ယေရှုနှင့်ပတ်သက်သောသမ္မာတရားကို သိရှိစေပါ
၁ အခြားသိုးအပေါင်းပါများ၏ အကူအညီကိုရရှိနေသော ဘိသိက်ခံခရစ်ယာန်များ၌ “ယေရှုအကြောင်းသက်သေခံခြင်းလုပ်ငန်း” ရှိသည်။ (ဗျာ. ၁၂:၁၇၊ ကဘ) ကယ်တင်ခြင်းသည် ကိုယ်တော်အားဖြင့်သာ ရရှိနိုင်သောကြောင့် ယင်းသည် အရေးကြီးသောတာဝန်တစ်ခုဖြစ်၏။—ယော. ၁၇:၃; တ. ၄:၁၂။
၂ ‘လမ်းခရီး၊ သမ္မာတရားနှင့် အသက်’– ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ” ဟုဆိုသည်။ (ယော. ၁၄:၆) ကျွန်ုပ်တို့သည် “လမ်းခရီး” ဖြစ်သည့် ယေရှုအားဖြင့်သာ ဘုရားသခင်ထံ ဆုတောင်းချဉ်းကပ်နိုင်ပြီး ကိုယ်တော်နှင့်မျက်နှာသာရဆက်ဆံရေး ရရှိနိုင်သည်။ (ယော. ၁၅:၁၆) ဟေဗြဲကျမ်းစောင်များတွင်ပါသည့် ပရောဖက်ပြုချက်များနှင့် အရိပ်များသည် ယေရှု၌ အမှန်တကယ်ရုပ်လုံးပေါ်လာခြင်းကြောင့် ကိုယ်တော်သည် သမ္မာတရားဖြစ်၏။ (ယော. ၁:၁၇; ကော. ၂:၁၆၊ ၁၇) အမှန်မှာ စစ်မှန်သောပရောဖက်ပြုချက်၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ဖော်ရာတွင် ကိုယ်တော်၏ အဓိကအခန်းကဏ္ဍကို အလင်းဖြာပေးရန်ဖြစ်သည်။ (ဗျာ. ၁၉:၁၀) ထို့အပြင် ယေရှုသည် “အသက်” လည်းဖြစ်၏။ လူအားလုံး ထာဝရအသက်ဆုရရှိရန် ကိုယ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်း တင်ပြရမည်။—ယော. ၃:၁၆၊ ၃၆; ဟေဗြဲ ၂:၉။
၃ ဦးခေါင်းနှင့် စိုးစံလျက်ရှိသောဘုရင်– မိမိ၏သားတော်ကို ယေဟောဝါအပ်နှင်းထားသည့် ကြီးမားသောအုပ်ချုပ်မှုအခွင့်အာဏာကိုလည်း လူတို့အသိအမှတ်ပြုရမည်။ ယေရှုသည် ‘လူမျိုးတို့၏နာခံမှုကိုပိုင်ဆိုင်’ သည့် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်အဖြစ် ခန့်အပ်ခံရသည်။ (က. ၄၉:၁၀၊ ကဘ) ထို့အပြင် ယေဟောဝါသည် ကိုယ်တော်အား အသင်းတော်ဦးခေါင်းအဖြစ် ခန့်ထားတော်မူသည်။ (ဧ. ၁:၂၂၊ ၂၃) ယေရှုသည် အသင်းတော်ကို မည်သို့ဦးဆောင်ကာ ‘အချိန်တန်ဝိညာဏအစာ’ စီမံပေးရန် “သစ္စာနှင့်သတိပညာရှိကျွန်” ကိုအသုံးပြုနေကြောင်း မိမိတို့၏ကျမ်းစာသင်သားများသဘောပေါက်ရန် ကျွန်ုပ်တို့ကူညီပေးဖို့လိုသည်။—မ. ၂၄:၄၅-၄၇၊ ကဘ။
၄ ကရုဏာရှိသော ယဇ်ပုရောဟိတ်မင်း– လူသားတစ်ဦးအနေနှင့် စုံစမ်းမှုများနှင့် ဆင်းရဲဒုက္ခများခံခဲ့ရခြင်းကြောင့် ယေရှုသည် “စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကို မစခြင်းငှာတတ်နိုင်တော်မူ၏။” (ဟေဗြဲ ၂:၁၇၊ ၁၈) ယေရှုသည် မစုံလင်သောလူသားများ၏ အားနည်းချက်များကို စာနာထောက်ထားကာ သူတို့အတွက် ကြင်နာစွာ လျှောက်လဲထောက်ခံပြောဆိုပေးသည်ကို သိရခြင်းသည် အလွန်အားရစရာပါတကား! (ရော. ၈:၃၄) ယေရှု၏ပူဇော်သကာနှင့် ယဇ်ပုရောဟိတ်မင်းအဖြစ် ကိုယ်တော်၏လုပ်ဆောင်မှုများကြောင့် ကျွန်ုပ်တို့သည် “အခန့်သင့်အချိန်တွင်အကူအညီ” ရရှိရန် “လွတ်လပ်စွာပြောဆိုမှု” ဖြင့် ယေဟောဝါထံချဉ်းကပ်နိုင်ပါသည်။—ဟေဗြဲ ၄:၁၅၊ ၁၆၊ ကဘ။
၅ ယေရှုနှင့်ပတ်သက်သည့်သမ္မာတရားကို အခြားသူများသိရှိရန် ကျွန်ုပ်တို့၏ကြိုးစားမှုများသည် ကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်အားနာခံ၍ အမှုတော်ထမ်းဆောင်ရန် သူတို့ကိုလှုံ့ဆော်ပေးနိုင်ပါစေ။—ယော. ၁၄:၁၅၊ ၂၁။