ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၇/၁ စာ. ၁၄-၁၉
  • ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်ဆိုင်ရာ အသန့်ရှင်းဆုံးအခန်း
  • ဘုရားသခင့်ဝိညာဏဗိမာန်တော်၏ အခြားအသွင်အပြင်များ
  • သန့်ရှင်းသောအခန်း
  • သာ၍ဘုန်းကြီးသော ဘုရားသခင်၏ ဝိညာဏဗိမာန်တော်
  • ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါသည် များစွာသောသားတို့ကို ဘုန်းဝင်စားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၇/၁ စာ. ၁၄-၁၉

ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်

“ထိုသို့သောယဇ်ပုရောဟိတ်မင်းသည် ငါတို့၌ရှိ၏။ . . . လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ်တည်းဟူသော သန့်ရှင်းရာဌာန၌ ဘုရားဝတ်ကိုပြုသောသူဖြစ်တော်မူ၏။”—ဟေဗြဲ ၈:၁၊ ၂။

၁။ ဘုရားသခင်သည် အပြစ်နှင့်ပြည့်ဝသော လူသားများအတွက် မေတ္တာပါသော အဘယ်အစီအစဉ်ကို စီစဉ်ခဲ့သနည်း။

ယဟောဝါသည် လူသားတို့အပေါ် ကြီးမားသည့်မေတ္တာထားတော်မူသောကြောင့် လောကီသားများ၏အပြစ်များကို ဖယ်ရှားပေးရန် ယဇ်တစ်ခုကို စီစဉ်တော်မူခဲ့သည်။ (ယောဟန် ၁:၂၉; ၃:၁၆) ကောင်းကင်မှ မိမိသားဦး၏အသက်ကို မာရိအမည်ရှိ ဂျူးကညာပျို၏ ဝမ်းသို့ပြောင်းရွှေ့ပေးဖို့လိုအပ်သည်။ သူမဝမ်းနှင့်လွယ်မည့်ကလေးသည် “သန့်ရှင်းသောသား . . . ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရမည်” ဖြစ်ကြောင်း ယေဟောဝါ၏ကောင်းကင်တမန်က မာရိအား အသေအချာရှင်းပြခဲ့သည်။ (လုကာ ၁:၃၄၊ ၃၅) မာရိနှင့်စေ့စပ်ထားသော ယောသပ်ကို ယေရှုသန္ဓေတည်ခြင်းနှင့်ပတ်သက်သည့် အံ့သြဖွယ်သဘောသဘာဝအကြောင်း ပြောပြခဲ့ပြီး ဤသူသည် “မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ” ဖြစ်ကြောင်း သိရှိစေခဲ့သည်။—မဿဲ ၁:၂၀၊ ၂၁။

၂။ ယေရှု အသက် ၃၀ အရွယ်ခန့်တွင် ဘာလုပ်ခဲ့ပြီး အဘယ်ကြောင့်ဤသို့ လုပ်ဆောင်ခဲ့သနည်း။

၂ ယေရှုသည်ကြီးပြင်းလာသောအခါ မိမိ၏အံ့ဖွယ်ဖွားမြင်ခြင်းနှင့်ပတ်သက်သည့် အဆိုပါအဖြစ်မှန်များမှ တချို့ကို နားလည်ခဲ့ပေမည်။ ကမ္ဘာပေါ်တွင် အသက်ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်ရန် ကောင်းကင်ခမည်းတော်က မိမိကိုစေခိုင်းထားတော်မူကြောင်း ကိုယ်တော်သိတော်မူသည်။ ထို့ကြောင့် ယောက်ျားရင့်မာကြီးတစ်ယောက်အဖြစ်ရောက်သော အသက် ၃၀ အရွယ်ခန့်တွင် ယေရှုသည် ယော်ဒန်မြစ်၌နှစ်ခြင်းခံရန် ဘုရားသခင့်ပရောဖက် ယောဟန်ထံသို့ လာခဲ့သည်။—မာကု ၁:၉; လုကာ ၃:၂၃။

၃။ (က) ယေရှုက “ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိ” ဟူ၍ ပြောခြင်းသည် မည်သည့်အရာကို ဆိုလိုတော်မူသနည်း။ (ခ) ယေရှုသည် နောင်လာတပည့်တော်အားလုံးအတွက် မည်သည့်ထင်ရှားသောစံနမူနာကို ပြတော်မူခဲ့သနည်း။

၃ ယေရှုသည် နှစ်ခြင်းခံသည့်အချိန်၌ ဆုတောင်းနေတော်မူသည်။ (လုကာ ၃:၂၁) ဆာလံ ၄၀:၆-၈ တွင်ပါပြီး နောက်ပိုင်းတွင် တမန်တော်ပေါလု ဖော်ပြသော “ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍ အကျွန်ုပ်တို့အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ” ဟူသည့်နှုတ်ကပါဌ်တော်ကို ကိုယ်တော့်အသက်တာ၏ ဤအချိန်မှစတင်ကာ ပြည့်စုံစေခဲ့ကြောင်း ထင်ရှားသည်။ (ဟေဗြဲ ၁၀:၅) သို့ဖြင့် ယေရုရှလင်ဗိမာန်တော်၌ တိရစ္ဆာန်ယဇ်များကို ဆက်၍ပူဇော်ဖို့ ဘုရားသခင် “အလိုတော်မရှိ” ကြောင်း မိမိသိရှိတော်မူခြင်းကို ယေရှုတင်ပြသည်။ ယင်းအစား ဘုရားသခင်သည် စုံလင်သည့်လူ့ကိုယ်ခန္ဓာတစ်ခုကို ယဇ်သကာအဖြစ်ပူဇော်ဖို့ မိမိကို ပြင်ဆင်စေတော်မူကြောင်း သိတော်မူသည်။ ယင်းက တိရစ္ဆာန်ယဇ်သကာများ ထပ်မံလိုအပ်မှုမှန်သမျှကို ဖယ်ရှားပစ်မည်ဖြစ်သည်။ ဘုရားသခင့်အလိုတော်အတိုင်း လိုက်လိုသည့် မိမိ၏လှိုက်လှဲသောဆန္ဒကို ဖော်ပြကာ ယေရှုက “(ကျမ်းစာလိပ်၌ အကျွန်ုပ်အားအမှတ်ပြု၍ ရေးထားသည်နှင့်အညီ) အကျွန်ုပ်သည် ကိုယ်တော်၏အလိုတော်ကို ဆောင်အံ့သောငှာသွားပါမည်” ဟု ဆက်၍ဆုတောင်းသည်။ (ဟေဗြဲ ၁၀:၇) ယေရှုသည် နောင်လာတပည့်တော်များအတွက် ရဲရင့်မှု၊ ကိုယ်ကျိုးမဖက်သောဆက်ကပ်အပ်နှံမှုတို့တွင် ပြောင်မြောက်သောစံနမူနာကို ထိုနေ့တွင် တင်ပြခဲ့သည်တကား!—မာကု ၈:၃၄။

၄။ ဘုရားသခင်သည် ယေရှုကိုယ်တိုင်၏ပူဇော်သကာကို နှစ်သက်လက်ခံတော်မူကြောင်း မည်သို့ပြသတော်မူခဲ့သနည်း။

၄ ယေရှု၏နှစ်ခြင်းဆုတောင်းချက်ကို ဘုရားသခင် နှစ်သက်လက်ခံတော်မူကြောင်း ပြသခဲ့ပါသလော။ ယေရှုရွေးချယ်ထားသော တပည့်တော်များထဲမှတစ်ယောက်က ဤအဖြေကို ကျွန်ုပ်တို့အား ပေးထားသည်– “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။’”—မဿဲ ၃:၁၆၊ ၁၇; လုကာ ၃:၂၁၊ ၂၂။

၅။ ပကတိဗိမာန်တော် ယဇ်ပလ္လင်က မည်သည့်အရာကို ပုံတင်ပြသနည်း။

၅ ယဇ်သကာအတွက် ယေရှုကိုယ်ခန္ဓာဆက်သခြင်းကို ဘုရားသခင်လက်ခံခြင်းက ဝိညာဏသဘောအရ ယေရုရှလင်ဗိမာန်တော်တွင်ရှိသော ယဇ်ပလ္လင်ထက် သာ၍ကြီးမြတ်သောယဇ်ပလ္လင်တစ်ခု ပေါ်လွင်ထင်ရှားလာပြီဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ယဇ်သကာအတွက် တိရစ္ဆာန်များကို ဆက်သသည့်ပကတိယဇ်ပလ္လင်သည် အမှန်အားဖြင့် ယဇ်သကာအဖြစ် ယေရှု၏လူသားအသက်ကို လက်ခံဖို့ ဘုရားသခင့် “အလိုတော်” သို့မဟုတ် အစီအစဉ်ဖြစ်သည့် ဝိညာဏယဇ်ပလ္လင်ကို တင်ကြိုသရုပ်ဖော်သည်။ (ဟေဗြဲ ၁၀:၁၀) ဤအကြောင်းကြောင့်ပင် တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား “တဲတော် [သို့မဟုတ် ဗိမာန်တော်] ၌ ဝတ်ပြုသောသူတို့စားရသောအခွင့်မရှိသော ယဇ်ပလ္လင်သည် ငါတို့၌ရှိ၏” ဟု ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ (ဟေဗြဲ ၁၃:၁၀) တစ်နည်းဆိုရလျှင် ခရစ်ယာန်စစ်များသည် ဂျူးယဇ်ပုရောဟိတ်အများစု ငြင်းပယ်ကြသည့် သာလွန်ကောင်းမွန်သော အပြစ်ဖြေရာယဇ်သကာမှ အကျိုးခံစားကြရသည်။

၆။ (က) ယေရှုနှစ်ခြင်းခံချိန်၌ မည်သည့်အရာပေါ်လွင်ထင်ရှားလာသနည်း။ (ခ) မေရှိယ သို့မဟုတ် ခရစ်တော် ဟူသည့်ဘွဲ့နာမသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

၆ ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခြင်းဟူသည် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှုအမှုဆောင်ခြင်းပါဝင်သော ဘုရားသခင်၏ ဝိညာဏဗိမာန်တော်အစီအစဉ်တစ်ခုလုံးကို ထုတ်ဖော်လိုက်ပြီဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ (တမန်တော် ၁၀:၃၈; ဟေဗြဲ ၅:၅) မှတ်သားဖွယ်ရာ ဤအဖြစ်အပျက်ဖြစ်သည့် “ကဲသာဘုရင်တိဗေရိနန်းစံ တစ်ဆယ့်ငါးနှစ်” တွင်ဖြစ်ကြောင်း အတိအကျဖော်ပြရန် တပည့်တော်လုကာသည် ဝိညာဉ်တော်မှုတ်သွင်းခံခဲ့ရသည်။ (လုကာ ၃:၁-၃) ယင်းသည် ဘုရင်အာတဇေရဇ်က ယေရုရှလင်မြို့ရိုးကို ပြန်တည်ဆောက်ဖို့ အမိန့်ထုတ်ပြန်လိုက်သည့် အချိန်မှ ၆၉ သီတင်းနှစ် သို့မဟုတ် ၄၈၃ နှစ်အထိ အတိအကျဖြစ်သော စီ.အီး. ၂၉ ခုနှစ်နှင့် အံကိုက်ဖြစ်သည်။ (နေဟမိ ၂:၁၊ ၅-၈) ပရောဖက်ပြုချက်အရ “ခေါင်းဆောင်မေရှိယ” သည် မှတ်သားထားသည့် ထိုနှစ်တွင်ပင် ပေါ်ထွန်းမည်ဖြစ်သည်။ (ဒံယေလ ၉:၂၅၊ ကဘ) ဂျူးများစွာသည် ယင်းကို ကောင်းကောင်းသိရှိကြသည်။ “ဘိသိက်ခံရသူ” ဟု ထပ်တူအဓိပ္ပာယ်ရှိသော ဟေဗြဲနှင့် ဂရိစကားလုံးများမှ ဆင်းသက်လာသည့် ဘွဲ့နာမများဖြစ်သော မေရှိယ သို့မဟုတ် ခရစ်တော်၏ပေါ်ထွန်းခြင်းအကြောင်းကို “လူများတို့သည် မျှော်လင့်” နေကြောင်း လုကာ မှတ်တမ်းတင်ထားသည်။—လုကာ ၃:၁၅။

၇။ (က) ဘုရားသခင်သည် “အလွန်သန့်ရှင်းသောအရပ်ဌာန” ကို အဘယ်အချိန်တွင် ဘိသိက်ပေးတော်မူသနည်း၊ ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ (ခ) နှစ်ခြင်းခံသည့်အချိန်၌ ယေရှုတွင် အခြားအဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

၇ ယေရှုနှစ်ခြင်းခံချိန်၌ မဟာဝိညာဏဗိမာန်တော်အစီအစဉ်တွင် ဘုရားသခင်၏ကောင်းကင်အိမ်တော်သည် “အလွန်သန့်ရှင်းသောအရပ်ဌာန” အဖြစ် ဘိသိက်ပေးခံရ သို့မဟုတ် သီးသန့်ခွဲခြားခြင်းခံရသည်။ (ဒံယေလ ၉:၂၄) “လူမဆောက်ဘဲ ထာဝရဘုရားဆောက်တော်မူသော တဲတော်စစ် [သို့မဟုတ် ဗိမာန်တော်]” လုပ်ငန်းစခဲ့သည်။ (ဟေဗြဲ ၈:၂) ထို့အပြင် လူသားယေရှုခရစ်သည် ရေဖြင့်လည်းကောင်း၊ ဝိညာဉ်တော်ဖြင့်လည်းကောင်း နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင့်ဝိညာဏသားအဖြစ် တစ်ဖန်မွေးဖွားခြင်းခံခဲ့ရသည်။ (ယောဟန် ၃:၃ နှိုင်းယှဉ်။) ယင်းက ဘုရားသခင်သည် အချိန်တန်လျှင် မိမိသားတော်ကို ကောင်းကင်အသက်တာပြန်ပေးမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထိုနေရာတွင် ကိုယ်တော်သည် “မေလခိဇေဒက်နည်းတူ ထာဝရ” ဘုရင်နှင့် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် မိမိခမည်းတော်၏လက်ယာဘက်တွင် အမှုထမ်းမည်ဖြစ်သည်။—ဟေဗြဲ ၆:၂၀; ဆာလံ ၁၁၀:၁၊ ၄။

ကောင်းကင်ဆိုင်ရာ အသန့်ရှင်းဆုံးအခန်း

၈။ အဘယ်အသွင်အပြင်သစ်များသည် ဘုရားသခင်၏ကောင်းကင်ပလ္လင်တွင် ယခုဖြစ်ပျက်နေပြီနည်း။

၈ ယေရှုနှစ်ခြင်းခံသည့်နေ့တွင် ဘုရားသခင်၏ကောင်းကင်ဆိုင်ရာပလ္လင်သည် အသွင်အပြင်သစ်ဖြင့်ဖြစ်လာသည်။ လောကီသားများ၏အပြစ်ကို ပြေစေဖို့အတွက် စုံလင်သောလူသားယဇ်တစ်ခုကို သတ်မှတ်ဖော်ပြခြင်းက ဘုရားသခင်၏သန့်ရှင်းမှုသည် လူသား၏အပြစ်ရှိမှုနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း အထူးတလည်ဖော်ပြသည်။ ဘုရားသခင်၏ကရုဏာသည် ယခုပင် တလိုတလား ကျေအေးလိုသည့် သို့မဟုတ် ပြေငြိမ်းလိုသည့်သဘော တင်ပြတော်မူရာတွင်လည်း ပေါ်လွင်ထင်ရှားသည်။ ထို့ကြောင့် ဘုရားသခင်၏ကောင်းကင်ပလ္လင်သည် ယဇ်ပုရောဟိတ်က သဏ္ဌာန်လုပ်သရုပ်ဖော်နည်းဖြင့် အပြစ်ပြေစေရန် တစ်နှစ်လျှင်တစ်ကြိမ် တိရစ္ဆာန်သွေးနှင့်ဝင်ရသော ဗိမာန်တော်၏အတွင်းအကျဆုံးအခန်းကဲ့သို့ ဖြစ်လာသည်။

၉။ (က) သန့်ရှင်းသောအခန်းနှင့် အသန့်ရှင်းဆုံးအခန်းတို့ကြားရှိကုလားကာသည် မည်သည့်အရာကို ပုံတင်ပြသနည်း။ (ခ) ယေရှုသည် ဝိညာဏဗိမာန်တော်ကုလားကာကို ကျော်ကာ မည်သို့ဝင်ရောက်နိုင်ခဲ့သနည်း။

၉ သန့်ရှင်းသောအခန်းနှင့် အသန့်ရှင်းဆုံးအခန်းကို ပိုင်းခြားထားသည့် ကုလားကာသည် ယေရှု၏အသွေးအသားခန္ဓာကို ပုံတင်ပြသည်။ (ဟေဗြဲ ၁၀:၁၉၊ ၂၀) ယေရှုသည် မြေကြီးသားတစ်ဦးဖြစ်စဉ်တွင် ယင်းသည် မိမိခမည်းတော်၏ကျိန်းဝပ်ရာဌာနသို့ ဝင်ရောက်ခြင်းကို ကာဆီးထားသည့် အတားအဆီးဖြစ်ခဲ့သည်။ (၁ ကောရိန္သု ၁၅:၅၀) ယေရှုသေဆုံးချိန်တွင် “ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” (မဿဲ ၂၇:၅၁) ကောင်းကင်ထဲသို့ ယေရှုဝင်ရောက်မှုကို ကာဆီးထားသည့် အတားအဆီးကို ယခုအခါ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ယင်းက ထူးခြားထင်ရှားစွာ ဖော်ပြသည်။ သုံးရက်အလွန်တွင် ယေဟောဝါဘုရားသခင်သည် အံ့ဖွယ်အထူးအဆန်းတစ်ခုကို ပြသတော်မူခဲ့သည်။ ကိုယ်တော်သည် ယေရှုကို သေနိုင်သော လူ့အသွေးအသားနှင့်မဟုတ်ဘဲ “နိစ္စထာဝရတည်သော” ဘုန်းရှိသည့် နာမ်ဝိညာဉ်သားတစ်ဦးအနေနှင့် ထမြောက်ပေးတော်မူခဲ့သည်။ (ဟေဗြဲ ၇:၂၄) အရက်လေးဆယ်အလွန်တွင် ယေရှုသည် ကောင်းကင်သို့တက်ကာ “ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ” စစ်မှန်သည့် “အလွန်သန့်ရှင်းသောအရပ်ဌာန” ထဲသို့ ဝင်တော်မူသည်။—ဟေဗြဲ ၉:၂၄။

၁၀။ (က) ယေရှုသည် မိမိ၏ယဇ်သကာတန်ဖိုးကို ကောင်းကင်ခမည်းတော်ထံ ဆက်သပြီးနောက် မည်သည့်အရာဖြစ်ပျက်ခဲ့သနည်း။ (ခ) သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခြင်းမည်သည် ခရစ်တော်၏တပည့်များအတွက် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။

၁၀ လောကီသားများ၏အပြစ်များကို ဖြေပေးသည့်အရာအဖြစ် ယေရှုသွန်းလိုက်သော အသွေးတော်၏တန်ဖိုးကို ဘုရားသခင် လက်ခံတော်မူသလော။ ကိုယ်တော်အမှန်ပင် လက်ခံတော်မူခဲ့သည်။ ယင်းအတွက်အထောက်အထားသည် ယေရှုထမြောက်ပြီးနောက် ရက် ၅၀ အကြာ၊ ပင်တေကုတ္တေပွဲနေ့တွင် အတိအကျဖြစ်လာသည်။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို ယေရုရှလင်မြို့တွင် အတူတကွစုဝေးနေကြသည့် ယေရှု၏တပည့်တော် ၁၂၀ ပေါ်သို့ သွန်းလောင်းခဲ့သည်။ (တမန်တော် ၂:၁၊ ၄၊ ၃၃) သူတို့သည် မိမိတို့၏ယဇ်ပုရောဟိတ်မင်းကြီး ယေရှုခရစ်ကဲ့သို့ ဘုရားသခင်၏ မဟာဝိညာဏဗိမာန်အစီအစဉ်အောက်တွင် “ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုး” အဖြစ် အမှုထမ်းရန် ဘိသိက်ပေးခံရကြသည်။ (၁ ပေတရု ၂:၅) ထို့အပြင် ဤဘိသိက်ခံများသည် လူမျိုးသစ်တစ်မျိုးဖြစ်သည့် ဘုရားသခင်၏ ဝိညာဏဣသရေလ “သန့်ရှင်းသောလူမျိုး” ဖြစ်လာသည်။ ဤအချက်မှ ယေရမိ ၃၁:၃၂ တွင်မှတ်တမ်းတင်ထားသည့် “ပဋိညာဉ်တရားသစ်” ကတိတော်ကဲ့သို့ ဣသရေလလူမျိုးနှင့်ပတ်သက်သော ကောင်းသောအရာများနှင့်ဆိုင်သည့် ပရောဖက်ပြုချက်အားလုံးသည် ဘိသိက်ခံခရစ်ယာန်အသင်းတော်ဖြစ်သည့် စစ်မှန်သော “ဘုရားသခင်၏ဣသရေလအမျိုး” နှင့် သက်ဆိုင်မည်ဖြစ်သည်။—၁ ပေတရု ၂:၉; ဂလာတိ ၆:၁၆။

ဘုရားသခင့်ဝိညာဏဗိမာန်တော်၏ အခြားအသွင်အပြင်များ

၁၁၊ ၁၂။ (က) ယဇ်ပုရောဟိတ်များအတွက်ရင်ပြင်သည် ယေရှုကိစ္စတွင် မည်သည့်အရာကို ပုံတင်ပြသနည်း၊ ကိုယ်တော်၏ ဘိသိက်ခံနောက်တော်လိုက်များကိစ္စတွင် ယင်းသည် မည်သည့်အရာဖြစ်သနည်း။ (ခ) ရေအင်တုံကားအဘယ်အရာကို ပုံတင်ပြသနည်း၊ ယင်းကို မည်သို့အသုံးပြုသနည်း။

၁၁ အသန့်ရှင်းဆုံးအခန်းသည် ဘုရားသခင် နန်းထိုင်ရာ “ကောင်းကင်” ကို ပုံတင်ပြသော်လည်း ဘုရားသခင့်ဝိညာဏဗိမာန်တော်၏ အခြားအသွင်အပြင်အားလုံးသည် မြေကြီးပေါ်ရှိအရာများနှင့် ဆက်နွှယ်သည်။ (ဟေဗြဲ ၉:၂၄) ယေရုရှလင်ဗိမာန်တော်တွင် ယဇ်ပလ္လင်တစ်ခုနှင့် ယဇ်ပုရောဟိတ်များ သန့်ရှင်းမြင့်မြတ်သောလုပ်ငန်းကို မလုပ်ဆောင်မီ မိမိတို့ကိုယ်ကို ဆေးကြောသန့်စင်လေ့ရှိသည့် ရေအင်တုံကြီးတစ်လုံးပါဝင်သော သာ၍အတွင်းပိုင်းကျသည့် ယဇ်ပုရောဟိတ်များအတွက် ရင်ပြင်ရှိသည်။ ဤအရာများသည် ဘုရားသခင့် ဝိညာဏဗိမာန်တော်အစီအစဉ်တွင် မည်သည့်အရာများကို ပုံတင်ပြသနည်း။

၁၂ ယေရှုခရစ်၏ကိစ္စတွင်မူ သာ၍အတွင်းပိုင်းကျသော ယဇ်ပုရောဟိတ်များအတွက် ရင်ပြင်သည် ဘုရားသခင်၏ စုံလင်သောလူသားသားတော်အဖြစ် ကိုယ်တော်၏အပြစ်မဲ့သောအခြေအနေကို ပုံတင်ပြသည်။ ယေရှု၏ယဇ်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းဖြင့် ခရစ်တော်၏ဘိသိက်ခံနောက်တော်လိုက်များသည် ဖြောင့်မတ်ကြောင်း မှတ်ယူခံရကြသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို အပြစ်မဲ့သည့်အလား တရားသဖြင့်ဆက်ဆံနိုင်သည်။ (ရောမ ၅:၁; ၈:၁၊ ၃၃) ထို့ကြောင့် ဤရင်ပြင်သည် ဘုရားသခင်ရှေ့တွင် သန့်ရှင်းသော ယဇ်ပုရောဟိတ်အရာရရှိသူတိုင်း၏ ဖြောင့်မတ်ကြောင်းယူမှတ်ခံရသော လူသားအခြေအနေကိုလည်း ပုံတင်ပြသည်။ တစ်ချိန်တည်းမှာပင် ဘိသိက်ခံခရစ်ယာန်များသည် မစုံမလင်ဖြစ်နေဆဲ အပြစ်ပြုမိနေဆဲဖြစ်သည်။ ရင်ပြင်ထဲရှိ ရေအင်တုံသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ပုံတင်ပြသည်။ ယဇ်ပုရောဟိတ်မင်းကြီးသည် ယင်းကိုသုံးကာ သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့ကို တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်ပေးသည်။ အဆိုပါအဆင့်ဆင့်သန့်စင်ရေးကို လက်ခံခြင်းဖြင့် သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်ပြီး ကိုယ်တော့်စင်ကြယ်သောဝတ်ပြုရေးသို့ အခြားသူများကို ဆွဲဆောင်သည့် သိက္ခာရှိသောအသွင်အပြင်ကို ရရှိထားကြသည်။—ဧဖက် ၅:၂၅၊ ၂၆; မာလခိ ၃:၁-၃ နှိုင်းယှဉ်။

သန့်ရှင်းသောအခန်း

၁၃၊ ၁၄။ (က) ဗိမာန်တော်၏ သန့်ရှင်းသောအခန်းသည် ယေရှုနှင့် ကိုယ်တော်၏ဘိသိက်ခံနောက်တော်လိုက်များကိစ္စတွင် မည်သည့်အရာကို ပုံတင်ပြသနည်း။ (ခ) ရွှေမီးခုံတိုင်က မည်သည့်အရာကို ပုံတင်ပြသနည်း။

၁၃ ဗိမာန်တော်၏ဦးဆုံးအခန်းသည် ရင်ပြင်ထက်သာလွန်သောအခြေအနေကို ပုံတင်ပြသည်။ စုံလင်သောလူသား ယေရှုခရစ်ကိစ္စတွင် ယင်းသည် ဘုရားသခင်၏ ဝိညာဏသားတော်တစ်ပါးသည် ကောင်းကင်အသက်တာသို့ ပြန်ရှင်ရန် တင်ကြိုသတ်မှတ်ခံထားရသူအဖြစ် ကိုယ်တော်၏တစ်ဖန်မွေးဖွားခြင်းကို ပုံတင်ပြသည်။ ခရစ်တော်သွန်းတော်မူသော အသွေးတော်ကို ယုံကြည်မှုပေါ်တွင် အခြေပြု၍ ဖြောင့်မတ်ကြောင်းကြေညာခံရပြီးနောက်ပိုင်း ဤဘိသိက်ခံနောက်တော်လိုက်များသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ ဤအထူးလုပ်ဆောင်မှုကို တွေ့ကြုံခံစားကြရသည်။ (ရောမ ၈:၁၄-၁၇) “ရေ [တစ်နည်းအားဖြင့် သူတို့၏နှစ်ခြင်းခံခြင်း] နှင့် ဝိညာဉ်တော်” အားဖြင့် သူတို့သည် ဘုရားသခင်၏ဝိညာဏသားများအနေနှင့် “ဒုတိယမွေးခြင်း” ကို ခံခဲ့ကြရသည်။ သို့နှင့် သူတို့သည် သေသည်တိုင်အောင် သစ္စာတည်ကြည်ကြမည်ဆိုလျှင် ဘုရားသခင့် နာမ်ဝိညာဉ်သားများအဖြစ် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ကြမည့် မျှော်လင့်ချက်ရှိထားကြသည်။—ယောဟန် ၃:၅၊ ၇; ဗျာဒိတ် ၂:၁၀။

၁၄ မြေကြီးဆိုင်ရာဗိမာန်တော်၏ သန့်ရှင်းသောအခန်းတွင်း၌ အမှုထမ်းသောယဇ်ပုရောဟိတ်များကို အပြင်ဘက်ရှိ ဝတ်ပြုသူများက မမြင်ရပါ။ အလားတူစွာ ဘိသိက်ခံခရစ်ယာန်များသည် ပရဒိသုကမ္ဘာပေါ် ထာဝရအသက်မျှော်လင့်ချက်ရှိထားကြသော ဘုရားသခင်အား ဝတ်ပြုသူအများစု မခံစားရသည့် သို့မဟုတ် အပြည့်အဝနားမလည်သည့် ဝိညာဏအခြေအနေကို တွေ့ကြုံခံစားကြရသည်။ တဲတော် ရွှေမီးခုံတိုင်သည် ဘိသိက်ခံခရစ်ယာန်များ၏ ထွန်းလင်းသော အခြေအနေကို ပုံတင်ပြသည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် မီးတိုင်များထဲရှိ ဆီများကဲ့သို့ ကျမ်းစာအလင်းကို အလင်းဖြာပေးသည်။ ခရစ်ယာန်များသည် မိမိတို့ရရှိလာသော သိရှိနားလည်လာရာများကို မိမိတို့ဘာသာသိမ်းမထားကြပါ။ ယင်းသို့သိမ်းထားမည့်အစား ယေရှု၏ဤစကားကို နာခံခဲ့ကြသည်– “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။”—မဿဲ ၅:၁၄၊ ၁၆။

၁၅။ ရှေ့တော်မုန့်စားပွဲပေါ်ရှိမုန့်က မည်သည့်အရာကို ပုံတင်ပြသနည်း။

၁၅ အဆိုပါထွန်းလင်းသောအခြေအနေတွင် တည်မြဲနေရန် ဘိသိက်ခံခရစ်ယာန်များသည် ရှေ့တော်မုန့်စားပွဲပေါ်ရှိမုန့်ဖြင့်ပုံတင်ပြသည့်အရာကို မှန်မှန်စားသုံးရမည်။ သူတို့ဝိညာဉ်အစာ၏ အဓိကပင်ရင်းမှာ နေ့စဉ်နေ့တိုင်း သူတို့ကြိုးစားဖတ်ရှုဆင်ခြင်သည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်။ ယေရှုကလည်း မိမိ၏ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် “ထိုက်သင့်ရာအခါ စားနပ်ရိက္ခာကို” သူတို့အား ထောက်ပံ့ပေးမည်ဟု ကတိပေးထားတော်မူသည်။ (မဿဲ ၂၄:၄၅၊ သမ) အဆိုပါ “ကျွန်” သည် မည်သည့်အချိန်၌မဆို ကမ္ဘာပေါ်တွင်ရှိသည့် ဘိသိက်ခံခရစ်ယာန်တစ်ဖွဲ့လုံးဖြစ်သည်။ ခရစ်တော်က ဤဘိသိက်ခံအဖွဲ့ကို ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံမှုနှင့်ဆိုင်သည့် အချက်အလက်များကို ပုံနှိပ်ဖြန့်ဖြူးရန်နှင့် မျက်မှောက်ခေတ် နေ့စဉ်အသက်တာတွင် ကျမ်းစာမူများကျင့်သုံးရေးနှင့်ဆိုင်သည့် အချိန်တန်ညွှန်ကြားချက်များကို ပေးရန် အသုံးပြုလာခဲ့သည်။ ထို့ကြောင့် ဘိသိက်ခံခရစ်ယာန်များသည် ဤကဲ့သို့သောဝိညာဉ်ရေးနှင့်ဆိုင်သည့် ပြင်ဆင်ပေးချက်မှန်သမျှကို တန်ဖိုးထားလေးစားစွာ စားသုံးကြသည်။ သို့သော် သူတို့၏ဝိညာဏအသက်တာအတွက် အာဟာရသည် ဘုရားသခင်အားသိကျွမ်းခြင်းအသိပညာကို နှလုံးသွင်းမှတ်ကျုံးခြင်းထက်မကသော အရာပေါ်တွင် မူတည်နေသည်။ ယေရှုက “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်သည်” ဟု မိန့်မြွက်တော်မူခဲ့သည်။ (ယောဟန် ၄:၃၄) အလားတူစွာ ဘိသိက်ခံခရစ်ယာန်များသည် ဘုရားသခင်ဖော်ပြထားတော်မူသည့် အလိုတော်ကို နေ့စဉ်ထမ်းဆောင်ခြင်းဖြင့် စိတ်ကျေနပ်နှစ်သက်မှုကို ရရှိကြသည်။

၁၆။ နံ့သာပလ္လင်တွင်လုပ်ဆောင်သည့်လုပ်ငန်းက မည်သည့်အရာကို ပုံတင်ပြသနည်း။

၁၆ နံနက်တိုင်း ညနေတိုင်း ယဇ်ပုရောဟိတ်တစ်ပါးသည် သန့်ရှင်းသောအခန်းရှိ နံ့သာပလ္လင်ပေါ်တွင် ဘုရားသခင်အား နံ့သာပေါင်းကို ပူဇော်သည်။ တစ်ချိန်တည်းမှာပင် ယဇ်ပုရောဟိတ်မဟုတ်သော ဝတ်ပြုသူများသည် ဘုရားသခင့်ဗိမာန်တော်၏ အပြင်ဘက်ရင်ပြင်၌ ရပ်လျက် ကိုယ်တော်ထံ ဆုတောင်းကြသည်။ (လုကာ ၁:၈-၁၀) “နံ့သာပေါင်း” သည် “သန့်ရှင်းသူတို့၏ပတ္ထနာ” ကို ဆိုလိုကြောင်း ကျမ်းစာကရှင်းပြသည်။ (ဗျာဒိတ် ၅:၈) “အကျွန်ုပ်၏ပတ္ထနာသည် ရှို့သောနံ့သာပေါင်းကဲ့သို့ . . . ရှေ့တော်၌ ပြင်ဆင်လျက်ရှိပါစေသော” ဟု ဆာလံဆရာ ဒါဝိဒ်ရေးသားခဲ့သည်။ (ဆာလံ ၁၄၁:၂) ဘိသိက်ခံခရစ်ယာန်များသည်လည်း ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံချဉ်းကပ်ဆုတောင်းသည့် အခွင့်အရေးကို တန်ဖိုးထားကြသည်။ နှလုံးထဲမှ ယိုဖိတ်ထွက်လာသည့် စိတ်အားထက်သန်သော ဆုတောင်းချက်များသည် ထုံသင်းမွှေးကြိုင်သောနံ့သာနှင့်တူသည်။ ဘိသိက်ခံခရစ်ယာန်များသည် အခြားနည်းများဖြင့်လည်း ဘုရားသခင်ကို ချီးမွမ်းကြသည်။ အခြားသူများကို သွန်သင်ပေးရန် မိမိတို့၏နှုတ်ခမ်းကို အသုံးပြုကြသည်။ အခက်အခဲများ ရင်ဆိုင်ရချိန်တွင် ခံနိုင်ရည်ရှိခြင်းနှင့် စုံစမ်းသွေးဆောင်မှုများအောက်တွင် သမာဓိရှိခြင်းတို့က ဘုရားသခင့်စိတ်တော်ကို အထူးနှစ်သက်မှုဖြစ်စေသည်။—၁ ပေတရု ၂:၂၀၊ ၂၁။

၁၇။ အပြစ်ဖြေရာနေ့တွင် အသန့်ရှင်းဆုံးအခန်းသို့ ယဇ်ပုရောဟိတ်မင်းကြီးဦးဆုံးဝင်ရောက်ခြင်း၏ ပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်ပြည့်စုံမှုတွင် မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။

၁၇ အပြစ်ဖြေရာနေ့တွင် ဣသရေလယဇ်ပုရောဟိတ်မင်းကြီးသည် အသန့်ရှင်းဆုံးအခန်းထဲဝင်ကာ မီးခဲများထည့်ထားသည့် ရွှေလင်ဗန်းငယ်ထဲတွင် နံ့သာပေါင်းကိုမီးရှို့ရသည်။ အပြစ်ဖြေရာယဇ်ကောင်များ၏အသွေးကို မယူလာမီ ယင်းကို လုပ်ဆောင်ရသည်။ ဤပရောဖက်ပြုချက်ဆိုင်ရာ ပုံတင်ပြချက်၏ ပြည့်စုံချက်အနေနှင့် လူသားယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် တည်မြဲသောယဇ်အဖြစ် မိမိ၏အသက်ကို မပူဇော်မီ ယေဟောဝါဘုရားသခင်အား အကြွင်းမဲ့သမာဓိစောင့်သိခဲ့သည်။ သို့ဖြင့် စာတန်က မည်သည့်ဖိစီးမှုကိုပေးပါစေ စုံလင်သောလူသားတစ်ဦးသည် ဘုရားသခင်အပေါ် မိမိ၏သမာဓိစောင့်သိမှုကို ဆက်၍ထိန်းသိမ်းထားနိုင်ကြောင်း ပြသတော်မူခဲ့သည်။ (သု. ၂၇:၁၁) စမ်းသပ်မှုခံရချိန်တွင် ယေရှုသည် “ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပတ္ထနာပြုသဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သောသဘောကြောင့် နားညောင်းတော်မူခြင်းကိုခံရ” သည်။ (ဟေဗြဲ ၅:၇၊ ၈၊ သမ္မာ) ဤနည်းဖြင့် စကြဝဠာတွင် ဖြောင့်မတ်တော်မှန်သော အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်အဖြစ် ယေဟောဝါကို ကိုယ်တော် ဂုဏ်တင်ခဲ့သည်။ ဘုရားသခင်သည် ယေရှုကို သေခြင်းမှ မသေနိုင်သောကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ပေးကာ ဆုချတော်မူခဲ့သည်။ ဤမြင့်မားသောရာထူးဖြင့် ယေရှုသည် မြေကြီးသို့လာရသည့် ဒုတိယအကြောင်းရင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် နောင်တရသော လူ့အပြစ်သားများပြန်လည်ပေါင်းစည်းစေရေးကို အာရုံစိုက်တော်မူသည်။—ဟေဗြဲ ၄:၁၄-၁၆။

သာ၍ဘုန်းကြီးသော ဘုရားသခင်၏ ဝိညာဏဗိမာန်တော်

၁၈။ ယေဟောဝါသည် မိမိ၏ဝိညာဏဗိမာန်တော်ကို ထူးခြားထင်ရှားသောဘုန်း မည်သို့ပေးတော်မူခဲ့ပြီနည်း။

၁၈ “နောက်တည်သော ဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်” ဟု ယေဟောဝါ တင်ကူးမိန့်တော်မူခဲ့သည်။ (ဟဂ္ဂဲ ၂:၉) ယေဟောဝါသည် ယေရှုကို မသေနိုင်သော ဘုရင်နှင့် ယဇ်ပုရောဟိတ်မင်းကြီးအနေနှင့် ရှင်ပြန်ထမြောက်ပေးခြင်းဖြင့် မိမိ၏ဝိညာဏဗိမာန်တော်ကို ထူးခြားထင်ရှားသောဘုန်း ပေးတော်မူခဲ့သည်။ ယေရှုသည် ယခုအခါတွင် “ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်း” ကို ဆောင်ကြဉ်းပေးမည့်ရာထူးကို ရရှိထားသည်။ (ဟေဗြဲ ၅:၉) ဤကဲ့သို့ ဦးဦးဖျားဖျား ယုံကြည်နားထောင်သူများမှာ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံခဲ့ရသည့် ၁၂၀ သောတပည့်တော်များဖြစ်သည်။ ဤဝိညာဏဣသရေလသားများသည် အဆုံး၌ အရေအတွက် ၁၄၄,၀၀၀ ရှိမည်ဖြစ်ကြောင်း ဗျာဒိတ်ကျမ်းက တင်ကူးပြောခဲ့သည်။ (ဗျာဒိတ် ၇:၄) သူတို့ထဲမှ များစွာသောသူတို့သည် သေဆုံးပြီးနောက် လူသားတို့၏သာမန်သင်္ချိုင်းတွင် သတိမဲ့နေကာ ဘုရင်အာဏာဖြင့် ယေရှုရောက်ရှိနေတော်မူသည့် အချိန်ကို စောင့်နေကြရမည်။ ဒံယေလ ၄:၁၀-၁၇၊ ၂၀-၂၇ တွင် ပါဝင်သော ပရောဖက်ပြုချက်ဆိုင်ရာ သက္ကရာဇ်စဉ်က ၁၉၁၄ ခုနှစ်ကို မိမိ၏ရန်သူအလယ်၌ ယေရှုစတင်အုပ်စိုးမည့်အချိန်အဖြစ်ညွှန်ပြထားသည်။ (ဆာလံ ၁၁၀:၂) ဘိသိက်ခံခရစ်ယာန်များသည် ထိုနှစ်ကို ဆယ်စုနှစ်နှင့်ချီ၍ ကြိုတင်ကာ စိတ်ဇောထက်သန်စွာ စောင့်မျှော်ခဲ့ကြသည်။ ပထမကမ္ဘာစစ်နှင့် လူသားတို့အပေါ်ကျရောက်သော ယင်း၏နောက်ဆက်တွဲဘေးဒုက္ခများက ယေရှုသည် ၁၉၁၄ ခုနှစ်တွင် ဘုရင်အဖြစ် အမှန်ပင်နန်းထိုင်ပြီဖြစ်ကြောင်း သက်သေထူသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈) ယင်းနောက် များမကြာမီ “ဘုရားသခင့်အိမ်တော်သားများကို ရှေးဦးစွာစစ်ကြောစီရင်” ဖို့အတွက် အချိန်ရောက်လာပြီး သေခြင်း၌ အိပ်ပျော်သော ဘိသိက်ခံတပည့်တော်များအား “တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟူသည့် ကတိတော်ကို ယေရှုပြည့်စုံစေမည်။—၁ ပေတရု ၄:၁၇; ယောဟန် ၁၄:၃။

၁၉။ ၁၄၄,၀၀၀ မှကျန်ကြွင်းသူများသည် ကောင်းကင်ဆိုင်ရာ အသန့်ရှင်းဆုံးအခန်းသို့ ချဉ်းကပ်ခွင့် မည်သို့ရမည်နည်း။

၁၉ သန့်ရှင်းသော ယဇ်ပုရောဟိတ်အဖွဲ့ဝင် ၁၄၄,၀၀၀ လုံးတို့သည် အဆုံးသတ်တံဆိပ်ခတ်ခြင်းနှင့် သူတို့၏ကောင်းကင်အိမ်တော်သို့ စုသိမ်းခြင်းမခံရသေးပါ။ သူတို့ထဲမှ ကျန်ကြွင်းသူများသည် သန့်ရှင်းသောအခန်းက ပုံတင်ပြသည့် ဝိညာဏအခြေအနေဖြင့် ကမ္ဘာပေါ်တွင် ဆက်၍ရှိနေကြသည်။ သူတို့အသွေးအသားခန္ဓာဆိုင်ရာ “ကုလားကာ” သို့မဟုတ် အတားအဆီးက ဘုရားသခင်၏သန့်ရှင်းသောကျိန်းဝပ်ရာဌာနနှင့် ပိုင်းခြားထားသည်။ ဤသူများသည် သစ္စာရှိရှိဖြင့်သေဆုံးသွားသည်နှင့် ကောင်းကင်တွင် ရောက်နှင့်နေသည့် ၁၄၄,၀၀၀ မှသူများနှင့် ပူးပေါင်းဖို့ မသေနိုင်သောနာမ်ဝိညာဉ်သတ္တဝါများအဖြစ် ချက်ချင်းထမြောက်ခံရကြသည်။—၁ ကောရိန္သု ၁၅:၅၁-၅၃။

၂၀။ ဤအချိန်တွင် သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့မှ ကျန်ကြွင်းသူများသည် အဘယ်အရေးကြီးသောလုပ်ငန်းကို လုပ်ဆောင်နေပြီး အဘယ်ရလဒ်များရရှိသနည်း။

၂၀ ဤမျှများပြားလှသည့် ယဇ်ပုရောဟိတ်များသည် ကောင်းကင်ရှိ မဟာယဇ်ပုရောဟိတ်မင်းကြီးနှင့်အတူ အမှုဆောင်ခြင်းကြောင့် ဘုရားသခင်၏ဝိညာဏဗိမာန်တော်သည် ထပ်ဆင့်ဘုန်းကို ရရှိခဲ့သည်။ ထိုအချိန်အတွင်း သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့မှ ကျန်ကြွင်းသူများသည် ကမ္ဘာပေါ်တွင် တန်ဖိုးရှိသောအလုပ်ကို ဆောင်ရွက်နေကြသည်။ သူတို့၏ဟောပြောခြင်းအားဖြင့် ဘုရားသခင်သည် ဟဂ္ဂဲ ၂:၇ တွင် တင်ကူးဖော်ပြထားသည့် တရားစီရင်ချက်စကားများနှင့် ‘လူမျိုးအပေါင်းတို့ကို လှုပ်ခါ’ နေတော်မူသည်။ တစ်ချိန်တည်းမှာပင် “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာ” အဖြစ်ဖော်ပြထားသည့် သန်းနှင့်ချီသောဝတ်ပြုသူများသည် ယေဟောဝါ၏ မြေကြီးဆိုင်ရာဗိမာန်တော်တံတိုင်းများသို့ လိမ့်ဝင်လာနေကြသည်။ ဤသူများသည် ဝတ်ပြုဖို့အတွက် ဘုရားသခင့်အစီအစဉ်တွင် မည်သို့အံဝင်ပြီး ကိုယ်တော်၏မဟာဝိညာဏဗိမာန်အတွက် အဘယ်အနာဂတ်ဘုန်းကို ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးတွင် စိစစ်သုံးသပ်မည်။

ပြန်လည်ဆွေးနွေးရန်မေးခွန်းများ

◻ စီ.အီး. ၂၉ ခုနှစ်တွင် ယေရှုသည် အဘယ်ထင်ရှားသောစံနမူနာကို ပြသတော်မူခဲ့သနည်း။

◻ စီ.အီး. ၂၉ ခုနှစ်တွင် အဘယ်အစီအစဉ်သည် အသက်ဝင်ခဲ့သနည်း။

◻ သန့်ရှင်းသောအခန်းနှင့် အသန့်ရှင်းဆုံးအခန်းတို့က မည်သည့်အရာကို ပုံတင်ပြသနည်း။

◻ မဟာဝိညာဏဗိမာန်တော်သည် မည်သို့ဘုန်းကြီးလာခဲ့ပြီနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

စီ.အီး. ၂၉ ခုနှစ်တွင် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရသောအခါ ဘုရားသခင်၏ မဟာဝိညာဏဗိမာန်တော် လုပ်ငန်းစခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ