အခန်း ၁၈
ယောဟန်ဆုတ်ယုတ်၍ ယေရှုတိုးပွားခြင်း
စီအီး ၃၀ နွေဦးပသခါပွဲအပြီး၊ ယေရှုနှင့်တပည့်တို့သည် ယေရုရှလင်မြို့မှထွက်ခွာ၍ ဂါလိလဲနယ်ရှိ မိမိတို့မြို့ရွာအသီးသီးသို့မပြန်ကြဘဲ ယုဒနယ်ရှိ ကျေးလက်သို့သွား၍ လူတို့အားနှစ်ခြင်းပေးကြ၏။ နှစ်ခြင်းဆရာယောဟန်သည် တစ်နှစ်ခန့် ထိုအလုပ်ကိုလုပ်လျက်ရှိခဲ့ပြီး သူနှင့်ပေါင်းဖေါ်သည့် တပည့်များရှိနေသေးသည်။
ယေရှုကိုယ်တော်တိုင်နှစ်ခြင်းမပေး။ ကိုယ်တော်ညွှန်ကြားမှုအောက် တပည့်တော်များကသာ နှစ်ခြင်းပေးကြ၏။ ထိုနှစ်ခြင်းသည် ယောဟန်ပေးသောနှစ်ခြင်းနှင့်အဓိပ္ပာယ်တူ၏။ ယင်းကယုဒလူတစ်ဦး ဘုရားသခင်ပညတ်ပဋိညာဉ်ကို လွန်ကျူးမိသည့်အပြစ်မှ နောင်တရသည့်အထိမ်းအမှတ်ဖြစ်သည်။ သို့သော်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များအား နောက်အဓိပ္ပာယ်တစ်မျိုးဖြင့် နှစ်ခြင်းပေးကြရန် မိန့်မှာတော်မူ၏။ ခရစ်ယာန်နှစ်ခြင်းသည် ယေဟောဝါအမှုတော်ဆောင်ရန် အပ်နှံခြင်း၏အထိမ်းအမှတ်ဖြစ်သည်။
ယေရှုဓမ္မအမှုဆောင်ရွက်စကာလပိုင်း၊ ကိုယ်တော်နှင့်ယောဟန်တို့သည် သီးခြားလုပ်ဆောင်နေကြသော်လည်း နှစ်ဦးစလုံးသည် လူတို့အားသွန်သင်၍နောင်တရသူတို့ကို နှစ်ခြင်းပေးကြ၏။ သို့သော်ယောဟန်၏တပည့်တို့က မနာလိုဖြစ်ကာ ယောဟန်အား ယေရှုအကြောင်း ဤသို့တိုင်တန်းကြ၏။ ‘ရဗ္ဗိ . . . ထိုသူသည်နှစ်ခြင်းပေးလျက်ရှိရာ ထိုသူထံသို့လူအပေါင်းတို့ရောက်လာကြသည်။”
ယောဟန်သည်မငြူစူ။ ယေရှု၏အောင်မြင်မှုအတွက် မိမိကဲ့သို့ပင်တပည့်များကို ဝမ်းမြောက်စေလို၏။ ထိုကြောင့် “ငါသည်ခရစ်တော်မဟုတ်၊ ခရစ်တော်ရှေ့၌စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့အသိဖြစ်ကြ၏” ဟုဆို၍သတိပေးသည်။ ဆက်၍လျောက်ပတ်သောဥပမာတစ်ခုဖြင့် ရှင်းပြသည်။ “မင်္ဂလာဆောင် သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏အနားမှာနေ၍ သူ၏စကားကိုကြားရသောအဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ၌ဝမ်းမြောက်ခြင်းပြည့်စုံ၏။”
သတို့သား၏အဆွေခင်ပွန်းအဖြစ် ယောဟန်သည်လွန်ခဲ့သော ခြောက်လခန့်က မိမိတပည့်များကို ယေရှုနှင့်မိတ်ဆက်ပေးခဲ့စဉ် ဝမ်းမြောက်ပြီးဖြစ်သည်။ သူ၏တပည့်အချို့သည် ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်များဖြင့်ဖွဲ့စည်းထားသော ခရစ်တော်၏ကောင်းကင်သတို့သမီးအဖွဲ့ဝင်လောင်းများဖြစ်လာကြ၏။ သူ့ရည်ရွယ်ချက်မှာ ခရစ်တော်၏အောင်မြင်သော ဓမ္မအမှုအတွက်လမ်းပြင်ပေးရန်သာဖြစ်သောကြောင့် မိမိတပည့်များ ယေရှုနောက်လိုက်ရန် ယောဟန်လိုလား၏။ “ထိုသခင်သည်တိုးပွားခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်” ဟုယောဟန်ရှင်းပြသကဲ့သို့ဖြစ်၏။
ယခင်ကနှစ်ခြင်းဆရာယောဟန်၏တပည့်ဖြစ်ခဲ့သူ ယေရှု၏တပည့်သစ်ယောဟန်သည် ယေရှု၏ဇာစ်မြစ်နှင့် လူသားတို့ကယ်တင်ခြင်းရရေးတွင် ကိုယ်တော်၏အရေးကြီးကဏ္ဍကိုဖေါ်ပြသည်။ “ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ . . . ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ခပ်သိမ်းသောအရာတို့ကိုသားတော်လက်သို့ အပ်ပေးတော်မူပြီ။ သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။”
မိမိလုပ်ငန်းဆုတ်ယုတ်မည်အကြောင်းပြောပြီးမကြာမီ ယောဟန်ကိုဟေရုဒ်မင်းဖမ်းသွားသည်။ မိမိညီဖိလိပ္ပု၏မယားဟေရောဒိအား ဟေရုဒ်သိမ်းပိုက်သည်ကို ယောဟန်ကမသင့်တော်ကြောင်း အများရှေ့လှစ်ဟပြသဖြင့် အကျဉ်းချခံရခြင်းဖြစ်သည်။ ယောဟန်အဖမ်းခံရကြောင်း ယေရှုကြားသောအခါ တပည့်တော်များနှင့်အတူ ယုဒပြည်နယ်မှထွက်၍ ဂါလိလဲသို့ကြွသွားလေ၏။ ယောဟန် ၃:၂၂-၄:၃။ တမန်တော် ၁၉:၄။ မဿဲ ၂၈:၁၉။ ၂ ကောရိန္သု ၁၁:၂။ မာကု ၁:၁၄၊ ၆:၁၇-၂၀။
▪ ယေရှုမထမြောက်မီနှင့် ထမြောက်ပြီးနောက်ပေးသော နှစ်ခြင်းတို့၏အဓိပ္ပာယ်ကား အဘယ်နည်း။
▪ မိမိတပည့်များ၏တိုင်တန်းချက်သည် မသင့်လျော်ကြောင်း ယောဟန်မည်သို့ပြသနည်း။
▪ ယောဟန်အဘယ်ကြောင့် ထောင်ကျသနည်း။