသွားမည်နည်း။
၄ နှစ်ခြင်းဆရာယောဟန်က သန့်ရှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံခံခြင်းအကြောင်း ပြောဆိုခဲ့သည်။ ယခု ယေရှုက တစ်ဦးတစ်ယောက်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်လိုလျှင် သန့်ရှင်းသောဝိညာဉ်တော်မှ မွေးရမည်ဟု ထပ်ဆင့်မိန့်ဆိုသည်။ ဤထူးခြားသောမွေးခြင်းအားဖြင့် မစုံလင်သောလူယောက်ျား၊ လူမိန်းမများသည် ယေဟောဝါဘုရားသခင်နှင့် အလွန်ထူးမြတ်သောဆက်ဆံရေးကို ရရှိမည်ဖြစ်သည်။ သူတို့သည် ကိုယ်တော်၏သားအခွင့်အရာကို ခံရသူများဖြစ်လာကြ၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “ထိုသူ [ယေရှု] ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။ ဘုရားသခင် ဖွားတော်မူသောသား ဖြစ်သတည်း။”—ယောဟန် ၁:၁၂၊ ၁၃; ရောမ ၈:၁၅။
ဘုရားသခင်၏သားများ
၅။ သစ္စာရှိတပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် အဘယ်အချိန်က ဗတ္တိဇံခံခဲ့ရသနည်း။ တစ်ကြိမ်တည်းတွင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆက်စပ်သည့် အဘယ်လုပ်ငန်းများ ဖြစ်ပျက်ခဲ့သနည်း။
၅ နိကောဒင်အား ယေရှုစကားပြောဆိုခဲ့ချိန်တွင် ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်၏ အနာဂတ်ရှင်ဘုရင်အရာကိုခံယူခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံရပြီးသားဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကိုလည်း ဘုရားသခင်သည် လူသိရှင်ကြား ကြွေးကြော်ခဲ့ပြီဖြစ်သည်။ (မဿဲ ၃:၁၆၊ ၁၇) ယေဟောဝါသည် စီ. အီး. ၃၃ ပင်တေကုတ္တေပွဲတွင် အခြားဝိညာဏသားများကို ထပ်မံရရှိတော်မူသည်။ ယေရုရှလင်မြို့၏ အထက်ခန်းမ၌စုဝေးနေသော သစ္စာရှိတပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဗတ္တိဇံခံခဲ့ကြသည်။ တစ်ကြိမ်တည်းတွင် ဘုရားသခင်၏ဝိညာဏသားများဖြစ်လာကြရန် သန့်ရှင်းသောဝိညာဉ်တော်မှ ဒုတိယမွေးခြင်းကိုခံခဲ့ကြရသည်။ (တမန်တော် ၂:၂-၄၊ ၃၈; ရောမ ၈:၁၅) ထို့ပြင် အနာဂတ်တွင် ကောင်းကင်အမွေကိုခံယူခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံရပြီး ထိုကောင်းကင်မျှော်လင့်ချက်သည် ကျိန်းသေကြောင်း စရန်သွင်းဘိသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဦးဆုံးတံဆိပ်ခတ်ခြင်းကိုခံခဲ့ကြရသည်။—၂ ကောရိန္သု ၁:၂၁၊ ၂၂။
၆။ ကောင်းကင်နိုင်ငံတော်နှင့်စပ်လျဉ်း၍ ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်း၌ လူသားများပါဝင်ခြင်းသည် အဘယ်ကြောင့်လျော်ကန်သနည်း။
၆ ဤသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ကိုယ်တော်ပထမဦးဆုံးရွေးချယ်တော်မူသော မစုံလင်သည့်လူသားများဖြစ်သည်။ ဤသူတို့သည် သေပြီးရှင်ပြန်ထမြောက်ကြကာ လူနှင့်ကောင်းကင်တမန်များကိုအစိုးရမည့် ကောင်းကင်နိုင်ငံတော်အဖွဲ့ဝင်များဖြစ်လာကြမည်။ ဘုရားသခင်၏ ဤနိုင်ငံတော်အားဖြင့် ကိုယ်တော်၏နာမတော်မြတ်သည် ရိုသေလေးမြတ်ခြင်းရှိလာကာ ဝေနေယျသတ္တဝါအပေါင်းတို့ရှေ့တွင် ကိုယ်တော်၏ ပိုင်သအုပ်စိုးခွင့်သည်လည်း သင်္ကာယနကင်းရှင်းရမည်အကြောင်း ယေဟောဝါရည်ရွယ်ထားတော်မူသည်။ (မဿဲ ၆:၉၊ ၁၀; ယောဟန် ၁၂:၂၈) ဘုရားသခင်၏ ထိုနိုင်ငံတော်တွင် လူသားများပါဝင်ခြင်းသည် အလွန်လျော်ကန်လှသည်တကား! ဧဒင်ဥယျာဉ်တွင် ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို ဦးဆုံးစိန်ခေါ်ခဲ့ချိန်က စာတန်သည် လူသားများကို အသုံးပြုခဲ့သည်။ ယခု ထိုစိန်ခေါ်ချက်ကို ဖြေရှင်းရာတွင် လူသားများပါဝင်ဖို့ရန် ယေဟောဝါရည်ရွယ်တော်မူသည်။ (ကမ္ဘာဦး ၃:၁-၆; ယောဟန် ၈:၄၄) ဘုရားသခင်၏ထိုနိုင်ငံတော်တွင် အုပ်စိုးခွင့်ရှိရန် ရွေးချယ်ခံရသူတို့ထံ တမန်တော်ပေတရု ဤသို့ရေးသားသည်– “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ယေရှုခရစ်ကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတစ်ဖန်ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား . . . ကယ်တင်ခြင်းသို့ရောက်စေမည့်အကြောင်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် . . . သင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။”—၁ ပေတရု ၁:၃၊ ၄။
၇။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံခံယူသူများသည် ယေရှုနှင့် အဘယ်ထူးခြားသောဆက်ဆံရေး ရရှိသနည်း။
၇ ဘုရားသခင်၏သားအဖြစ်ကိုခံရသော ဤရွေးချယ်ခံရသူ ခရစ်ယာန်များသည် ယေရှုခရစ်တော်၏ ညီတော်များ ဖြစ်လာကြသည်။ (ရောမ ၈:၁၆၊ ၁၇; ၉:၄၊ ၂၆; ဟေဗြဲ ၂:၁၁) ယေရှုသည် ကတိတော်ရှိရာ အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်း ထင်ရှားသဖြင့် ဝိညာဉ်တော်နှင့်ဘိသိက်ခံရသော ဤခရစ်ယာန်များသည် တွဲဖက်၊ ဒုတိယတန်းစား၊ သို့မဟုတ် ထိုမျိုးနွယ်ဝင်များဖြစ်ကြ၍ သူတို့သည် ယုံကြည်သူလူသားအပေါင်းတို့အား ကောင်းချီးမင်္ဂလာကိုခံစားစေမည်ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ဂလာတိ ၃:၁၆၊ ၂၆၊ ၂၉) အဘယ်ကောင်းချီးမင်္ဂလာ ခံစားရမည်နည်း။ အပြစ်တရားမှရွေးနုတ်ခံရပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်ကာ ယခုသော်လည်းကောင်း၊ ထာဝစဉ်သော်လည်းကောင်း ကိုယ်တော်၏အမှုတော်ကိုထမ်းခွင့်ရရှိခြင်းဖြစ်သည်။ (မဿဲ ၄:၂၃; ၂၀:၂၈; ယောဟန် ၃:၁၆၊ ၃၆; ၁ ယောဟန် ၂:၁၊ ၂) ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် သူတို့၏ဝိညာဏအစ်ကို ယေရှုခရစ်တော်နှင့် သူတို့၏မွေးစားအဘ ယေဟောဝါဘုရားသခင်အကြောင်း သက်သေခံခြင်းအားဖြင့် စိတ်နှလုံးရိုးဖြောင့်သူတို့အား ဤကောင်းချီးမင်္ဂလာကိုခံစားစေရန် လမ်းပြညွှန်ကြားကြသည်။—တမန်တော် ၁:၈; ဟေဗြဲ ၁၃:၁၅။
၈။ ဝိညာဉ်တော်ဖွား ဘုရားသခင်၏သားတော်များ၏ “ပေါ်ထွန်းခြင်း” ကားအဘယ်နည်း။
၈ ဘုရားသခင်၏ ဤဝိညာဉ်တော်ဖွား သားများ၏ “ပေါ်ထွန်းခြင်း” အကြောင်းကို သမ္မာကျမ်းစာကဖော်ပြထားသည်။ (ရောမ ၈:၁၉) ယေရှု၏တွဲဖက်ဘုရင်များအဖြစ် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ပြီးနောက် သူတို့သည် စာတန်၏လောကအစီအစဉ်စနစ်ကို ဖျက်ဆီးခြင်းတွင် ပါဝင်ကြမည်။ ထိုနောက် အနှစ်တစ်ထောင်အတွင်း ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကျေးဇူးကို လူသားအပေါင်း ခံစားရရန် လမ်းကြောင်းပေးခြင်းအားဖြင့် အာဒံဆုံးရှုံးခဲ့သော စုံလင်ခြင်းအဖြစ်သို့ လူမျိုးအပေါင်းကို မြှင့်တင်ပေးရေးတွင် ပါဝင်ကြမည်ဖြစ်သည်။ (၂ သက်သာလောနိတ် ၁:၈-၁၀; ဗျာဒိတ် ၂:၂၆၊ ၂၇; ၂၀:၆; ၂၂:၁၊ ၂) သူတို့၏ပေါ်ထွန်းခြင်းတွင် ဤအမှုအရာအားလုံးပါဝင်သည်။ ယင်းကို ယုံကြည်သူဝေနေယျသတ္တဝါအပေါင်း စိတ်ထက်သန်စွာဖြင့် စောင့်မျှော်နေကြပါသည်။
၉။ ကမ္ဘာချီ ဘိသိက်ခံခရစ်ယာန်အဖွဲ့ကို သမ္မာကျမ်းစာက မည်သို့ဖော်ညွှန်းသနည်း။
၉ ကမ္ဘာချီ ဘိသိက်ခံခရစ်ယာန်အဖွဲ့သည် “ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏အသင်းတော်” ဖြစ်သည်။ (ဟေဗြဲ ၁၂:၂၃) သူတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအကျိုးကို ဦးဆုံးခံစားရသူများဖြစ်သည်။ သူတို့သည် “ခရစ်တော်၏ကိုယ်” လည်းဖြစ်ကြရာ အချင်းချင်းနှင့်သာမက ယေရှုနှင့်ပါ တရင်းတနှီးဆက်ဆံကြောင်း ထင်ရှားသည်။ (၁ ကောရိန္သု ၁၂:၂၇) ပေါလုက ဤသို့ရေးသားသည်– “ကိုယ်တစ်ခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတစ်ခုတည်းသောကိုယ်၏အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။”—၁ ကောရိန္သု ၁၂:၁၂၊ ၁၃; ရောမ ၁၂:၅; ဧဖက် ၁:၂၂၊ ၂၃; ၃:၆။
“ဘုရားသခင်၏ဣသရေလအမျိုး”
၁၀၊ ၁၁။ ပထမရာစုနှစ်တွင် ဣသရေလလူမျိုးအသစ်ရှိရန် အဘယ်ကြောင့်လိုအပ်လာသနည်း။ ဤလူမျိုးအသစ်တွင်ကို မည်သူတို့ဖြင့်ဖွဲ့စည်းသနည်း။
၁၀ ကတိတော်ရှိရာ မေရှိယအဖြစ် ယေရှုကြွလာတော်မမူမီ နှစ်ပေါင်း ၁,၅၀၀ ကျော်ကာလက ဇာတိပကတိဣသရေလလူမျိုးသည် ယေဟောဝါ၏ အထူးလူမျိုးဖြစ်သည်။ မခြားမလပ် သတိပေးခံရလျက်ကယ် သူတို့သည် လူမျိုးလိုက် သစ္စာဖျက်ခဲ့ကြသည်။ ယေရှုကြွရောက်လာသည့်အခါ ထိုလူမျိုးသည် ကိုယ်တော်ကိုငြင်းပယ်သည်။ (ယောဟန် ၁:၁၁) သို့ဖြစ်၍ ဂျူးဘာသာရေးခေါင်းဆောင်များအား ယေရှုက ဤသို့မိန့်တော်မူသည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်အသီးကိုသီးအံ့သောလူမျိုးအား ပေးရလတ္တံ့။” (မဿဲ ၂၁:၄၃) ကယ်တင်ခြင်းရရန် “[နိုင်ငံတော်၏] အသီးကိုသီးအံ့သောလူမျိုးအား” အသိအမှတ်ပြုခြင်းသည် အလွန်အရေးကြီးသည်။
၁၁ ထိုလူမျိုးအသစ်ကား စီ. အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင်မွေးဖွားသော ဘိသိက်ခံခရစ်ယာန်အသင်းတော်ဖြစ်သည်။ ယင်း၏ဦးဆုံးအဖွဲ့ဝင်များသည် ယေရှုအား ကောင်းကင်ဘုရင်အဖြစ် အသိအမှတ်ပြုလက်ခံသော ကိုယ်တော်၏ဂျူးတပည့်တော်များဖြစ်သည်။ (တမန်တော် ၂:၅၊ ၃၂-၃၆) သို့ရာတွင် သူတို့သည် ဂျူးအမျိုးအနွယ်ဖြစ်ကြခြင်းကြောင့် ဘုရားသခင့်လူမျိုးသစ်အဝင်ဖြစ်လာကြသည်မဟုတ်ဘဲ ယေရှုကိုယုံကြည်ခြင်းကြောင့်ဖြစ်လာသည်။ သို့ဖြစ်၍ ဘုရားသခင်၏ ဤဣသရေလအမျိုးသစ်သည် ထူးခြားသော ဝိညာဏလူမျိုးဖြစ်သည်။ ဂျူးအများစုသည် ယေရှုကိုငြင်းပယ်ကြသောအခါ လူမျိုးသစ်အဝင်ဖြစ်ရန် ဖိတ်ကြားချက်ကို ရှမာရိလူမျိုး၊ ထို့နောက် တစ်ပါးအမျိုးသားတို့အား ကမ်းလှမ်းခဲ့သည်။ ထိုလူမျိုးအသစ်ကို “ဘုရားသခင်၏ဣသရေလအမျိုး” ဟူ၍ခေါ်ဝေါ်လေသည်။—ဂလာတိ ၆:၁၆။
၁၂၊ ၁၃။ ဣသရေလလူမျိုးအသစ်သည် ယုဒဘာသာ၏ ဂိုဏ်းဂဏတစ်ခုမျှမဟုတ်ကြောင်း မည်သို့ထင်ရှားလာသနည်း။
၁၂ ရှေးဣသရေလနိုင်ငံတွင် ဂျူးမဟုတ်သူများသည် ဘာသာဝင်များဖြစ်လာကြသောအခါ မောရှေပညတ်ကိုလိုက်နာကြရသည်။ ယင်း၏အထိမ်းအမှတ်အနေနှင့် ယောက်ျားများသည် အရေဖျားလှီးခြင်းကို ခံကြရသည်။ (ထွက်မြောက်ရာ ၁၂:၄၈၊ ၄၉) ဘုရားသခင်၏ဣသရေလအမျိုးတွင်ပါဝင်သော ဂျူးမဟုတ်သူများသည် ထပ်တူပြုသင့်သည်ဟု ဂျူးခရစ်ယာန်အချို့က ယူမှတ်ကြသည်။ သို့ရာတွင် ယေဟောဝါ၏အကြံအစည်သည် သူတို့နှင့်မတူပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် တမန်တော်ပေတရုအား တစ်ပါးအမျိုးသား ကော်နေလိအိမ်သို့ စေလွှတ်ခဲ့သည်။ ကော်နေလိနှင့် သူ၏အိမ်ထောင်သည် ပေတရု၏ဟောပြောခြင်းကို လက်ခံနာယူကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းကို—ရေ၌ဗတ္တိဇံမယူမီကတည်းကပင်—ခံခဲ့ကြရသည်။ ယေဟောဝါသည် ဤတစ်ပါးအမျိုးသားများအား မောရှေ၏ပညတ်ကို လိုက်နာရန် မတောင်းဆိုဘဲ ဘုရားသခင်၏ဣသရေလအမျိုးအဝင်အဖြစ် သူတို့ကိုလက်ခံတော်မူကြောင်း ယင်းက အထင်အရှားတင်ပြသည်။—တမန်တော် ၁၀:၂၁-၄၈။
၁၃ ယုံကြည်သူအချို့က ယင်းကိုအသိအမှတ်ပြုရန် အခက်အခဲတွေ့ကြသည်။ သို့ဖြစ်၍ မကြာမီအချိန်တွင် ယင်းကိစ္စကို ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အကြီးအကဲများ ဆွေးနွေးစရာအကြောင်းဖြစ်လာသည်။ ထိုအခွင့်အာဏာရှိအဖွဲ့သည် ဂျူးလူမျိုးမဟုတ်သော ယုံကြည်သူများအပေါ် သန့်ရှင်းသောဝိညာဉ်တော် မည်သို့ဆင်းသက်တော်မူကြောင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်တို့ကို ဂရုစိုက်နားထောင်သည်။ သမ္မာကျမ်းစာတွင် ရှာဖွေလေ့လာကြည့်ကြရာ ယင်းသည် မှုတ်သွင်းခံပရောဖက်ပြုချက်၏ ပြည့်စုံခြင်းဖြစ်ကြောင်း သိရှိလာကြသည်။ (ဟေရှာယ ၅၅:၅; အာမုတ် ၉:၁၁၊ ၁၂) မှန်ကန်စွာ ဆုံးဖြတ်စီရင်ခဲ့ကြသည်။ ဂျူးလူမျိုးမဟုတ်သောခရစ်ယာန်များသည် မောရှေပညတ်ကို လိုက်နာရန်မလိုပါ။ (တမန်တော် ၁၅:၁၊ ၆-၂၉) သို့ဖြင့် ဝိညာဏဣသရေလသည် ယုဒဘာသာ၏ ဂိုဏ်းဂဏတစ်ခုမျှမဟုတ်ဘဲ အမှန်တကယ်ပင် လူမျိုးအသစ်တစ်ခု ဖြစ်လာပါသည်။
၁၄။ ယာကုပ်က ခရစ်ယာန်အသင်းတော်ကို “အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ့်နှစ်ပါးသောအမျိုး” ဟုခေါ်ဆိုခြင်းက အဘယ်သဘောသက်ရောက်သနည်း။
၁၄ ယင်းနှင့်အညီ ပထမရာစု ဘိသိက်ခံခရစ်ယာန်များထံ စာရေးရာတွင် တပည့်တော်ယာကုပ်က သူ၏စာကို “အရပ်ရပ်တို့၌ ကွဲပြားသော တစ်ဆယ့်နှစ်ပါးသောအမျိုးတို့” ထံလိပ်မူခဲ့သည်။ (ယာကုပ် ၁:၁; ဗျာဒိတ် ၇:၃-၈) ဣသရေလအမျိုးသစ်၏ ပြည်တော်သားများကို လူ့အမျိုးအနွယ်တစ်ခုခုမှ မသတ်မှတ်ထားသည်ကားအမှန်ပင်။ ဇာတိပကတိဣသရေလလူမျိုးတွင်ရှိခဲ့သကဲ့သို့ ဝိညာဏဣသရေလတွင် သီးခြားအမျိုးအနွယ် ၁၂ နွယ်သို့ခွဲခြားသတ်မှတ်ထားခြင်းမရှိပါ။ သို့ဖြစ်လင့်ကစား ယေဟောဝါ၏မျက်မှောက်တော်တွင် ဇာတိပကတိဣသရေလလူမျိုး ၁၂ နွယ်ကို ဘုရားသခင်၏ဣသရေလအမျိုးသည် လုံးဝအစားထိုးလိုက်ကြောင်း ယာကုပ်၏ မှုတ်သွင်းခံအသုံးအနှုန်းက အရိပ်အမြွက်ဖော်ပြသည်။ ဣသရေလနွယ်ဖွားတစ်ဦးသည် လူမျိုးအသစ်အဝင်ဖြစ်လာမည်ဆိုလျှင် သူ၏အမျိုးအနွယ်က—သူသည် ယုဒ၊ သို့မဟုတ် လေဝိအမျိုးဖြစ်စေကာမူ—အဘယ်နည်းနှင့်မျှ အရာမရောက်ပါ။—ဂလာတိ ၃:၂၈; ဖိလိပ္ပိ ၃:၅၊ ၆။
ပဋိညာဉ်တရားသစ်
၁၅၊ ၁၆။ (က) ဘုရားသခင်၏ဣသရေလအမျိုးအဝင် ဂျူးမဟုတ်သူများကို ယေဟောဝါ မည်သို့ယူမှတ်သနည်း။ (ခ) ဣသရေလလူမျိုးသစ်ကို အဘယ်တရားဝင်နည်းဖြင့် ဖွဲ့စည်းထားသနည်း။
၁၅ ယေဟောဝါ၏အမြင်တွင် ဤလူမျိုးသစ်အဝင်ဖြစ်သော ဣသရေလလူမျိုးမဟုတ်သူများသည် အရည်အချင်းပြည့် ဝိညာဏဂျူးများဖြစ်ကြသည်! တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “အပြင်အားဖြင့်သာ ယုဒလူဖြစ်သောသူသည် ယုဒလူမှန်မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန်မဟုတ်။ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူ မှန်၏။ အရေဖျားလှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်တရားအားဖြင့် စိတ်နှလုံးနှင့်စပ်ဆိုင်၏။ ထိုသို့ အရေဖျားလှီးခြင်းကိုခံသောသူ၏အချီးအမွမ်းသည် လူအလိုနှင့်မဆိုင်။ ဘုရားသခင့်အလိုတော်နှင့်ဆိုင်သတည်း။” (ရောမ ၂:၂၈၊ ၂၉) ဘုရားသခင်၏ဣသရေလအမျိုးအဝင်ဖြစ်ရန် ဖိတ်ခေါ်ချက်ကို တစ်ပါးအမျိုးသားများစွာတို့သည် လက်ခံခဲ့ကြသည်။ ယင်းသို့ဖြစ်ပျက်လာခြင်းက ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။ ဥပမာ၊ ပရောဖက်ဟောရှေက ဤသို့ရေးသားသည်– “မသနား မစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏လူမဟုတ်သောသူကိုလည်း ‘သင်သည် ငါ၏လူဖြစ်သည်’ ဟု ငါဆိုမည်။ သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူသည်’ ဟုလျှောက်လိမ့်မည်။”—ဟောရှေ ၂:၂၃; ရောမ ၁၁:၂၅၊ ၂၆။
၁၆ ဝိညာဏဣသရေလသည် မောရှေပညတ်ပဋိညာဉ်အောက်မရှိလျှင် သူတို့သည် အဘယ်အကြောင်းကြောင့် လူမျိုးအသစ်အဝင် ဖြစ်လာကြသနည်း။ ယေဟောဝါသည် ယေရှုမှတစ်ဆင့် ဤဝိညာဏလူမျိုးနှင့် ပဋိညာဉ်တရားသစ်တစ်ခုကို ဖွဲ့တော်မူခဲ့သည်။ (ဟေဗြဲ ၉:၁၅) ယေရှုသည် စီ. အီး. ၃၃ နိသန်လ ၁၄ ရက်နေ့တွင် ကိုယ်တော်၏သေခြင်းကို အောက်မေ့ဖို့ရာပွဲတော် စတင်ကျင်းပခဲ့စဉ်က သစ္စာရှိတမန်တော် ၁၁ ပါးအား မုန့်နှင့်စပျစ်ရည်ကို လက်ကမ်းပေးတော်မူပြီး စပျစ်ရည်သည် ‘ပဋိညာဉ်တရား၏အသွေး’ ကိုတင်စားသည်ဟု မိန့်မြွက်တော်မူခဲ့၏။ (မဿဲ ၂၆:၂၈; ယေရမိ ၃၁:၃၁-၃၄) လုကာ၏မှတ်တမ်းတွင် ဖော်ပြထားသည့်အတိုင်း စပျစ်ရည်ခွက်သည် “ပဋိညာဉ်တရားသစ်” ကိုတင်စားသည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (လုကာ ၂၂:၂၀) ယေရှု၏မိန့်တော်မူချက် ပြည့်စုံသည့်အနေနှင့် ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခဲ့၍ ဘုရားသခင်၏ဣသရေလအမျိုး ဖွားမြင်ခဲ့သောအခါက ဇာတိပကတိဣသရေလလူမျိုးထံမှ ဘုရားသခင်၏နိုင်ငံတော်ကိုနုတ်ယူပြီး ဝိညာဏလူမျိုးအသစ်အား ပေးခဲ့သည်။ ဇာတိပကတိဣသရေလလူမျိုးအစား ယေဟောဝါ၏သက်သေများနှင့်ဖွဲ့စည်းထားသော ဤလူမျိုးအသစ်သည် ယခု ကိုယ်တော်၏ကျေးကျွန်ဖြစ်လာလေသည်။—ဟေရှာယ ၄၃:၁၀၊ ၁၁။
“ယေရုရှလင်မြို့သစ်”
၁၇၊ ၁၈။ ဘိသိက်ခံခရစ်ယာန်များ ရရှိမည့်ဘုန်းအသရေကို ဗျာဒိတ်ကျမ်းက မည်သို့ဖော်ပြထားသနည်း။
၁၇ ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကို ခံခွင့်ရသူများ ရရှိမည့်ဘုန်းအသရေသည် မည်မျှထူးမြတ်လှသည်တကား! သူတို့ခံစားရမည့် အံ့ချီးဖွယ်ရာများအကြောင်း သိရှိရခြင်းသည် အလွန်နှစ်မြို့စရာပါတကား! ဗျာဒိတ်ကျမ်းက သူတို့၏ ကောင်းကင်အမွေဆိုင်ရာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို အရိပ်အမြွက်ပြသည်။ ဥပမာ၊ ဗျာဒိတ် ၄:၄ တွင် ဤသို့ဖတ်ရှုရသည်– “[ယေဟောဝါ၏] ပလ္လင်၏ပတ်ဝန်းကျင်၌ အခြားသောပလ္လင်နှစ်ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက် ခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းလျက်ထိုင်နေကြ၏။” ဤအသက်ကြီးသူ ၂၄ ပါးတို့သည် ဘိသိက်ခံခရစ်ယာန်များဖြစ်သည်။ သူတို့သည် ရှင်ပြန်ထမြောက်လာပြီး ယခု ယေဟောဝါကတိရှိသော ကောင်းကင်အခွင့်အရာကို ခံယူနေကြပြီဖြစ်သည်။ သူတို့၏သရဖူများနှင့်ပလ္လင်တို့က သူတို့၏မင်းမျိုးမင်းနွယ်အဖြစ်ကို ကျွန်ုပ်တို့အား သတိရစေသည်။ ထို့ပြင် ယေဟောဝါ၏ပလ္လင်ဝန်းကျင်တွင် အမှုထမ်းခွင့်ရသော သူတို့၏ထူးမြတ်အံ့ချီးဖွယ်ကောင်းသောအခွင့်အရေးကိုလည်း ထည့်စဉ်းစားကြည့်ပါ!
၁၈ ဗျာဒိတ် ၁၄:၁ တွင် သူတို့ကို ထပ်မံအရိပ်အမြွက်မြင်ကြရသည်– “ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌ အက္ခရာတင်သောသူ တစ်သိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူရှိကြ၏။” ဤတွင် ကန့်သတ်ထားသော ဘိသိက်ခံများ၏အရေအတွက်—၁၄၄,၀၀၀—ကိုတွေ့မြင်ကြရ၏။ သူတို့သည် ယေဟောဝါ၏ နန်းတင်ဘုရင် “သိုးသငယ်” ယေရှုနှင့်အတူ ရပ်နေကြခြင်းက သူတို့၏မင်းမျိုးမင်းနွယ်အဖြစ်ကို သိမြင်စေသည်။ ထို့ပြင် သူတို့သည် ကောင်းကင်ဆိုင်ရာဇိအုန်တောင်ပေါ်တွင် ရပ်နေကြ၏။ မြေကြီးဆိုင်ရာ ဇိအုန်တောင်သည် ဣသရေလဘုရင့်မြို့တော်၊ ယေရုရှလင်မြို့တည်ရာအရပ်ဖြစ်သည်။ ကောင်းကင်ဆိုင်ရာဇိအုန်တောင်သည် ယေရှုနှင့် ကိုယ်တော့်ဘက်တော်သားများ၏ ချီးမြှင့်ခံရသောအခွင့်အရာကို တင်စားပါသည်။ သူတို့သည် ကောင်းကင်ယေရုရှလင်အဝင်ဖြစ်ကြသည်။—၂ ရာဇဝင်ချုပ် ၅:၂; ဆာလံ ၂:၆။
၁၉၊ ၂၀။ (က) ဘိသိက်ခံခရစ်ယာန်များသည် အဘယ်ကောင်းကင်ဆိုင်ရာအဖွဲ့ဝင်များဖြစ်မည်နည်း။ (ခ) ကောင်းကင်ပြည်တော်သားများဖြစ်မည့်သူတို့ကို အဘယ်ကာလတာတိုင်အောင် ယေဟောဝါ ရွေးချယ်တော်မူခဲ့သနည်း။
၁၉ ၎င်းနှင့်အညီ ကောင်းကင်ဘုန်းဝင်စားသော ဘိသိက်ခံတို့အား “ယေရုရှလင်မြို့သစ်” ဟူ၍လည်း ခေါ်သည်။ (ဗျာဒိတ် ၂၁:၂) မြေကြီးဆိုင်ရာယေရုရှလင်မြို့သည် “မဟာမင်းကြီး၏မြို့တော်” ဖြစ်ပြီး ဗိမာန်တော်တည်စိုက်ရာအရပ်လည်း ဖြစ်သည်။ (မဿဲ ၅:၃၅) ကောင်းကင်ဆိုင်ရာယေရုရှလင်မြို့သစ်သည် တော်ဝင်ဘုရားသခင့်နိုင်ငံတော်အဖွဲ့ဖြစ်ပြီး ၎င်းအားဖြင့် မဟာပိုင်သအုပ်စိုးရှင်၊ ယေဟောဝါနှင့် ကိုယ်တော်၏ခန့်အပ်ခံဘုရင်၊ ယေရှုတို့သည် ယခု အုပ်ချုပ်တော်မူကြကာ လူသားတို့၏အနာရောဂါငြိမ်းစရာအတွက် ယေဟောဝါ၏ပလ္လင်တော်မှ ကောင်းချီးမင်္ဂလာများစီးဆင်းလာစဉ် ယဇ်ပုရောဟိတ်လုပ်ငန်းကို ထိုတွင်ဆောင်ရွက်လျက်ရှိတော်မူသည်။ (ဗျာဒိတ် ၂၁:၁၀၊ ၁၁; ၂၂:၁-၅) အခြားရူပါရုံတစ်ခုတွင် သစ္စာရှိ၊ ရှင်ပြန်ထမြောက်ပြီးသော ဘိသိက်ခံခရစ်ယာန်များအား ‘သိုးသငယ်၏မိန်းမ’ ဟုရည်ညွှန်းပြောဆိုသံကို ယောဟန်ကြားလိုက်သည်။ ယင်းသည် ယေရှုနှင့် သူတို့တရင်းတနှီးရှိ၍ ကိုယ်တော်အားလက်အောက်ခံနေမည့်အဖြစ်ကိုဖော်ပြသော အလွန်ကြည်နူးဖွယ်မြင်ကွင်းပါတကား! သူတို့တွင် နောက်ဆုံးသောသူသည် ကောင်းကင်ဆိုင်ရာဆုလာဘ်ကို ဆွတ်ခူးသည့်အခါ ကောင်းကင်၌ရှိမည့် ရွှင်လန်းခြင်းကို စိတ်ကူးကြည့်ပါလေ။ ယခု “သိုးသငယ်၏မင်္ဂလာဆောင်ပွဲ” ကိုခံနိုင်မည့်အချိန် တိုင်လေပြီတကား! ထိုအခါတွင် ၎င်းတော်ဝင်ကောင်းကင်ဆိုင်ရာအဖွဲ့၏အရေအတွက်သည် ပြည့်သွားပါလိမ့်မည်။—ဗျာဒိတ် ၁၉:၆-၈။
၂၀ မှန်ပါသည်။ “ငါတို့မူကား ကောင်းကင်ပြည်တော်သားများဖြစ်သည်” ဟုတမန်တော်ပေါလုရည်ညွှန်းပြောဆိုသူများအတွက် အံ့ချီးဖွယ်ကောင်းချီးများ သိုမှီးထားပါသည်။ (ဖိလိပ္ပိ ၃:၂၀) နှစ်ပေါင်းနှစ်ထောင်နီးပါးတိုင်အောင် ယေဟောဝါသည် ကိုယ်တော်၏ဝိညာဏသားများကို ရွေးချယ်ကာ သူတို့၏ကောင်းကင်အမွေကိုခံယူနိုင်ရန် အသင့်ပြင်ဆင်ပေးတော်မူခဲ့ပြီ။ သာဓကများအားလုံးအရ ဤရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းသည် ပြီးစီးလုနီးပြီ။ သို့သော် ဗျာဒိတ်အခန်းကြီး ၇ တွင်မှတ်တမ်းတင်ထားသည့် ယောဟန်အားဖော်ပြသောရူပါရုံအရ နောက်ထပ်ဖြစ်ပျက်စရာအကြောင်းများရှိပါသေးသည်။ ထိုကြောင့် ဤတွင် အခြားခရစ်ယာန်အုပ်စုတစ်စုကို ကျွန်ုပ်တို့အာရုံပြုစရာအကြောင်းပေါ်လာလေသည်။ ဤအုပ်စုအကြောင်း နောက်ဆောင်းပါးတွင် ဆင်ခြင်သုံးသပ်ပါမည်။
သင်မှတ်မိသလော
◻ ကောင်းကင်အမွေရမည့်သူများအပေါ် ဝိညာဉ်တော်ဆိုင်ရာ လုပ်ငန်းအသီးသီးကား အဘယ်နည်း။
◻ ဘိသိက်ခံများသည် ယေဟောဝါနှင့်လည်းကောင်း၊ ယေရှုနှင့်လည်းကောင်း အဘယ်ရင်းနှီးသောဆက်ဆံရေးရှိသနည်း။
◻ ဘိသိက်ခံခရစ်ယာန်အသင်းတော်ကို သမ္မာကျမ်းစာတွင် မည်သို့ဖော်ပြထားသနည်း။
◻ ဘုရားသခင်၏ဣသရေလအမျိုးကို မည်သည့်တရားဝင်အခြေခံအပေါ် ဖွဲ့စည်းထားသနည်း။
◻ ဘိသိက်ခံခရစ်ယာန်များရရှိမည့် ကောင်းကင်ဆိုင်ရာအခွင့်အရေးများကား အဘယ်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
နှစ်ပေါင်းနှစ်ထောင်နီးပါးကာလအတွင်း ယေဟောဝါသည် ကောင်းကင်နိုင်ငံတော်တွင် အစိုးရမည့်သူများကို ရွေးချယ်တော်မူခဲ့သည်