ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁ စာ. ၈-၁၃
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြားသောအလင်းတစ်မျိုး
  • ဝိညာဏအမှောင်ထဲရှိလောက
  • “ကြီးစွာသောအလင်း”
  • “ကိုယ်တော်အားဖြင့် အသက်ဖြစ်၏”
  • ယေဟောဝါထံတော်မှလက်ဆောင်များ
  • ဘုရားသခင့်အလင်းတော်က မှောင်မိုက်ကိုပျောက်လွင့်စေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “အလင်း၏ လက်နက်စုံကိုဝတ်ဆင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • အလင်းဆောင်သူများ —အဘယ်ရည်ရွယ်ချက်အတွက်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁ စာ. ၈-၁၃

လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း

“ငါ့နောက်သို့လိုက်သောသူသည် . . . အသက်၏အလင်းကိုရလိမ့်မည်။”—ယောဟန် ၈:၁၂။

၁ အလင်းသည် မည်မျှအရေးကြီးသနည်း။

အလင်းမပါဘဲ ကျွန်ုပ်တို့ဘာလုပ်နိုင်မည်နည်း။ တစ်နှစ်ပတ်လုံး ၂၄ နာရီအမှောင်ဖြင့် နေ့စဉ်နိုးထရမည့်အခြေအနေကို စဉ်းစားကြည့်ပါ။ အလင်းမရှိလျှင် အရောင်အဆင်းလည်းမရှိနိုင်သဖြင့် ယင်းအဖြစ်ကိုစဉ်းစားကြည့်ပါဦး။ အမှန်မှာ အလင်းမရှိလျှင် ကျွန်ုပ်တို့လည်း ရှိနိုင်မည်မဟုတ်။ အဘယ့်ကြောင့်နည်း။ အလင်းမှီစုဖွဲ့ခြင်းဖြစ်စဉ်အရ အပင်စိမ်းများသည် အလင်းကိုအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့စားသောက်သော အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်ပေးသည်။ တစ်ခါတစ်ရံ တိရစ္ဆာန်များ၏အသားကို ကျွန်ုပ်တို့စားကြသည်တော့မှန်ပါသည်။ သို့သော် ထိုတိရစ္ဆာန်များသည် အပင်များ သို့မဟုတ် အပင်များကိုစားသောအခြားတိရစ္ဆာန်များကို စားကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ကာယအသက်တာသည် အလင်းအပေါ်တွင် လုံးဝအမှီသဟဲပြုနေသည်။

၂။ အလွန်စွမ်းအားကောင်းသော အလင်း၏ အဘယ်ပင်ရင်းအမြစ်များရှိပြီး ယင်းအချက်က ယေဟောဝါနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားဘာဖော်ပြသနည်း။

၂ ကျွန်ုပ်တို့အတွက်အလင်းသည် ကြယ်တစ်လုံးဖြစ်သောနေမှလာသည်။ ကျွန်ုပ်တို့၏နေသည် မြောက်မြားစွာသောအလင်းကို ထုတ်လွှတ်နေသော်လည်း ယင်းသည် အလယ်အလတ်တန်းစားအရွယ်ရှိ ကြယ်တစ်လုံးမျှသာဖြစ်သည်။ ယင်းထက်အဆမတန်ကြီးမားသောကြယ်များစွာရှိသေးသည်။ ကျွန်ုပ်တို့နေထိုင်ရာပါဝင်သော နဂါးငွေ့တန်းဂယ်လက်ဆီခေါ် ကြယ်စုကြီးသည် ကြယ်သန်းပေါင်းတစ်သိန်းကျော်ပါဝင်သည်။ တစ်ဖန် စကြဝဠာတွင် မရေမတွက်နိုင်သော ဂယ်လက်ဆီသန်းကုဋေပေါင်းများစွာရှိသည်။ ဧရာမကြယ်အစုအဝေးကြီးပါတကား။ ယင်းတို့မှ အလင်းပမာဏကြီးမားစွာထွက်လိုက်မည်ဖြစ်ခြင်း။ ယင်းအရာအားလုံးကို ဖန်ဆင်းတော်မူသောယေဟောဝါသည် အလွန်တန်ခိုးကြီးသော အလင်း၏ပင်ရင်းအမြစ်ဖြစ်ပေသည်တကား။ “အထက်သို့မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ သောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ” ဟု ဟေရှာယ ၄၀:၂၆ တွင်ကြေညာထားသည်။

အခြားသောအလင်းတစ်မျိုး

၃။ ယေဟောဝါထံမှဝိညာဏအလင်းသည် မည်မျှအရေးကြီးသနည်း။

၃ ယေဟောဝါသည် ဝိညာဏ အမြင်၊ ဝိညာဏသိရှိနားလည်မှုကိုပေးသော အခြားသောအလင်းတစ်မျိုး၏ပင်ရင်းအမြစ်လည်း ဖြစ်တော်မူသည်။ အဘိဓာန်ကျမ်းတစ်စောင်က “ထွန်းလင်းသည်” ကို “အသိပညာဖြည့်ဆည်းပေးသည်။ သွန်သင်သည်။ ဝိညာဏထိုးထွင်းသိမြင်ခြင်းကိုပေးသည်” ဟုအနက်ဖွင့်ထားသည်။ ယင်းက “ထွန်းလင်းသော” ကို “မသိရှိခြင်းနှင့် လွဲမှားစွာအသိပေးခြင်းတို့မှ ကင်းလွတ်သော” ဟုပြန်ဆိုထားသည်။ ယေဟောဝါထံတော်မှဖြစ်သော ဝိညာဏထွန်းလင်းမှုသည် ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောသမ္မာတရားဖြင့် ထောက်ပံ့ခံရသည်။ ယင်းက ဘုရားသခင်မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို ကျွန်ုပ်တို့အားပေးသိသည့်အရာဖြစ်သည်။ “မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်၏မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ဘုန်းတော်ကို သိသောဉာဏ်၏အရောင်ကို ပေးလိုသောငှာ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏။” (၂ ကောရိန္သု ၄:၆) ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားသည် ကျွန်ုပ်တို့အား မသိရှိခြင်းနှင့် လွဲမှားစွာအသိပေးခံရခြင်းတို့မှ ကင်းလွတ်စေသည်။ ယေရှုက “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၈:၃၂။

၄၊ ၅။ ယေဟောဝါထံမှအသိပညာသည် ကျွန်ုပ်တို့၏အသက်တာအတွက် အလင်းအဖြစ်မည်သို့လုပ်ဆောင်သနည်း။

၄ ဝိညာဏအလင်း၏ ပင်ရင်းအမြစ်ဖြစ်တော်မူသောယေဟောဝါသည် “အသိပညာ၌စုံလင်” တော်မူသည်။ (ယောဘ ၃၇:၁၆၊ ကဘ) ဆာလံ ၁၁၉:၁၀၅ ကလည်း ဘုရားသခင်နှင့်ပတ်သက်၍ “နှုတ်ကပါဌ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏” ဟုဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဘဝခြေလှမ်းနောက်တစ်လှမ်းအတွက်သာမကဘဲ လမ်းခရီးတစ်လျှောက်လုံး ဝိညာဏရေးအရ ကိုယ်တော်ထွန်းလင်းပေးစေနိုင်သည်။ ထိုအလင်းသာမပါပါက ဘဝသည် မှောင်မိုက်သောညတစ်ည၌ မီးမရှိ၊ အကွေ့အကောက်များသောတောင်ပေါ်လမ်းတွင် မီးမပါသည့်ကားကိုမောင်းနှင်ရခြင်းနှင့်တူပေသည်။ ဘုရားသခင်ထံမှဝိညာဏအလင်းကို ကားရှေ့မီးမှဖြာထွက်သောအလင်းနှင့် နှိုင်းယှဉ်နိုင်သည်။ ကျွန်ုပ်တို့သွားနေသည့်လမ်းကို ကောင်းစွာမြင်နိုင်ရန် အလင်းက လမ်းပေါ်တွင်ဖြာထွက်နေသည်။

၅ ဟေရှာယ ၂:၂-၅ တွင်ပါသောပရောဖက်ပြုချက်က ကျွန်ုပ်တို့အချိန်တွင် လူမျိုးအသီးသီးထဲမှ စစ်မှန်သောဝတ်ပြုရေးကို လေ့လာလိုက်လျှောက်ရန်အလို့ငှာ ဝိညာဏအလင်းကိုလိုလားသူများအား ဘုရားသခင်စုသိမ်းနေကြောင်း ဖော်ပြထားသည်။ အခန်းငယ် ၃ က “လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်” ဟုပြောထားသည်။ အခန်းငယ် ၅ (ကဘ) က “ယေဟောဝါ၏အလင်းတော်၌ လျှောက်သွားကြကုန်အံ့” ဟုခေါ်ဖိတ်ထားသည်။

၆။ ယေဟောဝါထံတော်မှအလင်းသည် နောက်ဆုံး ကျွန်ုပ်တို့အားအဘယ်သို့ပို့ဆောင်သနည်း။

၆ ထို့ကြောင့် ယေဟောဝါသည် အသက်အတွက်အရေးကြီးသောအလင်းနှစ်မျိုး၏ ပင်ရင်းအမြစ်ဖြစ်တော်မူသည်။ ပကတိအလင်းနှင့် ဝိညာဏအလင်းဖြစ်သည်။ ပကတိအလင်းသည် ကျွန်ုပ်တို့၏ကာယခန္ဓာအား အသက် ၇၀၊ ၈၀ ခန့်မျှ ဆက်လက်အသက်ရှင်ရန် အကူအညီပေးသည်။ သို့သော် ဝိညာဏအလင်းမူ ပရဒိသုမြေကြီးပေါ်ရှိ ထာဝရအသက်သို့ပို့ဆောင်ပေးသည်။ ဘုရားသခင်ထံ ယေရှုဆုတောင်းခဲ့သကဲ့သို့ပင်ဖြစ်သည်။ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။

ဝိညာဏအမှောင်ထဲရှိလောက

၇။ ယခုအချိန်သည် ခါတိုင်းထက်ပို၍ ဝိညာဏအလင်းကိုကျွန်ုပ်တို့လိုအပ်ရခြင်းမှာ အဘယ်ကြောင့်နည်း။

၇ ယနေ့ကျွန်ုပ်တို့သည် ခါတိုင်းနှင့်မတူအောင် ဝိညာဏအလင်းကို လိုအပ်လျက်ရှိသည်။ မဿဲအခန်းကြီး ၂၄ နှင့် ၂ တိမောသေအခန်းကြီး ၃ တို့ကဲ့သို့သော ပရောဖက်ပြုချက်များအရ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ အဆုံးသတ်ခါနီးတွင်ရှိနေကြကြောင်း တင်ပြသည်။ ၎င်းတို့နှင့် အခြားသောပရောဖက်ပြုချက်များက ကျွန်ုပ်တို့ခေတ်တွင်ဖြစ်ပျက်သော ကြောက်မက်ဖွယ်ကောင်းသည့်အရာများကို ကြိုတင်ဟောထားခြင်းအားဖြင့် ‘ဆုံးခန်းအချိန်’ တွင် ကျွန်ုပ်တို့ရှိနေကြကြောင်းကို သိစေသည်။ ထိုပရောဖက်ပြုချက်များမှန်ကန်သည့်အနေနှင့် ဤရာစုနှစ်လူများသည် ဘေးဆိုးတစ်ခုပြီးတစ်ခုကို ရင်ဆိုင်နေကြရသည်။ ရာဇဝတ်မှုနှင့်အဓမ္မမှုများသည် ကြောက်မက်ဖွယ်နှုန်းဖြင့်တိုးပွားနေသည်။ စစ်ပွဲများက သန်းတစ်ရာထက်မကသောလူ့အသက်များကို ချွေယူခဲ့သည်။ ကြောက်စရာအေအိုင်ဒီအက်စ်ကဲ့သို့သော ရောဂါများသည် လူသန်းပေါင်းများစွာအား တားမနိုင်ဆီးမရသုတ်သင်ခဲ့ရာ အမေရိကန်တစ်နိုင်ငံတည်းတွင် အေအိုင်ဒီအက်စ်ကြောင့် လူပေါင်း ၁၆၀,၀၀၀ ခန့်သေဆုံးခဲ့ရပြီဖြစ်သည်။ မိသားစုများ၏အသက်တာသည် ကျဆင်းနေပြီး လိင်ဆိုင်ရာစာရိတ္တကောင်းမွန်ခြင်းကို ခေတ်တုံးသွားပြီဟုယူမှတ်လာကြသည်။

၈။ ယခုအခါ လူသားများအဘယ်အခြေအနေကို ရင်ဆိုင်နေရကြသနည်း။ အဘယ့်ကြောင့်နည်း။

၈ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဟားဗီးယဲရ်ပဲရက်စ်ဒေကွေးယားက “ ဆင်းရဲနွမ်းပါးမှုဟာ လူ့အဖွဲ့အစည်းတွေရဲ့စည်းလုံးမှုကို [လှိုက်စားနေတယ်] ဆိုတာကို ကမ္ဘာ့အခြေအနေက အနှံ့အပြားသက်သေထူတယ်” ဟုပြောခဲ့သည်။ “ဒီနေ့ လူသန်းပေါင်းတစ်ထောင်ကျော်ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ အဲဒါက အကြမ်းဖက်ရမ်းကားမှုဖြစ်စေတဲ့အကြောင်းတွေကို ပိုမိုတိုးပွားစေတယ်။ ဒီသေလောက်တဲ့ဝေဒနာက အစိုးရတွေကိုင်တွယ်နိုင်တယ်ဆိုတဲ့ ကုသနည်းကို အချည်းနှီးဖြစ်စေတယ်” ဟုသူမှတ်ချက်ချခဲ့သည်။ ဩဇာရှိအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သူကလည်း “လူ့ဘောင်လောကရင်ဆိုင်နေရတဲ့ အဓိကပြဿနာကတော့ အုပ်ထိန်းလို့မရတော့တာပါပဲ” ဟုအတည်ပြုပြောဆိုခဲ့သည်။ ဆာလံ ၁၄၆:၃ တွင်ဖော်ပြပါရှိသည့် “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်” ဟူသောစကားမည်မျှမှန်ကန်လိုက်လေခြင်း။

၉။ လူသားများအား ဖုံးလွှမ်းထားသောမှောက်မိုက်နှင့်ပတ်သက်၍ မည်သူတာဝန်အရှိဆုံးဖြစ်သနည်း။ ယင်း၏သြဇာလွှမ်းမိုးမှုကို မည်သူဖယ်ရှားပေးနိုင်သနည်း။

၉ ယနေ့အခြေအနေသည် ဟေရှာယ ၆၀:၂ တွင်ကြိုတင်ဖော်ပြထားသည့်အတိုင်းပင်ဖြစ်သည်။ “ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကိုဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကိုဖုံးလွှမ်းလိမ့်မည်။” ယင်းမှောင်မိုက်သည် ကမ္ဘာသားအများစုကိုဖုံးလွှမ်းနေရခြင်းမှာ သူတို့သည် ယေဟောဝါထံတော်မှ ဝိညာဏအလင်းကိုမခံယူသောကြောင့်ဖြစ်သည်။ ဝိညာဏမှောင်မိုက်၏ ပင်ရင်းတရားခံမှာ အလင်းပိုင်ရှင်ဘုရားသခင်၏ ရန်သူကြီးဖြစ်သော စာတန်မာရ်နတ်နှင့် သူ၏နတ်ဆိုးများဖြစ်သည်။ သူတို့သည် “လောကီမှောင်မိုက်ကို အစိုးတရပြုလုပ်သောမင်း” များဖြစ်ကြသည်။ (ဧဖက် ၆:၁၂) ၂ ကောရိန္သု ၄:၄ က မာရ်နတ်အား “မယုံကြည်သောသူတို့ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှာ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏” ဟုဖော်ပြထားသည်။ ဤလောက၌စာတန့်သြဇာလွှမ်းမိုးမှုကို မည်သည့်လူသားမျှမဖယ်ရှားနိုင်ပါ။ ဘုရားသခင်သာလျှင်ဖယ်ရှားနိုင်သည်။

“ကြီးစွာသောအလင်း”

၁၀။ ကျွန်ုပ်တို့အချိန်တွင် လူသားများအပေါ်အလင်းထွန်းလင်းမည့်အကြောင်း ဟေရှာယမည်သို့ကြိုပြောထားသနည်း။

၁၀ သို့သော် ကြီးစွာသောမှောင်မိုက်သည် လူသားအများစုကိုဖုံးလွှမ်းနေစဉ် ဘုရားသခင့်နှုတ်ကပါဌ်တော်က ဟေရှာယ ၆၀:၂၊ ၃ တွင် ကြိုပြောထားသည်မှာ “သင်၏အပေါ်မှာ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပေါ်ထွန်းတော်မူ၍ ဘုန်းတော်သည် သင်၏အပေါ်မှာထင်ရှားလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့ [လာကြလိမ့်မည်]” ဟူ၍ဖြစ်သည်။ ယင်းသည် ဤဆုံးခန်းကာလတွင် ထွန်းလင်းသော၊ ယေဟောဝါ၏စစ်မှန်သော ဝတ်ပြုရေးသည် တည်ထောင်လာမည်ဟူသော ဟေရှာယအခန်းကြီး ၂ ပါဖော်ပြချက်နှင့်ကိုက်ညီသည်။ အခန်းငယ် ၂ နှင့် ၃ တွင် “ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့စုဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း လာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော် [သို့တက်သွားကြကုန်အံ့]” ဟုဆိုထားသည်။ ယင်းတောင်ကား ကိုယ်တော်၏ချီးမြှင့်ထားသော စစ်မှန်သောဝတ်ပြုရေးပင်ဖြစ်သည်။ လောကသည် စာတန်ထိန်းချုပ်ခံနေရသော်လည်း ဘုရားသခင့်ထံတော်မှအလင်းသည် ထွန်းတောက်လာပြီး မှောက်မိုက်မှမြောက်မြားစွာသောသူများအား လွတ်မြောက်စေသည်။

၁၁။ ယေဟောဝါ၏အလင်းကိုရောင်ပြန်ဟပ်ရာတွင် မည်သူသည် အထင်ရှားဆုံးဖြစ်သနည်း။ ထိုသူအား ရှုမောင်မည်သို့မှတ်သားဖော်ပြသနည်း။

၁၁ ဟေရှာယ ၉:၂ ပါပရောဖက်ပြုချက်က ဘုရားသခင်သည် မိမိ၏အလင်းကိုရောင်ပြန်ဟပ်မည့်သူတစ်ဦးအား လောကသို့စေလွှတ်လိုက်မည်ဟုဆိုသည်။ “မှောင်မိုက်ထဲမှာသွားလာသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏” ဟုဖော်ပြထားသည်။ ထိုကြီးစွာသောအလင်းကား ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူ ယေရှုခရစ်ပင်ဖြစ်သည်။ ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၁၂) ယင်းအချက်ကို ယေရှုငယ်ရွယ်စဉ်ကတည်းက သိသူအချို့ရှိသည်။ လုကာ ၂:၂၅ တွင် ရှုမောင်အမည်ရှိသောသူသည် “ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ” ဖြစ်ပြီး “သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်” ဟုဖော်ပြထားသည်။ သူငယ်ယေရှုကိုမြင်သောအခါ ဘုရားသခင်ထံရှုမောင်ဆုတောင်းသည်ကား “လူအားလုံးတို့ရှေ့မှောက်၌ပြင်ဆင်တော်မူသော ကယ်တင်ခြင်းလမ်းကြောင်း၊ လူမျိုးများ၏မျက်နှာဖုံးကို ဖယ်ရှားပစ်မည့်အလင်းကို ကျွန်ုပ်မျက်ဝါးထင်ထင်တွေ့မြင်ရပြီ” ဟုဆိုခဲ့သည်။—လုကာ ၂:၃၀-၃၂၊ ကဘ။

၁၂။ လူသားများ၏ အမှောင်မျက်နှာဖုံးကို မည်သည့်အချိန်နှင့် မည်သည့်နည်းဖြင့် ယေရှုစတင်ဖယ်ရှားပေးသနည်း။

၁၂ ယေရှုနှစ်ခြင်းခံပြီးမကြာမီမှာပင် လူသားများ၏အမှောင်မျက်နှာဖုံးကို စတင်ဖယ်ရှားပေးတော့သည်။ မဿဲ ၄:၁၂-၁၆ က ယင်းသည် ဟေရှာယ ၉:၁၊ ၂ ပြည့်စုံချက်ဖြစ်သည့် “ကြီးစွာသောအလင်း” သည် ဝိညာဏမှောင်မိုက်တွင်လျှောက်နေကြသူများအပေါ် စတင်ထွန်းလင်းမည့်အကြောင်းကို ကျွန်ုပ်တို့အားဖော်ပြသည်။ မဿဲ ၄:၁၇ ကမူ “ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည်တည်လုနီးပြီဟူသောတရားကို ဟောစပြုတော်မူ၏” ဟုဆိုထားသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုသည် လူသားများအား ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို သိနားလည်လာစေသည်။ “သတင်းကောင်းအားဖြင့် အသက်ရှင်ခြင်းနှင့် မဖောက်ပြန်မပျက်စီးနိုင်ခြင်းတရားကို ပေါ်လွင်ထင်ရှားစေတော်မူသတည်း။”—၂ တိမောသေ ၁:၁၀၊ သက။

၁၃။ ယေရှုက မိမိကိုယ်ကိုမည်သို့ဖော်ပြသနည်း။ အဘယ့်ကြောင့်ထိုမျှတိတိကျကျဖော်ပြနိုင်သနည်း။

၁၃ ယေရှုသည် ဘုရားသခင်၏အလင်းကို သစ္စာရှိစွာရောင်ပြန်ဟပ်ခဲ့သည်။ ကိုယ်တော်က “ငါ့ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ။ . . . ငါသည် ကိုယ်အလိုအလျောက်ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် အဘယ်သို့ငါဆုံးမဟောပြောရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏။”—ယောဟန် ၁၂:၄၄-၅၀။

“ကိုယ်တော်အားဖြင့် အသက်ဖြစ်၏”

၁၄။ ယောဟန် ၁:၁၊ ၂ ၌ ယေရှုကို မည်သို့မှတ်သားဖော်ပြထားသနည်း။

၁၄ မှန်ပါသည်။ ယေဟောဝါသည် လူသားများအား ထာဝရအသက်အတွက်လမ်းပြရန် မိမိ၏သားတော်ကို အလင်းအဖြစ်စေလွှတ်တော်မူခဲ့သည်။ ယင်းကို ယောဟန် ၁:၁-၁၆ တွင် မည်သို့ဖော်ပြထားသည်ကို မှတ်သားပါ။ အခန်းငယ် ၁ နှင့် ၂ တွင် “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပါဌ်တော်သည်လည်း ဘုရားသခင် [ဘုရားတစ်ပါး၊ ကဘ] ဖြစ်တော်မူ၏။ ထိုနှုတ်ကပါဌ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏” ဟုဖတ်ရသည်။ ဤတွင် ယောဟန်က လူသားဘဝမတိုင်မီကယေရှုကို “နှုတ်ကပါဌ်တော်” ဟူသောဘွဲ့နာမဖြင့် ခေါ်သည်။ ယင်းက ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ကိုယ်တော်၏လုပ်ဆောင်မှုကို မှတ်သားဖော်ပြသည်။ “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏” ဟုယောဟန်ပြောသောအခါ နှုတ်ကပါဌ်တော်သည် ယေဟောဝါဖန်ဆင်းခြင်းလုပ်ငန်းများ၏အစအဦး၊ “ဘုရားသခင်ဖန်ဆင်းတော်မူသောအရာများ၏အရင်းမူလ” ဖြစ်သည်ကိုဆိုလိုသည်။ (ဗျာဒိတ် ၃:၁၄၊ သမ္မ) ဘုရားသခင်၏ဖန်ဆင်းရာများအလယ်တွင် သူ၏အလွန်ထူးကဲမွန်မြတ်သောအခြေအနေက “ဘုရားတစ်ပါး”၊ တန်ခိုးကြီးသောသူအဖြစ်အခေါ်ခံရရန်ဖြစ် စစ်မှန်သောအခြေအမြစ်ကိုပေးသည်။ ဟေရှာယ ၉:၆ က ကိုယ်တော်အား အနန္တတန်ခိုးရှင်ဟုမခေါ်သော်လည်း “တန်ခိုးကြီးသောဘုရား” ဟုခေါ်ထားသည်။

၁၅။ ယောဟန် ၁:၃-၅ က ယေရှုနှင့်ပတ်သက်၍ နောက်ထပ်မည်သည့်အချက်များကို ဖော်ပြပေးသနည်း။

၁၅ ယောဟန် ၁:၃ (သမ္မ) တွင်ဤသို့ဖော်ပြထားသည်။ “အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်ပေါ်လာ၏။ ကိုယ်တော်နှင့်ကင်း၍ ပေါ်လာသောအရာတစ်စုံတစ်ခုမျှမရှိချေ။” ကောလောသဲ ၁:၁၆ (ကဘ) ကမူ “ကိုယ်တော်အားဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိအရာအားလုံး ဖန်ဆင်းခံရသည်” ဟုဆိုထားသည်။ ယောဟန် ၁:၄ (ကဘ) က “ကိုယ်တော်အားဖြင့် အသက်ဖြစ်၏။ ထိုအသက်သည် လူများအတွက်အလင်းဖြစ်၏” ဟုဆို၏။ ထို့ကြောင့် နှုတ်ကပါဌ်တော်အားဖြင့် အခြားသောသက်ရှိသတ္တဝါအားလုံးဖန်ဆင်းခြင်းခံရသည်။ မိမိ၏သားတော်အားဖြင့်လည်း ဘုရားသခင်သည် အပြစ်ရှိ၍သေခြင်းအောက်ရောက်နေသောလူသားများအား ထာဝရအသက်ရရန် ပြုလုပ်ပေးတော်မူသည်။ ယေရှုသည် ဟေရှာယ ၉:၂ တွင် “ကြီးမြတ်သောအလင်း” ဟုခေါ်ထားသော တန်ခိုးကြီးရှင်ဖြစ်သည်။ ယောဟန် ၁:၅ (သက) တွင်ဤသို့ဆက်ပြောထားသည်။ “ထိုအလင်းသည် အမှောင်တွင်ထွန်းလင်း၍ အမှောင်သည် ထိုအလင်းကို အဘယ်အခါမျှဖုံးလွှမ်း၍မရနိုင်။” အလင်းသည် အမှောင်နှင့်ဆန့်ကျင်လျက် သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းကို ကိုယ်စားပြုသည်။ အမှောင်မှာမူ အမှားနှင့်မဖြောင့်မတ်ခြင်းကို ကိုယ်စားပြုသည်။ သို့နှင့် မှောင်မိုက်သည် အလင်းကိုမအောင်နိုင်ကြောင်း ယောဟန်တင်ပြခဲ့သည်။

၁၆။ ယေရှု၏လုပ်ငန်းအတိုင်းအတာနှင့်ပတ်သက်၍ နှစ်ခြင်းဆရာယောဟန်မည်သို့ထောက်ပြသနည်း။

၁၆ အခန်းငယ် ၆ မှ ၉ ကို ယောဟန်ယခုရှင်းပြသည်။ “ယောဟန်အမည်ရှိသောသူတစ်ယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။ ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း ထိုသူသည် သက်သေခံဖြစ်၍ အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာလာ၏။ ထိုသူ [ယောဟန်] သည် အလင်းတော်မဟုတ်။ အလင်းတော် [ယေရှု] ၏အကြောင်းကို သက်သေခံခြင်းငှာသာလာ၏။ ဟုတ်မှန်သောအလင်းမူကား ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူဖြစ်သတည်း။” ယောဟန်က လာမည့်မေရှိယကိုရည်ညွှန်းနေခြင်းဖြစ်ပြီး မိမိ၏တပည့်များကို ကိုယ်တော်ထံသို့လှည့်လာစေသည်။ နောင်တွင် လူအမျိုးမျိုးတို့သည် အလင်းကိုလက်ခံရန် အခွင့်အရေးပေးခြင်းခံရကြသည်။ ထို့ကြောင့် ယေရှုလာရခြင်းသည် ဂျူးလူမျိုးများ၏အကျိုးအတွက်သာမကဘဲ ဆင်းရဲသူ၊ ချမ်းသာသူ၊ မည်သည့်လူမျိုးမဆို လူသားအားလုံး၏အကျိုးအတွက်ပါဖြစ်သည်။

၁၇။ ယေရှုခေတ်က ဂျူးတို့၏ဝိညာဉ်ရေးအခြေအနေနှင့်ပတ်သက်၍ ယောဟန် ၁:၁၀၊ ၁၁ က ကျွန်ုပ်တို့အား ဘာပြောပြသနည်း။

၁၇ အခန်းငယ် ၁၀ နှင့် ၁၁ က ဤသို့ဆက်ပြောသည်။ “ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။ သူသည် မိမိဒေသအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။” ယေရှုလူ့ဘဝမတိုင်မီက ကိုယ်တော်အားဖြင့် လူသားများဖန်ဆင်းခံခဲ့ရသည်။ သို့သော် မြေကြီးပေါ်ရှိစဉ် အများအားဖြင့် သူ့လူမျိုးများဖြစ်သောဂျူးတို့၏ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ထိုသူတို့သည် မိမိတို့၏ဆိုးသွမ်းမှုနှင့် ဖောက်ပြန်မှုများကိုဖော်ထုတ်မခံလိုကြပါ။ သူတို့သည် အလင်းထက်အမှောင်ကို သာ၍နှစ်သက်ကြ၏။

၁၈။ အချို့သူတို့သည် အထူးအမွေဥစ္စာနှင့်အတူ ဘုရားသခင်၏သားများဖြစ်လာနိုင်ကြောင်းကို ယောဟန် ၁:၁၂၊ ၁၃ ကမည်သို့ဖော်ပြသနည်း။

၁၈ အခန်းငယ် ၁၂ နှင့် ၁၃ တွင် ယောဟန်ဤသို့ပြောသည်။ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား လူမျိုးနှင့်စပ်ဆိုင်၍ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက်ဖွားသောသားမဟုတ်။ ဘုရားသခင်ဖွားတော်မူသောသားဖြစ်သတည်း။” အစတွင် ယေရှု၏နောက်တော်လိုက်များသည် ဘုရားသခင်၏သားများမဟုတ်ကြကြောင်း ဤအခန်းငယ်ကဖော်ပြသည်။ မြေကြီးပေါ်သို့ယေရှုကြွမလာမီ ထိုသို့သောသားအဖြစ် သို့မဟုတ် ကောင်းကင်မျှော်လင့်ချက်သည် လူသားများအတွက် မရှိခဲ့သေးပေ။ သို့သော် ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာတန်ဖိုးအပေါ် ယုံကြည်မှုတင်ပြခြင်းအားဖြင့် အချို့သောလူသားများသည် သားအဖြစ်မွေးစားခံရပြီး ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ နေရမည့်ဘုရင်များအဖြစ် မျှော်လင့်ချက်ရှိလာခဲ့ကြသည်။

၁၉။ ယောဟန် ၁:၁၄ တွင်ဖော်ပြထားသည့်အရ ဘုရားသခင်၏အလင်းကိုရောင်ပြန်ဟပ်ရန် ယေရှုသည် အဘယ်ကြောင့်အကောင်းဆုံးသောအခြေအနေတွင်ရှိသနည်း။

၁၉ အခန်းငယ် ၁၄ ဆက်ရှင်းပြသည်။ “နှုတ်ကပါဌ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။” မြေကြီးပေါ်တွင်ရှိခဲ့စဉ်က ယေရှုသည် ဘုရားသခင်၏တစ်ပါးတည်းသောသားဦးကဲ့သို့ ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်ခဲ့သည်။ ထို့ကြောင့်ယေရှုသည် ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များကို အခြားလူသားများအား အကောင်းဆုံးထူးခြားထင်ရှားသည့်နည်းဖြင့် ပြသနိုင်ခဲ့သည်။

၂၀။ ယောဟန် ၁:၁၅ တွင်မှတ်တမ်းတင်ထားချက်အရ နှစ်ခြင်းဆရာယောဟန်သည် ကျွန်ုပ်တို့အား ယေရှုအကြောင်းဘာပြောပြသနည်း။

၂၀ ဆက်၍ အခန်းငယ် ၁၅ တွင် တမန်တော်ယောဟန်ဤသို့ဆက်ရေးသည်။ “[နှစ်ခြင်းဆရာ] ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ကြွေးကြော်သည်ကား ငါ့နောက်ကြွလာသောသူသည် ငါမရှိမီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ကြီးမြတ်သည်ဟုငါဆိုရာ၌ ထိုသူကိုဆိုလိုသည်ဟုသက်သေခံလေ၏။” နှစ်ခြင်းဆရာယောဟန်သည် ယေရှုလူသားအဖြစ်မမွေးဖွားမီ ခြောက်လအလိုတွင် မွေးဖွားခံခဲ့ရသူဖြစ်သည်။ သို့သော် ယေရှုသည် ယောဟန်ထက်ပို၍များစွာအလုပ်လုပ်ခြင်းအားဖြင့် ယောဟန်ထက် အဘက်ဘက်တွင်သာ၍ကြီးမြတ်ကြောင်းကို တင်ပြခဲ့သည်။ ယေရှုသည် လူသားမတိုင်မီဘဝရှိခဲ့သည့်အတွက် မိမိမရှိမီရှိနှင့်သည်ဟု ယောဟန်ဝန်ခံခြင်းဖြစ်သည်။

ယေဟောဝါထံတော်မှလက်ဆောင်များ

၂၁။ ယောဟန် ၁:၁၆ တွင် ကျွန်ုပ်တို့သည် “ကျေးဇူးတစ်ပါး၌ထပ်ဆင့်၍ ကျေးဇူးတစ်ပါး” ခံစားရသည်ဟု အဘယ်ကြောင့်ပြောသနည်း။

၂၁ ယောဟန် ၁:၁၆က ဤသို့ဆင်ခြင်ပြသည်။ “ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။” လူသားများသည် အာဒံထံမှအမွေဆက်ခံရသောအပြစ်နှင့် မွေးဖွားလာကြသော်လည်း ဤဆိုးသွမ်းသောအစီအစဉ်စနစ်ကိုဖျက်ဆီးပစ်ရန်၊ သန်းပေါင်းများစွာတို့အား ကမ္ဘာသစ်တွင်ကပ်ကျော်ဝင်ရောက်ရန်၊ လူသေများရှင်ပြန်ထမြောက်ရန်နှင့် အပြစ်နှင့်သေခြင်းကိုဖယ်ရှားပစ်ခြင်းအားဖြင့် ပရဒိသုမြေကြီးတွင် ထာဝရအသက်ရရန် ယေဟောဝါရည်ရွယ်တော်မူသည်။ ဤကောင်းချီးအားလုံးသည် မခံစားထိုက်သော၊ အပြစ်ရှိလူသားများမလုပ်ဆောင်နိုင်သောအရာများဖြစ်သည်။ ယင်းတို့သည် ယေရှုအားဖြင့် ဘုရားသခင်ပေးသည့်လက်ဆောင်များဖြစ်ကြသည်။

၂၂။ (က) ဘုရားသခင်၏အကြီးမြတ်ဆုံးဆုကျေးဇူးသည် မည်သည့်အရာကိုလုပ်ဆောင်နိုင်သနည်း။ (ခ) ကျမ်းစာ၏နောက်ဆုံးစာစောင်တွင် ကျွန်ုပ်တို့အား မည်သည့်ခေါ်ဖိတ်ချက်ကိုကမ်းလှမ်းထားသနည်း။

၂၂ ယင်းအရာအားလုံးဖြစ်မြောက်စေသည့် အကြီးမြတ်ဆုံးသောဆုကျေးဇူးကား အဘယ်နည်း။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီ [လူ] သားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ထို့ကြောင့် ဘုရားသခင်နှင့် “အသက်၏ကိုယ်စားလှယ်ချုပ်” ဖြစ်သော ကိုယ်တော့်သားတော်တို့ဆိုင်ရာ တိကျမှန်ကန်သောအသိပညာသည် ဝိညာဏအလင်းနှင့် ထာဝရအသက်ရလိုသူများအတွက် မရှိမဖြစ်လိုအပ်သည်။ (တမန်တော် ၃:၁၅၊ ကဘ) ထို့ကြောင့် ကျမ်းစာ၏နောက်ဆုံးစာစောင်က သမ္မာတရားကိုမြတ်နိုးပြီး အသက်လိုလားသူအားလုံးအား အောက်ပါအတိုင်းခေါ်ဖိတ်ထားသည်။ “ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။”—ဗျာဒိတ် ၂၂:၁၇။

၂၃။ သိုးကဲ့သို့သောလူများသည် အလင်းသို့ရောက်လာသောအခါ မည်သည့်အရာကိုပြုကြမည်နည်း။

၂၃ နှိမ့်ချမှုရှိ၊ သိုးကဲ့သို့သောလူများသည် လောကအလင်းထံသို့လာကြမည်သာမက ထိုအလင်းနောက်သို့လိုက်လျှောက်ကြမည်။ “သိုးများသည် [သမ္မာတရား၏ခေါ်ဖိတ်သံပါသော] သူ၏စကားသံကိုကျွမ်းသောကြောင့်လိုက်တတ်ကြ၏။” (ယောဟန် ၁၀:၄) အမှန်ပင် သူတို့သည် “ခြေတော်ရာတို့ကိုလိုက်လျှောက်” ရန် နှစ်သက်ကြသည်။ အကြောင်းမှာ ထိုသို့ပြုခြင်းအားဖြင့် ထာဝရအသက်ရမည်ကိုသူတို့သိကြသောကြောင့်ဖြစ်သည်။—၁ ပေတရု ၂:၂၁။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယေဟောဝါထံမှ မည်သည့်အလင်းနှစ်မျိုးသက်ရောက်သနည်း။

◻ ယခုအခါတွင် ဝိညာဏထွန်းလင်းမှုသည် အဘယ့်ကြောင့်အရေးကြီးသနည်း။

◻ ယေရှုသည် မည်သည့်နည်းအားဖြင့် “ကြီးမြတ်သောအလင်း” ဖြစ်သနည်း။

◻ ယောဟန်အခန်းကြီး ၁ က ယေရှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားဘာဖော်ပြသနည်း။

◻ လောကအလင်းနောက်သို့လိုက်လျှောက်သောသူများအတွက် မည်သည့်ဆုကျေးဇူးသက်ရောက်သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုအား “လူမျိုးများ၏မျက်နှာဖုံးကို ဖယ်ရှားပစ်မည့် အလင်း” ဟု ရှုမောင်ခေါ်ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ