ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်ပါ
ယေဟောဝါဘုရားသခင် ‘မျက်နှာမလိုက်’
သင် ခွဲခြားဆက်ဆံခံရဖူးပါသလား။ သင့်အသားရောင်၊ လူမျိုးနောက်ခံ၊ အဆင့်အတန်းကြောင့် တောင်းဆိုမှုကို ငြင်းပယ်ခံရတာမျိုး၊ အကျိုးခံစားခွင့် မရရှိတာမျိုး ဒါမှမဟုတ် အနှိမ်ခံရတာမျိုး ကြုံဖူးပါသလား။ ကြုံဖူးတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သတင်းကောင်းတစ်ခုကတော့ ကမ္ဘာပေါ်မှာ ဒီလိုမတော်မတရား ဆက်ဆံတာမျိုး ပျံ့နှံ့နေပေမဲ့ ကောင်းကင်မှာ မရှိပါဘူး။ ဘုရားသခင်က ‘မျက်နှာမလိုက်’ ဘူးဆိုပြီး ခရစ်ယာန်တမန်တော် ပေတရုက ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောခဲ့ပါတယ်။—တမန်တော် ၁၀:၃၄၊ ၃၅ ကိုဖတ်ပါ။
ပေတရုဟာ အဲဒီစကားတွေကို လူမျိုးခြားတစ်ဦးဖြစ်တဲ့ ကော်နေလိရဲ့အိမ်မှာ ပြောခဲ့တာက အရမ်းကို ထူးဆန်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျူးလူမျိုးဖြစ်တဲ့ ပေတရုဟာ လူမျိုးခြားတွေကို မသန့်ရှင်းဘူး၊ သူတို့နဲ့ ပေါင်းသင်းဆက်ဆံတာမျိုး မလုပ်သင့်ဘူးလို့ ဂျူးတွေ ရှုမြင်တဲ့ခေတ်မှာ အသက်ရှင်ခဲ့လို့ပါပဲ။ ဒါဆိုရင် ပေတရု ဘာကြောင့် ကော်နေလိရဲ့အိမ်မှာ ရှိနေရတာလဲ။ အကြောင်းကတော့ ပေတရု အဲဒီမှာရှိနေဖို့ ယေဟောဝါဘုရားသခင် စီစဉ်ခဲ့လို့ဖြစ်တယ်။ ရူပါရုံတစ်ခုမှာ ပေတရုကို ဘုရားသခင် ဒီလိုပြောခဲ့တယ်– “ဘုရားသခင် စင်ကြယ်စေပြီးသောအရာကို ညစ်ညူးသည်ဟု မပြောနှင့်တော့။” အဲဒီမတိုင်ခင် တစ်ရက်မှာ ပေတရုကို ဖိတ်ခေါ်ဖို့ ကောင်းကင်တမန်တစ်ပါးက ကော်နေလိကို ရူပါရုံအားဖြင့် ကြားပြောခဲ့တယ်ဆိုတာ ပေတရု မသိလိုက်ပါဘူး။ (တမန်တော် ၁၀:၁-၁၅) ဒီကိစ္စမှာ ယေဟောဝါဘုရားသခင် ပါဝင်ပတ်သက်နေပြီဆိုတာ ပေတရု သိလိုက်ရတဲ့အခါ ဘုရားသခင်က မျက်နှာမလိုက်ဘူးလို့ပြောဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။
“ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါ မုချသိ၏” ဆိုပြီး ပေတရု ပြောခဲ့တယ်။ (တမန်တော် ၁၀:၃၄) “မျက်နှာလိုက်” ဆိုတဲ့ မူရင်းဂရိစကားလုံးနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ဦးက ဒီလိုရှင်းပြတယ်– “တရားသူကြီးတစ်ဦးဟာ လူတစ်ယောက်ကို စီရင်ချက်ချတဲ့အခါ သူ့မှာ အပြစ်ရှိတယ်၊ မရှိဘူးဆိုတဲ့အချက်ပေါ် မဟုတ်ဘဲ သူ့ရဲ့အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးကို ရည်ညွှန်းတယ်။” ဘုရားသခင်ကတော့ လူမျိုး၊ နိုင်ငံသား၊ အဆင့်အတန်း ဒါမှမဟုတ် တခြားအပြင်ပန်းအသွင်အပေါ် မူတည်ပြီး မျက်နှာလိုက်တာမျိုး မရှိပါဘူး။
ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့နှလုံးထဲမှာ ရှိတဲ့အရာကို မြင်ပါတယ်။ (၁ ဓမ္မရာဇဝင် ၁၆:၇; သုတ္တံ ၂၁:၂) ပေတရု ဒီလိုဆက်ပြောတယ်– “လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။” (တမန်တော် ၁၀:၃၅) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဆိုတာ ကိုယ်တော်မနှစ်သက်ရာ မှန်သမျှကို ရှောင်ကြဉ်ခြင်းနဲ့ ကိုယ်တော်ကို လေးစားဂုဏ်တင်ပြီး ယုံကြည်ကိုးစားခြင်းကို ဆိုလိုတယ်။ ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးခြင်းဆိုတာ ဘုရားသခင့်အမြင်မှာ မှန်ကန်ရာကို လိုလိုလားလား လုပ်ဆောင်ခြင်းဖြစ်တယ်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့သူတွေဟာ မှန်ကန်ရာကို လုပ်ဆောင်လိုစိတ်ရှိတာကို ကိုယ်တော်နှစ်သက်တယ်။—တရားဟောရာ ၁၀:၁၂၊ ၁၃။
ကောင်းကင်ကနေ မြေကြီးပေါ်ကို ယေဟောဝါဘုရားသခင် ကြည့်လိုက်တဲ့အခါ လူသားမျိုးနွယ်တွေကို လူမျိုးတစ်မျိုးလို့ပဲမြင်
သင်ဟာ ခွဲခြားဆက်ဆံခံရဖူးတယ်ဆိုရင် ယေဟောဝါဘုရားသခင်နဲ့ပတ်သက်ပြီး ပေတရုပြောခဲ့တဲ့ စကားတွေကနေ ခွန်အားရရှိနိုင်ပါတယ်။ ဘုရားသခင်ဟာ လူမျိုးအားလုံးကို စစ်မှန်တဲ့ဝတ်ပြုရေးဆီ ဆွဲခေါ်နေပါတယ်။ (ယောဟန် ၆:၄၄; တမန်တော် ၁၇:၂၆၊ ၂၇) ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေဟာ ဘယ်လူမျိုး၊ ဘယ်နိုင်ငံသား ဒါမှမဟုတ် ဘယ်လိုအဆင့်အတန်းပဲ ဖြစ်ပါစေ သူတို့ရဲ့ဆုတောင်းသံကို ကိုယ်တော်နားထောင်ပြီး ဖြေကြားပေးပါတယ်။ (၃ ဓမ္မရာဇဝင် ၈:၄၁-၄၃) ကောင်းကင်ကနေ မြေကြီးပေါ်ကို ယေဟောဝါဘုရားသခင် ကြည့်လိုက်တဲ့အခါ လူသားမျိုးနွယ်တွေကို လူမျိုးတစ်မျိုးလို့ပဲ မြင်မယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒါကြောင့် မျက်နှာမလိုက်တဲ့ ဘုရားသခင်အကြောင်း ပိုသိအောင် လေ့လာဖို့ သင် လှုံ့ဆော်မခံရဘူးလား။
ဇွန်လအတွက် ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်