“ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
လွန်ခဲ့သည့် ၁၉ ရာစုကျော်အချိန်က ထိုစကားများကို ယေရှုခရစ်မြွက်ဆိုသောအခါ အန္တရာယ်ရှိသော ဘာသာရေးသွန်သင်ချက်များနှင့် အလေ့အထများကို မိမိ၏တပည့်တော်များအား သတိပေးနေခြင်းဖြစ်သည်။ (မဿဲ ၁၆:၆၊ ၁၂) မာကု ၈:၁၅ ပါမှတ်တမ်းက ဤသို့တိကျစွာဖော်ပြသည်– “ဖာရိရှဲတို့၏တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏တဆေးကိုလည်းကောင်း သတိနှင့်ကြဉ်ရှောင်ကြ။” အဘယ်ကြောင့် ဟေရုဒ်ပါရသနည်း။ အကြောင်းမှာ အချို့သောဇဒ္ဒုကဲတို့သည် နိုင်ငံရေးအုပ်စုဖြစ်သော ဟေရုဒ်၏နောက်လိုက်များဖြစ်ကြသည်။
ယင်းသို့ အထူးသတိပေးချက် အဘယ်ကြောင့်လိုအပ်ရသနည်း။ ဖာရိရှဲနှင့် ဇဒ္ဒုကဲနှစ်စုလုံးတို့သည် ယေရှုကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်သူများ မဟုတ်ပေလော။ (မဿဲ ၁၆:၂၁; ယောဟန် ၁၁:၄၅-၅၀) ဟုတ်ပါသည်။ သို့သော် သူတို့ထဲမှ အချို့သောသူတို့သည် ခရစ်ယာန်ဘာသာကို လက်ခံလာကြပြီး သူတို့၏အယူအဆများကို ခရစ်ယာန်အသင်းတော်ထဲသို့သွတ်သွင်းရန် ကြိုးစားခဲ့ကြသည်။—တမန်တော် ၁၅:၅။
တပည့်တော်များကိုယ်နှိုက်က ထိုဘာသာရေးခေါင်းဆောင်များ၏ ဩဇာအောက်၌ ကြီးပြင်းလာရာ သူတို့ကိုတုပနိုင်သည့်အန္တရာယ်လည်း ရှိသည်။ တစ်ခါတစ်ရံ ထိုဘာသာရေးနောက်ခံမှ လာခြင်းကိုယ်နှိုက်က ယေရှု၏သွန်သင်ချက်များကို နားလည်ရန် အဆီးအတားသဖွယ်ဖြစ်စေသည်။
ဖာရိရှဲတို့၏အယူဝါဒနှင့် ဇဒ္ဒုကဲတို့၏အယူဝါဒသည် အဘယ်ကြောင့် ဤမျှအန္တရာယ်ကြီးမားရသနည်း။ ယေရှုခေတ်က ဘာသာရေးအခြေအနေများကို စစ်ဆေးလေ့လာကြည့်ခြင်းက ကျွန်ုပ်တို့အား သဘောပေါက်စေပေမည်။
ဘာသာရေးမညီညွတ်မှု
စီ.အီး. ပထမရာစုအတွင်းက ဂျူးလူမျိုးအသိုင်းအဝိုင်းနှင့်ပတ်သက်၍ သမိုင်းဆရာမက်စ်ရေဒင်က ဤသို့ရေးသားထားသည်– “ဂျူးအသင်းတော်များအချင်းချင်း အမှီသဟဲပြုခြင်းကင်းမဲ့မှုသည် အမှန်ပင်ဖြစ်သည်၊ ထိုသို့ဖြစ်ရန်ပင် တွန်းအားပေးခံရသည်။ . . . ဗိမာန်တော်နှင့် သန့်ရှင်းသောမြို့တော်၏ ရိုသေလေးမြတ်ထိုက်ခြင်းသည် အထူးအလေးပေးခံရဆုံးသော အရာဖြစ်လေ့ရှိသော်လည်း ယင်းသည် အမိနိုင်ငံတွင် မြင့်မားသောအခွင့်အာဏာကို လက်ရှိကိုင်စွဲထားသူများအတွက်မူ အလွန်အမင်းစက်ဆုပ်ရွံရှာဖွယ်ရာ ဖြစ်နိုင်သည်။”
အမှန်ပင် ဝမ်းနည်းဖွယ်ရာဝိညာဉ်ရေးအခြေအနေပါတကား! ယင်းသို့ဖြစ်ရသည့် အကြောင်းအချို့ကား အဘယ်နည်း။ ပါလက်စတိုင်းတွင် ဂျူးအားလုံးနေထိုင်ကြသည်မဟုတ်ချေ။ ယဇ်ပုရောဟိတ်များကို လူ့အသိုင်းအဝိုင်း၏ ခေါင်းဆောင်များအဖြစ်လက်မခံသော ဂရိယဉ်ကျေးမှု၏အရှိန်သြဇာက ယဇ်ပုရောဟိတ်ဆိုင်ရာ ယေဟောဝါ၏အစီအစဉ်အား ရိုသေလေးစားခြင်းကို လုံးပါးပါးစေသည်။ (ထွက်မြောက်ရာ ၂၈:၂၉; ၄၀:၁၂-၁၅) ပညာတတ်သော သာမညလူတန်းစားနှင့် ကျမ်းတတ်များကိုလည်း ထည့်မတွက်၍မရချေ။
ဖာရိရှဲများ
ဖာရိရှဲ သို့မဟုတ် ပါရူရှင်း ဟူသောအမည်သည် “သီးသန့်လူများ” ဟု အဓိပ္ပာယ်ရှိဟန်ရသည်။ ဖာရိရှဲတို့သည် မိမိတို့ကိုယ်ကို မောရှေ၏နောက်လိုက်များဟု ယူမှတ်ကြသည်။ သူတို့သည် ဝါဒတူသူလူစု (ဟေဗြဲ၊ ချာဗူရာ) ကို ကိုယ်ပိုင်ဖွဲ့စည်းကြသည်။ လူတစ်ဦးအဖွဲ့ဝင်ဖြစ်ရန် ထိုသူသည် လေဝိဆိုင်ရာသန့်ရှင်းစင်ကြယ်မှုကို တိတိကျကျလိုက်လျှောက်မည့်အကြောင်း၊ အမ်ဟာအရက်စ် (ပညာမတတ်သောလူများစု) တို့နှင့် တရင်းတနှီးပေါင်းဖော်ခြင်းကို ရှောင်မည့်အကြောင်း၊ ဆယ်ဖို့တစ်ဖို့ကို တိတိကျကျပေးမည့်အကြောင်းတို့ကို အဖွဲ့သားသုံးယောက်ရှေ့တွင် ကတိသစ္စာခံရသည်။ မာကု ၂:၁၆ က “ကျမ်းပြုဆရာဖာရိရှဲ” များအကြောင်း ပြောဆိုထားသည်။ ဤအဖွဲ့ဝင်အချို့တို့သည် သမ္ဘာရင့်ကျမ်းတတ်များနှင့် ဆရာများဖြစ်ကြပြီး အခြားသူများမူ သာမန်အသင်းသားများဖြစ်ကြသည်။—မဿဲ ၂၃:၁-၇။
ဖာရိရှဲတို့သည် နေရာတိုင်းတွင်ရှိသောဘုရားသခင်တစ်ဆူကို ယုံကြည်ကြသည်။ သူတို့အကြောင်းပြသည်မှာ “ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသဖြင့် ဗိမာန်တော်ထဲတွင်ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်နိုင်ပြီး ယဇ်ပူဇော်ခြင်းဖြင့်သာ ကိုယ်တော်အားပတ္ထနာပြုရမည်ဟူ၍ မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် တရားဇရပ်ကို ဗိမာန်တော်နှင့်အပြိုင်ဖြစ်အောင် ဝတ်ပြုရာ၊ လေ့လာသင်ယူရာ၊ ဆုတောင်းရာအရပ် ဖြစ်လာအောင်လုပ်ကာ လူတို့၏အသက်တာတွင် ဗဟိုကျပြီး အရေးကြီးသောနေရာဖြစ်လာစေကြသည်။”—ဂျူးဒေးယကားစွယ်စုံကျမ်း
ဖာရိရှဲတို့သည် ယေဟောဝါ၏ဗိမာန်တော်အား လေးမြတ်ခြင်း လျော့ပါးကြသည်။ ယင်းအချက်ကို ယေရှု၏စကားတွင် တွေ့မြင်နိုင်သည်– “လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ‘ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ဗိမာန်တော်၏ရွှေကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်’ ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့ အဘယ်အရာသည် သာ၍မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကိုသန့်ရှင်းစေသော ဗိမာန်တော်ကား မြတ်သလော။ တစ်နည်းကား ‘ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သကာကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်’ ဟုသင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့ အဘယ်အရာသည် သာ၍မြတ်သနည်း။ ထိုပူဇော်သကာကား မြတ်သလော။ ထိုပူဇော်သကာကို သန့်ရှင်းစေသောယဇ်ပလ္လင်ကား မြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်၍ကျိန်ဆိုလျှင် ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာရှိသမျှကို တိုင်တည်၍ကျိန်ဆိုသတည်း။”—မဿဲ ၂၃:၁၆-၂၀။
ဖာရိရှဲတို့၏ စဉ်းစားတွေးပုံသည် အဘယ်ကြောင့်ဤမျှ လွဲမှားသွေဖည်ရသနည်း။ မည်သည့်အရာကို သူတို့လျစ်လျူရှုကြသနည်း။ ယေရှုဆက်ပြောသည့်စကားကို မှတ်သားပါ– “ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသော သူကို တိုင်တည်၍ကျိန်ဆိုသတည်း။” (မဿဲ ၂၃:၂၁) ဤအခန်းငယ်နှင့်ပတ်သက်၍ ကျမ်းပညာရှင် အီး. ပီ. စယ်န်ဒယ်ဇ်က ဤသို့ယူမှတ်ပြောဆိုသည်– “ဗိမာန်တော်သည် သန့်ရှင်းရခြင်းမှာ သန့်ရှင်းတော်မူသောဘုရားသခင်သည် ထိုနေရာတွင် ဝတ်ပြုခံသောကြောင့်သာမဟုတ်ဘဲ ထိုနေရာတွင် ကိုယ်တော် ရှိ နေသောကြောင့်ဖြစ်သည်။” (ဂျူးဘာသာ– အကျင့်နှင့်ယုံကြည်ချက်၊ ၆၃ ဘီစီအီး—၆၆ စီအီး) သို့သော် နေရာတိုင်းတွင် ကိုယ်တော်ရှိသည်ဟု ထင်မှတ်သူများအတွက် ယေဟောဝါ၏ အထူးရှိနေတော်မူခြင်းသည် အဓိပ္ပာယ်မရှိလှပေ။
ဖာရိရှဲတို့သည် တင်ကူးပြဋ္ဌာန်းခြင်းနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုင်ရာ ပေါင်းစပ်ထားသည့်အယူဝါဒကိုလည်း ယုံကြည်ကြသည်။ တစ်နည်းပြောရလျှင် “အရာခပ်သိမ်းကို တင်ကူးပြဋ္ဌာန်းထားသော်လည်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားသည်။” သို့သော်လည်း အာဒံနှင့်ဧဝတို့သည် အပြစ်ပြုရန် တင်ကူးပြဋ္ဌာန်းထားခြင်းခံရသည်၊ လက်ချောင်းတွင် သေးသေးမွှားမွှားထိမိရှမိသည်ကိုပင် တင်ကူးပြဋ္ဌာန်းခံရသည်ဟု သူတို့ယူမှတ်ကြသည်။
လူ ၁၈ ယောက်သေဆုံးသော မြို့ရိုးပြိုလဲခြင်းအကြောင်း ယေရှုပြောဆိုသောအခါ ထိုမှားယွင်းသောအယူအဆများကို အမှတ်ပြု၍ပြောဆိုခြင်းဖြစ်ပေမည်။ ကိုယ်တော်ဤသို့မေးတော်မူသည်– “[ဤကပ်သင့်သူများသည်] ယေရုရှလင်မြို့သားအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်ဟု ထင်ကြသလော။” (လုကာ ၁၃:၄) မတော်တဆမှုများစွာတွင်ကဲ့သို့ ယင်းသည် “အချိန်စေ့ခြင်းနှင့် ကြိုမမြင်နိုင်သော အဖြစ်” ၏ရလဒ်ဖြစ်ကာ ဖာရိရှဲများသွန်သင်သကဲ့သို့ တင်ကူးပြဋ္ဌာန်းခြင်းမဟုတ်ချေ။ (ဒေသနာ ၉:၁၁၊ ကဘ) ထိုသို့ အသိပညာကြွယ်ဝသူဟု အဆိုရှိသောသူများသည် ကျမ်းစာပညတ်များကို မည်သို့ကိုင်စွဲကြမည်နည်း။
သူတို့သည် ဘာသာရေးဆိုင်ရာဆန်းသစ်တီထွင်သူများဖြစ်
ကျမ်းစာပညတ်များကို လူမျိုးဆက်တစ်ဆက်တွင်ရှိရဗ္ဗိများက နောက်ဆုံးပေါ်အချက်အလက်များနှင့်အညီ အနက်ပြန်ရမည်ဟု ဖာရိရှဲတို့က အခိုင်အမာပြောဆိုကြသည်။ ထို့ကြောင့် ဂျူးဒေးယကားစွယ်စုံကျမ်း ကပြောသည်မှာ သူတို့သည် “တိုရာ၏သွန်သင်ချက်များကို သူတို့၏တိုးတက်ပြောင်းလဲသော အယူအဆများနှင့်အညီ ပြုပြင်ခြင်း၊ သို့မဟုတ် သူတို့၏အယူအဆများအတိုင်း အဓိပ္ပာယ်ပေါက်သော သို့မဟုတ် သဘောသက်ရောက်သော စာသားများကို တိုရာတွင်ရှာဖွေခြင်းသည် သူတို့တွက် ကြီးကျယ်သည့်အခက်အခဲမဟုတ်ပါ” ဟူ၍ဖြစ်သည်။
သူတို့သည် နှစ်စဉ်အပြစ်ဖြေရာနေ့နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းကြီးထံမှ အပြစ်ဖြေနိုင်သည့်တန်ခိုးအာဏာကို နေ့ရက်ကိုယ်နှိုက်သို့ ပြောင်းရွှေ့လိုက်ကြသည်။ (ဝတ်ပြုရာ ၁၆:၃၀၊ ၃၃) ပသခါအခမ်းအနားတွင် သူတို့သည် တဆေးမဲ့မုန့်နှင့် စပျစ်ရည်ဆိုင်ရာ ထွက်မြောက်ရာကျမ်းမှတ်တမ်းပါ သင်ခန်းစာများရွတ်ဆိုခြင်းကို ပသခါသိုးသငယ်ထက် များစွာသာ၍အသားပေးကြသည်။
နောက်ဆုံးတွင် ဖာရိရှဲတို့သည် ဗိမာန်တော်တွင် ဩဇာညောင်းလာကြသည်။ နောက်ပိုင်းတွင် သူတို့သည် ရိတ်သိမ်းရာပွဲတော်ညတွင် ရှိလောင်ရေကန်မှ ရေများကို စီတန်းလှည့်လည်သည့်အခန်းအနားဖြင့် သယ်ဆောင်ခြင်း၊ နောက်တစ်နေ့နံနက်တွင် ထိုရေများကို ဝိုင်း၍သောက်ကြခြင်း၊ ပွဲတော်နိဂုံးချုပ်သောအခါ ယဇ်ပလ္လင်ပေါ်တွင် မိုးမခပင်များဖြင့် ထုရိုက်ခြင်းနှင့် ပညတ္တိကျမ်းတွင် အခြေမပြုသော နေ့စဉ်ပုံမှန်ဆုတောင်းခြင်းများကို လုပ်လာကြသည်။
“အထူးသဖြင့်ထင်ရှား” သည်ကား “ဥပုသ်နှင့်ပတ်သက်သော ဖာရိရှဲတို့၏ တီထွင်ဆန်းသစ်မှုများဖြစ်သည်” ဟု The Jewish Encyclopedia ကဆိုသည်။ ဇနီးသည်များသည် မီးအိမ်များထွန်းခြင်းအားဖြင့် ဥပုသ်ကိုကြိုဆိုရန် တောင်းဆိုခံရကြသည်။ အချို့သောအကျင့်အကြံများသည် ပညတ်နှင့်မညီညွတ်သောအလုပ်သို့ ခြေဦးလှည့်ဟန်ရှိက ဖာရိရှဲများသည် ယင်းကိုတားမြစ်ကြသည်။ ဆေးဝါးကုသမှုကိုပင် စည်းမျဉ်းဥပဒေကြပ်မတ်သည့်အထိ လွန်ကဲလာကြကာ ဥပုသ်နေ့တွင် ယေရှုရောဂါကုသပေးခြင်းကို ဒေါသထွက်ကြောင်း တင်ပြကြသည်။ (မဿဲ ၁၂:၉-၁၄; ယောဟန် ၅:၁-၁၆) သို့သော် ဤဘာသာရေးဆန်းသစ်တီထွင်သူများသည် စည်းမျဉ်းသစ်များချမှတ်ခြင်းဖြင့် ကျမ်းစာပညတ်များကိုကာကွယ်ရန် ဘောင် သို့မဟုတ် စည်းရိုးခတ်ဖို့ ကြိုးစားအားထုတ်ခြင်းဖြင့် မကျေနပ်ကြသေးချေ။
ပယ်ဖျက်ခြင်း
မိမိတို့သည် ကျမ်းစာပညတ်များကို ဆိုင်းငံထားပိုင်သော သို့မဟုတ် ပယ်ဖျက်ပိုင်သော အခွင့်အာဏာရှိသည်ဟု ဖာရိရှဲတို့ကအဆိုပြုသည်။ သူတို့၏အကြောင်းပြချက်သည် တာလ်မွဒ်ကျမ်း၏ ဆိုရိုးတစ်ခုကို ထင်ဟပ်ပြသည်– “တိုရာကျမ်းတစ်ကျမ်းလုံးကို မေ့ပျောက်သွားခြင်းထက် ပညတ်တစ်ခုနုတ်ပယ်ခံရခြင်းက သာ၍ကောင်းသည်။” ဥပမာတစ်ခုအနေနှင့် ယုဘိလပွဲတော်ချိန်နီးလာသောအခါ ဆင်းရဲသားများအား မည်သူကမျှ ချေးငှားခြင်းမပြုတော့သဖြင့် သူတို့၏ရပိုင်ခွင့်ဆုံးရှုံးမည်ကို စိုးသောကြောင့် ယုဘိလပွဲတော်ကို မကျင်းပကြတော့ချေ။—ဝတ်ပြုရာအခန်းကြီး ၂၅။
အခြားဥပမာများမှာ သူ့သားအိမ်ရာပြစ်မှားသည်ဟု မသင်္ကာခံရသော မိန်းမတစ်ဦး၏အမှုကို ရုပ်သိမ်းပယ်ဖျက်ခြင်းနှင့် လက်သည်မပေါ်သောလူသတ်မှုတို့တွင် ပြစ်ဒဏ်ခံရသည့်အစီအစဉ်ကို ဆိုင်းငံ့ထားခြင်းတို့ဖြစ်သည်။ (တောလည်ရာ ၅:၁၁-၃၁; တရားဟောရာ ၂၁:၁-၉) လူတစ်ဦး၏ ဆင်းရဲသောမိဘအား ပေးကမ်းထောက်ပံ့ခြင်းဆိုင်ရာ ကျမ်းစာတောင်းဆိုချက်ကို ဖာရိရှဲတို့ ပယ်ဖျက်ကြတော့မည့်အချိန်မှာ မဝေးတော့ပေ။—ထွက်မြောက်ရာ ၂၀:၁၂; မဿဲ ၁၅:၃-၆။
ယေရှုဤသို့သတိပေးခဲ့သည်– “လျှို့ဝှက်ခြင်းတည်းဟူသော ဖာရိရှဲတို့၏တဆေးကို ရှေးဦးစွာကြဉ်ရှောင်ကြလော့။” (လုကာ ၁၂:၁) သီအိုကရက်တစ်မဆန်သော သဘောထားများဖြင့်ဖြစ်သည့် ဖာရိရှဲဝါဒသည် အမှန်ပင်အရေခြုံခြင်း—ခရစ်ယာန်အသင်းတော်တွင်းသို့ လုံးဝမရောက်သင့်သည့်အရာ ဖြစ်သည်။ သို့သော် ဂျူးတို့၏ ကိုးကားစာပေများတွင် ဖာရိရှဲတို့ကို ဇဒ္ဒုကဲများထက် သာ၍သဘောတွေ့ကြောင်း ဖော်ပြထားသည်။ သာ၍ရှေးရိုးစွဲသော ဤအဖွဲ့အကြောင်း သုံးသပ်ကြည့်ကြစို့။
ဇဒ္ဒုကဲများ
ဇဒ္ဒုကဲဟူသောအမည်သည် ရှောလမုန်အချိန်က ယဇ်ပုရောဟိတ်မင်းကြီးဟုအဓိပ္ပာယ်ရသော ဇာဒေါ့ခ်ဟူသည့်ဝေါဟာရမှ ယူထားဟန်ရှိသည်။ (၃ ဓမ္မရာဇဝင် ၂:၃၅၊ ကဘ အောက်ခြေမှတ်ချက်) ဇဒ္ဒုကဲတို့သည် ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ်အစီအစဉ်၏အကျိုးကို ကိုယ်စားပြုသည့် ရှေးရိုးစွဲအဖွဲ့တစ်ခုကို ဖွဲ့စည်းကြသည်။ ဖာရိရှဲတို့နှင့်မတူဘဲ လေ့လာဆည်းပူးခြင်းနှင့် ဘုရားတရားကြည်ညိုကိုင်းရှိုင်းခြင်းတို့အားဖြင့် ဩဇာအာဏာရှိကြောင်းတင်ပြသော ဇဒ္ဒုကဲတို့သည် ဆွေစဉ်မျိုးဆက်စာရင်းနှင့် ရာထူးဌာနန္တရတို့ကို အခြေပြု၍ အရေးပေးမှုရယူကြသည်။ သူတို့သည် စီ.အီး. ၇၀ ခု၊ ဗိမာန်တော်ပျက်စီးသည့်အချိန်တိုင်အောင် ဖာရိရှဲတို့၏ဆန်းသစ်တီထွင်မှုများကို ဆန့်ကျင်ခဲ့ကြသည်။
ဇဒ္ဒုကဲတို့သည် တင်ကူးပြဋ္ဌာန်းခြင်းကို ငြင်းပယ်သည့်အပြင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ အခြားနေရာများတွင် ဖော်ပြထားစေကာမူ ပင်တာကျွတ်ကျမ်းတွင် တိကျစွာဖော်ပြထားခြင်းမရှိသော မည်သည့်သွန်သင်ချက်ကိုမဆို လက်ခံရန်ငြင်းဆန်ကြသည်။ အမှန်မှာ ဤကိစ္စများကို “အငြင်းပွားခြင်းသည် ပါရမီတစ်ပါးဖြစ်သည်ဟု ယူမှတ်ကြသည်။” (The Jewish Encyclopedia) ယင်းက ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယေရှုအား သူတို့စိန်ခေါ်သည့်အဖြစ်အပျက်ကို ပြန်လည်သတိရစေသည်။
လင်ခုနစ်ယောက်ရှိသည့် မုဆိုးမပုံဥပမာကိုသုံး၍ ဇဒ္ဒုကဲတို့ဤသို့မေးကြသည်– “ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏မယားဖြစ်ရပါမည်နည်း။” သူတို့ပြောသော စိတ်ကူးယဉ်ထဲမှ ထိုမုဆိုးမသည် လင် ၁၄ ယောက် သို့မဟုတ် ၂၁ ယောက်လည်း ရှိနိုင်သည်။ ယေရှုဤသို့ဖြေရှင်းသည်– “ထမြောက်ရာကာလ၌ စုံဖက်ခြင်းကိုမပြု၊ ထိမ်းမြားပေးစားခြင်းကိုမပြု။”—မဿဲ ၂၂:၂၃-၃၀။
မောရှေမှလွဲ၍ မှုတ်သွင်းခံအခြားကျမ်းရေးသူများကို ငြင်းပယ်သည့် ဇဒ္ဒုကဲတို့အကြောင်းကိုသိသော ယေရှုက ပင်တာကျွတ်ကျမ်းကိုကိုးကား၍ မိမိ၏တင်ပြချက်ကို သက်သေထူသည်။ ကိုယ်တော်ဤသို့မိန့်တော်မူသည်– “သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်’ ဟု မောရှေအားမိန့်တော်မူကြောင်းကို မောရှေ၏ကျမ်းချုံခန်း၌ သင်တို့မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။”—မာကု ၁၂:၂၆၊ ၂၇။
ယေရှုနှင့်ကိုယ်တော့်နောက်တော်လိုက်များကို ညှဉ်းဆဲသူများ
ဇဒ္ဒုကဲတို့သည် အခြားလူမျိုးများနှင့်ဆက်ဆံရာတွင် ကိုယ်တော်ကြွလာခြင်းကို ယုံဦးတော့ မေရှိယကို စောင့်ဆိုင်းမည့်အစား နိုင်ငံရေးရာ အုပ်ချုပ်မှုအတတ်ပညာအသုံးပြုခြင်းကို အယုံအကြည်ရှိကြသည်။ ရောမ၏သဘောတူညီချက်ဖြင့် သူတို့သည် ဗိမာန်တော်ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ပြီး ကိစ္စရပ်များတွင် ဝင်ရောက်နှောင့်ယှက်မည့် မည်သည့်မေရှိယ ပေါ်ထွန်းခြင်းကိုမျှ မလိုလားကြချေ။ ယေရှုကို မိမိတို့၏ရာထူးအတွက် အန္တရာယ်ကောင်အဖြစ်မြင်ကြသောကြောင့် ကိုယ်တော်အား မသမာသည့်နည်းဖြင့် သေကြောင်းကြံရန် ဖာရိရှဲတို့နှင့်ပူးပေါင်းကြသည်။—မဿဲ ၂၆:၅၉-၆၆; ယောဟန် ၁၁:၄၅-၅၀။
နိုင်ငံရေးအခြေခံ၍ပေါ်ပေါက်လာသော ဇဒ္ဒုကဲတို့သည် ရောမအား သစ္စာစောင့်ခြင်းကို ရေးကြီးခွင့်ကျယ်သဘောထားပြီး ဤသို့ကြွေးကြော်ကြသည်– “အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှမရှိပါ။” (ယောဟန် ၁၉:၆၊ ၁၂-၁၅) ယေရှုသေဆုံး၍ ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ခရစ်ယာန်ဘာသာတိုးတက်ပြန့်ပွားခြင်းကို ရပ်တန့်အောင်ကြိုးစားသူများမှာ ဇဒ္ဒုကဲများပင်ဖြစ်သည်။ (တမန်တော် ၄:၁-၂၃; ၅:၁၇-၄၂; ၉:၁၄) စီ.အီး. ၇၀ ခုတွင် ဗိမာန်တော်ပျက်စီးသောအခါ ထိုအုပ်စုလည်း မရှိတော့ပေ။
သတိရှိနေရန်လိုအပ်ခြင်း
ယေရှု၏သတိပေးချက် ပြည့်စုံမှန်ကန်လာခြင်းကား မည်မျှလျောက်ပတ်ပါသည်တကား! မှန်ပါသည်၊ ကျွန်ုပ်တို့သည် “ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့်ကြဉ်ရှောင်” ရန် လိုအပ်သည်။ ဂျူးအသိုင်းအဝိုင်းနှင့် ယနေ့ခရစ်ယာန်ဘောင်တို့တွင် တွေ့ရသော ပုပ်ပျက်သည့်အသီးများကို သတိပြုရန်သာရှိသည်။
သို့သော် သူတို့နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေတို့၏ ၇၅,၅၀၀ ကျော်သော အသင်းတော်များမှ အရည်အချင်းပြည့်ခရစ်ယာန်အကြီးအကဲများသည် ‘မိမိတို့ကိုယ်ကိုလည်းကောင်း၊ မိမိတို့၏ဆုံးမသြဝါဒကိုလည်းကောင်း အစဉ်အမြဲသတိပြုနေ’ ကြသည်။ (၁ တိမောသေ ၄:၁၆) သူတို့သည် သမ္မာကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင်မှုတ်သွင်းတော်မူသည်ဟု လက်ခံကြသည်။ (၂ တိမောသေ ၃:၁၆) သူတို့သည် ဆန်းသစ်တီထွင်မှုပြုပြီး ကိုယ်ပိုင်ဘာသာရေးအစီအစဉ်များကို တိုးတက်ဖြစ်ပေါ်စေမည့်အစား ဤမဂ္ဂဇင်းကို ညွှန်ကြားမှုဆိုင်ရာ အဓိကကျသည့်ကိရိယာအဖြစ် အသုံးပြုသော သမ္မာကျမ်းစာအခြေခံသည့် အဖွဲ့အစည်း၏ လမ်းညွှန်မှုအောက်တွင် စည်းလုံးစွာအလုပ်လုပ်နေကြသည်။—မဿဲ ၂၄:၄၅-၄၇။
ရလဒ်ကားအဘယ်နည်း။ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောလူတို့သည် သမ္မာကျမ်းစာအသိပညာများကို သိရှိလာကြပြီး မိမိတို့၏အသက်တာတွင်ကျင့်သုံးကာ ယင်းကို အခြားသူများအား သင်ပြပေးသည်နှင့်အမျှ ဝိညာဉ်ရေးအရ မြှင့်တင်ခံရကြသည်။ ယင်းမည်သို့ ဖြစ်ထွန်းအောင်မြင်သည်ကို သိမြင်ရန် အနီးဆုံးတွင်ရှိသော ယေဟောဝါသက်သေတို့၏အသင်းတော်သို့ သွားရောက်လည်ပတ်ပါလေ၊ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါလေ။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်]
မိမိ၏ပရိသတ်ကို ယေရှုထည့်တွက်
ယေရှုခရစ်သည် ရှင်းလင်းစွာသွန်သင်တော်မူပြီး မိမိကိုကြားနာသူများ၏ အယူအဆကို ထည့်သွင်းစဉ်းစားတော်မူသည်။ ဥပမာ၊ ဒုတိယ “မွေးခြင်း” ကိစ္စနှင့်ပတ်သက်၍ ဖာရိရှဲတစ်ဦးဖြစ်သူနိကောဒင်အား စကားပြောသောအခါ ယင်းသို့ပြုတော်မူသည်။ နိကောဒင်က ဤသို့မေးခဲ့သည်– “အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တစ်ဖန်ဝင်၍ မွေးခြင်းကိုခံနိုင်ပါမည်လော။” (ယောဟန် ၃:၁-၅) ဂျူးဘာသာသို့ဝင်ရန် တစ်ဖန်မွေးဖွားခြင်းလိုအပ်သည်ဟု ဖာရိရှဲတို့က ယုံကြည်ကြပြီး ရဗ္ဗိတို့၏အဆိုအမိန့်က ဘာသာပြောင်းဝင်လာသူကို “မွေးကင်းစကလေး” နှင့်နှိုင်းထားပါလျက်နှင့် နိကောဒင်သည် အဘယ်ကြောင့် ထိုမျှနားလည်ရခက်နေသနည်း။
ဂျွန်လိုက်ဖွတ်ရေးသည့် A Commentary on the New Testament From the Talmud and Hebraica အမည်ရှိဋီကာကျမ်းက အောက်ပါကဲ့သို့ ထိုးထွင်းဆင်ခြင်မှုပေးထားသည်– “ဣသရေလတစ်ဦး၏ အရည်အချင်းပြည့်မီမှုနှင့်ပတ်သက်သော ဂျူးလူမျိုးတို့၏ ယေဘုယျအယူအဆသည် . . . ဦးဆုံးဝင်ရောက်နေသည့် အစွဲကို အလွယ်တကူ” မဖယ်ပစ်နိုင်သည့် “ဤဖာရိရှဲတို့၏စိတ်တွင် စွဲကပ်နေဆဲဖြစ်သည် . . . – ‘ဣသရေလလူမျိုးသည် . . . မေရှိယနိုင်ငံတော်တွင် ဝင်ရောက်ရသောအခွင့် ရှိထားကြသည်ဖြစ်ရာ မည်သူမဆို ဣသရေလလူမျိုးအသစ်တစ်ဖန်ဖြစ်နိုင်ရန် သူ၏အမိဝမ်းထဲသို့ ဒုတိယအကြိမ်ပြန်ဝင်ရန်လိုအပ်သည်ဟု သင်၏ဤအဆိုက ဆိုလိုသလော။’”—မဿဲ ၃:၉ နှိုင်းယှဉ်။
ဘာသာပြောင်းဝင်လာသူများအတွက် အသစ်တစ်ဖန်မွေးဖွားခြင်းကို နိကောဒင်အသိအမှတ်ပြုသော်လည်း ယင်းအစီအစဉ်သည်—အမိဝမ်းထဲသို့ ပြန်ဝင်ခြင်းကဲ့သို့ ဇာတိဂျူးတစ်ဦးအတွက် မဖြစ်နိုင်ဟု နိကောဒင်ယူမှတ်သည်။
အခြားအချိန်တစ်ချိန်တွင် ‘မိမိ၏အသားကိုစား၍ မိမိ၏အသွေးကိုသောက်ခြင်း’ အကြောင်း ယေရှုပြောသောအခါ လူများစွာတို့သည် ကိုယ်တော်အားဆန့်ကျင်ကြသည်။ (ယောဟန် ၆:၄၈-၅၅) မည်သို့ဆိုစေ လိုက်ဖွတ်က “ဂျူးတို့၏ပညာသင်ကျောင်းများတွင် ‘စားခြင်းနှင့်သောက်ခြင်း’ ဟူသော စကားစုများကို တင်စားသည့်သဘောဖြင့် သုံးနှုန်းခြင်းသည် အခြားမည်သည့်အသုံးအနှုန်း ထက်မဆို သာ၍အသုံးများသည်” ဟုထောက်ပြသည်။ တာလ်မွဒ်ကျမ်းက “မေရှိယကိုစားသုံးခြင်း” ကို ဖော်ပြကြောင်းလည်း သူသတိပြုမိသည်။
ထို့ကြောင့် ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ အတွေးအမြင်များသည် ပထမရာစုဂျူးလူမျိုးတို့၏ တွေးတောစဉ်းစားမှုကို အတော်ပင်သြဇာလွှမ်းမိုးခဲ့သည်။ သို့သော် ယေရှုသည် လျောက်ပတ်စွာပင် မိမိပရိသတ် သိရှိထားသောအရာနှင့် တွေ့ကြုံထားသောအရာများကို အမြဲထည့်သွင်းစဉ်းစားတော်မူသည်။ ယင်းသည်ကား ကိုယ်တော်အား အကြီးမြတ်ဆုံးလူသားဖြစ်စေသည့် အကြောင်းများစွာတို့အနက် တစ်ခုဖြစ်သည်။