ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၈-၁၃
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏”
  • “ငါသည်. . . လောက၏အလင်းဖြစ်၏”
  • ဘုရားရှင်၏ “ကိုယ်စားလှယ်ချုပ်”
  • “အလုံးစုံတို့၏. . . ဦးခေါင်း”
  • “အလင်း၏သားများ”
  • “သင်တို့သည် ဤလောက၏အလင်း ဖြစ်ကြ၏”
  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • လောကအလင်း၏နောက်သို့ မည်သူတို့လိုက်လျှောက်နေကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၈-၁၃

“အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”

“အပြစ်ဒဏ်စီရင်ခြင်း၏ သဘောတရားကား ဤသို့တည်း။ အလင်းတော်သည် ဤလောကသို့ရောက်ရှိလာ၏။ သို့ရာတွင် လူတို့သည် . . . အလင်းထက်အမှောင်ကို နှစ်သက်ကြ၏။”—ယောဟန် ၃:၁၉။ သတင်းကောင်း

၁။ လူအသီးသီးသည်အဘယ်ကြောင့် ဘုရားရှင်၏တရားစီရင်ခြင်းအကြောင်း စိုးရိမ်မကင်းဖြစ်သင့်သနည်း။

လူအများသည် ဘုရားရှင်၏တရားစီရင်ချက်အကြောင်း ဤမျှလောက်မပူပင်ကြချေ။ အချို့ကရောက်လာလျှင်လည်း သူတို့အနေနှင့် ဘုရားကျောင်းမှန်မှန်တက်ပြီး၊ သူတို့၏အိမ်နီးချင်းကို အဆိုးမပြုလျှင် ဘုရားရှင်သည်သူတို့အား မျက်နှာသာနှင့်တရားစီရင်မည်ဟု ယူမှတ်ကြသည်။ အများအတွက်မူ၊ ငရဲမီး၊ ငရဲလေးနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဘောင်၏သွန်သင်ချက်များသည် ဘုရား၏တရားစီရင်တော်မူခြင်းအမြင်အပေါ် မယုံသင်္ကာဖြစ်စေသည်။ သို့သော်ပျံ့နှံ့နေသော ဂရုမမူခြင်းနှင့် ခရစ်ယာန်ဘောင်၏မုသာများက လူတစ်ဦးစီသည် နောက်ဆုံးတွင် ဘုရားရှင်၏စီရင်ခြင်းခံရမည့် မုချဖြစ်ရပ်များကို မပြောင်းလဲနိုင်ချေ။ (ရောမ ၁၄:၁၂။ ၂တိမောသေ ၄:၁။ ဗျာဒိတ် ၂၀:၁၃) ဤစီရင်ချက်အပေါ် များစွာမူတည်သည်။ မျက်နှာသာဖြင့် စီရင်ခံရသူများသည် ဘုရားရှင်၏ထာဝရ အသက်ဆုကျေးဇူး၊ မျက်နှာသာမရဘဲ စီရင်ခံရသူများသည် အပြစ်၏အခဖြစ်သော သေခြင်းကိုရရှိမည်။—ရောမ ၆:၂၃။

၂။ ဘုရားသခင့်တရားစီရင်ချက်အတွက် အခြေခံကားအဘယ်နည်း။

၂ ထို့ကြောင့်၊ ခရစ်ယာန်စစ်များသည် ဘုရားရှင်၏တရားစီရင်ခြင်းကို စိုးရိမ်မကင်းဖြစ်ကာ၊ သူတို့သည်ကိုယ်တော်၏စိတ်တော်နှင့်တွေ့ရန် ဆန္ဒပြင်းပြကြသည်။ ယင်းကိုသူတို့ မည်သို့ပြုနိုင်သနည်း။ ယောဟန် ၃:၁၉ တွင်ယေရှုက သော့ချက်ကိုပေးခဲ့သည်။ ကိုယ်တော်က “အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့် အလင်းထက်မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏” ဟုမိန့်ဆိုသည်။ မှန်ပါသည်။ ဘုရားရှင်၏တရားစီရင်ခြင်းက ကျွန်ုပ်တို့အနေနှင့် အမှောင်ထက်အလင်းကို ပိုမိုကြိုက်မကြိုက်အပေါ် အခြေခံပါလိမ့်မည်။

“ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏”

၃။ အမှောင်သည်အဘယ်အရာဖြစ်၍ အလင်းသည်အဘယ်နည်း။

၃ ဝိညာဏသဘောအရစာတန်သည် “လင်းသောကောင်းကင်တမန်” အဖြစ်မကြာခဏ အယောင်ဆောင်တတ်သော်လည်း အမှောင်သည် စာတန်၏အသိုင်းအဝိုင်းတွင်ရှိ ဂရုမမူခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် ပတ်သက်နေလေသည်။ (၂ ကောရိန္သု ၄:၄။ ၁၁:၄။ ဧဖက် ၆:၁၂) အခြားတစ်ဖက်တွင် အလင်းသည်ယေဟောဝါဘုရားရှင်ထံမှလာသော နားလည်မှု၊ ထွန်းလင်းမှုနှင့် ပတ်သက်နေလေသည်။ ပေါလုရေးသားခဲ့စဉ် အလင်းအကြောင်း ဤသို့ပြောဆိုခဲ့သည်။ “ ‘မှောင်မိုက်ထဲက အလင်းထွန်းလင်း’ မည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကို သိသောဉာဏ်၏ အရောင်ကိုပေးလိုသောငှာ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏။” (၂ ကောရိန္သု ၄:၆) ဝိညာဏအလင်းသည် ယေဟောဝါဘုရားရှင်နှင့် နီးကပ်စွာပုံဖော်ပြသောကြောင့် တမန်တော်ယောဟန်က “ဘုရားရှင်သည် အလင်းဖြစ်တော်မူ၏” ဟုရေးသားခဲ့သည်။—၁ ယောဟန် ၁:၅။ ဗျာဒိတ် ၂၂:၅။

၄။ (က) ယေဟောဝါသည်အလင်းကိုမည်သို့ ရရှိစေခဲ့သနည်း။ (ခ) အလင်းကိုချစ်မြတ်နိုးကြောင်း မည်သို့သောနည်းဖြင့် ကျွန်ုပ်တို့တင်ပြနိုင်သနည်း။

၄ ယေဟောဝါရှင်သည် အလင်းကိုမိမိ၏နှုတ်ကပါဌ်တော်အားဖြင့် ရရှိစေခဲ့သည်။ ယင်းကိုသမ္မာကျမ်းစာတွင် ယနေ့ရေးသားထားသောအသွင်ဖြင့် လွတ်လပ်စွာရရှိနိုင်သည်။ (ဆာလံ ၁၁၉:၁၀၅။ ၂ ပေတရု ၁:၉) ထို့ကြောင့်၊ ဆာလံဆရာသည် ရေးသားခဲ့စဉ် အလင်းကိုသူချစ်မြတ်နိုးပုံအား အမှန်ပင်ဖွင့်ပြနေခြင်းဖြစ်လေသည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ်သည်အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက် နေပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်ဝိညာဉ်သည် စောင့်ပါ၏။ အလွန်နှစ်သက်ပါ၏။” (ဆာလံ ၁၁၉:၉၇၊ ၁၆၇) သင်သည်အလင်းကို ဆာလံဆရာချစ်ခဲ့သကဲ့သို့ ချစ်ပါသလော။ သင်သည်ဘုရားနှုတ်ကပါဌ်တော်ကို မှန်မှန်ဖတ်၍ ယင်းကိုဆင်ခြင်သုံးသပ်ကာ ၄င်းပြောသည်အတိုင်း ကြိုးစားလက်တွေ့ အသုံးပြုပါသလော။ (ဆာလံ ၁:၁-၃) သို့ပြုလျှင်၊ သင်သည်ယေဟောဝါထံမှ မျက်နှာသာရစီရင်ချက်ရရှိရန် ကြိုးစားနေခြင်းဖြစ်သည်။

“ငါသည်. . . လောက၏အလင်းဖြစ်၏”

၅။ အလင်းတော်သည်မည်သူ့အပေါ် စူးစိုက်ခဲ့သနည်း။

၅ ယေဟောဝါထံမှ အသက်ပေးသောအလင်းသည် လူသားယေရှုခရစ်အပေါ် စူးစိုက်ခဲ့သည်။ ယောဟန်ခရစ်ဝင်ကျမ်း၏နိဒါန်းတွင် “ထိုနှုတ်ကပါဌ်တော် [ယေရှု] ၌အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည်မခံမယူ” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (ယောဟန် ၁:၄၊ ၅) အမှန်ပင်၊ ယေရှုသည်အလင်းနှင့် ထိုမျှလောက် အနီးကပ်ဆက်သွယ်မှုရှိသောကြောင့် ကိုယ်တော်အား “ဟုတ်မှန်သောအလင်း. . . ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ” ဟုခေါ်ခဲ့သည်။ (ယောဟန် ၁:၉) ယေရှုကိုယ်နှိုက်က “ငါသည်ဤလောက၌ရှိစဉ်တွင် ဤလောက၏အလင်းဖြစ်၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၉:၅။

၆။ ထာဝရအသက်သို့ပို့ဆောင်သော မျက်နှာသာရတရားစီရင်ခြင်းကို ခံရရန် လူတစ်ဦးဘာပြုလုပ်ရမည်နည်း။

၆ ထို့ကြောင့်အလင်းကိုချစ်သောသူသည် ယေရှုကိုချစ်ပြီး၊ ကိုယ်တော်၌ယုံကြည်ခြင်းရှိသည်။ ယေရှုမပါဘဲနှင့် မျက်နှာသာရတရားစီရင်ခြင်းကို မရရှိနိုင်ချေ။ မှန်ပါသည်။ ကယ်တင်ခြင်းရရှိရေးအတွက် ဘုရားရှင်၏ခန့်အပ်ခံအဖြစ် ကိုယ်တော်အား ရှုမှတ်ခြင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် မျက်နှာသာရတရားစီရင်ခြင်းကို ရရှိမည်။ ယေရှုကမိန့်ဆိုခဲ့သည်။ “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်။” (ယောဟန် ၃: ၃၆) သို့ဖြစ်လျှင်၊ ယေရှု၌ယုံကြည်ခြင်းဆိုရာတွင် ဘာကိုဆိုလိုသနည်း။

၇။ ယေရှုကိုယုံကြည်ခြင်းက မည်သူ့ကိုလည်းယုံကြည်ရာရောက်သနည်း။

၇ ပထမဆုံး၊ ယေရှုကိုယ်နှိုက်က “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်၏။ ငါ့ကိုကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ကြည့်မြင်၏။ ငါ့ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၂:၄၄-၄၆) ယေရှုကိုချစ်၍ ကိုယ်တော်၌ယုံကြည်သူတို့သည် ယေရှု၏ဘုရားနှင့်ခမည်းတော်ဖြစ်သူ ယေဟောဝါ၌ နက်ရှိုင်းသောမေတ္တာနှင့် ယုံကြည်ခြင်းရှိရမည်။ (မဿဲ ၂၂:၃၇။ ယောဟန် ၂၀:၁၇) မိမိ၏ဝတ်ပြုရေးတွင် ယေရှု၏နာမကိုအသုံးပြုသော်လည်း ယေဟောဝါကိုပိုမိုဂုဏ်မတင်သူ မည်သူမဆိုသည် အလင်း၏စစ်မှန်သောမေတ္တာ မတင်ပြချေ။—ဆာလံ ၂၂:၂၇။ ရောမ ၁၄:၇၊ ၈။ ဖိလိပ္ပိ ၂:၁၀၊ ၁၁။

ဘုရားရှင်၏ “ကိုယ်စားလှယ်ချုပ်”

၈။ အလင်းတော်သည် ယေရှု၏လူသားအဖြစ် မမွေးဖွားမီကပင် ကိုယ်တော်အပေါ် မည်သို့စူးစိုက်ခဲ့သနည်း။

၈ ယေရှု၌ယုံကြည်ခြင်းသည် ယေဟောဝါ၏ရည်ရွယ်ချက်များတွင် ကိုယ်တော်၏ကဏ္ဍကို အပြည့်အဝခံယူခြင်းဟုလည်းဆိုလိုသည်။ ကိုယ်တော့်ကဏ္ဍ၏အရေးကြီးပုံကို ကောင်းကင်တမန်သည် ယောဟန်ကိုပြောကြားခဲ့စဉ် ပေါ်လွင်စေခဲ့သည်။ “ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏သက်သေဖြစ်သတည်း။” (ဗျာဒိတ် ၁၉:၁၀။ တမန်တော် ၁၀:၄၃။ ၂ ကောရိန္သု ၁:၂၀) ဧဒင်ရှိပထမပရာဖက်ပြုချက်မှစ၍ မှုတ်သွင်းတော်မူခံ ပရောဖက်ပြုချက်အားလုံးသည် နောက်ဆုံးတွင် ယေရှုနှင့်ဘုရားရှင့်ရည်ရွယ်ချက်များ ပြီးမြောက်ရာတွင် ကိုယ်တော်၏နေရာနှင့်သက်ဆိုင်နေသည်။ အလားတူပင်၊ ပေါလုက ဂလာတိခရစ်ယာန်များအား ပညတ်ပဋိညာဉ်သည် “ခရစ်တော်ထံသို့. . . ပို့ဆောင်၍. . . အထိန်း” ဟုပြောခဲ့သည်။ (ဂလာတိ ၃:၂၄) ထိုရှေးပညတ်ပဋိညာဉ်သည် မေရှိယအဖြစ်ယေရှုလာခြင်းအတွက် ထိုလူမျိုးအားပြင်ဆင်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏လူသားမွေးဖွားခြင်းမတိုင်မီကပင် ယေဟောဝါရှင်ထံမှအလင်းသည် ယေရှုအပေါ်စူးစိုက်ခဲ့သည်။

၉။ စီအီး ၃၃ မှစ၍ အလင်းကိုချစ်ခြင်းတွင် ဘာပါဝင်သနည်း။

၉ စီအီး ၂၉ ခုနှစ်တွင်ယေရှုသည်မိမိကိုယ်ကို နှစ်ခြင်းခံရန်အတွက် ဆက်သခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံခဲ့ရသည်။ သို့ဖြင့်ကတိထားရာမေရှိယ ဖြစ်လာခဲ့သည်။ ၃၃ စီအီးတွင် ကိုယ်တော်သည် စုံလင်သောလူသားအဖြစ် သေဆုံးခဲ့ပြီး ထမြောက်ကာ ကောင်းကင်သို့တက်ကြွ၍ ထိုတွင်ကျွန်ုပ်တို့၏အပြစ်များအတွက် မိမိ၏အသက်တန်ဖိုးကို ဆက်သခဲ့သည်။ (ဟေဗြဲ ၉:၁၁-၁၄၊ ၂၄) ဤဖြစ်စဉ်များက လူသားများနှင့် ဘုရားရှင်၏ဆက်ဆံရေးကို စတင်ပြောင်းလဲစေခဲ့သည်။ ယေရှုသည်ယခု “အသက်ကိုယ်စားလှယ်ချုပ်” ‘ကယ်တင်ခြင်းကိုယ်စားလှယ်ချုပ်’ “ကိုယ်စားလှယ်ချုပ်နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စုံလင်စေသူ” ဖြစ်လာခဲ့သည်။ (တမန်တော် ၃:၁၅။ ဟေဗြဲ ၂:၁၀။ ၁၂:၂။ ရောမ ၃:၂၃၊ ၂၄။ NW) ၃၃ စီအီးမှစ၍ အလင်းကိုချစ်မြတ်နိုးသူများက ယေရှု၏ “နာမမှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ” ဟုအသိအမှတ်ပြု၍ လက်ခံခဲ့သည်။—တမန်တော် ၄:၁၂။

၁၀။ ယေရှု၏စကားကိုနားထောင်၍ လိုက်လျှောက်ခြင်းသည် အဘယ်ကြောင့် အရေးကြီးလှသနည်း။

၁၀ ယေရှု၌ယုံကြည်ခြင်းသည် ကိုယ်တော်အား “နှုတ်ကပါဌ်တော်” “အံ့သြဖွယ်တိုင်ပင်ဘက်” အဖြစ်လက်ခံခြင်းကိုလည်း ဆိုလိုသည်။ (ယောဟန် ၁:၁။ ဟေရှာယ ၉:၆) ယေရှုပြောသမျှသည် အစဉ်ပင်သမ္မာတရားကို ရောင်ပြန်သည်။ (ယောဟန် ၈:၂၈။ ဗျာဒိတ် ၁:၁၊ ၂) ကိုယ်တော်အား နာခံခြင်းသည် သေရေးရှင်ရေးဖြစ်သည်။ ယေရှုကမိမိလက်ထက်ရှိဂျူးများအား “ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။” (ယောဟန် ၅:၂၄) စီအီးပထမရာစုတွင် ယေရှု၏စကားနှင့်အညီ လုပ်ဆောင်သူတို့သည်စာတန့်မှောင်မိုက်မှ ကယ်လွှတ်ခံရပြီး အသက်ရှင်ခဲ့လေသည်။ သူတို့သည်ကိုယ်တော်၏ ကောင်းကင်နိုင်ငံတော်တွင် ပူးတွဲအမွေခံများဖြစ်ရန် ရည်သန်လျက် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်။ (ဧဖက် ၁:၁။ ၂:၁၊ ၄-၇) ယနေ့တွင်၊ ယေရှု၏စကားနားထောင်ခြင်းက အာမဂေဒုန်ကိုကျော်နင်း၍ ကမ္ဘာသစ်တွင်စုံလင်သော လူ့အသက်ရရှိရန် ရည်သန်လျက် လူအများအား ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် လမ်းဖွင့်ပေးခဲ့သည်။—ဗျာဒိတ် ၂၁:၁-၄။ ယာကုပ် ၂:၂၁၊ ၂၅ နှင့်နှိုင်းယှဉ်။

“အလုံးစုံတို့၏. . . ဦးခေါင်း”

၁၁။ စီအီး ၃၃ တွင်ယေရှုထံမည်သည့် ကြီးမြင့်သောအခွင့်အာဏာ ပေးအပ်ခဲ့သနည်း။

၁၁ ကိုယ်တော်ထမြောက်ပြီးနောက် ယေရှုသည်မိမိ၏နောက်လိုက်များအား အလင်း၏နောက်အသွင်တစ်ခုကို ဖော်ပြခဲ့သည်။ ကိုယ်တော်က “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၈:၁၈) သို့ဖြင့်ယေရှုသည် ယေဟောဝါ၏စကြဝဠာအဖွဲ့အစည်းတွင် ထူးမြတ်သောအဆင့်သို့ ချီးမြှောက်ခံခဲ့ရသည်။ ပေါလုကထပ်ဆင့် အသေးစိတ်ပြောဆိုခဲ့သည်။ “ခရစ်တော်ကို [ဘုရားသခင်] သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုးအာနုဘော် အရှိန်ကဲ့သို့ဖြစ်၏။ ခပ်သိမ်းသောအထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက် ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အားပေးတော်မူ၍ ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကိုချထားသဖြင့် အသင်းတော်အဖို့အလို့ငှာ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာဦးခေါင်း ဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသောသူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ဖြစ်သတည်း။” (ဧဖက် ၁:၂၀-၂၃။ ဖိလိပ္ပိ ၂:၉-၁၁။ ) ၃၃ စီအီးမှစ၍ အလင်းကိုချစ်မြတ်နိုးခြင်းတွင် ယေရှု၏ထူးကဲသောအဆင့်ကို အသိအမှတ်ပြုခြင်း ပါဝင်ခဲ့လေသည်။

၁၂။ အစကတည်းမှ ဘိသိက်ခံခရစ်ယာန်များသည် မည်သည့်အရာကို ပျော်ရွှင်စွာလက်ခံခဲ့သနည်း။ ယင်းကိုသူတို့မည်သို့ လက်တွေ့တင်ပြသနည်း။

၁၂ နောက်ဆုံးတွင်၊ လူသားအားလုံးသည် ယေရှု၏ကြီးမြင့်သော အခွင့်အာဏာကို အသိအမှတ်ပြုရမည်။ (မဿဲ ၂၄:၃၀။ ဗျာဒိတ် ၁:၇) သို့သော်၊ အလင်းကိုချစ်မြတ်နိုးသူများသည် အစကတည်းက ယင်းကိုပျော်ရွှင်စွာ အသိအမှတ်ပြုပြီးဖြစ်သည်။ ခရစ်ယာန်အသင်းတော်၏ ဘိသိတ်ခံသူများသည် ယေရှုကို “အသင်းတော်တည်းဟူသောကိုယ်၏ဦးခေါင်း” အဖြစ်လက်ခံကြသည်။ (ကောလောသဲ ၁:၁၈၊ ဧဖက် ၅:၂၃) သူတို့သည် ထိုကိုယ်၏အစိတ်အပိုင်းများ ဖြစ်လာကြသောအခါ သူတို့ကို ‘မှောင်မိုက်တန်ခိုးမှ. . . နှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။’ (ကောလောသဲ ၁:၁၃) ထို့ကြောင့်၊ သူတို့သည် သူတို့၏အသက်တာကဏ္ဍရပ်အသီးသီးတွင် ယေရှု၏ဦးဆောင်မှုကို ထက်သန်စွာ လိုက်လျှောက်ကြ၍၊ ကျွန်ုပ်တို့အချိန်တွင် သူတို့သည် “အခြားသိုး” များကို အလားတူပြုလုပ်ရန် သွန်သင်ပေးခဲ့ကြသည်။ (ယောဟန် ၁၀:၁၆) ယေရှု၏ဦးခေါင်းဖြစ်မှုကို အသိအမှတ်ပြုခြင်းသည် မျက်နှာသာရ စီရင်ချက်ရရှိရန် သော့ချက်ဖြစ်လေသည်။

၁၃။ ယေရှုသည်မည်သည့်အချိန်တွင် နိုင်ငံတော်အခွင့်အာဏာကို စတင်အသုံးပြုခဲ့သနည်း။ ဤမြေကြီးပေါ်တွင် မည်သည့်အရာ နောက်ဆက်တွဲ ဖြစ်လာသနည်း။

၁၃ ၃၃ စီအီးတွင်ကောင်းကင်သို့ ကိုယ်တော်တက်ခဲ့စဉ် ယေရှုသည်မိမိ၏ ကြီးမြင့်သောအခွင့်အာဏာကို ချက်ချင်းအပြည့်အဝ အသုံးမပြုခဲ့ချေ။ ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းဖြစ်သော်လည်း လူသားများအပေါ် အခွင့်အာဏာအပြည့်အဝအသုံးပြုရန် လျောက်ပတ်သောအချိန်ကို ကိုယ်တော်စောင့်ဆိုင်းခဲ့သည်။ (ဆာလံ ၁၁၀:၁။ တမန်တော် ၂:၃၃-၃၅) ထိုအချိန်သည်၊ ယေရှု ဘုရားနိုင်ငံတော်၏ဘုရင်အဖြစ် နန်းတင်ခံရစဉ်နှင့် ဤလောက၏ “နောက်ဆုံးကာလ” အစပြုသော ၁၉၁၄ စီအီးတွင်ရောက်ရှိခဲ့သည်။ (၂တိမောသေ ၃:၁) ၁၉၁၉ ခုနှစ်မှစ၍ ကြွင်းကျန်သောဘိသိက်ခံများ စုသိမ်းခြင်းသည် ပြီးဆုံးခြင်းသို့ ချဉ်းကပ်လာခဲ့သည်။ အထူးသဖြင့် ၁၉၃၅ မှစ၍ယေရှုသည် လူသားများကို “ [သူ] တို့အဖို့ပြင်ဆင်သောနိုင်ငံ” ကိုအမွေခံမည့် “သိုး” များနှင့် “ထာဝရအပြစ်ဒဏ်ခံရာသို့ . . . သွားရကြမည့်” “ဆိတ်” များကိုခွဲခြားခဲ့သည်။—မဿဲ ၂၅:၃၁-၃၄၊ ၄၁၊ ၄၆။

၁၄။ လူအုပ်ကြီးသည် အလင်းကိုချစ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။ သူတို့အတွက်ရလဒ် မည်သို့ဖြစ်မည်နည်း။

၁၄ ပျော်ရွှင်စွာပင်၊ သိုးများသည်ဤနောက်ဆုံးကာလတွင် များပြားကြောင်း သက်သေထူခဲ့သည်။ သန်းချီ၍အရေအတွက်ရှိသော သူတို့အထဲမှ လူအုပ်ကြီးသည် “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍” ကမ္ဘာ့မြင်ကွင်းတွင် ပေါ်ပေါက်လာခဲ့သည်။ သူတို့၏အပေါင်းအဖော်များဖြစ်သော ဘိသိက်ခံများကဲ့သို့ပင် ဤသိုးကဲ့သို့သောသူများသည် အလင်းကိုချစ်မြတ်နိုးကြသည်။ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေ” ကာ ကျယ်သောအသံနှင့် “ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်း” ဟုကြွေးကြော်ကြသည်။ ယင်းအတွက်ကြောင့်၊ အုပ်စုတစ်စုအနေနှင့် လူအုပ်ကြီးသည် မျက်နှာသာရတရားစီရင်ခြင်းကို ရရှိမည်။ သူတို့သည် “ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍” အာမဂေဒုန်တွင် အမှောင်ကိုချစ်သူများအား ဖျက်ဆီးခြင်းမှလွတ်မြောက်မည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၄။

“အလင်း၏သားများ”

၁၅။ ဘုရင်ယေရှုခရစ်အောက် ကျွန်ုပ်တို့လက်အောက်ခံကြောင်း ကျွန်ုပ်တို့၏အပြုအမူက မည်သို့တင်ပြသနည်း။

၁၅ သို့သော်၊ ဘိသိတ်ခံဖြစ်စေ၊ အခြားသိုးဖြစ်စေ အလင်းကိုချစ်မြတ်နိုးသူများသည် ဘုရင်အဖြစ် ဘုရားရှင်နန်းတင်မြှောက်သူနှင့် စီရင်မည့်တရားသူကြီးအဖြစ် ယေရှုအောက်မည်သို့ လက်တွေ့ကျကျ လက်အောက်ခံနိုင်မည်နည်း။ တစ်နည်းမှာ၊ ယေရှုနှစ်ခြိုက်သောသူ အမျိုးအစားဖြစ်ရန် ကြိုးစားခြင်းဖြစ်သည်။ မြေကြီးပေါ်တွင်ရှိစဉ်၊ ယေရှုသည်ရိုးဖြောင့်ခြင်း၊ နှလုံးအကြွင်းမဲ့ရှိခြင်းနှင့် သမ္မာတရားအတွက်ထက်သန်မှုအပေါ် လေးမြတ်မှုတင်ပြခဲ့ပြီး၊ ကိုယ်တော်ကိုယ်နှိုက် ထိုအရည်အချင်းများကို ပုံသက်သေပြခဲ့သည်။ (မာကု ၁၂:၂၈-၃၄၊ ၄၁-၄၄။ လုကာ ၁၀:၁၇၊ ၂၁) ကျွန်ုပ်တို့သည် မျက်နှာသာရစီရင်ခြင်းခံလိုလျှင် ထိုသို့သောအရည်အချင်းများ မွေးမြူရမည်။

၁၆။ အမှောင်နှင့်ဆိုင်သော အကျင့်များကို ဖယ်ရှားပစ်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၁၆ ဆုံးခန်းနီးလာသည်နှင့်အမျှ စာတန်၏လောကသည် ပိုမိုမှောင်မိုက်လာသောကြောင့် ၄င်းသည်အထူးမှန်ကန်သည်။ (ဗျာဒိတ် ၁၆:၁၀) ထို့ကြောင့်၊ ရောမသားများထံ ပေါလုရေးခဲ့သော စကားလုံးများသည် အလွန်ဆီလျော်လှပါသည်။ “ညဉ့်အချိန်ကုန်လှ၍ နေ့အချိန်ရောက်လုသောကြောင့်လည်းကောင်း. . . မှောင်မိုက်၏အကျင့်ကိုပယ်ရှား၍ အလင်း၏လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမှုတို့ကိုကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင်ပြုမူကြကုန်အံ့။” (ရောမ ၁၃:၁၂၊ ၁၃) ထာဝရအသက်သည် ဘုရားရှင်ထံမှဆုကျေးဇူးဖြစ်ပြီး၊ အလင်းအတွက် ကျွန်ုပ်တို့၏စစ်မှန်သောယုံကြည်ခြင်းနှင့် ကျွန်ုပ်တို့၏မေတ္တာသည် မိမိတို့၏လုပ်ရပ်အားဖြင့်ထင်ရှားသည်။ (ယာကုပ် ၂:၂၆) ထို့ကြောင့်၊ ကျွန်ုပ်တို့ရရှိမည့် တရားစီရင်ခြင်းသည် ကောင်းသောအလုပ်မည်မျှကျွန်ုပ်တို့လုပ်သည်၊ မကောင်းမှုမည်မျှလုပ်သည်အပေါ် များစွာမူတည်လေသည်။

၁၇။ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။

၁၇ ရောမ ၁၃:၁၂၊ ၁၃ တွင်တမန်တော်ပေါလုသည် သူ၏သွန်သင်ချက်ပေးပြီးနောက် ဤသို့ဆိုလျက် နိဂုံးချုပ်လေသည်။ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။” (ရောမ ၁၃:၁၄) “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့” ဟူ၍ဆိုရာ၌ ဘာကိုဆိုလိုသနည်း။ ခရစ်ယာန်များသည် ယေရှုကိုအနီးကပ်လိုက်လျှောက်ခြင်း၊ ကိုယ်တော်၏ပုံသက်သေနှင့် ကိုယ်တော့်စိတ်သဘောထားကို ဝတ်ဆင်ခြင်း၊ ခရစ်တော်ကဲ့သို့တူရန် ကြိုးပမ်းခြင်းဖြစ်သည်။ ပေတရုက “ထိုသို့အလို့ငှာသင်တို့ကို ခေါ်တော်မူပြီ။ ခရစ်တော်သည်ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုဆိုခဲ့သည်။—၁ ပေတရု ၂:၂၁။

၁၈။ ကျွန်ုပ်တို့သည် မျက်နှာသာရ စီရင်ချက်ရရှိလိုပါက အရင်းအမြစ်မှ မည်သည့်ပြောင်းလဲမှု လိုအပ်ပါသနည်း။

၁၈ ခရစ်ယာန်အသက်တာတွင် အများအားဖြင့် ယင်းသည်အရင်းအမြစ်မှ ပြုပြင်ပြောင်းလဲရန်နှင့် ပတ်သက်သည်။ ပေါလုက “အထက်ကာလ၌ သင်တို့သည်မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ သို့ဖြစ်၍အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။ အလင်းတော်၏အကျိုးမူကား၊ အလုံးစုံသောကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းဖြစ်သတည်း” ဟုဆိုခဲ့သည်။ (ဧဖက် ၅:၈၊ ၉) မှောင်မိုက်အကျင့်ကို ကျင့်သောသူမည်သူမဆိုသည် အလင်းကိုချစ်သူများမဟုတ်ဘဲ သူတို့မပြောင်းလဲလျှင် မျက်နှာသာရ တရားစီရင်ချက်ကို သူတို့ရရှိမည်မဟုတ်ချေ။

“သင်တို့သည် ဤလောက၏အလင်း ဖြစ်ကြ၏”

၁၉။ ခရစ်ယာန်တစ်ဦးသည် အလင်းကိုမည်သို့သောသီးခြားနည်းများဖြင့် ရောင်ပြန်နိုင်သေးသနည်း။

၁၉ နောက်ဆုံးအနေနှင့်၊ အလင်းကိုချစ်ခြင်းဟူသည် အခြားသူများယင်းကိုမြင်၍ ဆွဲဆောင်ခံရရန် အလင်းကိုရောင်ပြန်ခြင်းဖြစ်သည်။ “သင်တို့သည် ဤလောကအလင်းဖြစ်ကြ၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ ကိုယ်တော်က “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” ဟုထပ်ဆင့်ခဲ့သည်။ (မဿဲ ၅:၁၄၊ ၁၆) ခရစ်ယာန်တစ်ဦး၏ အလုပ်မွန်များထဲတွင် ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတင်ပြခြင်းလည်းပါဝင်လေသည်။ ယင်းအလုပ်မွန်တို့သည် သမ္မာတရားအတွက် တန်ခိုးပါသော သက်သေခံခြင်းကို ဖြစ်စေသောကြောင့်တည်း။ (ဂလာတိ ၆:၁၀။ ၁ ပေတရု ၃:၁) ထိုတွင်အခြားသူများအား သမ္မာတရားအကြောင်း ပြောခြင်းအထူးပါဝင်သည်။ ယနေ့၊ ယင်းသည် “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌” ဟောပြောခြင်းဖြစ်သည့် ကမ္ဘာချီလုပ်ငန်းတွင် ပါဝင်ခြင်းကိုဆိုလိုသည်။ ယင်းသည်စိတ်ဝင်စားသူများထံ စိတ်ရှည်စွာလည်ပတ်ခြင်း၊ သူတို့နှင့်ကျမ်းစာသင်အံခြင်းနှင့်တစ်ဖန် အလင်းနှင့်ဆိုင်သော အကျင့်များကိုသီးပွင့်ရန် သူတို့အားကူညီပေးခြင်းတို့ဖြစ်သည်။ —မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။

၂၀။ (က) ယနေ့အလင်းသည် မည်မျှတောက်ပစွာ ထွန်းလင်းနေသနည်း။ (ခ) အလင်းကိုတုံ့ပြန်သူများ မည်သည့်ကြွယ်ဝစွာသော ကောင်းချီးများခံစားရသနည်း။

၂၀ ကျွန်ုပ်တို့လက်ထက်တွင်၊ သစ္စာရှိခရစ်ယာန်များ၏ ဇွဲရှိရှိဟောပြောခြင်းလုပ်ငန်းအတွက် ကျေးဇူးတင်ပါသည်။ သတင်းကောင်းကို နိုင်ငံပေါင်း ၂၀၀ ကျော်တွင်ကြားသိရပြီး၊ အလင်းသည် တစ်ခါကမျှနှင့်မတူဘဲ ထွန်းလင်းလျက်ရှိသည်။ ယေရှုက “ငါသည်ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်။” (ယောဟန် ၈:၁၂) ဤကတိတော်ပြည့်စုံခြင်းတွင် ပါဝင်ရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား။ ကျွန်ုပ်တို့၏အသက်တာသည် ယခုပိုမိုပြည့်ဝလာသောကြောင့် ကျွန်ုပ်တို့သည်စာတန်၏မှောင်မိုက်လောကတွင် နွမ်းလျ၍မနေကြတော့ချေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ခန့်အပ်ခံတရားသူကြီးထံမှ မျက်နှာသာရ တရားစီရင်ချက်ကို စောင့်မျှော်စဉ် ကျွန်ုပ်တို့၏ရှေ့အလားအလာသည် အမှန်ပင်ထူးမြတ်လှပေသည်။ (၂တိမောသေ ၄:၈) အလင်းသို့ရောက်ပြီးမှ မှောင်မိုက်သို့ပြန်ရွေ့လျော့ကာ မျက်နှာသာမရဘဲ စီရင်ချက်ခံရသော် မည်မျှကြေကွဲဖွယ်ရာပါတကား။ နောက်ဆက်တွဲဆောင်းပါးတွင်၊ ယုံကြည်ခြင်းတွင် ကျွန်ုပ်တို့မည်သို့ခိုင်မြဲနိုင်မည်ကို ဆွေးနွေးပါမည်။

သင်ရှင်းပြနိုင်မည်လော

▫ ဘုရားသခင့်တရားစီရင်ချက်အတွက် အခြေခံကားအဘယ်နည်း။

▫ ယေရှုသည် ဘုရားရှင်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ မည်သည့်အဓိက ကဏ္ဍတွင်ရှိသနည်း။

▫ ယေဟောဝါနန်းတင်မြှောက်သော ဘုရင်အဖြစ် ယေရှုအောက် လက်အောက်ခံကြောင်း ကျွန်ုပ်တို့မည်သို့တင်ပြသနည်း။

▫ ကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို “အလင်း၏သားများ” ဖြစ်ကြောင်း မည်သို့သက်သေထူမည်နည်း။

▫ ဤမှောက်မိုက်လောကတွင် တစ်ခါကမျှနှင့်မတူအောင် အလင်းသည် မည်သို့ထွန်းလင်းနေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ