ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၂၅၃-စာ. ၂၆၂
  • ယေဟောဝါသက်သေများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေများ
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ယေဟောဝါသက်သေများ ယုံကြည်ချက်ကား အဘယ်နည်း
    ယေဟောဝါသက်သေများ
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၂၅၃-စာ. ၂၆၂

ယေဟောဝါသက်သေများ

အဓိပ္ပာယ်သတ်မှတ်ချက်– ယေဟောဝါအကြောင်း၊ လူသားတို့နှင့်ပတ်သက်သော ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း အားတက်မာန်တက် သက်သေခံသော ကမ္ဘာလုံးဆိုင်ရာခရစ်ယာန်အသင်းအဖွဲ့ဖြစ်သည်။ သူတို့သည် မိမိတို့ယုံကြည်ချက်များကို ကျမ်းစာအပေါ်သာ အခြေခံပြုထားသည်။

ယေဟောဝါသက်သေများ၏ အဘယ်ယုံကြည်ချက်များက သူတို့အား အခြားဘာသာများနှင့်မတူ တစ်မူထူးခြားစေသနည်း

(၁) သမ္မာကျမ်းစာ– ယေဟောဝါသက်သေများက သမ္မာကျမ်းစာ တစ်အုပ်လုံး ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည်ဟုယုံကြည်ကြသည်။ လူ့ရိုးရာအပေါ်အခြေခံသော အယူဝါဒပြဋ္ဌာန်းချက်တစ်ခုကို ဆည်းကပ်မည့်အစား၊ သမ္မာကျမ်းစာကို မိမိတို့ယုံကြည်ချက် အားလုံး အတွက် စံအဖြစ် ကိုင်စွဲကြသည်။

(၂) ဘုရားသခင်– သူတို့သည် ယေဟောဝါအား တစ်ဆူတည်းသောဘုရားမှန်အဖြစ် ကိုးကွယ်ကြပြီး ကိုယ်တော့်အကြောင်း၊ လူသားများနှင့်စပ်လျဉ်းသော မေတ္တာပြည့်ဝသည့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်းကို သူတစ်ပါးတို့အား နှုတ်မလေး ပြောကြားကြသည်။ ယေဟောဝါအကြောင်း လူသိရှင်ကြားသက်သေခံသောလူတိုင်းကို “ယေဟောဝါသက်သေများ” တည်းဟူသော အုပ်စုဝင်ဖြစ်သည်ဟု လူတို့မှတ်ယူလေ့ရှိကြသည်။

(၃) ယေရှုခရစ်– သူတို့သည် ယေရှုခရစ်ကို သုံးပါးတစ်ဆူ၏တစ်စိတ်တစ်ပိုင်းအဖြစ် မယုံကြည်ကြချေ။ သမ္မာကျမ်းစာဆိုသည့်အတိုင်း ဘုရားသခင့်သားတော်၊ ဘုရားသခင့်ဖန်ဆင်းရာအစဖြစ်ကြောင်း၊ လူမဖြစ်မီကရှိခဲ့ပြီး ကိုယ်တော့်အသက်သည် ကောင်းကင်မှသည် အပျိုစင်မာရိ၏ဝမ်းသို့ ပြောင်းရွှေ့ခြင်းခံရကြောင်း၊ မိမိ၏စုံလင်သောလူ့အသက်ကို ယဇ်အဖြစ်စွန့်တော်မူသောကြောင့် ယုံကြည်သူတို့ ထာဝရအသက်သို့ ကယ်တင်ခံရကြောင်း၊ ၁၉၁၄ ခုမှစ၍ ဘုရားပေးအာဏာတော်ဖြင့် ဘုရင်အဖြစ် တက်ကြွစွာစိုးစံလျက်ရှိပြီဖြစ်ကြောင်း ယုံကြည်ကြသည်။

(၄) ဘုရားသခင့်နိုင်ငံတော်– သူတို့က ဘုရားသခင့်နိုင်ငံတော်သာ လူသားတို့၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်၊ ၎င်းသည် တကယ့်အစိုးရတစ်ခုဖြစ်သည်၊ မကြာမီ လူ့အစိုးရအားလုံးအပါအဝင် ဆိုးသွမ်းသောလက်ရှိစနစ်ကို ဖျက်ဆီးတော့မည်၊ ဖြောင့်မတ်ခြင်းတရားစိုးမိုးသောစနစ်သစ်တစ်ခုကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြသည်။

(၅) ကောင်းကင်အသက်တာ– သူတို့က ၁၄၄,၀၀၀ သော ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်များ ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတော်၌ ဘုရင်များအဖြစ် အုပ်စိုးကြမည်ဟု ယုံကြည်ကြသည်။ ကောင်းကင်သည် “လူကောင်း” မှန်သမျှအတွက် ဆုလာဘ်ဖြစ်သည်ဟု မယုံကြည်ပါ။

(၆) မြေကြီး– သူတို့က မြေကြီးနှင့်ဆိုင်သော ဘုရားသခင့်မူလရည်ရွယ်ချက် ထမြောက်မည်၊ ယေဟောဝါကို ကိုးကွယ်သူတို့သည် မြေကြီးတစ်ပြင်လုံး၌ နေထိုင်ကြပြီး လူ့စုံလင်မှုဖြင့် ထာဝရအသက်ကို မွေ့လျော်နိုင်ကြမည်၊ သေလွန်သူများပင် ထမြောက်လာပြီး ထိုကောင်းချီးများကို ခံစားနိုင်ခွင့်ရှိကြမည်ဟု ယုံကြည်ကြသည်။

(၇) သေခြင်း– သူတို့က လူသေသည် ဘာကိုမျှမသိ၊ ဝိညာဉ်ဘုံတစ်ခုခု၌ အနာခံခြင်းမရှိ၊ သုခစံခြင်းလည်းမရှိ၊ ဘုရားသခင့်မှတ်ဉာဏ်မှလွဲ၍ အဘယ်နေရာ၌မျှ တည်ရှိခြင်းမရှိသဖြင့် သူတို့နောင်အသက်ရှင်ရေးမှာ သေရာမှထမြောက်ခြင်းအပေါ်မူတည်သည်ဟု ယုံကြည်ကြသည်။

(၈) နောက်ဆုံးနေ့ရက်များ– သူတို့က ၁၉၁၄ ခုမှစ၍ စနစ်ဆိုး၏နောက်ဆုံးနေ့ရက်များအတွင်း ကျွန်ုပ်တို့အသက်ရှင်နေပြီဖြစ်သည်၊ ၁၉၁၄ ခု အဖြစ်အပျက်များကိုမြင်ခဲ့ရသူအချို့ လောကဆိုးပျက်သုဉ်းခြင်းကိုပါ မြင်ရမည်၊ ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူတို့သည် သုတ်သင်ထားသောကမ္ဘာထဲသို့ ကပ်ကျော်ကြမည်ဟု ယုံကြည်ကြသည်။

(၉) လောကနှင့်သီးခြားနေခြင်း– မိမိနောက်လိုက်စစ်များ လောက၏အစိတ်အပိုင်းမဟုတ်ဟု ယေရှုမိန့်ဆိုသည့်အတိုင်း ယေဟောဝါသက်သေများသည် ထိုသို့ဖြစ်ရန် တကယ်အားထုတ်ကြ၏။ သူတို့သည် အိမ်နီးချင်းများအပေါ် ခရစ်ယာန်မေတ္တာစစ် ထားရှိကြသော်လည်း အဘယ်နိုင်ငံ၏ နိုင်ငံရေးနှင့်စစ်ရေး၌မျှ မပါဝင်ပါ။ မိသားစုအတွက် ဝမ်းစာရှာသော်လည်း လောကနည်းတူ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနကို အငမ်းမရမရှာဖွေပါ။ ကာမဂုဏ်လွန်ကြူးမှုကိုလည်း ရှောင်ကြသည်။

(၁၀) သမ္မာကျမ်းစာသြဝါဒကိုကျင့်သုံးခြင်း– ယခုကတည်းက နေ့စဉ်ဘဝ​—အိမ်၊ ကျောင်း၊ အလုပ်ဌာနနှင့် အသင်းတော်၌ သမ္မာကျမ်းစာသြဝါဒကို လိုက်နာကျင့်သုံးရန်အရေးကြီးကြောင်း ယုံကြည်ကြသည်။ လူသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကရှုတ်ချသောအကျင့်တို့ကိုစွန့်၍ ဘုရားရေးရာသြဝါဒကိုလိုက်နာလျှင် ဘဝဟောင်း မည်သို့ပင်ရှိစေကာမူ ယေဟောဝါသက်သေတစ်ဦး ဖြစ်လာနိုင်သည်။ သို့တစေ၊ နောက်၌ အိမ်ရာမှားမှု၊ မတရားမေထုန်၊ လိင်တူဆက်ဆံမှု၊ ဆေးဝါးအလွဲသုံးမှု၊ သောက်ကြူးမှု၊ လိမ်လည်မှု သို့မဟုတ် ခိုးမှုတို့ကိုပြုလေ့ရှိလျှင် အဖွဲ့အစည်းမှ နှင်ထုတ်ခံရလိမ့်မည်။

(အထက်ပါစာရင်းမှာ ယေဟောဝါသက်သေများ၏ ပေါ်လွင်သောယုံကြည်ချက်အကျဉ်းသာဖြစ်သည်။ အခြားအဖွဲ့တို့နှင့်ခြားနားသော ယုံကြည်ချက်များမှာ ဤမျှသာမဟုတ်။ ထိုယုံကြည်ချက်များ၏ ကျမ်းချက်အထောက်အထားများကို ဤစာအုပ်ပါအက္ခရာစဉ်အညွှန်းကိုသုံး၍ ရှာတွေ့နိုင်သည်။)

ယေဟောဝါသက်သေများသည် အမေရိကန်ဘာသာရေးအဖွဲ့လော

သူတို့သည် ဘုရားသခင့်နိုင်ငံတော်ထောက်ခံသူများဖြစ်ကြသည်။ ဤလောကဟောင်းမှ မည်သည့်နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေးစနစ်အတွက်မျှ ရှေ့နေမလိုက်ပါ။

ယေဟောဝါသက်သေများ၏ခေတ်သစ်မှာ အမေရိကန်နိုင်ငံမှ အစပြုသည်မှန်၏။ သူတို့၏ဌာနချုပ်သည် ထိုနေရာ၌တည်ရှိသောကြောင့် သမ္မာကျမ်းစာစာပေများကို ကမ္ဘာ့ဒေသအများဆုံးသို့ တင်ပို့နိုင်၏။ သို့သော် သက်သေခံများသည် နိုင်ငံတစ်ခုကို အခြားနိုင်ငံတစ်ခုထက် ပို၍မြတ်နိုးကြသည်မဟုတ်။ နိုင်ငံတိုင်းမှာဆိုရမလောက် သူတို့ကိုတွေ့နိုင်သည်။ သူတို့၏ရုံးများမှာ ကမ္ဘာ့အစိတ်အပိုင်းအမြောက်အမြားတို့တွင် တည်ရှိ၍ ထိုဒေသများရှိလုပ်ငန်းကို ကွပ်ကဲပါသည်။

စဉ်းစားကြည့်ပါ။ ယေရှုသည် ဂျူးတစ်ဦးအဖြစ် ပါလက်စတိုင်းတွင် မွေးဖွားခဲ့သော်လည်း ခရစ်ယာန်ဘာသာသည် ပါလက်စတိုင်းဘာသာတစ်ခုလော။ ယေရှု လူအဖြစ်မွေးဖွားသည့်ဒေသသည် ပဓာနမဟုတ်။ ယေရှု၏သြဝါဒသည် ခမည်းတော်ယေဟောဝါဘုရားသခင်ထံမှလာ၏။ ယေဟောဝါသည် လူမျိုးအားလုံးအပေါ် ကျောသားရင်သားမခွဲခြားပါ။​—ယော. ၁၄:၁၀; တ. ၁၀:၃၄၊ ၃၅။

ယေဟောဝါသက်သေများ မိမိတို့လုပ်ငန်းအတွက် မည်သို့ ငွေကြေးအထောက်အပံ့ရကြသနည်း

အစောပိုင်းက ခရစ်ယာန်များကဲ့သို့ စေတနာ့အလှူဖြင့်ဖြစ်သည်။ (၂ ကော. ၈:၁၂; ၉:၇) သူတို့၏စည်းဝေးများ၌ အလှူကောက်ခံခြင်းမရှိ။ လူထုထံမှ ငွေမတောင်းခံပါ။ စိတ်ပါဝင်စားသူများလှူဒါန်းသမျှကို သက်သေခံများကြီးမှူးသော ကမ္ဘာလုံးဆိုင်ရာ သမ္မာကျမ်းစာပညာပေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အသုံးချသည်။

သက်သေခံများသည် အခရ၍ တစ်အိမ်မှတစ်အိမ်သွားခြင်း၊ လမ်းပေါ်၌ ကျမ်းစာစာပေဝေငှခြင်း ပြုကြသည်မဟုတ်။ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သဖြင့် ဘုရားသခင့်မေတ္တာပါစီမံကိန်းအကြောင်း လူတို့အား ကြားပြောကြခြင်းဖြစ်၏။

ယေဟောဝါသက်သေများအသုံးပြုသည့် ပဲင်စီလ်ဗေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းကို ၁၈၈၄ ခုတွင် အမေရိကန်နိုင်ငံ ပဲင်စီလ်ဗေးနီးယားနယ်၊ ဓနသဟာယအဖွဲ့၏ အမြတ်အစွန်းမဲ့ကော်ပိုရေးရှင်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းခဲ့သည်။ သို့ဖြင့် ဥပဒေအရ၊ ၎င်းသည် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ခွင့်မရှိ။ ဖြစ်လည်းမဖြစ်ပါ။ ဤအသင်းကိုမှီပြီး မည်သူမျှ အမြတ်မရယူကြပါ။ အသင်း၏ပဋိညာဉ်စာတမ်းက ဤသို့ပြဋ္ဌာန်းထားသည်– “၎င်း [အသင်း] သည် ကြုံကြိုက်သလိုဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ မိမိ၏အသင်းသားများ၊ ဒါရိုက်တာများ သို့မဟုတ် အရာရှိများအတွက် ငွေကြေးအမြတ်အစွန်းရရန် မရည်ရွယ်ပါ။”

ယေဟောဝါသက်သေများသည် ဂိုဏ်း သို့မဟုတ် တစ်ယူသန်ဘာသာတစ်ခုလော

အချို့က ဂိုဏ်း ဟူသည် အစိုးရသိမှတ်သောဘာသာမှခွဲထွက်သည့်အုပ်စုကို ဆိုလိုသည်ဟု အနက်ဖွင့်ကြသည်။ အချို့ကမူ လူခေါင်းဆောင် သို့မဟုတ် ဆရာတစ်ဦး၏နောက်လိုက်အုပ်စုတစ်ခုကို ရည်ညွှန်းကြသည်။ အထင်သေးသည့်သဘောဖြင့် ဤဝေါဟာရကို သုံးနှုန်းလေ့ရှိကြသည်။ ယေဟောဝါသက်သေများမှာ အသင်းတစ်သင်း၏ အဆွယ်အပွားတစ်ခုမဟုတ်။ လူတန်းစားအစုံစုံ ဘာသာအဖုံဖုံမှလာကြသည်။ ယေရှုခရစ်မှလွဲ၍ အဘယ်လူတစ်ဦးကိုမျှ ခေါင်းဆောင်အဖြစ်မသိမှတ်ကြချေ။

တစ်ယူသန်ဘာသာ ဆိုသည်မှာ ပုံမှန်အစဉ်အလာကိုသွေဖည်သောဘာသာ၊ သို့မဟုတ် ဝိနည်းကို အလေးအနက်ထား၍ လိုက်နာဆည်းကပ်သောဘာသာ ဖြစ်သည်။ တစ်ယူသန်ဘာသာများစွာတို့သည် လူခေါင်းဆောင်တစ်ဦးနောက်သို့လိုက်ကြသည့်အပြင် အသင်းသားများလည်း လူ့ဘောင်နှင့်ခွဲ၍ အုပ်စုအလိုက် နေထိုင်လေ့ရှိတတ်ကြသည်။ သို့ရာတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုသာ ပုံမှန်အစဉ်အလာဆိုင်ရာစံအဖြစ် ထားသင့်သည်။ ယေဟောဝါသက်သေများလည်း သမ္မာကျမ်းစာကို အတိအကျစွဲကိုင်ကြ၏။ သူတို့၏ဝတ်ပြုမှုသည် ဝိနည်းတစ်ခုမဟုတ်၊ ဘဝလမ်းစဉ်တစ်ရပ်ဖြစ်ပေသည်။ သူတို့သည် လူ့နောက်သို့မလိုက်၊ လူ့ဘောင်နှင့်ခွဲ၍လည်းမနေကြပါ။ လူ့ဘောင်အတွင်းနေထိုင်ပြီး အလုပ်လုပ်ကိုင်ကြပါသည်။

ယေဟောဝါသက်သေများ၏ဘာသာသည် သက်တမ်းမည်မျှတာရှည်ပြီနည်း

သမ္မာကျမ်းစာအရ၊ သစ္စာရှိအာဗေလအချိန်မှစ၍ သမိုင်းတစ်လျှောက် ယေဟောဝါသက်သေများ တသီတတန်းကြီးရှိသည်။ ဟေဗြဲ ၁၁:၄-၁၂:၁ ကဤသို့ဆို၏– “အာဗေလသည် ကာဣနပူဇော်သောယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ . . . နောဧသည် မမြင်သေးသောအမှုအရာတို့ကို ဖော်ပြသောဗျာဒိတ်တော်ကိုခံရပြီးမှ . . . ကြောက်ရွံ့သောစိတ်ရှိ [၏။] . . . အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့၊ . . . ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ . . . မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသောကာမဂုဏ်ကို ခဏခံစားခြင်းထက် ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံရခြင်းကို သာ၍အလိုရှိသဖြင့်လည်းကောင်း၊ အဲဂုတ္တုပြည်၏စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ . . . ထိုကြောင့် ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။”

ယေရှုခရစ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင်၏ဝေနေယျသတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သောသက်သေခံ အာမင်၏အမိန့်တော်ကား . . . ”ကိုယ်တော်သည် မည်သူ့သက်သေခံဖြစ်သနည်း။ မိမိသည် ခမည်းတော်၏နာမတော်ကိုထင်ရှားစေသည်ဟု ကိုယ်တော်တိုင်မိန့်တော်မူ၏။ ကိုယ်တော်သည် ယေဟောဝါ၏ အထင်ကရ သက်သေခံဖြစ်ပေသည်။​—ဗျာ. ၃:၁၄; ယော. ၁၇:၆။

စိတ်ဝင်စားစရာမှာ၊ ဂျူးအချို့က ယေရှု၏လုပ်ငန်းသည် “ဝါဒသစ်တစ်မျိုးပေလော” ဟု မေးမြန်းခဲ့ကြသည်။ (မာ. ၁:၂၇၊ သက) နောက်တစ်ချိန်၌ ဂရိလူအချို့က တမန်တော်ပေါလုသည် “အယူဝါဒသစ်” ထွင်နေသည်ဟုထင်မှတ်ကြသည်။ (တ. ၁၇:၁၉၊ ၂၀) ကြားရသူတို့နား၌ အသစ်အဆန်းဖြစ်၏။ သို့သော် အရေးကြီးသည်ကား၊ ၎င်းသည် သမ္မာတရားဖြစ်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် အကြွင်းမဲ့ညီညွတ်ပေ၏။

၁၈၇၀ ပြည့်လွန်နှစ်များအစပိုင်း၌ အမေရိကန်နိုင်ငံ ပဲင်စီလ်ဗေးနီးယားနယ် အယ်လဂေးနီမြို့တွင် ကျမ်းစာလေ့လာသူများအုပ်စုတစ်စု ဖွဲ့စည်းရာကစပြီး ယေဟောဝါသက်သေများ၏ ခေတ်သစ်သမိုင်း နိဒါန်းပျိုးခဲ့သည်။ အစ၌ သူတို့ကို ကျမ်းစာသင်သားများအဖြစ်ဖြင့်သာ လူတို့သိကြသည်။ ၁၉၃၁ ခုရောက်သော် သူတို့သည် ယေဟောဝါသက်သေများဟူသော ကျမ်းပေးအမည်ကို ခံယူလိုက်သည်။ (ဟေရှာ. ၄၃:၁၀-၁၂၊ ကဘ) သူတို့၏ယုံကြည်ချက်နှင့်ကျင့်ထုံးများသည် အသစ်အဆန်းမဟုတ်၊ ပထမရာစုခရစ်ယာန်ဘာသာ ပြန်ရှင်သန်လာခြင်းသာဖြစ်သည်။

ယေဟောဝါသက်သေများက မိမိတို့၏ဘာသာတစ်ခုတည်းသာမှန်သည်ဟု ယုံကြည်ကြသလော

ဘုရားသခင်လက်ခံသောဝတ်ပြုနည်း အများအပြားရှိသည်ဟူသော ခေတ်အယူကို ကျမ်းစာက သဘောမတူပါ။ ဧဖက် ၄:၅ က “သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး” ဟုဆို၏။ ယေရှုက “အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏။ . . . သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။”​—မ. ၇:၁၃၊ ၁၄၊ ၂၁; ၁ ကောရိန္သု ၁:၁၀ လည်းရှု။

ကျမ်းစာက စစ်မှန်သောခရစ်ယာန်သွန်သင်ချက်တစ်ရပ်လုံးကို “သမ္မာတရား” အဖြစ်လည်းကောင်း၊ ခရစ်ယာန်ဝါဒကို “သမ္မာတရားလမ်း” ဟူ၍လည်းကောင်း ကြိမ်ဖန်များစွာ ရည်ညွှန်းပြောဆိုလေ့ရှိပြီး (၁ တိ. ၃:၁၅; ၂ ယော. ၂; ၂ ပေ. ၂:၂) ယေဟောဝါသက်သေများသည် မိမိတို့၏ယုံကြည်ချက်၊ အကျင့်ဆိုင်ရာစံနှင့် အဖွဲ့အစည်းဆိုင်ရာလုပ်ထုံးလုပ်နည်းတို့ကို ကျမ်းစာပေါ်အခြေပြုသောကြောင့် ကျမ်းစာကို ဘုရားသခင့်နှုတ်ကပါဌ်တော်အဖြစ် ယုံကြည်သောမိမိတို့၏ယုံကြည်ချက်ကိုယ်နှိုက်က မိမိတို့ဘာသာသည် တကယ်ပင် သစ္စာတရားဖြစ်ကြောင်း မိမိတို့အား ယုံကြည်စိတ်ချစေသည်။ ထို့ကြောင့် သူတို့သည် ဘဝင်မြင့်သူများမဟုတ်။ ဘာသာတစ်ခု မှန်မမှန် စစ်ဆေးရာ၌ သမ္မာကျမ်းစာသည် စံနှုန်းဖြစ်သည်ကို မိမိတို့ယုံကြည်စိတ်ချကြောင်း ပြသခြင်းသာဖြစ်၏။ သူတို့သည် ငါစွဲမရှိ မိမိတို့ယုံကြည်ချက်ကို သူတစ်ပါးအား ပြောကြားရန် စိတ်ထက်သန်ကြသည်။

အခြားဘာသာများလည်း ကျမ်းစာအတိုင်းလိုက်သည်မဟုတ်လော

ဘာသာများစွာတို့သည် ကျမ်းစာကို အတော်အတန်သုံးကြပေသည်။ သို့ရာတွင် ကျမ်းစာအတိုင်း သွန်သင်ကျင့်သုံးကြ၏လော။ စဉ်းစားကြည့်ပါ။ (၁) သူတို့သည် ဘုရားစစ်၏နာမတော်ကို မိမိတို့၏ဘာသာပြန်ကျမ်းများမှ အကြိမ်ထောင်ပေါင်းများစွာ ထုတ်ပယ်ခဲ့ကြသည်။ (၂) ဘုရားသခင်ဆိုင်ရာ သူတို့၏သုံးပါးတစ်ဆူအယူသည် တိတ္ထိဇာစ်မြစ်မှလာပြီး ကျမ်းစာရေးသားပြီးစီး၍ ရာစုနှစ်များစွာကုန်လွန်သည့်နောက်မှ ယခုပုံစံမျိုးဖြစ်လာသည်။ (၃) လူ့စိုးလ်မသေမပျောက်နိုင်သဖြင့် လူသည်ဆက်လက်အသက်ရှင်နေနိုင်သည်ဟူသောသူတို့၏အယူဝါဒသည် ကျမ်းစာမှမလာ။ ရှေးဗာဗုလုန်၌ အမြစ်တွယ်၏။ (၄) ယေရှု၏ဒေသနာတော်မှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်၍ လူတို့ထံ ကိုယ်တိုင်သွားပြီး ကြားပြောကြရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။ သို့သော် ယနေ့ခရစ်ယာန်အသင်းတို့သည် နိုင်ငံတော်အကြောင်း တစ်ခါတစ်ရံမျှသာ ဟောပြောကြသည်။ သူတို့၏အသင်းသားများလည်း “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား” ဟောပြောခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်မနေကြ။ (မ. ၂၄:၁၄) (၅) မိမိတပည့်စစ်ချင်း ကိုယ်ကျိုးစွန့်မေတ္တာရှိသဖြင့် သူတို့ကို လွယ်လင့်တကူ ခွဲခြားသိမြင်နိုင်သည်ဟု ယေရှုမိန့်ဆို၏။ နိုင်ငံချင်းစစ်ဖြစ်သောအခါ ခရစ်ယာန်ဘောင်၏အသင်းများသည် ထိုမေတ္တာမျိုးတင်ပြကြသလော။ (၆) ခရစ်တော်၏တပည့်များသည် လောက၏အစိတ်အပိုင်းမဟုတ်ဟု ကျမ်းစာဆို၏။ လောကနှင့်မိတ်ဖွဲ့လိုသူတိုင်း ဘုရားသခင့်ရန်သူဖြစ်သည်ဟုလည်း သတိပေး၏။ သို့သော် ခရစ်ယာန်ဘောင်အသင်းများနှင့် ၎င်းတို့၏အသင်းသားများသည် တိုင်းနိုင်ငံတို့၏နိုင်ငံရေး၌ ခြေစုံပစ်ပါဝင်ပတ်သက်လျက်ရှိကြသည်။ (ယာ. ၄:၄) ဤအထောက်အထားများကိုကြည့်လျှင် သူတို့သည် ကျမ်းစာအတိုင်း ထက်ကြပ်မကွာလိုက်သည်ဟု ရိုးရိုးသားသားဆိုနိုင်မည်လော။

ယေဟောဝါသက်သေများ ကျမ်းစာကို ဘယ်ပုံဘယ်နည်းဖြင့် အနက်ဖွင့်ကြသနည်း

အဓိကအချက်မှာ သက်သေခံများက သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်၍ ကျွန်ုပ်တို့ကိုဆုံးမသွန်သင်ရန် ရေးသားထားခြင်းဖြစ်ကြောင်း အမှန်ယုံကြည်ကြ ခြင်းဖြစ်သည် ။ (၂ တိ. ၃:၁၆၊ ၁၇; ရော. ၁၅:၄; ၁ ကော. ၁၀:၁၁) ထို့ကြောင့် သူတို့သည် ဒဿနိကဗေဒတွေးဆငြင်းခုံချက်များဖြင့် ကျမ်းစာပါရှင်းလင်းပြတ်သားသည့် သစ္စာတရားကို ရှောင်လွဲခြင်းမပြုကြပါ။ ကျမ်းစာသီလစံများစွန့်ခဲ့သူတို့၏နေထိုင်ပုံအတွက်လည်း ရှေ့နေမလိုက်ကြပါ။

ကျမ်းစာမှ ပုံဆောင်စကားများ၏အဓိပ္ပာယ်ကို ရှင်းလင်းစဉ် မိမိတို့သီအိုရီများအစား၊ ကျမ်းစာကိုယ်နှိုက်၏ရှင်းလင်းချက်ကို သူတို့တင်ပြကြ၏။ (၁ ကော. ၂:၁၃) ပုံဆောင်အသုံးအနှုန်းများ၏အနက်ကို အများအားဖြင့် ကျမ်းစာ၏အခြားအပိုင်းများ၌ တွေ့နိုင်ပေသည်။ (ဥပမာ၊ ဗျာဒိတ် ၂၁:၁ ကိုကြည့်ပါ။ ထို့နောက် “ပင်လယ်” နှင့်ပတ်သက်၍ ဟေရှာယ ၅၇:၂၀ ကိုဖတ်ပါ။ ဗျာဒိတ် ၁၄:၁ ပါ “သိုးသငယ်” မည်သူဖြစ်သည်ကိုသိနိုင်ရန် ယောဟန် ၁:၂၉ နှင့် ၁ ပေတရု ၁:၁၉ တို့ကိုရှု။)

ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံမှုနှင့်ပတ်သက်လာလျှင် ဟောကိန်းနှင့်ညီသောအခြင်းအရာများကို စောင့်ကြည့်ပါဟူသော ယေရှု၏မိန့်မှာချက်ကို သူတို့နှလုံးသွင်းကြ၏။ (လု. ၂၁:၂၉-၃၁; ၂ ပေတရု ၁:၁၆-၁၉ နှင့်နှိုင်းယှဉ်ပါ။) သူတို့သည် အထူးဂရုစိုက်လျက် ထိုအဖြစ်အပျက်များကို တင်ပြကာ ယင်းတို့နှင့်စပ်လျဉ်းသော ကျမ်းစာ၏အဓိပ္ပာယ်ရှင်းလင်းချက်ကို လူတို့အား ဂရုပြုစေပါသည်။

ယေရှုက ကမ္ဘာပေါ်တွင် မိမိ၌ “သစ္စာနှင့်သတိပညာရှိသောကျွန်” တစ်ဦး (ကိုယ်တော့်ဘိသိက်ခံနောက်လိုက်တစ်စု) ရှိမည်ဟုဆိုခဲ့သည်။ ၎င်းကိုယ်စားလှယ်ကိုသုံး၍ ယုံကြည်ခြင်းအိမ်ထောင်သားများအား ဝိညာဏအစာ ကျွေးတော်မူမည်ဖြစ်သည်။ (မ. ၂၄:၄၅-၄၇၊ ကဘ) ယေဟောဝါသက်သေများ ထိုအစီအစဉ်ကို လက်ခံကြသည်။ ခက်ခဲသောပုစ္ဆာများပေါ်လာသောအခါ ပထမရာစုခရစ်ယာန်များကဲ့သို့ ထို “ကျွန်” ၏အုပ်ချုပ်ရေးအဖွဲ့ထံမှ အကူအညီယူ၏။ အုပ်ချုပ်ရေးအဖွဲ့ကလည်း လူ့ပညာကိုအခြေမပြု၊ မိမိတို့သိကျွမ်းရာ ဘုရားသခင့်နှုတ်ကပါဌ်တော်အသိသုတမှလည်းကောင်း၊ ဘုရားသခင် မိမိကျေးကျွန်တို့နှင့် ဆက်ဆံပုံမှလည်းကောင်း ပညာယူပြီး ဝိညာဉ်တော်အကူအညီရရန် လုံ့လဖြင့်ဆုတောင်း၍ အဖြေရှာ၏။​—တ. ၁၅:၁-၂၉; ၁၆:၄၊ ၅။

ယေဟောဝါသက်သေများ၏သွန်သင်ချက်များသည် လွန်ခဲ့သည့်နှစ်များအတွင်း အဘယ်ကြောင့် အပြောင်းအလဲရှိခဲ့သနည်း

ယေဟောဝါသည် မိမိကျွန်များအား မိမိရည်ရွယ်ချက်ကို အဆင့်ဆင့်နည်းဖြင့် နားလည်စေတော်မူသည်ဟု ကျမ်းစာကပြ၏။ (သု. ၄:၁၈; ယော. ၁၆:၁၂) သို့ဖြစ်၍ မှုတ်သွင်းခံကျမ်းရေးသူပရောဖက်တို့သည် မိမိတို့ရေးသမျှကို နားလည်ခဲ့ကြသည်မဟုတ်။ (ဒံ. ၁၂:၈၊ ၉; ၁ ပေ. ၁:၁၀-၁၂) ယေရှုခရစ်၏တမန်တော်များက မိမိတို့အချိန်၌ မိမိတို့နားမလည်သောအရာ များစွာရှိကြောင်း တွေ့ရကြသည်။ (တ. ၁:၆၊ ၇; ၁ ကော. ၁၃:၉-၁၂) ကျမ်းစာက “အမှုကုန်ရသည်ကာလ” ၌ သမ္မာတရားအသိသုတ အကြီးအကျယ်တိုးပွားလာမည်ဟု ဆို၏။ (ဒံ. ၁၂:၄) အသိသုတတိုးပွားလာသည်နှင့်အမျှ အတွေးအခေါ်လည်းပြုပြင်ရန်လိုလေ့ရှိသည်။ ယေဟောဝါသက်သေများသည် နှိမ့်ချစွာ ထိုသို့ပြုပြင်ဖို့ အသင့်ရှိကြပေသည်။

ယေဟောဝါသက်သေများ အဘယ်ကြောင့် တစ်အိမ်မှတစ်အိမ်သွား၍ ဟောပြောကြသနည်း

ကျွန်ုပ်တို့ခေတ်တွင်လုပ်ရမည့်အောက်ပါအလုပ်အကြောင်း ယေရှုကြို၍မိန့်ဆိုသည်– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့” ဟူ၍လည်း နောက်တော်လိုက်များအား ညွှန်ကြားခဲ့သည်။​—မ. ၂၄:၁၄; ၂၈:၁၉။

တပည့်ဦးတို့အား ယေရှုစေလွှတ်စဉ် လူတို့အိမ်သို့သွားရန် ညွှန်ကြားတော်မူ၏။ (မ. ၁၀:၇၊ ၁၁-၁၃) တမန်တော်ပေါလုက မိမိ၏ဓမ္မအမှုနှင့်ပတ်သက်၍ ဤသို့ဆို၏– “သင်တို့အကျိုးပြုစုရာတစ်စုံတစ်ခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌ [“တစ်အိမ်မှတစ်အိမ်သို့၊” ကဘ] လည်းကောင်း သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေး [၏။]”​—တ. ၂၀:၂၀၊ ၂၁; တမန်တော် ၅:၄၂ ကိုလည်းကြည့်ပါ။

သက်သေခံများကြွေးကြော်သောသတင်းသည် လူတို့၏သေရေးရှင်ရေးနှင့်ပတ်သက်၏။ တစ်ယောက်မကျန် သိကြားစေလို၍ အထူးဂရုစိုက်ပါသည်။ (ဇေ. ၂:၂၊ ၃) မေတ္တာ၏လှုံ့ဆော်မှုကြောင့် အဦးဆုံး ဘုရားသခင်၊ ထို့နောက် အိမ်နီးချင်းကိုချစ်၍ လာရခြင်းဖြစ်သည်။

စပိန်ပြည်၌ ကျင်းပသော ဘာသာရေးခေါင်းဆောင်များညီလာခံတစ်ခုက အောက်ပါမှတ်ချက်ချခဲ့သည်– “သက်သေခံများ အရေးအပေးဆုံးလုပ်ငန်းဖြစ်သော ရှေးအသင်းတော်တမန်တော်များ၏နည်းပညာဘောင်ကျသည့် အိမ်တိုင်ရာရောက်ဟောပြောခြင်းကို လုပ်ကိုင်ရန် [ခရစ်ယာန်အသင်းများ] က အလွန်ပျက်ကွက်ပုံရသည်။ ခရစ်ယာန်အသင်းများသည် အများအားဖြင့် ဘုရားကျောင်းဆောက်၊ ခေါင်းလောင်းတီး၍ လူကိုဆွဲဆောင်ပြီး မိမိတို့ဝတ်ပြုရာဌာနထဲကလူပရိသတ်အားသာ ဟောပြောကြသော်လည်း [သက်သေခံများကမူ] တမန်တော်များ၏နည်းကိုလိုက်၍ တစ်အိမ်မှတစ်အိမ်သွားကြသည့်ပြင် အခွင့်အခါရတိုင်း သက်သေခံကြသည်။”​—El Catolicismo, ကိုလံဘီယာပြည်၊ ဘိုဂတားမြို့၊ ၁၉၇၅၊ စက်တင်ဘာ ၁၄၊ စ. ၁၄။

သို့သော် သက်သေခံများသည် မိမိတို့နှင့်ယုံကြည်ခြင်းမတူသောသူများ၏အိမ်ကိုပင်အဘယ်ကြောင့် ထပ်တလဲလဲ သွားကြသနည်း

သူတို့သည် လူတို့အား မိမိတို့သတင်းကို အတင်းအကျပ် နားမထောင်ခိုင်းပါ။ သို့သော် လူတို့သည် အိမ်ပြောင်း၊ အခြေအနေပြောင်းတတ်ကြောင်း သူတို့သိမြင်ပါသည်။ လူတစ်ယောက်သည် အလုပ်များသဖြင့် ယနေ့နားမထောင်ဖြစ်သော်လည်း နောက်တစ်ကြိမ်တွင် အချိန်ပေး၍ ဝမ်းသာအားရ နားထောင်ချင်နားထောင်မည်။ အိမ်သားတစ်ဦး စိတ်မဝင်စားသော်လည်း အခြားအိမ်သားများ စိတ်ဝင်စားကောင်းစိတ်ဝင်စားပေမည်။ လူကိုယ်နှိုက်လည်းပြောင်းလဲတတ်၏။ ကြီးလေးသောဘဝပြဿနာများကြောင့် မိမိ၌ ဝိညာဉ်ရေးနွမ်းပါးလှပါလား ဟူသောအသိတရား ရလာကောင်းရလာနိုင်သည်။​—ဟေရှာယ ၆:၈၊ ၁၁၊ ၁၂ ကိုပါရှု။

ယေဟောဝါသက်သေများသည် အဘယ်ကြောင့် နှိပ်စက်ညှဉ်းဆဲမှုနှင့် သူတကာအပြောကို ခံရကြသနည်း

ယေရှုဤသို့မိန့်တော်မူ၏– “လောကသားတို့သည် သင်တို့ကို မုန်းကြလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သတိရကြလော့။ သင်တို့သည် ဤလောကနှင့်သက်ဆိုင်သူများဖြစ်ပါမူ၊ လောကသားတို့သည် မိမိတို့၏ သွေးချင်းသားချင်းများသဖွယ် သင်တို့အား ချစ်ကြလိမ့်မည်။ ငါသည် သင်တို့ကို ဤလောကထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည် ဤလောကနှင့်မသက်ဆိုင်။ ထို့ကြောင့် လောကသားတို့သည် သင်တို့ကို မုန်းကြ၏။” (ယော. ၁၅:၁၈၊ ၁၉၊ သက; ၁ ပေတရု ၄:၃၊ ၄ ကိုလည်းကြည့်ပါ။) သမ္မာကျမ်းစာက တစ်လောကလုံး စာတန့်လက်ခုပ်ထဲ၌ရှိသည်ဟု ဆို၏။ သူသည် သက်သေခံများကိုညှဉ်းဆဲရန် သွေးထိုးပေးသော အဓိကတရားခံဖြစ်သည်။​—၁ ယော. ၅:၁၉; ဗျာ. ၁၂:၁၇။

“လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်” ဟူ၍လည်း တပည့်တော်တို့အား ယေရှုမိန့်တော်မူသေးသည်။ (မာ. ၁၃:၁၃) ဤတွင် ယေရှု၏ “နာမ” ဟူသည်မှာ မေရှိယဘုရင်တည်းဟူသော ယေရှု၏ရာထူးဌာနန္တရကိုဆိုလိုသည်။ ယေဟောဝါသက်သေများက အဘယ်မြေကြီးသားအုပ်စိုးရှင်၏အမိန့်ထက်မဆို ယေရှု၏အမိန့်တော်ကို ရှေ့တန်းတင်သောကြောင့် နှိပ်စက်ခံရခြင်းဖြစ်သည်။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ကမ္ဘာ့ (ရပ်ရွာ) စည်ပင်သာယာရေးလုပ်ငန်းတွေထဲမှာ ခင်ဗျားတို့ဘာကြောင့်မပါဝင်ကြတာလဲ’

ဤသို့ပြန်ပြောနိုင်သည်– ‘ရပ်ရွာအခြေအနေဟာ မိတ်ဆွေအဖို့အရေးကြီးသလို ကျွန်တော့်အဖို့လဲအရေးပါလှပါတယ်။ မေးပါရစေ၊ ဘယ်ပြဿနာကို ဦးဆုံးဖြေရှင်းဖို့လိုတယ်ထင်သလဲခင်ဗျာ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဒီကိစ္စဟာ ဘာကြောင့် ဒီလောက်အရေးတကြီးဖြစ်လာတယ်လို့ထင်သလဲ။’ . . . ချက်ချင်းအရေးယူဆောင်ရွက်ရင် အကျိုးရှိမှာသေချာပါတယ်။ ဒါပေမဲ့ ရေရှည်တိုးတက်မှုကိုကျွန်တော်တို့မြင်လိုတယ်ဆိုတာကိုတော့ မိတ်ဆွေသဘောတူမှာပါ။ ကျွန်တော်တို့ယေဟောဝါသက်သေများဟာ ရေရှည်ကိုကြည့်ပါတယ်။ (လူတစ်ဦးချင်း ကျမ်းစာမူများကိုအသုံးချပြီး ပြဿနာကိုအမြစ်နုတ် ဖြေရှင်းတတ်ဖို့ လူတို့အား ကျွန်ုပ်တို့မည်သို့အကူအညီပေးလျက်ရှိကြောင်း ရှင်းလင်းဖော်ပြပါ။ ထို့ပြင်၊ ဘုရားသခင့်နိုင်ငံတော်က ဘာပြုမည်၊ ထိုသို့ပြုခြင်းသည် လူသားတို့ပြဿနာကို အဘယ်ကြောင့် အပြီးဖြေရှင်းနိုင်မည်ဖြစ်ကြောင်းကိုလည်း တင်ပြပါ။)

သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘(အထက်ဖြေဆိုချက်ထဲမှအချက်အချို့ကိုတင်ပြပြီးနောက် . . . ) တချို့လူတွေဟာ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေအားပေးကြတယ်။ တချို့ကျတော့ လုပ်အားပေးကြတယ်။ ယေဟောဝါသက်သေများက နှစ်မျိုးစလုံးကိုပေးတယ်။ ကျွန်တော်ရှင်းပြပါရစေ။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘လူတစ်ယောက် ယေဟောဝါသက်သေဖြစ်ချင်ရင် အခွန်ကိုမပျက်မကွက်ဆောင်ရပါတယ်။ ဒီတော့ အစိုးရက ဒီအခွန်ငွေကိုသုံးပြီး လိုအပ်တဲ့အလုပ်တွေကိုလုပ်နိုင်တယ်။’ (၂) ‘ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်ဟာ ဒီထက်မကပါဘူး။ လူတွေကို အိမ်တိုင်ရာရောက်သွားပြီး ကျမ်းစာအခမဲ့ပို့ချပေးတယ်။ လူတွေ ကျမ်းစာအကြောင်းသိလာတဲ့အခါ ကျမ်းမူတွေကိုကျင့်သုံးပြီး ပြဿနာတွေကို ဖြေရှင်းလာတတ်တယ်။’

အဖြေနောက်တစ်မျိုး– ‘ခုလိုတင်ပြတဲ့အတွက် ဝမ်းသာပါတယ်။ ယေဟောဝါသက်သေများ ရပ်ရွာအကျိုးကို ဘယ်လိုသယ်ပိုးနေကြသလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့လူ ရှားပါတယ်။ ရပ်ရွာအကျိုးကို တစ်နည်းထက်မက သယ်ပိုးနိုင်တယ်ဆိုတာ သိသာပါတယ်။’ ထို့နောက် ဆက်လက်၍– (၁) ‘တချို့က ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ မူးယစ်ဆေးစွဲရောဂါကုဆေးရုံ စတဲ့ဌာနတွေကို တည်ထောင်ပေးတယ်။ တချို့ကျတော့ အိမ်တိုင်ရာရောက်သွားပြီး သင့်တော်သလို တတ်နိုင်တဲ့ဘက်က အကျိုးဆောင်ကြတယ်။ ယေဟောဝါသက်သေတွေ ဒီလိုပဲအကျိုးဆောင်ကြပါတယ်။’ (၂) ‘လူတစ်ယောက်ရဲ့ဘဝအမြင်ကို လုံးဝပြောင်းလဲစေနိုင်တဲ့ အရာတစ်ခု ရှိတယ်ဆိုတာ ကျွန်တော်တို့သတိပြုမိပါတယ်။ အဲဒါကတော့ ကျမ်းစာတင်ပြတဲ့ ဘဝရည်ရွယ်ချက်အစစ်အမှန်နဲ့အနာဂတ်ဆိုင်ရာအသိပညာပါပဲ။’

နောက်ထပ်အကြံပေးချက်– ‘ဒီမေးခွန်းထုတ်တဲ့အတွက် ကျေးဇူးတင်တယ်။ အခြေအနေတိုးတက်ကောင်းမွန်လာဖို့ မြင်လိုတာချည်းပဲ မဟုတ်လား။ ကျွန်တော်မေးပါရစေ။ ယေရှုကိုယ်တိုင်လုပ်ကိုင်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုမြင်သလဲ။ သူ့ရဲ့ လူ့အကျိုးသယ်ပိုးနည်းဟာ လက်တွေ့ကျတယ်လို့ ဆိုမလား။ . . . သူ့ရဲ့လုပ်ကိုင်ပုံကို ကျွန်တော်တို့အတုယူဖို့ ကြိုးစားပါတယ်။’

‘ခရစ်ယာန်များဟာ ယေရှုရဲ့သက်သေဖြစ်ရမှာ၊ ယေဟောဝါရဲ့သက်သေဖြစ်ဖို့မဟုတ်ပါဘူး’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဒါဟာ စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ။ မိတ်ဆွေပြောတာမှန်တယ်။ ကျွန်တော်တို့ဟာ ယေရှုအတွက် သက်သေခံရမယ့်တာဝန်ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ထုတ်ဝေတဲ့စာပေတွေကလည်း ဘုရားသခင်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ယေရှုဘာကဏ္ဍကလုပ်ဆောင်သလဲဆိုတဲ့အကြောင်း အရေးပေး ဖော်ပြထားတယ်။ (နောက်ဆုံးထုတ်စာအုပ် သို့မဟုတ် မဂ္ဂဇင်းကိုသုံး၍ သာဓကပြချင်ပြနိုင်သည်။) ဒါပေမဲ့ ခု ကျွန်တော်ပြမယ့်အချက်ဟာ မိတ်ဆွေအတွက် အသစ်အဆန်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ (ဗျာ. ၁:၅) . . . ယေရှုဟာ ဘယ်သူ့ရဲ့ “သစ္စာစောင့်သောသက်သေခံ” ဖြစ်သလဲ။ (ယော. ၅:၄၃; ၁၇:၆) . . . ယေရှုဟာ ကျွန်တော်တို့လိုက်ရမယ့်ပုံသက်သေကို ထားခဲ့တယ်မဟုတ်လား။ . . . ယေရှုနဲ့ယေရှုရဲ့ခမည်းတော် နှစ်ပါးစလုံးရဲ့အကြောင်းကို ဘာကြောင့်သိဖို့အရေးကြီးသလဲ။ (ယော. ၁၇:၃)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ